လျှို့ဝှက်သော မိုးနှင့်အတူ
အနောက်တောင်ဆီမှာ မိုးတွေညို့နေသည်။ အိမ်အပေါ်ထပ် ပြတင်းပေါက်မှနေ၍ သည်မြင်ကွင်းကိုကြည့်နေမိသည်မှာ နာရီဝက်လောက်တော့ အသာလေးရှိမည်။ တိမ်သား မည်းမည်းများသည် အလိပ်လိုက် အလိပ်လိုက်ဖြင့် ကောင်းကင်ကြီးတစ်ခုလုံးကို မည်းနက်သွားစေလေသည်။ နောက် လျှပ်ပန်း လျှပ်နွယ်များက ဟိုတစ်ချက် သည်တစ်ချက် ပြိုးခနဲ ပျက်ခနဲ လင်းလက်သွားကြသည်။ မိုးခြိမ်းသံများကလည်း ကြောက်မက်ဖွယ်ရာ မြည်ဟီးလာသည်။ မိုးစက်ကလေးများ တစ်ပေါက် နှစ်ပေါက်..။ ထို့နောက် မိုးစက်များ အိမ်ခေါင်မိုးပေါ်သို့ အဆက်မပြတ် ကျလာကြသည်။ သူမ နားတစ်ခုလုံး တဝေါဝေါဖြင့် ဆူညံ နေလေတော့သည်။ မိုးနှင့်အတူ လေပြင်းခပ်ကြမ်းကြမ်းပါ ဝှေ့ယမ်းတိုက်ခတ်လိုက်သောအခါ သစ်ပင်ကြီး ငယ်များ ဟိုယိမ်း သည်ယိမ်း..။
“မိုးတွေ ရွာလာပြီမောင်…”
မျက်ရည် တစ်စက်..။ လေပြင်းပြင်းများကြောင့် သူမ၏ ရှည်လျားသော ဆံနွယ်များ ဖွာလန်ကျဲစွာလွင့်ပျံနေကြသည်။ ကောင်းကင်ပြင်ထက်တွင် လင်းခနဲတစ်ချက်…လျှပ်စီးလက်သွားပြန်သည်။
~~~~~~~~~
စက်ဘီးလေး တစ်စီးဖြင့် မိုးရွာကြီးထဲတွင် ထင်တိုင်းကျဲနေသော သူ့ကို ငေးမောကြည့်နေရင်းက သူမပါ ပျော်ရွှင်နေမိသည်။ သည်လို မိုးတွေရွာတိုင်း သူမက အိမ်ကြီးထဲမှာ ကုတ်ကုတ်ကလေး ငြိမ်နေခဲ့ရသည်မှာ ငယ်စဉ်ကတည်းက။ မိုးခြိမ်းသံတွေ ၊ လျှပ်စီးလက်တာတွေကို သူမ ကြောက်သည်။ မည်သို့သော ကြောက်ပုံနည်းမျိုးမှန်း မသိသော်လည်း အသည်းထဲကနေ ဆိမ့်ပြီးတော့ ကြောက်နေမိသည်ကတော့ အမှန်ပင်။ သူ့ကို အားကျမိသည်။ သည်လောက် သည်းသည်းမည်းမည်း ရွာသွန်းနေသော မိုးထဲလေထဲတွင် သူက စက်ဘီးလေးတစ်စီးနှင့် လွတ်လပ်စွာ ။ ဘယ်လောက်တောင် အားကျစရာကောင်းပါလိမ့်။
စက်ဘီးလေးရပ်သွားသည်။ သူ ဘာလုပ်မှာပါလိမ့်..။ ဟင်..။ သူက ကောင်းကင်ပြင်ကြီးထက်ကို မျက်နှာမော့ထားလျှက် မိုးစက်များ၏ အထိအတွေ့ကို ငြိမ်သက်စွာခံယူနေသည်။ ထိုခံစားမှုမျိုး သူမ ဘယ်နှစ်ကြိမ် ခံစားဖူးခဲ့သလဲ.။ သူမ မသိလိုက်မိခင်မှာပင် ခြေလှမ်းများက အိမ်အောက်ထပ်ဆီသို့ ကသော ကမျောနိုင်စွာ ပြေးဆင်းမိလေတော့သည်။ နောက် အိမ်အောက်ထပ်က ကျွန်းတံခါးမကြီးကို တွန်းဖွင့်ပြီး ခြံတံခါးဝမှတဆင့် သူ့ထံသို့..။
“ဟိတ်”
သူ့ တွန့်သွားသည်။ သူမကိုကြည့်ပြီး အံ့ဩနေပုံလည်းရသည်။ မိုးသည်းထဲမှာ သူမလို ကောင်မလေးတစ်ယောက် သူ့အနားသို့ ရောက်လာလိမ့်မည်ဟု သူတစ်ခါမှ တွေးမိဖူးပုံမရ။
