“ ငြိုးမာန်ဖွဲ့ မိုး”
လူတစ်ယောက်၏ ခံစားချက်အမှန်ကို သိရှိစေရန်မှာ ခက်လှပါသည်။ ဖြစ်ချင်ရာဖြစ်ဟု ရွက်လွင့်ပြီးခါမှ မဖြစ်နိုင်သော အခြေအနေကြောင့်နောက်ပြန်လှည့်ကြည့်ရခြင်းကို သူ မုန်းပါသည်။ မည်သို့သော ခံစားချက်မျိုးများ ဖြစ်ပေါ်သောကြောင့် သူ့ကို ဆင့်ခေါ်ရပါသနည်း။ သူ အပြေးအလွှား ပြန်လည်ရောက်ရှိချိန်တွင်မူ မြင်ကွင်းက မကောင်းလှ။
မနက်နေခြည်နုနု၏ အလင်းရောင်သည် ကုတင်ပေါ်၌ အရိုးပေါ်အရည်တင်လျှက် လဲလျောင်းနေသော လူမမာပေါ်တွင် ရေးရေးလေး ကျရောက်လျှက်ရှိသည်။ ထိုလူ့အတွက် အချိန်သည် သိပ်မရှိတော့။ အဝေးဆီကနေ ပြန်လာသော သူ့ကို စောင့်မျှော်နေဟန်ရှိသည်။ သူအခန်းတွင်သို့ ခြေတစ်လှမ်းစတင် ဝင်ရောက်လိုက်သည်နှင့် အားလုံး သော မျက်လုံးများသည် သူ့ထံသို့ စုပြုံကျရောက်လာသည်။
ထိုအကြည့်များကြောင့်ပင် သူ့ကိုယ်သူ သိမ်ငယ်သွားသယောင် ထင်လိုက်မိသေးသည်။ သို့သော် အပြစ်ရှိသူတစ်ယောက်၏ သိမ်ငယ်မှုမျိုးမဟုတ်ပေ။ လက်တလော ခံစားချက်ကြောင့် သူ့အား စောင့်မျှော်နေရလေခြင်းဟူသော စာနာစိတ်မျိုးမှ ပေါ်ပေါက်လာသော သိမ်ငယ်မှုမျိုးဖြစ်သည်။
“ ဟော ရောက်လာပြီ.. “
မာကြောပြီး ကြည်လင်ပြတ်သားသော မိန်းမသားတစ်ယောက်၏ အသံက သူရောက်လာကြောင်း အသိအမှတ်စတင်ပြုလေသည်။
“ သားငယ် ရှေ့ကိုလာခဲ့ သူက မင်းကိုစောင့်နေတာ“
သူ့ကို စောင့်နေကြသည်တဲ့။ သူ့ကို ဘာကြောင့်များ စောင့်နေရသနည်း။ စောင့်မျှော်စရာ အကြောင်းရော ရှိပါရဲ့လား။ ထိုမျှလောက်အထိရော သူက ဤအိမ်ကြီးတွင် အရေးပါအရာရောက်ခဲ့လို့လား။ ခုမှ ဟာသတစ်ခုကို ပြုလုပ်ဖန်တီးနေကြသည်လား။
“ကိုလွင်…ကိုလွင် ရှင်ကြားရဲ့လား..ရှင့်သား ပြန်ရောက်လာပြီ ခုလေးတင်ရောက်တာ .. “
သူ ကုတင်ဘေးတွင် ထိုင်ချလိုက်သည်။ တင်းမာခက်ထန်စွာ နေတတ်ခဲ့သော လူတစ်ယောက်သည် ကာလတိုလေးအတွင်းတွင် ဤမျှလောက်အထိ လဲလျောင်းရလောက်အောင် ခိုင်မာသော အကြောင်းပြချက်က ဘာများဘာလိမ့်ဟု တွေးနေမိသည်။ ပါးချောင် နားချောင်များကျလျှက် မျက်ကွင်းများညိုကာ ယခင်ကျန်းမာစဉ်ကာ နုပျိုမှုများကို အစ ပင်ရှာမရတော့ချေ။ ဒါ မင်းအဖေပါဟု ပြော၍သာ သူက အဖေဟု သိရသော်လည်း ယခင် အဖေနှင့် ယခု အဖေသည် အခြား နားကြီး ခြားနားနေလေပြီ။
“အဖေ…သားငယ်ပြန်ရောက်လာပြီ..အဖေကြားရဲ့လား“
