ကျွမ်းကျင်ရာလိမ္မာ
ကျွန်တော်ကတော့ မန်းလေးဂဇက်ကို မန်ဘာမဝင်ဘဲ ဖတ်ဖြစ်နေတာကြာပါပြီ။ အခုနောက်ပိုင်းတော့ မန်ဘာလုပ်ပြီး ဖတ်ဖြစ်ပါတယ်။ သူများတွေမန့်တာမြင်တော့ ကျွန်တော်လည်းမန့်ချင်လို့ မန်ဘာဝင်လိုက်တာ။ ခက်တာက ကျွန်တော်ရဲ့ ညံ့ဖျင်းမှုကတော့ မြန်မာဖြစ်ပြီး မြန်လာလိုမရိုက်တက်ခြင်းပါ။ ဒါကြောင့် မတက်တခေါက် အင်္ဂလိပ်စာနဲ့ဘဲ မန့်ဖြစ်နေပါတယ်။ အင်္ဂလိပ်လို မန့်ရတာဆိုတော့ အခက်အခဲရှိတာပေါ့။ လိုရင်းကိုလဲ မရောက်ဘူးလေ။ မန်းလေးဂဇက်ကို ဖတ်ရပါများလာ၊ မန့်တာများလာတော့ နောက်ထပ်ပိုးတစ်မျိုးက ဝင်လာပြန်ရော။ မလန့်ပါနဲ့။အိပ်ချ်အိုင်ဗီပိုး မဟုတ်ပါဘူး။ကိုယ်ပိုင်ပို့(စ်) တင်ချင်တဲ့ပိုးပါ။ ဒါကြောင့် ဒီအကြောင်းအရာလေးကို ရေးဖြစ်တာပါ။
(စာရိုက်တာတော့ ကျွန်တော့ သားတော်မောင်ရဲ့ အစွမ်းပါ။)
လွန်ခဲ့သော နှစ်ပေါင်း(၃၀)ကျော်က တကယ့်အဖြစ်အပျက်ပါ။
ကျွန်တော်မူလတန်းတုန်းကပေါ့။ အဲဒီအဖြစ်အပျက်ကို ဒီနေ့အထိ မျက်စေ့ထဲ၊ ဦးနှောက်ထဲမှာ မြင်မိ၊မှတ်မိနေသေးတယ်။ ကျွန်တော်က အညာဒေသရဲ့ မြစ်တာဝေးရွာကပါ။ မေတ္တာမဟုတ်တဲ့ မြစ်တာပါ။ နိမ့်ရာမှမြင့်ရာကို စီးဆင်းတဲ့ မြစ်နဲ့လည်းမနီး၊ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့အောင်လို့ ဖောက်လုပ်ထားတဲ့ ကတ္တရာလမ်းနဲ့လည်း အလှမ်းဝေးတော့ ကျွန်တော်တို့ရွာကို မြစ်တာဝေးရွာလို့ ခေါ်ပါတယ်။ အညာမှာတော့ ကတ္တရာလမ်းကို “တာ“လမ်းလို့ ခေါ်ပါတယ်။ တစ်နေ့ ညဦးပိုင်း ပေါ၊့ ကျွန်တော့အဖေ ရွာထဲမှာရှိတဲ့ အဖေ့အရွယ် လူ ၃၊ ၄ယောက် နဲ့ အိမ်ရှေ့က ကွပ်ပြစ်ပေါ်မှာ ရေနွေးကြမ်းသောက်ရင်း ဒေါသသံပါတဲ့ စကားလုံးတွေနဲ့ စကားပြောနေကြတယ်။( ကွပ်ပြစ်=၂ပေအမြင့်လောက်ရှိပြီး လူထိုင်လို့ရတဲ့ စင်လေးပါ။ အညာဒေသ အိမ်တိုင်းရဲ့ အိမ်ရှေ့တိုင်းလိုလိုမှာ ရှိပါတယ်။ ညဆိုရင် ရေနွေးကြမ်းဝိုင်းနဲ့ စကားဖွဲ့ပြောတဲ့နေရာပေါ့။)
ကျွန်တော်ကတော့ အညာရွာတွေရဲ့ ထုံးစံအတိုင်း ရေနံဆီမီးခွက်အလင်းရောင်နဲ့ ကျွန်တော့်ရဲ့ကျောင်းစာတွေကို် အော်နေတာပေါ့။ ကျွန်တော့ရဲ့ စာကျက်သံ ရပ်ရပ်သွားတဲ့ အချိန်ပိုင်းလေးတွေအတွင်းမှာ အိမ်ရှေ့ကွပ်ပျစ်ပေါ်က အဖေနဲ့ အဖေ့မိတ်ဆွေတွေ ပြောနေတဲ့စကားသံတွေက ကျွန်တော့ရဲ့ စာကျက်နေတဲ့အာရုံကို အနှောက်အယှက်ဖြစ်နေတယ်။
