Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ချို ပေါ့ ကျ (၃)

black chawFebruary 29, 20124min93543

ကဲ ကျောင်းဒကာ။ တီးတိုင်းရောက်ပြီ…။ ခံတွင်းချဉ်နေတယ်ဗျာ။ လဖက်ရည်ချိုပေါ့ကျလေးတစ်ခွက်လောက်သောက်ကြရအောင်။ လဖက်ရည်သောက်ရင်း ဂျာနယ်ထဲက သတင်းလေးတွေအကြောင်း ပြောကြရအောင်ဗျာ။ ထူးအိမ်သင်ရဲ့ ချိုပေါ့ကျသီချင်းလေး ကို နောက်ခံမြူးဇစ်လေး အဖြစ် ဖွင့်ထားလိုက်ဗျာ။ ရော့ဒီမှာ ကိုငှက်ရဲ့ ချိုပေါ့ကျ သီချင်းလေး အလွယ်တကူသာ ဒေါင်းပြီး ဖွင့်တော့ဗျာ။ ကိုငှက်ကိုလွမ်းလို့ မျက်ရည်ကျရင် ကျုပ်နဲ့ မဆိုင်ဘူးနော်။ :mrgreen:
chopawtkya

အိုကေ စလိုက်ကြစို့…။

ဗိုလ်ချုပ်အောင်ဆန်း နှင့် ကိုကိုကြီး (Messenger)

မရည်ရွယ်ပါဘူးကျောင်းဒကာ။
အခုတလော ဒေါက်တာတွေဘက် ဓါတ်ကျနေတယ်လို့တော့ မစွတ်စွဲပါနဲ့။
ဒေါက်တာစိုင်းခမ်းလိတ် ရေးခဲ့တဲ့ သီချင်းလေးတစ်ပုဒ်အကြောင်းပြောမလို့ပါ။
ဟောကြည့်၊ စိုင်းခမ်းလိတ်ဆိုတာနဲ့ စိုင်းထီးဆိုင်ကြီး ပြေးမြင်လိုက်ပြီ မဟုတ်လား။ ကောင်းရောဗျာ။
ပလက်ဖေါင်းမင်းသား ဆိုတဲ့ သီချင်းလေးနည်းနည်းညည်းပြမလို့ပါ ကွယ်။
ရေးနေရင်းနဲ့မှ သတိရသွားပြန်ပြီဗျို့။ တိုက်ဆိုင်မှု ဆိုတာကြီးကကြောက်စရာကြီးနော့။
အဲဒီ ပလက်ဖေါင်းမင်းသား ဆိုတဲ့ သီချင်းကိုပဲ ေဒါက်တာဟန်ထူးလွင်တို့ ဒေါက်တာမောင်မောင်ဇော်လတ်တို့ အဖွဲ့လိုက်ကြီး ပြန်ဆိုလိုက်ကြသေးတယ် ဗျ။ ရှောင်လို့ကို မလွတ်နိုင်ပါလား ဒီဒေါက်တာတွေ။ ထားလိုက်ပါဗျာ။ အဲဒီ ဒေါက်တာတွေ။ သီချင်းထဲပါတဲ့ စာသားလေးနှစ်ကြောင်းလောက်ဆွဲယူကိုးကားချင်တာနဲ့ ချူနေရတာဗျို့။ :mrgreen:

အချိန်တန်တော့ ဘဝပေးကုသိုလ် ကိုယ်လည်းပဲ အတွဲလေးနဲ့မိ
မဒီကိန္နရီ စံချိန်မမီပေမယ့် ဟာနေတာကိုမဟာရုံသူဖြည့်ပေး…

ဗိုလ်ထီးကတော့ အချိန်တန်တော့ ဘဝလက်တွဲဖေါ်တစ်ယောက် ရခဲ့တဲ့အကြောင်း သီချင်းထဲထည့်ဆိုပြီး ကြော်ငြာထိုးခဲ့သေးဗျာ။ အခုတော့ ဗိုလ်ထီးလည်း ဆုံးသွားရှာပါပြီ။
ဆိုတော့ … အဲဒီ ဗိုလ်ထီးလောက်မှ ဆော်မကြည်တဲ့ (မကြည်ဆို ဆော်ရှိတ်ရမယ့်အချိန်မှာ ထောင်ထဲရောက်နေကြရှာတာကိုး ဒုက္ခ တရားတွေပါလားကွယ်တို့) ၈၈ မျိုးဆက်ကျောင်းသား ကျွန်တော်တို့ အစ်ကိုကြီးတွေ အကြောင်း ပြောချင်လို့ စကားရေမြောင်းသွယ်နေတာပါကွယ်။
Jan 30 နေ့ထုတ် Messenger ဂျာနယ်ထဲမှာ ပါခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးနဲ့ အင်တာဗျူးထဲက စကားလေးတချို့ကို နည်းနည်းလေး ဆွဲထုတ်ပြပါရစေဗျာ။ ကဲ ရွာစားရေ အရောက်ပို့ဗျာ။ :mrgreen:

မေး။ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့အချိန်မှာ ဒေါ်ခင်ကြည်ကို လက်ထပ်နိုင်ခဲ့တယ်။ အဲဒီအကျိုးဆက်အနေနဲ့ ဒီနေ့အချိန်မှာ ကျွန်တော်တို့ နိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူပြည်သားတွေ ရခဲ့တယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေထဲမှာ အစ်ကို အပါအဝင် ကိုဌေးကြွယ်၊ ကိုမင်းကိုနိုင်ရော ကိုယ့်ရဲ့ သွေးထဲကဖြစ်တဲ့ မျိုးဆက်ထားဖို့ အခြေအနေဘယ်တော့လောက် ရှိနိုင်မလဲ သိချင်ပါတယ်။
(ရယ်ပြုံးပြုံး၍ ဖြေသည်)
ဖြေ။ ကျွန်တော်တို့ အင်မတန် အားကျတဲ့ လေးစားတဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့ လိုက်မမှီတဲ့ အထဲမှာ အဲဒီအချက်လည်း ပါပါတယ်။ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးလုပ်သက်ကို တွက်ကြည့်တော့ ၁၉၃၆ ငရဲခွေးကြီးလွတ်နေပြီ ဆိုတဲ့ အိုးဝေစာစောင်ကိစ္စက စတွက်ကြည့်ရင် ၁၉၄ရ ကျဆုံးတဲ့အထိ နိုင်ငံရေးလုပ်သက် (၁၁)နှစ်အတွင်းမှာ သူလုပ်သွားတဲ့ ပမာဏတွေက အံ့မခန်းပဲ။ အခုချိန်ပြန်တွေးရင် ကြက်သီးထလောက်အောင် ခံစားရပါတယ်။ အဲဒီအထဲမှာ ဒေါ်ခင်ကြည်လည်း အခန်းကဏ္ဍတစ်ခုက ပါပါတယ်။ နောက်တစ်ခုကတော့ ဗိုလ်ချုပ်တို့ခေတ်က သခင်ပေါက်စ ထောင်ခြောက်လပေါ့။ ကျွန်တော်ဆိုရင် ၁၈ နှစ်ဆိုတော့ တော်တော်တောင် ရာထူးကြီး နေလောက်ပြီ။ ဆိုလိုတာက ကျွန်တော်တို့မှာ ဒေါ်ခင်ကြည်ရှာဖွေနိုင်တဲ့ အခွင့်အလမ်းမရခဲ့ဘူးပေါ့ဗျာ။

အဖြေစကားလေးဖတ်ပြီး စိတ်တောင် မကောင်းဘူး။ အော် ကျွန်တော်တို့ အစ်ကိုကြီးတွေ လူပျိုလှည့်ဖို့တောင် အချိန်မရခဲ့ကြရှာပါဘူး ကျောင်းဒကာ။ ပျိုရွယ်စဉ်အချိန်တွေကို ထောင်ထဲမှာ ကုန်ခဲ့ကြရရှာတာပါ။ ကိုပါလေရာတို့ ကိုနေးချားကြီးတို့၊ ကိုလင်းဝေကြီး တို့ဆို အဲဒီအရွယ်မှာ ကလေး က သုံးယောက်လောက်ရနေပြီ။ အော် သူတို့က ဆော်ကြည်ဘဲတွေပဲ ကျောင်းဒကာရယ်။
အိုဘာပဲ ဖြစ်ဖြစ် ကိုကိုကြီးတို့ကို အားပေးကြရအောင်ဗျာ။ ဗိုလ်ထီးကြီး ပလက်ဖေါင်းမင်းသားထဲမှာ ထည့်ဆိုသလို
အချိန်တန်တော့ ဘဝပေးကုသိုလ် ကိုယ်လည်းပဲ အတွဲလေးနဲ့မိ
မဒီကိန္နရီ စံချိန်မမီပေမယ့် ဟာနေတာကို မဟာရုံသူဖြည့်ပေး…

အချိန်ကတော့ တန်နေပါပြီဗျာ။ ဘဝပေးကုသိုလ်လေးကောင်းပြီး အတွဲလေးနဲ့ မိရအောင် နည်းနည်းပါးပါး လူပျိုလေးဘာလေး လှည့်ပေါ့ဗျာ။ ကိုယ့်အစ်ကိုတွေရဲ့ ဥပဓိရုပ်တွေက 9 လောက် ရှိပါတယ်ဗျ။
မဒီတွေ ကိန္နရီတွေရဲ့ စံချိန်တွေနဲ့ မယှဉ်ထိုးဘူး ဆိုရင် ဗိုလ်ချုပ်လိုပဲ ဒေါ်ခင်ကြည်လို မိန်းမတွေက ရှိနေမှာပါဗျာ။
ကဲ အစ်ကိုတို့ ရေ။ အချိန်ရှိတုန်းလေး ဟေးဟေး။
မေ့နေဦးမယ် ကိုကိုကြီး ရေ။
မင်္ဂလာဆောင်ကျရင် မန္တလေး ဂဇက်က ညီလေးတွေ ညီမလေးတွေကို ဖိတ်ဦးနော့…။ :mrgreen:

ကိုကိုကြီး နှင့် ဦးခင်ညွှန့်

နှာခေါင်းမရှုံ့ပါနဲ့ ကျောင်းဒကာ။ ခေါင်းစဉ်ဖတ်ပြီး စိတ်မဝင်စားရင် ကျော်သာ ဖတ်လိုက်တော့ကွယ်။
အပေါ်က ကိုကိုကြီး ကို မေးထားတဲ့ အင်တာဗျူးထဲမှာပဲ နောက်ထပ် အမေးအဖြေလေး တစ်ခုကို ဆွဲထုတ်ပြချင်ပါသေး တယ်ဗျာ။

