ဦးနေဝင်း၏ ဇနီးဟောင်းတယောက်အကြောင်း တစေ့တစောင်း

True FaithJune 4, 20102min22111

ရတနာ နတ်မယ်

မကြာသေးခင်က ထွက်တဲ့ ဩစတြေးလျ အရှေ့ပိုင်း Griffith University ရဲ့ Review journal အမှတ်စဉ် 27 မှာ ရေးထားတဲ့ Between Two Worlds ဆိုတဲ့ စာတပုဒ်ကို ဆရာမ ဒေါ်ကြည်မေကောင်း ဘလော့မှာပေးတဲ့ လင့်တွေက တဆင့် ဖတ်လိုက်မိတယ်။

အဲဒီ ဂျာနယ်လေးက တခါထုတ်ရင် ခေါင်းစဉ် Theme တခု အောက်မှာ ဝိုင်းရေး ကြတာမျိုးလေးပါ။ အဲဒီ အမှတ်စဉ် ၂ရ ကလည်း food အစားအစာ အကြောင်းပါ။ တော်ရုံဆိုလည်း အဲဒီ ခေါင်းစဉ် အောက်မှာ ကိုယ်တို့လို လူတွေ အတွက် ဒီလောက် စိတ်ဝင်စားစရာ ကောင်းမယ့် စာမျိုး ပါလာမယ်လို့  ထင်စရာ အကြောင်း သိပ်မရှိဘူးလေ။ တွေ့မယ့် တွေ့လိုက်တော့ ဗမာလူမျိုးတွေ အတော် စိတ်ဝင်စားတဲ့ အမျိုးသမီး တယောက် အကြောင်း ဖြစ်နေတယ်။

မင်းဆွေ မင်းမျိုး ကုန်းဘောင်ဆက်လည်းဖြစ်၊ ပုံပြင် ဆန်ဆန် လျှို့ဝှက် သည်းဖို ဆန်ဆန်၊ နားစွန် နားဖျား ကြားခဲ့ရဖူးတဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းကြီးရဲ့ ဇနီးဟောင်း တယောက်လည်း ဖြစ်ခဲ့ဖူးတဲ့ ရတနာနတ်မယ်ရဲ့ တပိုင်း တစ ပုံရိပ် တချို့ကို သူမရဲ့ အီတာလျံ တက်စကန်နီတောစာ ပုံစံ ကျွေးမွေး တည်ခင်းတဲ့ နေ့လည်စာ ဝိုင်းလေး တခုမှာ  နောက်ခံထားပြီး ရေးထားတာပါ။

ပန်းချီလေလား ဓာတ်ပုံလား။

(Griffith Review ဂျာနယ် ဆောင်းပါးကို

http://www.griffithreview.com/current-edition/240-reportage/821.html

တွင် ဖတ်နိုင်သည်။)

အဲဒီ စာလေးကို စိတ်ဝင်တစား ဖတ်ရင်း တချို့ အချက်လေးတွေကို ရွေးပြီး ဝေမျှချင်စိတ် ဖြစ်လာ မိတယ်။ ဝေမျှချင်တယ် ဆိုတာလည်း ဘာ အကျိုးပြု၊ ဘာဝါဒ ဖြန့်မှ မဟုတ်ဘူး ဆိုတာ ရှင်းပါတယ်။ လူ့သဘာဝ ဒီလို အကြောင်းလေးတွေကို သိချင် စိတ်ဝင်စားတာ မဆန်းလို့မို့ ဗမာပြည်က စာအုပ်တွေမှာ မောင်သန်းဆွေ (ထားဝယ်) ရေးတဲ့ မင်းဆွေ မင်းမျိုးတွေ အကြောင်း စိတ်ဝင်တစား လိုက်ဖတ်ရသလိုမျိုးပဲ ဆိုပါတော့လေ။

