နှစ်သစ်လက်ဆောင် ပုံပြင်

Kaung Kin PyarApril 6, 20121min1968

ကောင်းကင်ပြာက ငယ်ငယ်ကတည်းက ပုံပြင်တွေ ဖတ်ရတာ ဝါသနာပါပါတယ်…။ တစ်ခါတစ်လေ စာအုပ်တွေဆီက ဖတ်ရင်း…၊ တစ်ခါတစ်လေ ဆရာ၊ ဆရာမတွေပြောတာနားထောင်ရင်း တချို့ပုံပြင်တွေဆို ခုထိ ကောင်းကင်မေ့လို့မရသေးပါဘူး…။ အဲ့ဒီထဲကမှ ကောင်းကင်ပြာ ခုနှစ်တန်းနှစ်တုန်းက သချာင်္ဆရာ ဆရာဦးလှဌေးပြောပြတဲ့ ပုံပြင်တစ်ပုဒ်ကို ရွာသားတွေအတွက် အသုံးဝင်လောက်တယ်ထင်လို့ ပြန်ပြောပြလိုက်ပါတယ်နော်…။

တစ်ခါတုန်းက တောရွာလေးတစ်ရွာနဲ့နီးတဲ့ တောအုပ်လေးတစ်ခုမှ ရသေ့နှစ်ပါးတရားကျင့်နေကြပါတယ်….။ ရသေ့တစ်ပါးကို ရသေ့အေလို့ အမည်ပေးပြီး နောက်တစ်ပါးကိုတော့ ရသေ့ဘီလို့ အမည်ပေးလိုက်ရအောင်နော်…။ ရသေ့အေနဲ့ဘီဟာ အနီးက တောရွာမှာ နေ့တိုင်း ဆွမ်းခံကြွပါသတဲ့…။ ရသေ့နှစ်ပါး ဆွမ်းခံတဲ့လမ်းမှာ ချောင်းလေးတစ်ခုရှိပါတယ်…။ တစ်ရက်ကျတော့ ဆွမ်းခံပြီး ပြန်ကြွအလာ ချောင်းကမ်းစပ်မှာ မိန်းခလေးတစ်ယောက် လှလှပပပြင်ဆင်ဝတ်စားပြီး ဟိုဘက်ကမ်းကို မကူးရဲ ကူးရဲ ဖြစ်နေတယ်..။ အမှန်တော့ ချောင်းက တိမ်တိမ်လေးပါ…။ ကောင်မလေးဖြတ်ကူးလိုက်ရင် သူ့ခြေထောက်လေးတွေ ရွှံ့တွေ၊ ရေတွေစိုကုန်မှာ စိတ်ပူတာ…။ ကောင်မလေးချီတုံချတုံ ဖြစ်နေတာကိုလဲ ရသေ့နှစ်ပါးက မြင်ပါတယ်…။ ဘာအခက်အခဲဖြစ်နေတယ်ဆိုတာကိုလဲ သိပါတယ်..။ အဲ့ဒီအချိန်မှာ ရသေ့အေက သပိတ်ကို ရသေ့ဘီလက်ထဲထည့်၊ ကောင်မလေးကို ပွေ့ချီပြီး ဟိုဘက်ကမ်းစပ်မှာ ချပေးလိုက်တယ်…။ ကောင်မလေးကလဲ လိုရာခရီးကို ဆက်သွားပါတယ်..။ ရသေ့နှစ်ပါးလဲ ကျောင်းသင်္ခမ်းကို ဆက်သွားပါတယ်…။

ဒါပေမယ့် ရသေ့ဘီက စိတ်ထဲမှာတစ်လမ်းလုံးတွေးတယ်…။ ရသေ့အေဟာ မာတုဂါမကို ပွေ့ချီခဲ့တယ်၊ ဒါဟာ ဝိနည်းနဲ့ မညီဘူး..တဲ့…။ ရသေ့ဘီက ဒါကိုပဲ အမြဲတွေးနေတယ်…။ ဆွမ်းကောင်းကောင်းဘုဉ်းမပေးနိုင်ဘူး၊ တရားတောင် ကောင်းကောင်းမထိုင်နိုင်ဘူး…။ ငါ ရသေ့အေကို ပြောလိုက်ရင်ကောင်းမလား…၊ ငါတို့ အခင်အမင်ဘဲ ပျက်သွားမလား…၊ မပြောရင်လဲ သူမသိဘဲနေဦးမယ်…။ ဒါက ဝိနည်းနဲ့ မညီဘူး…တဲ့..။