အဖေက မျက်လုံးများကို တဖြည်းဖြည်းဖွင့်ကြည့်လာသည်။ ထိုအခါမှ အဖေ့မျက်ဝန်းများသည် မာန်မာနဟူ၍ တစိုးတစိမှမရှိတော့ဘဲ ဖျော့တော့စွာ မျက်ရည်များ ဝဲလျှက်ရှိသည်။ အဖေ ဘာကြောင့် မျက်ရည်ဝဲရသည်လဲ။
“ဘာမှ မဖြစ်စေရတော့ဘူးနော်အဖေ..သားငယ်ပြန်ရောက်လာပြီ အန်တီငယ် အဖေက ဘယ်လိုဖြစ်ရတာလဲ ဗျာ ။ ကျွန်တော်ထွက်သွားတာမှ သုံးလလောက်လေးရှိသေးတာ ။ ဒီလောက်အချိန်တိုလေးနဲ့ အဖေက ခုလို ချုံးချုံးကျ အိပ်ယာထဲလဲရတယ်လို့။“
“အန်တီငယ်တို့အပြစ်လို့ သားငယ်ဆိုချင်ဆိုနိုင်ပါတယ်။ ဒါပေမယ့် မင်းအဖေ အိပ်ယာထဲလဲရတဲ့ အကြောင်းကိုတော့ အန်တီငယ်လည်း မပြောတတ်ဘူး“
ထိုမျှလောက်နှင့် အဖြေက ထွက်မလာတော့။ အခန်းတွင်းရှိ လူများကိုကြည့်လိုက်တော့လည်း ခေါင်းများကို ငုံ့ထားလျှက် သူ မေးလာမည့် မေးခွန်းများကို ရှောင်တိမ်းနေကြသည်။ သူ မည်သည့်မေးခွန်းမျိုးမှ မမေးမိအောင် နုတ်ကို ပိတ်ထားမိသည်။
“သားငယ်“
တိုးတိုးလေး။ တိုးတိုးလေးမှ တကယ့်တိုးတိုးလေးပင်။ ဒါ အဖေ့အသံလား။ သူ မယုံကြည်နိုင်ပါ။
“ပြောပါ အဖေ။ အဖေပြောချင်တာသာပြောပါ။ သားငယ် နားထောင်နေပါတယ်.။“
အခန်းတစ်ခုလုံးသည် အပ်ကျသံပင် မကြားအောင် တိတ်ဆိတ်လွန်းနေသည်။ ဘာကြောင့် ထိုမျှအထိ အသံများအားလုံး တိတ်ဆိတ်သွားရသနည်း။ တကယ်ပူပန်သော စိတ်မျိုးနှင့် လာရောက်ပြုစုနေကြသော လူများသည် မျှော်လင့်ချက်ရေးရေးလေးများ ထားထားမိကြသလား။ ထိုမျှော်လင့်ချက်သည် သူပြန်လာမှ ပြည့်စုံရမည့် သဘောမျိုးသက်ရောက်အောင် မည်သူကများ ပြုလုပ်ထားပါသလဲ။
“သားငယ်..အဖေလေ သားငယ်အပေါ် လွန်ခဲ့တာတွေကိုလည်း အဖေတစ်ယောက်အနေနဲ့ပြောမိ ဆိုမိတာလို့ပဲ မှတ်ပေးပါတော့ သားငယ်ရယ်.. “
“ အဖေရယ် သားငယ်က အဖေ့ကိုစိတ်ဆိုးလို့မဟုတ်ပါဘူး၊ သည်းခံနိုင်စွမ်းတွေ မရှိတော့လို့ပါ။ အဖေ နေကောင်း ကျန်းမာလာမှာပါနော် အဖေ။ နေကောင်းကျန်းမာလာမှာပါ..။ အန်တီငယ်လည်းရှိတယ်လေ။ အဖေမှာ သားသမီးတွေအများကြီးရှိတာပဲ။ အားမငယ်ပါနဲ့အဖေရယ်။“
အဖေ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု။ ပြုံးယောင်ယောင်လေး သမ်းသွားသည်ကို မြင်လိုက်ရသည်။
“သားငယ် အဖေရဲ့ စစ်မှန်သော စိတ်အရင်းခံသာ မြင်တတ်ခဲ့ရင် အဖေ နေပျော်ပါပြီ ။ ဒီလောက်ထိ အဖေ အသက်ရှည်နေတာလည်း သားငယ်ကြောင့်ပါ.သားရယ်..။ ကဲ အားလုံးသွားကြတော။့ မငယ်…ငါ့ကို ရေတိုက်ဦး လည်ချောင်းတွေ ခြောက်လို့မောတယ်ကွယ်“
