အဆာပြေ..Basic Needs…(ပြန်တင်လိုက်ပါတယ်)
အတိတ်ဟောင်းကိုပြန်ပီးတူးဆွခွင့်ပြုကြပါအုန်းအရပ်ကတို့…..
တစ်နေ့သောအခါက တစ်ညနေခင်းပေါ့…ကျွန်တော်လည်းရန်ကုန်ကမိဘတွေဆီ
ပြန်လာခိုက်မင်္ဂလာဒုံ ဝါယာလက်ကားဂိတ်မှာပျင်းပျင်းရှိတာနဲ့ ကွမ်းတစ်ယာဝါးရင်း ထိုင်ငေးနေခဲ့မိတယ်…ဒီအချိန်မှာဘဲ..ကျွန်တော့အနီးမှာ တွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ… ကားစောင့်နေတဲ့ ပုံနဲ့သားအမိနှစ်ယောက်ကိုသတိပြုမိခဲ့တဲ့ အတွက်…
ဒီဘဝသရုပ်ဖေါ် ဇတ်ထုတ်ကလေးတစ်ခုဖြစ်ပေါ်လာခဲ့ရပါတယ်… ခံစားရလွန်းလို့
တတ်သလောက်မှတ်သလောက် အရေးအသားလေးနဲ့ မှတ်တမ်းတင်ခဲ့မိပါတယ်…
“အဆာပြေ”
၉၊၂၉၊၅၁၊ ဘတ်စ်ကား တစ်စီးပြီးတစ်စီးသာဝင်လာတယ်..အကိုတစ်ယောက်မပါလာဘူး…
ကြည့်ရင်းကြည့်ရင်း မစိန်မ ဝမ်းနည်းလာတယ်..ဘေးကိုကြည့်မိတော့လဲ ခုံတန်းပေါ်ထိုင်ပြီး
ဘိန်းမုန့်ကို ဝါးရင်းငိုနေတဲ့ သမီးလေး”ရတနာ”ကိုမကြည့်ရက်စရာ တွေ့ရပြန်တယ်..ဘိန်းမုန့်
က မနက်အစောကြီးကတည်းကကျန်တာမို့ တော်တော်ခြောက်နေလေတော့ သမီးခမျာ မနဲဝါး
နေပုံရပါတယ်..ဗိုက်ဆာလွန်းလို့သာ သမီးလေးက အားခဲပြီးဝါးနေတာပါ..အရသာတွေ့ပုံတော့
မပေါ်ပါဘူး..ဟော..ဟော..ပြောရင်းဆိုရင်းလေလင် ၂၉ ကားတစ်စီးဆိုက်လာပြီ အကိုတော့
ပါတန်ကောင်းပါရဲ့..ခုနစ်နာရီတောင်ခွဲလောက်ရောပေါ့..အင်း..လူတွေတော့ပြည့်ကြပ်လို့ပဲ
ဗိုက်ထဲကဆာလောင်လို့မြည်ဟည်းနေတဲ့ အသံတွေတောင် တဒင်္ဂ တိတ်သွားသလိုပဲ..အော်..
သမီးလဲ ကားသံကြားလို့ထင်ပါရဲ့..ဘိန်းမုန့်လက်ကျန်ကို အသာကိုင်ထားရင်း ကားကိုစူးစူး
စိုက်စိုက်ကြည့်နေလေရဲ့..ဟော..ဟော..ဟုတ်ပါပြီ..အစ်ကိုမှအစ်ကိုပါ..မနက်ကဝတ်သွားတဲ့
ပုဆိုးအနက်ကွက်ကလေးနဲ့ သတ္တုထမင်းချိုင့်လေးဆွဲလို့ ဆင်းလာတယ်..သမီး..ထထ.ဖေကြီး
လာပြီ..လာ.လာ.၊ အစ်ကိုပေးပေး ထမင်းချိုင့်ညီမကိုပေး..အော်..အစ်ကိုရယ်..
ဘာလို့ဒီလောက်တောင်ဒေါသကြီးနေရတာလဲ.
.ညီမ အစ်ကိုပြောတာမှတ်ထားပါတယ်..ဒီသမီးက အဆာပြေအဖေ့ကို ကားဂိတ်က သွားကြိုရအောင်ဆိုပြီး ငိုနေလို့ပါ..
