“တန်ဘိုးမျှ၏ …………မမျှ၏။ အချိုးညီ၏ ……………မညီ၏”

       “တန်ဘိုးမျှ၏ …………မမျှ၏။ အချိုးညီ၏ ……………မညီ၏”

 

ပြီးခဲ့တဲ့နှစ်ရက်လောက်က ကျနော်ရုံးမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းလေးတွေ ကျပ်နှစ်သိန်းတန်

ဟန်းဖုန်းသွားဝယ်ကြပါတယ်။

နံပါတ်မရွေးဘဲယူလာတော့ နှစ်သိန်းကို နှစ်ထောင်ရော့နဲ့ရလာခဲ့ပါသတဲ့။

ဒီဟန်းဖုန်းတွေအကြောင်းပြောရရင် ဟိုးရှေးက အကြောင်းလေးတစ်ခုပြန်သတိရပါတယ်။.

တစ်ခါက နိုင်ငံခြားက ဝတ္တုရေးသူတစ်ယောက်က သူ့ဇာတ်ကောင်က ဖုန်းပြောရင်း ဟိုတယ်ထဲ

ကိုဝင်လာတယ်လို့ရေးမိလို့ သဘာဝနဲ့ကင်းလွတ်တယ်ဆိုပြီး ဝေဖန်ရေးဆရာတွေလက်ချက်မှာ

အလူးအလဲအဆော်ခံလိုက်ရပါသတဲ့။

ဟော…………………အခုသူပြောတာက ကွက်တိကိုမှန်နေပြန်ပါရောလား။

လမ်းလျှောက်ရင်း အိမ်ထဲနေရင်း ကားစီးဆိုင်ကယ်စီးနေရုံတင်မက

အိမ်သာထဲရေချိုးခန်းထဲထိတောင်ပြောလို့ရနေတာကိုးဗျ။

ဒီလက်ကိုင်ဖုန်းလေးတွေမပေါ်ခင်က မန်းလေးမှာ “ကော်တလက်”ဆိုတာလေး

အရင်စကိုင်ကြပါတယ်။

အတော ်လေးလေး ရှည်ရှည်ကြီး။

အဲသဟာကြီးခါးကြားထိုးထားရင်ကို ဂုဏ်ရှိနေသလိုလို။

နောက်တော့ “ဆယ်လူလာ”ဆိုတာကြီးပေါ်လာပါတယ်။

လက်ဖက်ရည်တစ်ခွက် 100ကျပ်လောက်ခေတ်မှာဖုန်းတစ်လုံးကို သိန်းလေးငါးခြောက်ဆယ်။

အဲတော့လူတိုင်းဘယ်ကိုင်နိုင်မလဲ။

တကယ့်သူထိန်းတို့ဘောစိ တို့မှကိုင်နိုင်တာပါ။

နောက်အဲသဟာကြီးကိုင်ဘို့ အခွင့်ရှိတဲ့လူနည်းစုရယ်ပေါ့။

အကြီးကလဲ အကြီးကြီး ရန်ဖြစ်လို့အဲဒါနဲ့ထုရင်တောင်မူးမေ့သွားလောက်တယ်။

နောက်တော့ ဂျီ တဲ့ စီတဲ့ ထပ်ထပ်ပြီးတိုးလာပါတယ်။

ဆက်သွယ်ရေးကနေငှားရမ်းခွင့်ရဘို့အတွက် ဆယ့်ငါးသိန်းသွင်းရပါတယ်။.

အဲ……ထုံးစံအတိုင်းငှားရမ်းခွင့်ကတော့လူတိုင်းဘယ်ရပါ့မလဲနော်။

အဲတော့ လဲ ငှားရမ်းခွင့် ရနိုင်ဘို့အတွက် ဘာညာသာရကာလေးနဲ့လှုပ်ယှားလိုက်လို့

အိုကေသွားတယ် ရလိုက်တယ်ဆိုရင် ထီပေါက်သလိုပါဘဲ။

လက်မှတ်လေးတစ်ချက်ထိုး လျှောက်လွှာလေးတင်လိုက်တာနဲ့ ဆယ်ငါးသိန်း

သိန်းနှစ်ဆယ်ပက်ကနဲရတာ ဒီလိုခွင်မျုိုး ကမ္ဘာပေါ်မှာဘယ်နိုင်ငံမှမရှိနိုင်ဘူးထင်တာဘဲ။