အန်တီငယ်က ရေခွက်တစ်ခွက်ဖြင့် ရေငှဲ့ပေးပြီး သူ့ထံသို့ကမ်းပေးသည်။ သူ အလိုက်သင့်ယူကာ အဖေကို ဖေးမလျှက် ရေကို ဖြည်းညှင်းစွာ တိုက်လိုက်သည်။ အန်တီငယ်က မျက်ရည်များဝဲလျှက်။ သူ့ရင်ဘတ်ထဲတွင်လည်း စို့တက်နေသည်။ မျက်ရည်မကျမိအောင် အတော်လေး ကြိုးစားယူနေရသည်။ သူ ရေခွက်ကို အန်တီငယ်ထံ ပြန်ကမ်းပေးပြီးနောက် အဖေ့အား မွေ့ယာထက်သို့ အသာဖေး၍ ပြန်ချပေးလိုက်သည်။
ထူးဆန်းစွာ လေးလံသွားသော အဖေ၏ခန္ဓာကိုယ်ကြီးအား သူပွေ့ဖက်လျှက် ကြောင်ငေးနေမိသည်။ အန်တီငယ်က အိခနဲတစ်ချက် ရှိုက်ငိုလိုက်သည်။ သူသည် ကြောင်အမ်းအမ်းဖြင့် အဖေ့အား ပြန်လည်ပွေ့ဖက်ထားမိလေသည်။ သူ့မျက်ဝန်းများဆီမှ မျက်ရည်များ တစ်လှိမ့်ချင်း လှိမ့်ကျလာကုန်သည်။ အချိန်သည် နောက်ကျသွားချေပြီကော။
“ ငိုလိုက်စမ်းပါ အားရပါရ ငိုလိုက်စမ်းပါ သားငယ်ရယ်၊ မင်းအဖေ မင်းပြန်လာလို့ အသေဖြောင့်သွားပါပြီကွယ်။ ငိုလိုက်ပါ ငိုချလိုက်ပါ…။ “
အိမ်အောက်ထပ်ဆီမှာ ပြေးတက်လာကြသော ခြေသံများကိုကြားရသည်။ သူ ဆတ်ခနဲ့လှည့်ပြီး တစ်ခုခု ပြောမိအပြု…
“သားငယ်…….“
အန်တီငယ်က မျက်ရိပ်မျက်ခြေဖြင့် ခေါင်းယမ်းပြလိုက်သဖြင့် သူပြောမည့် စကားများသည် နှုတ်ခမ်းဝတွင်ပင် ရပ်တန့်သွားရလေသည်.။
~~~~~~~~
(၁)
ရေနံချေးများ မည်းမည်းကျုတ်အောင် သုတ်ထားသော အိမ်ကြီးကို ဟိုးအဝေး ခပ်လှမ်းလှမ်းကပင် မြင်နိုင်ပါသည်။ အသစ်စက်စက် မုဆိုးဖိုးလေးတစ်ယောက်အဖို့ ဤ အိမ်ကြီးထဲတွင် သားသမီး ငါးယောက်နှင့်နေနေရသည်မှာ ပျင်းစရာကောင်းသည်ဟုပင်ပြောချိန်မရပေ။ အိမ်ကြီးတွင် တစ်နေ့တစ်နေ့ ဆူဆူညံညံဖြင့် သားသမီးများနှင့် ပျော်ရွှင်စွာနေရသည်ကို မုဆိုးဖိုးလေး ကျေနပ်ပါသည်။ သွားလေသူ ဇနီးသည်ကိုပင် တစ်ခါတစ်ရံမှသာ တမ်းတဖြစ်တော့သည်။
အစစ အရာရာ ကုန်လုံပြည့်စုံနေသည့် မုဆိုးဖိုလေးသည် အရွယ်ကလည်းရှိနေသေးသဖြင့် မုဆိုးဖိုလေးသာ မိသားဖသားပီပီ တောင်းရမ်းယူလာပါက ခေါင်းငြိမ့်ရန် အဆင်သင့်ရှိနေသည် သမီးမိန်းကလေးရှင် မိဘများကလည်းရှိသေး၏။ တစ်ပင်လဲမူ တစ်ပင်ထူဆိုသည် ဆိုရိုးစကားအတိုင်း မုဆိုးလေးသည် ဆေးပေးမီးယူ မိန်းမတစ်ယောက်ကို ကောက်ခါ ငင်ခါယူလိုက်သောအခါတွင်မူ ဤအိမ်ကြီးသည် ပျော်စရာအတိဖုံးသော အိမ်ကြီးရခိုင်အဖြစ်မှ ငြူစူစောင်းမြောင်းသံများကိုသာ ပတ်ဝန်းကျင်က ကြားလာရလေတော့သည်။
