မိုးစက်တွေရဲ့အောက်မှာ……

htet wayApril 8, 20121min12821

လက်ဆေးမိုးဆိုပြီး
ဆွတ်ရုံလေးဖျန်းလိုက်တဲ့ညက
အလွမ်းတွေပွင့်အာလာတယ်။

မိုးကတဖြောက်ဖြောက်
တစ်ချက်တစ်ချက်ပန်းရနံ့ရသလို
မိုးနံ့သင်းပြီးဝေ့တဲ့နွေကိုစည်းဖေါက်တဲ့ လေပြေမှာ
ကျန်းမာပါစေ လို့မေတ္တာပို့သံလိုလို
ကြေကွဲလို့တိုးတိုးလေး ငိုတဲ့ရှိုက်သံလိုလိုကြားမိတယ်။

ချစ်တဲ့သူဓါတုကလျာကိုပန်မပေးလိုက်ရတဲ့
နတ်သျှင်နောင်ရဲ့ရာသီပန်းတွေကျွှန်တော်မှာရှိတယ်
ဝေးကွာခြင်းဆိုတဲ့ အလွမ်းမိုးညှို့တော့
ချစ်နှင်းမှုံ သီချင်းထဲကတယောသံလေး
ရင်ကိုနာကျင်အောင်တိုးဝှေ ့ဝှေ့တယ်
ညီမလေးရယ်
မသေချာခြင်းတွေကသေချာပြီး
သေချာပါတယ်ဆိုတာတွေကမသေချာခဲ့ပြန်ဘူး
အရှုံးအတွက်ပုံပေးလိုက်ရတဲ့သောကကြောင့်ဖြစ်ရတဲ့ဒေါသမှာ
အနိုင်ရလို့ ပျော်ရွှင်တဲ့ အပြုံးတွေဝေလို့
ခောတ်ကိုက ကိုယ့်ဘက်နည်းနည်းပါနေပြီလေ။

အိပ်မက်တွေတကယ်ဖြစ်လာပြီလား
အိပ်မက်တွေကအိပ်မက်ဆန်နေတုန်းပဲလား
မြို့ကလေးပေါ်ရွာချတဲ့မိုးစက်တွေက
ဝမ်းသာလို့ ့ကျတဲ့ မျက်ရည်စက်တွေလား
ခုမိုးစက်တွေက
တခါကကျွှန်တော့်ပင့်သက်တွေအငွေ့ပျံပြီးငွေ့ရည်ဖွဲ့ခဲ့တာလေ
အနာဂါတ်လမ်းမှာ ပန်းတွေဝေနေလိမ့်မယ်ညီမလေး
မိုးဖွဲလေးကျတဲ့ညက တော့
အလွမ်းနဲ့ကျွှန်တော်ဖျားနေခဲ့ပါတယ်။

21 comments

  • htet way

    April 8, 2012 at 10:58 am

    ကဗျာရေးချင်စိတ်လေးကြောင့်ရေးလိုက်မိတယ်။
    လူငယ်တွေအချစ်ကဗျာရေးကြတယ်
    ကျွန်တော်ကတော့ လူလတ်ခေါ်မလား
    အရွယ်လွန်ပြောမလား။
    ကဗျာကို အားပေးရင်ကျေနပ်ပါတယ်။

  • marblecommet

    April 8, 2012 at 11:01 am

    ခင်ဗျားပင့်သက်နဲ့ ငွေ့ရည်ဖွဲ့တဲ့ မိုးက
    ကျနော့်ကိုလည်း စိုပါတယ်..ဗျာ.
    ဒါနဲ့ ကိုယ့်ဆြာ
    တဖျောက်ဖျောက်ကို
    တဖြောက်ဖြောက်လို့ လုပ်ရမယ်ထင်တယ်
    ကဗျာမို့လို့ တန်ဖိုးကြီးလို့ ပြောရတာပါနော့ကိုထက်
    စိတ်မဆိုးပါနဲ့
    ပုံ….
    သတ်ပုံအသင်းထဲ ခြေတစ်ဖက် ကျွံချင်နေသူ….

