“အက်ဆေး (သို့) ရသစာတမ်းအကြာင်း”

အက်ဆေးဆိုတာ ဘာလဲဆိုပြိးတော့ မေးခွန်းထုတ်လိုက်ရင် လူအများစုက စာစီစာကုံးလို့ မြန်မာလို ပြန်ပြီ ဖြေကြလိမ့်မယ်။ ဒီအဖြေက မမှန်ဘူးလားဆိုတော့ အနည်းအကျဉ်းတော့ မှန်ပါတယ်။ ဒါပေမဲ့ တကယ့်အဖြေမှန်လား ဆိုတော့ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ စာစီစာကုံးဆိုတာဟာ ကျောင်းသူကျောင်းသားတွေကို စာရေးတတ်အောင် လေ့ကျင့်ပေးတဲ့ အရာပါ။ စာစီစာကုံးရဲ့ မူက နိဒါန်း၊ စာကိုယ်၊ နိဂုံး သုံးခုပါအောင် ဘောင်သွင်းပြီး ခေါင်းစဉ်နဲ့ ကိုက်ညီအောင် အချက်အလက်တွေနဲ့ စီကုံးရေးဖွဲ့ရခြင်းမျိုးပါ။

ဒီတော့ အက်ဆေးနဲ့ သဘောထား ကွဲလွဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အက်ဆေးအများစုဟာ ဘောင်ထဲမှာ မဟုတ်ကြပါဘူး။ ဘောင်ထဲမှာ ရေးသားခြင်း မဟုတ်လို့ စည်းမဲ့ကမ်းမဲ့လို့လည်း ပြောလို့မရပါဘူး။ စိတ်ကူးအတွေးတွေကို လွတ်လွတ်လပ်လပ် ရေးဖွဲ့ထားခြင်းမျိုးကို ဆိုလိုတာပါ။

စာစီစာကုံးက အက်ဆေးနဲ့ ဆက်နွယ်တယ်လို့ ဆိုလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရသစာပေရဲ့ ခြေလှမ်းအစဟာလည်း စာစီစာကုံးဖြစ်လို့ပါ။ ဆရာ သိန်းဖေမြင့်ရေးတာ မှတ်သားဖူးတယ်။ စာစီစာကုံးမှ စာရေးခြင်း အလေ့အကျင့်ကို မွေးမြူပြီး ရသသို့ စိတ်ကူးဉာဏ်ကို ရင့်သန်အောင် ဖွင့်ပေးနိုင်ရင် စာပေအရာ ဝင်တယ်တဲ့။ ဒါကြောင့် စာစီစာကုံးဟာ အက်ဆေးနဲ့သာ မက အခြားသို့ ရသစာပေနဲ့ပါ ဆက်နွယ်နေပါတယ်။

နဂိုကတော့ အက်ဆေးကို စာပေပညာရှင် အသီးသီးက မြန်မာလို အမျိုးမျိုး ခေါ်ဝေါ်ကြတယ်။ အဲ့ဒါတွေကတော့ အစမ်းစာ၊ စာမွန်၊ စာတမ်း၊ သုတရသ၊ ရသစာတမ်းငယ် စသည်ဖြင့်ပေါ့။ ခုနောက်ပိုင်းတော့ ရသစာတမ်းလို့ ပိုသုံးနှုန်းလာတာ တွေ့ရပါတယ်။

အက်ဆေးရဲ့ အဓိပ္ပာယ်က နက်ရှိုင်းသလို ပိုမိုလည်း ကျယ်ပြန့်ပါတယ်။ အက်ဆေးကို ဟပ်စလေဆိုသူက သုံးမျိုးခွဲခြားတာ မှတ်သားဖူးတယ်။ အဲ့ဒါတွေကတော့

(၁) စာရေးသူရဲ့ ကိုယ်ရည်ကိုယ်သွေးကို အကြောင်းပြု ရေးဖွဲ့ထားသော အက်ဆေး

(၂) ကြုံတွေ့ရတဲ့ အတွေ့အကြုံကို အရှိအတိုင်း ဖော်ပြသော အက်ဆေး

(၃) လောကသဘာဝနဲ့ သဘောတရားကို ဖော်ပြသော အက်ဆေး ဟူ၍ သိရပါတယ်။

အဲ့ဒီ အချက်တွေဟာ ဟပ်စလေက အကြမ်းဖျဉ်း (၃)မျိုးခွဲထားခြင်းလို့ ယူဆပါတယ်။ တစ်ချက်ချင်းစီကို ထပ်စိတ်ပိုင်းဖြစ်မယ်ဆိုရင် အက်ဆေးနယ်ပယ်ဟာ ပိုကျယ်ပြန့်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