“ အဖေ ဒီလို မပြောမဆိုလုပ်လိုက်တာတော့ သမီးတို့ စိတ်ဆိုးတယ် အဖေ။ သမီးတို့ကို ကြိုပြောတော့ရော အဖေ့မှာ ဘာဖြစ်သွားမှာမို့လို့လဲ။ ခုတော့ ပတ်ဝန်းကျင်မှာ မျက်နှာဘယ်လိုပြရမလဲ။ အမေသာ တမလွန်ကနေ သိရင်လဲ“
“တော်တော့ ထားခင်..။ သေပြီးတဲ့ သူကို တမနေနဲ့ အဖေက သမီးတို့အမေကိုမေ့လို့လည်းမဟုတ်ဘူး။ သမီးတို့ သားတို့ကို စာရင်းထဲ ထည့်မတွက်လို့လဲမဟုတ်ဘူး။ ဒီကိစ္စဟာ တိုင်ပင်စရာမလိုလောက်အောင် သားတို့ သမီးတို့ရဲ့ အသိဉာဏ်တွေ ရင့်သန်လာပြီထင်လို့။ ခုတော့ အဖေ့ သားသမီးတွေဟာ အဖေ ထင်သလိုမဟုတ်ပါလား။ ဒီတော့ အဖေပြောချင်တာက မငယ်ကို သမီးတို့တတွေက အမေတစ်ယောက်လို ဆက်ဆံပေးပါလို့ပြောချင်တယ်။“
ထို့သို့ပြောလိုက်သည်နှင့် သားသမီး ငါးယောက်လုံးသည် မီးကိုရေနှင့်ဖျန်းလိုက်သည့်ပမာ ရှဲခနဲ ပြောလက်စများ ငြိမ်းသက်လိုက်ရတော့သည်။ ဩဇာကြီးမားသော ဖခင်ကြီး၏ ဆန္ဒများကို ဘယ်သောအခါမှ လွန်ဆန်ခဲ့ဖူးခြင်းမရှိသော သားသမီးများ မဟုတ်လား။
ဦးအောင်လွင်ဆိုသော မုဆိုးဖိုကြီး မိန်းမ ယူလိုက်သော သတင်းသည် ထိုမြို့လေးတွင် ဟိုးလေး တကျော်ကျော်ဖြစ်သည်မှာ မြို့အစွန်အဖျားရှိ ကျေးရွာများအထိပင် ပေါက်ရောက်လေသည်။ ထိုမျှအထိ ဦးအောင်လွင်၏ နာမည်သည်ကျော်ဇောလှသည်။ စီးပွားရေးလောကတွင် ဦးအောင်လွင်ဆိုလျှင် တည်ကြည်သော၊ ဖြောင့်မတ်သော၊ ကတိတည်သော လူတစ်ယောက်အဖြစ် လူတိုင်းက ယုံကြည်ကိုးစားကြသည်။
မြို့ပတ်ပတ်လည်ရှိ ကျေးရွာများ၏ လယ်ယာအမြောက်အများကိုလည်း ပိုင်ဆိုင်ပြန်သေးသည်။ ထိုကျေးရွာများတွင် ဦးအောင်လွင်၏ ဩဇာသက်ရောက်မှုမှာ ရွာရှိ ကျောင်းထိုင်ဘုန်းကြီးပြီးပြီးလျှင် ဦးအောင်လွင်ပြီးမှ ရွာလူကြီးက အရေးပါလေသည်။ တောင်သူလယ်သမားများ၏ ယုံကြည်ကိုးစားရာသည် ဦးအောင်လွင်သာလျှင်ဖြစ်လာရတော့သည်။
ဦးအောင်လွင်၏ ပထမဇနီး ဒေါ်မေသက်ခင် ဆုံးသွားကတည်းက အများက မုဆိုးဖိုအသစ်စက်စက်ကလေး၏ နောက်ဖြစ်လတ္တံ့သော ကိစ္စအရေးကို စိတ်ပါဝင်စားကြသည်။
သို့သော် ဦးအောင်လွင်ဘက်မှာ ဇနီးဆုံးပြီး လေးနှစ်ကျော်သည့်အထိ တည်ငြိမ်နေသည်ကို တွေ့ရသောအခါတွင် မည်သူမျှ အလေးမထားမိကြတော့။
