ဗိုလ်ချုပ်ကို ဘာလို့ ချစ်ကြတာလဲ။

black chawFebruary 10, 20121min34649

ကိုအောင်ဆန်းသည် ငယ်စဉ်ကတည်းက ကျွန်တော်တို့ ရင်ထဲက သူရဲကောင်းတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ မြန်မာပြည်၏ နေ့ထူးနေ့မြတ်တွေကို ပြန်ကြည့်ရလျှင် ကိုအောင်ဆန်း နှင့် ကင်းသည့်နေ့ ရှားပါသည်။
JANUARY 4 လွတ်လပ်ရေးနေ့ဆိုလျှင်လည်း ကိုအောင်ဆန်းက ဗိသုကာ၊ FEBRUARY 12 ပြည်ထောင်စုနေ့ဆိုလျှင်လည်း ကိုအောင်ဆန်း ၏ စည်းရုံးရေး စွမ်းရည်၊ MARCH 27 တပ်မတော်နေ့ဆိုလျှင်လည်း ကိုအောင်ဆန်း က အဓိက ခေါင်းဆောင်ကြီး၊ JULY 19 အာဇာနည်နေ့ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသည့်နေ့ စသည်ဖြင့် တွေ့ရပါသည်။ ပြန်လည်ရှာဖွေဘို့ အချိန်မရသဖြင့် MARCH 2 တောင်သူလယ်သမားနေ့တို့၊ တန်ဆောင်ဘုန်းလပြည့်ကျော် ၁ဝ ရက် အမျိုးသားနေ့တို့တောင် ကိုအောင်ဆန်းနဲ့ ကင်းပါရဲ့လားမသိပါ။ သိကြသူများ ဆွေးနွေးပေးကြပါဦးဗျာ။
အဲဒီဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့ ဘာကြောင့် ဒီလောက် ချစ်ကြပါသလဲ။ ဘာကြောင့် နှစ်တိုင်း အထိမ်းအမှတ်နေ့လေးတွေ သတ်မှတ်ပြီး တမ်းတတတ ဖြစ်နေရပါသလဲ။ ပညာတတ်လို့လား၊ သတ္တိရှိလို့လား၊ တိုက်ရည်ခိုက်ရည်ကောင်းလို့လား။ အဲဒီ အဖြေကို ဆရာမောင်သာချို ၏ စာပေဟောပြောပွဲတွေ နားထောင်ကြည့်မှ နားလည်လာပါသည်။ အဲဒါလေးတင်ပြချင်လို့ ဒီ ပို့စ်လေး ရေးလိုက်တာပါ။
အောင်လံ စာပေဟောပြောပွဲတွင် ဆရာမောင်သာချိုဟောခဲ့တာလေးတွေ နည်းနည်း ကောက်နှုတ် တင်ပြချင်ပါသည်။

“ဗိုလ်ချုပ်အောင်ဆန်းကို ဘာလို့ ချစ်တာလဲ ကဲ ပြော။
နှလုံးသားလှလို့ ချစ်တာ…
ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ ဒီမှာ တပ်မတော် အရာရှိတွေရော ပြည်သူ့ရဲတွေရော ကျွန်တော်လည်း အစိုးရဝန်ထမ်း။
ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်တာက သူ့ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရတာ ကျွန်တော် စိတ်မဝင်စားဘူး။
ဒီလူကြီး စိတ်ထား၊ ရိုးတယ်၊ ဖြောင့်တယ်၊ ကြည်တယ်၊ လူသားဆန်တယ်၊
စာနာစိတ်ကြီးတယ်၊ ကရုဏာစိတ်ကြီးတယ်၊ ရိုးသားတယ်၊
ကျွန်တော် ဒါကို ချစ်တာ၊ အောင်ဆန်းကို ချစ်တာ။ စိတ်လှတာကိုး။
ကျွန်တော်တို့ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှာ အောင်ဆန်းထက် သာတဲ့ ကောင်တွေ အများကြီးပဲ။
ဒေါက်တာ ဘမော် ဆိုတာ အင်္ဂလန်က ပြန်လာတဲ့လူ။ မင်း ရူးသွားမယ် အောင်ဆန်း။
ဒေါက်တာ ဘဟန်၊ လန်ဒန်ကပြန်လာတာ၊ မင်း နတ်မောက်က ၁ဝ တန်းအောင်တဲ့ကောင်ကို ဆောင့်တောင်ကန်လိုက်ဦးမယ်၊ နတ်မောက်သားလောက်ကို။
သို့သော် သို့သော် ကျွန်တော်ပြောမယ် အဲဒီလူတွေကို ကျော်ပြီးတော့
နတ်မောက်သားအောင်ဆန်းက မြန်မာနိုင်ငံ မိုးကောင်းကင်ယံ အမှောင်ထဲမှာ လင်းလင်းချင်းချင်းကြီးနဲ့ စတားကြီးတစ်ခုနဲ့ အောင်ဆန်း ကွ အောင်ဆန်း၊
အတောက်ပဆုံး ဘာလို့ ဖြစ်တာလဲ

အသည်းနှလုံးကိစ္စဗျ။ “

ဆရာမောင်သာချို ပြောတာ နားထောင်ရင်း ကြက်သီးတောင်ထပါတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်တာ နှလုံးသားလှလို့ပါတဲ့။ ရိုးသားလို့ပါတဲ့၊ လူသားဆန်လို့ပါတဲ့။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ စရိုက်ကလေးတွေကို ပြောပြသွားတာ အများကြီးဆိုတော့ ဒီပို့စ်ထဲ ထည့်မရေးတော့ပါဘူး။
ကိုယ်တိုင်နားထောင်ကြည့်လို့ရအောင် ဆရာမောင်သာချိုရဲ့ ဟောပြောပွဲ MP3 ဖိုင် လေးထည့်ပေးလိုက်ပါတယ်။
၂၀၁၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ပေါ့ဗျာ။ နားထောင်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကို ပိုချစ်လာကြမယ်လို့ ယုံကြည်ပါတယ်။
ငယ်ငယ်ကတည်းက အလွတ်ရခဲ့တဲ့ အောင်ဆန်းဇာနည် ဆိုတဲ့ ကဗျာလေးနဲ့ ပို့စ်ကို အဆုံးသတ်လိုက်ပါတယ်။
စာသားအမှားအယွင်းလေးများရှိရင်လည်း ပြင်ပေးကြပါဦးဗျာ။

အောင်ဆန်းဇာနည်
ဖေဖေါ်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး။

AungLan 2011 MgTharCho HnaLoneHlaParSay
ဆရာမောင်သာချိုရဲ့ အောင်လံ စာပေဟောပြောပွဲ mp3 ဖိုင်လေးပါ။ နားမထောင်ရသေးသူများအတွက်ရည်ရွယ်ပါသည်။

49 comments

  • koyinmaung

    February 10, 2012 at 10:49 am

    ကိုဘလက်ရေ ဦးသာချိုရဲ့စာပေဟောပြောပွဲခုလိုမျှဝေပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်……..

  • kyeemite

    February 10, 2012 at 11:47 am

    ဗိုလ်ချုပ်နဲ့ပါတ်သက်ရင်..ဝင်မပါရမနေနိုင်ဘူးဗျို့…ဗိုလ်ချုပ်ပြောဘူးတယ်..ဒီလို..
    ““ကျုပ်အဖို့ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော်အမြင်ရှိတယ်လို့တွေ့တာနဲ့တစ်ပြိုင်နက်ကျုပ်ဟာအဲဒီလိုတော်တဲ့လူကိုထိုးတင်ပြီးနောက်လိုက် လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”“
    ကိုင်းဒီလိုပြောရဲတဲ့ခေါင်းဆောင်မျိုးဗျ…နောက်ရှိသေးတယ်…

    “တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။
    ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့သဘောနဲ့ ပြောတာမဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

    ကဲအဲဒါအထင်ကရ အထပ်ထပ်မှာခဲ့တာ…ဘယ်စစ်ဗိုလ်တွေကများလိုက်နာကြလို့လည်း…
    အင်းပြောရင်တော့..ဆုံးမှာမဟုတ်ဘူး ကိုဘလက်ရေ…ဒီပို့စ်လေးတကူးတက ရေးတင်လို့
    ကျေးဇူးပါ…

  • ““ဒေါက်တာ ဘမော် ဆိုတာ အင်္ဂလန်က ပြန်လာတဲ့လူ။ မင်း ရူးသွားမယ် အောင်ဆန်း။
    ဒေါက်တာ ဘဟန်၊ လန်ဒန်ကပြန်လာတာ၊ မင်း နတ်မောက်က ၁ဝ တန်းအောင်တဲ့ကောင်ကို
    ဆောင့်တောင်ကန်လိုက်ဦးမယ်၊ နတ်မောက်သားလောက်ကို။သို့သော် သို့သော် ကျွန်တော်
    ပြောမယ် အဲဒီလူတွေကို ကျော်ပြီးတော့နတ်မောက်သားအောင်ဆန်းက မြန်မာနိုင်ငံ မိုးကောင်း
    ကင်ယံ အမှောင်ထဲမှာလင်းလင်းချင်းချင်းကြီးနဲ့ စတားကြီးတစ်ခုနဲ့ အောင်ဆန်း ကွ အောင်ဆန်း၊””
    ကိုဘလက်ချောရေ ဒေါက်တာ ဘဟန်ဆိုတာလေးက မှားသွားသလားလို ့ပါ။ဒေါက်တာဘမော်
    ကိုရေးလိုက်တာ မဟုတ်လားခင်မျာ။ရို ့ကျိုးစွာဖြတ်သန်းရင်း မဟုတ်မခံတတ်သော ဗိုလ်ချုပ်၏
    ဘဝဖြတ်သန်းပုံမှာ ကျနော်တို ့အတွက်ကတော့ ပြယုဂ်ပါဘဲဗျ။

