သူ….. ဘယ်ဆီကိုရောက်နေ
သူ့ကို ကျွန်တော်တို့ မျှော်နေကြတယ်။ သူ့ကို သတိရနေကြတယ်။ သူ …………. ဘယ်ဆီကို ရောက်နေပြီလဲ။
**********************************
သူရှိနေခဲ့စဉ်တုန်းကဆိုရင် မနက်ခင်းတိုင်းမှာ အိပ်ရာက ထတယ်ဆိုတာနဲ့ သူ့အိမ်လေးကို သန့်ရှင်းရေးလုပ်တယ်။ ကျွန်တော်တို့လာရင်ကြွေးဖို့ စားစရာတွေ ပြင်ထားပေးတယ်၊ ပြီးတော့ ကျွန်တော်တို့တွေ အလာကို မျှော်နေတတ်တယ်။ ကျွန်တော်တို့တွေ သူ့အိမ်ကို ရောက်လာပြီ ဆိုရင် ကျွန်တော်တို့က သူကြွေးတာတွေ အားမနာတမ်း တဝစားကြတယ်။ သူ့အိမ်မှာ ဆူညံနေအောင် စကားတွေဖေါင်ဖွဲ့ကြတယ်။ သီချင်းတွေ ဆိုကြတယ်။ ဆော့ကြတယ်။ သူကတော့ ကျွန်တော်တို့တွေနဲ့ မလှမ်းမကမ်းမှာ ကော်ဖီခွက်လေး တစ်ခွက်၊ ဂျာနယ်လေးတစ်စောင်နဲ့ စာဖတ်နေတတ်တယ်။ တစ်ခါတရံမှာ ကင်မရာ တစ်လုံးနဲ့ ကျွန်တော်တို့တွေကို ဓါတ်ပုံတွေ ရိုက်တယ်။
***********************************
ကျွန်တော်ငယ်ငယ်တုန်းကတည်းက သူ့ကို သိခဲ့ရတယ်။ ကျွန်တော်က လူတွေကို ကြောက်တတ်၊ လန့်တတ်ပေမယ့် သူကိုတော့ ကျွန်တော်တို့တွေ ချစ်တယ်။ သူ့နားကို သွားနေရတာ နှစ်သက်တယ်။ မနက် အိပ်ရာက နိုးလာရင် ကျွန်တော်မိဘတွေခေါ်သွားတဲ့ သူ့အိမ်လေးဆီကို အမြဲရောက်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ မိသားစုလိုပဲ ကျွန်တော်မိဘတွေရဲ့မိတ်ဆွေတွေလည်း မနက် မနက်ဆိုရင် သူတို့မိသားစုတွေနဲ့ အတူ သူအိမ်လေးဆီ လာကြတယ်။ မနက်တိုင်းမှာ ကျွန်တော်တို့ အသံတွေ သူ့အိမ်လေးမှာ ဆူညံနေတယ်။ ကျွန်တော်တို့ ကလေးအုပ်စုတွေက ဆော့ကြတယ်။ စကြနောက်ကြတယ်။ တခါတလေ ရန်တွေဘာတွေတောင် ဖြစ်တတ်ကြသေးတယ်။ သူကတော့ ကျွန်တော်တို့တွေ ဘာလုပ်လုပ် သဘောကျ ကျေနပ်နေတတ်တယ်။
***********************************
ကျွန်တော်တို့တွေ သူ့အိမ်မှာ ပျော်ပျော်ပါးပါး စားသောက်နေကြရင် အားကြပြီးလာချင်တဲ့ ကိုရှဉ့်လေးတို့ ညီအကိုတွေ၊ ကိုခိုကြီးတို့ အုပ်စုတွေကလည်း တစ်ခါတစ်ခါ ကျွန်တော်တို့နဲ့ လုပြီး သူ့အိမ်ကို အတင်းဝင်ထွက် တတ်ကြသေးတယ်။ သူကတော့ အိမ်လေးဆီကို ဘယ်ဧည့်သည်လာလာ သဘောကျ ကျေနပ်နေတတ်ပေမဲ့ ကျွန်တော်တို့မှာတော့ တစ်ခါတရံ နေရာလုနေ ကြရတယ်။ အစားကြီးတဲ့ ကိုရှဉ့်လေးတို့တွေ ရောက်လာရင် ကျွန်တော်တို့ အတွက် ပေးထားတဲ့ စားစရာတွေက ခဏလေးနဲ့ ကုန်ကုန်သွားတတ်လို့ ကျွန်တော်တို့တွေက မကြေနပ်ပေမဲ့ အိမ်ရှင်ဖြစ်တဲ့ သူကတော့ ကျေနပ်နေလေရဲ့။ သူကတော့ မရှိ၊ ရှိတာ ချကြွေးဖို့ ဝန်မလေးတတ်ခဲ့ဘူးလေ။