“ဒါ မြန်မာကွ…………..” လို့တောင်လက်ခမောင်းခတ်သင့်တယ်ထင်ပါရဲ့.။

ဟောနောက်တော့လဲ ငှားရမ်းခွင့်ရတဲ့ဦးရေများများလားတော့ ရှားကုန်မဟုတ်ဘဲပေါကုန်ဖြစ်လာပါတယ်။

2009အလွန်လောက်မှာတော့ သိန်းနှစ်ဆယ်လောက်ဘဲတန်ပါတော့တယ်။

တဖြည်းဖြည်းနဲ့ဈေးတွေကျကျလာလိုက်တာအရင်ဆယ့်လေးငါးသိန်းလောက်မြတ်တာကနေ

နောက်ပိုင်းမှာသောင်းဂဏန်းလောက်ဘဲအမြန်ကျန်ပါတော့တယ်။

အဲတော့လဲ မိုးခေါင်တယ်လို့ အသံတွေထွက်လာသပေါ့။

 

အဲဒီနောက် 2010လောက်မှာတော့ ငါးသိန်းတန်ဖုန်းပေါါ်လာပြန်ပါတယ်။

ဟောလက်ရှိအချိန်မှာတော့ ငါးထောင်တန်ဆင်းကဒ်ဆိုပြီး ကြွက်ကြွက်ညံနေချိန်

တကယ်လက်တွေ့မှာတော့ ကျပ်နှစ်သိန်းနဲ့ဖုန်းတစ်လုံးကိုင်နိုင်ပါပြီ။

ဒါတောင် ပြောနေတဲ့လူကိုပါမြင်ရတဲ့ 3D ဖုန်းလာအုံးမယ်။

နှစ်သိန်းခွဲတဲ့ပြောကြတာဘဲ။

အဲတော့ တွက်ကြည့်လိုက်မယ်ဆိုရင်

လက်ဖက်ရည်တစ်ခွက် 100ကျပ်တုံးက ဖုန်းတစ်လုံးကို သိန်းလေးဆယ်ဆိုရင်

လက်ဖက်ရည်ခွက်ပေါင်း လေးသောင်းရသပေါ့။

အခုလက်ဖက်ရည်တစ်ခွက် 250ကျပ်ဆိုတော့ လက်ဖက်ရည်ခွက် 800မသောက်ဘဲနေလိုက်ရင်

ဖုန်းတစ်လုံးတော့ကိုင်နို်င်ပြီပေါ့။

တကယ်လို့များ အားလုံးမျှော်လင့်နေတဲ့ ငါးထောင်တန်ဖုန်းသာထွက်လာမယ်ဆိုရင်

လက်ဖက်ရည်ခွက်20လောက်မသောက်ဘဲနေရင်ဖုန်းတစ်လုံးကိုင်နိုင်မှာပေါ့။

ကောင်းမှကောင်းပါဘဲ။

အဲ  ဖြစ်လာခဲ့ရင်ပေါ့လေ။

ဟိုနေ့ကလက်ဖက်ရည်ဆိုင်ထိုင်ရင်းကြားလိုက်တာကတော့ အချို့နိုင်ငံတွေမှာဆိုရင်