ဒါကြောင့်ကျွန်တော်လည်း စာကျက်စာပွဲကထ၊ အမေ့ဘေးမှာထိုင်ရင်း တိုးတိုးမေးမိတာပေါ့။
“အမေ အဖေဘာတွေဖြစ်နေတာတုန်းပေါ့။”
အမေကစိတ်မရှည်တဲ့လေသံနဲ့
“နင့်အဖေပေါ့ နေ့လည်တုန်းက ရွာလည်က သူကြီးအိမ်မှာ မြို့ကလာတဲ့မြေစာရင်းစာရေးနဲ့ ယာခွန်ကိစ္စပြောကြရင်း ပြသနာတက်လာတာကို ပြန်ပြောနေကြတာပါတဲ့။”
ကျွန်တော်လည်း အမေ့မျက်နှာကိုကြည့်ရင်း ဘာမှဆက်မမေးမိတော့ပါဘူး။ ဒီလိုနဲ့ကာလတွေလည်းကြာ၊ ကျွန်တော်လည်း မူလတန်းအောင်၊ အလယ်တန်းရဲ့ နောက်ဆုံးတန်းရောက်တဲ့နှစ်ကျတော့ ကျွန်တော့်အဖေက
“မင်းကိုရန်ကုန်မှာ ကျောင်းထားမယ်၊ မင်းအကိုနဲ့ ရန်ကုန်ကိုလိုက်သွားရမယ်တဲ့။”
(ကျွန်တော့အကိုဝမ်းကွဲက ရန်ကုန်မှာဘုန်းကြီးဝတ်နဲ့၊ စမ်းချောင်းထဲက နာမည်ကြီးစာသင်တိုက်မှာ စာချဆရာတော်ပါ) ကျွန်တော် ရန်ကုန်ကိုမသွားခင် တစ်ညမှာပေါ့။ အဖေက သူ့ရဲ့တစ်သက်တာမှာ အနှစ်သက်ဆုံး (ကျွန်တော့အထင်ပါ) အောင်မြင်မှုကို မြိန်ရေယှက်ရေပြောတော့တာပါဘဲ။
“ဒီမှာငါ့သား မင်းကိုအဖေ ရန်ကုန်ပို့တာက အဖေချမ်းသာလို့မဟုတ်ဘူး။ စာသင်ဖို့၊ ပညာတက်ဖို့အတွက်ပို့တာကွ။ ပြီးတော့အဖေလို သူများအထင်မသေးအောင်လို့ကွ။ အထူးသဖြင့် လောကီပညာရပ်ပေါ့တဲ့”
အဖေက ဆက်ပြောတယ်။
မင်းငယ်ငယ်ကပေါ့၊ ရွာလည်က သူကြီးအိမ်မှာ အဖေယာကိစ္စတွေနဲ့ ပတ်သက်ပြီး အစည်းအဝေး တက်ဖူးတဲ့။ (ယာ=အညာမှာတော့မြေပဲ၊ နှမ်း၊ နေကြာတွေစိုက်တဲ့ မြေအကျယ်ကြီးတွေကို ယာဟု ခေါ်ပါတယ်။) အဲဒီမှာ မြို့ကလာတဲ့ ယာစာရေးက ယာမြေတွေကို ဧကသတ်မှတ်ပေးတယ်။ ပြီးတော့အဲဒီဧကအတိုင်း ယာအခွန် ဆောင်ရမယ်လို့ပြောတယ်။ မြို့ကယာစာရေးလေး သတ်မှတ်ပေးတဲ့ယာဧကတွေက ရွာမှာရှိတဲ့တောင်သူ (တောင်ယာလုပ်ကိုင် စားသောက်သူ) တွေ နားမလည်ဘူးဖြစ်နေတယ်။ သတ်မှတ်ပေးတဲ့ ယာဧကတွေက ဦးဖြူ ၂၅ဒသမ ၅ဧက၊ ဦးမဲ ၃၂ဒသမ ၆ဧက၊ ဦးနီ၁၂ဒသမ ၄ဧက စသည်စသည်ပေါ့။ ကျွန်တော်တို့ အညာမှာရှိတဲ့ ယာသမား တွေက အဲဒီဒသမနောက်က ဂဏန်းတွေကို စိတ်မဝင်စားဘူး၊ သိလဲမသိဘူး။ ဘာတွေမှန်းလဲ နားမလည်ဘူး။ သူတို့သိတာက ဦးဖြူ ၂၅ဧက၊ ဦးမဲ ၃၂ဧက၊ ဦးနီ ၁၂ဧက စသည်စသည်ပေါ့။ ဘယ်သုုူမှလဲ မမေးရဲ။ အဲဒိအချိန်မှာ ဟီးရိုးက ကျွန်တော့်အဖေပေါ့၊ မေးပြီလေ၊ ဒသမ ၅တို့ ဒသမ ၆တို့ ဒသမ ၄တို့ ဆိုတာတွေကို ကျွန်တော်တို့ နားမလည်ပါဘူး၊ ဒါကြောင့်စာရေးလေး တစိတ်လောက်နားလည်အောင် ရှင်းပြပေးစေချင်ပါတယ်ပေါ့။ အဲဒိအချိန်မှာ စာရေးလေးဆီက ပြန်ပြောလိုက်တဲ့စကားကြောင့် ကျွန်တော့အဖေနဲ့အတူ ယာသမားတွေ ပါးစပ်အဟောင်းသားပေါ့။