‘တော်ကွာ..တော်တော့..မင်းဘာမှပြောမနေနဲ့..ငါမင်းကိုအတန်တန်ပြောတယ်..ကားဂိတ်ကိုမလာနဲ့လို့..ကြည့်စမ်း..မင်းထဘီ အဖာတစ်ရာနဲ့..ဒါငါ့ကိုစော်ကားတာ..ငါသိက္ခာမကျ ကျအောင် မင်းလုပ်တာ..လူတွေကဘာထင်မလဲ..ဒီကောင်သောက်သုံးမကျလို့ မိန်းမနဲ့ ကလေး သူတောင်းစားရုပ်ပေါက်နေတာလို့ ငါ့ကိုပြောတာ မင်းခံချင်တယ်ပေါ့..ဟုတ်လား…
မင်းမှဗိုက်ရှိတာမဟုတ်ဘူးကွ..ငါလည်းဗိုက်ဆာတာပဲ..ဆာလည်း..အိမ်ကစောင့်ပေါ့..တောက်…’
‘အစ်ကိုရယ်..မနက်က အစ်ကိုသွားတော့ ကျန်ခဲ့တဲ့ထမင်းလေးကို သမီးကို အကုန်ကျွေး
လိုက်တာပါ..လက်ထဲလဲ ငွေနှစ်ကျပ်ပဲကျန်တယ်..ဒါနဲ့ဘိန်းမုန့်၁ကျပ်ဖိုးဝယ်ပြီး ညီမအာသာဖြေလိုက်ပါတယ်..အစ်ကို့ကိုမနက်က ဘယာကျော်နှစ်ခုထဲနဲ့ ထမင်းချိုင့်ထည့်ပေး
လိုက်ရတာလည်း စိတ်မကောင်းပါဘူး..အစ်ကိုပင်ပန်းမယ်..ပိုဆာမယ်ဆိုတာ ညီမသိပါတယ် အစ်ကိုရယ်..ဒါကြောင့်ထမင်းကို သမီးအတွက်ပဲချန်ပြီး ကျန်တာအကိုု့ချိုင့်ထဲ ဖိသိပ်ထည့်ပေးလိုက်တာပါ..နေ့လည်ရောက်ပြန်တော့..သမီးကဆာပြီး.ငိုပြန်ရော..ဒါနဲ့ငါးမူးတန်ဘိန်းမုန့်နှစ်ခုထပ်ဝယ်ပြီး..သမီးကိုတစ်ခုကျွေး..တစ်ခုကိုညနေသမီးဆာလို့တောင်းရင် ကျွေးနိုင်အောင် ထားခဲ့ပါတယ်..ဒါပေမယ့်အစ်ကိုရယ်..သမီးလည်းညနေစောင်းတော့ ထမင်းစားချင်တာပေါ့ ဘိန်းမုန့်ကျန်တာကျွေးတော့လည်းမစား တအားကို ငိုနေတော့တာပဲ
ဒါနဲ့..သမီးရယ်ဖေကြီးလာရင် ထမင်းစားရမှာပါလို့ ချော့တော့..ဒါဆိုဖေကြီးကိုသွားကြိုမယ်ဆို
ပြီး ငိုပြန်ရော..ပထမတော့ အစ်ကိုမှာတဲ့ စကားကို သတိရပြီး သမီးကိုမသွားဖို့ ချော့ပါသေး
တယ်..ဒါပေမယ့် သမီးက တအားငိုတော့ သနားလွန်းတာနဲ့ သူလဲစိတ်ပြေလက်ပြောက်လေဆို
ပြီး ချော့မော့..ဘိန်းမုန့်တစ်ခုကျွေး..ကားဂိတ်လာထိုင်နေတာပါ အစ်ကို..ကားဂိတ်ရောက်မှဝင်
လာတဲ့ကားတွေကို ဖေကြီးပါလားလို့ ကြည့်ရင်းအငိုတိတ်ပြီး ဘိန်းမုန့်လေးကို ကိုက်ကိုက်စား
ရှာတာပါ..’
‘ဟေ့..တော်ကွာ..တော်..တော်…ရော့..ဒီနေ့ ငါ့လုပ်ခ ၁၅ိ/-ကျပ်..မင်းဝယ်ချင်တာသာကြည့်
ဝယ်ခဲ့..လာ…သမီး..ဖေကြီးတို့ သွားနှင့်မယ်နော်..မေကြီးထမင်းဝယ်လာလိမ့်မယ်..’