မေး။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ပါဝင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေး အခြေအနေ နဲ့ အကယ်၍ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်သာ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ တစ်နည်းနည်း နဲ့ ပါဝင်လာမယ်ဆိုရင်ရော ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။
ဖြေ။ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ဟာ ကျွန်တော်တို့ အမြင်အရပြောရရင် သူဟာလည်း သားကောင်တစ်ယောက်ပါ။ သူတို့ ပိတ်မိနေတဲ့ စံနစ်တစ်ခုမှာ သူတို့က သားကောင်ဖြစ်သွားတာ။ ကျွန်တော်တို့က ကျွန်တော်တို့ နိုင်ငံသားတစ်ယောက်ကို နိုင်ငံရေးမှာ ဝင်လုပ်ပါ၊ ဝင်မလုပ်ပါနဲ့လို့ ကျွန်တော်က စွက်ဖက်ခွင့်မရှိဘူး။ ကျွန်တော်တို့ နိုင်ငံမှာ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်မှာ လူ့စွမ်းအားအရင်းအမြစ်က အင်မတန်ရှားပါတယ်။ တစ်လျှောက်လုံးမှာ နိုင်ငံရေးက မစားကောင်းတဲ့ အသီးလို လုပ်တဲ့လူ အင်မတန်နည်းတဲ့ အလုပ်တစ်ခုလိုဖြစ်ခဲ့တယ်။ ထောက်လှမ်းရေးဆိုတာ တပ်မတော်ထဲက နိုင်ငံရေးအင်အားစုတစ်ခုပဲ။ ပြီးခဲ့တဲ့ ကာလတုန်းကပေါ့။ သူတို့မှာ သူတို့ အတွေ့အကြုံတွေရှိတယ်။ သူတို့တွေရဲ့ အရည်အချင်းတွေရှိတယ်။ မှန်မှန်ကန်ကန် ဒီမိုကရေစီဘောင်ထဲမှာ ဒီမိုကရေစီအခြေခံမူစံနစ်တွေကို လက်ခံပြီးတော့ နိုင်ငံသားတွေအတွက် နိုင်ငံတော်အတွက် အကျိုးစီးပွားကို ရှေ့ရှု ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့က သူတို့ကို ငြင်းစရာမရှိပါဘူး။ အဓိကကတော့ နိုင်ငံသားတွေကပဲ အဆုံးအဖြတ်ပေးရမယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို နိုင်ငံသားတွေကပဲ အဆုံးအဖြတ်ပေးရမယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို နိုင်ငံသားတွေမှာပဲ တည်ရမယ်ဆိုတာ ကျွန်တော်တို့ရဲ့ မူပဲ။

ရှင်းပါတယ်နော်။ ဦးခင်ညွှန့် နိုင်ငံရေးလုပ်တာ မလုပ်တာ သူတို့ကိစ္စမဟုတ်ပါဘူးတဲ့။ လုပ်ချင်လည်းလုပ်ပေါ့ဗျာ။ ဘယ်အရာမဆို ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းကြရတာပါပဲ။
ဦးခင်ညွန့်ကို နိုင်ငံရေး မလုပ်စေချင်ဘူးလို့ ပြောမသွားဘူး။ ဒါပေမယ့် နိုင်ငံရေးလုပ်မယ်ဆိုရင်တော့ ဘယ်လိုအချက်တွေနဲ့ ညီညွတ်သင့်တယ် ဆိုတာလေး ပြောသွားပါတယ်ဗျာ။ ခင်ဗျားသိထားသင့်တယ်ထင်လို့ ပြန်ပြောပြနေတာပါကျောင်းဒကာ။

စကားတစ်ခွန်းကြောင့် ဝိုင်း နှင့် Heart & Soul ကုမ္ပဏီ လက်တွဲဖြုတ်ကြခြင်း (နံနက်ခင်း)

ဒေါက်တာတွေဘက်ပဲ ဓါတ်ကျနေသလားမှတ်တယ်။ ဒါရိုက်တာ ဝိုင်း အကြောင်းကလည်း အမြဲပါတယ်လို့ ပြောရင်ခံရတော့မှာပဲကွယ်။ ဝိုင်း နဲ့ Heart & Soul ကုမ္ပဏီတို့ လက်တွဲဖြုတ်လိုက်တဲ့ သတင်းက ယနေ့ရုပ်ရှင်လောက ရဲ့ ပွဲအဆူဆုံးသတင်းတစ်ပုဒ်ဖြစ်နေတော့ကာ ရွာသူရွာသားတွေလည်း သိထားတော့ ခေတ်နောက်မကျတော့ဘူးပေါ့ဗျာ။ ဟေးဟေး။ နည်းနည်း မိတ်ဆက်ပေးဖို့လိုမလား မသိဘူး။ Heart & Soul ကုမ္ပဏီဆိုတာ မကြာခင်က အကယ်ဒမီရသွားတဲ့ အာဒံရယ် ဧဝရယ် ဒသ ရယ် ရုပ်ရှင်ဇာတ်ကားကြီးကို ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ့ဗျာ။ စိုင်းစိုင်းခမ်းလှိုင်နဲ့ ခင်စန္ဒာမြင့်တို့ရဲ စပ်တူ ကုမ္ပဏီပါ ကျောင်းဒကာ။ ကဲ နည်းနည်းလေး ဖတ်ကြည့်ရအောင်ပါ။

နံနက်ခင်း ။ ပြီးခဲ့တဲ့ အပတ်က နံနက်ခင်းမှာ ဝိုင်းဖြေခဲ့တဲ့ Heart & Soul ကုမ္ပဏီနဲ့ ရုပ်ရှင်ဗီဒီယို မရိုက်တော့ဘူးလို့ တရားဝင်ပြောလာတဲ့ အပေါ် အားလုံးသိချင်တာက why တဲ့။
ဝိုင်း ။ ကျွန်တော် မရိုက်ချင်တော့တာ။ လူဆိုတာက ကိုယ်လုပ်တဲ့ အလုပ်၊ ကိုယ်နဲ့အတူတွဲလုပ်တဲ့ သူအပေါ် တန်ဖိုးထားရတယ်။ ဥပမာ ကျွန်တော့်ကို လေးလေးစားစားဆက်ဆံတဲ့သူ၊ တန်ဖိုးထားတဲ့သူဆိုရင် တစ်မျိုးစဉ်းစားပေးလို့ရပါတယ်။ အခုဟာက အာဒံဧဝ အောင်မြင်တာ သက်ဆိုင်ရာက အဆင့်ဆင့်ချပေးလိုက်တာကြောင့် လို့ပြောတဲ့အခါ နောက်ကားကိုလည်း သက်ဆိုင်ရာတွေနဲ့ ရိုက်ရင် အဆင်ပြေလိမ့်မယ်ထင်တယ်။ ဝိုင်းနဲ့ ရိုက်ရင် အဆင်ပြေမှာ မဟုတ်ဘူးထင်လို့ မရိုက်တာလို့ ရှင်းရှင်းလင်းလင်းပဲ ပြောပါရစေ။ အဲဒီစကားတစ်ခွန်းကို လုံးဝမကျေနပ်ပါဘူး။

သတင်းက နည်းနည်း နားရှုပ်ရင် ရှုပ်နေလိမ့်မယ် ဗျာ။ ကျွန်တော်နားလည်သလောက်လေး ရှင်းပြပေးမယ်နော့။ အာဒံဧဝ ရုပ်ရှင် အကယ်ဒမီရတော့ ထုတ်လုပ်ရေးပိုင်ရှင်အနေနဲ့ ခင်စန္ဒာမြင့် က ဆုကိုလက်ခံ ရယူပါတယ်။ အဲဒီမှာ ပြောသွားတဲ့ ကျေးဇူးတင်စကားကို စိတ်ဒဏ်ရာရနေတဲ့ ဒါရိုက်တာဝိုင်း က ဖီလင်ဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ လမ်းခွဲတယ်ပေါ့ဗျာ။ ဝိုင်းနေရာကနေလည်း ဝင်ခံစားပေးလို့ရပါတယ်။ အဲဒီလို လမ်းခွဲတာနဲ့ ပတ်သက်လို့ ကုမ္ပဏီပိုင်ရှင် တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကလည်း ဒီလိုပြောပါတယ်တဲ့ဗျာ။

ကျွန်တော်ဘာမှ မပြောချင်တော့ပါဘူးဗျာ။ ကျွန်တော်က အငယ်ပဲ။ ချစ်စကို ရှည်စေ၊ မုန်းစကိုတိုစေ ဆိုတဲ့ စကားရှိတယ်မဟုတ်လား။ ပြီးတော့ နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့ စကားလည်း ရှိသေးတယ်လေ

စိတ်မကောင်းစရာပေါ့ဗျာ။ ညီညီညွတ်ညွတ်ရှိနေတဲ့ စုစည်းမှုတစ်ခု ဟန်ချက်ပျက်သွားတဲ့ သဘောပေါ့။ ရုပ်ရှင်လောကသားတွေအတွက် သင်ခန်းစာယူစရာပေါ့ ကျောင်းဒကာ။
🙁

ဓါတ်ရောင်ခြည်ကုသစက်နှစ်လုံး ဝယ်ယူရန် အစီအစဉ်ရှိ (Voice)

ဘာဆန်းလို့လဲ လို့ ခင်ဗျားမေးတော့မယ်မဟုတ်လား။ ဟင်း…ဟင်း… ဆန်းတာလေး ပြောပြမယ်… နားထောင်။
လူဦးရေ သန်း ၆ဝ လောက် မှီတင်း နေထိုင်နေတဲ့ ကျွန်တော်တို့ မြန်မာပြည်ကြီးမှာ ကျန်းမာရေးဘတ်ဂျက်ကို ဘယ်လောက် အရေးထားသလဲ ဆိုရင် (FR ကြီးမသိစေနဲ့နော် တော်ကြာ ပို့စ်တစ်ပုဒ်နဲ့ လှမ်းထုနေဦးမယ်) ကင်ဆာရောဂါ ဓါတ်ရောင်ခြည်ကုသစက် ဘယ်နှစ်လုံး ရှိတယ်ထင်ပါသလဲ။ အင်း ကျွန်တော်လည်း မသိဘူးဗျ။ ဒါပေမယ့် ကုသလို့ရတဲ့ နေရာ သုံးခု တိတိရှိတာကိုတော့ ခင်ဗျားကို ပြောပြလို့ ရပါတယ်။ ကျောင်းသားတွေ စာဖတ်သလိုဖတ်ဗျာ။
၎င်းတို့မှာ ၁။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ၂။ မန္တလေး ပြည်သူ့ဆေးရုံကြီး၊ ၃။ တောင်ကြီး စပ်စံထွန်းဆေးရုံကြီးတို့ ဖြစ်ကြပါသည်။
တော်တော်များတယ်ဗျာ။ သေချာ အာရုံစိုက်ပြီး အလွတ်ကျက်ထားနော်။ သူများမေးရင်လည်း ဖြေရတာပေါ့။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာတဲ့ ဓါတ်ရောင်ခြည်ကုသစက် စုစုပေါင်း ၄ လုံးရှိပြီး ၂ လုံးမှာ ပျက်စီးနေကာ အင်အားကျ စက်ဟောင်းတစ်လုံးနှင့် စက်အသစ်တစ်လုံးတို့ဖြင့် ကုသနေရကြောင်း အဆိုပါဌာနထံမှ သိရှိရသည်တဲ့။
အမျိုးသမီးတစ်ဦးရဲ့ ဒုက္ခကိုလည်း ကြည့်ဦး။
ရင်သားကင်ဆာ ဓါတ်ကင်ဖို့ စာရင်းပေးပြီး စောင့်တာ ၆ လလောက်ကြာတယ်
တဲ့။ ကဲ ကျောင်းဒကာ။ ဒီကြားထဲ ကင်ဆာမဖြစ်အောင် ကျန်းမာရေးဂရုစိုက်ဗျာ။ အစားအသောက်တွေလည်း ဆင်ခြင်ဦးဗျ။ စက်အသစ်ကြီး နှစ်လုံးရောက်လာတဲ့အခါကျတော့လည်းကင်ဆာဖြစ်ချင်လည်း ဖြစ်ပါစေပေါ့။ဘာအရေးလဲ။ :mrgreen:

(၅) ကျပ်တစ်သောင်းတန်ငွေစက္ကူ လတ်တလော မဖြစ်နိုင် (Voice)

ကျပ်တစ်သောင်းတန်ငွေစက္ကူများ ထုတ်ဝေလိမ့်မည်ဆိုသော ကောလာဟာလ သတင်းမှာ လတ်တလောတွင် မဖြစ်နိုင်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြန်ကြားရေးတာဝန်ခံ ဦးမင်းထွဋ်က The Voice Weekly ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်တဲ့ ခင်ဗျာ။

ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ မသမာဖြေဆိုသူများကို စာဖြေခွင့်သုံးနှစ်ပယ်မည် (Voice)

အင်း ဒီသတင်းကလည်း အဆန်းဗျ။ သံဃာတော်တွေ ဖြေဆိုတဲ့ စာမေးပွဲမှာ မသမာဖြေဆိုသူများ ဆိုတာက ခိုးချဖြေဆိုတာကို ပြောတာနဲ့တူပါတယ်။ သံဃာတော်တွေကလည်း ခိုးချကြတယ်တဲ့လား။ အို ဒါမျိုးကြီးလည်း ဖြစ်တတ်ပါတယ်ဗျာ။ :mrgreen:

အမေရိကန် နိုင်ငံ၏ အတန်းအလိုက် သင့်တော်သောလိင်ပညာရေး သင်ကြားပေးရေး မူဝါဒအချိ့ (Education Degest)

နားနဲ့မနာ ဖဝါးနဲ့နာပါ ကျောင်းဒကာ။
သူကြီးတို့အမေရိကန် မှာတဲ့ Grade Eight ပြီးချိန်တွင် ကလေးများအနေဖြင့် လိင်ဆက်ဆံခြင်းအကြောင်း တိတိကျကျ သိပြီးဖြစ်ရမည်တဲ့။ လိင်ဆက်ဆံခြင်းနှင့် ကိုယ်ဝန်ရှိခြင်း ဆက်စပ်ပုံများ၊ လိင်ဆက်ဆံခြင်းကြောင့် လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများဖြစ်ပွားနိုင်ပုံ၊ မှန်ကန်၍ အန္တရယ်ကင်းသော လိင်ဆက်ဆံနည်းဟူသည် အဘယ်နည်း စတာတွေကို သိပြီးဖြစ်ရပါမယ်တဲ့။
ရှစ်တန်းအောင်ချိန်မှာကတည်းက သိနေရမှာနော်။ အော် တိတိကျကျ သိပြီး ဖြစ်ရပါမယ်ဆို။ ဟုတ်မဟုတ်ကတော့ သူကြီးသာ မေးကြည့်တော့ဗျာ။ သင့်တော်တယ် မသင့်တော်ဘူး ငြင်းကြခုန်ကြပေဦးပေါ့ဗျာ။
တစ်ခုတော့ ပြင်ဆင်ထားရမယ် ဗျို့။ ကျွန်တော်တို့ ခင်ဗျားတို့သားသမီးတွေအတွက်လည်း မြန်မာပြည်မှာ လိင်ပညာရေး မကြာမီ လာမည်လို့ ထင်ရပါတယ်ဗျာ။ တော်ကြာ ဖက်တီးကက်ပြောသလို ကိုယ့်သမီးက သူ့ကောင်လေး အိမ်ခေါ်လာပြီးအိပ်နေမှ ဒေါသမကြီးနဲ့ ကျောင်းဒကာ။ စိတ်လျှော့ စိတ်လျှော့။
:mrgreen:

မန်းမြို့တော်ဝန် ပြောင်းပြီ (Pupular News)

ကဲ ကိုပေတို့ ကိုပေါက်တို့ မယ်ပုချ်တို့ ရဲ့ ပေါက်ပေပု အသင်းကြီး အခြေစိုက်ရာ မန္တလေးရွှေမြို့တော်ကြီးကတော့ မြို့တော်ဝန် အပြောင်းအလဲ ဖြစ်သွားခဲ့ပါသတဲ့ ဗျာ။ ဦးဖုန်းဇော်ဟန်နေရာမှာ အစားဝင်ပြီး စံစားမယ့် ပုဂ္ဂိုလ်ကြီးကတော့ ဦးအောင်မောင်းပါတဲ့ ကျောင်းဒကာ။ သူကလည်း ခေသူတော့မဟုတ်ဘူးခင်ဗျ။ မန္တလေးတိုင်းဒေသကြီး ရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး အဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး မန္တလေးတက္ကသိုလ်ရဲ့ ပါမောက္ခဟောင်း ဖြစ်ပါတယ်တဲ့။ မန္တလေးရဲ့ အနာဂတ် ဦးအောင်မောင်းကြီးလက်ထဲမှာ သာသာယာယာ ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ပေါက်ပေပု အသင်းဝင်တွေကလည်း ကိုအောင်မောင်းကြီး ပြောပြန်ရင် လွန်အောင်မလုပ်ကျပါနဲ့ ကွယ်တို့…။ :mrgreen:

သခင်ဗဟိန်းအုတ်ဂူကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုပေးရန် မန်းမြို့မိ မြို့ဖများကို မင်းကိုနိုင်တိုက်တွန်း (Popular News)

မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမည် ဟု ကြွေးကြော်ခဲ့သူ သခင်ဗဟိန်း အုတ်ဂူအား မထင်မရှားနေရာမှ မန်းအာဇာနည် ၁ရ ဦးကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးကြရန် လှိုက်လှိုက်လှဲလှဲ တောင်းဆိုချက်ကို မန်းမြို့မိမြို့ဖများက ၈၈ ကျောင်းသားများအား ကြိုဆိုနှုတ်ဆက်ပွဲတွင် ပြောခဲ့ပါတယ်တဲ့ ခင်ဗျာ။
ကဲ ကိုပေါက်ကြီးရေ။ သခင်ဗဟိန်း ကြီးကို ဘယ်နေရာမှာ အုတ်ဂူလုပ်ထားတယ်ဆိုတာလေး ရိုက်ချက်လေးတွေနဲ့ တင်ပြပေးပါဦးလို့ ပွဲတောင်းလိုက်ပါတယ်ဗျာ။ အင်း…အာဇာနည် အာဇာနည်… အော် ဘာမှမဟုတ်တော့ပါဘူးဗျာ။
:mrgreen:

မာရီကိုဗင် အမြှောက်ဆန်ထိမှန်၍ သေဆုံး (Popular News)

ဒါကတော့ ဂီဂီ့ ပို့စ်ကြောင့် အားလုံးသိပြီးဖြစ်ပေမယ့် သတင်းလေးကိုတော့ ဖေါ်ပြပေးလိုက်ပါရစေခင်ဗျာ။ ပို လေးနက်သွားအောင်ရယ်ပါ။
အများလေးစားခဲ့ကြသော Sunday Times သတင်းစာကြီး၏ သတင်းထောက် မာရီကိုဗင် (Marie Colvin) နှင့် ဓါတ်ပုံဆုရ သတင်းထောက် ရင်မီအော့လစ် (Remi Ochlik) တို့ နှစ်ဦးသည် ဆီးရီးယားနိုင်ငံ Baba Amr ခရိုင်မီဒီယာစင်တာတစ်ခုတွင် အမြောက်ဆန်ထိမှန်၍ သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
မာရီကိုဗင်သည် အသက် (၅၀) ရှိပြီး Sunday Times သတင်းစာကြီးတွင် နှစ်ပေါင်း ၂ဝ မျှ အမှုထမ်းခဲ့ပြီး များစွာသော စစ်မက် ဖြစ်ပွားရာဒေသများသို့ စွန့်စား၍ သွားရောက်သတင်းယူခဲ့သူ အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်သည်။ သီရိလင်္ကာနိုင်ငံအတွင်း ၂၀၀၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်သတင်းယူစဉ်ကာလက အမြောက်ဆန်မှန်၍ မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရသည်။
မစ္စတာအော့လစ်မှာ အသက် ၂၈ နှစ်အရွယ်ရှိပြီး ဟေတီနိုင်ငံသတင်းထောက်ဖြစ်ကာ မကြာမီကာလများက ဖြစ်ပျက်ခဲ့သော အာရပ်ကမ္ဘာ၏ မငြိမ်သက်မှုသတင်းများကို ရယူပေးပို့နေသူဖြစ်သည်။
မာရီကိုဗင် မသေဆုံးမီ နာရီပိုင်းအလိုတွင် ပေးပို့ခဲ့သော အသံဖိုင်တစ်ခုတွင်

“ဒီကနေ့ ကျွန်မအခု ကလေးငယ်တစ်ဦး သေနေတာတွေ့နေရတယ်။ အမြောက်ဆန်ထိပြီး အသက်ဆုံးရှုံးတာလို့ ဆရာဝန်ကပြောပါတယ်။ ဒါမျိုးတွေ အများကြီး ဆက်ဖြစ်နေဦးမှာပဲ။ အမြောက်ဆန်တွေ တဖွဲဖွဲကျရောက်ပေါက်ကွဲနေတဲ့ ဧရိယာတွေမှာ အရပ်သားတွေ ၂၈၀၀ဝ လောက် ပိတ်မိနေတယ်။ ဒါကို အစိုးရကပေးမထွက်ဘူး”