မြန်မာငွေ ထောင့်လေးငါးရာနဲ့ဖုန်းတစ်လုံးရဆိုဘဲ။

အချို့နိုင်ငံတွေရဲ့ခရီးသွားလုပ်ငန်းတွေမှာ ဖုန်းဆင်းကဒ်ကိုလက်ဆောင်ပေးသတဲ့။

အားကျစရာ။

&&&&&&&&&&&&&&& &&&&&&&&&&&&&&&&&&&&& &&&&&&&&&&&&&&&&&&&

ဒီလိုဖုန်းတွေဈေးကျတော့ ငါးသိန်းတန်ဖုန်းတွေပေါ်ကစက အပြေးအလွှားဝယ်ထားတဲ့

ကောင်မလေးက စိတ်တွေလေနေပါရော။

သူဝယ်ထားတာမှ တစ်နှစ်မပြည့်သေးဘူးလေ။

အခုမှဝယ်ရင် ဖုန်းနှစ်လုံးတောင်ကိုင်ရမှာဆိုပြီး တွေးလေနှမျောလေပါဘဲတဲ့။

သူတင်စိတ်ဆင်းရဲတာမဟုတ်ပါဘူး။

လွန်ခဲ့တဲ့လေးနှစ်လောက်က ရေခဲသေတ္တာတစ်လုံးကို လေးသိန်းလောက်ပေးဝယ်ထားတဲ့သူက

လဲ အခု နှစ်သိန်းကျော်ကျော်လောက်ဆိုတာ နှမျောနေပြန်ရော။

တီဗွီအကြီးကြီးကို ဆယ်ကြီးဂဏန်းနဲ့ပေးဝယ်ထားတဲ့သူကလဲနှမျောရတာပါဘဲ။

32”ဖလက်တောင် သုံးသိန်းအောက်ဖြစ်နေပြန်ပါသတဲ့။

သူတင်လားဆိုတော့ ဟိုလမ်းဒေါင့်ကတိုက်ကြီးက ကားအကောင်းစားကြီးစီးသူကလဲ

စိတ်တွေအရမ်းကို ညစ်နေတယ်လို့ကြားရပြန်ရော။

သူစီးနေတဲ့ကားဖောင်းဖောင်းကြီးက ထောင်ဂဏန်းကနေ ရာဂဏန်းရောက်သွားလို့ပါတဲ့။

ဟုတ်လဲဟုတ်ပါရဲ့ အရင်သိန်းထောင်ဂဏန်းရောက်ခဲလို့ ဗမာတွေအနားမကပ်နိုင်တဲ့ကားတွေက

အခု 6ဂ7ဂ 8ဂ တို့ 1ဃ တို့2 တို့ ဆိုတဲ့နံပါတ်အမြင့်ကားအမြင့်တွေက လူရှုပ်ရှုပ်လမ်းပေါ်မှာ

တစ်လိမ့်ခြင်းဇိမ်ခံမောင်းနေတာကို မြင်ရပြန်ပါတယ်။

အော် ဒါလဲအားကျစရာကောင်းပြန်တာပါဘဲ။့ အရင်လို ကားအစုတ်တွေလမ်းပေါ်မှတလကြမ်းမောင်းနေတာထက်စာရင်

အခုလို ဂိုက်ပေးနေတာကတောင်ကြည့်လို့ကောင်းသလိုလို။

@@@@@@@@@@@@@@@@  @@@@@@@@@@@@@@ @@@@@

အခုရက်မန္တလေးမှာ မီးခဏခဏပျက်ပါတယ်။

အလုပ်ကပြန်လာတဲ့အချိန်အိမ်ရောက်တော့ မီးပျက်နေပါတယ်။

ထမင်းကတော့ မနက်ကချက်တာထားတာရှိ။

ဟင်းလဲရှိ။

ဒါပေမယ့် ထမင်းကလည်းနည်းနေ ပူပူနွေးနွေးလေးလဲစားချင်တော့

ခေါက်ဆွဲကျော်သွားဝယ်ပါတယ်။

ခေါက်ဆွဲရတော့ တစ်ထောင်တန်နှစ်ရွက်ပေးလိုက်ပါတယ်။

ပိုက်ဆံပြန်အအမ်းစောင့်နေတာအကြာကြီးနေတာတောင်မအမ်း။

အဲတော့ “ပိုက်ဆံအမ်းရအုံးမှာလေ”လို့ပြောတော့ ကောင်မလေးကပြုံးပြုံးလေးနဲ့ဖြေပါတယ်။

“လေးလေးရေ ခေါက်ဆွဲကျော်က နှစ်ထောင်ဖြစ်တာကြာပေါ့”တဲ့။

ရှက်လိုက်တာနော်။

******************* **************** ***********************

ပြီးခဲ့တဲ့ရက်က မဒမ်ပေါက်က ဆန်ဝင်မှာလိုက်လို့ပြောပါတယ်။

အဲဒါနဲ့ဆန်ဆိုင်ကိုသွား ပြီး ဆန်ပို့ဘို့သွားမှာတာပေါ့။

“ဘာဆန်ယူမှလဲ”ပြောတော့ ကို်ယ်က မမှတ်မိ။

ဝယ်နေကြပါဆိုပြီးလိပ်စာပေးတော့ ပြန်ရှာပေးပါတယ်။

မဒမ်ပေါက်မှာနေကျဆန်အမျိုးအစား ကိုသိတော့ဈေးမေးရပါတယ်။

ဆယ့်နှစ်ပြည်အိတ်ကို 17000ကျပ်ပါတဲ့။

တပြည်ကို 1416ကျပ်။

ဟောဗျာလို့သာဆိုချင်ပါတယ် လွန်ခဲ့တဲ့သုံးလလောက်က ဝယ်တာ14000။

ဒီဆန်ဈေးကိုသိလိုက်ရတော့

“ တစ်ပြည်ကို တစ်ထောင်လဲဖြစ်သွားရောအရင် ဆန်တစ်ပြီဝယ်နေကျဖောက်သည်က အခု ဆန်ခြောက်ဘူးဘဲဝယ်တော့တယ်”

လို့ ပြောသံလေးကို ပြန်ကြားမိပါတယ်။

ကျနော်တို့အရပ်ထဲက အိ်မ်ဆိုင်လေးမှာကြားခဲ့ရတာလေးပါ။

 

ကျနော်ခပ်ငယ်ငယ် 1966-68လောက်က မြန်မာနိုင်ငံမှာ

ဆန်ရေစပါးရှားပါးလို့ ရပ်ကွက်” ပပက”ဆိုင်တွေက ခွဲတမ်းပေးတဲ့ ဆန်ကွဲ

တစ်ဝက်ရောထားတဲ့  “ဆန်ပုလဲ”တစ်ပြည်သုံးမတ်(75ပြား)ဖြစ်သွားတော့

ဈေးကြီးလိုက်တာလို့ အဖွားငြီးတာကိုလဲပြန်ကြားသယောင်ယောင်။

အဲဒီတုံးက ဆယ်ပိဿာဝင်ဆီတစ်ပုံးကို ခုနှပ်ကျပ်ခွဲပါတဲ့။

အမှတ်ရစရာလေးတွေပြောပြတာပါ။

အခုတော့ ပဲဆီတစ်ပိဿာလေးထောင်ကျပ်။

ကဲ တိုးတက်မူ့ကိန်းဂဏန်းလေးတွက်ကြည့်လိုက်ကြပါအုံး။

တိုးတက်လာတဲ့အဆသိချင်ရယ် နေ့စဉ်နေ့တိုင်းမသောက်ရမနေနိုင်ဖြစ်နေတဲ့

လက်ဖက်ရည်ဈေးနဲ့ချိန်ကြည့်ရင်အနီးစပ်ဆုံးနဲ့အလွယ်ဆုံးသိနိုင်ပါရဲ့၊

ကျနော်တက္ကသို်လ်ကျောင်းသားဘဝ သက်သာဆိုင်မှာ ပြားသုံးဆယ် ကျောင်းထဲကဆိုင်ငါးမူး။

အပြင်ဆိုင်သုံးမတ်(75ဲပြား)။

1983 အိမ်ထောင်ကျတော့ လက်ဖက်ရည်တစ်ခွက်တစ်ကျပ်။

1995  ရောက်တော့ ငါးကျပ်။

1999  ကျနော်မြို့သစ်မှာနေတော့ တစ်ခွက်25ကျပ်။

နောက်တော့ တစ်ရာ နောက်တော့ 150 နောက်တော့ 200။

အခုလက်ရှိမှာတော့ 250ကျပ်။

1983ကနေ2012 အနှစ်လေးဆယ်နီးပါး။

တိုးတက်မူ့ရာနုှန်း200% အတိပါဘဲ။

 