အက်ဆေးဟာ စာပေနယ်ထဲမှာ လိုင်းတစ်လိုင်း သီသန့်နယ်ပယ်လို့ မြင်မိပါတယ်။ အက်ဆေးဟာ စာစီစာကုံး မဟုတ်သလို ဆောင်းပါးတို့၊ ဝတ္ထုတိုတို့လည်း မဟုတ်ပါဘူး။ အက်ဆေးနဲ့ စာစီစာကုံး ကွဲသွားပုံကို ပြောပြပြီးသလို ဆောင်းပါ၊ ဝတ္ထုတို တို့နဲ့ ကွဲပုံကိုလည်း ရှင်းပြရအုံးမယ်။

ကျွန်တော် သိသလောက် ပြောပြရရင် အက်ဆေးနဲ့ ဆောင်းပါးဆင်တဲ့ အချက်က သုတပေးတာဖြစ်ပြီး ကွဲလွဲတာကတော့ ရသပါပဲ။ အက်ဆေးမှာက ရသများကို လှိုင်လှိုင်သုံးနှုန်းထားပြီး ဆောင်းပါးမှာတော့ သုတပိုင်းကိုပဲ အလေးပေးပါတယ်။

အဲ့ဒီလိုပဲ အက်ဆေးနဲ့ ဝတ္ထုတို ကွဲလွဲပုံကိုလည်း ကျွန်တော် သိသလောက် ရှင်းပြပါအုံးမယ်။ ဝတ္ထုတိုဆိုတာက ဇာတ်ကောင် ဇာတ်လမ်းတို့ကို ကျောရိုးချပြီး ရေးသားတတ်ပါတယ်။ အက်ဆေးမှာကတော့ ဇာတ်ကောင်ပါခဲ့ရင်တောင် အဲ့ဒီဇာတ်လမ်းဟာ အက်ဆေးရေးသူ ကိုယ်တိုင်ပါပဲ။ ဆရာ မောင်ခင်မင် ပြောတာ မှတ်ဖူးပါတယ်။ ဝတ္ထုတိုမှာက စာရေးဆရာပျောက်နေတတ်ပြီး အက်ဆေးမှာ စာရေးသူ ပေါ်နေတတ်ပါတယ်တဲ့။ ဒီစကားဟာ ကျွန်တော် ဖတ်ဖူးသလောက် အတော်မှန်တယ်လို့ ပြောရမယ်။

အက်ဆေးရဲ့ အကြောင်းအရာပိုင်းကို ပြောရရင်လည်း ဒဿနာသဘောတရားတွေ ထုနဲ့ထည်နဲ့ ပါတတ်ပါတယ်။ အကြောင်းအရာ တစ်ခုတည်းကိုပဲ ထမင်းတစ်ခုမှာ ဟင်များစွာက ဝိုင်းရံသကဲ့သို့ သိုက်သိုက်ဝိုင်းဝိုင်း ရေးတတ်ပါတယ်။ ဥပမာအားဖြင့် အစိတ်အပိုင်း တစ်ခုအကြောင်း ရေးသားရင်းကနေ နိုင်ငံနဲ့ ချီရင်ချီ (သို့) ကမ္ဘာနဲ့ ချီရင်ချီတတ်ပြီး ကဗျာဆန်တဲ့ စကားလုံးများကိုလည်း သုံးနှုန်းပစ်တာမျိုးပါ။ ဒါဟာ အက်ဆေးရဲ့ လွတ်လပ်မှုသဘောတရားလည်း ဖြစ်ပါတယ်။

အက်ဆေးကို ဘယ်လိုပုဂ္ဂိုလ်တွေ အရေးများသလဲဆိုတော ကြည့်မိရင် အတွေးအခေါ်ပညာရှင်တွေ၊ ဝေဖန်ရေးပညာရှင်တွေ၊ ကဗျာဆရာတွေ အရေးများကြတာ တွေ့ရမယ်။ ဒါကြောင့် အက်ဆေးတစ်ခုကို ဖတ်လိုက်ရင် သူတို့ရဲ့ အတွေးအခေါ်နယ်ထဲ ရောက်သွားတတ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဘယ်အကြောင်းအရာကို ဝေဖန်သွားတယ်ဆိုတာ မြင်ရမယ်။ ဒါ့အပြင် ကဗျာဆန်တဲ့ နမိတ်ပုံစာသားတို့ကိုလည်း တွေ့ရပါမယ်။ အဲ့ဒါတွေကတော့ အက်ဆေးရေးသူက စာဖတ်သူအပေါ် သက်ရောက်မှုပါ။

“ဝတ္ထုတိုကောင်းဟာ ဖတ်ပြီးမှ အတွေးရတယ်” လို့ ဆရာတွေက ပြောကြတယ်။ အက်ဆေးကတော့ ဒီထက်ပိုပါတယ်။ ကျွန်တော်တို့ဟာ အက်ဆေးတစ်ပုဒ်လုံး ဖတ်လို့ မပြီးသေးခင်မှာပဲ စာကြောင်းတစ်ကြောင်းချင်းစီမှာပဲ အတွေးစတွေ တွေ့နိုင်ပါတယ်။ ဒါကြောင့် အက်ဆေးကောင်းရင် ကောင်းသလောက် စာဖတ်သူတွေ အကြိမ်ကြိမ် အခါခါ ဖတ်သင့်တယ်လို့ ယူဆတယ်။ သို့မှသာ တစ်ကြိမ်ထက် တစ်ကြိမ် ရေးသူရဲ့ အာဘော်ကို ဖတ်သူက ပါရမီရင်သန့်ရင် ရင့်သန်သလောက် ဆိုလိုရင်းကို ကျယ်ကျယ်ပြန်ပြန့် တွေးခေါ် နားလည်နိုင်မှာပါ။