“ဘာလုပ်နေတာလဲ မိုးရွာကြီးထဲမှာ”
“မြင်တဲ့အတိုင်းပဲလေ…လိုက်လုပ်ကြည့်ပါလား”
သူမ ကြောင်အအ ဖြစ်နေသည်။
“ကျွန်တော့်လို လိုက်လုပ်ကြည့်ပါလားလို့”
သူမ ခေါင်းကို ကောင်းကင်ပြင်ဆီသို့ မော့လိုက်သည်။ မျက်လုံးများကို မှိတ်လားလိုက်သည်။ မိုးစက်များက မျက်နှာပြင်ထက်သို့ တစ်ပေါက်ပြီးတစ်ပေါက် ကျရောက်နေသည်။ အေးစက်သည့် အထိအတွေ့အောက်တွင် သူမ ရင်ခုန် ကြည်နူးသွားခဲ့ရပါသည်။ ထိုစဉ်.
“ဂျိမ်း”
အသိစိတ်နှင့် ခန္ဓာကိုယ်ကပ်မိသော အချိန်တွင်တော့ သူမ တစ်သက်တာတွင် နွေးထွေးအိစက်သော အထိအတွေ့ကို ပထမဦးဆုံး ခံစားလိုက်ရသည်ဟု သိလိုက်သည်နှင့် တပြိုင်နက် ထိုအချိန်မှ စတင်၍ အချစ်ကို ခံစားမိသည်ဟု သိလိုက်ရတော့သည်။
~~~~~~~~
သူမနှင့် သူ့ကြားတွင် ကောင်းကင်ပြာကြီးရှိသည်။ တစ်ခါတစ်ရံတွင် သူမက သူ့အတွက် တိမ်တိုက်လေးများ ဖြစ်သွားတတ်ပြီး သူက သူမအတွက် မရှိမဖြစ် ကောင်းကင်ပြာကြီးဖြစ်သည်။ အမြဲတစေ ကြည်လင်သာယာနေသော ကောင်းကင်ကြီးကသူဆိုလျှင် သူမက အပြစ်ကင်းစင်သော တိမ်ဖြူဖြူလွှလွှကလေးများ ဖြစ်ချင်ခဲ့သည်မှာအမြဲ။ သို့သော် သူမက တစ်ခါတစ်လေတွင်တော့ မည်းနက်သော တိမ်တိုက်အသွင်သို့ ရုတ်ချည်းပြောင်းလဲသွားတတ်ပြီး အပြစ်ကင်းစင်သော ကောင်းကင်ကြီးကို မုန်တိုင်းထန်စေခဲ့သည်မှာလည်း အကြိမ်ကြိမ်။
မိုးစက်များအောက်မှ စက်ဘီးတစ်စီးနှင့်ကောင်ကလေးတစ်ယောက်သည် သူမအတွက် အချစ်လက်ဆောင်တဲ့။ မထင်မှတ်ထားသော အဖြစ်အပျက်ကလေးက တစ်ဘစာလုံးအတွက် ချစ်သက်လက်ဆောင်လေတဲ့လား..။ မိုးသား တိမ်ရိပ် တိမ်လိပ်တို့ဆင်လာလေတိုင်း သူမက သူ့ရင်ခွင်ကလေးသို့ အပြေးခိုဝင်ရင်း ယုယမှုအနမ်းနွေးနွေးများကို ကျေနပ်စွာခံယူတတ်လေသည်။ မိုးစက်ကလေးများနှင့်အပြိုင် သူမ၏ မျက်နှာထက်သို့ အနမ်းမိုး ခပ်စိတ်စိတ်ရွာသွန်းတတ်ပြန်လေသော သူသည် သူမ ဘဝထဲက ရုတ်တရက် ပျောက်ကွယ်သွားလိမ့်မည်လို့ ဘယ်တုန်းကမျှ မတွေးခဲ့။
“မိုးကိုချစ်သလား နို”
“ဟင့်အင်း “
ရုတ်တရက် သူက ထိုသို့ ကောက်ခါ ငင်ခါ ထမေးတတ်သည်။ သူ့မေးခွန်းများကို သူမက ဘယ်တုန်းကမှ ကျေနပ်လောက်အောင်ဖြေဆိုခဲ့လေသူ မဟုတ်ခဲ့။ ထိုသို့ မေးလေတိုင်းလည်း သူ့မျက်နှာတစ်ခုလုံး မှိုင်းရီနေတတ်သည်ကိုလည်း သူမ သတိထားမိခဲ့ရသည်ချည်း။
“မောင်ကတော့ မိုးကိုချစ်တယ်..”