ထိုစဉ် ငြိမ်သက်နေသော ရေပြင်ကိုခဲနှင့်ပေါက်သလို လှုပ်ခတ်သွားသော ဦးအောင်လွင်၏ မိန်းမ ယူလိုက်သော သတင်းသည်နေ့ချင်းညချင်း ပျံ့နှံ့လာသောအခါတွင် အားလုံးက ကောက်ရိုးမီးပမာ ထတောက်ပြန်လေသည်။ အချို့က ကဲ့ရဲ့ကြသည်။ အချို့က နားလည်ပေးကြသည်။ ချီးမွမ်း ခုနှစ်ရက်၊ ကဲ့ရဲ့ ခုနှစ်ရက် ပြုတတ်ကြသော ပတ်ဝန်းကျင်ကို ဦးအောင်လွင်ကလည်း ဂရုမစိုက်ပေ။ သို့သော် ဦးအောင်လွင် ဂရုစိုက်ရန်ရှိသည်မှာ သူ၏ ရင်းနှင့်သည်းရှာ သားသမီးများပင်ဖြစ်လေသည်။ သို့ရာတွင်လည်း ယခု ကိစ္စတွင်မူ သားသမီးများကို လစ်လျှူရှုပြီး သူတစ်ကိုယ်တည်း ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ခဲ့လေသည်။
သူ့သဘောက သားသမီးများအား နောက်မှ အခြေအနေကို အေးအေးဆေးဆေးရှင်းပြပြီး ချော့မော့မည်ဟု။ ယခုတွင်မူ သားသမီးများဘက်မှ သူ့အား အပြစ်မြင်လိုသည့် စကားများကို ဆိုလာကြရာတွင် ကနဦးတွေးတောထားသည်များ ပြန်လည် ပြင်ဆင်ရန်လိုလာတော့သည်။ သမီးကြီး ထားထားခင်နှင့် သမီးလတ် လတ်လတ်ခင်တို့ကို အေးအေးဆေးဆေးပြော၍မရ။ တတိယသား ထက်ကျော်ခင် နှင့် နို့ညာ စတုတ္ထသမီးငယ် သီရိခင်ကတော့ ချော့မော့ပြောဆိုယူလျှင် သဘောပေါက်နိုင်သည်။ အငယ်ဆုံးကောင် လွင်ငယ်ခင် ကိုတော့ဖြင့် သူအတော်လေး ပြောယူရမည်ပင်။
အငယ်ကောင်က ကွယ်လွန်သူ ဇနီး မေသက်ခင်နှင့်တူလှသည်။ စိတ်ဆတ်သလို မထင်ရင် မထင်သလို ပြူမူတတ်သည်။ ထင်ရာစိုင်းခြင်းမျိုးမဟုတ်သော်လည်း တစ်ခါတစ်ရံ ပြန်မပြော နားမထောင်သည့် သဘောရှိသည်။ အငယ်ကောင်ကို သူက အားလုံးသော သားသမီးများထဲတွင် ပိုချစ်သည်။ ရုပ်ရည်ကအစ စိတ်ဓါတ်ပိုင်းတွင် သူနှင့် မေသက်ခင်တို့၏ အမွေကိုပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။
ခုလည်း အထက်က သမီးကြီးနှင့် ကျန်သားသမီးများက သူ့အား ရုတ်တရက်မိန်းမ ယူလာသဖြင့် မလိုသည့်ဟန်ပြကြသော်လည်း ထိုကောင်ကမူ တုပ်တုပ်မျှမလှုပ်ပဲ သူ့အား ရှူတည်တည်ကြီး ကြည့်နေလေသည်။ ထိုသည်ကို မသိကျိုးကျွန်ပြုလျှက် သူက သူလိုချင်သော ဆန္ဒတစ်ခုကိုသာ မျက်စိမှိတ်ပြောချကာ အပေါ်ထက်သို့တက်လာခဲ့တော့သည်။