ဒီ ဆောင်းပါး အရတော့ ဆောင်းပါးရှင် ကိုယ်တိုင်က ရောမကနေ တဆင့် အီတလီရဲ့ နာမည်ကျော်  Tuscany ပြည်နယ် မြို့တော် ဖြစ်တဲ့ Florence မှာ နေထိုင်တဲ့  Ms June Rose Bellamy ခေါ် ရတနာနတ်မယ် ရဲ့ Associazione Culturale Arte e Gastronomia Orientale လို့ ဆိုင်းဘုတ် ချိတ်ဆွဲထားတဲ့ အိမ်လေးကို အလည်အပတ် ရောက်သွားပုံနဲ့ စ ထားပါတယ်။ သူ့ ဆောင်းပါးလေးက အီတာလျံ အစားအသောက် အကြောင်းလေးတွေ သူမ ချက်ပုံ ပြုတ်ပုံလေးတွေ တပိုဒ်၊ သူမရဲ့ နောက်ခံ ဇာတ်ကြောင်းလေးတွေ တပိုဒ်နဲ့ တကယ့် ပြဇာတ်ဆန်ဆန်လေး ရေးထားတာပါ။ အဲဒီ အထဲမှာမှ သူမ ကိုယ်တိုင် ဖွင့်ဟ ပြောပြတဲ့ တချို့ စကားလေးတွေဟာ တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။

တကယ်တော့ ဗမာ့သမိုင်းမှာ ခေတ်မီသူ၊ ပြုပြင်ပြောင်းလဲလိုသူလို့ လူသိများ ထင်ရှားတဲ့ ကနောင်မင်းသားကြီးရဲ့ မြစ်တော် တယောက် အနေနဲ့တင် သူမဘဝက စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါပြီ။ အင်ဂလို ကပြား ဖြစ်တာ၊ ချောတာ လှတာ ခေတ်ဆန်တာ နောက်ဆုံး ဗမာပြည်က နာမယ်ကျော် အာဏာရှင်ကြီးနဲ့ လက်ထပ် လိုက်တာ ဆိုတဲ့ အချက်တွေ ကတော့ ထပ်ဆင့် ပိုကဲပြီး ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်သွားရတော့တာပါပဲ။

သူတို့ မိသားစုရဲ့ အရွယ် အပိုင်းအခြား ပုံရိပ်တွေကို တွက်ချက် ခန့်မှန်းကြည့်တော့ သူမရဲ့ မိခင် လင်းပင် မင်းသားကြီးရဲ့ သမီးတော် ထိပ်တင် မလတ်က အသက် ၃၄ နှစ်မှာ သူမထက် ၁၆ နှစ် ကြီးတဲ့ ဩစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နဲ့ လက်ထပ်တယ်။ လေးနှစ်ကြာမှ သူမကို မွေးတယ်။ သူမ ကိုယ်တိုင်ကတော့ အသက် ၂၂ နှစ်မှာ ပထမ အိမ်ထောင် ဖြစ်တဲ့ အီတာလျံ လူမျိုး၊ WHO က ဗမာပြည်မှာ တာဝန်ကျတဲ့ ဆရာဝန်တယောက်နဲ့ လက်ထပ်တယ်၊ သားလေး ၂ယောက် ရတယ် စသဖြင့် အရွယ်တွေ အရိပ်တွေကို အရင် ပုံဖော်ကြည့်မိတယ်။

သူမရဲ့ အပြုံး
သူမရဲ့ အပြုံး

ဧည့်သည်အတွက် ချက်ပြုတ်၊ စကားလက်ဆုံကြရင်း နံရံမှာ ချိတ်ဆွဲထားတဲ့ နန်းဆန်ဆန် ဝတ်စုံတွေနဲ့ အဘိုးအဘွား မိသားစုပုံတွေကနေ သူမရဲ့ နောက်ခံ ဘဝတွေ၊ သူမ အဖေအကြောင်းတွေကို စိတ်ပါ လက်ပါ ပြောပြနေတဲ့ ရတနာနတ်မယ်ဟာ သူမ အတွက် အိမ်မက်ဆိုး ဖြစ်ခဲ့တဲ့ ဦးနေဝင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုတော့ သိပ်အများကြီး ပြောချင်ပုံ မရဘူးလို့ ဆိုထားတယ်။

