မျိုးချစ်စာဆိုတော် အချုပ်တန်းဆရာဖေ (၁၂ဝဝ-၁၂၅၆)

True FaithJune 4, 20102min1872
အချုပ်တန်း ဆရာဖေ (၁၂၀ဝ - ၁၂၅၆)
အချုပ်တန်း ဆရာဖေ (၁၂၀ဝ - ၁၂၅၆)
(ပန်းချီ-ဦးရဲသောင်း သရုပ်ဖော် ရေးဆွဲသည်။)
ရန်ဝင်း (တောင်တံခါး)
ဇွန် ၂ ၊ ၂၀၁၀
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
အချုပ်တန်းရပ်ကို အစွဲပြုပြီး အချုပ်တန်းမောင်ဖေ၊ နောက်တော့ အချုပ်တန်းဆရာဖေ ရယ်လို့ နာမည်ကျော်ကြားခဲ့တဲ့ မျိုးချစ်စာဆိုတော်ကြီးက ကိုယ့်အမျိုးသားတွေကို စည်းကမ်း ရှိစေချင်လွန်းလို့၊ ညီညွတ်ကြစေချင်လွန်းလို့ အားမလို အားမရဖြစ်ပြီး ရေးခဲ့တဲ့ တေးထပ် တပုဒ်ကို သတိရမိကြဦးမှာပါ။

အချုပ်တန်းဆရာဖေ က မြန်မာသက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်ဖွား အင်းဝဇာတိပါ။ ဆရာဖေ ရဲ့မိခင်က သဘင်သည်မျိုးရိုး ဖြစ်ပါတယ်။ ပုဂံမင်းလက်ထက်မှာ အသုံးတော်ခံစာရေးအဖြစ် အမှုထမ်းတဲ့ ဖခင် ဦးရောက်နဲ့အတူတူ အမရပူရမြို့ကို မိသားစု လိုက်ပါခဲ့ကြတယ်။

ပုဂံမင်း နန်းကျပြီး မင်းတုန်းမင်း နန်းတက်တော့ ပုဂံမင်း လက်ထက်က အမှုထမ်းတွေ အနားယူ ရတဲ့အထဲမှာ ဦးရောက် လည်းပါခဲ့တယ်။ ဆရာဖေတို့မိသားစုက အချုပ်အလုပ်ပညာ တတ်ကျွမ်းကြတော့ စားဝတ်နေရေး အတွက် ဆရာဖေ ငယ်စဉ်ကတည်းက မိသားစုနဲ့ ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်ခဲ့ရတယ်။

မင်းတုန်းမင်းကြီးက မန္တလေးမြို့သစ်တည်တဲ့အခါ၊ အမရပူရမြို့က လိုက်ပါပြောင်းရွေ့ချင်တဲ့ မြို့သူ မြို့သားတွေကို လုပ်ငန်းချင်း တူရာ တူရာ အလိုက် အစုတွေ၊ ရပ်ကွက်တွေ၊ ဝင်းကြီးတွေမှာ နေရာချထားပေးခဲ့တယ်။ ဒီနေ့အထိပဲ မန္တလေးမြို့ရဲ့ရပ်ကွက်တွေကို တန်း၊ ဝင်း၊ ရပ်၊ စု လို့ ခေါ်ပါသေးတယ်။

စိတ္တရမဟီ လို့ ခေါ်တဲ့ မန္တလေးမြို့ ကျုံးတောင်ဘက်ထိပ်က အချုပ်တန်းကို ဆရာဖေတို့ မိသားစု ပြောင်းရွှေ့ နေထိုင်ပါတယ်။ ဆရာဖေနဲ့မိသားစုက ဘဝရပ်တည်ရေးအတွက် အပ်ချုပ် အလုပ်တွေကို လုပ်ကိုင်စားကြ ရသူတွေမို့၊ အချုပ်တန်းမှာ နေရာရပါတယ်။ အချုပ်တန်း ဆိုတာ အပ်ချုပ်သည်တွေနေတဲ့ ရပ်ကွက်ပါ။ အပ်ချုပ်တန်းလို့လည်း ခေါ်ပါတယ်။ မြင်းကုန်းနှီးတန်း လို့လည်း ခေါ်ပါတယ်။

ဝါသနာပါတဲ့ စာပေကိုလည်း တဖက်က ရေးနေတော့၊ ဆရာဖေ ရဲ့စာတွေကို လူကြိုက်များလာတယ်။ အချုပ်တန်းရပ် ကိုအစွဲပြုပြီး အချုပ်တန်းမောင်ဖေ၊ ဒီနောက်တော့ အချုပ်တန်းဆရာဖေ လို့ နာမည်ကျော်ခဲ့တယ်။ ဆရာဖေ ရဲ့စာတွေက လေးချိုးနဲ့ တေးထပ်တွေပဲ များတယ်။ ဇာတ်စာတွေရေးတာမှာ ပြောင်မြောက်လေတော့ ဇာတ်ပညာရှင် အသိုင်းအဝိုင်းမှာ ကျော်ကြားခဲ့ပြီး အသက် ၂ဝ အရွယ်ကတည်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာ နာမည်တပ်ပြီး အခေါ်ခံခဲ့ရသူပါပဲ။