”ခင်ဗျားတို့လိုတောကလူတွေကို ဒါတွေရှင်းပြလည်း နားလည်မှာမဟုတ်ပါဘူး။ ကျွန်တော်ပြောတာတွေဘဲ မှတ်ထား၊ ယာခွန်ဖြတ်ပိုင်းလာရင ်ယာဧကမှန်မှန်ကြည့်ရုံဘဲ။ ပြီးတော့ အဲဒီယာခွန်ဖြတ်ပိုင်းမှာပါတဲ့ ပိုက်ဆံကိုဘဲ အစိုးရကို ပေးသွင်းရမယ်လို့” ပြောတယ်။
အဲဒီအချိန်မှာဘဲကျွန်တော့အဖေအစွမ်းပြပြီ……….
ဒီမှာစာရေးလေး….. ကျွန်တော်တို့ တောသူတောင်သားတွေကို ဘာမှနားမလည်ဘူးလို့ မပြော ပါနဲ့။ စာရေးလေးလည်း ကျွန်တော်တို့တောင်သူတွေ သိတဲ့အသိ၊ စာရေးလေးမသိပါဘူးလို့ ပြန်ပြောလိုက်တော့ စာရေးလေးမာန ငယ်ထိပ်ရောက်ပြီပေါ့။ ဒါကြောင့်ချက်ချင်းဘဲ စာရေးလေးက ခင်ဗျားတို့မေးချင်ရာမေး… ကျုပ်ပြန်ဖြေမယ်လို့ ပြောတယ်။ အဖေကလည်းမေးတာပေါ့။ ”ကျုပ်ယာထွန်နေတဲ့ ထွန်တုံးအပေါက် ဘယ်နှစ်ပေါက်လဲဗျာ”လို့ မေးလိုက်ရော စာရေးလေးခမျာ သူသင်ထားတဲ့ ကျောင်းတော်ကြီးထဲက ရှိသမျှစာအုပ်တွေကို ပြေးမြင်မိပေမယ့် အဖြေကမရခဲ့ပါဘူး။ စာရေးလေး ခမျာဘာမှမဖြေနိုင်ဘူးတဲ့။ သူကြီးအပါအဝင် အခြားတောင်သူတွေ တဝါးဝါးနဲ့ ပွဲတွေ့သွားတာပေါ့။ ဒါကြောင့် ကျွန်တော့်အဖေလည်းအားတက်သွားပြီး ပွဲသိမ်းစကားတချို့ စာရေးလေးကိုပြောခဲ့တယ်တဲ့။ ဒါတောင်စာရေးလေးကို ကျုပ်ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ သင်ခဲ့ရတဲ့ သဂြိင်္ုဟ် နဲ့သဒ္ဒါ အကြောင်း မမေးသေးဘူးနော်လို့ ပြောခဲ့တယ်တဲ့။ (ကျွန်တော်သာအဲဒီတုန်းက အဲဒိနေရာမှာရှိခဲ့ရင် ဒါမှငါ့အဖေကွလို့ ပြောမိမှာအမှန်ပါ။) ဒီလိုနဲ့ နှစ်စဉ်နှစ်စဉ်မြို့ကို ယာခွန်သွားဆောင်တဲ့အခါကျတော့ အဆိုပါစာရေးလေးက ကျွန်တော်တို့မြစ်တာဝေးရွာက တောင်သူတွေကို စိတ်ရောကိုယ်ပါ ကူညီပေးတယ်တဲ့။
ကျွန်တော်လည်း (၄)နှစ်လောက်ကြာမှ ကျွန်တော်မူလတန်းတုန်းက အဖေ ဒေါသသံတွေပါတဲ့ လေသံနဲ့ အောင်ပွဲခံနေတာကို ပြန်မြင်ရောင်နေမိတယ်။
ဒါကြောင့် ယနေ့ခေတ်တိုးတက်လာတဲ့ လူ့အဖွဲ့အစည်းမှာ လူတိုင်းလူတိုင်း
-ပြည်သူတွေမှသည် သမ္မတကြီးထိ…….