  • htet way

    April 8, 2012 at 11:07 am

    ကိုကမ်းကြီးရေ
    ဘယ်နှယ်… စိတ်ဆိုးရမှာလဲ ထောက်ပြတာကျေးဇူးတောင်တင်သေးတယ်
    ဖြောက်ကအမှန်ပဲ..သတိလက်လွတ်ဖြစ်တာပါ။
    ခံစားပေးတဲ့ကဗျာဆရာကို ကျေးဇူးပါ

  • မွန်မွန်

    April 8, 2012 at 3:12 pm

    ကဗျာလေးကို တကယ်ခံစားလိုက်ရပါတယ်။

    ဒါနဲ့ “ခေတ်” နဲ့ “ကျွန်တော်” လေးကိုတော့ တွေ့မိတယ်။ စာစစ်နေတယ်လို့တော့ မထင်ပါနဲ့နော်။
    ကဗျာလေးကို သေသေချာချာဖတ်ရင်းနဲ့ မျက်စိထဲမှာ တစ်မျိုးဖြစ်သွားလို့ပါ။

  • ဦးဦးပါလေရာ

    April 8, 2012 at 3:41 pm

    အခုလိုကျတော့လဲ နုရွနေတာပါလား ဆရာထက်ရယ်..
    ကိုထက်ဝေးရဲ့ကဗျာလေးကို
    မျက်စေ့နဲ့ကြည့်ပြီး
    နှလုံးသားနဲ့ ဖတ်သွားပါတယ်…

  • Thakhin CJ

    April 8, 2012 at 6:05 pm

    ဆရာထက်ဝေးရဲ့
    မိုးစက်တွေရဲ့အောက်မှာ
    ကျွန်တော် မိုး ရေချိုးသွားပါတယ်ခင်ဗျာ…။
    ပူလောင်အိုက်စပ်နေတဲ့အချိန်မှာ
    လက်ခံရရှိလိုက်တဲ့
    နွေလွန်မိုးစက်ပွင့် လေးတစ်ပွင့်လို
    တန်ဘိုးထားမိပါတယ်…။

  • htet way

    April 8, 2012 at 7:23 pm

    ဦးဦးခင်ဗျား
    ကဗျာကိုအားပေးတဲ့အတွက်ကျေးဇူးပါ
    မွန်မွန်ခင်ဗျား နောက်ကို သတိထားရေးပါ့မယ်
    Thakhin CJ ခင်ဗျား လေးစားပါတယ်။
    ကေျာဝါသနာရှင်တွေ ဖတ်သူတွေကို ကျေးဇူးတင်မိပါကြောင်း

  • aye.kk

    April 8, 2012 at 9:30 pm

    မိုးစက်လေးရေ..
    လေအဆော့မှာ..
    နွမ်းလျှော့ပြေရ..
    အေးမြခံစား…
    လွမ်းတွေပါးအောင်..
    ကိုယ့်အားကူလို ့ပေးစေချင်။

  • “နွေပိတောက်”
    မိုးစက်တွေဖြိုင်ဖြိုင်ကျတောင်မှ
    အေးနိုင်ပေါင်
    ဘလောင်ဆူလို့
    ရင်တွေကပူ။
    ဝေးသူမှာ စိတ်ပင်ပန်းပါဘိ
    ဆွေးကူကာ
    သူဖန်ဆင်းတယ်
    ညှင်းရက်လေခြင်း။

  • pooch

    April 8, 2012 at 11:34 pm

    မိုးဆိုလို့ ဆရာထက်ရေ မနေ့က ညီမတတွေ ညနေဖက် အပြင်သွားပြီး shopping ပတ်တာ အပြင်မှာ မိုးရွာပြီး လေတွေ ကြမ်းနေတာ မသိလို့ အပြန်မှာ မိုးစက်အကြီးစားတွေ ရဲ့ အောက်ကနေ ပြန်လာခဲ့ရတယ်။ ဒီနှစ်မှာ ပထမဆုံး ခပ်ကြမ်းကြမ်းလေး မိတဲ့မိုးလို့ ဆိုရမှာပါ။ မဖျားတာ ကံကောင်းပါ။