“ဘာကြောင့်လဲ မောင်”
“မိုးရေစက်ကလေးတွေ တစ်ပေါက်တစ်ပေါက်ကျလာရင် မောင်က သိပ်ပျော်တာ.။ တစ်လောကလုံးကို မိုးက စိုပြည်သာယာစေတယ်..။ အေးစက်တဲ့ အထိအတွေ့က မောင့်အတွက်တော့ မေ့မရတဲ့ ခံစားမှုလေးတွေပဲ နို။ မောင် မသွားခင်တော့ မိုးတွေရွာတိုင်း မိုးစက်ကလေးတွေအောက်မှာ တစ်ဝ ကြီး နေသွားချင်သေးတယ်”
“မောင်က ဘယ်ကိုသွားမှာမို့လည်း “
ထို့သို မေးလေတိုင်းလည်း အဖြေသည် ဘယ်တုန်းကမှ မရခဲ့။ သူ့မျက်ဝန်းများ ငေးကြည့်နေရာကိုလည်း သူမက လိုက်လို့ကြည့်တိုင်း ဘာကိုကြည့်လို့ကြည့်မှန်းမသိပေ။ မမြင်ရသော မိုးကုတ်စက်ဝိုင်းတစ်နေရာရာကိုလား။
“မသိချင်ပါနဲ့ နိုရယ် နိုသိတဲ့နေ့ဟာ မောင်လည်း နိုအနားမှာရှိတော့မှာ မဟုတ်ဘူး”
“ဘာတွေလည်း မောင်ရယ်..မောင်က တစ်ခါတစ်ရံ သိပ်ကို သိုသိပ်လွန်းတဲ့ သူလို့ နို ထင်တယ် သိလား ။ အားကိုမရဘူး..”
သူကတော့ သူမ ထိုသို့ပြောသည့်အခါ ရယ်မောလို့သာနေသည်။ ရယ်သံကတော့ဖြင့် ခြောက်ကပ်ကပ် ကွဲအပ်အပ်ဖြင့်…။
~~~~~~~~~
မိုးတွေရွာနေပြီ မောင်။
သူမ ထံမှ မောင် ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်နှစ်ကျော်ချေပြီ။ မမြင်ရသော မိုးကုတ်စက်ဝိုင်းတစ်နေရာရာမှာများ သူရှိနေမလား။ သူမ လိုက်သွားချင်ပါသည်။ သို့သော် လောကကြီးက ဆန်းကျယ်စွာဖြင့် သူမကို ကျယ်စယ်ခဲ့လေပြီ.။
သူမ မျက်ရည်များ မိုးနှင့် အပြိုင် ရွာကုန်ပြီ မောင်ရဲ့။ တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုမှ ဘယ်သူမှာ မသိအောင် လဲလျောင်းနေခဲ့သည်တဲ့လား။ သိပ်ကိုသိုသိပ်ပါတဲ့ဆိုသော သူသည် သည်မိုးရေစက်တွေအောက်မှာပင် လောကကြီးကို စွန့်ခွာသွားခဲ့သည်တဲ့။
နေ့ရက်တစ်ရက်က အတိတ်မှာ ကျန်နေခဲ့သော်လည်း မေ့မရသော နေ့တစ်နေ့အဖြစ် သူမ၏ ရင်ထဲတွင် ကိန်းအောင်းနေခဲ့သည်။ အမှတ်တရတို့မည်သည် ဘဝတစ်လျှောက်တွင် ကြီးမားသော အလှည့်အပြောင်းတို့နှင့် ပျော်ဝင်ခဲ့သော အရာများတဲ့။ ထို့သို့ဆိုလျှင် သူမအတွက်တော့ သူသည် မည်သို့သတ်မှတ်ရမည်နည်း။
