ကာတွန်းကိုရွှေထူးက ကျွန်တော်တို့ရပ်ကွက်ထဲမှာဗျာ ဆိုပီး သူ့ရပ်ကွက်ထဲက ဗြုတ်စဗျင်းတောင်း သောင်းပြောင်းထွေလာအကြောင်း ရေးထားတာကို တုပလို့ ရွာစားကျော်လည်း ကိုယ် အပိုင်စားရ.. အဲလေ လက်ရှိစတည်းချနေတဲ့ ရာဇဌာနီ မင်းနေပြည်တော်ကြီးက ဟိုအကြောင်းဒီအကြောင်းလေတွေ မန်းဂဇက်မှာ ပွားချင်တာကြောင့် အထက်ပါ ခေါင်းစဉ်ကိုတပ်ပြီး သကာလ……

 

ပြောချင်နေတာတော့ကြာပီဗျာ..

မင်းနေပြည်တော်ကြီးက ရုံးတော်ကြီးတခုမှာ ကချောက်ကချက် ၀န်ထမ်းလေးတစ်ယောက် ဖြစ်တာကြောင့် မကြာမကြာကြုံ တတ်တဲ့ အဖြစ်လေးကိုပါ..။ သိတော်မူကြတဲ့အတိုင်း မင်းနေပြည်တော်ကြီးမှာက နိုင်ငံ့ အထွဋ်အခေါင် မှူးကြီးမတ်ရာ သေနာ ပတိ ကြီးများဟာ ပြည်သူ့အရေး နိုင်ငံ့အရေး ကြီးလေးတဲ့ လုပ်ငန်းတာဝန်နဲ့ ပျားပန်းခတ်မျှ သွားလာ နေကြတာကလား..။ နိုင်ငံ့တာဝန်တွေနဲ့ အရေးတကြီး အချိန်မလင့် လျင်မြန်ထိရောက် ခရီးပေါက်စိမ့်သောငှာ (ဥပမာ) ရွာစားကျော်တို့လို သာမန်သေးနုတ်တဲ့ အောက်ခြေ ပြည်သူတွေအဖို့ တစ်လမ်းမောင်းလို့သိထားတဲ့ လမ်းကို ပြည်ထဲရေးရာဌာနက အရာရှိမင်းကြီးရဲ့ ကားကလည်း ခပ်ကြမ်းကြမ်း ပြောင်းပြန်မောင်း ဖြတ်လမ်းလုပ် သွားနေတာရှိသလို.. လွှတ်တော်ကိုယ်စားလှယ် အမတ်မင်းများရဲ့ ကားတန်ကြီးကလည်း ခပ်တည်တည် မောင်းဝင် သွားကြတာပါပဲ..။ အေးပေါ့လေ.. နိုင်ငံအတွက် အထူးတလည်တာဝန်ကြီးတွေကို အထူးအလေးထား ထမ်းရွက်နေကြတဲ့ အထူးပုဂ္ဂိုလ်ကြီးများ ဖြစ်လေတော့ ဒီအသေးအဖွဲ စည်းကမ်းလောက်ကို အထူးဂရုစိုက်နေဖို့ ဘယ်တတ်နိုင်ရှာမတုံး။ အထူးအခွင့်အရေး ပေးရမပေါ့.. နော့်။

 

