အဖြူရောင်ကန့်လန့်ကာ
(၁)
မနေ့ညက ညဉ့်နက်မှ အိပ်ယာဝင် ခဲ့သော်လည်း ဒီမနက် အစောကြီး ပြန်နိုး၍ လာခဲ့သည်။ သူ့အကျင့်က ဒီလိုပါပဲ။ လုပ်လက်စ အလုပ်တာဝန် တစ်ခု မပြီးပြတ် သေးလျှင် ဘယ်တော့မှ အခြားအရာများ အပေါ်တွင် စိတ်အာရုံ လွှဲမထားတတ်။ ထို လုပ်လက်စ အလုပ်ကိုပဲ အမြန်ဆုံး ပြီးစီးအောင် လုပ်ဖို့ဆိုသည့်စိတ်က သူ့ကို အချိန်ပြည့် စိုးမိုး နေတတ်သည်။ သူ ဝတ္ထုတစ်ပုဒ် ရေးနေခြင်း ဖြစ်၏။ မနေ့ညက လူခြေတိတ်သည့် ဆယ်နာရီလောက် မှစပြီး သူ စာရေးခြင်း အလုပ်ထဲ ဈ ာန်ဝင်စား နေခဲ့သည်။
စာရေးနည်း ပရိယာယ်ကို အတော်အတန် ကျွမ်းကျင်သူ ဖြစ်သည့်အတွက် ဝတ္ထုကို အစပျိုးပြီး ရေးသားရခြင်းမှာ သူ့အတွက် အခက်အခဲ တစ်ခုမဟုတ်။ စာဖတ် ပရိသတ် စိတ်ဝင်စားမည့် ဝတ္ထုအဖွင့် ပုံစံမျိုးကို သူ လိမ်မာပါးနပ်စွာ ရေးသား နိုင်သည်။ သူ၏ အာရုံဝင်စားမှုက ကြောက်စရာ ကောင်းသည်။ တစ်ခါတရံ သူ့ဝတ္ထုထဲမှ ဇာတ်ကောင်များက သူ့ခိုင်းစေမှု အောက်တွင် နေသားတကျ ဖြစ်နေတတ်ပြီး တစ်ခါတလေ သူသည် သူ့ဝတ္ထုထဲမှ ဇာတ်ကောင် တစ်ဦးဦး၏ စိတ်ညှို့ခြင်းကို ခံနေရသူလို တွေဝေမိန်းမော၍ ထိုဇာတ်ကောင်၏ အမိန့်ပေး စေညွှန်ရာကို လိုက်နာနေ မိတတ်သည်။
“အခုထိ အမှန်တရားကို ရင်မဆိုင်နိုင်ဘူးလား၊ လက်မခံရဲသေးဘူးလား၊ ကလိန်ကကျစ် လုပ်ရပ်တွေကို ဘယ်သူမှ မသိဘူး ထင်နေတုန်းပဲလား၊ တော်ကြပါတော့”
သူ့ဝတ္ထု တစ်ခုလုံး၏ “အသက်” ဟု ပြော၍ရသည့်၊ နောက်ပိုင်းတွင် ထိုစကားက ဝတ္ထုအသိမ်းကို ပြန်၍ ထိန်းချုပ် သွားမည့် စကားပြော စာကြောင်းကို သူ့စိတ်ထဲမှ နာကျင်ခံစားမှု စစ်စစ်ကို သုံး၍ ရေးချလိုက်ပြီးနောက် သူ့စိတ်တွေ အရမ်းကို မောဟိုက်ရှုပ်ထွေး သွားခဲ့သည်။ ဝတ္ထုကို သူဆက်ရေး၍ မရတော့။ ဘယ်အချိန်ရှိနေပြီလဲ … သူသိချင် လာသည်။ နာရီကို လှမ်းမကြည့်မိ။ နာရီများထဲတွင် လက်တံများ၊ ကိန်းဂဏန်း များမှတဆင့် ညွှန်ပြသော အချိန်သည် အစစ်မဟုတ်၊ လူတို့၏ ပညတ်ချက်များစွာ ပါဝင်နေသော … လိမ်ညာမှုများ ပျော်ဝင် နေနိုင်သော အတုအယောင်တွေ ပါဝင် နေနိုင်သည်ဟု သူက ထင်သည်။ သူကတော့ ညအချိန်တွင် ကောင်းကင်၏ နက်ရှိုင်းခြင်းနှင့် ကြယ်ရောင် လရောင် တို့ကို ကြည့်ခြင်း အားဖြင့်သာ ပကတိ အချိန်ကို မြင်တွေ့ခွင့် ရလိုသူ ဖြစ်သည်။ ဝရံတာသို့ ထွက်လာခဲ့၏။ ညဉ့်အတော် နက်နေပြီ ဖြစ်၏။ သန်းခေါင်ယံ တစ်ဝက်ကျိုး အချိန်လောက် ရှိတော့မည်ဟုပင် ထင်ရသည်။ စာရေး စားပွဲတွင် ပြန်ဝင် ထိုင်၍ ဆေးလိပ်သောက်မည် ပြုပြီးမှ မသောက်ဖြစ်။ ဝတ္ထု ရေးလက်စ စာအုပ်ကို ပိတ်လိုက်သည်။ မီးများ ပိတ်လိုက် သည်။ သူ့မျက်လုံးတွေ ပိတ်လိုက်သည်။
(၂)
“အခုထိ အမှန်တရားကို ရင်မဆိုင်နိုင်ဘူးလား၊ လက်မခံရဲသေးဘူးလား၊ ကလိန်ကကျစ် လုပ်ရပ်တွေကို ဘယ်သူမှ မသိဘူး ထင်နေတုန်းပဲလား၊ တော်ကြပါတော့”
မနက် မိုးလင်း ရေးလက်စ ဝတ္ထုကို ဆက်ရေးရန် စာရေးစားပွဲ ဝင်ထိုင်သည်။ ရေးလက်စ စာမျက်နှာကို လှန်လိုက်တော့ နောက်ဆုံး ရေးထားခဲ့သည့် စကားပြော စာကြောင်းကို တွေ့သည်။ အဲဒီစာကြောင်းကို ကြည့်၍ ငိုင်နေ မိ၏။ အခုထိ ဘာဆက် ရေးရမယ်မှန်း စဉ်းစား၍ မရ။ ဝတ္ထုထဲက ဇာတ်ကောင်က သူ၏ ဆန့်ကျင်ဖက် လူများကို ရဲရဲရင့်ရင့် ပြောနေသော စကား။ အမှန်တရားကို ရင်မဆိုင်ရဲဘူးလား .. လက်မခံရဲဘူးလား။ မေးခွန်းတွေ … ထို့အတူ ထိုမေးခွန်း များသည် သူဖြစ်စေချင်သော ဆန္ဒ ဖြစ်နေသည်။ အဖြေလည်း ဖြစ်နေပြန် သေးသည်။ ဒီတော့ ဆန့်ကျင်ဖက် လူတွေက ဘယ်လို တုံ့ပြန်ကြမည်နည်း။ ဘယ်လို တုံ့ပြန်မှုသည် ဇာတ်လမ်းကို အထွဋ်အထိပ် ရောက်စေမည်နည်း။ ခက်နေပြီ …။ ခါတိုင်း ဒီလို မဖြစ်တတ်ပါ။ ဇာတ်ကောင်များ၏ အပြင်းထန်ဆုံး အားပြိုင်မှုကို သူရေးသားချိန်တွင် သူကိုယ်တိုင် ထို အားပြိုင်မှု လှိုင်းထဲ အလိုက်တသင့် မျောပါ သွားစမြဲ။ သူ့လက်တွေကို အခြားဝိဉာဉ် တစ်ခုခုက ပူးကပ်၍ ရေးနေသလို စာမျက်နှာပေါ် စာလုံးများ အလိုအလျောက် စီးဆင်း သွားစမြဲ။ ဒီတစ်ခါ အတော် ခက်လေသည်။
သူ တောင်စဉ်ရေမရ စာရွက် အလွတ်တစ်ခု ပေါ်တွင် ဘောလ်ပင်ဖြင့် မျဉ်းကြောင်းတွေ လျှောက်ခြစ် နေမိသည်။ ဘာမှပင် မခြစ်ရသေး ဘောလ်ပင် မှင်ကုန် သွား၏။ အနီးအနားမှာ ဘောလ်ပင် ရှာကြည့်မိသည်။ ရယ်စရာတော့ အကောင်းသား … စာရေးဆရာတွင် ယခု မှင်ကုန် သွားသော ဘောလ်ပင်ကလွဲလျှင် အပိုမရှိ။ သူ့စိတ်ထဲ ခပ်တိုးတိုး ကြိတ်၍ ဝမ်းသာ သွားသလိုလို။ ဇာတ်လမ်းကို ဘယ်လိုရှေ့ဆက်ရမလဲဟု တွေး၍ မရသော ဒုက္ခမှ ခဏလောက်တော့ ရှောင်ထွက်ခွင့် ရသွားသည်။ လမ်းထိပ်သွား၍ ဘောလ်ပင် သွားဝယ်ရမည်။ တစ်ဆက်တည်း သူ့ကိုယ်သူ သတိပေး လိုက်မိသည်။ ဆော့ဖ်ပင်န် တစ်ချောင်းလောက် ဝယ်ရမည်။ ထိုသတိသည် သူ့ကိုယ်သူ ကတိတစ်ခု ပေးလိုက်ခြင်း ဖြစ်ကြောင်း သူ့ကိုယ်သူ ကျေနပ်စွာ သိရှိထားသည်။ သူ အခုအချိန် ဘယ်လောက် အထိပဲ တွေး၍ မရသည်ဖြစ်စေ .. ဒီနေ့ ဒီဝတ္ထုကို ပြီးအောင်တော့ ရေးကို ရေးမည်။ သူ စာတစ်ပုဒ် ရေး၍ ပြီးသွားတိုင်း သူ၏ ပြက္ခဒိန်တွင် ထိုနေ့စွဲကို ဆော့ဖ်ပင်န် ဖြင့် ဝိုင်းထားလေ့ရှိသည်။ သူ လမ်းထိပ်သို့ ထွက်လာခဲ့သည်။
(၃)
“သား … စာတွေပဲ ကြိတ်ရေးနေလား .. မတွေ့တာ ကြာပြီနော်”
စတိုးဆိုင်မှ အဒေါ်ကြီးက သူနှင့် အတော်အတန် ခင်သည်။ ဒေါ်ကြီး၏ လောကွတ် စကားကို သူ အပြုံးဖြင့်သာ တုံ့ပြန်မိသည်။
“ဘာ ယူမလဲ သား ..”
“ဟုတ်ကဲ့ .. ဘောလ်ပင်လေး လာဝယ်တာပါ .. ရေးနိုးလ် နှစ်ချောင်းလောက်ပေး”
“အေး … သား”
အဒေါ်ကြီးက ပြောပြောဆိုဆို ဘောလ်ပင် နှစ်ချောင်းကို ယူ၍ ပေးသည်။ ဘောလ်ပင် နှစ်ချောင်းကို မှင်လိုက်၊ မလိုက် စမ်းသော စာရွက် အလွတ်ပေါ်တွင် သူအနည်းငယ် ရေးခြစ်ကြည့်လိုက်၏။ အဆင်ပြေသည်။
“နောက်ရော .. ဘာယူဦးမလဲ”
“အာ .. ဟုတ်ကဲ့ … ဆော့ဖ်ပင်န် တစ်ချောင်းလောက်ပါပေး”
“ဘာတံဆိပ်ယူမလဲ သား”
“ရပါတယ် … ဘာတံဆိပ် ဖြစ်ဖြစ်ပါ … ခြစ်လို့ရရင် ပြီးတာပဲ”
အဒေါ်ကြီး မျက်နှာ တစ်မျိုး ဖြစ်သွားသည်ဟု ထင်ရသည်။ တစ်ခုခု ပြောမလို လုပ်ပြီးမှ ဘာမှမပြောတော့ဘဲ ဆော့ဖ်ပင်န်တစ်ချောင်း ယူပေးသည်။ သူ ဆော့ဖ်ပင်န်ကို လှမ်းယူ၍ ကျသင့်ငွေမေး၍ ရှင်းလိုက်ပြီး သွားရန် ဟန်ပြင် လိုက်သည်။ အဒေါ်ကြီးဆီက စကားသံတစ်ခု ထွက်လာ၏။
“သား .. အိမ်ပြန်မှာလား”
“ဟုတ်တယ်ခင်ဗျ … အိမ်ပဲပြန်မှာပါ ဒေါ်ကြီး .. ရေးလက်စလေး မပြတ်သေးလို့”
အဒေါ်ကြီး ခေါင်းငြိမ့်သည်။ ပြီးနောက် … အိမ်ပြန်မှာလား ဟူသော မေးခွန်းနှင့် မသက်ဆိုင်သည့် စကား တစ်ခွန်းကို သူ့အား ပြောသလိုလို၊ တစ်ယောက်တည်း ပြောသလိုလိုဖြင့် ပြောသည်။
“အေးကွယ် … ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် …. ဆော့ဖ်ပင်န်တွေ လာဝယ်ကြတာ ခဏခဏပဲ .. ဘာဖြစ်လို့လဲ မသိပါဘူး”