“ရဲသွင် ဆုံးပြီတဲ့ နင်သိလား နိုနိုခင်”
“ဘယ်လို…”
“ဟုတ်တယ် ရဲသွင်ဆုံးပြီ…ခုတောင် သူ့ရက်လည်နေ့လေ”
သူမ ကြောင်အအနှင့် ဖုန်းခွက်ကလေးကိုကိုင်ထားဆဲ။ မဟုတ်ပါ။ သူ အပန်းဖြေခရီးထွက်သွားတာပါ။ သူမက ဘူးခံပြီး ငြင်းဆိုဆဲ..။ သူငယ်ချင်းဖြစ်သူကလည်း အသေအချာသိခဲ့သောအကြောင်းကို သက်သေ များစွာထူပြီးပြောနေချေပြီ။
“နင်ဘာသိလို့လည်း နိုနိုခင် ရဲသွင်မှာ ဘရိန်းကျူမာ ရှိတယ်တဲ့ နောက်တစ်ခုက ကုသလို့မရနိုင်တော့ဘူးတဲ့..။ ခုတော့ သူက ရောဂါကြောင့်မသေပဲ ကားအက်စီးဒင့်ဖြစ်ပြီးဆုံးရှာတာတဲ့ ။ ခုတောင် ငါ့သူငယ်ချင်း ညိုမာလာရင်းပြောပြသွားတာ နင်သိလောက်တယ်ထင်လို့လေ..။”
သူမ မကြားရဲတော့ပါ။ နောက်မှ သိလိုက်ရသည်က သူ သေရမယ့်အတူတူ ဘာကြောင့်သေသလဲဆိုတာ သူမ မသိစေချင်၍ ကျန်ရစ်သူမိသားစုနှင့်သူငယ်ချင်းများကိုတောင် သူမဆီသို့ အကြောင်းမကြားစေခဲ့ခြင်းတဲ့။
သူမ ရင်ထဲမှာ မိုးတွေ ရွာနေသည်။ လွန်ခဲ့သော သုံးနှစ်ခန့်က စက်ဘီးလေး တစ်စီးနှင့်ကောင်ကလေးက ခုတော့ သူမနှင့်အတူ မိုးစက်များကိုသာ ချန်ရစ်ခဲ့သည်။ ခုတော့လည်း မိုးလေပြင်းပြင်းထဲမှာ သူမ လျှောက်သွားရဲခဲ့ပါပြီ။ ထို့သို တစ်ယောက်တည်း လျှောက်ဖြစ်ခဲ့သည့် နေ့တွေတိုင်း သူက အနားမှာ လာရောက်အဖော်ပြုပေးသကဲ့သို့ မိုးစက်များကလည်း သည်းသည်းမည်းမည်းရွာသွန်းဆဲ။
ဟော မိုးတွေရွာ လာပြန်ပြီမောင်..။
သော်ဇင်(လွိုင်ကော်)
Date-14th-March-2012 Time-6:37Pm
7 comments
ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်
March 14, 2012 at 11:21 pm
လွမ်းစရာလေး ဆွေးစရာလေး တွေပါလား ။ အဆွေးဓါတ်ခံ ရှိတဲ့ ကျုပ်အတွက်
နင့်ကနဲ ခံစားလိုက်ရပါတယ် ။
ပိုးစိုးပက်စက်လွမ်းပြီး ဒီဂနေ့ ငါကိုယ်တော် အိပ်လို့မှ ရနိုင်ပါတော့မလား ။
Moe Z
March 15, 2012 at 12:17 pm
အားပေးသွားပါတယ် ကိုသော်ဇင်ရေ
ဘဝကိုတည့်မတ်ဖို့ကြိုးစားသမျှ အရာထင်ပါစေနော် 🙂
etone
March 15, 2012 at 3:33 pm
