ဗားရှင်းအစုံစုံအဖုံဖုံခေတ် ဖြစ်တော့သကိုး
( ၁ )
အများသူငါ ရုံးပိတ်ရက်ဟု ဆိုကြသည့် တစ်နေ့ တစ်ရက် တစ်မနက်၏ နံနက်စာ စားပြီးသည် ရှိချိန်တွင် မောင်ဝါဝါသည် အိမ်တွင်းအောင်း၍ အေးအေးဆေးဆေး စာရေးရမည့် အစား ခြေထောက် ဗွေပါ နေရာတကာ လျှောက်သွား နေတတ်သူ ဖြစ်သဖြင့် ယခုလည်း ထုံးစံအတိုင်း ဟိုဟိုဒီဒီ ကြည့်ရှု ငေးမော စပ်စုရန် အလို့ငှာ အိမ်နှင့် နီးသော ဂျန်းရှင်းစင်တာ တစ်ခုသို့ ဝင်းဒိုးရှော့ပင်ခေါ် ဟာလာဟင်းလင်း ဈေ းဝယ်ထွက်ခြင်း အမှုကို ပြုရန် ထွက်လာခဲ့ ချေ၏။ ၎င်းဂျန်းရှင်း အဝင်ပေါက်သို့ ရောက်သော် ထိုနေရာရှိ လုံခြုံရေး ဝန်ထမ်းက မောင်ဝါဝါ လွယ်ထားသော အိတ်ကို တောင်းယူပြီး သကာလ အိတ်ကို ဇစ်သော်မျှ ဖွင့်မကြည့်ဘဲ အပြင်ဖက်မှ အိတ်၏ နေရာအနှံ့ကို လက်ဖြင့် ပွတ်သပ်၍ စစ်ဆေးခြင်း ပြုလုပ်ပြီး မောင်ဝါဝါအား အတွင်းသို့ ဝင်ခွင့်ပြုသည် ဖြစ်လေ၏။
အထဲသို့ ရောက်၍ ဟိုဟိုဒီဒီ လိုက်လံ ကြည့်ရှုလေရာ ထူးထွေတည့် အံ့ရာသော် အခြင်းအရာများ ကြုံတွေ့ ရသည် ဖြစ်ချေ၏။ ကော်ဖီကြိုက်သူ ဖြစ်သည့် အားလျော်စွာ ဘာကော်ဖီ တံဆိပ်အသစ်များ တွေ့ရမည်နည်းဟု ကော်ဖီ ထုပ်များ ထားသိုရာ အတန်းသို့ သွားရောက် မိသည်တွင် ပါးစပ် အဟောင်းသား ဖြစ်ရလေတော့၏။ မောင်ဝါဝါ မြဲမြဲစွဲစွဲ သောက်လေ့ ရှိသော ကော်ဖီမှာ မြို့လယ်ခေါင် လူစည်ကားရာ နေရာများတွင် ဘီလ်ဘုတ်ကြီးများ ထောင်၍ “သောက်မှာဖြင့် သောက်၊ မသောက်ရင် တွေ့မယ်” ဟု မာန်ပါပါ ကြေငြာသော “ဘက်တီးရီးယား” တံဆိပ် ကော်ဖီပင် ဖြစ်၏။ ယခု ဘာကြောင့် ပါးစပ် အဟောင်းသား ဖြစ်ရပါသနည်း။ ထိုကော်ဖီ တံဆိပ်ကို မတွေ့၍လော၊ သို့တည်းမဟုတ် အခြား ကော်ဖီတံဆိပ် အသစ်ကို တွေ့၍ပင်လော။ မဟုတ်ပါချေ… မောင်ဝါဝါ တွေ့လိုက်သည်မှာကား ဘက်တီးရီးယား တံဆိပ် ကော်ဖီထုပ် များနှင့်အတူ ချိတ်ဆွဲထားသော ဆိုင်းဘုတ်ပင် ဖြစ်ပါချေ၏။
( ၂ )
“ပြင်းထန်စူးရှ ဘက်တီးရီးယား အက်စ်ပရက်စို အနီ”
“ခါးသက်ဆိမ့်ကျ ဘက်တီးရီးယား ကာပူချီနို အပြာ”
“ချိုအီပျံ့မွှေး ဘက်တီးရီးယား ကာဖီ အဖြူ”
“ရှတရင်တုန် ဘက်တီးရီးယား ကာဖီ အစိမ်း”
“နောက်ထပ် နောက်ထပ် ဆယ့်နှစ်မျိုး ဆယ့်နှစ်ကာလာ မကုန်မချင်း ဘက်တီးရီးယား တံဆိပ် ကော်ဖီမစ်များ မဟားဒယား ထုတ်လုပ်သွားပါမည် .. မကြာမီ .. လာမည် .. မျှော်”