-အောက်ခြေဝန်ထမ်းမှ သည်စီအီးအိုထိ…….
-ဆင်းရဲသားမှသည် သူဌေးသူကြွယ်ထိ…….
အားလုံးအားလုံးသော လူသားအလွှာအသီးသီးမှာ ကိုယ်စီကျွမ်းကျင်မှုဆိုတာ ရှိပါတယ်။ ဒါကလည်း လူတစ်ဦးတစ်ယောင်ချင်းစီရဲ့ ကိုယ်ပိုင်ဘဝ ရပ်တည်ဖို့အတွက် သဘာဝကြီးက ဖန်တီးပေးထားတာပါ။ ကျွန်တော်တို့တတွေ ကိုယ်ပိုင်ကျွမ်းကျင်မှုတွေကို အကျိုးရှိမယ့် မိမိပတ်ဝန်းကျင် လူ့အဖွဲ့အစည်းမှာ အသုံးချနိုင်ခဲ့မယ်ဆိုရင်……….သာယာစိုပြေမှုတွေလွှမ်းတဲ ့လူ့အဖွဲ့အစည်းကြီးဖြစ်လာမှာပါ။
“လူသားအချင်းချင်းအထင်သေးခြင်း ကင်းဝေးကြပါစေ။”
မြစ်တာဝေးရွာ=ရွာအမည်မှန်မဟုတ်ပါ။ရွာအမည်အမှန်ရှိပါသည်။
စာရေးလေးနာမည်ကိုတော့စာရေးလေးလို့ဘဲသိထားပေးကြပါခင်ဗျား။
19 comments
pooch
February 21, 2012 at 9:25 pm
သား လိမ္မာလေး ရထားတာထင်ပါတယ် ။ မိဘကို သူနိုင်တာလေး ကူညီတယ်ဆိုတော့။
တော်တယ်ပြောရမှာပေါ့။ ဖြေးဖြေးချင်းရိုက်ကျင့်ရင် ရမှာပါ။ အားမလျှော့ပါနဲ့ ။
ရှေးလူကြီးတွေက သဂြိုဟ်နဲ့ သဒ္ဒါ ကို တကယ်တတ်ကျွမ်းကြတယ်။ ကျမတို့ ခေတ်ကတော့ ဝေးနေပါပြီ။
ကိုပေါက်(မန္တလေး)
February 21, 2012 at 10:02 pm
သားလေးတော့ အတော်ပင်ပန်းရှာမယ်နော်။
ဒီလောက်များတဲ့စာ တွေကို ကူရိုက်ပေးရလို့။
unclegyi1974
February 21, 2012 at 10:14 pm
ကျွမ်းကျင်ရာဆိုတာတောင်းစာတဲ့သူမှာတောင်ရှိရတယ်လို့ပြောတာပဲဗျ
ကျန်တာတော့ပြောနဲ့တော့
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 21, 2012 at 11:56 pm
အော် ကျွမ်းကျင်ရာလိမ္မာပေါ့ဗျာနော်။
ခုလို မျိုးပေါ့….