အဲဒီ အချက်တွေထဲမှာမှ သူမ ရဲ့ အမေထိပ်တင်မလတ်ဟာ ဖခင် ဖြစ်သူ လင်းပင် မင်းသားကြီး ပြည်ပြေးဘဝနဲ့ အိန္ဒိယမှာ နေထိုင်ခဲ့ကြတဲ့အခိုက် အထက်တန်းလွှာ အသိုင်းအဝိုင်းနဲ့ ဝင်ဆံ့ခဲ့ပြီး  (အရှေ့တိုင်း တိဗက် တောင်တန်း နိုင်ငံ တခုဆီက) အိမ်ရှေ့ မင်းသားတပါးနဲ့ စေ့စပ် ကြောင်းလမ်းတဲ့ အထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ လက်ထပ်ပွဲ မတိုင်ခင် ရက်အနည်းငယ် အလိုလေးမှာ မင်းသား အဆိပ်ခတ် ခံခဲ့ရလို့ လွဲခဲ့ရတဲ့ အကြောင်းလေးကလည်း လွမ်း သလိုလို ဆန်း သလိုလို။

ဖတ်နေရင်း မျက်လုံး ကျယ်သွားပြန်တာက သူမရဲ့အဖေ ငယ်စဉ်က ကြီးပွားရာ ကြီးပွားကြောင်း ဩစတြေးလျတိုက်တကြော ခြေဆန့်ရင်း Kalgoorlie ရွှေတောအထိ ရောက်ခဲ့ ငွေရှာခဲ့တယ် ဆိုတဲ့ စာကြောင်းလေးပါ ။

( စကားချပ် —- Kalgoorlie ဆိုတာ မြို့တော်နဲ့ အတော်လှမ်းတဲ့  လက်ရှိ ကိုယ်နေထိုင်နေတဲ့ ရွှေတွင်း မြို့ကလေးတခုမို့ပါ။ လွန်ခဲ့တဲ့နှစ် ၁ဝဝ ကျော်လောက်က ရွှေကြောကြီးတွေ အကြီးအကျယ် ပေါ်လို့ တကမ္ဘာလုံးက လူတွေ ရွှေလာရှာခဲ့တဲ့ နေရာ တခု ဖြစ်ခဲ့ဖူးတယ်။ အခုလည်း ကမ္ဘာ့တောင်ခြမ်းမှာ အကြီးဆုံး ရွှေတွင်းကြီး ရှိနေလေရဲ့)

အဲဒီမှာ မစ္စတာ ဘယ်လာမီ တယောက် အသက်ကြီးမှ ရတဲ့ သမီးလေးကို သူ ငယ်ငယ်က ကြီးပြင်းခဲ့တဲ့ ဩစတြေးလျ တိုက်ကြီးရဲ့ ရေမြေ သဘာဝတွေအကြောင်း ကာဂူးလီ ဆိုတဲ့ ရွှေတွင်းမြို့လေးက ထူးဆန်းလှတဲ့ အဖြူရောင် ကတ္တဝါကြီးတွေ အကြောင်း၊ မြန်မာပြည်က ကြက်တူရွေး အစိမ်းလေးတွေနဲ့ ယှဉ်ပြီး ပြောပြနေတဲ့ ပုံကိုလည်း မြင်ယောင် ကြည့်မိတယ်။

နောက်တော့ ဒုတိယ ကမ္ဘာစစ်ဖြစ် ဂျပန် ဝင်လာတဲ့အခါ သူတို့မိသားစု အိန္ဒိယကို စစ်ပြေးတဲ့ အကြောင်းတွေ သာသနာပြုကျောင်း ဆရာမတွေက သွေးနှော ကလေးမလေးကို နှိမ်ပုံ၊ အရက်ခွဲ ပုံတွေ၊ ပြန်ရွဲ့လို့  ကျောင်းက အထုတ်ခံရပုံတွေ။ ဂျပန်တွေ ပြန်ထွက်သွားတော့ ၁၄ နှစ် သမီး မှာ မိသားစုလိုက် ဗမာပြည် ပြန်လာကြပြီး မေမြို့မှာ အခြေချ နေထိုင်တာတွေ စတဲ့ အကြောင်းတွေကို တခြား စာအုပ်တွေထဲက အချက်အလက်တွေနဲ့ အစီစဉ်တကျ တွဲစပ်ပြီး တင်ပြထားပုံက စာရေးသူဟာ June Rose တည်ခင်းတဲ့ အထူး စပါယ်ရှယ် ယုန်သဲချေ အစာသွပ်ဟင်းထက်  သူမ အကြောင်းတွေကိုသာ စိတ်ဝင်စားနေခဲ့လို့သာပေါ့။