ဇာတ်စာတွေအရေးများပြီး ဘုရင်ကလည်း သိပ်ပြီး မမြှောက်စားလို့ ဆရာဖေ ရဲ့ စာတွေက ခေတ်ပြိုင်စာဆို စလေဦးပုည ရဲ့ စာတွေလောက် လူသိမများခဲ့ပါ။ ဆရာဖေ က စာဆိုပြိုင်ဖက် စလေဦးပုညထက် အသက် ၁ဝ နှစ် ငယ်ပါတယ်။ စလေဦးပုညကို မင်းတုန်းမင်းကြီးကပဲ ဆရာဦးပုည လို့ ခေါ်လေ့ရှိပါသတဲ့။ နောက်တော့မှသာ စလေဆရာ ဦးပုည လို့ ခေါ်လာကြတယ်လို့ မှတ်သားဖူးပါတယ်။

‘ဘယ်နဲ့ရေးတဲ့ မောင်ပုတ်စည်၊ ဆန်တပြည် တေးတပုဒ်’ လို့စာဆိုရှိပြီး၊ ငယ်နာမည် မောင်ပုတ်စည် လို့ခေါ်တဲ့ စလေဆရာဦးပုည ကတော့ ဘုရင့်မြှောက်စားခံရသူပီပီ အဆင်ပြေခဲ့တယ်။ အဲဒီအချိန်မှာ ဆရာဖေကတော့ အလုပ်မျိုးစုံအောင် လုပ်ကိုင်စားခဲ့ရတယ်။

စာစပ် စာဆို ပြိုင်ဘက်ဖြစ်လာတော့ စလေဦးပုညနဲ့ ဆရာဖေတို့ တဦးနဲ့တဦးအပေါ် ကိုယ်ရည်သွေးတဲ့စာတွေ၊ တဖက်သားကို နှိမ့်ချကဲ့ရဲ့တဲ့ စာတွေ အပြန်အလှန်ရေးကြတယ်။ ဒါပေမယ့် ဆရာဖေ ရဲ့ စာတွေမှာ ဂမ္မဒေါသ ကိုရှောင်ပြီး ရေးလေ့ရှိတာကို တွေ့ရပါတယ်။

“ခါးတောင်းကျိုက် ပိတုန်းပိတ်ကယ်နှင့် ကျုံးထိပ်က ငဖေ၊ ကုန်းပြိတ္တ တစ္ဆေလို အသရေ ဟိတ်နွမ်း။” စလေဦးပုည

လူပုံသဏ္ဌာန်ရော နေတဲ့အရပ်ပါမကျန်အောင်၊ စာဆိုပြိုင်ဖက် စလေဦးပုည ရဲ့ ရင့်ရင့်သီးသီး စာချိုးတာကို ခံခဲ့ရပါတယ်။ မက္ခရာမင်းသားဆီမှာ ပုဆိုးခါးတောင်းကျိုက်နဲ့ ဆရာဖေ ဓားထမ်းပြီး အဆောင်ကိုင်အဖြစ် အမှုထမ်းနေတာကိုမြင်တဲ့အခါ စာဆိုပြိုင်ဖက် စလေဦးပုည က အချက်ကောင်းယူပြီး ခါးတောင်းကျိုက်နဲ့ ဆရာဖေရဲ့ပုံကိုဖော်ပြီး နှိမ့်ချလို့ စာဖွဲ့လိုက်တာပါပဲ။ လူအများ လေးစား ကြည်ညို အားကိုးကြတဲ့ မက္ခရာမင်းသား ဆီမှာ ဆရာဖေ အမှုထမ်းတာကတော့ မင်းသားကို ကြည်ညိုရင်းစွဲရှိပြီး ခံယူချက်ချင်းလည်းတူညီလို့ ဖြစ်ပါလိမ့်မယ်။

ဆရာဖေရဲ့ ရုပ်ရည်က လူချောလူလှတဦး မဟုတ်ပေမယ့် စလေဦးပုည စာချိုးသလောက်တော့ အရုပ်မဆိုးလှဘူး လို့ သူ့အဆက်အနွယ်တွေက အစဉ်အဆက်ပြောခဲ့ကြတယ်။ နန်းတွင်းပန်းချီဆရာကြီး ဦးစောမောင် ဆွဲခဲ့တဲ့ ပုံတူတခုကလွဲရင် သက်သေပြစရာတော့ မရှိကြပါ။

ဆရာဖေနဲ့ စလေဦးပုညတို့ အပြန်အလှန် စာစပ်ကြ စာချိုးကြပြီး၊ ကဗျာတိုက်ပွဲဖြစ်လာရတဲ့ အကြောင်းရင်း ကတော့၊ နာမည်ကျော် ယင်းတော်မလေးဇာတ်မှာ အဆိုပိုင်လှတဲ့ ယင်းတော်မလေး ဆိုလိုက်လို့ နာမည် သိပ်ကြီးသွားတဲ့ ဆရာဖေ ရဲ့ ကြင်ဖော်ကွဲ့လေးချိုး ငိုချင်းတပုဒ်ကို ဦးပုည က စာပြောင် ကဗျာလှောင် ဖျက်ရေးတာက စပါတယ်။