အိပ်ခန်းတံခါးကိုဖွင့်လိုက်သောအခါ ပူပူနွေးနွေး ချစ်ဇနီးငယ်ငယ်က စောင့်လို့ကြိုနေရှာသည်။ သူ့မျက်နှာထက်က ခံစားမှုအရိပ်အရောင်ကိုပါ အဓိပါ္ပယ်ရှာကြည့်နေသည်ကိုလည်း သူသိသည်။ လင်မျက်နှာတစ်ရွာထင်ပြီးလိုက်လာခဲ့ရသည့် မိန်းမသားတစ်ယောက်အတွက် စိုးရိမ်ပူပန်စရာလည်း ပူပန်သင့်ပေသည်။
လင်တော်မောင်၏ သားသမီးများ စိတ်ထဲတွင် မိမိအပေါ် ကြည်ကြည်ဖြူဖြူ ရှိကြရဲ့လား ဆိုသည်ကိုလည်း သိချင်နေပြန်သည်။
အခန်းတွင်းသို့ ဝင်လာသော လင်တော်မောင်၏ မျက်နှာ အနည်းငယ် ညိုးနွမ်းနေသည်ကို တွေ့လိုက်ရကတည်းက အဖြေကို သိနှင့်နေပြီလားဟု တွေးမိရသည်။ သို့သော် ငယ်ငယ်သည် ပြုံးရွှင်စွာဖြင့်ပင်-
“နောက်တော့ နားလည်လာမှာပါ ကိုလွင်ရယ်၊ ခုတော့လည်း ရုတ်တရက်ကြီးမို့ထင်ပါရဲ့ ။ ကိုလွင် နားလည်ပေးလိုက်ပါနော်“
“ကျေးဇူးတင်တယ် မငယ် “
“ဘာကြောင့်လဲ ကိုလွင်ရဲ့“
“ဪ မငယ်ထင်သလို မဟုတ်တဲ့ အကြောင်းတွေကိုဖြစ်နေတာကို သိသိရက်နဲ့ မသိသလို နေပေးတတ်လို့ပေါ့“
“ အို မဟုတ်တာ ကိုလွင်ရယ်။ တကယ်ပြောတာ ကိုလွင့် သားသမီးတွေဟာ ရုပ်ရည်လေးတွေ ကြည့်တာနဲ့တင် သူတို့ရဲ့ အတွင်းစိတ်ကလေးတွေကို မြင်ရပါတယ်။ သူတို့တွေ မကြာခင် နားလည်လာမှာပါ ကိုလွင်“
မငယ်ပြောသလိုဖြစ်လာပါစေလို့ ကိုလွင် ဆုတောင်းရတော့မှာပေါ့ ဟု သူ့စိတ်ထဲတွင်သာ ပြောမိလိုက်တော့သည်။ ထိုသည်နှင့်တပြိုင်နက် သက်ပြင်းရှည်ကြီးတစ်ခု သူ ခိုးချလိုက်သည်ကိုတော့ ချစ်ဇနီး ပူပူနွေးနွေးလေး ဒေါ်ငယ်ငယ် မသိလိုက်ရှာပါ.။
~~~~~~~~
(၂)
တစ်ခါတစ်ရံတွင် မိမိ မမျှော်လင့်ထားသော ပြဿနာများက ကြီးထွားလာတတ်သည်ကို လူ အများ ကြုံဖူးကြလိမ့်မည်။ မိဘနှင့် သားသမီးကြားတွင် မဆိုစလောက်သော အဖုအထစ်တို့သည် အနည်းနှင့်အများ ရှိနေတတ်ကြသည်။ သားသမီးများဘက်မှာ ပြောခွင့်မသာသဖြင့် ငြိမ်သက်လက်ခံထားရသော်လည်း ရင်တွင်းမှာ ခံစားချက်များ မီးတောက်ပမာ ကြီးထားလောင်ကျွမ်းလာသောအခါတွင် အရွဲ့တိုက်ခြင်းဖြင့် မိဘများသိအောင် ပြုမူတတ်ကြသည်ကို ဦးအောင်လွင် သိလာရသည်။ သို့သော် ထိုသို့ ပြုမူခြင်းဖြစ် ကိစ္စ အရပ်ရပ်များသည် ပြေလည်လာနိုင်သည် မဟုတ်သည်ကို သူတို့လေးတွေ မသိကြ။ နားလည်မူတစ်ခုကို တည်ဆောက်ယူတတ်ပါမှ မိဘတို့သဘောကို အနည်းငယ် စောကြောမိလာနိုင်မည်ကိုလည်း မသိကြ။ ယခုတွင် ပျော်ရွှင်စရာ ဤအိမ်ကြီးသည် တိတ်ဆိတ်ငြိမ်သက်နေရခြင်းဖြင့် သာယာမှု ကင်းမဲ့လာနေသည်ကို တွေ့နေရလေသည်။ ထို့အတွက်ကြောင့်လည်း ဦးအောင်လွင် စိတ်ဆင်းရဲနေရသည်။