သူမရဲ့ ယောက်ျားဆန်ပုံ သွက်လက်ချက်ခြာပုံ အကြောင်း မိသားစုပိုင် ကားစုတ်ကလေးကို ကိုယ်တိုင် အင်ဂျင်နှိုးပုံကို မြင်ခဲ့ရတဲ့ မိသားစု မိတ်ဆွေ တယောက်ရဲ့ မှတ်တမ်း အပိုင်းအစလေး ကိုလည်း ထည့်ရေးထားသေးတယ်။ နောက်တခါ ဗမာပြည်မှာ စစ်ပြီးခေတ်က ဟိုးလေး တကြော် စိတ်ဝင်စားခဲ့ကြတဲ့ Purple Plain ရုပ်ရှင်မှာ ဟောလိဝုဒ် မင်းသား ဂရေဂရီပတ်နဲ့ တွဲဖက် သရုပ်ဆောင်ဖို့ ဦးစွာ သဘောတူခဲ့သူ ဖြစ်ကြောင်းလည်း သိလိုက်ရတယ်။ အဲဒီ မှာ ဗမာ့ ယဉ်ကျေးမှုနဲ့ မလျော်တဲ့ ထုတ်လုပ်သူဘက်က တောင်းဆိုချက်တွေကြောင့် သူမဘက်က ဖျက်သိမ်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီ နောက်မှသာ ဝင်းမင်းသန်းနဲ့ သဘောတူပြီး ရုပ်ရှင်ကို ဆက်လက် ရိုက်ကူးခဲ့တာ ဖြစ်ပါလိမ့်မယ်။

နောက်တော့ အီတာလျံ လူမျိုး WHO ဝန်ထမ်း ဆရာဝန်နဲ့ အိမ်ထောင်ကျရင်း လွတ်လပ်ရေး ရခါစ မြန်မာ့ နိုင်ငံရေး မငြိမ်မသက် လှိုင်းတွေကြား ကွန်မြူနစ်တွေက သူ့ အမျိုးသားကို ပြန်ပေး ဆွဲသွားပုံကိုလည်း ပြန်ပြောင်း ပြောပြထားသေးတယ်။ ပြန်ပေးသမား ကွန်မြူနစ်တွေဟာ ခေတ်ပညာတက် ကျောင်းသားဟောင်းတွေ ဖြစ်တာ၊ သူတို့ မိသားစုကို ကောင်းကောင်း မွန်မွန် ရှင်းပြ ဆက်ဆံခဲ့တာ၊ နောက်တော့ သူ့ အမျိုးသား ပြန်လွတ်လာတဲ့နောက် မြန်မာ အစိုးရကလည်း သူတို့ကို နိုင်ငံက ခွာဖို့ အကြံပေးတာကြောင့် သူ့အမျိုးသား တာဝန်ကျရာ နိုင်ငံရပ်ခြားတွေမှာ လိုက်ပါ နေထိုင်ရင်း အီတလီမှာ အခြေချခဲ့ကြတယ်။