“သည်ဘဝ သည်မျှနဲ့တန်ရပေ။
နောင်ဘဝသော်မှ၊ မောင်လှကိုပိုလို့ချစ်မယ်၊ မျိုးစစ်တဲ့ဆွေ။
ဗုဒ္ဓဟေ ညောင်ရွှေကွဲ့သဖန်း။
ပွင့်ဝတ်ကယ် ညှာတံကြွေမှ၊ လွဲသွေကြစတမ်း။”
အချုပ်တန်းဆရာဖေ

အဲဒီ ဆရာဖေ ရဲ့ နာမည်ကျော် ကြင်ဖော်ကွဲ လေးချိုးကို ဦးပုည ဖျက်ရေးတဲ့ စာပြောင် ကဗျာလှောင်က အင်မတန် ဂမ္မဒေါသ သင့်နေတယ်။ ဆရာဖေကတော့ “ရိုင်းလိုက်လေကွယ်” လို့သာ ဆိုပါသတဲ့။ အဲဒီ ကြားရသူ ရှက်စဖွယ် စာပြောင် ကဗျာလှောင်ကို နာမည်ကြီး ရုပ်သေးဆရာ ဦသာဗျော က ဆိုလိုက်ပြန်တော့၊ ပရိတ်သတ်အများ ချစ်ခင်တဲ့ ယင်းတော်မလေး နဲ့ ဆရာဖေ ရဲ့ အများကြိုက်တဲ့စာကိုပါ မဖွယ်မရာ လုပ်မိရာ ရောက်သွားတယ်။

အဲဒီမှာတင်ပဲ၊ စာကောင်းကို ဖျက်ရမလားလို့ ပရိတ်သတ်က စိတ်မကောင်းဖြစ်ကြပြီး၊ ကဗျာလှောင်သီချင်းကို ဆိုမိတဲ့ ရုပ်သေးဆရာ ဦသာဗျောလည်း နာမည် ကျဆင်း သွားခဲ့ပါတော့တယ်။ ဦးပုည နဲ့ ဆရာဖေ တို့ နှစ်ဦးစလုံးရဲ့ စာတွေကိုသုံးနေတဲ့ ယင်းတော်မလေး ကလည်း ဦးပုည ဆီက ဘာစာကိုမှ ထပ်ပြီးမတောင်းတော့ပါ။ အများပြည်သူတွေက မေတ္တာထားလို့ ကြည်ညိုကြတဲ့သူကို နင်ပဲငဆ မစော်ကားမိကြစေဖို့ သင်ခန်းစာ ယူစရာပါပဲ။ ဆရာဖေက မရိုင်းပါ။ ဒီလောက်ပဲပြန်ရေးခဲ့ပါတယ်။

“ကဗျာလှောင် နဘေ တေးကို၊
ဆရာယောင် စလေ က ရေးတယ်တဲ့ဗျာ
တွေးဆသင့်ကြောင်း။”
အချုပ်တန်းဆရာဖေ

ဆရာဖေ ရဲ့ စာတွေကို ဖတ်ကြည့်ရင် မန်ကျီးရွက်ကလေးတွေ အစီအရီ အထပ်ထပ်နေသလိုမို့၊ မန်ကျီးရွက်ထပ် အခြေပါတဲ့ နဘေ လို့ခေါ်တဲ့ ကာရန်ကို နိုင်နိုင်နင်းနင်း သုံးထားတာကို တွေ့ရပါလိမ့်မယ်။

“နှစ်တရာ၊ ချစ်ရှာသင့်သူမို့၊ သစ္စာနှင့်မြွက်မယ်၊ မေတ္တာဖြင့် ပန္နက်ရွယ်တယ်၊ တသက်ဝယ်ယုံတမ်း။”
“ညရုံတော် အခြေပျက်စေဖို့၊ ရွှေလက်နဲ့ဆွဲကာ၊ ပွေရက်ပေ့ ပုလဲညှာရယ်၊ ကဲပါပေ့ဘုရား။”

အချုပ်တန်းဆရာဖေ

အဲဒီလို မန်ကျီးရွက်ထပ် နဘေ နဲ့ မေတ္တာဘွဲ့တွေ ရေးခဲ့တယ်။ နုနုရွရွ အလှအပတွေရေးတဲ့ စာဆို ဖြစ်ပေမယ့်လည်း၊ တချိန်ကျတော့ တော်လှန်တဲ့စာဆိုဘဝကိုရောက်ခဲ့တယ်။ ဂမ္မဒေါသကို ရှောင်လေ့ရှိတဲ့ ဆရာဖေလည်း ကိုယ့်အမျိုးသားတွေ ကောင်းစေချင်တဲ့ စေတနာနဲ့ ခပ်ကြမ်းကြမ်း၊ ထိထိမိမိ စာတွေ ရေးလာခဲ့ရ တော့တယ်။