အလို … သူရဿဝါ စိတ်ထဲ ထူးဆန်းလေ၏။ ရှိသမျှ အရောင်မျိုးစုံ သုံး၍ ထပ်မံ ထုတ်လုပ် ဦးမည် ဆိုပါကလား။ ဒါဖြင့်ရင် နောက်ပိုင်းမှာ ဘက်တီးရီးယား ထောပတ်သီးရောင်၊ ဘက်တီးရီးယား အသည်းကွဲရောင်၊ ဘက်တီးရီးယား အသားရောင် စသဖြင့်ပါ ထူးခြားဆန်းသစ် ထုတ်ဝေ လာနိုင်သေးစရာ အခြေအနေ ရှိလေ၏။ ကော်ဖီ ဟူသည့် ခါးသက်သော ဂုဏ်ဒြပ် အောက်တွင် အရသာ၊ အစပ်အဟပ် အနည်းငယ် ပြောင်းလဲ၍ တစ်မျိုး၊ တစ်ရသာ၊ တစ်ရောင်ဖြင့် ကမ်းကုန်အောင် ထုတ်ဝေသည့် စီးပွားရေး အမြင်ကို လေးစားရသည် ဖြစ်လေ၏။
ဒါနှင့် ဆက်လက်၍ ဝင်းဒိုးရှော့ပင် သဘော စပ်စုစစ်ကြော အပ်သည် ရှိလေသော် …
“စန်းစန်း သစ်ကုလားအုပ်အရသာ ဆီချက် ခေါက်ဆွဲခြောက်”
“စန်းစန်း ရေဘဝဲအရသာ ချဉ်စပ် ခေါက်ဆွဲခြောက်
“စန်းစန်း သက်သတ်လွတ် ချဉ်စပ်ဆီချက် ခေါက်ဆွဲခြောက်”
“စန်းစန်း သကာ တင်လဲ စတုဒီသာ ဆီချက် ခေါက်ဆွဲခြောက်”
“စန်းစန်း ရိုးရိုးတန်းတန်း ရေလုံပြုတ် ခေါက်ဆွဲခြောက်”
ဘုရား ဘုရား… တယ်လည်း ဆန်းသစ်တီထွင် လှပါကလား စန်းစန်းခေါက်ဆွဲရယ်။ ထပ်မံကြည့်ရှု လေဦး မိတ်ဆွေ … လာလေရော့ နောက်တစ်မျိုး။
“အာနိုးလ် ရိုးရိုး ခြင်နိုင်ဆေးခွေ”
“အာနိုးလ် ဒူးရင်းသီးရနံ့ အငွေ့ပျောက် ခြင်နိုင်ဆေးခွေ”
“အာနိုးလ် သဘာဝ ရှားစောင်းလက်ပတ်ရနံ့ ခြင်ဆေးရည်”
“အာနိုးလ် ခြင်နိုင်ဝါဆိုဖယောင်းတိုင်”
ဟိုက်… ဒါက ခြင်နိုင်ဆေး ဗားရှင်း။
ထိုသို့ဖြင့် ကုန်တိုက် တစ်ခုလုံး ပတ်၍ ပြီးသော် မောင်ဝါဝါ ဆယ့်ငါးခါ ဘုရားတ၏။ ခြောက်ကြိမ် အောင်မလေး တရ၏။ ဟင်.. အို.. ဟိုက် စသည်ဖြင့် အာမေဋိတ် ပေါင်းစုံ အော်ဟစ်မြည်တမ်း မိလေ၏။ အားလုံး အားလုံး ဒီလိုတွေ ဖြစ်ကုန် ကြလေပြီ။ ကုန်ပစ္စည်း ထုတ်လုပ်မှု ပါရာဒိုင်း ပြောင်းလဲ ကုန်ချေပြီထင့်။ နာမည် အမှတ်တံဆိပ် တစ်ခုရှိလျှင် ဆင်တူရိုးမှား ပစ္စည်းအပွါးအများ ထုတ်ယူ၍ ရနိုင်သည့် ခေတ်ကို ရောက်နေလေပြီ။ ဝင်းဒိုးရှော့ပင် အထွက်ကောင်းသော သူရဿဝါမှာ ဝင်းဒိုးရှော့ပင် ပီသစွာပင် ပါးစပ်အဟောင်းသားဖြင့် အိမ်ပြန်လာ ရလေ၏။
( ၃ )
အိမ်သို့ ရောက်မဆိုက်ပင် မောင်ဝါဝါ ထံသို့ ဂျာနယ်တစ်စောင် အတွက် သရော်စာ ဆောင်းပါး ရေးပေးပါရန် စာမူ တောင်းခံသူ တစ်ဦး ရောက်ရှိ၍ လာလေ၏။ ဤတွင် ဝင်းဒိုးရှော့ပင်မှ ပူပူနွေးနွေး အာမေဋိတ်များ ရင်ဝယ်ပိုက်၍ ပြန်လာ ခဲ့သော မောင်ဝါဝါ အကွက်ဆိုက်၍ လာချေပြီတည့်။ မောင်ဝါဝါ ဟန်ပါပါ တစ်ချက် ပြုံးလိုက်၏။ ပြီးနောက် ၎င်းစာမူ အတောင်း ရောက်လာသူ ဧည့်သည်အား ခပ်တည်တည် စိုက်ကြည့်၍
“စထိုင်ရာ (သရော်စာ) လိုချင်တယ် ဆိုတော့ကာ …
အိုင်တီ စထိုင်ရာ အပြာရောင်ဗားရှင်း ရေးပေးရမလား
လူမှုပတ်ဝန်းကျင် စထိုင်ရာ ခရမ်းရောင်ဗားရှင်း ရေးပေးရမလား
ခေတ်အရိပ်ထင်ဟပ် စထိုင်ရာ ပန်းနုရောင်ဗားရှင်း ရေးပေးရမလား
သို့တည်းမဟုတ်