ဟူ၍ ဖြစ်သည်။
ကဲ ကျွန်တော်တို့ ရွာသူရွာသားတွေ စွန့်စွန့်စားစား သတင်းယူရင်း ကျဆုံးသွားခဲ့တဲ့ မာရီကိုဗင် နဲ့ ရင်မီအော့လစ်တို့ကို အလေးပြုလိုက်ကြရအောင်ပါ။
ကောင်းရာ သုဂတိ လားပါစေ ဗျာ။ 🙁

ဗဟုသုတ

ကဲ ဒီတစ်ပတ် ဗဟုသုတ ရဖို့အတွက်ကတော့ သဘက်ခါမှာ ကျရောက်တော့မယ့် တောင်သူလယ်သမားနေ့ ကို ကြိုဆိုသောအားဖြင့် တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာပုံ ရာဇဝင်လေးကို ဖေါ်ပြပေးထားပါတယ်။ စိတ်ဝင်စားသူတွေဖတ်ကြည့်ကြဖို့ပါ။

တောင်သူလယ်သမားနေ့

မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ် ပုဂံခေတ်မတိုင်မီကတည်းကစ၍ နှစ်ပေါင်းထောင်ချီ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသားအများစုမှာ တောင်သူလယ်သမား သို့မဟုတ် လယ်ယာကဏ္ဍ အမှီပြု၍ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးကြသူများဖြစ်ပေရာ ခေတ်အဆက်ဆက် အစိုးရများနှင့် နိုင်ငံရေးသမားတို့အတွက် အရေးပါသော လူတန်းစားတစ်ရပ် ဖြစ်နေသည်။

သမိုင်းနောက်ခံ
ပဒေသရာဇ်ခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားတို့၏ အသက်မွေးမှုမှာ ကြီးမားသည့် အပြောင်းအလဲမရှိဘဲ တည်ငြိမ်အေးချမ်းခဲ့သော်လည်း အောက်မြန်မာနိုင်ငံကို နယ်ချဲ့တို့ စစ်နှစ်ကြိမ်ပြု သိမ်းပိုက်ပြီးသောအခါတွင် တောင်သူလယ်သမားတို့ဘဝမှာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာသည်။
၁၈၆၉ ခုနှစ်တွင် ဆူးဆက်တူးမြောင်း ဖွင့်လှစ်နိုင်ခဲ့သဖြင့် အရှေ့နှင့်အနောက် ဆက်ဆံရေးမှာ ပိုမိုပွင့်လင်း လွယ်ကူလာသည်။ ယင်းကြောင့် ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သည့် အောက်မြန်မာနိုင်ငံမှ ဆန်စပါးကို ပြည်ပတင်ပို့ရန် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ အထက်မြန်မာနိုင်ငံမှ တောင်သူလယ်သမားများ အောက်မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြသည်။
ဆန်စပါးစိုက်ပျိုးမှုအခြေအနေ ကောင်းလာသောအခါတွင် အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံ မြေခွန်တော်လက်စွဲနှင့် မြေနှင့် အခွန်တော်ဥပဒေကို ပြဋ္ဌာန်းကာ ကုန်သည်များအကျိုးကို ဆောင်ရွက်ခဲ့သည်။ ၁၈၈၆ ခုနှစ် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်တွင် ယင်းဥပဒေကိုပင် ဆက်လက်ပြဋ္ဌာန်းခဲ့သည်။
လယ်ယာလုပ်ငန်း တိုးတက်စေရန် မြန်မာတစ်နိုင်ငံလုံးရှိ မြေများကို
1. ဂရန်မြေ (အပိုင်စာချုပ်မြေ)
2. အငှားစာချုပ်မြေ
3. ယာယီလုပ်ခွင့်ရမြေ
4. မြေနုကျွန်းမြေ
5. နယ်သစ်ဖွင့်ဒေသမြေ ဟူ၍ ခွဲခြားသတ်မှတ်ပေးခဲ့သည်။
ယင်းကြောင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်သူ အဆမတန် များပြားလာပြီး မြေလွတ်မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ လယ်ယာသစ်များ ဖော်ထုတ်လုပ်ကိုင်လာကြသည်။
ယင်းကြောင့် အင်္ဂလိပ်အရင်းရှင်တို့၏ စီးပွားရေး ဖွံ့ဖြိုးလာသော်လည်း ဒေသခံတောင်သူလယ်သမားများဖြစ်သည့် မြန်မာကျေးလက်နေ လူတန်းစားများ၏ ဘဝမှာ လုပ်ငန်းမကျွမ်းကျင်မှု၊ အရင်းအနှီးမရှိမှု၊ အသိပညာအားနည်းမှုတို့ကြောင့် အကြွေးပတ်လည်ဝိုင်းကာ နောက်ဆုံးတွင် လယ်မြေများ ချစ်တီးတို့ထံ ပေးအပ်ခဲ့ရသည်။
၁၉၃ဝ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသောအခါတွင် မြန်မာလယ်သမားအများစုမှာ လယ်ယာမဲ့ဘဝသို့ ရောက်ရှိသွားကြရာမှ ဆက်လက်သည်းမခံနိုင်ကြတော့သဖြင့် ၁၉၃ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့သမိုင်းတွင် ထင်ရှားသော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။
ယင်းအရေးတော်ပုံကို ဆရာစံက “သုပဏကဂဠုန်ရာဇာ” ဘွဲ့ခံယူကာ သာယာဝတီနယ် အလံတောင်တွင် စခန်းချ၍ အရေးတော်ပုံကို ခေါင်းဆောင်ခဲ့သည်။
အင်္ဂလိပ်တို့က ယင်းအရေးတော်ပုံကို သုံးနှစ်နီးပါးခန့် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရပြီး ဆရာစံနှင့် ခေါင်းဆောင်များကို ဖမ်းဆီးကွပ်မျက်ခဲ့သဖြင့် တောင်သူလယ်သမား အရေးတော်ပုံ ရပ်နားသွားသော်လည်း ယင်းအရေးတော်ပုံကြောင့် မြန်မာနိုင်ငံသားများစိတ်တွင် တော်လှန်ရေးစိတ်ဓာတ်များ နိုးကြားလာခဲ့သည်။
နယ်ချဲ့လက်အောက်တွင် တောင်သူလယ်သမားတို့၏ ဘဝမှာ အောက်ကျနောက်ကျဖြင့် နေထိုင်ခဲ့ရသည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရကာ ဖဆပလအစိုးရက အုပ်ချုပ်ခဲ့သည်။
လွတ်လပ်ရေးရလျှင်ရချင်း ၁၉၄၈ ခုနှစ်တွင်ပင် ဖ.ဆ.ပ.လ အစိုးရက လယ်ယာအလုပ်သမား အနည်းဆုံးလုပ်ခကြေးငွေ ဥပဒေနှင့် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေတို့ကို ပြဋ္ဌာန်းပေးကာ လယ်သမားတို့၏ ဘဝကို မြှင့်တင်နိုင်ရေး အစီအစဉ်များ ချမှတ်လုပ်ဆောင်ခဲ့သော်လည်း လက်တွေ့တွင် ထူးခြားတိုးတက်မှု မရှိခဲ့ပေ။
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာ ရယူခဲ့သည့်နောက်ပိုင်း တောင်သူလယ်သမားဘဝ မြင့်မားစေရေးဟူသည့် ရည်ရွယ်ချက်ဖြင့် ၁၉၆၃ ခုနှစ် မတ်လတွင် သီးစားချထားရေးဥပဒေ၊ သီးစားချထားရေးနည်းဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေများ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း လက်တွေ့အောင်မြင်မှုမရှိ၍ ၁၉၆၅ ခုနှစ်တွင် ၁၉၆၃ သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့် ၁၉၆၅ သီးစားချထားရေးဥပဒေကို ထပ်မံထုတ်ပြန်ပေးခဲ့ပြီး တစ်ဧက ချေးငွေနှုန်းထားကိုလည်း ရှစ်ဆအထိ တိုးမြှင့်ပေးခဲ့သည်။ သို့သော် အခြားမူဝါဒအမှားများကြောင့် စိုက်ပျိုးထုတ်လုပ်မှုကျဆင်းခဲ့ပြီး တာဝန်ကျေစပါး ထုတ်လုပ်သည့်အဆင့် ရောက်ရှိခဲ့သည်။

ပေါ်ပေါက်လာပုံ

တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး တော်လှန်ရေးကောင်စီ၏ ဝါဒသဘောထားကို ၁၉၆၂ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ထိုဝါဒသဘောထား ကြေညာချက်တွင် တောင်သူလယ်သမား၊ အလုပ်သမားများ ခေါင်းပုံဖြတ်ခံဘဝမှ လွတ်မြောက်စေရန် ရည်ရွယ်၍ ဆိုရှယ်လစ်လောကသစ်ကို တောင်သူလယ်သမား၊ အလုပ်သမားတို့အင်အားဖြင့် တည်ဆောက်မည်ဟု ပါရှိသည်။
ယင်းရည်ရွယ်ချက်ဖြင့် လယ်ယာလုပ်ငန်းများအတွက် ဥပဒေ၊ နည်းဥပဒေများ ချမှတ်ပေးခြင်း၊ မြေရှင်စနစ်ဖျက်သိမ်းပေးခြင်း စသဖြင့် လုပ်ဆောင်ပေးခဲ့သည်။
တစ်ဖန် တောင်သူလယ်သမားထုအတွင်း စည်းလုံးညီညွတ်မှုရရှိစေရန်အတွက် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနှင့် တောင်သူလယ်သမားနေ့ အခမ်းအနားများကို ကျင်းပပေးခဲ့ရာမှ တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

အထိမ်းအမှတ်ပွဲများ ကျင်းပ

တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကစ၍ နှစ်စဉ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်ကြသော်လည်း ၁၉၆၄ တွင် ကျင်းပသော တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီးတွင် တက်ရောက်လာသော ကိုယ်စားလှယ်များက ဇန်နဝါရီလမှာ တောင်သူလယ်သမားများ၏ လယ်ယာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေခြင်း၊ အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသကဲ့သို့ ဖြစ်နေခြင်းတို့ကြောင့် တောင်သူလယ်သမားနေ့ကို တော်လှန်ရေးကောင်စီ စတင်အာဏာရယူသည့် မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပသင့်ကြောင်း တင်ပြရာမှ ၁၉၆၅ ခုနှစ်မှစ၍ တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။
မတ်လ ၂ ရက်နေ့ရောက်လျှင် တောင်သူလယ်သမားနေ့ အခမ်းအနားကို အစိုးရက ဦးဆောင်၍ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပလေ့ရှိခဲ့သည်။

ကိုးကား
1. The Voice Weekly ဂျာနယ်၊ အတွဲ (၆) အမှတ် (၁၇)၊ Monday, March 1-7, 2010 စာမျက်နှာ – အချပ်ပို(a)

မူရင်း https://sites.google.com/site/myanmarsite1/home/ta/taungth မှ ကူးယူ ဖေါ်ပြပါသည်။