ကျူးကျော်လာတဲ့ နယ်ချဲ့ကိုတော်လှန်ဖို့က မျိုးချစ်တွေရဲ့ ဘဝပေးတာဝန်ဖြစ်တယ်လို့ ခံယူထားသူတွေမှာတော့၊ မြန်မာပြည် တပြည်လုံး နယ်ချဲ့လက်အောက်ကို လုံးလုံးလျားလျား မကျရောက်ခင်ကတည်းက နည်းအမျိုးမျိုးနဲ့ နယ်ချဲ့ကို ဆန့်ကျင်နေခဲ့ကြပြီ။ ဆရာဖေလည်း ကလောင်လက်နက်ကိုကိုင်စွဲလို့ တဖက်တလမ်းက ပါဝင်ခဲ့တယ်။ နယ်ချဲ့ရဲ့ ကလိမ်ကညစ် အကျင့်ဆိုးတွေကို ဖော်ထုတ်ထောက်ပြခဲ့တယ်။ ဇာတိသွေး ဇာတိမာန်တွေ တက်ကြွကြဖို့ လှုံ့ဆော်ခဲ့တယ်။

မြင်ကွန်း၊ မြင်းခုန်တိုင် အရေးအခင်းဖြစ်တော့ ကလောင်ကိုင်ရုံတင်မကဘဲ၊ ဓားပါကိုင်ခဲ့ရတယ်။ မက္ခရာမင်းသား က မင်းတုန်းမင်းကိုကယ်တင်တဲ့အခါမှာ နောက်ပါးက လိုက်ပါခဲ့တယ်။၊ ကနောင်မင်းရဲ့သားတော်၊ ပတိမ်းစား သူပုန်ထတဲ့အခါ ပလိပ်စစ်ကြောင်းအတိုင်း၊ ညောင်ရမ်းမင်းသားရဲ့တပ်က သူပုန်တပ်တွေကို ရှင်းလင်းတဲ့ အခါမှာလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်။

မင်းတုန်းမင်းလက်ထက်မှာ အိန္ဒိယဘုရင်ခံချုပ်လာလည်တော့ မင်းအမိန့်နဲ့ ရန်ကုန်မြို့ကို ဆရာဖေနဲ့ ယင်းတော်မလေးတို့က သွားပြီး ကြိုဆိုဖျော်ဖြေရတယ်။ အဲဒီမှာ မြန်မာတွေ အထွဋ်အမြတ်ထားတဲ့ နန်းသုံး ထီးဖြူ နှစ်လက်မိုးပြီး ဘုရင်ခံချုပ်ကိုကြိုဆိုတာမြင်ခဲ့ရတော့၊ မတန်ရာကို အလုပ်ခိုင်းရမလားလို့ သုံးခွင့်ပြုတဲ့ဘုရင်ကိုပါ စိတ်နာပြီးပြန်ခဲ့ရတယ်။ နောက်တလကြာတော့ အဲဒီဘုရင်ခံချုပ်လည်း ‘ပို့ဘလဲ’ ဆိပ်ကမ်းမြို့မှာ အကျဉ်းစခန်း တခုကို စစ်ဆေးနေတုန်း၊ အကျဉ်းသားတဦးရဲ့လက်ချက်နဲ့ ကွယ်လွန်တယ်။ ဆရာဖေက တပြည်လုံးကျော်တဲ့ တေးထပ်တပုဒ် ရေးခဲ့တယ်။

“ပိတ်ရှာပြီ ဇီဝိ၊ ဘုန်းမတန့် ဘုန်းတန့်ကြံတယ်၊ ဆုံးရုပ်နမ် သွားပေါ့ ဝီဇိ၊
မင်းတုတု ခွေးသေ သေ။”

အချုပ်တန်းဆရာဖေ

အဲဒီတေးထပ်ကို ဘယ်လောက်လူကြိုက်များသလဲဆိုရင်၊ ဇာတ်အဖွဲတွေက ‘မိစ္ဆာကောင် ဓားထိုးဇာတ်’ နာမည် တပ်လို့ ဇာတ်လမ်းဆင်ပြီး ဆိုကြ၊ ပွဲကကြတဲ့အထိပါပဲ။ တေးထပ်ရဲ့ ထူးခြားချက်က တေးထပ်လို ဆိုချင်ဆို၊ ဒါမှမဟုတ် ဗုံထောက်သံ နဲ့ ဝိုင်းဖွဲပြီးဆိုလို့လည်းရအောင် ရေးထားတာပါပဲ။

ကျော်လွန်းမက ကျော်လာတော့၊ နယ်ချဲ့ အရာရှိတွေက မခံချိမခံသာဖြစ်ကြပြီး၊ စာရေးတဲ့သူကို အရေးယူပါ၊ ပွဲတွေမှာလည်း မကပြစေပါနဲ့ ဆိုပြီး အတိုင်ခံရပါလေရော။ နောက်ဆက်တွဲရလဒ်ကတော့ ဘုရင်ခံချုပ်ကို သိက္ခာ ကျစေတဲ့စာရေးတဲ့အမှုနဲ့ ဆရာဖေ အကျဉ်းကျခံရလေတယ်။ အောက်မြန်မာပြည်ကို သိမ်းထားတဲ့ နယ်ချဲ့ကျူးကျော်သူကို အထက်မြန်မာပြည်ဘုရင်က မျက်နှာသာပေးပြီး မဟာမိတ်လုပ်နေရချိန်ဆိုတော့၊ အကျယ်အကျယ် မငြိမ်းဖွယ် မဖြစ်စေချင်တာကြောင့် ကိုယ့်လူကို ကိုယ်တိုင်အရေးယူရတာမျိုး ဖြစ်နိုင်ပေမယ့်၊ ဆရာဖေ ခမျာ နှစ်ခါနာရပြန်တော့တယ်။