ရက်တွေကြာလာတော့ ရသေ့အေက ရသေ့ဘီပုံမှန်မဟုတ်ဘဲ တစ်ခုခုဖြစ်နေတာကို ရိပ်မိသွားတယ်တဲ့…။ ဒါနဲ့ပဲ ရသေ့အေက ရသေ့ဘီကို မေးတယ်…။ ကိုယ်တော်…နေထိုင်များမကောင်းဘူးလားဘုရား…။ ခုတလော ကိုယ်တော့်ကို ကြည့်ရတာ တစ်မျိုးပဲတဲ့…။ ဒါနဲ့ ရသေ့ဘီက အရှင်ဘုရား….ဟိုတစ်ခါချောင်းကမ်းစပ်မှာ မာတုဂါမတစ်ယောက်ကို တွေ့ခဲ့တယ်လေ…။ ရသေ့အေက အတော်ကြာအောင် စဉ်းစားနေပါတယ်….။ နောက် ပြန်မှတ်မိသွားပြီး…ဪ…သိပြီကိုယ်တော်၊ မှတ်မိသွားပြီ။ အဲ့ဒါ ဘာဖြစ်လို့လဲလို့ ပြန်မေးတယ်….။ အရှင်ဘုရား..အဲ့ဒါ ဝိနည်းနဲ့ မညီဘူးတဲ့……။ အဲ့ဒီအခါ ရသေ့အေ ပြုံးပြီး ပြန်ပြောလိုက်တာက…အရှင်ဘုရား…တပည့်တော်က အဲ့ဒီမာတုဂါမကို ချောင်းကမ်းစပ်မှာ ချပေးခဲ့ပါပြီ….။ အရှင်ဘုရားက ကျောင်းအထိ သယ်လာတာကိုး….တဲ့..။

ဒီပုံပြင်လေးကို ဖတ်ပြီး ရွာသူားများ ဘယ်လို တွေးကြပါသလဲ…? ကောင်းကင်အတွက်တော့ တကယ်ကို အသုံးတည့်နေပါတယ်…။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ (ဒါဟာ သံဃာတော်တွေမို့ ဘာမဟုတ်တာလဲ ဟုတ်ချင်မှ ဟုတ်မှာပါ…။ ဒါက ဝိနည်းမို့ မသင့်တော်ဘူးလို့လဲ ငြင်းရင်လဲ ငြင်းလို့ ရနေပါတယ်။) ဒါပေမယ့် ယူသော်ရ၏ပေါ့ရှင်….။ ကောင်းကင်တို့ ပတ်ဝန်းကျင်မှာလဲ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ ကိစ္စအသေးအဖွဲလေးတွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရ၊ စိတ်ပင်ပန်းရတာတွေ ရှိနေကြ၊ ရှိခဲ့ကြတယ် မဟုတ်လားရှင်….။ အိပ်မပျော်နိုင်တွေဖြစ်၊ တစ်နုံနုံတွေးလို့ စိတ်ဆင်းရဲခဲ့ကြတယ် မဟုတ်လား။ ကောင်းကင်ပြာ ပြောချင်တာကတော့ တစ်ချို့ ဘာမဟုတ်တာလေးတွေကို ကျောင်းမထိသယ်မလာဘဲ ချောင်းကမ်းစပ်မှာပဲ ချထားခဲ့ရအောင်ပါနော်…။ လူ့ဘဝဆိုတာ တိုတိုလေးပါ…။ ရွာသူရွာသားတွေအားလုံး နှစ်သစ်မှာ အရင်နှစ်တွေကထက် ပိုမိုပျော်ရွှင်စိတ်ချမ်းသာပြီး ပိုအောင်မြင်တဲ့၊ ကိုယ့်ပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်တဲ့သူများ ဖြစ်ကြပါစေလို့ ကောင်းကင်ပြာ ရွာဟစ်တိုင်မှ ဆုတောင်းပေးပါတယ်…။

8 comments

  • Ko out of...

