လိုလျှင်ကြံဆ
ပြောရရင် ကောင်းကောင်းမအိပ်ရတာ ဘယ်လောက်ကြာပြီမသိ…
မတ်လကုန်တဲ့နေ့မှာ လကုန်ရက်မို့ အချေးအငှားထွက်ရတာနှင့် နေ့ခင်းဘက်ခဏတဖြုတ်မှေးနေကျဟာကို တမှေးမှမမှေးလိုက်ရ။
ညဘက်ရောက်ပြန်တော့ မနက်ဖန်ရွေးကောက်ပွဲမို့ ဘယ်လိုဘယ်ပုံဖြစ်ကြမည်ကို စိတ်ထဲပုံဖေါ်မှန်းဆရင်း တော်ရုံနဲ့အိပ်မပျော်။
မနက်လင်းအားကြီး တရေးနိုးတော့ ဒီအချိန် မဲရုံတွေ ပြင်ဆင်နေမှာပဲလို့ အတွေးတချက်ဝင်သည်နှင့် ပြန်အိပ်မရတော့။
ဒီလိုနဲ့ မနေ့က တနေကုန် ရွေးကောက်ပွဲသတင်းနားစွင့်လိုက် ဟိုဟိုသည်သည်ဖုံးဆက် မေးပြောလုပ်လိုက်နှင့် ဂဏှာမငြိမ်။
ပါလေရာတယောက် တနေ့အတွင်း လဘက်ရည်ဆိုင် လေးခါထွက်ထိုင်ကာ မဲမီးလှုံလေသည်။
ဒီလိုနှင့် ညဖက်ရောက်လေပြီ။ ရွေးကောက်ပွဲမင်္ဂလာသတင်းတို့လည်း တဖွဲဖွဲရောက်လာလေကုန်ပြီ။
ပျော်စရာကောင်းလိုက်တာနော်။ မင်္ဂလာရှိလိုက်တာနော်။ ဂုဏ်ယူစရာကောင်းလိုက်တာနော်…။
ဒီတသက် မကြုံရတော့ပါဘူးဟု စိတ်ဒုံးဒုံးချထားမိသော လူ့အခွင့်အရေးပြည့်ဝသည့် ဒီမိုကရေစီရောင်နီကား သန်းလို့လာချေပြီ။
ပါလေရာတယောက်ကား အပျော်ကြီးပျော်ကာ တယောက်တည်းအူမြူးလျှက် မြောက်အုန်းသီးရသကဲ့သို့ ဆောင့်ကြွားကြွားဖြစ်နေသည်မှာ ညဉ့်နက်လို့နက်မှန်းမသိ..။ မျက်ဝါးထင်ထင်မြင်ရတော့မည့် ဒီမိုကရေစီ လူ့ဘောင်သစ်ကြီးကို မှန်းဆကာ ကော်ဖီတအိုးနှင့် စီးကရက်တဗူးကို အပြောင်ရှင်းလျှက် မိုးစင်စင်လင်းလေသတည်း။
အဲသည်မှာ မိုးမလင်းမီကပင် ဇတ်လမ်းက စလေသည်..။
အလှူအဝင်ညပမာ တအိမ်လုံးထိန်ထိန်လင်းအောင်ထွန်းထားတဲ့ လျှပ်စစ်မီးတို့သည် ဖြတ်ကနဲ ငြိမ်းလေ၏။
နအဖတဖြစ်လဲ အစိုးရလူကြီးတွေကို ကတိမတည်ဘူးဟု ဘယ်သူများစွပ်စွဲလေသနည်း..။
စွပ်စွဲမိသူများ မိမိစကားကို ရုပ်သိမ်းလေလော..။
ဧပြီ ၂ ရက်နေ့မှစ၍ အလှည့်ကျမီးပေးမည်ဟူသောကတိကြီးကို အတိအကျစောင့်ထိန်းစိမ့်သောငှာ
ကိုယ့်စကားကိုယ်တာဝန်ယူလျှက် တရပ်ကွက်လုံးကို မီးဖြတ်လိုက်လေသတည်း…..။
(ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ တလွဲဆံပင်ကောင်းတာဆိုတာ အဲဒါ….)