ရိုးရိုးတန်းတန်း မီနီစထိုင်ရာ ကြက်သွေးရောင်ဗားရှင်းကိုမှ လိုချင်သလား” ပီသကြည်မြ ရှင်းလင်းသော အသံဖြင့် တစ်လုံးချင်း ပြောချလိုက်တော့လေရာ မောင်ဝါဝါမှာ မျက်နှာအမူအယာ စတိုင်လ်ပါသလောက် ထိုပုဂ္ဂိုလ်မှာ အသက်ရှူရန် မေ့လျော့ကာ မောင်ဝါဝါအား မျက်လုံးရော၊ ပါးစပ်ရော အဟောင်းသားဖြင့် ကြည့်ရှု၍သာ နေလေတော့သတည်း။
(ယခုဖော်ပြပါ ဆောင်းပါးကို ICT Journal တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)
သူရဿဝါ
19. March. 2012
www.thurathawah.net
www.facebook.com/ThuRaThaWah
www.facebook.com/LiteraryArtBlog
7 comments
ဖားသက်ပြင်း
March 19, 2012 at 2:08 pm
အိုက်ဒါ အိုက်ဒါ…
မာကတ္တာတွေ ကလိထားလို့ အိုက်ဒါတွေဖြစ်တာ..
😛
လောင်းလစ်ဗ် သည်မားကတ်တင်း
ပုံ
ဖားသက်ပြင်း
Wow
March 19, 2012 at 2:22 pm
ရီသွားပါသီ
😀
kai
March 19, 2012 at 3:38 pm
သူရဿဝါရေ..
ကွန်ပျူတာရှေ့.. Webcam လေးထောင်…
Talk show ကိုယ့်ကိုယ်တိုင်လုပ်..။ ပြည်သူတွေနေ့စဉ်ဘဝ နဲ့နိုင်ငံရေး ရောသမပြီး.. ပြောပြ..။
ဟာသလေးဖက်…။ နာနာလေးနှက်…။
YouTube တင်ဖို့ကောင်းတယ်..။
ရှည်ရင်.. http://www.MandalayTube.com မှာလည်း တင်ပေးနိုင်ပါတယ်..။
မကြာခင်နှစ်တွေမှာ.. မြန်မာTalk show တွေ..တီဗီမှာမြင်ရတော့မယ်လို့ ထင်တယ်…
ယူအက်စ်မှာတော့.. Talk show တကိုယ်တော်သမားတွေ..အင်မတန် ပါဝါကြီးတယ်..။
သမ္မတတွေတောင်.. သူ့စတီရီယိုခေါ်ပြီး..Talk showထဲထည့် ပြောတာ…။
Thu Ra Tha Wah
March 20, 2012 at 5:09 pm
Kai ပြောတာကို ကျွန်တော် စိတ်ဝင်စားပါတယ်ဗျာ
Talk Show … ကျွန်တော် ကြိုးစားကြည့်ပါ့မယ်
ခပ် KING ကင်း
March 19, 2012 at 7:36 pm
ဗမာရောင် ဗာရှင်းအသစ်ဖြင့်
ဖတ်မှတ်သွားကြောင်းပါ …. 😆
Khaing Khaing
March 20, 2012 at 2:20 pm
ကိုသူရဿဝါ …. အတွေးများစွာပေါက်ပြီးရီလိုက်ရပါတယ် ……
“စန်းစန်း သစ်ကုလားအုပ်အရသာ ဆီချက် ခေါက်ဆွဲခြောက်”
“စန်းစန်း ရေဘဝဲအရသာ ချဉ်စပ် ခေါက်ဆွဲခြောက်
“စန်းစန်း သက်သတ်လွတ် ချဉ်စပ်ဆီချက် ခေါက်ဆွဲခြောက်”
“စန်းစန်း သကာ တင်လဲ စတုဒီသာ ဆီချက် ခေါက်ဆွဲခြောက်”
“စန်းစန်း ရိုးရိုးတန်းတန်း ရေလုံပြုတ် ခေါက်ဆွဲခြောက်”
ဘုရား ဘုရား… တယ်လည်း ဆန်းသစ်တီထွင် လှပါကလား စန်းစန်းခေါက်ဆွဲရယ်။ ထပ်မံကြည့်ရှု လေဦး မိတ်ဆွေ … အဲဒါလေးတွေ အဲဒါလေးတွေ ရီရတာ….
ခင်မင်စွာဖြင့်
Khaing Khaing
marblecommet
March 20, 2012 at 4:52 pm
ညီးတို့ မာကက်တာဒွေကို
မုန်းဒယ်အေ့…..
မုန်းဒယ်…….