ဖတ်ပြီး .. စူးစူးနစ်နစ်ခံစားလိုက်ရပါတယ် … ရင်ထဲမှာ ဟာတာတာကြီးနဲ ့တမျိုးပဲ … … 😥
ကိုသန်းဇော် (လွိုင်ကော်) ရဲ့ စာတွေ အရေးသားကောင်းလွန်းလို့ … ဖတ်ပြီးတိုင်း ခံစားချက်တစ်ခု မဟုတ် .. တစ်ခုကျန်ခဲ့တာချည်းပါပဲ … ။ ခံစားမှုရသပေးတဲ့ … စာကောင်းလေးပေမယ့် …. ဟက်ပီး အန်းဒင်းမဟုတ်လို့ …ဝတ္တုမှန်း သိသော်လည်း …… ဖတ်ရတဲ့ လူ ရင်နာရပါတယ် … ။
သေကွဲကွဲရမယ့်အတူ .. မဆုံဖြစ်ခဲ့တာမှ ပိုကောင်းလေဦးမလားနော်… ။ 🙁
စိတ်ဒဏ်ရာတွေ မပေးချင်လို့ ရောဂါအခြေနေကို ဖွင့်မပြောခဲ့ပေမယ့် … နောက်ဆုံး အချိန်တွေ အတူမရှိခဲ့တာ … ထွက်သက်ဆုံးခါနီးထိ .. ချစ်သူကို မမြင်လိုက်ရတာရယ် … ၊ ချစ်တဲ့သူ ထာဝရခွဲသွားပြီဆိုတာ .. တခြားလူပြောမှ သိလိုက်ရလို့ .. ယူကျုံးမရဖြစ်ရတဲ့.. ကောင်မလေးရဲ့ စိတ်ဒဏ်ရာ…. အားလုံးက ….. စိတ်လှုပ်ရှားခံစားစရာတွေချည်းပါပဲ … ။
လူသားအားလုံး တစ်ချိန်ချိန်မှာ ခွဲရမယ်မှန်း သိပေမယ့် ….. အသက်ရှင်နေသမျှ ကာလပတ်လုံး နဲ့ ထွက်သက်ချိန်ထိ ချစ်တဲ့ လူအနားမှာပဲနေချင်တယ်… ။ (အမေသိလျှင် ဆဲလိုက်မယ့် ဖြစ်ချင်း ဟီး 😆 ) ငယ်ငယ်ကတည်းက ဝတ္တုဖတ်လျှင် … ဇာတ်ပေါင်းမှပဲ ဖတ်တယ် .. ဟီး ..
etone
March 15, 2012 at 5:00 pm
အီး ..sorry ပါ .. အလုပ်လုပ်ရင်း …ကို သန်းဇော်နဲ့ ဖုန်းပြောရင်း .. ကိုသန်းဇော်လို့မှားရိုက်မိတယ် ..အခုမှ တွေ့တယ် ..ဟိဟိ ..
Mon Kit
March 15, 2012 at 3:48 pm
ရက်စက်လိုက်တဲ့မောင်ရယ်….
နှုတ်မဆက်ဘဲ ရုတ်တရက် ခွဲခွာသွားရက်တယ်…
မျှဝေခံစားလိုက်ပါတယ်….. 🙁
blackchaw
March 15, 2012 at 8:34 pm
ကိုသော်ဇင် ရေ။
အရေးအဖွဲ့ကတော့ ရင်ထဲကို တန်းကနဲရောက်တယ်ဗျာ။
လက်မလေးတစ်ချောင်းထောင်ပြီး အားပေးသွားပါတယ်ဗျာ။
htet way
March 16, 2012 at 9:26 am
ဟို့တောင်ထိပ်မှာ မိုးရိပ်ညှို့ ညှို့
မှိုင်းရီ ဆို့လျှင်
ပိုလို့တမ်းတ သတိရလျှက်
ဖြေပြေခက်မို့ မျက်ဝန်းထဲမှာ
မိုးရွာပြီညိုု။
(မောင်စိန်ဝင်း ပုတီးကုန်း)