ဟိုနေ့က ညနေခင်းအပြင်ထွက်ရင်း အကြော်ဆိုင်တွေ့တော့စားချင်စိတ်ပေါက်တာနဲ့ဝင်ဝယ်။

အကြော်ကြီးတွေက ဒီပြင်ဆို်င်တဲ့စာရင်နည်းနည်းကြီးပါတယ်။

200ဘိုးထည့်ခိုင်းတော့ လေးခုထည့်ပေးပါတယ် တစ်ခု50တဲ့။

စားအုန်းဆီဈေးတက်လို့ပါတဲ့။

ဟုတ်ပါ့စားအုန်းဆီတစ်ပိဿာတောင်နှစ်ထောင်ကျော်ကျော်ပေးနေရပါတယ်။

ကျန်းမာရေး ဘာညာကွိက ပြောနေပေမယ့်လဲ ပဲဆီတစ်ပိဿာလေးထောင်မတတ်နိုင်တော့လဲ

နောက်မှအဆီပိတ်ချင်ပိတ် ကြိတ်မှိတ်ပြီး တီးလိုက်ရတာပါဘဲ။

 

ကျနော်ငယ်ငယ်က 1970ခုနှစ်လောက်အရပ်ထဲကအပျိုကြီးဒေါ်အေးကြည်ကိုသတိရမိပါတယ်။

အခုငါးဆယ်တန်အကြော်ထက်ကြီးထက်အကြော် တစ်ခုဆယ်ပြား တမတ်ဘိုးယူရင်သုံးခုပေးပါတယ်။

ဒါတွေပြန်ပြန်ပြောရင် ကျနော်အလုပ်ထဲက ကလေးတွေက ကျနော်ကွယ်ရာမှာပြုံးနေမှာကြမှာဘဲလို့လဲတွေးမိပါရဲ့။

 

လက်ရှိအနေအထားနဲ့ ငွေတစ်ထောင်နဲ့ဝယ်မယ်ဆိုရင်ဘာတွေဘယ်လောက်ရမလဲတွက်ကြည့်မိပါတယ်။

{ငွေတစ်ထောင်=ဆန်တပြည်(အကောင်းစားမဟုတ် )=သောက်ရေသန့် ဝမ်းလိတာလေးဘူး

=လက်ဖက်ရည်လေးခွက်=ဆီ25ကျပ်သား                                                              =ဆန်ခေါက်ဆွဲ အသားမပါသတ်သတ်လွတ်နှစ်ပွဲ =မုန့်ဟင်းငါးအကြော်နဲ့နှစ်ပွဲ(ငါးဖယ်ဘဲဥမပါ)

=အကြော်အသေးအခု 40 =အကြော်အကြီးအခု20=ရူဘီစီးကရက်ဆယ်လိပ်=

ကွမ်းယာဆယ်ယာ= ပွိုင့်နေကြာစေ့အထုပ်ကြီး2ထုပ် ရနိုင်တာပေါ့။}

(ကြေးအိုး တော့စားချင်လို့မရဘူး။

ဒါကလဲ မျက်စေ့ထဲမြင်သလောက်လေးစဥ်းမိတာပါ။

အော် အတွေးတွေက ဆက်သွားလို်က်တာ ငွေတစ်ထောင်ဆိုတော့

မီဒီယာသတင်းထောက်မလေးနဲ့ နာမည်ကျော် ရုပ်ရှင်မင်းသမီးတို့ရဲ့

“အမေးတစ်ခွန်းပါးတစ်ချက်”ဇာတ်လမ်းလေးကိုသွားသတိရပြန်လေရော။

2010ခုနှစ်ကဖြစ်ခဲ့တာပါ။

ဂျာနယ်တွေမှာပါတဲ့အတိုင်းဆို 22လတိတိကြာပြီး ရုံးချိန်းပေါင်းအကြိမ်ပေါင်းများစွာ

တွေ့ဆုံပြီးမှစီရင်ချက် ချနိုင်တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ယောက်ဖြစ်တဲ့ကိစ္စမှ  ဘာသူမှန်တယ် ဘယ်သူ မှားတာအပထား

လူတစ်ယောက်ကို ဆံပင်ဆွဲပါးရိုက်လိုက်တာ ကို်ယ်ထိလက်ရောက်နာကျင်စေအောင်လုပ်လိုက်တာကိုမှ