ဒါပေမယ့်ဗျာ.. သူတို့ ကားတွေအလာမှာ  ဆိုင်ကယ်စီးငွေဖလားဆောင်း ၀တ်ဖြူစင်ကြယ် ဘိုးတော်တွေ ရှေ့ဆောင်ပြီးတော့ပါလာပြီဆို စိတ်ထဲ အခန့်မသင့်စရာ ကြုံရတော့တာပဲ။ ရွာစားကျော်တို့ ရုံးတတ်ရုံးဆင်း ဖယ်ရီနဲ့ သွားချိန်၊ ရုံးကိစ္စနဲ့အပြင်မှာ သွားလာနေချိန်မကြာမကြာ ဆုံတတ်ပါတယ်။ ကိုယ်တော်တွေက ဥသြဆွဲပီး ဘေးကပ်ရပ်၊ ဘေးကပ်ရပ် လို့အော်သွားရင် လမ်းတလျှောက်သွားလာနေတဲ့ ကားကြီး၊ ကားသေး၊ ဆိုင်ကယ်လေးတွေပါမကျန် ကိုယ့်အရှိန်ကိုယ်သပ်လို့လမ်းဘေးကပ်ရပ်ထားရပါတယ်။ တကယ်လို့ မောင်းနေတဲ့အရှိန် များနေတဲ့အခါမျိုး၊ နောက်က သူတို့လာတာလည်း သတိမထားမိ ယာဉ်မောင်းက ကြောက်တတ်တဲ့သူမျိုးနဲ့ဆုံရင် ယာဉ်ပေါ်ပါသူတွေ ဘုရားတရတဲ့ အဖြစ်မျိုးတောင်ရှိပါတယ်။ တနေ့ကတော့ ရွာစားကတော်လေးနဲ့အတူ အချစ်ကလေးကိုတင်ပြီး၊ မော်တော်ဖွတ်ချက်လေးကို ကိုယ်စီး.. ကြည်နူးနေတုန်း ဘွတ်အဲ.. ဘွတ်အဲ ဆိုတဲ့ ဥသြသံ (သူ့ ဥသြသံက ၀င်းအောင်.. ၀င်းအောင် လို့မအော်ဘူး.. မည်တဲ့အသံကမရင်းနှီးလို့ လွယ်လွယ်ပဲ ဘွတ်အဲလို့ မည်သံစွဲ အလင်္ကာသုံးလိုက်ပါကြောင်း) ကြားမှ နောက်က ကားတန်းဟလို့ သတိထားမိ ပါတော့တယ်။ လမ်းဘေးကိုကပ်နိုင်သမျှတော့ကပ်ပေးလိုက်ပေမယ့် ရှေ့မှာလည်း ကိုယ်ကွေ့မယ့်လမ်းချိုး ရောက်နေဘီမို့ ကိုယ့်အရှိန်နဲ့ကိုယ် ဆက်လှိမ့်လိုက်ပါတယ်။ အဲဒီမှာ မော်တော်ပီကေကြီးက သူ့ စီးတော်မြင်းကို ရွာစားကျော်တို့နဲ့ နှာတဖျားအသာမှာ ဘရိတ်အုတ်ကာ ဖိုးသူတော်မျက်စောင်း အကြောင်းမရွေးဘူးနော် ဆိုတဲ့သဘောနဲ့ ဘုကြည့် ကြည့်သွားပါတယ်။ (ဟမ်မလေး.. ကံကောင်းလို့ ပြာမဖြစ်၊ နဂါးနှစ်မှာ အသက်ဆက်ရှင်နေတာ)

 

နေပြည်တော်ကြီးမှာက အဓိက လမ်းမကြီးတွေအားလုံးလိုလိုဟာ ရှစ်လမ်းသွား၊ အနည်းဆုံး လေးလမ်းသွားလမ်းတွေပါဗျာ။ လမ်းကြိုလမ်းကြားလေးတွေတောင်မှ ကားကြီးနှစ်စီးပြိုင်မောင်းလို့ ရပါတယ်။ ကား လေးစီးလောက် ချောင်ချောင်ချိချိ ပြိုင်မောင်းနိုင်လောက်တဲ့ လမ်းမကြီးမှာ ဘာ့ကြောင့်များ ဘေးကပ်ရုံမက ရပ်နေခိုင်းရတာပါလိမ့်။ ဖြုတ်လစိ (လည်စိကို ပြောပါတယ်) လောက်သာရှိတဲ့ ရွာစားကျော်တို့သာမန်ဦးနှောက်များ တွေးကြည့်ရုံနဲ့ ပင်ပန်းပါတယ်။ စိတ်ထဲမတော့ အခုတီဗွီမှာပြနေတဲ့ တရုတ်၊ ကိုးရီးယား ရှေးရာဇ၀င် ဇာတ်လမ်းတွဲများထဲက ဇာတ်ကွက်တွေနဲ့တောင် တူနေသလိုလို။ သူတို့ခေတ်က အရာရှိမင်းကြီးတွေကြွချီရာလမ်းမှာ ရှေ့ပြေးမြင်းစီးသမားတွေက ဦးရီးတော် ကြွလာတယ̸် အမတ်ကြီးကြွလာတယ်.. ဖယ်ကြစမ်း.. ဖယ်ကြစမ်း.. ဆိုပြီး တွေ့ကရာလူ ကြာပွတ်နဲ့ရိုက်၊ဓားရမ်းပီး ဒုန်းစိုင်းသွားတတ်တာလေ။ အဖိုးကြီးရော၊ အမေအိုရော..ကလေးရော၊ ခွေးရော မရှောင်ဘူး အားလုံးအထိတ်တလန့် ဘေးကပ်ခေါင်းလေးတွေငုံ့ထားရရှာတယ်လေ။

 