    • thit min

      February 11, 2012 at 2:49 am

      ကိုသန်းထွဋ်ဦးခင်ဗျား
      လေးစားစွာရှင်းပြခွင့်ပေးပါ။
      ဒေါက်တာ ဘဟန် ဆိုတာ ဒေါက်တာဘမော်ရဲ့ အထက် ၃ နှစ်ကြီးတဲ့ အကိုကြီးပါ။
      ယူကေတက္ကသိုလ် က ဒေါက်ထရိတ်ရပါတယ်။ ၁၈၉၀-၁၉၆၉ ပါ။
      သူ့ သီးဆစ်က ရှေး(၁၈ရာစု) ကဗျာဆရာ၊ပန်းချီဆရာကြီးတဦးဖြစ်တဲ့
      ဝီလီယံဘလိတ်၏အံ့ဘွယ်သုတ “‘The Mysticism of William Blake”ဆိုတဲ့
      အမည်ဖြစ်ပါတယ်။ ရှေ့နေအဖြစ်အသက်မွေးတယ်လို့ ဆိုပါတယ်။

      ဒေါက်တာဘမော်ကတော့ ပြင်သစ်က ဒေါက်ထရိတ်ရသူပါ။
      ၁၈၉၃-၁၉၇ရ ဖြစ်ပြီး အသက် ၈၄ နှစ်အရွယ် (ဦးနေဝင်းခေတ်မှာ)ကွယ်
      လွန်ပါတယ်။
      အင်းဂလိတ်စကားပြောကောင်းတဲ့ အပြင် ဒေါက်တာဘမော်ဟာ
      ပြင်သစ်ဘာသာနဲ့(ဒဇ်ဇာ့တေးရှင်း) သီးဆစ်ရေးခဲ့ ပါတယ်တဲ့။

      ဗိုလ်ချုပ်ကို နတ်မောက်သားလို့ပြောပေမဲ့ ဒေါက်တာဘမော်ကလဲ “မအူပင်” သားပါဘဲလေ။

  • blackchaw

    February 10, 2012 at 12:15 pm

    ကိုရင်မောင်ရေ။
    နှစ်နှစ်လောက်တော့ ရှိနေပြီထင်ပါတယ်။
    ဒါပေမယ့် နားမထောင်ရသေးရင် အသစ်ပါပဲ ခင်ဗျာ။

    ကိုကြီးမိုက် ရေ။
    ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။

    မောင်သန်းထွှဋ်ဦးရေ။
    မောင်သာချို စာပေဟောပြောပွဲ အမ်ပီသရီးဖိုင်လေးပါပါတယ်။
    ဒေါင်းပြီး နားထောင်ကြည့်စေချင်ပါတယ်။
    အဲဒီအထဲမှာတော့ အဲဒီအတိုင်း ပြောထားတာပါ။

  • ဟုတ်ကဲ့ပါ ကိုဘလက်ချောရေ ကျေးဇးပါဗျ။ကြိုးစားပြီး ဒေါင်းပါမယ်။ဒီမှာက လိုင်းတွေသိပ်မကောင်းလို ့၊
    IDM နဲ ့ဆွဲရင်လဲလိုင်းကိုဆောင့်တုတ်ပါတယ်ဆိုပြီး ဆိုင်က bandwidth တွေချထားလို ့ မလွယ်ပါဘူး။
    ကျေးဇူးပါနော်။

  • စိန်ပေါက်ပေါက်

    February 10, 2012 at 1:06 pm

    Feb 13 မှာကျရောက်တဲ့ ဗိုလ်ချုပ်မွေးနေ ့အတွက်
    အမကြီးပေးတဲ့ မွေနေ ့လက်ဆောင်ပေါ့နော
    အသံဖိုင်လေးလဲ ဒေါင်းသွားပါတယ်

    စကားမစပ်
    ဒီမှာ အမရီးရဲ့ ဖုန်းကျန်ခဲ့တယ်ဂျာ
    Office ကဆိုပြီး 1 miss call ဝင်သွားတယ်
    အဲတာ ကိုင်ရဲဘူး..ဒီတိုင်းပစ်ထားလိုက်တယ်ဂျာ
    ဘိုလုပ်ရမလဲ လာယူပါဦး..
    သများ တိုင်ပတ်နေပြီ 🙄
    ကိုင်ရမှာလား ကိုင်ရဘူးလားဟင် (ဖုန်း)

  • Khaing Khaing

    February 10, 2012 at 4:43 pm

    အင်း အဲမေးခွန်းလေးက အခုချိန်မှာတိုက်တိုက်ဆိုင်ဆိုင် ခိုင်တွေ့ခဲ့တဲ့အဖြစ်အပျက်တစ်ခုနဲ့ သွားတိုက်ဆိုင်နေတယ်…..မနေ့က 2နှစ်သမီးလေးက ဗိုလ်ချုပ်ပုံကိုတွေ့တယ် …ဖေဖေလို့ခေါ်တယ်…သူအဲစာရွက်လေးကို လက်ထဲမှာကိုင်ထားတယ်…သူ့အနားမှာတစ်ခြားပုံတွေအများကြီး..သူဖေဖေလို့မခေါ်ဘူး…အဲပုံကိုစိတ်ဝင်စား တယ်…ဗိုလ်ချုပ်ကိုလူတွေချစ်တာ….သူ့ရဲလူတွေအပေါ်မှာထားတဲ့ စစ်မှန်တဲ့မေတ္တာကြောင့်ပဲလို့ထင်တယ်…

  • pooch

    February 10, 2012 at 4:48 pm

    နားမထောင်ဖူးသေးဘူး ကိုဘလက်ရေ နားထောင်ကြည့်လိုက်အုန်းမယ်

  • laypai

    February 10, 2012 at 5:32 pm

    မတ်လ ၂ ရက် ဆရာစံ နဲ့ ပတ်သက်တယ် လို့ ထင်တယ်။
    တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက် က ၁၃၀ဝ ပြည့် အရေးတော် ပုံ စတဲ့ နေ့ နဲ့ ပတ်သာက်တာလား၊ ဗိုအောင်ကျော် ရဲ့ ကျောင်းသားသပိတ်လား သေသေချာချာ မသိဘူး။

    ရေးချင်တာက ယနေ့ နံနက် ၁ဝး၃ဝအချိန်က ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင်U
    NESCO-Madanjeet Singh Price for Promotion of Tolerance &Non-Violence 2002 ဆုအရုပ်ကို Mr. Ryuhei Hosoya, Executive Director,UNESCO,PARIS က ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ပေးအပ်ခဲ့ပါတယ်။ယင်းဆုနှင့်အတူ အမေရိကန်ဒေါ်လာ ၁၀၀၀၀၀(US $ 100000) ပါ ၇ရှိခဲ့ပါတယ်။ယင်းဆုကြေးငွေကို လူမှုရေး-ကျမ္မာရေး ရံပုံငွေအဖွဲ့ကို အားလုံးလှူဒါန်းလိုက်တယ်လို့ သိရပါတယ်

  • ရွှေဘိုသား

    February 10, 2012 at 6:07 pm

    ရိုးရိုးသားသားပြောရရင် ကျနော်ကတော့ ငယ်ငယ်က ဗိုလ်ချုပ်ရဲ့ အင်္ဂလန်သွား လောင်းကုတ် အရှည်ကြီး
    ဝတ်ထားတဲ့ပုံကိုကြည့်ပြီး ခန့်ခန့်ကြီးမို့ ဒါဘယ်သူလည်းလို့ စိတ်ဝင်စားသွားတာဗျ အဲဒီလိုအက်ျီ ကျနော်တို့တောဘက် ငယ်ငယ်က မမြင်ဖူးဘူးလေဗျာ ဒါနဲ့ လူကြီးတွေ မေးကြည့်တော့ ငါတို့နိုင်ငံကြီးရဲ့ ကယ်တင်ရှင်တဲ့ ဒါပဲသိတယ် 3 တန်းနှစ် အောင်းဆန်းဇာနည် သင်ရတော့မှ ဗိုလ်ချုပ်ပါလားလို့ သိရတယ်
    နောက်ပိုင်းကျတော့ ရွာက သိတဲ့လူကြီးတွေအပြော နဲ့ တော်တော်လေးစားမိတယ် အခုတော့ ရန်ကုန်မှာ
    အာဇာနည် ကုန်းနားက ဖြစ်သွားရင်တောင် ဝမ်းနည်းသလို ဖြစ်မိတာ အမှန်ပဲဗျာ

    • MaMa

      February 11, 2012 at 7:43 am

      ဗိုလ်ချုပ်ရဲ့ အင်္ဂလန်သွား လောင်းကုတ်အရှည်ကြီး အကြောင်း ဖတ်ဖူးတယ်။
      ဗိုလ်ချုပ် အင်္ဂလန်သွားဖို့ အိန္ဒိယဝင်တော့ (ဝတ်စားဖို့အတွက် သေသေချာချာ မစီစဉ်ထားလို့) ရာသီဥတုဒါဏ်ကာကွယ်ဖို့ရယ်၊ တွေ့ဆုံဆွေးနွေးတဲ့အခါ အထင်အမြင်မသေးရအောင်ရယ် ရည်ရွယ်ပြီး နေရူးက ချုပ်ပေးလိုက်တယ်လို့ ကြားဖူးတာပဲ။ (လေးစားစရာ အမျိုးသားခေါင်းဆောင်တွေရဲ့ စိတ်ဓာတ်တွေပေ့ါ။)

  • blackchaw

    February 10, 2012 at 6:15 pm

    ပေါက်ဖေါ်မရေ။
    နင်လုပ်တာနဲ့ ငါတို့ရွာထဲက ကျားတွေ မတွေလည်း
    အရှင်လတ်လတ်ကြီးတွေ ဘဝတွေပြောင်းကုန်ကြပြီဟေ့။
    အဲဒါလည်း နင်တို့ အရည်အချင်းတစ်ခုပါပဲဗျာ။