ဒီတစ်ပတ် ဓါတ်ပုံ ကဏ္ဍမှာတော့ စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းအဟောင်းတွေထဲက ကာတွန်းလေးတွေကို ဓါတ်ပုံရိုက်ပြီး ဖေါ်ပြပေးလိုက်ပါတယ်။
သူကြီးတို့ ကိုနေးချားတို့ ကိုကြီးမိုက်တို့ ကိုကိုသန်ဒါတို့ မမတို့ အန်တီဝေ တို့လို စက်မှုကျောင်းသားဟောင်းတွေ အတွက် အလွမ်းပြေပေါ့ဗျာ။

ကာတွန်းဂျိုကာရဲ့ ကာတွန်း တစ်ကွက်။
ကာတွန်းကျီးကန်း ရဲ့ ကာတွန်းတစ်ကွက်။

ကာတွန်း ဂွရှည် ။
လေချူ ရဲ့ ကာတွန်း။
ဆရာအော်ပီကျယ်ရဲ့ ကျောင်းသားဘဝ လက်ရာ။

43 comments

  • Moe Z

    February 29, 2012 at 1:54 pm

    ဘဘဘလက်ရေ ၅ကျပ်တန်ကာတွန်းလေးသဘောကျတယ်ဗျို့ .. 😀
    ဪ .. ဟိုအကိုကြီးတွေအတွက် ဘဘဘလက်ဦးစီးပြီး ဂေဇက်ဖူးစာဖက်ရှာဖွေရေး အေဂျင်စီဖွင့်ရင်ကောင်းမလား 😛
    တောင်သူလယ်သမားနေ့ဖြစ်ပေါ်လာပုံ ဒီတေးလ်က စာအုပ်ထဲမှာကျန်ခဲ့ပြီ
    ပြန်မှတ်သားသွားပါတယ်
    သတင်းတွေရော ဗဟုသုတရောစုံလင်တဲ့ ချိုပေါ့ကျ ၃ ကို အားပေးပါ၏

  • kyeemite

    February 29, 2012 at 3:23 pm

    ကိုဘလက်ကိုတော့တကယ်ကိုချီးကျူးပါတယ်ဗျာ…စာတွေဖတ်နိုင်တင်နိုင်လွန်းလို့..
    ဗဟုသုတလည်းရ..ချိုပေါ့ကျလေးလည်းသောက်ရ….ကိုထီးသီချင်းလေးနဲ့စပြီး..
    ကိုကိုကြီးအပါအဝင်၈၈မျိုးဆက်တွေအကြောင်းတင်ပြသွားတာကြီုက်သဗျာ…ကိုကိုကြီး
    ပြောသလို..ကိုလိုနီ နယ်ချဲ့ တိုင်းတပါးသားလက်ထက်မှာတောင်..သခင်ပေါက်စ
    ထောင်ခြောက်လ..ဘဲကျတယ်..ကိုယ့်တိုင်းရင်းသားအစိုးရကျမှ..မှန်တာတစ်ခါပြော
    ထောင်နှစ် ၆ဝ ဖြစ်တော့တယ်…RITအမှတ်တရ ကာတွန်းလေးတွေပြန်ဖတ်ရလို့ဘည်းကျေးဇူးပါဗျာ
    ကိုဘလက်တင်တဲ့ RIT အမှတ်တရ ဓါတ်ပုံပို့စ်မှာ..သဂျီးလည်းကာတွန်းဘောက်စ်မှာတင်ဘူးတယ်
    ဆိုပီးမန့်ဘူးသဗျ…ဒီကာတွန်းတွေထဲ သဂျီးလက်ရာများပါမလားသိချင်သား(သဂျီးလေသံငှားသုံးပါသည်)
    ကတွန်းတွေထဲက လေချူ ရဲ့ကာတွန်းလေး ကျွန်နော်မမေ့သေးလို့…
    ကိုဘလက်တင်တဲ့ RIT အမှတ်တရ ဓါတ်ပုံပို့စ်မှာဝင်မန့်ခဲ့ပါသေးရဲ့…
    ခြုံပီးပြောရရင်(နဲနဲတော့အိုက်သပေါ့) အားလုံကိုကြိုက်နှစ်သက်စွာအားပေးသွားပါဂျောင်း…

  • ဆူး

    February 29, 2012 at 3:30 pm

    (((စည်းကမ်းဆိုတာ စာရွက်ထဲမှာတော့ ရှိသင့်ပါတယ်။)))

    ကာတွန်းတွေ ဖတ်သွားပါသည်။

  • kyeemite

    February 29, 2012 at 3:44 pm

    ကျုပ်မှတ်မိတဲ့ ကာတွန်းက ဂွရှည်ရဲ့ကာတွန်ဗျို့ ရေးတာမွှားသွားလို့..

  • blackchaw

    February 29, 2012 at 3:47 pm

    ဂွရှည် ရဲ့ ကာတွန်းက ကိုကြီးမိုက်ကြီး ကွန်းမန့်မှာ ရေးခဲ့တဲ့ ကာတွန်းလေးပါ။
    ကိုကြီးမိုက်ကြီး နာမည် ကျန်နေခဲ့လို့ ထပ်ဖြည့်ပေးထားတယ်ဗျာ။
    ရေးရတာများလို့ ကျန်ခဲ့တာ ခွင့်လွှတ်ပေးပါဗျာ။
    😀

  • လင်းဝေ

    February 29, 2012 at 3:58 pm

    ဘုရားဒကာရေ တရားလေးနည်းနည်း ထောက်လိုက်ဦးမယ်။
    တိုက်ပွဲဖြစ်ဖြစ် ယှဉ်ပြိုင်မှုဖြစ်ဖြစ် ကစားတာပဲဖြစ်ဖြစ် အနိုင်ရဖို့ လိုတယ်။ ဦးတည်ချက်ကဘာလဲ။
    ကိုယ်လိုချင်တဲ့ ရလဒ်နဲ့ ဦးတည်ချက်ကို ရအောင်လုပ်တဲ့နေရာမှာ ထည့်တွက်သင့်တဲ့အချက်တစ်ခုက
    အထိအခိုက် အပျက်အစီးနည်းအောင် ဘယ်လိုကစားရမယ် ဘယ်လိုယှဉ်ပြိုင်ရမယ် ဘယ်လိုတိုက်ရမယ် အဲသလို အကွက်ဖော်တာကို ဗျူဟာခေါ်သဗျ။ တစ်ပြိုင်တည်းမှာပဲ ရေရှည်လမ်းကြောင်းအတွက် ကိုယ်လိုအပ်မယ့် စွမ်းအားစုတွေကို ဖြည့်ဆည်းရတယ်။ မဟုတ်ရင် ကျဆုံးဖို့များတယ်။ သို့မဟုတ် အောင်မြင်မှုအတွက် ပေးဆပ်ရတာအလွန်များသွားပြီး နှောင့်နှေးတတ်တယ်။
    risk ကို မော်ဒရိတ်လုပ်ဖို့ အကျင့်ကဝင်နေလေတော့ အဲဒီအမြင်နဲ့တရားဝင်ထောက်တာပေါ့ဗျာ။
    စကားမစပ် Insurance လုပ်ငန်းတွေပေးဖွင့်တော့မယ်ဆိုတော့ Risk Management ကျွမ်းသူများ အလုပ်ကောင်းကောင်းရမယ်ဗျား။ AAII , ACII လက်ထဲကိုင်ထားသူများ ပြည်တော်ပြန်လာရန် အချိန်ကောင်းရောက်တော့မယ်။

  • နွေဦး

    February 29, 2012 at 4:40 pm

    ” ပေါက်ပေပု အသင်းဝင်တွေကလည်း ကိုအောင်မောင်းကြီး ပြောပြန်ရင် လွန်အောင်မလုပ်ကျပါနဲ့ ကွယ်တို့…။”
    အောင်မောင်းက ပြောမှာ မဟုတ်ဘူး..
    သူက ခြေထိုးအက နဲ့ နံမယ် သိပ်ကြီးခဲ့တာ..
    အခုလဲ ဘယ်လိုခြေထိုး တော်ပြန်ပြီလဲ မသိဘူး
    နေရာကောင်းလေး ပြောင်းပြန်ပြီပေါ့။

  • koaung

    February 29, 2012 at 6:33 pm

    အရေးအသားတွေကလည်းကောင်း ကာတွန်းတွေကလဲနှစ်သက်စရာ ပြည့်စုံပါတယ်ဗျာ

  • ဘုရားဒကာရေ …
    တောင်သူလယ်သမားနေ့ အကြောင်းကို ဖတ်လိုက်ရလို့ ကျေးဇူးပါဗျို့ … ။
    အောက်က ကာတွန်းတွေထဲမှာတော့ ငါးကျပ်တန် ကာတွန်းကိုတော့ အကြိုက်ဆုံးပဲ ..
    ရည်းစား စကားပြောမှာကို စကားချီးနေတာ လိုက်တာ .. အဟီး .. လိုရင်းမရောက်ဘဲ အဓိပ္ပါယ်တွေ လွဲကုန်ရော … 😀
    အင်း .. ဘဝမှာ ဒီလိုတွေလည်း ဖြစ်တတ်ပါတယ် .. ။

    လေးစား၊ ခင်မင်စွာဖြင့်
    အံစာတုံး

  • ၈၈ မျိုးဆက်နောင်တော်တွေကို မိသားစုဘဝလေးနဲ ့ပျော်ရွှင်နေတာမြင်စေချင်ပါတယ်။
    ကျေးဇူးပါ ကိုဘလက်ချောရေ။ကာတွန်းလေးတွေ မိုက်တယ်ဗျာ။

  • htet way

    February 29, 2012 at 7:49 pm

    အားစိုက်မူ ပိုမိကောင်းမွန်လာပါတယ်
    စေတနာပိုထားတာလာတဲ့ အတွက် ကျွန်တော်လက်ဖက်ရည်တိုက်ချင်ပါတယ်

  • pooch

    February 29, 2012 at 8:13 pm

    မျက်မှန်နဲ့ စတိုင်ပင်ထုတ်တယ်ဆိုတဲ့လူက သူကြီးရုပ်နဲ့ တပုံစံထဲပဲ ကိုဘလက် မနောက်ဖူး အတည်ပြောတာ.. 😀

    ဟင်းလေးအိုး ကို အားပေးသွားပါတယ်နော်။ စုံစီနဖာမြိုင်နေတာပဲ။

  • weiwei

    February 29, 2012 at 8:18 pm

    စက်မှုတက္ကသိုလ်တက်လိုက်မိတာ ဒုတိယအရွယ်ပျောက်သွားတာတော့ကိုယ်တွေ့ဖြစ်ရပ်မှန်ပဲ ..
    ယနေ့အထိ တတိယအရွယ်ထဲတော့ ဝင်တော့မယ် စာအုပ်ပုံထဲက မထွက်ရသေးဘူး … 🙂

  • inz@ghi

    February 29, 2012 at 10:14 pm

    ဆြာအော်ပီကျယ် လက်ရာဟောင်းလေး …
    မေးစရာရှိတယ်ဗျာ…

    သမိုင်း ကိုနည်းနည်းတူးချင်လို့ပါ…
    (အော်…ရယ် … ဦးလူပေါ ကျောင်းကလည်း သမိုင်းနားမှာ မလား..)