ဦးနေဝင်းနဲ့ ဇာတ်လမ်း စခဲ့ပုံကိုတော့ ခပ်ပါးပါးလေးပဲ ပြောပြထားတယ်။ သူ့ အမျိုးသားနဲ့ ကွာရှင်း ပြတ်စဲလိုက်ပြီး သားလေး ၂ ယောက် နဲ့ အတူ အီတလီမှာပဲ နေထိုင်နေတဲ့ တလျှောက် ၁၉၆၂ ခုနှစ် နောက်ပိုင်း ဦးနေဝင်း လက်ထက်မှာ မြန်မာပြည်ဟာ အထီးကျန် ဆန်လာတာ ဆင်းရဲလာတာ တွေကို မျက်ခြေမပြတ် သိမြင်နေခဲ့ပြီး သူ့ဖခင် မေမြို့မှာ ဆုံးတော့လည်း ခဏတဖြုတ် ပြန်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်တခေါက် သူ့ မိခင် နာမကျန်း ဖြစ်တဲ့ အချိန်မှာတော့ မြန်မာသံရုံးက ဗီဇာ ထုတ်မပေးတော့ဘူး။ အဲဒီမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဦးနေဝင်းရဲ့ဇနီး ကစ်တီ ဘသန်းနဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်း တကြော ရင်းနှီးခဲ့ဖူးတဲ့ အလျောက် ဦးနေဝင်းဆီကို သံကြိုးရိုက် အကူအညီ တောင်းရာကနေ အဆက်အသွယ် ရခဲ့ပြီး သိပ်မကြာခင် ၁၉၇၆ မှာ လက်ထပ်လိုက်ကြတယ်။ အဲဒီ လက်ထပ်ပွဲက ခပ်ရိုးရိုးသာ ဖြစ်ခဲ့ကြောင်းကိုလည်း ‘It was not one of those lavish things’ လို့ သူမက ဆိုတယ်။

၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့) ထုတ် ကြေးမုံသတင်းစာ မျက်နှာဖုံးတွင် ဖော်ပြခဲ့သည့် မင်္ဂလာဆောင်သတင်း
၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့) ထုတ် ကြေးမုံသတင်းစာ မျက်နှာဖုံးတွင် ဖော်ပြခဲ့သည့် မင်္ဂလာဆောင်သတင်း
ဦးနေဝင်းက ဘာကြောင့် ရတနာ နတ်မယ်ကို လက်ထပ်ခဲ့သလဲ၊ ရတနာနတ်မယ်လို့ အသိများတဲ့ June Rose ကလည်း ဘာကြောင့် ဦးနေဝင်း ရဲ့ လက်ထပ်ခွင့်ကို လွယ်လွယ် ကူကူလက်ခံခဲ့သလဲ ဆိုတာ ကာယကံရှင်များသာ အကြောင်းမှန်ကို သိနိုင်မယ် ဖြစ်ပေမယ့် ဒီဆောင်းပါးလေးထဲက သူမရဲ့ စကား တချို့ကတော့ စိတ်ဝင်စားစရာ ကောင်းနေခဲ့တာ အမှန်ပါပဲ။

ဘယ်သူ့ကိုမှ တိုင်တည်ခြင်း မရှိတဲ့ မေးခွန်း ဆန်ဆန် အဖြေ မပါတဲ့ စကားတချို့က ရည်မှန်းထားတာတွေကို ကျမ ဆောင်ရွက်နိုင်ခဲ့သလား၊ တခုုခု ပြီးမြောက်ခဲ့သလား  တဲ့။

အဲဒီအကြောင်းတွေ ရောက်လာတဲ့ အခါမှာတော့ စိတ်လှုပ်ရှားနေဟန် ရှိတဲ့ June Rose ဟာ နေ့လယ်စာ တည်ခင်းခဲ့တဲ့ ပန်းကန်တွေကို ပန်းကန်ဆေးကန်ထဲ အသံ မြည်အောင် ထည့်လိုက်တယ်။ ဝိုင် အစား ဘီယာတလုံးကို ဆွဲယူလိုက်ရင်း “ဗမာလူမျိုးတွေ ပါးစပ်ဖျားမှာ ချိုချဉ် တခုလို တမြုံ့မြုံ့နဲ့ ပြောကောင်းနေခဲ့မယ့် သူ့ ဇာတ်လမ်း” ကို ရယ်သွမ်းသွေးလိုက်သေးတယ်။