တေးထပ်တပုဒ်ကို အချုပ်ထဲမှာရေးပြီး၊ မိတ်ဆွေရင်း ဗြဲတိုက်စာရေး ဦးထွန်းဝ ကတဆင့်၊ ရွှေတိုက်ဝန်မင်း ဆောင်ကြဉ်းပေးလို့ မင်းတုန်းမင်းကြီးက ကြားနာရတယ်။

“သမုတိအတွက် ငဝက်က ဒဏ်ခံ၊
အထက်က အတန်တန်ကို ရွှေနန်းစံမသိ၊
ရှစ် ခုနှစ် တောင်မျက်နှာတွင်၊ မက္ခရာမင်းနှင့်ပါရှိ၊
ပလိပ်ကြောင်း အောင်ပန်းချွေ မောင်ထမ်းချေစေဘိ၊
ညောင်ရမ်း ဆွေရဝိက၊ ပကတိ သက်သေ၊
ရန်သူတော် ရွှေဘိုဘွား၊ ဖေကိုယ်စား တိုက်ခဲ့ရပေ၊”
“ယခုဖြင့် ကောင်းမွေလန်တယ်၊ ဆိုးမွေခံ ထိပ်တုံးနှင့်လေး။”

အချုပ်တန်းဆရာဖေ

အဲဒီတေးထပ်ကြောင့် ဆရာဖေ အချုပ်ကလွတ်ခဲ့ရပါတော့တယ်။ အချုပ်က လွတ်စေတဲ့ တေးထပ်ဆိုပြီး ကျော်ကြားခဲ့ပြန်တယ်။ မကြာခင်မှာပဲ၊ မင်းတုန်းမင်းကြီးရဲ့ လေသာဆောင်မှာ အဆောင်တော်မြဲ ရာထူးနဲ့ အမှုထမ်းခွင့်ရခဲ့တယ်။

ဆရာဖေရဲ့ ပုဆိုး ခါးတောင်းကျိုက်အကြောင်း ရယ်သွမ်းသွေးခဲ့ဖူးတဲ့ စလေဦးပုညကတော့ မြင်ကွန်း၊ မြင်းခုန်တိုင် မင်းသားတွေကို အခါပေးတဲ့အမှုနဲ့ ရာဇဝတ်သင့်ပြီး၊ ခေတ္တ ထိန်းသိမ်းထားခံရတုန်း၊ မြို့ဝန်ဦးသာအိုး လက်ထဲမှာ လူကိုခွေးသတ်လို့ ဘဝဆုံးခဲ့ရရှာတယ်။ စာဆိုပြိုင်ဖက်ချင်းဖြစ်ခဲ့ပေမယ့်၊ ဘဝတူ စာပေပညာရှင်တဦးကို မလိုမုန်းထား အမျက်ပွားတာသက်သက်ကြောင့် အဆုံးစီရင်လိုက်တဲ့အချက်ကို ဆရာဖေက မကျေနပ်နိုင်ခဲ့ပါ။ ကိုယ့်ထက် အင်အားကြီးသူဆိုတော့လည်း နီးရာဓားကိုကြောက်ရလို့ ပြန်မပြောသာတဲ့အကြောင်းကို ရေးပြ လိုက်ပါသေးတယ်။

“ဟုတ်သလို ပြန်မမြွက်သာဘူး၊ တုတ်တပြက် ဓားပါ၊ ရုတ်တရက် ခြားမကွာသည်၊ အနားမှာ လက်ငင်း၊”
“သတိ နဲ့ပညာကို၊ စဉ်မကွာ မှန်ထားမှ၊ ရန်ပါးမည့်ခုအခါ၊ နှောဘို့သင့်စွာ၊
သဘောလိုက် မပြောသာသည်၊ ယောဆရာ လုပ်စမ်းချင့်လေး။”

အချုပ်တန်းဆရာဖေ

သီပေါဘုရင် လက်ထက်ရောက်ပြန်တော့လည်း၊ သီပေါဘုရင် အုပ်ချုပ်ရေးရဲ့ အားပျော့တဲ့ အချက်တွေကို ဆရာဖေ က မြင်ပေမယ့် မပြောသာခဲ့ပြန်ပါ။

“မြန်မာတွေ စည်းကမ်းဖောက်၊ ထီးနန်းပျောက်ဖြစ်ပြီ၊”