တစ်ဘက်တွင် သားသမီးများက စည်းမျဉ်းတစ်ခုကို အပြိုင်ဆွဲနေပြီး တစ်ဘက်တွင်မူ ဇနီး ဒေါ်ငယ်ငယ်နှင့် သူက စည်းမျဉ်းကိုဖြတ်ရန် ကြိုးစားနေသည်နှင့် တူနေသည်။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ကို သူကိုင်ထားရသည်နှယ် ရင်မောနေရသည်။ ဦးအောင်လွင် ၏ စိတ်ထဲတွင် နောင်တ မရချင်။ ထို့အတူ ဒေါ်ငယ်ငယ်ကိုလည်း နောင်တမရစေချင်။
ချစ်ခင်စုံမက်သဖြင့် အများ၏ ဆန့်ကျင်မှုများကြားထဲမှ ကလေးငါးယောက်အဖေ မုဆိုးဖိုတစ်ယောက်ကို ပေါင်းဖက်ရန်မှာ မည်မျှလောက်အထိ စွန့်စားခဲ့ရမှန်း ခန့်မှန်းကြည့်ရုံနှင့်ပင် ပေါ့သေးသေး အချစ်မဟုတ်မှန်း သိလောက်ပါသည်။ မ..ကိုချစ်လျှင် ဥကိုလည်းချစ်ရမည်ဟူသော ဥပမာတစ်ရပ်လိုပင် ဦးအောင်လွင်ကိုချစ်မိသည်နှင့် သူ၏ သားသမီး ငါးယောက်ကို ချစ်လိုက်ရမည်ကိုလည်း ဝန်မလေးဝန့်ခဲ့။
ဒေါ်ငယ်ငယ်ဘက်မှ အဆုံးစွန်အထိ လိုက်လျောမှုများဖြင့် မောင့်တစ်မျက်နှာ တစ်ရွာထင်၍ လိုက်လာခဲ့သည်။ သို့ရာတွင် အားနာစရာကောင်းသည်က လိမ္မာပါသည်ဟူသော သားသမီးများ၏ တုန့်ပြန်မှုက အေးစက်စက်နိုင်လွန်းနေသည်။ မျက်နှာပူစရာကောင်းနေသည်ကတော့ အမှန်ပင်။ မည်မျှပင် ဒေါ်ငယ်ငယ်က ဟန်ဆောင်ကောင်းစေကာမူ မိန်းမသားတစ်ယောက်၏ အတွင်းစိတ်ကိုတော့ ဦးအောင်လွင် ခန့်မှန်း၍ရပါသည်။ သူ့ စိတ်ကို ပျော်ရွှင်စေရန်အလို့ငှာ ဖုံးဖုံးဖိဖိဖြင့် သူမ၏ ခံစားချက်များကို လူမသိအောင် သိုဝှက်ထားရှာသည်။ ချစ်လိုက်မိသည်ဖြစ်ခြင်း။ ထိုစိတ်ကလေးကိုပင် မြတ်နိုးမိရရှာသည်။
မနက်မိုးလင်းသည်နှင့် မီးဖိုချောင်ထဲတွင် သားသမီးတွေ၏ ဝေရာဝစ္စကို တကုပ်ကုပ်လုပ်လိုက်သည်မှာ သူပြန်လာမှပင် ထွက်လာရရှာသည်။ တစ်စက်ကလေးမှ ငြူစူခြင်းအလျဉ်းမရှိ။ ပြုံးပြုံးသာသာဖြင့် လိုက်လိုက်လျောလျော ဆက်ဆံတတ်စမြဲ။ သမီးကြီး အလုပ်သွားမည်ဆိုလျှင် ထမင်းချိုင့်အဆင့်သင့်။ သမီးလတ် အိပ်ယာကနိုးလျှင် ကော်ဖီက အသင့်။ ကျန် သုံးယောက်အပေါ်တွင်လည်း ထိုနည်းလည်းကောင်းပင် ဂရုစိုက်ရှာသည်။ သို့သော် မငယ်ပြန်ရလိုက်သည်ကတော့ မသိကျိုးကျွန်ပြုခြင်းပင်။ ထိုခံစားချက်ကြောင့် သူမသိအောင် ကျိတ်ငိုနေခဲ့သည်ကိုလည်း အိမ်ဖော်မလေး သဲသဲက ပြန်ပြောပြသဖြင့် သူသိရသည်။ ဤမျှလောက်ကောင်းသော မငယ်ကို သူတို့လေးတွေ မကြည်ဖြူနိုင်သေးသည်အထိ သူ့အပေါ်တွင် စိတ်ခုနေမှန်း သူကြောက်လန့်တကြားတွေးမိသောအခါ သူတို့လေးတွေ၏ အတ္တ မည်မျှအထိကြီးထွားနေမည်မှန်း ရိပ်မိလိုက်ရပါသည်။