***********************************
လူတွေပေါင်းစုံနေကြတဲ့ မြို့ကြီးမှာ ကောင်းတဲ့သူ၊ မကောင်းတဲ့သူတွေ အမျိုးမျိုးရှိကြလေတော့ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ရှာဖွေ စားသောက်ရတဲ့ ကျွန်တော်တို့တွေ အတွက် အန္တရယ်လဲကြည့်ရှောင်ရ၊ သတိ ဝီရိယနဲ့ အမြဲနေနေရပေမယ့် သူအိမ်လေးဆီ ရောက်ရင်တော့ စိတ်အေးချမ်းသာစွာနေ ခဏတာ စားသောက်နေထိုင်ခွင့် ရတာမို့ ကျွန်တော်တို့ အတွက်တော့ ပူလောင်တဲ့ သဲကန္တရက အိုအေစစ်နေရာလေး တစ်ခုရယ်ပါ။
နွေ၊ မိုး၊ ဆောင်း ရာသီတွေ ပြောင်းပြောင်းသွားကာ ကျွန်တော်တို့တွေလည်း အသက်တွေ ကြီးလာပေမယ့် ဒီနေရာလေးဆီ လာလာနေရတာကိုတော့ ပျော်နေခဲ့ ကြပါတယ်။ အမြဲလည်း ရောက်ဖြစ်ခဲ့ ကြပါတယ်။
***********************************
ပင်ရွက်တွေကြွေ ဆောင်းအကုန် နွေအကူး၊ လေရူးတွေ စဝင်တဲ့ မထင်မှတ်တဲ့ တစ်နေ့မှာ ကျွန်တော်တို့တွေ အမြဲရောက်တဲ့ သူအိမ်လေးဆီကနေ နုတ်မဆက်ပဲ သူပျောက်သွားခဲ့တယ်။ မနက်မနက်မှာ သူကြွေးတာလေးတွေ စားဖို့ ရောက်လာကြတဲ့ ကျွန်တော်တို့တွေ အတွက် သူအိမ်လေးက ဘလာနတ္ထိ စားစရာမရှိ ကြိုနေတယ်။ ကော်ဖီလေးတစ်ခွက်၊ ဂျာနယ်လေးတစ်စောင်နဲ့ စာဖတ်နေတတ်တဲ့ သူ့ကို မတွေ့ရတာ ကြာခဲ့ပြီ။ ကျွန်တော်တို့အသံတွေ စီစီဝေနေခဲ့တဲ့ သူ့အိမ်လေးလည်း ဧည့်မလာ လူမရှိနဲ့ ခြောက်သွေ့လို့ နေပါပြီ။ ပတ်ဝန်ကျင်မှာ ပြောတာကြားရတာတော့ သူအိမ်ပြောင်းသွားတာတဲ့လေ။
***********************************
တစ်ရက်ရက်မှာ သူ့ကို ပြန်တွေ့ရလေ နိူးနိူးနဲ့ ကျွန်တော်တို့တွေက သူပြန်လာတတ်လေတဲ့ ဝင်းတံခါးလေးကနေ စောင့်မျှော်နေကြဆဲပါလေ။
ဆိုင်ကယ်သံလေး ဖုတ်ဖုတ်ချက်ချက်ကြားရင် သူများပြန်လာလေ သလားရယ်လို့ မျှော်တတ်တဲ့ ကျွန်တော်တို့ရဲ့ လည်ပင်းတွေလည်း ရှည်နေခဲ့ပါပြီ။
ကျွန်တော်တို့နဲ့ ရန်ဖြစ်ဖက် ကိုရှဉ့်လေးတို့ ညီအကိုတွေကလည်း ခုတော့ ကျွန်တော်တို့နဲ့ အတူတူ လူမရှိတဲ့ သူ့အိမ်ကလေးဆီ လာလာ မျှော်ကြည့်နေကြတယ်လေ။