အဒေါ်ကြီး ပြောသော စကားသံသည် အဖြေရှာလိုသည့် စကားလား၊ တစ်စုံတစ်ယောက်ကို တိုင်တည်ချင်သည့် စကားမျိုးလား၊ သူကိုယ်တိုင် သိနေသော အဖြေကို မေးခွန်းအဖြစ်မေးပြီး သူ့ထံမှ ဖြေရှင်းချက် တစ်ခုခု ရယူလိုသလား … သူ မကွဲပြားပါ။ အဒေါ်ကြီး၏ စကားသံကို နောက်မှာထားခဲ့ပြီး သူ တစ်စုံတစ်ရာ မတုံ့ပြန်ဘဲ ဆိုင်ထဲမှ ပြန်ထွက် လာခဲ့သည်။
(၄)
အိမ်ပြန်ရောက်တော့ သူတခြား ဘာမှ မလုပ်ဘဲ စာရေးစားပွဲမှာပဲ ထိုင်လိုက်သည်။ သူ့စိတ်ကို ရေးလက်စ ဝတ္ထုထဲ ပြန်ထည့် ထားလိုက်၏။ နောက်ဆုံး ရေးထားခဲ့သော စကားပြောကို ပြန်၍ ဖတ်ကြည့်သည်။
“အခုထိ အမှန်တရားကို ရင်မဆိုင်နိုင်ဘူးလား၊ လက်မခံရဲသေးဘူးလား၊ ကလိန်ကကျစ် လုပ်ရပ်တွေကို ဘယ်သူမှ မသိဘူး ထင်နေတုန်းပဲလား၊ တော်ကြပါတော့”
ထိုစာတွေကို ကြည့်နေရင်း သူ့စိတ်ထဲ “လက်”ခနဲ ဖြစ်၍ သွားသည်။ ဇာတ်လမ်းကို ဘယ်လို ဆက်ရေးရမည်ဟု သူတွေး၍ ရသွားပြီ။ အားရ ဝမ်းသာ ဝယ်လာသော ဘောလ်ပင် အဖုံးကို ချွတ်၍ ရေးချလိုက်သည်။ မှင်မလိုက်ပါ။ နောက်တစ်ချောင်း ယူ၍ ထပ်ရေး လိုက်သည်။ အံ့ဩစရာပါ။ ဆိုင်မှာ မှင်လိုက်၊ မလိုက် စမ်းလာတုန်းက တစ်ချက်မှ အထစ်အငေါ့ မရှိသော ဘောလ်ပင် နှစ်ချောင်းလုံး မှင်ထွက်မလာ။ စာရွက်နှင့် ဘောလ်ပင် အကြားတွင် တစ်ခုခု တားဆီးထားသလို ထင်ရသည်။
စိတ်ရှုပ်ထွေးမှုကို ဖော်ပြသည့် သဘောနှင့် သူ “တောက်” တစ်ချက် ခေါက်လိုက်ပြီး ရှေ့နံရံကို ရည်ရွယ်ချက် မပါဘဲ လှမ်းကြည့် လိုက်မိ၏။ နံရံတွင် ချိတ်ဆွဲထားသော ပြက္ခဒိန်၏ အလိုအရ ယနေ့သည် ဧပြီလ (၁)ရက်နေ့ ဖြစ်နေ လေသည်။
သူရဿဝါ
၃ – ဧပရယ်လ် – ၂၀၁၂
2 comments
htet way
April 9, 2012 at 11:21 am
အမှန်တရားကို မပြောရဲဘူးလားလို့ မေးခံရတယ်။
တခါတရံမှာ အမှန်တရားကိုမဖေါ်ထုတ်ခဲ့တာ အမှားကိုကြိုက်လို့မဟုတ်ဘူး
လူပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးတာပါ။အားနာစိတ်ပေါ့
သို့သော်အများတွက်တော့ ပြောရဲရလိမ့်မယ်အရေးကြီးတာတွေ။ အရေးမကြီးတာတွေတော့
ချန်ထားခဲ့ပါတယ်။
ဗိုက်ကလေး
April 9, 2012 at 12:10 pm
အဲဒီရက်ပိုင်းအတွင်း အမီရေးနိုင်ခဲ့ရင် အတော်ဖတ်ကောင်းမယ်ဗျာ
အခုက နဲနဲကြာလို ့ သွေးအေးသွားသလိုပဲ..ဆက်ရိပါ ဆရာ