ဦးဦးပါလေရာ
February 22, 2012 at 1:13 am
လူတွေမှာ မတူခြားနားတဲ့ အရည်အချင်းတွေရှိကြပါတယ်။
အဲသည်အပေါ်မှာတော့ တဦးကိုတဦး အထင်မသေးသင့်ပါဘူး။
အရည်အချင်း အမျိုးမျိုးတွေထဲမှာ
လက်တွေ့အသုံးကျတဲ့ အရည်အချင်းမျိုးကတော့ ပိုတန်ဘိုးရှိတယ်။
အဲသည်အရည်အချင်းမျိုးရှိသူကိုတော့ ကျ
ကျုပ်တော့ အထင်ကြီးတယ်။
Khin Latt
February 22, 2012 at 5:52 am
ကိုရင် အညာတမာရေ
ကိုရင့် အဖေ ကိုတော့ တကယ်ဘဲ လေးစားပါတယ်။
တကယ် က ကျွန်မတို့ မြန်မာရှေးလူကြီးတွေ မညံ့ပါဘူး။
အဲလို ပြောရဲ ဆိုရဲ ပြီး လုပ်ရည် ကိုင်ရည် ရှိတဲ့ လူတွေ လိုတာကလား။
အခုခေတ် ကလေး တွေလဲ တော်မှတော်။ ကြည့်ပါလား ကိုရင့် သားလေးကို။
အဖေ့ကိုတောင် ကူနေတာ။
ဒီတော့ ဘယ် generation မှာများ လွတ်ပြီး မလိမ္မာ ဖြစ်နေပါလိမ့် ??????
နောက်တာနော်။ 😉
ဆက်ရေးပါ။ အားပေးပါတယ် ကိုရင်ရေ။
Khin Latt
February 22, 2012 at 5:53 am
ကိုရင့် generation မှာ ကျွန်မ လဲ ပါတယ်နော်။ 😀
Foreign Resident
February 22, 2012 at 7:01 am
ကို ah nyar ta mar ရဲ့
ဒီ Web Page လေးသုံးပြီး မြန်မာစာ ရိုက်ကြည့် ပါလား ။
( http://burglish.my-mm.org/latest/trunk/web/testarea.htm )
အဘ လည်း အဲဒါလေး သုံးပြီး ရိုက်နေတာပဲ ။
သူက Off Line လဲ သုံးလို့ရတယ် ။
kyeemite
February 22, 2012 at 8:43 am
အညာတမာရေ..ခင်ဗျားရဲ့ပထမဆုံးပို့စ်လေးကို ကြိုက်ပါတယ်…အပေါ်ကလူတွေအားပေးကြသလို
ဗမာလိုရိုက်ကျင့်ဘို့ကောင်းတယ်..သိပ်မခက်ပါဘူးလေ..ကျုပ်တောင်ရိုက်တတ်တာမကြာသေးဘူး..
ဘာပဲပြောပြော ကွန်မန့် ကြတော့ ဗမာလိုမှအားရပါးရရှိတာပေါ့…ကျိုးစားရေးပါ..
စောင့်ပီးအားပေးနေပါတယ်..
ahnyartamar
February 22, 2012 at 9:16 am
Thank you so much for everything & I feel that cordially welcome from MG & all members, all comments also encourage to me try next post & even Myanmar typing too.
I’m proud to meet all of you in MG.
“ကိုရင့် generation မှာ ကျွန်မ လဲ ပါတယ်နော်။” “Yes. we all are closed relation & generation because we stay in same land & same culture. Thank you so much.”
“Thank you for all colorful comments.”
ahnyartamar
February 22, 2012 at 9:25 am
FR, Thank you so much for your link, I’ll try my best.
htoosan
February 22, 2012 at 9:27 am
ကျွန်တော်လည်း ဂေဇက် ဖတ်ရာကစ မန့်ချင်လာရာကနေ မြန်မာ လို ကြိုးစားရိုက်ရာကနေ အခု ဆို အတော်မြန်လာပြီ။ အကြမ်းဖျင်း ၆ လ လောက် မှာ မြန်မာစာ တော်တော်ရိုက်နိုင်နေပြီ။ စရိုက်တော့ မရိုက်တတ်တဲ့ စာလုံးဆို ပို့စ်ထဲက ကော်ပီလုပ်ပြီး ပြန်ကပ်နဲ့ ။
မမ တို့ဆီကနေလည်း စာလုံးပေါင်းပြန်သင်ရသေးတယ် ။ စာလုံးပေါင်းမှားရင် ပြင်ပေးမဲ့ အဖွဲ့လည်း ရှိတယ် …. 😀
လက်ခုပ်တီး အားပေးပါတယ် ။
mg mg
February 22, 2012 at 9:34 am
ဆရာကြီးဦးတင်မိုးရဲ့ အလှကိုယ်စီ(ဟုတ်လားတော့သိဘူး)ကဗျာလေးကို သတိရလိုက်တာ။
(ကဗျာတော့ မရလို့မရေးလိုက်တော့ဘူး)။
အညာသားအချင်းချင်းမို့ အားပေးတယ်၊ အရေးအသားသဘောကျတယ်၊ ကျနော်တော့မရေးတတ်ဘူး။
မြန်မာစာရိုက်တာ သိပ်မခက်ပါဘူး၊ အရင်ကလက်နှိပ်စက် ဆရာတွေသင်တဲ့ (ဘယ်လက်အတွက် သဝေထိုး-တ-န-မ စတဲ့)လက်ကွက်ပုံစံလေးတွေအတိုင်း လေ့ကျင့်လိုက်ရင် ခဏနေမှာ၊ ကျနော်တော့အပြည့်အစုံရှင်းမပြတတ်ဘူး။ အားပေးလျက်
eipu
February 22, 2012 at 9:43 am
အားပေးပါတယ်နော်…..