***********************************
အခုတိုင် ကျွန်တော်တို့တွေ သူ့ရဲ့ အိမ်လေးနားကိုရောက်တိုင်း အဝေးကနေ တမ်းတစိတ်နဲ့ လှမ်းလှမ်းမျှော်ကြည့် မိနေကြတုန်းပါ။ သွားလေရာ၊ ရောက်လေရာမှာ သူ့ကိုများတွေ့လေမလားရယ်လို့ အမြဲရှာနေတုန်းပါလေ။ သူ့ကို ကျွန်တော်တို့ မျှော်နေကြပါတယ်။ သူ့ကို သတိရနေကြပါတယ်။ သူ …………. ဘယ်ဆီမှာ ရောက်နေပြီလဲ။
***********************************
(စာကလေး တစ်ကောင်ရဲ့ အလွမ်းကို မျှော်တမ်း ရေးမိခြင်းပါ။)
စိန်သော့
39 comments
water-melon
February 23, 2012 at 9:54 am
ကိုစိန်သော့တို့အိမ်ဘက်က စိမ်းစိုနေတာဘဲ
ရှည့်တွေမြင်တော့ မွေးချင်တယ်
အိမ်နားရှည့်တွေကတော့ ကြောင်တွေပေါလွန်းနေလို့ ဘယ်ပျောက်ကုန်ပြီမသိပါဘူး။
ကျေးဇူးကိုစိန်သော့ စာကလေးတွေရင်ထဲဝင်ပြီး ရေးတတ်လို့။
Diamond Key
February 23, 2012 at 11:14 am
အဲဒါကြောင့် စိမ်းစိုသာယာတဲ့ တို့အရပ်ဆီ ရောက်လာကြတာနေမှာ
blackchaw
February 23, 2012 at 9:57 am
စာနာတတ်သူတစ်ယောက်အတွက်ကတော့
စာကလေးတစ်ကောင်ရဲ့အလွမ်းကလည်း
စာဖွဲ့လို့ ရတယ်ဗျာ။
ခင်မင်လေးစားစွာနဲ့ ဝင်ရောက်အားပေးသွားပါတယ်။
ငှက်အိမ်လေးတွေ မြင်တိုင်း
ကိုစိန်သော့ကို
သတိရတတ်တဲ့
———————–
ဘလက်။
amatmin
February 23, 2012 at 10:25 am
အော် လူတွေဘဝမှ လက်လှုပ်ရင် ပါးစပ်လှုပ်ဖို့ အဆင်ပြေသေး…
သူတို့ လေးတွေဘဝကို..အစာမပါတဲ့ အောက်ဆုံးပုံလေးတွေကြည့်ပြီး ရင်မောပါ့ဗျာ..
စတိုရီ နဲ့ ပုံလေးတွေကတော့ အင်မတန်ကိုက်၏..
ကိုစိန်သော့ ရေးတတ်ပုံကို အားကျရင်း အားပေးတယ်ဗျို့… 😎
Diamond Key
February 23, 2012 at 11:34 am
ကိုချောနဲ့ အမတ်မင်းရေ၊ မနက်မနက်မှာ ရောက်ရောက်လာတဲ့ သူတို့လေးတွေ ကိုကြည့်ရင်း နောက်လမှာ ကျွန်တော်အိမ်ပြောင်းဖြစ်တော့မှာမို့ တွေးမိတွေးရာ ရေးလိုက်မိတာပါဗျာ။ 😥
ချစ်ရင်ထူးနှစ်
February 23, 2012 at 11:13 am
ကို စိန်သော့ရေ ……
မတွေ့တာ ကြာပြီနော် ဘယ်တွေကို ပျောက်နေတာလဲ အစ်ကို
အစ်ကိုယ့်ဆီက ဒါ့ပုံပညာသင်ယူချင်လို့ပါ
mandalaygazettemembers@im.partych.at ကို Google Talk မှာ Add ပေးပါလား အစ်ကို
ကျေးဇူးတင်ပါတယ် ..