ရပါတယ် ရပါတယ်.. မိုးကောင်းတုန်းရွာထားကြပါ..။
(မိုးဆိုသည်ကတော့ ရာသီရှိတာပေါ့နော်။ )
တချိန်လုံး ပျော်ပျော်ရွှင်ရွှင် ကြည်လင်ပေါ့ပါးနေသော ပါလေရာ၏စိတ်သည် ရုတ်တရက်မီးဖြတ်ခံရသည်၌ ရုတ်ချည်းညစ်ညူး၍သွားပြန်၏..။
ဒေါသအတန်ငယ်ဖြစ်၏။ ခပ်တည်တည်နဲ့ ယူပီအက်စ်မခံထားမိသဖြင့် လျှပ်တပျက်လော့အောက်သွားရရှာသော ကွန်ပျူတာလေးရှေ့မှခွာရင်း- ပြန်ဖွင့်လို့မှအဆင်ပြေပါ့မလား၊ ဟတ်ဒစ်ထိသွားမှဖြင့် ဘက်ကပ်မလုပ်ထားမိတဲ့ တလစာနီးပါးဒေတာတွေ ဆုံးပေတော့မည်ဟူသော စိုးရိမ်သောကသည် ငယ်ထိပ်သို့တက်၏။
ဤအဖိုးကြီးကား အစကတည်းကကျန်းမာရေးကောင်းလှတာမဟုတ်။ လေးဆယ့်ခွန်တည်းဟူသောအသက်အရွယ်မှာပင် ခွန်နှစ်ဆယ့်လေးနှစ်ရှိသူပမာ ဟိုဟာစစ ဒီဟာစစဖြင့် မကြာခဏသံချောင်းခေါက်ခံနေရသူဖြစ်သည်။ ၂၄ နာရီအတွင်း မျှော်လိုက် ပျော်လိုက် စိတ်ဆိုးလိုက် ပူပန်လိုက်ဖြင့် စိတ်လှုပ်ရှားမှု့ဒါဏ်တွေခံရလေသောအခါ ခေါင်းကြီးတခြမ်းလေးလျှက် ဇက်ကြောတက်သွေးတိုးလာလေသည်။
သို့သော် ကိစ္စမရှိ..။ ဂေဇက်ရွာသားဖြစ်ရသည်မှာ ဒီနေရာအသုံးကျလေသည်။ ရွာ့ဗိန္ဒောဆရာကြီး ဆရာထက် ပေးဝေထားအပ်သော ဘက်စုံသုံး ကျီးပေါင်းဒါဏ်ကြေဆေးရှိသည်မဟုတ်လော..။
မလှမ်းမကမ်းရှိဖန်ပုလင်းလေးအတွင်းမှ ဆေးအဆီအနည်းငယ်ကိုယူ၍ ဇက်နှင့်နားထင်ကိုပွတ်လိမ်း၏..။ ထို့နောက် သွေးကျဆေးသောက်ရန် ဖန်ခွက်ထဲ ရေလောင်းထည့်ရန်အားထုတ်သည်ရှိသော် ဖန်ခွက်အတွင်းတွင် ပုရွက်ဆိတ်ကလေးများ ရောက်နှင့်နေသည်ကို တွေ့ရလေသည်။
အဲဒါကတော့ ပါလေရာနေသောတိုက်ခန်း၏ ထူးခြားသောဝိသေသဖြစ်လေသည်။
ဒီလို ခြစ်ခြစ်တောက်ပူတဲ့နွေရာသီရောက်ပြီဆိုမှဖြင့် ပုရွက်ဆိတ်တို့သည် ရေပေါက်ရေစက်ကလေးများရှိတတ်သော ပန်းကန်ဖန်ခွက်တို့တွင် ရေခပ်ဆင်းလေ၏..။ ထို့ကြောင့် သောက်ရေခွက်တို့ကို ပုရွက်ဆိတ်မတက်စိမ့်သောငှာ ပန်းကန်ကလေးပေါ်တွင်တင်၍ အောက်ကရေခံထားရလေ့ရှိပါသည်။
ဒီနေ့ကတော့ ကိုယ့်ဟာကိုယ်ပျာယာခပ်နေတာနဲ့ ဖန်ခွက်ကို စားပွဲပေါ်ဒီအတိုင်းတင်ထားမိလို့ ပုရွက်ဆိတ်တွေရောက်နေတာပေါ့။
ဒါပေမယ့် သောက်ရေခွက်ကို ဒီလို အမြဲတန်း ရေခံပြီးထားရတာကတော့ မနိပ်လှသေး။ တမျိုးတဖုံကြံလေဦးမှ….။