သမီးကိုကောက်ချီပြီး ထွက်သွားတဲ့ အစ်ကို့ကျောပြင်ကို တစ်လှည့်..လက်ထဲက
အစ်ကိုပေးခဲ့တဲ့ ဆယ့်ငါးကျပ်တန် ခပ်နွမ်းနွမ်းလေးကို တစ်လှည့်ကြည့်ရင်း မစိန်မ ငိုင်နေမိတယ်.
.အော်..ငါ့ကိုသာ ဆူငေါက်သွားတာ..အစ်ကို့မျက်လုံးအိမ်မှာလဲ မျက်ရည်အပြည့်နဲ့ပါလား.
.ငါဒီညနေ စါနဲ့ မနက်အစ်ကို့ ထမင်းချိုင့် အတွက် ဘာဝယ်သွားရင်ကောင်းမလဲ………
..
ကြီးမိုက်
၈၊၂၊၁၉၉၁။
တော်တော်သနားသွားကြပါသလားခင်ဗျာ…
နဲနဲလောက်ချန်ထားပေးဘို့ မေတ္တာရပ်ခံပါရစေ…
တခြားကြောင့် မဟုတ်ပါဘူး..ကြီးမိုက်(အဲ့တုံးကတော့လူလိမ်မာလေးပါ)်
ကပိုသနားစရာကောင်းနေလို့ပါ…
အင်း..
သူများကိုသာစာနာတွေးနဲ့သနားနေမိတာ…ကိုယ့်ကိုယ်ကိုပြန်ကြည့်တော့
လည်း..ထမင်းမဝတဲ့ အဆာပြေ အရာရှိငယ်တစ်ယောက်ပါ…အဲဒီတုန်းက
ကျွန်တော်က အစိုးရဋ္ဌာနမှာ ဦးစီးအရာရှိ(၁၂၅ဝကျပ်စား)တစ်ယောက်ပါ။
မိဘအိမ်ကိုမထောက်ပံ့ နိုင်တဲ့အပြင် ကိုယ်တောင်ထမင်းအနိုင်နိုင်ပါ။မိဘတွေလည်းမဝ..ကိုယ်လည်းမဝတော့
ဒီခံစားမှု့စာစုလေးကိုရေးပီး..သုံးနှစ်အကြာမှာ..ကျွန်တော်အလွန်မတန်ချစ်ခဲ့တဲ့ အလုပ်..မိဘတွေက `ငါ့သားလေးကဘယ်ဋ္ဌာနမှာအရာရှိဟဲ့´
လို့ပါတ်ဝန်းကျင်နားမခံသာတဲ့ အထိ လိုက်ကြွားခဲ့ရတဲ့..အစိုးရဋ္ဌာန ပြန်တန်းဝင်အရာရှိဘဝကို..အပြီးတိုင်စွန့်ခွါခဲ့ပါတော့တယ်….
စာရှု့သူအားလုံးကိုလေးစာခင်မင်နေတဲ့..
ကြီးမိုက်။
13 comments
water-melon
February 29, 2012 at 7:10 pm
စိတ်မကောင်းပါဘူး
အဲလိုဘဝမျိုးတွေရော အပြင်မှာဘယ်လောက်ကျန်သေးလဲဟင်
ကိုမိုက်ရေ လက်ညှိးထောင်သွားပါတယ်။
မဟာရာဇာ အံစာတုံး
February 29, 2012 at 7:20 pm
ဗြဲသီးရေ …
လက်ညိုးထောင်တာ ကိစ္စရှိဘူးဟေ့ ..