ဆက်ကြိုးစားပါ….
လူတိုင်းမှာ ကိုယ်ပိုင်ကျွမ်းကျင်ရာဆိုတာ ရှိကြစမြဲပါဘဲ။
level နိမ့်လို့၊ position မရှိလို့ အထင်သေးလို့မရပါဘူး။
ကိုယ်ပိုင်အသိ၊ ကျွမ်းကျင်ရာ၊ ရှိပြီးသားပါ။
ဆူး
February 22, 2012 at 9:59 am
ဦးလေး အညာတမာ ရဲ့ သားတော် က တော်တော် စိတ်ရှည်တာပဲနော်.. စာတွေ အများကြီးကို ရိုက်ပေးထားတဲ့ အတွက် လိမ်မာတဲ့ သား ပိုင်ဆိုင်ထားတာပဲ။
မည်သူ မဆို ကိုယ့်လိုင်းနဲ့ ကိုယ်တော့ ထူးချွန် တတ်ကြတာပါပဲ။
ကိုယ်မှ တတ်တယ် ဆိုတဲ့ စာရေးလေး မသိသေး မတတ်သေးတာတွေ အများကြီး ရှိကြောင်း ပြောပြပြီး နိပ်ကွပ်နိုင်ခဲ့တာ ဂုဏ်ယူပါတယ်။
စိန်ပေါက်ပေါက်
February 22, 2012 at 10:11 am
မှန်၏ဗျာ..
ဒေးဘက်ဘက်ခမ် ဘောလုံးကိုခြေထောက်နဲ ့ပဲ ကန်တာကျွမ်းကျင်သလို
တိုက်ဂါးဝုဒ်လဲ ဂေါက်တံနဲ ့ပဲ ရိုက်တတ်တာကလား.
ကျွမ်းကျင်ရ လိမ္မာရာပေါ့ဂျာ
အားပေးတွားပါတယ်..
Kaung Myat Thu
February 22, 2012 at 6:54 pm
ကိုအညာတမာ-
ကျီးမိုက်ကိုတုပြီးလိုက်မလုပ်နဲ့နော်။ကိုကျီးမိုက်ကမိန်းမအိပ်ပျော်နေတုန်းPostတွေတင်ရတာ။
ကျွန်တော်လည်းမိန်းမ မသိအောင်Postတင်ဖို့ကြိုးစားနေပါတယ်။
TTNU
February 22, 2012 at 9:41 pm
မောင်ရင်အညာတမာ
တီချာအားလျှော့ဖို့ထားပါဦး။ လက်ညှိုုးလေးနှစ်ချောင်းနဲ့ စာတစ်မျက်နှာရဖို့အရေး
တုန်တုန်တုန်တုန်နဲ့။ အသက်ကကြီးလှပြီ။ ဝင်ပါနေတုန်းပဲလို့ မျက်မုန်းကျိုးချင်စရာ။ 😛
သို့သော်လည်း …. I hate modern technology. လို့သာပြောနေတာ ကျောင်းသားတွေ
နဲ့ Discussion Session မှာဆိုရင် ” ငါမအိုသေး။ ငါသိတယ်နော်” ဆိုပြီး သူတိုဆွေးနွေး
ကြတဲ့အခါ နောက်မှာမကျန်ခဲ့ရအောင် အားထုတ်ဆဲ….
ahnyartamar
February 23, 2012 at 8:48 am
Yes. teacher….I got more strength by you.
I’ll try my best as somebody in future.
Thank you so much…………..Teacher.