    ုkhaing khaing ရေ။
    ကျွန်တော်တို့ မြန်မာပြည်မှာ ဗိုလ်ချုပ်ကို ဘာကြောင့်ချစ်ကြတာ အံ့ဩဖို့ ကောင်းပါတယ်။
    အဲဒီအတွက် ဆရာမောင်သာချို ဟောပြောထားတာလေးက အဖြေတစ်ခု ဖြစ်မယ်ထင်ပါတယ်။

    pooch ရေ။
    နားထောင်ကြည့်ပါ။ နောက်ထပ်ဟောပြောပွဲ mp3 ဖိုင်တွေလည်း ရှိပါသေးတယ်။
    ဒီပွဲကတော့ ဆရာမောင်သာချိုရဲ့ အကောင်းဆုံး ပွဲလို့တောင် ပြောလို့ရပါတယ်။
    နားထောင်ပြီး ရတဲ့ ဖီလင်လေးကို ပြန်ဝေမျှပေးပါဦးနော့။

    ူူlaypai –
    အမေစု ဆုရတယ်ဆိုလို့ ဝမ်းသာပါတယ်။ ငွေသားကို ပြန်လှူလိုက်တယ်ဆိုလို့ သာဓုခေါ်ပါတယ်ဗျာ။
    သာဓု သာဓု သာဓုပါ။

    ရွှေဘိုသား –
    ကျေးဇူးပါဗျာ။

    • windtalker

      February 10, 2012 at 7:57 pm

      ဟုတ်ဘီဗျာ ၊ ရွာထဲ ပြန်ရောက်ရောက်ချင်း နားထောင်စရာ လေ့လာစရာ တန်းတိုးရတယ် ။ ကျေးကျေးဘာနော် ၊ အကိုကြီး ။
      လေးစားပါတယ် အကိုကြီး ။

      • စိန်ပေါက်ပေါက်

        February 11, 2012 at 12:35 pm

        ကျေးဇူးတင်ပါတယ် ညီမလေး

  • မိုက်ကယ်ဂျော်နီငပွ

    February 10, 2012 at 7:03 pm

    ကြည်ညိုတာနဲ့ လေးစားတာကတော့ အပြန်အလှန်
    အမှီသဟဲပြုမယ်ထင်တယ်နော
    ကြည်ညိုလေးစားစိတ်ကလေးကြောင့် သူ့ကိုအားကျပြီး
    သူ့လိုမဟုတ်ရင်တောင် တတ်နိုင်သလောက်လေး နည်းနည်းပါးပါးလုပ်ကြဘို့ပါ
    ကျုပ်ရဲ့ ဘိုးဘေးကြီးတစ်ယောက် ကျုပ် ပိစိနောက်အရွယ်ကလေးတုန်းက
    ဗိုလ်ချုပ်အကြောင်းကိုပြောပြဘူးတယ် အမှတ်ရနေတာလေးတစ်ခုပါ
    တစ်နေ့မှာစည်းဝေးပွဲတစ်ခုမှာ
    ( ဗိုလ်ချုပ်တက်တဲ့စည်းဝေးပွဲဝင်ခွင့်ရတဲ့ပုဂ္ဂိုလ်ဆိုတော့ ငချဉ်လို့မှတ်ဘို့တော့ ခပ်ခက်ခက် 😀 )
    ဗိုလ်ချုပ်နားကပ်ပြီး ဗိုလ်ချုပ် ဂျပန်တွေလွပ်လပ်ရေးမပေးရင်ဘယ်လိုလုပ်မလဲ လို့မေးလိုက်တော့
    ပြန်ချမယ်
    လို့ အေးအေးလေးဘဲပြန်ပြောပါသတဲ့
    သူအရမ်းချီးကြူးတာက ဗိုလ်ချုပ်ဟာ အကြောင်းအရာတစ်ခုကို ဆုံးဖြတ်ချက်ကောင်းကောင်းချတတ်ပါသတဲ့
    သူဟာ တုံ့ပြန်မှု့တစ်ခုကို ဒေါသနှင့်လုပ်တဲ့သဘောသိပ်မရှိလှဘူးလို့လည်း အဲ့သည် ဘိုးဘေးကြီးကဆိုသဗျ
    သူကကိုယ်တိုင်ဆက်ဆံခဲ့ရတဲ့သူဟာကိုးးးးးး
    သူပြောတာတွေကတော့ အတော်များတယ် ကျုပ်က ပိစိနောက်ကလေးရှိသေးတော့
    ဝါးတားတားဘဲမှတ်သားဘူးသဗျ
    သူ့ရဲ့အညွှန်းကောင်းတာနဲ့
    ဗိုလ်ချုပ်ကိုအားကျပြီး ကျုပ်နေတဲ့ရွာထဲ လူပါးဝတဲ့ဆယ်အိမ်ခေါင်းအိမ်တွေကို
    ဒေါသရှေ့မထားဘဲ ခဲနဲ့လိုက်ထုဘူးသဗျ
    ခင်ဗျားတို့ပြောလေ့ပြောထရှိပါတယ် ဘယ်လူကြီးသား ဘာလူပါးဝတယ် ညာလူပါးဝတယ်
    အော်နေကြတာ
    လာခဲ့ပါ ငပွနေတဲ့ရွာကို ချေမှုန်းပြမယ်
    ကျုပ်ဆိုလိုတာက ကိုယ့်အရပ်ကိုယ့်ဒေသလူပါးဝတဲ့ဘာကောင်ညာကောင်တွေကို
    ကိုယ့်ဘာသာချေမှုန်းလိုက်တော့ လွယ်လွယ်လေးဟာကို
    ခုတော့ ဖင်ထဲမြွေဝင်သလို အော်နေကြရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး
    ဒါ့ကြောင့် ဟလား ( ဗိုလ်ချုပ်စတိုင်လ် )
    ဗိုလ်ချုပ်ကို ချစ်တာလည်းချစ်ကြပေါ့
    လေးစားရင်လည်း လေးစားကြပေါ့
    ကြည်ညိုခြင်ရင်လည်း ကြည်ညိုကြပေါ့
    ဗိုလ်ချုပ်က ကျုပ်ဖင်ထဲမြွေဝင်ပါတယ်ဆိုပြီးအော်တဲ့သတ္တဝါမျိုးမဟုတ်တဲ့အကျင့်လေးအတုယူပြီး
    တစ်တိုင်းပြည်လုံးမဟုတ်ပါဘူး
    ကိုယ့်ရပ်ကွက်ထဲက လူပါးဝတဲ့ကောင်ကို တံတွေးထွေး ရှုပ်ချနေမယ့်အစား
    ဂဲနဲ့ထုဘလိုက်ပေါ့
    တစ်ပိုင်တစ်နိုင်ချေမှုန်းလိုက်ရင် ဒီကောင်တွေ ဘယ်လိုလုပ်ကြီးထွားလာမှာလဲ
    အသုံးမကျတဲ့ကောင်တွေခံရတာ ခံကြ
    ကျုပ်နေတဲ့ရွာမှာ ဘယ်ကောင်မှ လူပါးမဝရဲဘူး
    စစ်ကြောင်းလာလို့ ပေါ်တာပြေးရတာကတော့ သူ့မှာ စက်သေနတ်ကြီးပါတာကိုး 😀 😀 😀

  • luu noutlay

    February 10, 2012 at 7:07 pm

    အားလုံးမမေ့နိုင်တဲ့ နေ့တနေ့ပါပဲ…ကို ဘလက်ရေ
    ဟုတ်ပါတယ်
    ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ လွတ်လပ်ရေးဖခင်ကြီးပါပဲ
    မနေ့နိုင်တဲ့နေ့တနေ့ပါ ခင်ဗျာ

    ဒီမိုကရေစိမိခင်ကြီး အမေစုရဲ့မွေးနေ့ကိုလည်းသိရင်သိတဲ့လူပြောပြပေးပါအုန်းခင်ဗျာ

  • Patriot

    February 10, 2012 at 7:56 pm

    I already listened this literature talk by Maung Thar Cho, I like it , must listen

  • TTNU

    February 10, 2012 at 8:34 pm

    ကိုချောရေ…
    ဗိုလ်ချုပ်နဲ့ အမျိုးသားနေ့ အကြောင်း ဆရာမောင်စွမ်းရည်ရေးခဲ့တာလေးပါ။

    “ပထမတက္ကသိုလ်ကောလိပ်သပိတ်က ၁၉၂ဝ ခုနှစ်မှာ ကိုဘဦးအစရှိတဲ့
    ကျောင်းသားခေါင်းဆောင်များဦးဆောင်လှုပ်ရှားခဲ့ကြပါတယ်။
    ကျောင်းသားခေါင်းဆောင်စာရင်းကို ရွှေတိဂုံဘုရားရဲ့ အနောက်တောင်ထောင့်ရှိ အမျိုးသားနေ့အထိမ်းအမှတ်ကျောက်တိုင်မှာ ရေးထိုး ထားပါတယ်။”

    “ဒုတိယသပိတ်ကတော့ ကိုနု၊ ကိုအောင်ဆန်းတို့ဦးဆောင်ပြီး မန္တလေးသူ မအုန်း၊ မအမာတို့ပါဝင်ဆင်နွှဲခဲ့ကြတဲ့သပိတ်ဖြစ်ပါတယ်။”

    ” တတိယသပိတ်ကတော့ ကိုဗဟိန်း၊ ကိုဗဆွေ၊ ကိုလှရွှေ စတဲ့ကျောင်းသား
    ခေါင်းဆောင်တွေ ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ ကိုနု၊ ကိုအောင် ဆန်းတို့ “သခင်”
    အဖြစ်ပါဝင်လှုပ်ရှားခဲ့ပြီး ၁၉၃၈ ခုနှစ် ရေနံမြေအလုပ်သမားသပိတ်ကြီးနဲ့ဆက်စပ်သွားရာက အရှိန်အမြင့်ဆုံးကို ရောက် သွားခဲ့ပါတယ်။”