    အရဂါးစတာ…

    အုန်းဆံကြိုး မီးစွဲ ကို တွေ့လို့ဗျို့ …
    သူတို့ကျောင်းသားဘွက … အုံးဆံကြိုး မီးစွဲ ကို
    ဆေးလိပ်မီး တို့ ဖို့ သုံးခဲ့သေးရတာလားဗျာ …???

    ကြည့်ဖူးတဲ့ ရုပ်ရှင် သူ့ကျွန်မခံပြီမှာ တီလုပ် စားသောက်ဆိုင် ဘာညာ မှာ
    အနှီ အုန်းဆံကြိုး မီးစွဲ ကို ထားပေးတာလေး တွေ့မိလို့ဗျ ….

    အော်…..ရယ်. .. မီးခြစ်ကလေးတောင် နှစ်ပေါင်း ၁၀ဝလောက်
    အင်နိုဗေးရှင်း ကင်းခဲ့ ရှာ သလားကွယ်တို့ ရယ်ပေါ့
    😀

    ဒါမှမဟုတ်လည်း တခြားတခြားသော အဓိပ္ပါယ် တခုခုနဲ့ တစုံတရာကို ရိထားလေရော့သလား..
    ကျနော်မသိ…လို့ပါဗျာ
    ပြောပြပေးကြပါဦး …

    ကျနော်လည်း ကျနော့်အသိုင်းအဝိုင်းက ..လက်ဆော့ကဗျာလေး တစ်ပုဒ် လက်ဆောင်ပေးချင်ရဲ့ ….
    အမည်မသိရှေးစာဆို ရဲ့ လက်ဘ် ထဲက ဘန့်ချ်မှာ …ကော်လက်ရှင်ပန် နဲ့ ရေးထားတဲ့လက်ရာ..
    (ဟို ကော်ရက်ရှင် ဘာဖြစ်ညာဖြစ်ဆိုတဲ့ ..စည်းကမ်းထိန်းသိမ်းရေးမှူးတွေ မလာခင် မြန်မြန်ရေးမှဗျို့….)

    ကျောင်းသားဘွ ….ဘာသာရပ်အချို့ ကျလို့ ..ဆပ်ပလီမန်ထွီ ဖြေပြီးမှအောင်ရတဲ့ ဟာသလေးကို ရေးထားတာပါ…
    (ဆပ္ပလီ အကြောင်းတော့ ဆြာမ ဂျူး စာထဲပါတာလေး မှတ်မိဦးမယ်ထင်ပါ့…) ဘာတဲ့ ….

    အဘေးက သာကီ
    အဘိုးက ဘာမထီ….
    အဖေက အာဇာနည်…
    ငါက …အဲ့ …ငါက..
    ဆပ်ပလီ …

    တဲ့ …

    လိပ်ခုံး တနေရာစီက …နောင်တော် ဆေးကျောင်းသားများရဲ့ လက်ရာလေးပါ….

    တခြားအကြောင်းတွေ မဆွေးနွေးခဲ့ပေမယ့်
    တပုဒ်လုံးအားပေးဖတ်ရှုသွားတဲ့

    ခင်တဲ့
    ဂီ

    • kai

      March 1, 2012 at 4:24 am

      အုန်းဆံကြိုး မီးစွဲကနေ.. ဆေးလိပ်မီးညှိတာ.. ကာတွန်းထဲ.. ၂ပုံတောင်ပါနေတယ်…

      ဟုတ်ပါတယ်..
      အဲဒီခေတ်က.. အဲလိုကျောင်းကန်င်တီး ဆိုင်တွေမှာ ထားထားပါတယ်..။
      ဆေးလိပ်မီးညှိဖို့ပါ..။

  • ကိုချောရေ ကိုဗဟိန်းရဲ့ ဂူ မန်းလေးမှာရှိတယ်လို့ မကြားဘူး သေးဘူး။
    ဒါပေမယ့် ဒီနေ့မနက်ခြောက်နာရီလောက် တောင်သမန်အင်းနေအထွက်သွားနှက်
    လက်ပံပင်နှက် ထန်းပင်နှက်ပြီးအပြန် သန့်ရှင်းထားတဲ့ အာဇာနည်ကုန်းမှာ
    88မျိုးဆက်က ပန်းခွေချထားတာ ရို်က်လာတယ် နက်ဖြန်နေ့လည်ကြည့်ပေတော့နော်

  • MaMa

    February 29, 2012 at 10:57 pm

    ကိုချောရေ- ချိုပေ့ါကျ ကို သောက်ပြီး အီစိမ့်သွားတာပဲ။
    ရသာစုံ လက်ဖက်ရည်ဝိုင်းလေး က အိမ်ရှင်ရဲ့ ဧည့်ဝတ်ကျေပွန်မှုကြောင့်
    စည်ကားနေပါရောလား။
    ဒါထက့် စကားစပ်ပြီးသားမို့ ပြောရဦးမယ်.. ဘယ်က ကာတွန်းတွေမျာ ရလာပါလိမ့်လို့။
    ကိုယ့်ဘော်ဒါရေးဆွဲတဲ့ ကာတွန်း တစ်ပုဒ်တောင် ပါလာသေးတယ်။
    အဲဒီထဲမှာ သဂျီးဆွဲတဲ့ ကာတွန်း မပါဘူးလို့ မပြောနိုင်ဘူး။ 😛

    • Moe Z

      March 1, 2012 at 9:10 am

      မမရေ ၅ကျပ်တန်ကာတွန်းထဲက မမလားဟင် 😛

      • MaMa

        March 1, 2012 at 8:28 pm

        မိုးစက်ရေ-
        ကိုယ်တိုင်တော့ မဟုတ်ဘူး။
        ဒါပေမယ့် အဲဒီလို တလွဲတွေးတတ်တဲ့ စိတ်ကတော့ တစ်ပုံစံတည်းပဲ။ 😉

        စတိုင်ပင်ထုတ်လို့ရတဲ့ ပိုက်ဆံ ကားဆီဖိုးမလောက်တာ သဂျီးဖြစ်ရမယ်။ 😛

  • ဦးဦးပါလေရာ

    February 29, 2012 at 11:23 pm

    “ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ မသမာဖြေဆိုသူများကို စာဖြေခွင့်သုံးနှစ်ပယ်မည် (Voice)….”

    တကယ်တော့ စာသင်သားသံဃာတွေ စာခိုးချတယ်ဆိုတာ ကိုလိုနီခေတ်ကတည်းကလုပ်ခဲ့တဲ့ ပထမပြန်စာမေးပွဲတွေကတည်းကဗျ…။

    အဲဒါကို ငယ်ငယ်က ဆရာဘုန်းကြီးကို “ ဦးပဉ္ဇင်းတွေ စာခိုးချတာ အဒိန္နာဒါနကံ မထိုက်ဘူးလားဘုရား..” လို့ မေးလျှောက်ဘူးတယ်။
    ဘုန်းကြီးက ဖတ်လက်စကျမ်းစာအုပ်အထူကြီးနဲ့ လှမ်းထုတာ ကြယ်တွေလတွေမြင်သွားတော့တာပဲ။ 😀

    (မှတ်ချက်။ ။ စာခိုးချတာ ခိုးတာမဟုတ်ပါ။ အဒိန္နာဒါနကံမထိုက်ပါ။ သာဌေယျ အကုသ်ိုလ် သာဖြစ်ပါသည်..တဲ့)

  • Foreign Resident

    March 1, 2012 at 4:54 am

    ” FR ကြီးမသိစေနဲ့နော် တော်ကြာ ပို့စ်တစ်ပုဒ်နဲ့ လှမ်းထုနေဦးမယ် ”

    ကို ဘလက် ချော ရေ
    ကို ဘလက် စာတွေကို မလွတ်တန်း ( မလွတ်တန်း ) ဖတ်ဖြစ်ပါတယ် ။
    စာတွေက ကို ဘလက် ချော ရဲ့ နာမည်အတိုင်း ၊
    ထောက်စရာ မရှိလောက်အာင် ချောမွေ့နေလို့ ၊
    Comment မပေးဖြစ်တာပါ ။

  • FattyCat

    March 1, 2012 at 10:09 am

    လက်ဘက်ရည်သောက်ရန် အင်တာနက်မရှိသောနေရာသို့ရောက်ရှိနေသောကြောင့်…
    ယခုမှသောက်လိုက်ရပါသည်…
    ဘယ်လိုပြောပြော…မည့်သည့်အချိန်…မည်သည့်နေရာတွင်သောက်သောက်အရသာရှိသော လက်ဘက်ရည်တည်း….

  • kotun winlatt

    March 1, 2012 at 10:23 am

    တယ်ကောင်းတဲ့ ချိုပေါ့ချပါလားးး
    ဦးဦးဘလက်ရေ…
    ကျေးးဇူးးဗျို့ …သတင်းတွေရော..သမိုင်းးတွေရော…
    ကာတွန်းးးတွေရော….
    အားးပေးးနေပါတယ်ခင်ဗျာ….
    ဆက်ဆွဲ ကိုယ့်ဆရာရေ……

  • amatmin

    March 1, 2012 at 10:27 am

    ထုံးစံအတိုင်း လက်မလေးထောင်ရင်း ဖတ်သွားပါတယ် ကျောင်းဒကာ ရေ… 😆

  • kyeemite

    March 1, 2012 at 2:21 pm

    မိုးZရေ..ဟုတ်တယ်ဟေ့..ရန်နိုင်၈၇..ရဲ့ကာတွန်းထဲကဟာ ရွာထဲက
    MaMa အစစ်ပါဂျာ…လစ်ပီဗျို့….