မနေ့က ထက်ပိုကောင်းတဲ့ပုံ ကိုဒီနေ့ရိုက်နိုင်ပြီး မနက်ဖြန်ကျရင် ဒီနေ့ထက်ပိုကောင်းတဲ့ပုံများကို ရိုက်ကူးနိုင်ပါစေ……..
Diamond Key
February 23, 2012 at 11:25 am
ရှိပါတယ်ဗျာ ရွာထဲမှာ၊ http://www.facebook.com/KKDPC နဲ ့http://www.facebook.com/seinthort မှာလည်း ရှိနေပါတယ်။ Gtalk မှာ Add ထားတယ်၊ မတွေ့ရင် seinthort@gmail.com ပြန်ချိတ်ပါ။ မျှော်နေတဲ့
ချစ်ရင်ထူးနှစ်
February 23, 2012 at 4:20 pm
သိုင်းကျူးပါ ခင်ဗျာ..
facebook ကတော့ မသုံးတာ အစ်ကို ရေ
အကောင့် တောင် မရှိဘူး
ခုပဲ ချိတ်လိုက်ပါ့မယ်
စိန်ပေါက်ပေါက်
February 23, 2012 at 11:14 am
မိုက်တယ်ဗျာ
စာကလေးဘက်က ခံစားရေးထားတာ ဖတ်ရတာကော ပုံလေးတွေကြည့်ရတာကော
ချစ်ဖို ့ကောင်းတယ်ဗျာ
သူ..
အိမ်ရောင်းပြီး မိန်းမယူသွားပြီလား
သူ..ဘောပွဲရှုံးလို ့ ထွက်ပြေးသွားပြီလား.
သူ….
သူ……
😆
Diamond Key
February 23, 2012 at 11:18 am
ဟို တစ်၊ နှစ်၊ သုံး တွေ လိုက်ဆွဲနေလို့ ရှောင်နေတာ နေမှာ……….. 😆
နှူးဘာဂိုဏ်းချုပ်
February 23, 2012 at 11:48 am
လက်မထောင်ပြီး အားပေးသွားပါတယ်ဆြာ…
ကျနော်လည်း အိမ်ပြောင်းရတော့မယ်ဗျာ ….
၃လအတွင်း ဒုတိယအကြိမ် ပြောင်းရတာ ဆိုပါတော့ …
😀
ခင်တဲ့ …
Diamond Key
February 23, 2012 at 12:48 pm
ဂိုဏ်းချူပ်ကြီးရဲ့ လက်မတစ်ချောင်းကိုရရှိတဲ့ အတွက် ပီတိဖြစ်ရပါတယ်ဗျာ 😀
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 23, 2012 at 12:05 pm
ကိုစိန်သော့ရေ ငှက်တေးလွမ်းချင်းပေါ့နော်။
ဓါတ်ပုံလေးတွေနဲ ့ပါတွဲပေးထားတော့ ဖတ်
ရ ကောင်းတယ်ဗျာ။
ကျေးဇူးနော် ကိုသော့ရေ။
မဟာရာဇာ အံစာတုံး
February 23, 2012 at 12:07 pm
” ဘယ်ဆီကို မင်းရောက်နေလဲ … ဘာတွေကို မင်းလုပ်နေလဲ … ဘယ်သူနဲ့ မင်းရှိနေမယ် .. တွေးမိပါတယ် .. လွမ်းမောရင်းနဲ့ .. စဉ်းစားရင်းနဲ့ … သတိရပါတယ် … ”
ဆိုရင်း လွမ်းရင်း ကြည့်ရင်း ဖတ်ရင်းနဲ့
လာရောက် အားပေးသွားပါတယ် ကိုစိန်သော့ရေ …..