    April 6, 2012 at 4:04 pm

    ချောင်းမှာထားခဲ့ ပေမဲ့ ခံစားချက်အကောင်း ဝိပါက်ကတော့ရသေ့ဆီမှာ ကြွင်းကျန်ခဲ့မယ်ထင်တယ်နော်..
    သူဝဋ်စက်လှည်မှန်း မသိဘူးထင်တယ်… ဈန်ရ ရသေ့တပါးဟာ အိပ်ယာမှ လန့်နိုးထလာတဲ့ အမျိုးသမီးရဲ့ အလှအပကိုယ် ကိုမြင်ရုံဘဲ မြင်တာတောင်မှ… ဈန်လျှောပြီး အိပ်မရ၊ စားမရ ဖြစ်တယ်…
    အခု ရသေ့အေဟာ မာတုဂါမကို ပွေ့ချီတယ် ဆိုတော့… စဉ်းစားဖို့ပါ..

    kaun kin pyar ဆိုလိုချင်တာကို နာလည်ပေးနိုင်ပါတယ်…ဒါပေမဲ့ ဘယ်လုပ်ရပ်မဆို လုပ်ပြီးရင် ပြီးတာဘဲ ဆိုပေမဲ့ လုပ်ရပ် အကောင်း အဆိုးဟာ ကျန်ခဲ့တယ်…

    တခါက ဒေါသကြီးတဲ့ လူငယ်လေးကို သူအဖေက ဒေါသတခါထွက်ရင် သစ်သားတိုင်မှာ သံချွန်တချောင်း ရိုက်ခိုင်းတယ်.. ဒေါသခဏ ခဏထွက်တော့ သံချွန်တွေလည်းအများကြီးဖြစ်လာတယ်ဆိုပါတော့..သံချွန်အများကြီးကိုတွေ့ပြီး သူဒေါသ နည်းနည်းလျှော့လာတယ်.. သူ့အဖေက ဒေါသလျှော့လာရင် သံချွန်ပြန်နုတ်ခိုင်းတယ်… နောက်ဆုံးဒေါသ မဖြစ်တော့ သံချွန်လည်းမရှိတော့ဘူးဆိုပါတော့.. အေး…ငါ့သား ဒီတိုင်မှာကြည့် လုပ်ရပ်တခုဟာ လုပ်ပြီးရင် ဘာမှာမဖြစ်ဘူးလို့ မထင်နဲ့ ဒီတိုင်မှာကြည့် သံချွန်အရာလေးတော့ ကျန်ခဲ့တယ် မဟုတ်လား?…မှတ်မိသလောက် ပြန်မျှဝေပေးတာပါနော်…ကျေးဇူး…

  • Thit Sar Lin

    April 6, 2012 at 4:23 pm

    အောင်မလေး …ဥပမာလေးကတော့မိုက်တယ်ဗျာ
    ဟုတ်ပါတယ်ဗျာ..ကျွန်တော်တို့ အားလုံးနှစ်ဟောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ဆိုးကောင်းမှန်သမျှကို မက်မောမနေသင့်ပဲ နှစ်ဟောင်းကဖြစ်ပျက်သမျှကို သင်္ကြန်ရေနဲ့ဆေးကြောပြီး နှစ်သစ်ကိုကောင်းကောင်းမွန်မွန်နဲ့ စလိုက်ကြရအောင်……
    ကိုယ့်ဆီမှာရှိတဲ့ မကောင်းတဲ့အချက်တွေ ပယ်ရှားနိုင်ပါစေဗျား