ရှိသေးတယ်၊ နေပြည်တော်ဆိုတော့ ရံဖန်ရံခါဆိုသလို ကားဂိတ်တို့ ဈေးတို့မှာ ပြည်သူအခြေအနေ အကဲခတ်ဖို့ရာ အရာရှိမင်းကြီးတွေ တိုင်းခန်းလှည့်လည် တတ်သေးတာပ။ အဲဒီလိုနေ့တွေမှာ မသန့် မရှင်းဖြစ်တာ မမြင်သင့်တာတွေကို မြင်မသွားရအောင်ထင်ပါ့.. ဈေတန်းတွေပိတ်ခိုင်းတာတစ်ဖုံ၊ အချိန်စောပြီး သိမ်းခိုင်းတတ်တာတစ်မျိုး လုပ်ကြပါတယ် (မည်သူ့သဘောလဲတော့မသိ)။ ၀ယ်နေကျ ဖြစ်နေတဲ့ ဈေးသည်အမေကြီးတယောက်ကမေးရှာတယ်။ အဖွားမှာ လွတ်လပ်စွာ ပြောချင်တာ၊ လွတ်လပ်စွာ ရေးချင်တာလို့ ဆိုရလောက်အောင် မရှိပေါင်ကွယ်.. ဒါပေသည့် ဈေးထဲမှာ ဒီကန်စွန်းရွက်လေးတော့ နေ့တိုင်း ပုံမှန်ရောင်းခွင့်ပဲရချင်တယ်..အဖွားတို့က တနေ့လုပ်မှ တနေ့စားရတာ.. တူမောင်တို့တောင်းနေတဲ့ ဒီမိုကရေစီဆိုတာကြီးက ဘယ်တော့ ရမှာလဲဟင် တဲ့။ ဟူး.. ရွာစားကျော်လည်း တသက်နဲ့တကိုယ် ဒီမိုကရေစီ ထွန်းကားပါတယ်ဆိုတဲ့ ပြည်ကြီးတွေမှာလည်း မနေဖူး၊ ဒီမိုကရေစီရဲ့အရသာကိုလည်း စာထဲဖတ်ပီး နှိုက်မြည်းဖူးရုံ လောက်သာဆိုတော့ကာ အမေကြီးကို ပြန်ဖြေပေးဖို့က  အင်း…။

 

ဆိုတော့ကာ… ဒီလိုဖြစ်နေတာတွေက

အထက်က အထူးပုဂ္ဂိုလ်ကြီးများကပဲ ဤကိစ္စ ဤသို့ဆောင်ရွက်ပါလို့ လမ်းညွှန်ထားလို့လား…

မော်တော်ပီကေကြီးတို့လို ကိုယ့်တာဝန်ကိုယ် ကျေပွန်ချင်လွန်းသူတွေကပဲ ဘ၀ရှင် မင်းတရားကြီးတို့ လက်ထက်ကတည်းက တို့ ဒီလိုလုပ်လာတာရယ်လို့ သိတတ်လွန်းတာလား…

လုံခြုံရေးအရ အီရတ်တို့ အာဖဂန်တို့မှာလို လမ်းဘေးဗျောက်အိုးနဲ့ တိုးမှာစိုးရလို့လား…

အပြစ်မဲ့ အလုပ်သမလေးတွေ လှည်းတန်းအိမ်သာမှာကွဲတဲ့ ချီးဗုံးထိသလို အဖြစ်ဆိုးနဲ့ မကြုံအောင်လို့များလား..

လွတ်လပ်ပွင့်လင်း ချုပ်ချယ်ကင်းပါတဲ့ သူကြီးတို့ ဘဖောတို့ ပျော်ရာ ပြည်တော်ကြီးတွေမှာရော ဤသို့ ဤနှယ်ဘဲလား…? လား…?  လား….?  လား….?

ပြောကြပါအုံး… အမေကြီးကို ပြန်ရှင်းပြပေးချင်လို့ပါ….

About ရွာစားကျော် မင်းနန္ဓာ

ရွာစားကျော် မင်းနန္ဓာ has written 71 post in this Website..

နတ္ထိတွေ အစာသွပ်ထားတဲ့ ရင်ဘတ်ထဲ ၀မ်းစာကလည်း ရှားပါးလို့ ပစ္စုပ္ပန်မှာ ငူငေါင်ငေါင်ရပ်ရင်း လှမ်းမျှော်ပြီးကြည့်တော့ အနာဂတ်ဟာ မှုန်ဝါးလို့နေရဲ့.. မထူးဇာတ်ခင်းကာ အတိတ်က အိပ်မက်တွေကို ပြန်တူးကြည့်တော့ ပုပ်သင်ဥတွေပဲ ထွက်လာတယ်.... CJ # 7202011