    “တဆက်တည်း ဒုတိယကမာ္ဘစစ်နဲ့ဆက်စပ်သွားပြီး ဖက်စစ်တော်လှန်ရေးကြီးအထိ
    ကျောင်းသားခေါင်းဆောင်တွေပဲ ဆက်လက်ပါဝင်ဦးဆောင်လှုပ်ရှားသွားကြပါတယ်။”

    (Kyaw Swar Myint (16.11.11) တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်။
    http://moemaka.blogspot.com/)

  • blackchaw

    February 10, 2012 at 8:57 pm

    ရွာက နွေးထွေးစွာ ကြိုဆိုပါတယ် ကိုပေရေ။

    luu noutlay –
    အမေစု မွေးနေ့က ဇွန်လ ၁၉ ရက်နေ့ပါ။
    အဲဒီနေ့ကို မြန်မာအမျိုးသမီးများနေ့ အဖြစ်လည်းသတ်မှတ်ထားကြောင်း
    သိရပါတယ်ခင်ဗျာ။

    Patriot – ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ။

    TTNU –
    တီချာကြီးရေ။ သေချာ ရှင်းပြပေးတာ ကျေးဇူးပါခင်ဗျာ။

  • Khin Latt

    February 10, 2012 at 9:11 pm

    တက္ကသိုလ်နေဝင်း ရဲ့ “အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း” စာအုပ် မှကောက်နှုတ်ယူပါသည်။

    (၁) ဝန်ကြီးဖြစ်တဲ့နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း က သူ့ကို တိကျပြတ်သားစွာ အမိန့်ပေးပါတယ်။ “အမျိုးအဆွေ၊ အပေါင်းအသင်း အားလုံး ဘယ်သူမှ အထူးအခွင့်အရေး မယူရ။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူရဘူး။ အဲဒါ အိမ်မှာ အားလုံးကို ပြောလိုက်” တဲ့။

    (၂) ဗိုလ်ချုပ်အောင်ဆန်း ဟာ အားတဲ့ တစ်ညနေလေးမှာ ပပဝင်း (ပလေဒီယံ) ရုံ မှာပြနေတဲ့ အင်္ဂလိပ်ဟာသကား ကို သူ(တက္ကသိုလ်နေဝင်း) နဲ့ သွားကြည့်ခဲ့တယ်။ ရုပ်ရှင်ရုံကို ကြိုတင်ပြီး အပြောမခံ ဘဲ ပိုက်ဆံလဲ အကုန်မများအောင် ငါးမူးတန်း ကကြည့်တော့ ကြည့်နေရင်း လူများရိပ်မိကုန် လို့ မန်နေဂျာ ကိုယ်တိုင်ဆင်းလာပြီး တောင်းတောင်းပန်ပန် လုံခြုံရေးအတွက် တင်မက အထူးတန်းမှာ လဲ လူမပြည့်ပါဘူး ဆိုတာ နဲ့ ဒီလို လုပ်လို့ ဘာအခွင့်အရေး ကိုမှ မတောင်းပါဘူးလို့ အာမခံချက်ပေးမှ အားနာပြီး အပေါ်ထပ်ကို တက်ကြည့် ခဲ့တယ်။

    (၃) ဗိုလ်ချုပ်အောင်ဆန်း ပြောလေ့ရှိတဲ့ စကားကတော့ “Remember that I practise what I preach! “ငါဟာ ငါ့တပည့်တွေ နဲ့ ရဲဘော်တွေကို သွန်တင်သလို ငါကိုယ်တိုင်လည်း လိုက်နာတယ် ဆိုတာ မှတ်ထားပါ” တဲ့။

    (၄) ဗိုလ်ချုပ်အောင်ဆန်း ဟာ သူ့ကို ရင်ဖွင့်ဘူးပါတယ်။ “လွတ်လပ်ရေး ရပြီးရင် ငါတော့ နိုင်ငံရေးက အနားယူမယ် စိတ်ကူးတယ်။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တွေရှိတာ မင်းလဲသိသားဘဲ မဟုတ်လား၊ ဒါကြောင့် ငါက နိုင်ငံရေးက အနားယူပြီး စာရေးဆရာ လုပ်ချင်တယ်။ ဒါမှလဲ ငါ့အနေနဲ့ ငါ့အိမ်ထောင် မိသားစု အတွက်အချိန်ပေးနိုင်မယ်။ ကလေးတွေကိုလဲ ကောင်းကောင်း ကြည့်ရှု နိုင်မယ်။ ငါတို့ ဆရာတပည့်နှစ်ယောက် စာရေးစားကြမယ်ကွာ။ မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ရေးကြမယ်။ ဒါမှ ငါတို့မိသားစုအတွက် ဝင်ငွေ လုံလောက်မှာကွ။ ငါ့စိတ်ထဲ စာရေးဆရာလုပ်ချင် တဲ့ ဆန္ဒဟာ စစ်မဖြစ်ခင်ကတည်းက ရှိခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည် လွတ်လပ်ရေး ရရေးအတွက် ဦးစားပေးခဲ့ရတာမို့ စာရေးဖို့ အချိန်မရခဲ့ဘူး။ အခု လွတ်လပ်ရေး ရဖို့ သေချာနေပြီမို့ ဒီစကားကို ငါပြောတာပါ” တဲ့။

    အဲဒီ တက္ကသိုလ်နေဝင်း ရဲ့ “အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း” စာအုပ် ကို အပြန်ပြန် အထပ်ထပ်ဖတ်ရင်း ဖတ်တိုင်း ဗိုလ်ချုပ်အောင်ဆန်းကို ပိုပို လေးစားကြည်ညို ခဲ့ရပါတယ်။

    ဒီမှာ ကပ်ပြောရင်လဲ ပြောလို့ရပါသေးတယ်။ တက္ကသိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ပီအေ မို့ အကောင်းဘဲ ကြည့်ပြောမှာပေါ့လို့။

    တကယ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ တွေ့ခဲ့တဲ့ နိုင်ငံခြားသားတိုင်းဟာလဲ သူ့ရဲ့ ရိုးသားပွင့်လင်းမှု၊ ဉာဏ်ပညာမြင့်မားမှု၊ စဉ်းစားဆင်ခြင် နိုင်စွမ်းရှိမှု တို့ကို အသိအမှတ်ပြု ချီးမွမ်းခဲ့ကြရပါတယ်။

    (၁) စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ပါမောက္ခ မစ္စတာ ရို့ဒ်စ် က “သူ့အသက်အရွယ် နဲ့ မလိုက်အောင် ထူးချွန်ထက်မြက်ပြီး အမြော်အမြင် ရှိတယ်။ အခုလို အချိန်မှာ အောင်ဆန်းလို ခေါင်းဆောင် တစ်ဦး ရှိနေတဲ့ အတွက် မင်းတို့ မြန်မာပြည် အဖို့ အထူးကံကောင်းတယ်။ သူ့ရဲ့ ရိုးသားတည်ကြည်မှု၊ ပွင့်လင်းမှုတို့က သူ့ရဲ့ကြိုးပမ်းမှုတွေ အောင်မြင်ဖို့ရာ အထောက်အကူဖြစ်မှာ သေချာတယ်။ အင်္ဂလိပ်စာလဲ အံ့ဩစရာကောင်း လောက်အောင် တော်တယ်။ အောင်ဆန်းကတော့ တကယ်ထူးချွန်တဲ့ လူတစ်ယောက်ဘဲကွဲ့။

    (၂) အင်္ဂလိပ်စစ်တပ် မှ တပ်မဟာ ထောက်လှမ်းရေးအရာရှိ ကပ္ပတိန်ဘားနက် က “မြန်မာနိုင်ငံမှာ ဂျင်နရယ် အောင်ဆန်းလို ခေါင်းဆောင်မျိုး ရှိနေတာ အလွန်ကံကောင်း တယ် လို့ ဆိုရမယ်။ သူဟာ တကယ်ရိုးသား တည်ကြည် ဖြောင့်မတ် သူ တစ်ယောက် ဖြစ်ကြောင်း သိသာထင်ရှားတယ်။ ဒါကြောင့် လူငယ်တွေ သူ့ကို ကိုးကွယ်လုမတတ် ကြည်ညိုလေးစားကြတာ အံ့ဩစရာမရှိဘူး။ – No wonder you chaps worship him!

    (၃) အင်္ဂလိပ်စစ်သေနာပတိ ဗိုလ်ချုပ်ကြီး ဝီလီယံစလင်း ကိုယ်တိုင် စစ်ပြီးခေတ်ကျမှ ရေးသားခဲ့သော ” Defeat into Victory: Battling Japan in Burma and India, 1942-1945″ စာအုပ်ထဲတွင် “အောင်ဆန်း သည် ကျွန်ုပ်တို့ အစောပိုင်းထင်မိခဲ့သလို မူဝါဒ မရှိသော ပြောက်ကျား ခေါင်းဆောင် တစ်ဦး မဟုတ်ဘဲ အမှန်တကယ် သူ့တိုင်းပြည်ကို ချစ်သော မျိုးချစ်ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည့်အပြင် အမှား အမှန်ကို ကောင်းစွာ ချိန်ဆ နိုင်သူ တစ်ဦး အဖြစ်လည်း တွေ့ရပေသည်။ ယင်းသို့သော ပုဂ္ဂိုလ် မျိုး တွေ့ရခဲပေ သည်။ အောင်ဆန်းနှင့် ပါတ်သက်၍ အထူးအထင်ကြီးမိသော အရည်အချင်းကား သူ၏ရိုးသား ဖြောင့်မတ်မှုပင်ဖြစ်သည်။”

    (၄) အိနိ္ဒယခေါင်းဆောင်ကြီး ဂျဝါဟလာနေရူး ဟာ ဗိုလ်ချုပ်အောင်ဆန်း ကို မြန်မာပြည် အတွက်သာမက အာရှခေါင်းဆောင်ကြီး အဖြစ်ပါ မျှော်လင့်ချက်ထား ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန် “Not Burma, but Asia has lost a great leader” ဟု ဝမ်းနည်းပက်လက် နှမြောတသ ကြေကွဲစွာ ပြောခဲ့သည်။