  • windtalker

    March 1, 2012 at 2:26 pm

    ခါနာရိုက်ပြီး ၊ ဗိုက်လေးလေး မျက်မှေးမှေး နဲ ့
    အရသာတွေ ရှိသွားခဲ့ကြောင်းပါ အစ်ကိုကြီး
    လေးစားပါတယ် အကိုကြီး

  • blackchaw

    March 1, 2012 at 4:43 pm

    @ မိုးစက် ;
    အမြန်ဆုံးနဲ့ ပထမဆုံးပေးတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးတင်ပါတယ် ဒေါ်မိုးစက်ခင်ဗျား။
    ငါးကျပ်တန်ကာတွန်းလေးက မမတို့ မဝေတို့ကိုများ ရည်ရွယ်ပြီး ရေးထားလေသလား။
    ရည်းဇားစကားပြောတာကိုတောင် ပိုက်ဆံလာတောင်းတယ်လို့ ထင်တတ်တဲ့
    စက်မှုကျောင်းသူတွေ အကြောင်းရေးထားတယ်လို့ နားလည်လိုက်လို့ပါ…။ :mrgreen:

    @ kyeemite ;
    အားပေးသွားတာ ကျေးဇူးတင်ပါတယ် ကိုကျီးမိုက်ရေ။
    နောက်လည်း လဖက်ရည်သောက်ကြွပါဦးနော့…။
    :mrgreen:

    @ ဆူး ;
    ကာတွန်းတွေ အားပေးသွားတယ် ဆိုတဲ့ ကွန်းမန့်လေးကိုလည်း
    ကျေးဇူးတင်ပါတယ် ခင်ဗျာ။ 😆

    @ လင်းဝေ ;
    တရားထောက်သွားတာလေး အတွက်ကျေးဇူးတင်ပါတယ် ကျောင်းဒကာ။
    မှန်ပါတယ်။ ကျောင်းဒကာပြောသလို တကယ်ကို မှန်ပေမယ့် တချို့ဟာတွေက
    လူခြင်းတွေ့မှ အခြင်းခြင်း ပြောကြဆိုကြလို့ ရမှာမျိုးကိုဗျ။
    တရားနောက် ဆက်လိုက်ကြသေးတာပေါ့ ကျောင်းဒကာရယ်။ :mrgreen:

    @ နွေဦး ;
    အားပေးသွားတာ ကျေးဇူးပါဗျာ။ 😆

    • Moe Z

      March 1, 2012 at 4:47 pm

      မိုးစက်ကတော့ နားလည်မှုလွဲတယ်လို့မထင်ဘူး
      ရူးချင်ယောင်ဆောင်တယ်လို့ပဲမြင်တယ်
      မမတို့ရေ ဟုတ်တယ်ဟုတ် ? 😀

  • blackchaw

    March 1, 2012 at 4:52 pm

    @ koaung ;
    ကွန်းမန့် တိုလေးတွေနဲ့ လိုက်အားပေးတတ်တဲ့ ကိုချိုခေါ် ကိုအောင့်ကို ကျေးဇူးတင်ပါတယ်ဗျို့။ 😆

    @ အံစာတုံး ;
    ညီလေးရေ။ အားပေးသွားတာ ကျေးဇူးပါဗျာ။ နောက်လည်း လဖက်ရည်သောက် ကြွခဲ့ပါဦးနော့…။ :mrgreen:

    @ မောင်သန်းထွဋ်ဦး ;
    ညီလေးရေ။ ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။ :mrgreen:

    @ htetvway ;
    လဖက်ရည် တိုက်ချင်တယ်ဆိုရင် ချိုပေါ့ကျလေး တိုက်ဗျာ။ :mrgreen:

    @ pooch ;
    အဲဒီကာတွန်းလေးကလည်း ခေတ်ကို ပြောနိုင်တဲ့ ကာတွန်းမျိုးပါ ပုချ်ရေ။
    လမ်းစဉ်ပါတီခေတ်က စတိုင်ပင် ရတဲ့ လူတွေက ပိုင်ရာဆိုင်ရာစားနိုင်သောက်နိုင် စီးနိုင်ကြသူတွေပဲ
    ရခဲ့ကြတယ်ဆိုတာကို ပြောပြနိုင်ခဲ့ပါတယ်။
    ဒါကြောင့် ဓါတ်ဆီဘိုးတောင် မရဘူးလို့ ပြောခဲ့တာပေါ့။
    သူကြီးကတော့ အဲဒီလို ဖေါက်ပြန်တဲ့ လူတန်းစားမဟုတ်လောက်ဘူး ထင်ပါတယ်။
    ဒီကာတွန်းတောင် သူကိုယ်တိုင် ဆွဲထားတာလားမသိ။ :mrgreen:

  • blackchaw

    March 1, 2012 at 5:05 pm

    @ weiwei ;
    ဒုတိယ အရွယ်ပျောက်သွားတယ်ဆိုတာ ဖြစ်နိုင်ပါတယ် အန်တီဝေရေ။
    ငါးကျပ်တန်ကာတွန်းထဲကလို ရည်းစားစကားပြောတာကိုတောင် မခံစားတတ်တော့ပဲ
    ထမင်းဘိုးလာတောင်းတယ်လို့ ထင်တတ်တဲ့ စက်မှုကျောင်းသူတွေရဲ့ စရိုက်ကလေးကို
    မြင်လိုက်ရလို့ပါ။ ဟီး ။ :mrgreen: :mrgreen: :mrgreen:

    @ ဂီဂီ ;
    ညီလေးရေ။ အဲဒီလို အုန်းဆံကြိုးမီးစလေးတွေကို အရေးအခင်းမတိုင်မီက
    ကွမ်းယာဆိုင်တွေတိုင်းမှာ ဆွဲထားတတ်ပါတယ်။ အခုကာတွန်းတွေကလည်း
    ၁၉၈ဝ ကျော်ကာလတွေက ကာတွန်းလေးတွေဆိုတော့ ခေတ်ကိုပြန်ပြောပြတဲ့ သဘောပါ။
    အရေးအခင်းပြီးသွားတဲ့ အထိတောင် အုန်းဆံကြိုးမီးလေးတွေ ကြိုကြားတွေ့ခဲ့ရပါသေးတယ်။
    ရိတာတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ညီလေးရေ။ :mrgreen:

    @ kai ;
    သူကြီး။ ဒီကာတွန်းတွေနဲ့ ပတ်သက်ပြီး သူကြီးသိခဲ့တာလေးတွေ နည်းနည်းပြန်ပြောပြပါဦးဗျ။
    ဘယ်ကာတွန်းကတော့ သူကြီးတို့ခေတ်က
    ဘယ်ကာတွန်းကတော့ သူကြီးဆွဲခဲ့တာ… ဟီး။ :mrgreen: :mrgreen: :mrgreen:

    @ ကိုပေါက် ;
    ကိုဘဟိန်းဂူ မန္တလေးမှာ ရှိတယ်လို့ ထင်တယ်ဗျ။
    သွားရင်းလာရင်း ရှာကြည့်ပေးပါဦးဗျာ။
    ကျွန်တော်လည်း ဘယ်နေရာလောက်မှာ ရှိတယ် ဆိုတာ ဒီမှာ စုံစမ်းပြီး
    ပြန်ပြောပေးပါ့မယ်ဗျာ။

    @ MaMa ;
    ဒီလိုပဲပေါ့ဗျာ။ တင်ပြချင်တဲ့သူဆိုတော့ ရှာဖွေရတာပေါ့။
    မမ ဘော်ဒါဆွဲတဲ့ ကာတွန်းက ဘယ်ကာတွန်းလဲဗျ။
    ငါးကျပ်တန်ကာတွန်းထဲကလို ရည်းစားစကားလာပြောတဲ့ လူတွေကို
    ထမင်းဘိုး ပေးမလွှတ်နဲ့ဦးနော့…။ :mrgreen: :mrgreen: :mrgreen:

  • blackchaw

    March 1, 2012 at 5:14 pm

    @ ကိုပါလေရာ ;
    သံဃာတော်တွေ စာကူးချတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးတာ ကျေးဇူးပါ ကိုပါလေရာရေ့။
    :mrgreen:

    @ Foreign Resident ;
    အပျော်နောက်ထားတာပါ ကို FR ရေ။
    အမှန်တော့ ကျွန်တော်တို့ တိုင်းပြည်မှာလည်း
    ကျန်းမာရေးအတွက် အသုံးပြုတဲ့ ဘတ်ဂျက် က နည်းလွန်းတယ်ဗျာ။
    ကင်ဆာဖြစ်တဲ့လူတွေမှာ ဆေးမကုပဲ ထိုင်စောင့်ရင်း အသက်ထွက်ရမလို ဖြစ်နေရတာပါ။
    😀

    @ Fatty Cat ;
    ညီလေးရေ။ သောက်လို့ ကောင်းတယ်ဆိုလို့ ဖျော်တိုက်ရကျိုးနပ်ပါတယ်ကွာ။
    စကားမစပ်။ ညီလေး ဘယ်ရောက်နေပါသလဲဗျာ။ :mrgreen:

    @ kotun winlatt ;
    ချိုပေါ့ကျ လုပ်ပါ ကိုထွန်းဝင်းလတ်ရယ်။ ချိုပေါ့တော့ မချပါရစေနဲ့။
    တစ်ပတ်ကို နှစ်ခွက်လောက်တော့ တိုက်နိုင်ဖို့ ကြိုးစားနေပါတယ် ဗျာ။
    :mrgreen:

    @ amatmin ;
    တစ်ယောက်တည်းသော ညီလေးရဲ့ တစ်ချောင်းထဲသော လက်မလေးအတွက်
    ကျေးဇူးအထူးတင်ပါတယ် ညီလေးရေ။ :mrgreen:

    @ windtalker ;
    ကွန်းမန့်လေးအတွက် ကျေးဇူးတင်ပါတယ် ကိုပေရေ။ :mrgreen:

  • nozomi

    March 1, 2012 at 5:58 pm

    ကိုချော ချိုပေ့ါကျ သောက်ဖို့ ကွန်နက်ဖျော်ကြောင့် ၁၅ မိနစ်လောက်လည်နေတဲ့ အစိမ်းလေးကို ထိုင်ကြည့်နေရတယ်

    တွေ့တော့ ဖတ်မိတယ်
    ဖတ်မိတော့ သိလာတယ်
    သိတော့ ပြောချင်ပြန်ရော
    ပြောချင်တာကို ပြောလိုက်မိရင်
    ကြပ်တယ် ဖြစ်ဦးမယ်
    မကြပ်မိအောင် မပြောတော့ဘူး ဗျာ 🙂

  • ကြောင်ကြီး

    March 2, 2012 at 10:46 am

    မြန်မာပြည်မှာလည်း လိမ်ပညာရေး ရှိထားပါတယ်။ အမေရိကန်မှာက ရှစ်တန်းရောက်မှ သင်ပေးတာ။ မြန်မာပြည်မှာ အဲဒီထက်စောတယ်။ 😆

  • blackchaw

    March 2, 2012 at 4:27 pm

    @ nozomi ;
    အော် ကျောင်းဒကာရယ်။
    မပြောမယ့်ဟာများ
    အပင်ပန်းခံပြီး ဖတ်နေရသေးတယ်…။
    နည်းနည်းလေးတော့လွဲနေပါပြီဗျာ…။
    အင်းလွဲလွဲလေးပဲ ကောင်းပါတယ် ကျောင်းဒကာ…။
    😆