    ပျော်လည်း ပျော် ကြောက်လည်း ကြောက်နဲ့ မီးတွေကလည်း တလမ်းလုံးပျက်နဲ့ပါ။ မှောင်လိုက်တာမှ မဲလို့ပါပဲ။

    ဒါနဲ့ ဆရာထက် အခုတော့ အလွမ်းတွေနဲ့ မဖျားတော့ ဘူး ထင်ပါတယ်။ ကဗျာလေးက ထိလို့ ရှရှလေး ခံစားသွားပါတယ်။ 😀

  • ကြောင်ကြီး

    April 9, 2012 at 8:40 am

    အလွမ်းတွေနဲ့ဖျား
    စမ်းရေမဲ့ဖလား
    လှမ်းချွေထည့်ထား
    ငန်းမြွေရဲ့အသား…။

  • ဖားသက်ပြင်း

    April 9, 2012 at 8:51 am

    မသေချာခြင်းတွေကသေချာပြီး
    သေချာပါတယ်ဆိုတာတွေကမသေချာခဲ့ပြန်ဘူး
    ……………..
    အိပ်မက်တွေတကယ်ဖြစ်လာပြီလား
    အိပ်မက်တွေကအိပ်မက်ဆန်နေတုန်းပဲလား

    နာကျင်တာရတွေ သက်သာရဖို့ ဆိုရင်တော့ …
    ကျနော်တို့
    ဖြစ်နိုင်ချေများပြီး လက်တွေ့ဆန်တဲ့ အိပ်မက်တွေသက်သက်တွေကိုသာ
    ပြောင်းမက်ကြည့်ရတော့မယ်ထင့်…..
    ဆြာ ထက်ဝေးရယ်..
    အော် ..သည်လိုတွေးရတာ သက်သက်ကိုက .. နာကျင်ရပြန်ပါသလားနော…

    ခင်တဲ့
    ဂီ

  • htet way

    April 9, 2012 at 10:47 am

    aye.kk
    ကဗျာလေးကကောင်းပါတယ်
    မိုးစက်လေးရေ..
    လေအဆော့မှာ..
    နွမ်းလျှော့ပြေရ..
    အေးမြခံစား…
    လွမ်းတွေပါးအောင်..
    ကိုယ့်အားကူလို ့ပေးစေချင်။

    လွမ်းတယ်ဆိုတာလွယ်လွယ်တော့မဖြစ်ဘူးလွမ်းတတ်ဖို့တော့ နန်းရပ်ကိုမြန်မြန်ပြန်ခဲ့လေ။

  • htet way

    April 9, 2012 at 10:48 am

    ကိုပေါက်(မန္တလေး)
    “နွေပိတောက်”
    မိုးစက်တွေဖြိုင်ဖြိုင်ကျတောင်မှ
    အေးနိုင်ပေါင်
    ဘလောင်ဆူလို့
    ရင်တွေကပူ။
    ဆရာရေ…ခင်ဗျားက ဘက်စုံပါပဲ ကဗျာလည်းကောင်း..လေးစားပါတယ်။

  • htet way

    April 9, 2012 at 10:50 am

    ဆရာကြောင်ကြီး နပေထပ်တော့ကောင်းတယ်
    ငန်းမြွေတော့ မစားရဲဘူး

    အလွမ်းတွေနဲ့ဖျား
    စမ်းရေမဲ့ဖလား
    လှမ်းချွေထည့်ထား
    ငန်းမြွေရဲ့အသား…။

  • htet way

    April 9, 2012 at 10:51 am

    ဆာ ထက်ဝေးရယ်..
    အော် ..သည်လိုတွေးရတာ သက်သက်ကိုက .. နာကျင်ရပြန်ပါသလားနော…
    ခင်တဲ့ဂီ
    ဆရာဂီ….နာကျင်ရတာတွေတော့ရင်နဲ့မဆန့်တော့ဘူး