______________________________________________
စိန်ပေါက်ရေ … သီချင်းပုံစံလေးတွေကို ဘယ်လို ရေးရတုံးဆိုတာ ပြောပါဦးဟ .. ။
နာက ရေးချင်တာ အဟီး … မရေးတတ်လို့ … အစက်တွေပဲ ချထားရတယ် .. 😀
Thel Nu Aye
February 23, 2012 at 12:42 pm
အောင်မယ်လေး။ ချစ်ဖို့ကောင်းလိုက်တဲ့ကောင်လေးတွေ။ ကူးထားလိုက်တယ်နော်။
Diamond Key
February 23, 2012 at 12:58 pm
ကိုသန်းထွဋ်ဦး၊ကိုအံစာတုုံးနဲ့ မသဲနုအေးရေ၊ ငှက်တေးလွမ်းချင်းလေးကို အားပေးကြတဲ့ အတွက် ကျေးကျေးဗျ။ 😛
ကြောင်ကြီး
February 23, 2012 at 1:00 pm
စာကလေးကို ကြောင်ချောင်းနေတဲ့ ဓာတ်ပုံရှိဘူးလား…။
စိန်ပေါက်ပေါက်
February 23, 2012 at 3:43 pm
ဟင့်အင်း
ငါးကြော်ကို ကြောင်ကြီးချောင်းနေတာပဲရှိလယ်..
weiwei
February 23, 2012 at 1:03 pm
သူတို့ ကျွန်မအိမ်ကို ရောက်နေကြတယ်ထင်တယ် …
နောက်နေ့ကျရင် ဓါတ်ပုံရိုက်ပြီး ပြမယ်လေ .. သူတို့ဟုတ်မဟုတ် စစ်ဆေးကြည့်ပေါ့ … 😛
သူတို့နဲ့ ကျွန်မက ဘယ်ဘဝက အကျိုးပေးလဲမသိဘူး … ရုံးခန်းထဲက စားပွဲပေါ်အထိတောင် လာနေကြတယ် … အိမ်မှာလဲ ဝရန်တာမှာ အိမ်ဆောက်ပြီး လာကပ်နေကြသေးတယ် … မိုးမလင်းသေးဘူး ကျလိ ကျလိနဲ့ ခြင်ထောင်ပေါ်လာနားကြသေးတယ် … ကျွန်မကတော့ စကားများလွန်းတဲ့ သူတို့ကို မချစ်ဘူး …
ကိုပေါက်(မန္တလေး)
February 23, 2012 at 1:07 pm
လွမ်းတယ်ဆိုတာ ကျားနဲ့မ ချစ်ခြင်းမှ လွမ်းတာမဟုတ်ဘူး ဆိုတာ သက်သေပြလိုက်သလို
ကိုကိုသော့ရေ…………….
windtalker
February 23, 2012 at 1:41 pm
ယောင်ချာချာနဲ ့ဝက်မကြီးလဲ လွမ်းတယ် ဆိုကလားဘဲ ။ သီချင်းစာသားထဲမှာ ပြောပါတယ် ။
manawphyulay
February 23, 2012 at 2:22 pm
စာကလေးရဲ့အတွေးကတော့ သူလည်း ဆိုင်ကယ်စီးချင်နေမိသလားဟင်…. စာကလေးအလွမ်းပေါ့နော်… သူ ဘယ်ဆီများရောက်နေသလဲ……..
ဘာတွေများ လုပ်နေမလဲ……….
ဘယ်သူနဲ့ရှိနေမလဲ………….