အချုပ်တန်းဆရာဖေ

၁၂၄ရ ခုနှစ် ဖြစ်ပါတယ်။ လာချေပြီ။ နယ်ချဲ့သင်္ဘောတွေ လာကြပြီ။ ကင်းဝန်မင်းကြီးဦးကောင်း က သီပေါ ဘုရင်ကို နန်းချပြီး၊ ညောင်ရမ်းမင်းသား ကို နန်းတင်ဖို့ တိတ်တဆိတ် အကြံကြီးကြီးနဲ့ စီစဉ်ခဲ့တဲ့အတိုင်း၊ ‘မခုခံရ၊ ခုခံလျှင် သူပုန်’ လို့ အမိန့်ထုတ်ထားတော့၊ သင်္ဘောဦးမှာ ညောင်ရမ်းမင်းသားကိုတင်လာတဲ့ နယ်ချဲ့သင်္ဘောတွေ မြင်းခြံအထိ အနှောက်အယှက်မရှိ ရောက်လာတယ်။ သင်္ဘောဦးမှာပါလာတာက ညောင်ရမ်းမင်းသား အတု ဖြစ်နေတယ်။ ညောင်ရမ်းမင်းသားအစစ်က ကာလကတ္တားမြို့မှာ ကွယ်လွန်ခဲ့ပြီ။ ‘ဦးကောင်းလိမ်ထုတ်၊ သီပေါပြုတ်’ လို့ဆိုပေမယ့် ကင်းဝန်မင်းကြီးဦးကောင်း ကိုယ်တိုင်လည်း နယ်ချဲ့ကျူးကျော်သူရဲ့ အလိမ်မိခဲ့လေ တယ်။ နယ်ချဲ့ကျူးကျော်သူက ညစ်ဉာဏ်နဲ့ မလိမ့်တပတ်လုပ်လာတာကြောင့် အငိုက်မိသွားခဲ့ကြရပြန်ပါတယ်။

နောက်ကျချေပြီ။ ကျောချလို့ ဓားပြမှန်းသိပြီဆိုပေမယ့် နောက်ဆုံးအနေနဲ့ အင်္ဂလိပ်စကားပြောကျွမ်းကျင်တဲ့ ကျောက်မြောင်းဝန်ကိုစေလွှတ်ပြီး စစ်ပြေငြိမ်းဖို့အရေး တောင်းပန်တဲ့အခါ၊ ရတနာပုံမြို့ကြီးကို သိမ်းဖို့စစ်ချီလာတဲ့ ဗိုလ်ချုပ်က အချိုသတ်ပြီး၊ လက်နက်သာချပါ၊ ဘုရင်ခံချုပ် ကိုပြောပေးမယ်လို့ ဆိုပြီး စစ်ချီမြဲချီလာတယ်။ ဒီလိုနဲ့ပဲ သီပေါဘုရင် နယ်ချဲ့လက်ကို ပါခဲ့တယ်။

“လက်နက်ကုန် အပ်နှံသလျှင်ဖြင့်၊ ခွင့်လိုရာ တောင်းပန်ပါ့မယ်လို့၊ ချိုလှစွာ ဉာဏ်နီစွက်တာမို့၊ ခွင့်လိုရာ ယူစေလို့မြွက်မိတယ်၊ တန်ခိုးပျက်ဘွယ် အမှားပေပ၊ မျိုးကနက်နွယ်ဖွား။”

အချုပ်တန်းဆရာဖေ

သီပေါဘုရင် ကို အစားထိုးဝင်ရောက်လာတဲ့ တိုင်းတပါးအုပ်ချုပ်ရေးကို ဆရာဖေ က ကလောင်လက်နက်နဲ့ ဆက်ပြီး တိုက်ပွဲဝင်ခဲ့တယ်။ အာဏာကို မတရားယူထားတဲ့ တိုင်းတပါး နယ်ချဲ့အုပ်ချုပ်သူတွေက တိုင်းပြည်ရဲ့ သယံဇာတ အဆီအနှစ်တွေကို စိတ်တိုင်းကျ ယူရုံမကဘဲ၊ မြန်မာပြည်တပြည်လုံးက တိုင်းသူ ပြည်သားတွေကိုလည်း အင်မတန် ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်လေတော့၊ တိုင်းပြည်အလုံး ကြိမ်မီးအုံးပမာ ဖြစ်ခဲ့ရတယ်။

“မြတ်ကောဇာ လှစ်ဆိုပြရမှာဖြင့်၊ သတ်ဇောဒွါ အစ်ကိုကျကာမှ၊
ခေတ်ညှိုလှ မြန်မာပြေ၊ (အိုကွယ်) ဟစ်ငိုစရာ့ အခါပေ၊”

အချုပ်တန်းဆရာဖေ

နေရေးထိုင်ရေးမှာ လူတိုင်း ကျပ်ကျပ်တည်းတည်း၊ ဝမ်းစာကိုလည်း ဆင်းဆင်းရဲရဲနဲ့ ရှာဖွေစားသောက် ခဲ့ကြရတယ်။

“ဖွတ်လူမျိုး မချမ်းသာသည်၊ ဝမ်းစာပင် လက်ပူတိုက်ပါလို့၊ မျက်ဖြူဆိုက် တကိန်းဆင်၊ ငြိမ်းဖို့မမြင်၊”

အချုပ်တန်းဆရာဖေ

အာဏာနဲ့ မတရား ဖိနှိပ်အုပ်ချုပ်တဲ့ နယ်ချဲ့လက်အောက်မှာ တိုင်းပြည်က မငြိမ်သက်လေတော့ ကျီးလန့်စာစား ဖြစ်နေကြရတဲ့အထဲ၊ တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ် ဆိုသလို မျိုးဖျက်တွေကလည်း ရေနစ်သူ ကို ဝါးကူလို့ထိုးကြပြန်တယ်။