ဤသို့တွေး၍ ဟိုဟိုသည်သည်မျက်စေ့ကစားမိလေသော် ဆရာထက်၏ ကျီးပေါင်းလိမ်းဆေးပုလင်းကို မြင်မိသည်၌ အကြံတခု ဖျတ်ကနဲပေါ်လာ၏။ ဦးပါလေရာသည်လည်း ထိုအကြံကို မဆိုင်းမတွအကောင်အထည်ဖေါ်လေ၏..။
ပထမ ပန်းကန်ပြားလေးတခုကိုယူ၍ အောက်ဖက်ခြမ်းကို ကျီးပေါင်းလိမ်းဆေးအနည်းငယ်ဖြင့် ပါးပါးလေးနှံ့အောင်ပွတ်၏။ ထို့နောက်မှ ထိုပန်းကန်ပေါ်တွင် သောက်ရေခွက်ကို ရေအနည်းငယ်ထည့်၍တင်ထားလိုက်ကာ နာရီကိုမှတ်လိုက်၏။ ဘယ်လောက်အချိန်အတွင်း ပုရွက်ဆိတ်တက်လေမလဲပေါ့…။
ဟုတ်ကဲ့ပါ…။ အခုစာရိုက်သည်အထိ ၁၆ နာရီအတွင်းပုရွက်ဆိတ်မတက်တော့ပါကြောင်း…။
ထို့ကြောင့် ကောက်ချက်ချလိုသည်မှာ သမားတော်ကြီးဆရာထက်၏ ကျီးပေါင်းလိမ်းဆေးသည် အခြားအနာရောဂါများစွာကို ပျောက်ကင်းချမ်းသာစေသည်သာမက ပုရွက်ဆိတ်မလာအောင် တားမြစ်ရာ၌လည်း လွန်စွာအစွမ်းထက်လှပါကြောင်း..။
စကားချပ်။ ။ မနက်ဖန် စာပေဟောပြောပွဲအတွက် အလုပ်ရှုပ်နေမှာမို့ သူ့အလစ်မှာ ရေးလိုက်ရပါကြောင်း..။
20 comments
Khin Latt
April 3, 2012 at 4:10 am
ဦးဦးပါလေရာာာာာာာာာာာာာာာာာ
အိပ်ချင်မူးတူး နဲ့ ဖတ်နေတာ။
အခုတော့ အူနှိပ်ရီပြီး အိပ်ချင်စိတ်တွေ ပျောက်သွားပါပေါ့။
ပရွက်ဆိတ် နှိမ်နှင်းရေးကို ဒီလို ပုံစံနဲ့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။
ဆရာထက်တော့ အတော် ဝင့်ကြွားသွားမယ်။
သူ့ဆေးက 2in1 သုံးလို့ ရသွားလို့။
ပရုတ်ဆီ သုတ်ပြီးစမ်းကြည့်ပါဦးလား။
ကွာခြားမှုကို သိရအောင်။ 😉
မီးတွေပျက် နေပြန်တာတော့ စိတ်မကောင်းဘူး။
ဒီတစ်ခါတော့ ဆရာ့ဆရာကြီး တွေ ကိုယ်တိုင် ပြည်သူတွေ မီးရရေး တိုက်ပွဲကို ဝင်ပြီး နွှဲကြတော့မယ် ထင်ပါရဲ့။
စိတ်ဝင်စားစရာတွေ ကတော့ တစ်ခုပြီးတစ်ခု မရိုးနိုင်အောင်ဖြစ်လာပါပြီ။
ကျွန်မကတော့ ” ပြည်သူဘက်တော်သားများ အောင်ပါစေ” လို့ဘဲ အမြဲဆုတောင်းပေးနေပါတယ်။
ဦးဦးပါလေရာ
April 3, 2012 at 1:57 pm
တကယ်တော့ အင်းဆက်တွေက ပရုပ်နံ့တို့ မင်သော်နံ့ တို့ကို ကြောက်ပါတယ် မခင်လတ်ရေ..။
ဒီတခါတော့ လက်ထဲနီးနီးရှိတာက ဆရာထက်ဆေးမို့
(ဂါထာပေး-တေးဖြစ်) အလွဲသုံးစားလုပ်လိုက်မိတာပါ။ 😀
ကြောင်ကြီး
April 3, 2012 at 9:02 am