လူတိုင်းလို ကြားဖူးခဲ့တဲ့ အနောက်နိုင်ငံရဲ့ စပိုင်လုပ်လို့ ဦးနေဝင်းက မောင်းထုတ်ခဲ့တယ် ဆိုတဲ့ ကောလာဟလကို မေးတော့ သူမက ရယ်နေခဲ့တယ်။ ဒါပေမဲ့ သူမကို ဦးနေဝင်းက ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်ခဲ့တယ် ဆိုတဲ့ မနှစ်မြို့စရာ ဖြစ်ရပ်ကိုတော့ သူမက နာနာကျင်ကျင် ဝန်ခံပါတယ်။

နောက်တနေ့ ချက်ခြင်းပဲ သူမဟာ စင်းလုံးလေယာဉ် တစင်း နဲ့ မြန်မာပြည်က ထွက်ခွာလာနိုင်ခဲ့တယ်။ လက်ထပ်အပြီး ၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်းမှာပဲ လျင်လျင် မြန်မြန် ဖြစ်ပျက်သွားခဲ့တဲ့ အဲဒီ အကြောင်းတွေကို သူမက Sin of Pride လို့ ဆိုခဲ့ပြီး သူမကို မျှော်လင့်ခဲ့တဲ့ လူတွေအတွက် ဘာမှ မဆောင်ရွက်နိုင်ဘဲ အရှုံးနဲ့ သက်သက် ထွက်ခွာခဲ့ရတာ ဖြစ်တယ်လို့ ပြန်ပြောင်း ဖွင့်ဟခဲ့တယ်။

၅ လတာ ကြုံဆုံ ခဲ့ရတဲ့ ဦးနေဝင်းကိုတော့ တကယ့် ဉာဏ်နီ ဉာဏ်နက်နဲ့ အရာရာကို ကြိုးကိုင် ခြယ်လှယ်နိုင်သူကြီး တယောက် လို့သာ မှတ်ချက် ပြုထားတယ်။

“ဦးနေဝင်း နဲ့ ရက် ၁ဝဝ” ဆိုတဲ့ စာအုပ်ဟာ အဲဒီခေတ် သံတမန် လောကမှာ တီးတိုး ရေပန်းစားခဲ့ပေမယ့် အဲဒီ နေ့လယ်မှာတော့ မိဘ ဘိုးဘွားတွေနဲ့ ကြီးပြင်းခဲ့တဲ့ အကြောင်းတွေက လွဲရင် အာဏာရှင်ကြီးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ရေးဖို့ စိတ်ကူး မရှိပါဘူးလို့ သူမက ငြင်းဆို ခဲ့တယ်။

အီတလီမှာ အချက်အပြုတ် သင်တန်းကျောင်း ဖွင့်ထားတဲ့ ရတနာနတ်မယ် (သို့မဟုတ်) June Rose Bellamy(ဓာတ်ပုံ – http://www.studiojunebellamy.it/about.html)

လတ်တလောမှာ အီတာလျံနဲ့ အရှေ့တိုင်း အစားအစာ အချက်အပြုတ် သင်တန်းကျောင်းကို ဖွင့်လှစ် ထားပြီး မကြာသေးခင် နှစ်တွေကတော့ သူမရဲ့ အသက်အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေးနဲ့အတူ မြန်မာပြည်ကို ပြန် အလည် ရောက်ခဲ့သေးတယ်လို့ ဆိုတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေနဲ့ လူမူရေးလုပ်ငန်း တချို့ တွဲဖက် လုပ်ကိုင်နေသလို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းမှာလည်း ပါဝင် ဆောင်ရွက်နေတဲ့ အကြောင်း သူမရဲ့ ဧည့်ခန်းမှာ  တခမ်းတနား ချိတ်ဆွဲထားတဲ့ အဖြူ အမည်း မိသားစုပုံတွေရဲ့ ဘေးက မြန်မာပြည်ကျေးရွာ တခုက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတခုရဲ့ ရောင်စုံ ဓာတ်ပုံနဲ့ ဆက်စပ် ကြည့်ရင်း တချိန်က ရတနာနတ်မယ် ဆိုတဲ့ ကနောင်မင်းရဲ့ မြစ်တော် အသက် ၇ရ နှစ် အရွယ် အမျိုးသမီးကြီး အကြောင်း တွေးနေမိပါတယ်…..။