    ကျွန်မတို့ မြန်မာပြည်ဟာ ဒီလို ရှားပါးလှတဲ့ ခေါင်းဆောင်ကောင်း ကို ဆုံးရှုံးခဲ့ပါတယ်။ 🙁

    ကျွန်မတို့ သူ့ကို တကယ် ချစ်ကြပါသည်။
    ချစ်သည် လို့ ပါးစပ်က ပြောရုံ နဲ့ မပြီး လက်တွေ့လဲ သူ့စကားကို လိုက်နာခြင်း ဖြင့်သာ သူ့ကို ချစ်ကြောင်း ပြနိုင်ပါသည် မဟုတ်လား။

    ဒီလို reminder post လေးအတွက်ရော၊ နားမထောင် ဘူးသေးတဲ့ ဆရာမောင်သာချို ရဲ့ ဟောပြောတဲ့ အသံဖိုင် လေး အတွက်ရော ကျေးဇူးပါ ကိုဘလက်ရေ။

  • blackchaw

    February 10, 2012 at 9:20 pm

    အစ်မလတ်ရေ။
    စိတ်ပါလက်ပါ ရေးခဲ့ပေးတဲ့ ကွန်းမန့်လေးအတွက်
    အားလည်းရှိ ကျေးဇူးလည်း တင်ပါတယ်ခင်ဗျာ။

  • ကျနော်စိတ်ထဲမှာစွဲနေတာကတော့
    အာဏာကို လက်လွတ်စပယ်အသုံးမချသူ
    ကိုယ်ကျိုးကို မငဲ့ကွက်သူ
    အမှန်တကယ်အနစ်နာခံခဲ့သူ
    အမှန်အတိုင်းပြောရဲသူ
    ဆိုတာတွေက ချစ်စရာကောင်းသောအချက်တွေပါဘဲ။
    ဒါကြောင့်………………………..

  • thit min

    February 11, 2012 at 1:04 am

    ပို့စ်က မေးခွန်းဆိုတော့ အပ်တူဒိတ် အဖြေလေး ဖြေကြည့်ချင်တယ်။
    မေး။ ။ဗိုလ်ချုပ်ကို ဘာလို့ ချစ်ကြတာလဲ။
    ဖြေ။ ။အရင်တုန်းကတော့ သူ့အရည်အချင်းတွေကြောင့်ချစ်ခဲ့တာ
    ဖြစ်ပေမဲ့ အခုတော့ သတိ္တ ဗျတိ္တ နဲ့ ပြည့်စုံတဲ့ သူ့ကိုယ်ပွါး အမေစု ကို
    မြန်မာပြည်ရဲ့ တကဲ့ အကျဉ်းအကြပ်မှာ ကယ်တင်နိုင်အောင် မွေး
    ဖွားပေးနိုင်ခဲ့တဲ့ ဖခင်ဖြစ်လို့ပိုလဲချစ်သွားတယ်။ ကျေးဇူးကြီးလှပါပေ့
    ဗိုလ်ချုပ်ရယ်လို့လဲ ထပ်ဆင့် ပြောချင်တယ်ဗျာ။

    • maungmoenyo

      February 13, 2012 at 8:14 am

      ဗိုလ်ချုပ်က အမျိုးသားစိတ်ဓါတ်ဆိုတာဘာလဲဆိုတာ မီးမောင်းထိုးပြသွားတယ်။ သူသမီးဒေါ်အောင်ဆန်းစုကြည်ကျတော့ နိုင်ငံထူထောင်ရေးဆိုတာ ဘယ်လိုလဲလို့ လမ်းညွှန်ပေးမဲ့ မြန်မာပြည်သားအားလုံးရဲ့ မျှော်လင်ချက်မီးရှူးတန်ဆောင်ဖြစ်နေပါပေါ့လား။

  • padonmar

    February 11, 2012 at 3:29 am

    ကိုဘလက်ရေ
    ကျွန်မဖတ်ဖူးတာ အမျိုးသားနေ့က ပထမကျောင်းသားသပိတ် ၁၉၂ဝ ရဲ့ ရက်စွဲ။
    တောင်သူလယ်သမားနေ့က ပထမဆုံး တောင်သူလယ်သမားညီလာခံ (မဆလ လက်ထက်) ရဲ့ ရက်စွဲလို့ မှတ်ပါတယ်။ခုနှစ်တော့ မသိတော့ဘူး။
    ဒူးယား၊ခပေါင်း၊အုန်းတော ဆိုပြီး စီးကရက်တွေထုတ်ခဲ့တာ အဲဒီ ညီလာခံလုပ်ခဲ့တဲ့ ရွာတွေရဲ့ နာမည်တွေလို့ ဖတ်ဖူးတယ်။ကျမ်းကိုးတော့ မရှာတတ်တော့ဘူး။

    ဒေါက်တာ ဘဟန်လို့ မောင်သာချိုပြောထားတာ ပညာရေးဝန်ကြီးကိုဆိုလိုတာဖြစ်ပါမယ်။မမှားလောက်ပါဘူး။

    “ဇာတိနတ်မောက် မကွေးခရိုင်
    သိကြမြတ်ခုတိုင်” ကို သိကြများခုတိုင်လို့ ပြင်လိုက်ပါနော်။

    တက္ကသိုလ်နေဝင်း ရေးတဲ့ထဲမှာ ဗိုလ်ချုပ်က ကီးမားပလာတာစားချင်တယ်၊မင်းမှာပိုက်ဆံပါလား ဆိုတော့ ပိုက်ဆံမပါဘူးအမှန်ပြောရင် မစားမှာစိုးလို့ပလာတာကုလားကို တိုးတိုးတိတ်တိတ် သွားညှိ၊နောက်မှ ကြွေးသွားဆပ်ရတယ်ဆိုတာလေး လည်းကြိုက်ပါတယ်။

    ဒေါ်စုကတော့ တကယ့် ဗိုလ်ချုပ်ကိုယ်ပွားပါပဲ၊ဒါတောင် သိတတ်တဲ့ အရွယ်ထိ အတူမနေခဲ့ရရှာဖူးနော်။

  • blackchaw

    February 11, 2012 at 8:49 am

    padonmar –
    အစ်မရေ။ ပြင်လိုက်ပါပြီ ခင်ဗျာ။ ကျေးဇူးပါဗျာ။

    ကိုသစ်မင်း –
    ကိုသစ်ရေ။ ဒေါက်တာ ဘဟန်အကြောင်းရှင်းပြပေးတာ ကျေးဇူးပါဗျာ။
    ကျွန်တော်လည်း တကယ်မသိပါဘူး။

    ကိုပေါက် –
    ချစ်စရာကောင်းတာလေးတွေ ရေးပြတဲ့အတွက်ကျေးဇူးပါ။

    မမ –
    ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။

  • မိုက်ကယ်ဂျော်နီငပွ

    February 11, 2012 at 9:12 pm

    ကျနော် ကွန်မန့်လေးတစ်ခု ရေးလိုက်ဘူးပါတယ်
    ဒါပေသိ မတက်လာဘူးဗျာ
    ကျုပ်ရဲ့ ကွန်မန့်တွေ အစ်ဒစ်လုပ်ခံရပြီထင်ပါတယ် ( ကျေနပ်ပါတယ် )
    ဒါပေသိ ရောချတဲ့လူတွေတွက် အညွှန်းလေးတစ်ခု ပေးခွင့်ပြုပါဗျာ
    38း27 အဲ့သည်နေရာကနေ စပြီးနားထောင်ကြဘာဗျာ
    အတိတ်စိန်းလေးပေးလိုက်ပါဦးမယ်နော
    ဘုရင်
    သံဃာ
    လူ
    ဟဲဟဲဟဲ
    မိုက်ကယ်ဂျော်နီ ငပွ

  • Khin Latt

    February 12, 2012 at 3:48 am

    “သဲနု” တင်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ သူ့မိသားစု ဓာတ်ပုံလေးတွေကို ကြည့်ရင်း တိုင်းပြည် ကို ရော မိသားစု ကိုပါ အလွန် ဂရုစိုက် ခဲ့တဲ့ အကြောင်း ကို တွေးမိရင်း …….
    ကျွန်မ ဂေဇက်မှာ ပထမဆုံး တင်ခဲ့တဲ့ Post လေးမှာ ” မြန်ပြည်သား” ဆီက ပထမဆုံး ရခဲ့တဲ့ မှတ်ချက်လေး ကို သတိရ မိလိုက်ပါတယ်။ မှတ်ချက် ဆိုပေမဲ့ အနှစ် အများကြီး ပါပါတယ်။
    ဒါကြောင့် ဒီမှာ ထပ်ပြီး မျှလိုက် ပါရစေ။
    ကျွန်မတို့ သူ့ကိုချစ်တာ အလကား နေရင်းထိုင်ရင်း ချစ်တာ မဟုတ်ပါဘူး။ အကြောင်းရင်းမှန် ရှိကိုရှိခဲ့တာပါ။
    ဖတ်ကြည့်ကြပါဦး။

    ~~~~~~~~~~~~
    myanpyithar says:
    ဒီနေရာမှာ ကျွန်တော်ဖတ်ဘူးတာလေး လဲမျှဝေချင်ပါတယ်..ဒီခေတ်ခေါင်းဆောင်တွေနဲ့ ချိန်ထိုးနိုင်အောင်ပါ..