ဒဏ်ငွေတစ်ထောင်ဆောင်ရင် ပြီးသွားတယ်ဆိုတော့် ရင်လေးစရာပါဘဲ။

ဒါတောင်စိတ်ဓါတ်ရေးရာ အရ စိတ်ထဲမှာနာကျင်ခံစားရတာ ရှက်တာတွေ

ဆိုတာက ဘယ်လောက်ထိနက်နက်ရှိုင်းရှိုင်းခံစားရမယ်ဆိုတာမသိနိုင်ပါဘူး။

တရားရုံးရဲ့အဆုံးအဖြတ်အတိုင်းသာ ဆိုရင် မေးခွန်းမေးတဲ့ဂျာနယ်လစ်ဘက်က

မလွန်ဘူး လို့ယူဆနိုင်ပါတယ်။

မြန်မာလိုသာပြောရမယ်ဆိုရင် မည်သူမပြုမိမိမှု့လိုသာဆိုရမှာပါဘဲ။

ကိုယ်ကလဲသူများမေးစရာဖြစ်အောင်နေမိတာကိုးလို့ဘဲ တွေးရမယ်ထင်ပါတယ်။

 

တရားရုံးက ဒီအမူ့အတွက်တရားခံကို ပေးလိုက်တဲ့ပြစ်ဒဏ်က

(အလုပ်ကြမ်းနဲ့ထောင်ဒဏ်တစ်လ သို့မဟုတ် ဒဏ်ငွေတစ်ထောင်လို့ဆိုပါတယ်)

 

 

 

အခုခေတ်မှာ နေ့စားတစ်ယောက်တောင် တစ်ရက်ကျပ်နှစ်ထောင်လုပ်ခရနေချိန်မှာ

ငွေတစ်ထောင်ရှာပေးမှာပေါ့ဗျာ ဘယ်သွားပြီးထောင်ထဲမှာ တစ်လလောက်သွားနေမလဲနော်။

တရားသူကြီးများကလည်း ပြဌာန်းထားတဲ့ ဥပဒေကို ဦးထိပ်ရွက်ပြီး

ဆုံးဖြတ်ကြမယ်ဆိုတာကိုလဲ အကြွင်းမဲ့ယုံကြည်ပါတယ်။

ဥပဒေစာအုပ်ပါ အတိုင်း ထိုက်သင့်တဲ့အပြစ်ဒဏ်ပေးတာကိုးဗျ။

 

ရှေးတုံးကများလိုသာ နစ်နာသူကို ပြုမိသူက နစ်နာကြေးပေးလျှော်စေလို့ဆုံးဖြတ်မယ်ဆိုင်ဆိုရင်

ပါးအဆော်ခံလိုက်ရတဲ့ သတင်းထောက်မလေးက သူရလိုက်တဲ့ နစ်နာကြေား တစ်ထောင်နဲ့လက်ဖက်ရည်လေးခွက်လောက်ဝယ်သောက်လို့ရနိုင်တာပေါ့နော်။

 

တကယ်တန်းပြောရရင်” ပါး”ဆိုတာ ကျနော်တို့မြန်မာတွေအမြတ်တနိုးထားတဲ့အရာပါဘဲ။

ထားပါတော့ ကျနော်တို့ တစ်နိုင်ငံထဲသားခြင်းဖြစ်သွားတဲ့ကိစ္စကတော့

သင်ပုန်းခြေလိုက်တယ်ဘဲထားလိုက်ပါတော့။

မကြာသေးခင်မှဖြစ်သွားတဲ့ ဂျပန်နိုင်ငံသားက မြန်မာပြည်က ဝန်ထမ်းတစ်ဦး

ကို တာဝန်ချိန်အတွင်းမှာပါးရိုက်သွားတဲ့အတွက်ကိုလဲ သာမာန်ထိခိုက်နာကျင်စေမူ့

အတွက် ကျပ်တစ်ထောင်သာဆောင်ရမယ်ဆိုရင်

“သေပြီဆရာ ရွှေမြန်မာ” လို့သာ တ ရတော့မှာပါဘဲ။

ဒုတိယကမ္ဘာစစ်အတွင်းက ကျနော်တို့မြန်မာတွေကို ဂျပန်တွေပါးရိုက်တာခံခဲ့ရတာ

2012 မှာ တစ်ပါတ်ပြန်လည်လာတယ်ပြောရတော့မှာပါဘဲ။

 