အနော့်အထင်ဒေါ့ ဦးပါလေရာအိမ်က ပုရွက်ဆိတ်တွေ ကျီးပေါင်းမတက်သေးလို့ ဖြစ်မယ်။ ဖြစ်ရင် လိုရမယ်ရ သုံးဖို့ မတို့မထိ သိမ်းထားဂျလားမှ မသိဒါ…။
ဦးဦးပါလေရာ
April 3, 2012 at 2:04 pm
ရေသန့်သန့်သောက်ချင်ရင် ခြေထောက်တော့ပူမယ်..။
ဒါပေမယ့် သူတို့က ပုရွက်ဆိတ်လေ ကိုကြောင်ရဲ့… 😛
Shwe Tike Soe
April 3, 2012 at 11:24 am
မီးပျက်လဲ လုပ်စရာအလုပ်တွေ တပုံကြီးရှိတယ်ဆိုတာပြောပြတာလား ဦးဦးပါလေရာကြီး… ဟဟဟ
မီးပျက်တာလောက်ကတော့ အခု တယ် ရင်မခုန်တော့ဘူးပေါ့နော်…. 😀 😀
ဦးဦးပါလေရာ
April 3, 2012 at 2:08 pm
ဒို့ကတော့ နေတတ်သွားပြီ မိတိုက်ရေ..။
တချို့လူတွေသာ နောက်သုံးနှစ်မှာ လေထီးနဲ့ဆင်းလာရင် နေတတ်အောင်ကြိုးစားကြပေါ့ နော့ .. 😛
Moe Z
April 3, 2012 at 11:47 am
ဆရာထက်ဝေးဆီက ပုရွက်ဆိတ်ဆေးတောင်းဦးမှ
ဦးဦးပါလေရာတို့ဘက်က မီးပျက်တယ်လား
ဒါဆို အေလိုင်းမဟုတ်ဘူးပေါ့ 😀
ဦးဦးပါလေရာ
April 3, 2012 at 2:10 pm
ကိုယ်တယောက်ထဲတော့ အေလိုင်းမဖြစ်ချင်ပါဘူး မိုးစက်ရယ်..။
တတိုင်းပြည်လုံး အေလိုင်းဖြစ်ဘို့ပဲ ဆန္ဒလဲပြု လက်တွေ့လဲ ဝင်ပါပါ့မယ်…။
ဖားသက်ပြင်း
April 3, 2012 at 12:09 pm
မီးပျက်တယ် မီးဖျက်တယ် ဆိုတာ အလွန်အင်မတန် ကျက်သရေ ယုတ်တဲ့ ကိစ္စရယ်ပါ…
သူများတိုင်းပြည်တွေ လျှစ်စစ်ရထားတွေ ဟော အခု လျှပ်စစ် ကားတွေနဲ့…
ချဉ်ထှာအေ..
ဦးဦးပါလေရာ
April 3, 2012 at 2:13 pm
သတင်းစာထဲမှာတော့ နိုင်ငံတကာအဆင့်မီ ဘာ..ညာ.. တွေ ဖတ်ရပါတယ်။
လက်တွေ့မှာတော့
လာအိုနိုင်ငံအဆင့်ကိုမီဘို့ အများကြီးလုပ်ရဦးမယ်.. 🙁
kaung kin pyar
April 3, 2012 at 3:24 pm
စင်္ကာပူနဲ့ တူအောင်လုပ်မယ်တဲ့….ကြားမိတာပဲ….။ ခုလောလောဆယ်တော့ ခြင်တွေကကိုက်၊ ရာသီဥတုကပူနဲ့ ခြင်ကပူနိုင်ငံ ဖြစ်နေတယ်….။ ကိုရီးယားချွေးထုတ်ခန်းလို့ပဲ သဘောထားလိုက်ပါတော့မယ်……..။
Thel Nu Aye
April 3, 2012 at 1:16 pm
ကျေးဇူးပါဦးဦးပါလေရာရေ။ ထမင်းစား စားပွဲကအမြဲ ပုရွက်ဆိတ်သေးသေးလေးတွေတက်နေ တာ။ ဆေးဖြန်းလဲမရ။ ဘာမှလုပ်လို့မရလို့စိတ်ညစ်နေတယ်။ ဆရာဝေးဆေးတော့မရှိပေမဲ့ အလားတူ မိဂသီလေး စားပွဲခြေထောက်မှာပွတ်ထားကြည့်အုံးမယ်။ ရှဲရှဲပါ။
ဦးဦးပါလေရာ
April 3, 2012 at 2:20 pm