  • manawphyulay

    April 9, 2012 at 11:20 am

    ချစ်တဲ့သူဓါတုကလျာကိုပန်မပေးလိုက်ရတဲ့
    နတ်သျှင်နောင်ရဲ့ရာသီပန်းတွေကျွှန်တော်မှာရှိတယ်

    နတ်သျှင်နောင်ပန်းတွေရှိရင် ပေးပါလားဟင်..
    တစ်ခါမှ မမြင်ဖူးလို့ မြင်ဖူးအောင် ကြည့်ချင်လို့ပါ။
    ဒီမှာတော့ မိုးသိပ်မရွာတော့ အလွမ်းတွေ ပျိုးလို့မရဘူးဖြစ်နေမိတယ်။

  • htet way

    April 9, 2012 at 11:58 am

    ဆရာမလေးရေ
    စစ်တိုက်ထွက်ရတဲ့ နတ်ရှင်နောင်ဟာရာသီပန်းတွေကိုကြည့်လိုက်တော့
    ချစ်သူကိုပန်ပေးချင်စိတ်ဖြစ်လာပါတယ်..သို့သော်ပန်မပေးလိုက်ရဘူး အလှမ်းဝေးလို့
    ပန်းပေးလို့မရပါဘူး။
    မျှော်ချေကလျှင် ကာလအလျှောက် ပိတောက်လျှံခဲရွှေရည်စွဲက ပုလဲငုံသွယ်….
    စပါယ်ဖြူဖွေး စကားသေးကို ကျွှန်ပ်လက်ဖြင့်ရွေးလျက်ရွရွ မဆင်ရသည့် ကာလသို့တိုင်
    ………………………….။ပေါ်နွေလလျှင် ကဗျာမှာကြည့်ပါ။ပြည်လှဖေလည်းဆိုထားပါတယ်။
    ပန်းမပန်ပေးလိုက်ရလို့ နတ်သျှင်နောင်ရဲ့ရင်ထဲ အလွမ်းနဲ့ကြေကွဲမူတွေရောယှက်နေပါတယ်။
    ဋ္ဌာနေကိုလည်းမပြန်ရ ချစ်သူကိုလည်းမြင်ချင်လှတဲ့ စာဆိုစစ်သည်ရဲ့ အလွမ်းဝေဒနာကို
    ထပ်တူခံစားချက်နဲ့ ….ကျွန်တော်လည်း ပန်မပေးလိုက်ရတဲ့ လှရာရာရွေးသီထားတဲ့ ပန်းတွေ
    ရှိနေကြောင်း ရေးတာပါ။ဒီပန်းတွေကိုမြင်ချင်ရင်တော့ ..ပြနိုင်ပါတယ်။
    အညံ့ပန်းတွေပါ။ ချစ်သူကိုမပန်ပေးလိုက်ရတဲ့ ပန်းတွေပေါ့ဆရာမရယ်
    သိင်္ဂါရနဲ့ဖွဲ့သီထားတဲ့နှလုံးသားနဲ့ ယှက်လုပ်ထားတဲ့ ပန်းတွေ၊
    ဘယ်တော့မှ ညှိုးနွမ်းမသွားတော့မယ့်ပန်းလေ။နှစ်ပေါင်းတရာထိ စီးဆင်းနေမယ့်
    ငယ်ချစ်ဦးဆိုတဲ့ မြစ်ကမ်းနံဘေးက သစ္စာပန်းတွေပါ။ဒီလောက်ဆိုဆရာမမြင်ပါပြီ။

  • blackchaw

    April 9, 2012 at 1:07 pm

    မိုးစက်တွေနဲ့
    မိုးရေချိုးသွားပါတယ် ခင်ဗျာ။
    နည်းနည်း အေးသလားလို့…။
    😛

    • Thel Nu Aye

      April 9, 2012 at 9:46 pm

      အေးဆို မိုးသီးပါပါတယ်ဦးဘလက်ရဲ့။

  • htet way

    April 9, 2012 at 8:50 pm

    ဖတ်ရှု့အားပေးတာကျေးဇူးပါ
    ကိုဘလက်ပျော်ရွှင်ကျန်းမာပါစေ

Leave a Reply