    @ ကြောင်ကြီး ;
    လိမ်ပညာကတော့ သီးသန့် သင်ပေးစရာမလိုပါဘူး ကျောင်းဒကာရယ်။
    မွေးဖွားကတည်းက
    လူသားတွေရဲ့ မွေးရာပါပညာတစ်ခုဟာ
    အဲဒီ လိမ်ပညာပေါ့ ကျောင်းဒကာရယ်…။
    😆

  • ခပ် KING ကင်း

    March 2, 2012 at 4:36 pm

    တိတ်တိတ်ကလေးလာဖတ်သွားပါတယ် လက်ကလေးထောင်ရင်းနဲ့ပေါ့…
    ဒီစာဘယ်သူမှ မမြင်လောက်ဘူးထင်တယ် .. 😆

    • Khin Latt

      March 2, 2012 at 9:28 pm

      လုံးဝကို မမြင်ပါဘူး ကိုကင်းရေ။ ဖတ်လို့ ရရုံပါဘဲ။ 😀

  • Khin Latt

    March 2, 2012 at 9:26 pm

    ကိုဘချော ရေ
    တီးတိုင်းတောင် လွန်နေခဲ့ပြီ။
    နောက်ကျ ပြီး မှ ဝင်လာ အားပေး ရ တာ စောဒီးပါ။
    ထုံးစံ အတိုင်း အရသာရှိတဲ့ အရေး တွေ ကို အရသာခံ ဖတ်ခဲ့ပါတယ်။
    ထူးအိမ်သင် ကို လဲ မျက်ရည်ကျ တာထက်တောင် ပိုတဲ့ အလွမ်းနဲ့ လွမ်းသွားပါတယ်။

    “ဗိုလ်ချုပ်အောင်ဆန်း နှင့် ကိုကိုကြီး”

    ထင်တာပြော ရရင် သူတို့ ရဲ့ နှလုံးသား အရေး ကို သူတို့ ရဲ့ ခေါင်းကောင်းကောင်း နဲ့ စဉ်းစားနေကြ လို့ပါ ကိုဘချော ရေ။
    ကျွန်မ ကတော့ သူတို့ အကြောင်း ကို သူတို့ ပိုသိမှာမို့ ဝင်မဆွေးနွေး တော့ ပါဘူး။
    ဒီမှာ ကြုံတုန်း တစ်ခု ဝင်ပြောချင်သေးတယ်။
    ဖော်ဝပ် အီးမေး ထဲ မှာ ဖတ်ရတာ။
    ကိုမင်းကိုနိုင် ပြောတဲ့ စကား။ အတိအကျ တော့ မမှတ်မိ တော့ ဘူး။ သဘောက တော့
    “ဘီယာ သောက် နေတဲ့ သူတွေ ကို ကြည့်ပြီး သူ လဲ အဲဒီလို လွတ်လွတ်လပ်လပ် လမ်းဘေး မှာ ထိုင်ပြီး သောက်ချင် တယ်။ ဒါပေမဲ့ ကဲ့ရဲ့ ခံ ရမှာစိုးလို့ မလုပ်ဘူး” တဲ့။
    ဘီယာ သောက်လို့ မတင့်တယ် တာမှန်ပါတယ်။
    မတော် လစ်မစ် လွန်သွား ရင် ဖြစ်ဖြစ်၊ တစ်ခြား သောက်နေ သူတွေ နဲ့ ဖြစ်ဖြစ် ပြဿနာ ဖြစ်နိုင်စရာ အခွင့် များပါတယ်။
    အင်း …. ဒါကို အကြံပေးရရင်တော့
    လမ်းဘေး မှာ လွတ်လွတ်လပ်လပ် ထိုင်ပြီး သောက်လို့ ရတဲ့ လ္ဘက်ရည်ဆိုင် တွေ ဒီလောက်ပေါ တာ။
    အဲဒီမှာ ထိုင်သောက် ပေါ့။ 😉

    “ဓါတ်ရောင်ခြည်ကုသစက်နှစ်လုံး ဝယ်ယူရန် အစီအစဉ်ရှိ ”

    သူများ နိုင်ငံ တွေမှာ မတော်တဆ နှလုံးခုန် ရပ်သွားခဲ့ ရင် ရှော့ရိုက်ပြီး ပြန်နိုးလို့ ရအောင် အတွက် တစ်ချို့သော ရှေးဦးသူနာပြု ကိရိရာ တွေ ထဲမှာတောင် ထည့်ထားပါပြီ။
    ကျွန်မ တို့ရဲ့ ချစ်သောနိုင်ငံ ကတော့ ဘတ်ဂျက် က လဲ အားရစရာ ကောင်းလှ တာမို့ အားလုံးမှာ နောက်ကျန်နေဆဲ။ 🙁
    UK မှာ ၂၀၁၃ ဘတ်ဂျက်
    ကျန်းမာရေး ၁၇%
    ပညာရေး ၁၂%
    Welfare ၁၅%
    ပင်စင် ၁၉%
    အခြား ၃၆%

    “အမေရိကန် နိုင်ငံ၏ အတန်းအလိုက် သင့်တော်သောလိင်ပညာရေး သင်ကြားပေးရေး မူဝါဒအချိ့”

    ဒါကတော့ သူရို့ တိုင်းပြည်မှာ ဆယ်ကျော်သက် တွေ ကိုယ်ဝန်ဆောင်မှု နှုန်း တွေ မတရားတက် လာပြီကိုး။
    မကောင်းတာကို မကောင်းမှန်း သိပေမဲ့ လွတ်လပ်မှု အလွန်အကျွံ ရနေသ၍ ဒါမျိုးတွေ ဟာပိုဆိုးလာဖို့ဘဲ ရှိပါတယ်။
    ဒါကို ကျွန်မတို့ ရဲ့ ချစ်သော နိုင်ငံ ကို ပြန့်မလာဖို့ အတတ်နိုင်ဆုံး ပညာပေး တားဆီး ဖို့ လိုပါပြီ။
    ဒါဟာ ခေတ်မှီ တာမဟုတ်ပါဘူး။ လူ့အရည်အသွေး နိမ့်ကျလာတာ ဆိုတာကို သိဖို့ လိုပါတယ်။

    ကျန်တာတွေ ကတော့ ကိုယ်မသိတာတွေ များ နေသမို့ ဝင် မပါတော့ပါဘူး။
    တောင်သူလယ်သမားနေ့ ကို စာနွှေးပေးလို့ ကျေးဇူးတင်ပါတယ်။
    ကာတွန်း လေးတွေ ရဲ့ လှောင်ချက်၊ ကောင်းချက် ကတော့ မျက်နှာအကြောတွေလျှော့ သွားခြင်းပါဘဲ။
    ရီလိုက်ရတာ ဖတ်ဖတ်မောရော။ 😉

  • nature

    March 2, 2012 at 9:42 pm

    ကိုချောရေ၊ ဒီနေ့ အင်းယားလိပ်က အာစရိယပူဇော်ပွဲမှာ RIT ကာတွန်းဘောက်ကလေးတွေ့ခဲ့တယ်။ ကိုချောပြန်ရေးပြတဲ့ကာတွန်းတွေအပြင် တခြားကာတွန်းတွေလည်း အားကြီးပဲ။ အမှတ်တရပေါ့။ RIT ကျောင်းသာဟောင်းတွေ ၂နှစ်တခါ ကစင်္ကာပူမှာလုပ်တဲ့ အာစရိယပူဇော်ပွဲကို ဒီနှစ်ဒီဇင်ဘာ မှ RIT က ဩဘာလမ်းမှာလုပ်မယ်တဲ့။ RIT ကျောင်းသားတွေအတွက်တော့ တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ သတင်းကောင်းလေးတခုပါပဲ။
    အဆောင်တွေလည်းပြန်ထားတော့မယ်ပြောတယ်။ ABCDEF ဆောင်တွေက မိန်းကလေးဆောင်ဖြစ်မယ်။ Gဆောင်က ယောင်္ကျားလေးဆောင်ဖြစ်မယ်ပြောတယ်။
    ပညာရေးစံနစ်ကြီးပြန်ကောင်းလာပြီး ကျောင်းသားတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့စာသင်နိုင်ပါစေလို့ဆုတောင်းပါတယ်။

    • kai

      March 6, 2012 at 5:46 am

      ABCDEF ဆောင်တွေက မိန်းကလေးဆောင်ဖြစ်မယ်။ Gဆောင်က ယောင်္ကျားလေးဆောင်ဖြစ်မယ်ပြောတယ်။

      အရင်နဲ့.. ပြောင်းပြန်ကြီးဖြစ်နေတော့မှာပေါ့..
      အင်ဂျင်နီယာကျောင်းသူားက.. မိန်းကလေးနည်းတာလေ…
      အဲလောက်အဆောင်တွေ မလိုလောက်ဖူး…။

  • yuiio

    March 4, 2012 at 12:57 am

    အရင်က RIT ကျောင်းသားကြီးတွေကို အားကျတယ်ဗျာ။ ကျွန်တော်တို့နဲ့ ကွာပါ့ ။ ကျွန်တော်တို့ GTC တွေက ဆိုးဝါးတဲ့အစိုးရကြောင့် ဆုတ်ယုတ်သွားတဲ့ခေတ်ရဲ့ ဓါးစာခံတွေပါ။

  • Sonny

    March 4, 2012 at 9:56 pm

    ကိုဘလာက်ချောရေ..
    အလွန်ပြည်စုံသော..စိတ်ရှည်သော..analytical presentation တစ်ခုပါ
    ကိုဘလကက်ရော madam ဘလက်ရော နေကောင်းတယ်နော်
    ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

  • အရှုံးတွေနဲ့ ကျွန်တော်

    March 7, 2012 at 1:57 am

    ဦးဘလက်ချောရေ စာအရေးအသားရော၊ အတွေးအခေါ်ရောကို လေးစားအားကျမိပါတယ် ကျွန်တော်ဟာ ဦးဘလက်ရဲ့ စာတွေကို ဟိုးအရင်ကတည်းက နှစ်ခြိုက်စွာအားပေးခဲ့တဲ့သူပါ ကျွန်တော့်ကို ဂေးဇက်ရွာသားတစ်ယောက်ဖြစ်အောင် ဖြစ်ချင်လာအောင် ဆွဲဆောင်နိုင်ခဲ့တဲ့ ရွာသားသုံးယောက်ထဲမှာ ဦးဘလက်က တစ်ဦးအပါအဝင်ပါ ကျန်နှစ်ဦးကတော့ အဘဖောနဲ့ ဦးသစ်မင်းနဲ့ပေါ့ ဦးဘလက်ရဲ့ စာတွေကို စောင့်ဖတ်မယ်နော်
    အစဉ်အမြဲ လေးစားလျက်
    အရှုံးတွေနဲ့ ကျွန်တော်

Leave a Reply