ဈေးကျတယ်ဆိုတာ က ဇိမ်ခံပစ္စည်းမျိုးတွေဘဲကျတာပါ။

အရင်က မတန်တဆ ဈေးတင်ထားတဲ့ပစ္စည်းမျိုးတွေသာ

ဈေး ချပေးလိုက်ရတာပါ။

ဈေးကျလာတာမဟုတ်ပါဘူး။

တွက်ကြည့်တော့ အစစအရာရာ လူသုံးကုန်မှန်သမျှဈေးတက်။

မရှိမဖြစ်သုံးနေရတဲ့ပစ္စည်းမှန်သမျှဈေးတက်ပါတယ်။

အဆပေါင်းများစွာပေါ့။

ကျနော်တို့ကတော့ သာမာန်လူတွေဖြစ်တဲ့အတွက် လက်ရှိကျင့်သုံးနေတဲ့

မြန်မာ့ဥပဒေပါအချက်အလက်တွေကို အသေအချာမသိတာအမှန်ပါဘဲ။

အဲတော့ အခုလက်ရှိသုံးစွဲနေ  ကိုးကားနေတဲ့ ဥပဒေမှာ ပါတဲ့ ငွေတန်ဘိုးတွေက

(ဥပမာ ဒဏ်ကြေးငွေ၊ သက်သေ နေ့တွက်စရိတ၊တရားရုံးတော်စရိတ် အစရှိတာတွေပေါ့)

လက်ရှိခေတ်အနေအထားနဲ့သဟာဇာတ ဖြစ်မဖြစ် ကိုက်ညီမူ့ရှိမရှိ ဆိုတာကို

ပြန်လည်သုံးသပ်ဘို့ကတော့ဥပဒေ ပညာရှင်များရဲ့တာဝန်ပါဘဲ။

ဥပဒေဆိုတာ ဈေးရောင်းဈေးဝယ်မဟုတ်တဲ့အတွက် ဈေးတက်ယူပါလို့တော့ မဆိုလိုချင်ပါဘူး။

လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ပေးဆောင်ရတဲ့ ဒဏ်ကြေး တန်ဘိုးမျှ မမျှ ကို ထည့်စဉ်းစား

ဘို့တော့ လိုအပ်မယ်လို့ ယုံကြည်ပါတယ်။

ကဲ ဆက်ပွားလိုက်ကြပါအုံးဗျာ။

 

 

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး။

(9-4-2012)

 

 

 

 

 

 

 

14 comments

  • water-melon

    April 10, 2012 at 9:21 am

    ဆွဲစိကြည့်
    အမြဲထိတဲ့
    ဖရဲရောင်းတဲ့
    ကွာစိနေကြာ

  • kyeemite

    April 10, 2012 at 10:22 am

    ရှေးဟောင်းနှောင်းဖြစ်
    အတွေးကောင်း ပြောင်းမပြစ်
    ဈေးဟောင်း ဈေးသစ်
    သူဋ္ဌေးလောင်း ကျောင်းချစ်
    အရေးအကြောင်း ပေါင်းမဖြစ်…
    နှောင်းဖြစ်ကိုဘဲလွမ်းနေမိပါရောဗျာ…
    လွမ်းတသသနဲ့အားပေးသွားပါ၏။

  • ဗိုက်ကလေး

    April 10, 2012 at 11:42 am

    ဪ..
    မြန်မာနိုင်ငံကြီးတိုးတက်လာတာ ကုန်ဈေးနှုန်းတွေပကလား အူးပေါက်ရေ
    ဗဟုသုတရပါတယ်..ဗျား

    • ဗိုက်ကလေး

      April 10, 2012 at 12:15 pm

      မပူပါနဲ ့ အူလေးရာ
      ကျနော် သမဒဖြစ်ရင် ပါးတစ်ခါချ ဆယ်သိန်း၊နဖူးတစ်ချက်တောက် ငါးသိန်း၊မျက်စောင်းတစ်ခါထိုး တစ်ထောင်ကျပ်
      ဆိုပြီး ဒဏ်ငွေ ပြင်ဆင်သတ်မှတ်ပေးပါ့မယ်