လက်ညိုးနဲ့တော့ ထိုးမိစေနဲ့နော် ……. 😀
_______________
ကိုကြီးမိုက်ရေ …
ကျနော်လည်း ဖတ်သွားတယ်ခင်ဗျ … ။
စိတ်မကောင်းစရာ အဖြစ်လေးပါလားဗျာ၊ ဟိုမိသားစု ဘဝလေးကို သနားသလို၊ အဲဒီတုန်းက ကိုကြီး ကြီးမိုက်ကိုလည်း သနား သွားပါတယ်လို့ … ။
ခင်တဲ့ .. ညီငယ် အံစာတုံး
chityimhtoo
February 29, 2012 at 7:19 pm
အင်းလူတစ်ယောက်မှာအစာအိမ်တစ်လုံးဘဲပါပေလို့ပဲနော်။ဒီအစာအိမ်တစ်လုံးတောင်ကျွန်တော်တို့
တွေတော်တော်လုံးပန်းနေကျရတယ်။
ကိုရင်မောင်
February 29, 2012 at 8:46 pm
ကြီးမိုက်ကြီးရေဘဝပေးအခြေအနေက
လူတန်းစားအမျိုးမျိုးဖြစ်ပေါ်စေတယ်မဟုတ်လား
ကိုယ့်ဘဝနဲ့နိမ့်ပါးတဲ့သူတွေကိုတွေ့တော့လဲ
စိတ်မကောင်းမိတာအမှန်ပါ
အရေးအသားအရမ်းကောင်းပါ……
ဘဝသရုပ်ဖေါ်တွေဆက်ရေးပါအုံး
အားပေးနေပါတယ်။။
unclegyi1974
February 29, 2012 at 10:12 pm
အင်းကြီးမိုက်ပြီသပါပေတယ်
ပြန်တမ်းဝင်ဖြစ်ပြီးမှမလောက်ရဖူးရယ်လို့
သူများတွေများဟောကားတစီး
ဟောတိုက်တလုံးနဲ့
ဒါတောင်ပြန်တမ်းဝင်အရာရှိအဆင့်မဟုတ်သေးဖူး
ဟေဟေ
Mလုလင်
February 29, 2012 at 10:51 pm
ပြန်တမ်းဝင် တွေမှာလဲ အဆမပြေ တဲ့လူက မပြေပါဘူး unclegyi1974 ရယ် ….။
အပြင်အလုပ် လေးနဲ့ တွဲလုပ်ပါမှ … အဆင်ပြေနိုင်တာကလား …
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 29, 2012 at 10:56 pm
သနားစရာ ဘဝသရုပ်ကို ကိုကြီးမိုက်ပီပြင်အောင်ရေးပြနိုင်ပါတယ်။
အပြင်လက်တွေ ့ဘဝတွေမှာ ဘယ်လောက်ငတ်နေကြမလဲ။အစာ
ဆင်းရဲ၊အသိပညာဆင်းရဲနဲ ့လူတွေလူတွေ သေဖို ့တွက်ထက်
အသက်ရှင်နေထိုင်နိုင်ရေး ကြိုးစားနေရလေတော့။
kyeemite
March 1, 2012 at 4:21 am
ဖြဲသီး…အံဇာမ…ကိုချစ်ရင်ထူး..ကိုရင်မောင်…unclegyi1974…Mလုလင်…မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ …တို့အားလုံးကိုကျေးဇူးပါဗျာ…ကျွန်တော်ရေးတာ တကယ့်အဖြစ်အပျက်ပါ…
ဒီလိုဘဝအမောဆို့နေသူတွေ..လောကမှာဒုနဲ့ဒေး ပါဗျာ..အခုတော့အပြောင်းအလဲတွေစနေပြီ..ပြောတာဘဲ
အဆင်ပြေလာကြမှာပါ..
Foreign Resident
March 1, 2012 at 5:24 am
ဒီ လူ့နှယ် ကိုယ်တောင် ထမင်း မဝတာ ။
မိန်းမ ကတော့ ယူလိုက်သေးတယ် ။ အခုတော့ ခလေးတစ်ယောက်ပါတိုးပြီ ။
နောက်ပြီးတော့ ညနေစာစားချိန်မှာ အိမ်ပြန်လာတယ် ဆိုကတည်းက မဟုတ်တော့တာ ၊
ငတ်နေမှတော့ ည ၁ဝ နာရီ လောက်အထိ အလုပ် နောက်တစ်ခု ဆက်လုပ်ရမှာပေါ့ ။
မိန်းမကလည်း ငတ်နေတာတောင် အလုပ်တော့ထွက်မလုပ်ပဲ ၊