ပရုတ်ဆီ ပရုတ်နံ့ပါရင် ရမှာထင်တာပါပဲ မသဲနုအေးရေ..။
ကျုပ်တော့ ထွန်းရွှေဝါလေးလဲ သုံးကြည့်ဦးမှ..။
ဒီပိုစ့်က မနက်ဖန်ဆို နောက်မျက်နှာရောက်သွားမှာဆိုတော့
ဆရာထက် အင်တာနက်ဝင်ကြည့်တဲ့အခါ
သူ့ဆေးကိုအလွဲသုံးစားလုပ်ထားတာ မသိလောက်ဘူးထင်လို့ ..။
Onyx
April 3, 2012 at 2:55 pm
ကောင်းလိုက်တာ အိမ်းရောက်ရင် မုန့်တွေ ဖွက်ပြီး ကြိတ်စားလို့ရပြီ ကျေးဇူးပါ ဦးဦးပါလေရာ ရေ
နို့ဆို ပုရွက်ဆိတ်တက်တာနဲ့ တင် ကုန်ရောပဲ ။
မီးကိစ္စကတော့ ရင်နာတယ် အေပရယ် ပဲ စိတ်စိတ်တွေ လဲ သိပ်သိပ် ညစ်ရပါတယ်
manawphyulay
April 3, 2012 at 3:03 pm
ဪ နောက်ဆုံးတော့ အိပ်မရတဲ့အတူတူ ကျီးပေါင်းလိမ်းဆေး လိမ်းပြီး ဇွတ်မှိတ်အိပ်လိုက်ရတယ်ဆိုပါတော့ ဟုတ်လား ဦးဦးပါလေရာကြီး… ဆရာထက်တော့ ဆေးရောင်းကောင်းဦးမှာ သေချာတယ်။ 😛
nozomi
April 3, 2012 at 3:47 pm
ဦးပါ ပြောမှ တစ်ခု သတိရတယ်
အိမ်မှ ပိုးဟပ်တွေ သောင်းကျန်းတာ ဘယ်လိုလုပ်ရမှန်း မသိဘူး ၊ ရေချိုးခန်း ရေဆင်းတဲ့ အပေါက်ကနေ တစ်ကောင်ပြီး တစ်ကောင် တက်လာတာ ၊ တစ်ရက်တော့ ဆေးဖျန်းထည့်လိုက်တာ အကောင် ၂၀၊၃ဝ လောက် ထွက်လာပြီး သေကုန်တယ် ၊ အခု နှစ်ပတ်လောက် နေတော့ ပြန်ထွက်လာပြန်ရော ဗျို့
တစ်ခါက ဖတ်ဖူးတဲ့ ဝတ္ထုတိုလေး တစ်ခုသွားသတိရတယ် ဂျပန်မှာ အနုမြူဗုံ ကျဲချတာတောင် ပိုးဟပ်နဲ့အို သမားက အခု ထိ မပျောက်ဖူးတဲ့ ၊ ဆရာထက် ဆေးကို ရေဖျော် ဖျန်းလိုက်ရင် ကောင်းမလား မသိဘူး ဦးပါရေ
ဦးဦးပါလေရာ
April 4, 2012 at 1:22 am
ဆရာထက်တော့ ကျုပ်ကိုသတ်တော့မယ်… 😀 😀
Mr. MarGa
April 3, 2012 at 4:00 pm
အော်
ရွာသားတွေလဲ နည်းသစ်တွေထွင်ကုန်ကြပြီ
နောက်တစ်ခါဆို ပုရွက်ဆိတ်လေးတွေလဲ ဆေးယဉ်မလားမသိဘူးနော်
MaMa
April 3, 2012 at 10:49 pm
ပုရွက်ဆိတ်ပြေးအောင်လုပ်နည်းတော့ သိပြီ။ 🙂
မီးမပျက်တဲ့ နည်းလေးလည်း လုပ်ပါဦး။
လိုလျှင်ကြံဆ ဦးပါထံမှ အကြံကောင်း ဉာဏ်ကောင်း (သို့) ဂါထာ များအား စောင့်မျှော်လျှက် .. 😆
ဦးဦးပါလေရာ
April 4, 2012 at 1:29 am
မမရေ-
မီးမပျက်တဲ့နည်းကိုလည်း စဉ်းစားနေတာကြာပြီ၊ ကျုပ်တသက်နီးပါးပဲ..။
အခုထိ အဖြေထွက်နေတာကတော့
မီးမပျက်အောင် စင်္ကာပူပြောင်းနေတာ အသေချာဆုံးပဲ… 😀