    တို့ဗိုလ်ချုပ်ရဲ့ ထမင်းဝိုင်းလေး
    • May 4, 2011 ရက် ၊ 5:29pm တွင် မျိုးချစ်သူ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

    မိုးတွေရွာနေတဲ့ တစ်နေ့မှာပေါ့ ကားပေါ်မှဆင်းကာ ထီးအစုတ်ကလေးတစ်ခုကို ရဲဘော်လေး ကိုထွေးက ဗိုလ်ချုပ်အားမိုးပေး၍ ဝန်ကြီးများရုံးထဲသို့ဝင်လာခဲ့ပါသည်။
    ရုံးသို့ရောက်သည်နှင့်တစ်ပြိုင်နက် စားပွဲပေါ်တွင်ပုံနေသောအလုပ်ပုံကြီးနှင့် အရေးကြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေရသည်ဖြစ်၍ နေ့လည်စာကိုပင် မွန်းလွဲနှစ်နာရီထိ စားဖို့ပင် သတိမရနိုင်ပဲ ဖြစ်နေပါသည်။ မနက်ပိုင်းကလဲ စားနေကျပဲပြုတ်နဲ့နံပြားလေးကိုစားပြီး ရုံးတက်ခဲ့ရပါသည်။
    “ဗိုလ်ချုပ်နေ့လည်ထမင်းစားဖို့တော်တော်လေးအချိန်လွန်နေပါပြီစားပြီးမှပဲဆက်လက်လုပ်ဆောင်ပါလားဗိုလ်ချုပ်ရယ်” ဟု မောင်နေဝင်းက စိုးရိမ်တကြီးပြောနေရှာသည်။ ထိုကဲ့သို့ သတိပေးလိုက်မှပင် ထမင်းစားဖို့သတိရပြီး
    “ဟေ ဟုတ်လား ဒါဆိုလဲ အိမ်ပြန်စားတာပေါ့”
    “အပြင်မှာ မိုးတွေအရမ်းရွာနေပါတယ် ဗိုလ်ချုပ် ကျွန်တော်ဆိုင်တစ်ဆိုင်ကို တယ်လီဖုန်းဆက်ပြီး မှာပေးပါ့မယ် ဧည့်ခန်းထဲမှာပဲ သုံးဆောင်လိုက်ပါလား”
    “ဆိုင်ကို မှာစားရင် ငါပိုက်ဆံကုန်မှာပေါ့ ဒီလအတွက် ငါပြတ်တော့မယ်၊ မဖြစ်ပါဘူး အကြည် လက်ရာလေးပဲ အိမ်ပြန်လွေးလိုက်ပါတော့မယ်ကွာ” ဟုပြောပြောဆိုဆိုနဲ့ ထထွက်လာခဲ့ပါသည်။
    ဒီလိုနဲ့ပဲ မိုးရွာကြီးထဲ မောမောပန်းပန်းနဲ့အိမ်ပြန်လာခဲ့ပါသည်။ အိမ်ပြန်ရောက်တော့ သားသမီးသုံးယောက်ရဲမျက်နှာလေးတွေမြင်တော့လဲ နွမ်းခဲ့သမျှ လန်းလာပါတော့သည်။
    “အကြည်ရေ ထမင်းစားဖို့ ပြင်ပါဦးကွာ ”
    “အဆင်သင့်ပါပဲရှင်၊ကိုအောင်သန်းလဲ ရောက်နေတယ် ”
    ကိုအောင်သန်းအနေနှင့် ဗိုလ်ချုပ်ထမင်းစားချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေတော့ ဗိုလ်ချုပ်စားမည့်ထမင်းဝိုင်းကို ကြည့်လိုက်မိပါသည်။
    ဗိုလ်ချုပ်အနေနှင့် ဤထမင်းဝိုင်းပြင်ဆင်ထားပုံမှာ မထူးဆန်းလှပါ။ သို့သော်လဲ ကိုအောင်သန်းအတွက်မူ တော်တော်လေးကို မှင်သက်အံ့ဩမိသွားပြီး ရင်ထဲမှာ စို့ခနဲဖြစ်သွားကာ ဗိုလ်ချုပ်အားတော်တော်လေး သနားသွားမိကာ ပိုပြီးတော့လဲ လေးစားသွားပါတော့သည်။
    ဗိုလ်ချုပ်စားမယ့်ထမင်းဝိုင်းမှာ ထမင်းတစ်ပန်းကန်နှင့် ဟင်းတစ်ခွက်သာပါ ပါသည်။ထိုဟင်းမှာလဲ ဖွယ်ဖွယ်ရာရာမဟုတ် လက်တစ်ဆစ်မရှိတရှိ ဝက်အူချောင်းကြော်ကလေးငါးဖတ်သာဖြစ်ပါသည်။
    အချိန်ရှိသရွေ့ နိုင်ငံတာဝန်ထမ်းဆောင်နေရသည်မို့ မိသားစုနှင့်အတူနေရသည်ဆိုသည်မှာ တော်တော်လေးကို ရှားပါသည်။
    ဤကဲ့သို့ထမင်းစားချိန်တွင်သာဖခင်အနားကပ်ရရှာသော သားနှစ်ယောက်နှင့်သမီးလေးခမျာ တီတီတာတာနှင့်ထမင်းဝိုင်းနားတွင်ရှိနေပါသည်။
    ဒီလိုနဲ့ စ စားတော့မည် ဟန်ပြင်လိုက်သည်တွင် သမီးလေး အောင်ဆန်းစုကြည်က “သမီးကိုတစ်ခုလောက်”ဒီင်္လိုနဲ့တစ်ဖက်ရော့သွားပြန်ပါကော
    ကဲသမီးလေးကိုကျွေးလိုက်တော့ အောင်ဆန်းလင်းကလဲ “သားကိုလဲ ကျွေးပါဦး” ကဲ ဝက်အူချောင်းလေး သုံးဖတ်သာကျန်ပါတော့သည်။
    “သားကိုကော မကျွေးတော့ဘူးလားဖေဖေ” ကဲ ဒီလိုဆိုတော့ နှစ်ဖတ်ပဲကျန်တော့တာပေါ့။
    ဒီဝက်အူချောင်းလေးနှစ်ချောင်းထဲကျန်တော့တာတောင် “အစ်ကိုကျွန်တော်နဲ့အတူလက်ဆုံ နွဲသွားပါဦးလား” တဲ့ဗျာ။
    ကဲဒါကတော့ ဗိုလ်ချုပ်ရဲ့ထမင်းတစ်နပ်ပါပဲ။
    ကိုအောင်သန်းခမျာသူ့အိမ်ပြန်ရောက်တော့သူ့ဇနီးသည်ကို “တို့တွေပိုက်ဆံပိုရင် ငါ့ညီအောင်ဆန်းတို့အိမ်ကိုမျှပေးလိုက်ပါဦးကွာ ငါ့ညီကဒီနိုင်ငံမှာဘုရင်ခံပြီးရင် သူကအာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်ပါကွာ သူ့ထမင်းဝိုင်းကိုကြည့်ပြီး ငါစိတ်တွေမကောင်းလွန်း လို့ပါ”ဟုဆို၍
    ဗိုလ်ချုပ်ထမင်းဝိုင်းကလေးကို ပြန်မြင်ယောင်ကာပြောပြနေရင်း မျက်ရည်ပင်ဝဲမိပါသည်။
    ဗိုလ်ချုပ်ပြောဖူးတဲ့စကားလေးတစ်ခွန်းကိုပြန်မျှဝေပေးလိုက်ပါဦးမယ်
    “နိုင်ငံအကျိုးကိုဆောင်ရွက်နေတဲ့သူတစ်ယောက်ဟာမွဲသထက်မွဲဖို့ပဲရှိတယ်၊
    ချမ်းသာသထက်ချမ်းသာလာရင်တော့ အဲ့ဒါ နိုင်ငံနဲ့ပြည်သူကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့အောက်တန်းကျစိတ်ဓာတ်ပိုင်ရှင် လူလိမ် အတ္တသမားတွေပဲ”
    ~~~~~~~~~~~

    အမှားကိုမြင်၍အမှန်ကိုပြင်နိုင်ကြပါစေ။
    ဘယ်ဟာက ရှက်စရာလဲ ဆိုတာ အမှန်ကို မြင်နိုင်ကြပါစေ။

  • nigimi77

    February 12, 2012 at 4:28 am

    ဦးအောင်ဆန်း များ သက်ရှိထင်ရှား ရှိနေဦးမယ် ဆိုရင်

    နိုင်ငံတော် လုပ်ကြံမှု ဆိုတာထက် ပိုဆိုးတဲ့

    သူ အလွန် စက်ဆုပ်တဲ့ ” ချီးမွန်းမြှောက်ပင့်ခြင်း” ဆိုတာနဲ ့တင်

    အကြိမ်ကြိမ် သေပြီးလောက်ပြီ ။

    ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

    ဒို ့ ဗိုလ်ချုပ်…မှသည်…..အဖ ဗိုလ်ချုပ် သို ့…..

    အန်တီ စု…..မှသည်…..အမေ စု သို ့…….

    အခွင့် အရေး လုပ် ပိုင်ခွင့်…မှသည်…အဘ သို ့……

    အကျင့်တွေ…..အကျင့်…….သောက်ကျင့်တွေ မပျောက်သေးသမျှ

    အဖေ…အမေ…..အဘ…တွေ…..တပ်ပြီး…….