  • kaung kin pyar

    April 6, 2012 at 4:30 pm

    ဟုတ်ကဲ့…Ko Out Of…. ပြောချင်တာကို ကောင်းကင်ပြာ နားလည်ပါတယ်…။ ဖြစ်ရပ် အကောင်းအဆိုးကျန်ခဲ့တယ် ဆိုတာကိုလဲ သဘောပေါက်ပါတယ်…။ ဒါကြောင့်လဲ လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးကြတာလို့ ဆိုရိုးရှိသကိုး…။ အရာအားလုံးကို ဖျက်ထုတ်လိုက်ရမယ်လို့ မဆိုလိုပါ…။ ကိုယ့်အတွက် အသုံးလဲမလိုဘဲ ဝန်တစ်ခုလို လေးပင်နေတာတွေကိုသာ ထားခဲ့လိုက်ပါလို့ ပြောချင်ပါတယ်။ လူကတော့ ဘယ်သူမှ အမှားနဲ့၊ ဒဏ်ရာတွေနဲ့ မကင်းပါဘူး…။ ဒါတွေကိုပဲ တသသဖြစ်နေရင် ကိုယ်ပဲ စိတ်ပင်ပန်းရမှာမဟုတ်လား…။ ဒါကြောင့် ဖြစ်နိုင်ရင် တစ်ချို့အသုံးမဝင်လေးပင်နေတာတွေကို ဟိုဘက်ကမ်းမှာသာ ချထားခဲ့ရအောင်ပါလို့…။
    ——————————————————
    ကိုThit Sar Lin ရေ…။ နှစ်သစ်အတွက် ဆုတောင်းပေးတာ ကျေးဇူးပါနော်…။ အားလုံးလဲ စိတ်ချမ်းသာ ပျော်ရွှင်ပါစေလို့။

  • Mon Kit

    April 6, 2012 at 4:35 pm

    ကောင်းမွန်လှတဲ့ နှစ်သစ်ပုံပြင်လေးပါ…..
    ရွာသူ ရွာသား အားလုံးလည်း ရသေ့အေလိုဘဲ မာတုဂါမလေးကို ချောင်းဘေးမှာ အစွဲအလန်းကင်းစွာ ချထားနိုင်ခဲ့သလို နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်မှာ စွဲလန်းမှုစင်ကြည်စွာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ကြပါစေလို့… နှစ်သစ်ဆုမွန်တောင်းပေးလိုက်ပါတယ်…..

  • kaung kin pyar

    April 6, 2012 at 4:38 pm

    ကျေးဇူးတင်ပါတယ် မွန်ကစ်ရေ….။ အားလုံးပဲ စိတ်ချမ်းသာပျော်ရွှင်စွာပါစေလို့ ထပ်ပြီး ဆုတောင်းပါတယ်…။

  • ကိုရင်မောင်

    April 6, 2012 at 7:37 pm

    ဒီပုံပြင်လေးက ဒေါက်တာသင်းသင်းရေးတဲ့ဇင်ဗုဒ္ဓဘာသာဆိုတဲ့စာအုပ်ထဲမှာ
    ဖတ်ခဲ့ဘူးပါတယ်….
    အလွန်ကောင်းပါတယ် ပျော်ရွင်တဲ့နှစ်သစ်ဖြစ်ပါစေလို့ဆုတောင်းလိုက်ပါတယ်
    skyblue ရေ

  • alinsett

    April 6, 2012 at 7:46 pm

    ဒီ ပုံပြင်လေးကို ကျွန်တော် လည်း..နှစ်သက်တယ် ။ ဟိုအရင် ဖတ် ဖူး ပေမယ့် ဘယ် အချိန် ဖတ်ဖတ် မရိုးပါဘူး။

    စိတ်ရဲ ့ လွတ်မြောက်မှု…ကို ..ဦးတည်ပြီးပြောထားလို ့ ပိုပြီး သဘောကျ မိတယ် ။

    အခု လို ပြန် လည်း တင်ပြပေးလို ့..ကောင်းကင်ပြာကိုလည်း.ကျေးဇူးပါ။

  • shwe kyi

    April 7, 2012 at 11:15 am

    ကျေးဇူးပါမကောင်းကင်ပြာရေ။ နှစ်ဟောင်းကညစ်နေတာတွေ အတာရေနဲ့ဆေးကြောရင်းနှစ်သစ်မှာပျော်ရွင်ကြပါစေ။

Leave a Reply