(http://kthwe.blogspot.com/ မှ ကူးယူ ဝေမျှခြင်း ဖြစ်ပါသည်။ )

11 comments

  • yannaingech

    June 4, 2010 at 9:00 am

    ပုံပြင်တွေထက်ပိုလွမ်းမောစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ကနောင်မင်းသားကြီးရဲ့ မြေးတော်တစ်ယောက်ဖြစ်တယ်ဆိုတဲ့အချက်ကြောင့် စူးစူးနင့်နင့် ခံစားရပါတယ်။

  • wunnakoko

    June 4, 2010 at 9:50 am

    မြန်မာမင်းဆွေမင်းမျိုးတစ်ယောက် အကြောင်းကို ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။
    သမိုင်းတစ်ခုရဲ့ တစိတ်တပိုင်းကို ဖတ်ရသလိုပါဘဲ။

  • zayarsan

    June 4, 2010 at 9:55 am

    thanks a lot…to
    author and zamte…..
    this is the great historical story.

  • naykhanaing

    June 4, 2010 at 2:01 pm

    အခုလိုကျွန်တော်တို့မြန်မာတွေအနေနဲ့မသိသေးတာတွေကိုသိခွင့်ရအောင်ရေးတင်ပေးတဲ့အတွက် Thank you ပါခင်ဗျာ..

  • tunkhann

    June 5, 2010 at 5:58 pm

    ကျနော်ဒီစာတိုလေးကိုဖတ်ရလို့ ဝမ်းသာပါတယ် ဒါပေမယ့် ကျေးဇူးပြုပြီး မြန်မာဘာသာကို ဆက်၍ပြန်ပေးပါရန် တောင်းဆိုအပ်ပါတယ်
    http://www.griffithreview.com/current-edition/240-reportage/821.html ကိုသွားကြည့်ပါတယ် စိတ်မကောင်းစရာပါပဲဗျာ
    ကျနော်မဖတ်တတ်ဘူး

  • htethtet

    June 5, 2010 at 7:44 pm

    ကျွှန်တော်လဲ မြန်မာဘာသာပြန်ထားတာလေးကို ဖတ်ချင်ပါတယ် ကျေးဇူးပြုပီး ဘာသာပြန်ပေးပါ

  • zamte

    June 7, 2010 at 6:28 am

    ဒီပို့စ်ရဲ့ မူရင်းဆောင်းပါးကို ဘာသာပြန်ဖို့ အခု ကြိုးစားနေပါတယ်။ မြန်မာ့နျူကလီးယား စီမံကိန်းအကြောင်းကို ဘာသာပြန်လက်စဖြစ်နေလို့ ရတနာနတ်မယ်ရဲ့ ဆောင်းပါးကို မကိုင်ဖြစ်တာပါ။ မကြာခင်မှာ မိတ်ဆွေများ ဖတ်ရှုနိုင်အောင် တင်ပြပေးပါမယ် ခင်ဗျာ။

  • သတင်းလူသား

    June 14, 2010 at 5:49 pm

    ရှားပါးပြီး အများစုသိနိုင်ခဲတဲ့အကြောင်းအရာပါ။ အထက်ကပြောသလိုပါပဲ သမိုင်းတစ်ခုပါ။ ခုလိုတင်ပြပေးတဲ့အတွက် ကျေးဇူးပါဗျာ…

  • yy

    June 22, 2010 at 8:12 am

    အရမ်းစိတ်ဝင်းစားစရာကောင်းပါတယ်
    ဒီလို သမိုင်းလေးကိုဖေါ်ပြပေးတာကျေးဇူးတင်ပါတယ်

  • flyer

    June 29, 2010 at 8:51 am

    စာအုတ်ထုတ်သင့်တယ်…လို့ထင်တယ်……….ဒါမှအားလုံးသိရတာပေါ့နော်

  • myomaung

    June 29, 2010 at 9:19 am

    ကျေးဇူးတင်ပါတယ် အခုလိုဖော်ပြပေးတော့လည်းဗဟုသုတရပါတယ်

Leave a Reply