      လဂါးပြောတာပါဗျာ..
      ဒီဥပဒေကို ဘယ်လိုမှ မပြင်ပေးကြဘူးလားမသိ

  • Gipsy

    April 10, 2012 at 12:57 pm

    စကားမစပ် အခု ၁ဃ / ၂ဃ စီးနေကြသူတွေ ၊ လောလောဆယ် မှာယူထားသူတွေ
    ရင်တထိတ်ထိတ်နဲ့ ဖြစ်နေကြတယ် ၊
    ဈေးကလဲ ၃ဝ လောက် ကျလာတယ် ။
    သူငယ်ချင်းတယောက် Prado TZ ဝယ်ထားတာ ၄၈ဝ ၊ ၁ဝ ရက်လောက်ပဲရှိသေးတယ်၊
    ၄၅ဝ ဖြစ်သွားလို့ ဖီလင်တက်နေလေရဲ့ဗျား….။

  • sugar sugar

    April 10, 2012 at 2:59 pm

    ဦးပေါက် ရယ်ဘာမှဝယ်မထားရင် ဘာမှမခံစားရတော့ ဘူးပေါ့ဗျာ။အခုတော့ ဝယ်ချင်အုံးဟဲ့ GSM

  • zaw min

    April 10, 2012 at 8:35 pm

    ဦးပေါက်ရေ…ထက်ထက်က သူ့နားလာတဲ့ သတင်းထောက်တွေကို ၁၀၀ဝတန်လေး ထုတ်ပြလိုက်ရင် ပြေးပြီပေါ့နော်….

  • ဦးဦးပါလေရာ

    April 10, 2012 at 10:37 pm

    တကယ်တော့ မျှတ ဘို့အလိုဆုံးတွေထဲမှာ
    ဥပဒေ ဆိုတာက ထိပ်ဆုံးက..ဗျ
    ဘာကြောင့်လဲဆိုတော့ ဥပဒေဆိုတာ တရားမျှတမှု့ကို တိုက်ရိုက် ဆောင်ကျဉ်းပေးရမယ့် အရာကိုး…။
    ဒါကြောင့် ဥပဒေတွေကို အခြေအနေ အချိန်အခါ နဲ့ညီအောင် အမြဲစောင့်ကြည့် ညှိနှိုင်းနေရမှာဖြစ်ပါတယ်။
    အခုတိုင်းပြည်အုပ်ချုပ်သူတွေဟာလဲ လေးတန်းလောက်တော့ ကျိန်းသေအောင်ပြီးလောက်တာမို့ အဲဒါလေးကိုနားလည်မယ်လို့ထင်မိပါတယ်။ လွှတ်တော်အမတ်တွေနဲ့ အခြားပညာရှင်တွေနဲ့ ကော်မတီဖွဲ့ ညှိနှိုင်းတိုင်ပင်ပြီး အမြန်ဆုံးအပတ်တကုတ်ကြိုးစားလုပ်ရမယ့်ဟာမျိုးပါ။

  • mocho

    April 11, 2012 at 9:52 am

    လေးပေါက်ရေ
    ဖုန်းအကြောင်းကတာ့မတွေးချင်တာ့ဘူး ။ မောင်တရွာ မယ်တမြို့ ဆိုတော့မဖြစ်မနေ ခြစ်ကုတ်ပြီး ဝယ်လိုက် ရတာ။ အဲချိန်တုန်းက ၁၈ သိန်းဆို ရင် မြို့သစ်မှာ မြေတကွက် ရတယ်။ ခုတော့ မြေတကွက် ကိုသိန်း ရာကျော်သွားပြီ။ တွေးလိုက်တိုင်း ကိုယ့်ကို ကို ပဲဒေါသထွက်တယ်။ ကိုယ့်ကို ကို အလိ်မ်ခံလိုက်ရသလို ခံစားရတယ်။ ဈေးသက်သက်သာသာ နဲ့ပေးနိုင်ရဲ့ သားနဲ့ ပြည်သူဆီက ရသလာက်ရိတ် ထားတာ မုန်းလွန်းလို့။

  • char too lan

    April 11, 2012 at 10:33 am

    ဪ… လေးပေါက်ရယ်……
    အယင့် အယင်ကလူဒွေ ရင်ကွဲနာကျအောင် လုပ်နေပြန်ပါဘီ ….

Leave a Reply