    သားတို ့ အဖေ…သားတို ့ အမေ….သားတို ့ အဘ …တွေ

    မြင်နေရဦးမယ်…။

    ကျေးဇူးပြုပြီး…ဦးအောင်ဆန်း…..နဲ ့….ဒေါ်အောင်ဆန်းစုကြည်…ကိုတော့

    အဘ…လိုင်းကို မသွင်းကြနဲ ့….။

    တကယ်ကို ကျေးဇူးပြုပြီး……….။

  • blackchaw

    February 12, 2012 at 2:29 pm

    မိုက်ကယ်ဂျော်နီငပွ –
    ကိုအောင်ပုရေ။
    ကျွန်တော့်ပို့စ်မှာတော့ ဘယ်သူ့ကွန်းမန့်ကိုမှ
    အက်ဒစ်လုပ်လေ့မရှိတာ သေချာပါတယ်ဗျာ။ ခင်ဗျားပေးတဲ့ အတိတ်စိမ်းလေး
    ကျွန်တော် ခန့်မှန်းကြည့်မယ်ဗျာ။ ပြန်နားမထောင်ပဲရေးလိုက်တာ ဖြစ်တဲ့အတွက်
    စကားလုံးအနည်းအပါး လွဲရင် ခွင့်လွှတ်ဗျာ။
    ဆရာကြီး ဒေါက်တာ သန်းထွန်းကို
    ဘီဘီစီက အင်တာဗျူးလုပ်ပါတယ်ဗျာ။
    မြန်မာ့သမိုင်းမှာ ဆရာကြီး လေးစားတဲ့
    ဘုရင်၊ သံဃာ၊ လူ ကိုပြောပါဆိုတော့ ဒေါက်တာသန်းထွန်းက ဖြေပါတယ်တဲ့။
    ဘုရင်ထဲမှာ အလေးစားဆုံးက ဘိုးတော်ဘုရား။ သံဃာထဲမှာ အကြိုက်ဆုံးက ရှင်ဇနကာ ဘိဝံသ၊ လူတွေထဲမှာဘယ်ကောင်နဲ့ မှ နှိုင်းတုလို့ မရတဲ့လူ အောင်ဆန်း။ လို့ ဖြေပါတယ်တဲ့။
    စကားလုံးနည်းနည်းလွဲရင် ခွင့်လွှတ်ပါဗျာ။ ခင်ဗျား ကွန်းမန့်လေးအတွက်
    ကျေးဇူးတင်ပါတယ်ဗျာ။

  • blackchaw

    February 12, 2012 at 2:37 pm

    နီဂိမိ ရေ။
    အဘ လိုင်း သွင်းဖို့ အစီအစဉ်မရှိပါဘူးဗျာ။
    အခုပို့စ်က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ်ပြုချင်တာလေး
    တစ်ခုပါ။
    လွန်လွန်ကျူးကျူး ဘာကိုမှ တွန်းပို့ထားတာမပါပါဘူး။
    ဆရာမောင်သာချို ဟောပြောပွဲကလည်း နှစ်နှစ်လောက်ရှိနေပြီထင်ပါတယ်။
    ဆရာ မောင်သာချို အဓိက ရည်ရွယ်တာလေးက
    ပညာပြည့်ဝ နှလုံးလှသော် ဆိုတဲ့ စာသားလေးကို
    ပစ်မှတ်ထားတာပါ။ ပညာလည်းတတ်ရမယ်ပေါ့ဗျာ။ အဲဒီအပြင်
    နှလုံးသားလည်း လှဖို့ လိုတယ်ပေါ့။
    နှလုံးသားလှသူတွေအကြောင်းကို နမူနာလေးတွေပေးတဲ့အခါ
    ကိုအောင်ဆန်းကလည်း နမူနာလေး တစ်ခုအဖြစ် ပါလာတာပါ။
    သိတ်ပြီး အလွန်အကျူး ပြောဆိုထားတာလည်း ပါတယ် မထင်ပါဘူးဗျာ။
    ဒီဟောပြောပွဲလေးထဲမှာ ကြယ်ငါးလေးတွေ ကောက်တာလည်း ပါပါတယ်။
    ဘေလ်ဂိတ် ကြီး ရဲ့ လှူတာတန်းတာလေးတွေလည်းပါတယ်ဗျာ။
    ခင်ဗျား နားထောင်ကြည့်စေချင်ပါတယ်။
    ခင်ဗျားစိုးရိမ်တာကို ကျွန်တော်လည်း ကိုယ်ချင်းစာ နားလည်မိတယ်ဆိုတာလေး ပြောချင်တာပါ။

  • kai

    February 12, 2012 at 4:51 pm

    ဗိုလ်ချုပ်နဲ့ သူ့မိသားစု..(ဇနီးနဲ့သမီး) စိတ်ဓါတ်ကို အထူးပေါ်လွှင်စေတဲ့.. အဖြစ်လေးတခုကို စုရေးတင်ဖို့ကောင်းတယ်..။
    တခါတလေ..အင်တာနက်ထဲ.. ဟိုနားဒီနားတွေ့ဖူးတယ်..။

    ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတဲ့အဓိကသူ.. ဥင်္ီးစောမိသားစုနဲ့..ဗိုလ်ချုပ်ရဲ့ကျန်ရစ်မိသားစုတို့ ..အကြောင်းလေးတွေပါ…
    .. ဒေါ်ခင်ကြည်နဲ့..ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့.. (လူသားတယောက်အတွက်..အင်မတန်ဖြစ်နိုင်ခဲလှတဲ့..) .. .ခွင့်လွှတ်မှုကိုမြင်ရလိမ့်မယ်… 🙂

      • kai

        February 13, 2012 at 7:53 am

        ခုတလော.. အသက်ကြီးလာလို့ထင်တယ်.. မှတ်ညဏ်တွေလျှော့ကုန်ပြီ….
        အနိစ္စ၊ဒုက္ခ၊အနတ္တ.. 😆

  • bigbird

    February 12, 2012 at 10:01 pm

    လူကြီးတစ်ယောက်ပြောပြလို့ သိမှတ်ထားတာလေးတစ်ခုရှိပါတယ်။

    ဗိုလ်ချုပ်ငယ်စဉ်တုန်းက မိဘတွေက ဆန်ရောင်းတယ်လို့ဆိုပါတယ်။တစ်နေ့သောညအချိန်မှာလူတစ်ယောက်က ဆန်လာတောင်းဝယ်ပါတယ်။
    အဲ့ဒီတော့ ဒေါ်စု(ဗိုလ်ချုပ်မိခင်)က အချိန်မတော်မို့ ဈေးပိုပြောလိုက်တယ်လို့ဆိုပါတယ်။ ဒါကိုကြားသွား
    တဲ့ဗိုလ်ချုပ်အောင်ဆန်းက ဆန်လာဝယ်သူရဲ့အရှေ့မှာပဲ အမေရောင်းနေတာဒီလောက်ဈေးနဲ့မဟုတ်လား
    လို့ဝင်ပြောလိုက်တဲ့အတွက် မိခင်ဖြစ်သူမှာ ကသိကအောင့်ဖြစ်ခဲ့ဖူးတယ်လို့ဆိုပါတယ်။
    ဗိုလ်ချုပ်အောင်ဆန်းဟာ အမှန်တရားကို ငယ်စဉ်ကတည်းက မြတ်နိုးခဲ့တာလို့ လူကြီးတစ်ယောက်က ပြောပြဖူးပါတယ်။

  • Khin Latt

    February 12, 2012 at 10:22 pm

    ဖေဖော်ဝါရီ ၁၂ သည်
    ပြည်ထောင်စုနေ့ နှင့် ဂေဇက်ရွာ အလှူ ပွဲ
    ရဲ့ နမိတ် ပေါင်းစည်းခြင်း၊ ညီညွတ်ခြင်း၊ အပေးအယူမျှခြင်း၊ အချင်းချင်း နားလည်မှုရှိခြင်း၊
    မှသည်
    ကိုချော နဲ့ မချော ရဲ့ ၁၃နှစ် မြောက် မင်္ဂလာပွဲ
    သို့ ကူးဆက်၍ ယခုထက် ပိုမို နွေးထွေး သော၊ ပိုမို ခိုင်မြဲ သော တွဲလက် များ ဖြင့် မင်္ဂလာနှစ် ၁၀၀(လုံလောက်ပြီထင်ရဲ့ 😉 ) တိုင် စိတ်၏ ကျမ်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းဖြင့် အောင်မြင်မှုပေါင်း များစွာ အတူတစ်ကွ သရဖူ ဆောင်းနိုင် ကြစေသောဝ် ။ 🙂

    ခင်မင်စွာဖြင့် ဆုမွန်တောင်းလျှက်
    အစ်မလတ်

  • ဦးဦးပါလေရာ

    February 12, 2012 at 10:43 pm

    အခုမှ ရွာထဲရောက်တော့ ကွန်မင့်တော့ တော်တော်နောက်ကျနေပါပြီ။
    ကောင်းတာတခုက ဗိုလ်ချုပ်အကြောင်း တယောက်တမျိုးဝိုင်းရေးကြတာဖတ်ရတာ အားရလှပါတယ်။

    ဗိုလ်ချုပ်ရဲ့ ချီးကျူးစရာ အရည်အချင်းများစွာထဲမှာ ကျုပ်အကြိုက်ဆုံးကတော့ ရိုးသားပြီးစိတ်ကောင်းရှိတာ ပါပဲ။

    သူ့မတိုင်ခင်မှာ သူ့ခေတ်မှာ အရည်အချင်းရှိ၊ သတ္တိရှိ၊ မျိုးချစ်စိတ်ရှိသူခေါင်းဆောင်တွေ အများအပြား ပေါ်ထွက်ခဲ့ပါတယ်။

    နှမြောစရာက (ကျုပ်တို့နိုင်ငံအတွက်ကံမကောင်းတာက) သူ့လို ရိုးသားပြီးစိတ်ကောင်းရှိတဲ့ခေါင်းဆောင် တယောက်မှတောင်မရှိဘူးလို့ ထင်မိတယ်။ အဲဒီရှားရှားပါးပါးတယောက်ထဲက လုပ်ကြံခံလိုက်ရတယ်။

    အကျိုးဆက်က နိုင်ငံရေးအင်အားစုတွေ အစိတ်စိတ်အမွှာမွှာ အတောမသတ်နိုင်အောင်ကွဲတယ်။
    ပြည်တွင်းစစ်မီး တောက်လောင်တာ အခုထိမငြိမ်းဘူး။
    ဆင့်ပွားအကျိုးဆက်အနေနဲ့ တိုင်းပြည်ကို စစ်တပ်က နှစ်ငါးဆယ်အုပ်ချုပ်ခွင့်ရတယ်။

    အခု ဒေါ်အောင်ဆန်းစုကြည်ရှိလာပြီ
    သူမဟာ မှတ်ကျောက်လဲ အတင်ခံခဲ့ပြီးပြီ။
    ဆိုရိုးစကားတခုကြားဘူးတယ်
    အခွင့်အရေးဆိုတာ နှစ်ခါမလာဘူးတဲ့….
    အခုအလွန်ကံကောင်းလို့ ဒုတိယအကြိမ်လာခဲ့ပါပြီ
    ဒီတခါလွဲရင်တော့ သေချာတာက အခွင့်အရေးဆိုတာ သုံးခါတော့မလာနိုင်ဘူး……။