လွမ်းတိုင်း စာမဖွဲ့တတ်တဲ့ စာကလေးရဲ့ဖြစ်အင်ဆိုတာပဲနေမယ်… လွမ်းလိုက်တာ…
pooch
February 23, 2012 at 3:06 pm
စာကလေးတွေကတော ့အိမ်မှာ အမေက မနက်မနက်ဆို ဆန်စေ့လေးတွေချပြီး ကျွေးလေ့ရှိတယ် ။ တနေ့ကတောင် လေတိုက်တော့ သူတို့အိမ်တွေထဲက ပြုတ်ကျလာတဲ့ ဥလေးတွေခွဲပြီး စာမဖြစ်တဖြစ်လေးတွေ ၃ ကောင်လောက်သေသွားတယ်။ အိမ်လေးတွေ နေရာပြန်ရွှေ့ရတယ်။
ရှဉ့်ကို အရင်က မမုန်းပါဘူး ။ အသဲယားစရာအကောင်လေးတွေလို့ ထင်ထားတာ။ နောက်တော့ ဘာပြောကောင်းမလဲ အိမ်နောက်ဖေး ဝရန်တာမှာ စိုက်ထားတဲ့ သစ်ခွပန်းတွေ အဖူးလေးတွေ လာခြွေပြီး ကိုက်စားလို့ အဒေါ်လည်း ငိုချင်းချနေရတယ်။ အဲ့ဒါနဲ့ စာခြောက်ရုပ်ပုံစံမျိုးလေး အဲဒီနား ချိတ်ထားလိုက်တာ ရလိုရငြားဆိုပြီး ။ ဒါလည်း ခဏပဲ။ အပွင့်လှလှလေးတွေ လည်း ကိုက်သွားပြန်လို့ လောလောဆယ် ရှဉ့်ဆို ချဉ်ပါတယ်လို့ပဲ ။
etone
February 23, 2012 at 4:39 pm
နွေးထွေးမှုနဲ့ တည်ဆောက်ခဲ့အိမ်
အေးစက်မှုတွေနဲ့ မင်းထွက်သွားတဲ့ခဏ
ခန်းခြောက်နေတဲ့ ရင်ပြင်ဗလာထဲ
မိုးကြိုးအစင်းတစ်ရာ ပစ်ချလိုက်သလိုပဲ။
မရေမရာ အဖြေရှာမရနိုင်လည်း
အဝင်လမ်းကို မျှော်တမ်း လွမ်းတတ်ခဲ့ပြီလေ … 🙁
nozomi
February 23, 2012 at 4:52 pm
အတွေးလေးတွေလဲ သဘောကျ ပုံလေးတွေကိုလဲ ရိုက်တတ်လိုက်တာလို့ အားကျ မိပါရဲ့
သူ ဘယ်ရောက်နေလဲ ဆိုတာ ကျွန်တော်သိတယ် ဗျ
သူတို့ လေးတွေနဲ့ ကို်ယ်တိုင်တွေ့မှ ပြောပြလိုက်ပါတော့မယ်
Diamond Key
February 23, 2012 at 5:12 pm
ကိုယ်နဲ့ ပက်ပင်းတိုးမိတာပါလို့လည်း ထည့်ပြောနော်
တရားစခန်း ရက်ရှည်ဝင်တုန်းကလေ 😀
snow white
February 23, 2012 at 6:02 pm
ပုံလေးတေတွကကောင်းလိုက်တာရိုက်တက်လိုက်တာ တကယ်ကောင်းတယ်
MaMa
February 23, 2012 at 10:25 pm
ဓာတ်ပုံများနှင့်ပြောသော ပုံပြင်လေး ကို အားပေးသွားပါတယ်။
သိပ္ပံမောင်ဝ က ခေတ်ဆန်းစာပေတစ်ခေတ်ကို ထူထောင်သွားနိုင်ခဲ့သလို..
ကိုပေါက်ခေါင်းဆောင်ပြီး ကိုစိန်သော့ပါဝင်သော ဂေဇက်ရွာသူားတွေက…
ဓာတ်ပုံစာပေကို ဆန်းသစ်တီထွင်နေကြတယ်ထင်တယ်။ 🙂
surmi
February 23, 2012 at 10:45 pm
ဒါကြောင်.လဲ ကိုစိန်သော.လို. နာမည်ကျော်ပေတာကိုး …..။ကြိုက်တယ်ဗျို. စာကလေးအတွေးနဲ.
စကားပြောတဲ.ဓတ်ပုံလေးတွေ ……။
MaMa
February 23, 2012 at 11:03 pm
ပြောဖို့ ကျန်သွားလို့။
ဒီလောက် စိမ်းလန်းစိုပြေပြီး ဘော်ဘော်တွေ များတဲ့နေရာက ပြောင်းရတော့မှာဆိုတော့…….