အနှစ်ချုပ် ကျွန်တော် လေ့လာမိသလောက် ပြောရရင်တော့ အက်ဆေးတိုင်းဟာ သာမန်ရသခံစားမှုထက် ပို၍ နှစ်ခြိုက်ဖွယ်ကောင်းသော အာနိသင်ရှိတယ်လို့ ဆိုလို့ရကြောင်းပါ။

ကျေးဇူးတင်ပါတယ်

အစဉ်လေးစားလျှက်..

စေပိုင်ထွဋ်(ပုသိမ်)

6 comments

  • inz@ghi

    March 9, 2012 at 7:37 am

    သများ သိတာကတော့…
    အက်ဆေး နဲ့ စာစီစာကုံး
    အက်ဆေး နဲ့ ဝတ္ထုတို
    အနည်းဆုံးတော့ စာလုံးပေါင်း နဲ့ အသံထွက် ကွာကြောင်းပါ….
    😛

    ခင်တဲ့
    ဂီ

    • စေပိုင်ထွဋ် (ပုသိမ်)

      March 9, 2012 at 11:58 am

      မသိလည်း ဝင်ပြောတာပဲ
      လူဆိုး
      ခိခိ

  • htet way

    March 9, 2012 at 9:42 am

    အက်ဆေးကို ဘာသာအပြန်မပေးသွားပါလားဆရာရေ့
    ရသ စာတမ်း လိူု့ခေါ်ရင်ရောရပါသလား
    အက်ဆေးတစ်ပုဒ်လောက်နမူနာရေးပြစေချင်ပါတယ် ဒါမှလည်း
    ဖတ်သူများနားလည်နိုင်မယ်ကျွန်တော်တို့ ကရှာဖတ်ဖို့လည်း အဆင်မပြေပါဘူး
    ဂေဇက်ကိုပဲ အားထားပါတယ်။
    ဆရာလေး ဆောင်းပါးကောင်းပါတယ်(တကယ်ပြောနေခြင်းပါ)ပြက်ရယ်ပြုခြင်း လုံးဝမဟုတ်။
    ခင်တဲ့ ဆရာထက် ( တိုင်းရင်းဆေး ဆရာ)

    • စေပိုင်ထွဋ် (ပုသိမ်)

      March 9, 2012 at 11:21 am

      ဆရာလို့တော့ မခေါ်ပါနဲ့လား ကိုယ့်ဆရာရ
      ခေါင်းကျိန်းလွန်းလို့ပါ
      စာရေးဆရာဆိုတာကလည်း စာရေးခြင်း အတတ်ကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းမှ ဆရာလို့
      ခေါ်ဆိုနိုင်တာဗျ။
      အက်ဆေးကို လွယ်လွယ်ခေါ်ရင်တော့ ခုခတ်အသုံးအနှုန်းအရ
      ရသစာတမ်းလို့ပဲ သုံးနှုန်းပေါ့ဗျာ။
      အက်ဆေးကောင်းတွေ နမူနာအဖြစ် လွယ်လွယ်ရေးချလို့ မရဘူးဗျ။ ကျွန်တော် မကျွမ်းကျင်ဘူးနော်။ ရေးတတ်သူတွေ ရေးကြပါလိမ့်မယ်။
      အက်ဆေးကောင်းရေးတဲ့သူတွေကတော့ မဂ္ဂဇင်းတွေမှာ ပိုများတယ်ဗျ။ ကျွန်တော်သိသလောက်တော့ ဆရာတွေကတော့ မောင်ရင့်မာ၊ မင်းချမ်းမွန်၊ ဂျူး၊ သစ္စာနီ၊ ဇော်ဇော်အောင်၊ တာရာမင်းဝေ၊ နတ်မှူး စသည်ဖြင့်ပေါ့ဗျာ။ လေ့လာကြည့်ပေါ့။
      အွန်းလိုင်းမှာရေးတာတော့ ကျွန်တော်သိတာတော့ နောင်တော်ရင်နင့်အောင် အရေးများတာ မြင်ဖူးတယ်။
      ရှာဖတ်မှာ တွေ့မှာပေါ့ဗျ။
      သိသလောက် အကြံကောင်း ပေးခဲ့ပါတယ်။

    • စေပိုင်ထွဋ် (ပုသိမ်)

      March 9, 2012 at 1:17 pm

      ဟုတ်ကဲ့ဗျာ
      ကျေးဇူးတင်ပါတယ်

Leave a Reply