“မော်ဘို့ရာ လမ်းမရှိပါဘူး၊ မှန်းကတိဆုတ်ကွာ၊ ဆန်းကလိယုတ်အခါမှာ၊ မဟုတ်တာပွင့်လင်း၊ သဘောဖြောင့် ရေလိုက်ကြံလျှင်၊ ငွေပိုက်ဆံ ရှားတဲ့ခေတ်တွင်း၊ မုသားကို အပြောသန်သည်၊ မနောကံပျက်ယွင်း၊”

“မိုက်မနော် ပြုမဟေးတို့က၊ သူ့ပထွေးတော့ ခွေးသို့မဟောင်၊ ပြောရောဟဲ့ ရာဇဝင်ပြောင်အောင်၊”

အချုပ်တန်းဆရာဖေ

ဘုံရန်သူ နယ်ချဲ့ကိုတော့ တိုက်ထုတ်ပစ်ဖို့ မကြိုးစားဘဲ မျက်နှာမွဲ အချင်းချင်း အိုးမည်းသုတ်ချင်ကြတဲ့သူတွေကို အဲဒီတုန်းက တောင်ပံနီ လို့ ခေါ်တယ်။ အဲဒီခေတ်မှာသုံးတဲ့ ဒေါင်းရုပ်တံဆိပ်နဲ့ ရတနာပုံဒေါင်းဒင်္ဂါးတွေကို ငွေသား အစစ်များများ၊ ကြေးနီကနည်းနည်းနဲ့ ရောစပ်ပြီး သွန်းထားတယ်။ အစစ်ကိုတုပြီး အတုလုပ်ထားတဲ့ ဒင်္ဂါးတွေမှာ ငွေကနည်းနည်း၊ ကြေးနီကများများဆိုတော့ မကြာခင်မှာပဲ ဒေါင်းရုပ်ရဲ့ အတောင်ပံတွေက အရင်ဆုံး ကြေးနီရောင်တွေ ပေါ်လာတယ်။ တောင်ပံတွေ နီလာတယ်။ တောင်ပံနီဒင်္ဂါး လို့ ခေါ်ကြတယ်။ အမျိုးမစစ်တဲ့ ဒင်္ဂါးတွေပေါ့။ နောက်တော့ တောင်ပံနီ ဆိုတာ ကိုယ့်အမျိုးကို ကိုယ်မချစ်တဲ့ လူဆိုး လူညစ်တွေကို ခေါ်တဲ့ စကားလုံးအဖြစ် သုံးခဲ့ကြတယ်။

မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်က ရတနာပုံ ဒေါင်းဒင်္ဂါး (ရန်ဝင်း (တောင်တံခါး) စုဆောင်းသည်။ )

ဆရာဖေ က ရမည်းသင်း လယ်ဝန်ဟောင်း ဗိုလ်ထွန်း၊ ဗိုလ်အေး၊ အရပ်ရပ်မှာရှိတဲ့ အင်အားစုတွေနဲ့ပူးပေါင်းပြီး နယ်ချဲ့တော်လှန်ရေးတွေ လုပ်နေခဲ့တယ်။ တော်လှန်ရေးအင်အားစုတွေကလည်း နယ်ချဲ့အုပ်ချုပ်သူတွေရဲ့ ချေမှုန်းတာကိုခံနေရတော့ တဖြည်းဖြည်းနဲ့ အင်အားတွေနည်းလာခဲ့ကြရတယ်။

နောက်ဆုံးမှာတော့ နယ်ချဲ့တော်လှန်ရေးကို ဦးဆောင်ဦးရွက်လုပ်နေတဲ့အထဲက ဝန်းသိုစော်ဘွားကြီးလည်း တရုတ်ပြည်နယ်စပ်ဘက်ဆီကို ပြောင်းရွှေ့သွားခဲ့တယ်။ မြင်စိုင်းမင်းသားက ကျောက်ဆည်ဘက်ကိုထွက်သွား တယ်။ ကြည့်မြင်တိုင်မင်းသားက တောင်တွင်းကြီးဘက်ကို ထွက်သွားပြန်တယ်။ စော်ဘွားနဲ့မင်းသားတွေက နောက်ပါတွေနဲ့အတူ ရှောင်တိမ်းသွားလေတော့၊ ဆရာဖေလည်း အားလျော့သွားခဲ့ရပြန်တော့တယ်။