စိတ်တောင် မကောင်းဘူး။ 🙁
Diamond Key
February 24, 2012 at 11:27 am
မမရေ၊ http://myanmargazette.net/71927/creative-writing
တုန်းက ပြောခဲ့သလိုပေါ့လေ။ ဘဝမှာ ကိုယ်ပိုင်တဲ့ “လူနေလို့ရတဲ့အိမ်”လေးတစ်လုံး မရှိသေးသရွေ့တော့ ပြောင်းနေရ၊ ရွှေ့နေရ အုံးမှာပါဗျာ 😥
padonmar
February 24, 2012 at 1:25 am
ကိုစိန်သော့
ဒါ အရင် အိမ်အကြောင်း post က ပုံတွေ မဟုတ်ဘူးလား။
Version အသစ်ကလည်း ပုံတွေလည်းလှ စာလည်းလှ၊အလွမ်းလေးလည်းလှ။
Diamond Key
February 24, 2012 at 11:31 am
Version အပြောင်းလေးကို သဘောကျကြောင်းသိရလို့ ကျေနပ်မိကြောင်းပါ။ 😀
aye.kk
February 24, 2012 at 2:26 am
ချစ်တတ်သူတို့..
နှလုံးသား..
ချစ်စရာ့..
ငှက်ကလေးများက..
ဆွဲဆောင်ခါလေ..
သိမ်းကြုံးညို့ယူ..
ဝေးသို့ပြေးထွက်သွား..
လွမ်းတတ်သူချင်းချင်း..
မျှော်လင့်ရင်းဖြင့်သာ..
စာနာစောင့်စား..
ခံစားတတ်ရင်ဖြင့်လေ..
ဘယ်ဆီဘယ်မှာ..
ဘယ်လိုဝေးလို့နေနေ..
အမြန်သာပြန်လာခါလေ..
တို့တွေအတူတူနားစို့နော်။
Diamond Key
February 24, 2012 at 11:35 am
လွမ်းစာလေးကို၊
လွမ်းကဗျာလေးပေးတာ၊
ကျေးဇူးပါလေ ..Aye.KK …။
nayminkabyar
February 24, 2012 at 9:36 am
လွမ်းစရာတွေမြင်တော့ လွမ်းခဲ့ဖူးတာတွေကို သတိရမိတယ်။
အမှတ်တရအဖြစ်တွေကို ပျံသန်းပြီးတော့မျှော်မကြည့်နိုင်စဉ်က
ငှက်ကလေးတွေကို အားကျခဲ့မိဖူးတယ်။
အဲဒီ “ကျလိ..ကျလိ” အသံပေးတတ်တဲ့ ငှက်ကလေးတွေက
ရင်ထဲကို တကယ် ကျလိ ကျလိ ဖြစ်စေတယ်။
(သူတို့က ကျလိ…ကျလိ အပြင် အငြိမ်လည်း မနေတတ်ကြဘူးဗျ။
တော်တော်လေး အကြောသန်ကြတယ်လို့ ကြားဖူးတယ်။
ဘာအကြောလည်းတော့ မသိဘူး။သိရပ်ပြောပြကြနော်။)
Diamond Key
February 24, 2012 at 11:40 am
အခုများတော့ လေဟုန်စီးကာ ပျံသန်းကြည့်နိုင်ပြီပေါ့နော် ……. နေမင်းကမ္ဘာ။ အားကျပါတယ်ဗျာ 😀 နောက်ကြုံရင် လမ်းကြုံလိုက်မယ်လေ
TTNU
February 24, 2012 at 10:19 am
ကိုစိန်သော့ရေ…
စာကုသိုလ်သည်ကြီးအဖြစ်၎င်း၊
ဓာတ်ပုံဆရာကြီးအဖြစ်၎င်း၊
လွမ်းတတ်သူကြီးအဖြစ်၎င်း၊
အောင်မြင်ပါစေသတည်း။
တီချာ။
Diamond Key
February 24, 2012 at 11:50 am
တီချယ်ကြီး.. ဝင်ရောက် အားပေးတာ ကျေးဇူးပါနော် 😀