  • bigbird

    February 12, 2012 at 11:17 pm

    ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်

    ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော

    ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏ ။

    လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
    ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး ။

    ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
    ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ။ ညွတ်ကား မညွတ် ။

    ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
    သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏ ။

    သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ။
    နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့ ။

    သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
    ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
    မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
    ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
    ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း ။ ။

    Trans : General Aung San

    (အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)

  • bigbird

    February 13, 2012 at 12:08 am

    “အောင်ဆန်းစသော မျိုးချစ်သူရဲကောင်များသို့”

    သူသာရှိလျှင်…
    သူ၏နိုင်ငံ ၊ ကြမ္မာကံကို
    စီမံလိမ့်မည် ၊ ဖန်တီးမည်ဟု
    ပြည်သူတိုင်းက ၊ ယုံကြည်ကြ၏ ။

    သူသာရှိလျှင်…
    သူ၏ပြည်ဖွား ၊ ဆင်းရဲသားတို့
    ဝတ်စားနေမှု ၊ ကျန်းမာမှုနှင့်
    သိမှုတက်မှု ၊ ယဉ်ကျေးမှုကို
    ဂရုစိုက်မည် ၊ စောင့်ရှောက်မည်ဟု
    ပြည်သူတိုင်းက ၊ ယုံကြည်ကြ၏ ။

    သူသာရှိလျှင်…
    သူ၏ဉာဏ်စွမ်း ၊ ကိုယ်အစွမ်းသည်
    သူဝမ်းသူ့ခါး ၊ သူ့မယားနှင့်
    သူ့အတွက်ပေ ၊ မဟုတ်လေဘဲ
    သူနေထိုင်သည် ၊ သူတိုင်းပြည်တွက်
    သူ့ပြည်နေရာ ၊ သူ့ကမာ္ဘတွက်
    မေတ္တာဓါတ်ခံ ၊ အပင်သန်လျက်
    အားမာန်ထုတ်မည် ၊ ဦးဆောင်မည်ဟု
    ပြည်သူတိုင်းက ၊ ယုံကြည်ကြ၏ ။

    သူသာရှိလျှင်…
    သူ၏ပြည်အား ၊ ကျူးစော်ကားက
    အသားအသွေး ၊ သက်စတေးလျက်
    ပြည်ရေးဆောင်မည် ၊ ကာကွယ်မည်ဟု
    ပြည်သူတိုင်းက ၊ ယုံကြည်ကြ၏ ။

    သူသာလျှင်…
    သူ၏ပြည်တွင်း ၊ တသွေးချင်း
    စစ်ခင်သည့်ပွဲ ၊ ပြီးပြတ်စဲဖို့
    လက်တွဲလက်ချိတ် ၊ ညီနောင်စိတ်ဖြင့်
    ပွဲတိတ်စေမည် ၊ ဖြေရှင်းမည်ဟု
    ပြည်သူတိုင်းက ယုံကြည်ကြ၏ ။

    အရုဏ်တက်တွင် ၊ တိုက်ပွဲဝင်ခိုက်
    သူလျှင်ကျဆုံး ၊ တစ်ပြည်လုံးက
    ယူကျုံးမရ ဖြစ်ခဲ့ရလည်း
    သူက ရှေ့ဆောင် ၊ မီးတန်ဆောင်သည်
    ထွန်းပြောင်နေဘိ ၊ လင်းတုန်းရှိ၍
    သူ၏ကိုယ်စား ၊ သူ့စိတ်ထားက
    ညွန်ကြားလိမ့်မည် ၊ ခေါင်းဆောင်မည်ဟု
    ပြည်သူတိုင်းက ၊ ယုံကြည်ကြ၏ ။

    -တင်မိုး

  • blackchaw

    February 13, 2012 at 8:37 am

    maungmoenyo –
    ဆရာရေ။
    ကွန်းမန့်လေး ချီးမြှင့်ပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

    ကိုငှက်ကြီး ရေ။
    ဗိုလ်ချုပ်အောင်ဆန်းဟာ အမှန်တရားကို ငယ်စဉ်ကတည်းက မြတ်နိုးခဲ့တယ်ဆိုတာလေး
    ပြန်ပြောပြပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။

    အစ်မလတ်ရေ။
    ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ခင်ဗျာ။

    antimoe –
    ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။

  • blackchaw

    February 13, 2012 at 8:49 am

    သူကြီးရေ။
    အစ်မလတ် ညွှန်းတဲ့ ကိုစည်သူအောင် ပို့စ်
    လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ… (ဂဠုန်ဦးစောမိသားစု၏ ဘဝဖြတ်သန်းမှု)
    ဆိုတဲ့ ပို့စ်လေး ရှိနေပြီးပါပြီ ခင်ဗျာ။
    ဆဲဗင်းဒေးမှာပါခဲ့တဲ့ ဆရာမ ငြိမ်းငြိမ်းနိုင် ရဲ့ ပို့စ်လေး ကို ပြန်ဖေါ်ပြထားတာပါတဲ့ ခင်ဗျာ။
    အခုပြန်ဖတ်ကြည့်တော့ တော်တော် ကောင်းတဲ့ ပို့စ်လေးပါခင်ဗျာ။

    ကိုပါလေရာရေ။
    ဒီတစ်ခါတော့ မလွဲလောက်တော့ပါဘူးခင်ဗျာ။
    ဒါပေမယ့် အလွယ်တကူတော့ ဘာကိုမှ မရနိုင်ဘူးဆိုတာလေး
    သတိရှိစေချင်ပါတယ်ဗျာ။

  • ကြောင်ကြီး

    February 13, 2012 at 10:29 am

    ဗိုလ်ချုပ်(အောင်ဆန်း)ကိုချစ်တယ်
    သူ့သမီးကိုလည်းချစ်တယ်… 🙂
    သဂျီးကိုချစ်တယ်
    သူ့သမီးကိုလည်း… 😳
    ချစ်တာမေတ္တာပဓာနမို့
    အရေးကြီးဆုံးကချစ်ဖို့ကွယ်
    ချစ်မယ် ချစ်မယ်…။ :mrgreen:

  • Rose Minn

    February 13, 2012 at 11:00 am

    -ဗိုလ်ချုပ်ကို ချစ်တာ က rose ငယ်ငယ်ကတည်းက ပါ။ အဖွား က ဓါတ်ပုံတွေမြင်တိုင်း အမြဲပြောပြပါတယ် ကျေးဇူးရှင် ကျေးဇူးရှင်လို့ မှတ်ထားနော်တဲ့။ rose ရဲ့အဖိုးအသက်ကို ဗိုလ်ချုပ်မကယ်ခဲ့ရင် rose တို့မြေးတွေ တောင်ရှိမှာမဟုတ်ဘူးတဲ့ ခဏခဏပြောပါတယ်။ အခုဆို ပိုလို့တောင်ပြောဖြစ်နေပါတယ်။ နေရာတိုင်းမှာ ဗိုလ်ချုပ်ပုံတွေ ရှိနေတာမှတ်လား။ အဖိုးတို့တော်လှန်ရေး အကြောင်းပြောရင်ဗိုလ်ချုပ်က မပါမဖြစ်ပြောပါတယ်။

    -အိမ်မှာ လဲတီဗွီကြည့်လို့ အမေစုပုံတွေ့ရင်လေးနှစ်သမီး တူမက အစ”ဒေါ်စု ဒေါ်စု ဒေါ်စုပုံ လာကြည့်ကြဟေ့ “လို့ သူကအော်ခေါ် တက်ပါတယ်။

    rose စဉ်းစာတာက တော့ နောင်လာနောက်သားတွေ ဗိုလ်ချုပ်ကို မမေ့ကြဖို့။ အဖွားတာဝန်ကျေခဲ့သလို rose တို့လဲ ဆက်ထမ်းနေရအုံး မှာပါ……..။

  • မောင်ဘလိူင်

    February 13, 2012 at 11:25 am

    ဗိုလ်ချုပ်ကို ဘာလို့ချစ်ကြတာလဲ ဆိုတော့ ကျွန်တော့်
    အထင် သူရဲ့ ပကတိစစ်မှန်တဲ့ ရိုးသားမှုကြောင့်လို့ထင်တာပဲ။
    သူနဲ့တော့ အပေါင်းအသင်း မဖြစ်ချင်ဘူး။ ကျွန်တော့်လို့ ခပ်
    ပေါ့ပေါ့ စိတ်ဓာတ်နဲ့ သူ့လိုလူကို နားလည် ခွင့်လွှတ်ပြီး
    ပါရမီဖြည့်နိုင်ဖို့ တော်တော်ခက်မယ် ထင်မိတယ်။

    (ဒေါက်တာ ဘဟန်၊ ဒေါက်တာ ဘမော်တို့နှင့်
    ဘာမျှမသက်ဆိုင်သော ဘလှိုင်) 🙂

  • blackchaw

    February 13, 2012 at 5:18 pm

    ကြောင်ကြီး။
    ချစ်တာ အပြစ် မရှိဘူး ချစ်သာချစ်။

    Rose Minn –
    ကဲ သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပေတော့
    ရို့စ်မင်းရေ။

    မောင်ဘလှိုင် –
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုဘလှိုင်ရေ။

  • alinsett

    February 14, 2012 at 6:04 pm

    ကျွန်တော်ကတော့ ဦးအောင်ဆန်း…ကို..လုပ်စရာရှိတာတွေကို..တည်ငြိမ်စွာ.. ဆောင်ရွက်တတ်လို ့ချစ်တယ် ။
    ကျွန်တော် ချစ်တဲ ့အရာတွေ ထဲမှာ…ဗိုလ်ချုပ်အောင်ဆန်း ပါတယ် ။

Leave a Reply