လင့် လုပ်စာကို ငုတ်တုတ် ထိုင်စားတယ် ။ အံ့ပါ့ ။
အဲလို လူမျိုးတွေကို သနားရလောက်အောင်တော့ ၊ အဘ အသည်း မနုလှပါဘူးကွယ် ။
သူတို့နှင့် ထိုက်တန်တဲ့ ဘဝ တွေကို ရနေတာလို့ ထင်မိတာပဲ ။
အဘ ရဲ့ အမြင်ကို အများစုကတော့ ကြိုက်မယ် မထင် ။
( အများစု ဆိုတာကလည်း ဆင်းရဲသားတွေကိုး )
ရွာသူားတွေရဲ့ အမြင်ကိုလည်း ကြားချင်ပါတယ် ။
အဘ ငယ်စဉ် ဘဝ တစ်လျှောက်လုံးမှာ ၊
အဘ ရဲ့ အဖေ နှင့် အမေ နှစ်ယောက်စလုံးဟာ ၊
နေ့စဉ် ၊ မနက် ရ နာရီ ကနေ ည ၉ နာရီ ( အစောဆုံး ) အထိ
နေ့စဉ် ၊ အလုပ်လုပ်ခဲ့ကြပါတယ် ။
ဒါတောင် ဆင်းရဲနေလို့ ၊ ငတ်နေလို့ မဟုတ်ဘူးနော် ။
kyeemite
March 1, 2012 at 6:25 am
အဘFR ရေ..အဘ ရဲ့ အတွေးနဲ့ အယူအဆလေးကိုလက်ခံပါတယ်ဗျာ..အမှန်တကယ်ကို
မြန်မာပြည်ကလူတွေ အဘပြောသလိုကျိုးစား ရုန်းကန်ချင်စိတ်နဲ့ အလုပ်လုပ်ကြမယ်ဆိုရင်
တိုင်းပြည်ဟာ ဒီနေ့အခြေအနေလိုဖြစ်မနေဘူးပေါ့အဘရာ..အခုတော့ပါတ်ဝန်းကျင်မှာ
မြင်တွေ့နေရတာက..အဘလိုအတွေးအခေါ်ရှိတဲ့လူတွေမဟုတ်ဘူးဗျ…
မိန်းမယူ ကလေးမွေးထားပီး အလုပ်လုံးဝလုပ်ဘို့မကျိုးစားဘဲ…မိန်းမထဘီနားခိုစား
နေသူတွေတောင်တွေ့နေရပါရဲ့..အဲဒီလို လူ့အန္တတွေကြောင့်..သူတို့ကိုမှီခိုနေရတဲ့
မိသားစုတွေခမျာ..ပညာသင်ချိန် ပညာမသင်ရနိုင်ဘဲ..စါးပွဲထိုးလုပ် ပလပ်စတိတ်ကောက်
အရွယ်နဲ့မမျှအောင်ဒုက္ခခံနေကြရတာ ဝမ်းနည်းဘွယ်ရာတွေ့နေရတာပါဘဲ…
ဘာဘဲပြောပြောပါ..အဘရဲ့ အပြုသဘောဆောင်ပီး ကျွန်တော်တို့နိုင်ငံသားအား
လုံးပြုပြင်သင့်တဲ့အချက်လေးကို မတူတဲ့ အမြင်နဲ့မန့်ပေးတဲ့အတွက်
ကျေးဇူးအထူးတလည်တင်ရှိပါကြောင်းပါ။
weiwei
March 1, 2012 at 9:49 am
အခုတော့ ပြန်တမ်းဝင်အရာရှိလစာက တစ်သိန်းကျပ်တိတိ …
ငွေတစ်သိန်းကို တစ်လစာ လောက်ငအောင်သုံးဖို့ စီမံရတာ နိုင်ငံတော် သမတကြီးတိုင်း့ပြည်ကို အုပ်ချုပ်ရသလောက်ကို ဦးနှောက်စားပါတယ် … 🙂
eipu
March 1, 2012 at 11:52 am
သနားစရာ ဘဝလေးပါ။
အခုလက်ရှိ အခြေအနေမှာတောင် အလုပ်ထွက်လုပ်နေနဲ့ နေ့စားမိဘနှစ်ပါးကို အိမ်မှာစောင့်နေတဲ့ သားသမီးတွေ ရှိနေဆဲနော်။ မိဘပြန်လာမှ ဈေးဝယ် ချက်ကြရင်းနဲ့ တနေ့တာကို ဖြတ်သန်းကြရတယ်။
kyeemite
March 1, 2012 at 1:27 pm
အမှန်ပေါ့ အိပုရယ်…တိုင်းပြည်ကြီးအမြန်ဆုံးသာယာဝပြောပါစေလို့
သာဆုတောင်းရမှာဘဲ..
မဝေခင်ဗျား အဲဒီတုံးကလည်းမလောက်ငှခဲ့သလို
ခုလည်းသူငယ်ချင်းတွေ မလောက်မငှနဲ့စခန်းသွားနေ
ကြတာတွေ့နေရပါတယ်..ခံစားနားလည်ပေးလို့ ကျေးဇူးပါ..