“မိ ပစ်လို့ ဖ ရှောင်သွေသည်၊ ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး၊”
အချုပ်တန်းဆရာဖေ
ခင်မင်ရင်းစွဲရှိတဲ့ ရှမ်းပြည်က သုံးဆယ်စော်ဘွား ဆီကို သွားမှဖြစ်မယ်။ နည်းလမ်းရှာပြီး နယ်ချဲ့ကို ဆက်လို့ တော်လှန်ကြစို့ဆိုပြီး၊ မိတ်ဆွေရင်း ဗြဲတိုက်စာရေးဟောင်း ဦးထွန်းဝ နဲ့ ဆရာဖေ တို့ ၁၂၅၁ ခုနှစ်မှာ ရှမ်းပြည်ကို ပြောင်းရွှေ့ခဲ့ကြတယ်။ ဒီလိုနဲ့ သုံးဆယ်စော်ဘွားဆီမှာ ကွန်းခိုလို့ လမ်းပန်းအဆက်အသွယ် မကောင်းလှတဲ့ ရှမ်းပြည်တဝိုက် စည်းရုံးရေး ဆင်းကြရတယ်။ တနေ့မှာ ကိုယ့်မင်းကိုယ့်ချင်းတိုင်းပြည် ပြန်လည်ထူထောင်ဖို့ မျှော်မှန်း ကိုးစား နေခဲ့ကြတယ်။ အရေးတော်ပုံကလည်း၊ အောင်ပန်းဆင်ဖို့ရာ မျှော်မှန်းထားတာနဲ့ အလှမ်းဝေး သထက်ဝေးနေခဲ့ပြန်တယ်။

ဆရာဖေ ရှမ်းပြည်ရောက်တာ ငါးနှစ်လောက် အကြာမှာတော့ ၁၂၅၆ ခုနှစ် သင်္ကြန် ကျခါနီးခဲ့ပြန်တယ်။ အအေးမိလို့ တော်တော်ပဲ နေမကောင်းဖြစ်ရာကစပြီး၊ ဒီအခါမှာတော့ ဆရာဖေ အတွက်၊ အပြီးတိုင် ခေါင်းချဖို့ရာ အချိန်ရောက်ခဲ့ပြီ။

သူချစ်တဲ့၊ သူ မျှော်တိုင်း ဝေးခဲ့ရတဲ့၊ သူ့ရင်ထဲက ရတနာပုံရွှေမြို့နဲ့ ရွှေပြည်တော် မြန်မာပြည်ကြီးကို အပြီးတိုင် ခွဲခွာခဲ့ရလေတော့တယ်။

တော်လှန်ရေးကို အဆုံးတိုင် ဆက်လုပ်ခွင့်ရမသွားလေတဲ့ မျိုးချစ်စာဆိုတော်ကြီး အချုပ်တန်းဆရာဖေ တယောက်၊ တမလွန်ဘဝမှာတောင်မှ ကောသလမင်းကြီးရဲ့ အိပ်မက်မျိုးတွေကို ဆက်ပြီးတော့များ မက်နေကောင်း မက်နေလိမ့်မယ်လားလို့ တွေးမိချင်စရာပါပဲ။

“တယောက်သား လဲလို့သေသေ၊ မထောက်ထား ဆိုးရွားချေသည်၊ မိုးခါးရေ အကုန်သောက်တာမို့၊ ယုံလောက်ဖို့ ဘယ်သူ့ ဘယ်သူ၊ လောကမပြူ၊ ကောသလ စက်ပျော်သူရယ်၊ မက်တော်မူ သည်ကိန်းထင့်လေး။

အချုပ်တန်းဆရာဖေ

အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း

(၁) အချုပ်တန်းဆရာဖေ (ဦးချမ်းမြ)၊ ၁၉၇၇
(၂) မြန်မာစာပေသမိုင်း (ဦးဘေမောင်တင်)၊ မြန်မာ ၁၃ဝဝ ပြည့်နှစ်
(၃) နယ်လှည့်ရာဇဝင် (ဒေါက်တာ သန်းထွန်း)၊ ပ၊ ဒု၊ တ၊ ဖေဖော်ဝါရီ ၂ဝဝ၄
(၄) ညောင်ရမ်းအလွန် (ဒေါက်တာထင်အောင်)၊
အောင်သန်း (မန္တလေး) မြန်မာပြန်သည်၊ အောက်တိုဘာ ၁၉၇၃
(၅) မန္တလေး (ရတနာပုံ ဘိုးမှတ်စု)၊ မေလ၊ ၂ဝဝ၉
(၆) အနှစ် ၁ဝဝ ပြည့် မန္တလေး (ရွှေကိုင်းသား)၊ ဒု အကြိမ်၊ ဧပြီလ ၂ဝဝ၇
(၇) ကုန်းဘောင်ရှာပုံတော် (ညိုမြ)၊ ၁၉၆၇
(၈) ကုန်းဘောင်ကိုဆန်၍ (ဒေါက်တာ မတင်ဝင်း၊ ပညာရေးတက္ကသိုလ်)၊ ဒီဇင်ဘာ၊ ၂ဝဝ၁

(မိုးမခ မီဒီယာမှ ကူးယူဝေမျှသည်။)

2 comments

  • ဧကရီ

    June 4, 2010 at 1:46 pm

    တကယ်ကို ဗဟုသုတဖြစ်စေတဲ့ စာကောင်းတစ်ပုဒ်ပါ…ကျေးဇူးတင်စွာဖြင့် ဖတ်ရှုသွားပါတယ်..။

  • လင်းဝေကျော်

    June 15, 2010 at 10:35 am

    မျှဝေမှု ကိုကျေးဇူးတင်ပါတယ်။
    တောင်ပံနီ ဆိုတဲ့စကားလုံးကိုလည်းမှတ်သားလိုက်ပါ့မယ်။

Leave a Reply