တစ်ရက်တွင်တော့ သူ သားသမီး ငါးယောက်လုံးကို စာကြည့်ခန်းထဲသို့ ခေါ်လိုက်ရသည်။ အပြုံးအရယ် ကင်းမဲ့နေရလောက်အောင် သူတို့လေးတွေ အမှန်တကယ် ခံစားနေရရှာသည်လား။ ဖခင်တစ်ယောက်အပေါ်တွင် မုန်းတီးစိတ်များ ဝင်လာရှာလေသည်လား။
သူတို့ သင်ထားသော ၊ တတ်ထားသော ပညာများက ကျိုးကြောင်းဆီလျော်စွာ စဉ်းစားချင့်ချိန်မှုကို မပေးနိုင်ဘူးထင်သည်။
“သမီးတို့သားတို့ကို အဖေ ဘာကြောင့်ခေါ်တွေ့ရသလဲ သိလား“
တစ်ယောက်မှ မဖြေကြ။ မျက်နှာများကို သူ့ဘက်ကိုမမူထားသလို ကြည့်ချင်ရာ လျှောက်ကြည့်နေကြသည်။ တစ်ယောက် မျက်နှာကျပ်ကို မော့ကြည့်လိုကြည့်။ တစ်ယောက်က ပြတင်းပေါက်ကိုကျော်လွန်ပြီး အလေးမထားဟန်ပြုလိုပြုလျှက် သက်သာသလို နေနေကြသည်။
“ကဲ ဖြေကြစမ်းပါဦး ဘာကြောင့် ခေါ်တွေ့ရသလဲဆိုတာ..အားလုံး အဖေ့မျက်နှာကိုကြည့်စမ်း“
သူ့လေသံ အဘယ်မျှကျယ်လောင်သွားသည်မသိ အားလုံး မျက်နှာသေလေးတွေနှင့် လှည့်ကြည့်ကြသည်။ သူ ဒေါသသံ ပါသွားချေပြီ။ သတိလက်လွတ်ပြောလိုက်မိသော စကားကြောင့် သူ နောင်တရမိလိုက်သေးသည်။ အားလုံးသော မျက်လုံးများတွင် အံ့ဩရိပ်များက အထင်းသား။
“ အဖေ့ သားသမီးတွေဟာ အတ္တတွေကြီးနေကြတာကိုး၊ ကဲ ဘာမကျေနပ်တာရှိလဲ ခုပြောကြ၊ သားတို့ သမီးတို့ ခံစားနေရတာတွေကို အဖေ့ကို အရင်လိုပြောပြနိုင်တယ်။ သားတို့သမီးတို့ မပြောရင် အဖေလည်း သိမှာမဟုတ်ဘူး။ မင်းတို့စိတ်ထဲမှာလည်း တနုံ့နုံ့နဲ့ ခံစားနေရလိမ့်မယ်။ မင်းတို့နဲ့ အဖေက သူစိမ်းတွေမှ မဟုတ်ဘဲကွယ်..။ ကဲပြောကြ“
သူက ခွင့်ပေးလိုက်သောအခါ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ ပြောရကောင်းနိုး မကောင်းနိုး စဉ်းစား နေကြသည်။ အငယ်ကောင်ကတော့ ထုံးစံအတိုင်း ရှုူတည်တည်။ အကြီးမ နှစ်ယောက်ကတော့ ခပ်တည်တည်။ အလတ်ကောင်နှင့်အငယ်မကတော့ ပြောစရာရှိနေသည်ပုံ။ ဘယ်သူက အရင်စပြောပါလို့ သူမပြော။ လွတ်လပ်စွာပြောဆိုခွင့်ကို သူပေးထားပြီးပြီ။
“အဖေက အဖေလုပ်ချင်တာ လုပ်ပြီးလို့ သားတို့ကိုလည်း ပြောချင်ရာပြော ဆိုတဲ့ သဘောနဲ့ပြောနေတာလား အဖေ“
မထင်မှတ်ထားသော စကားကြောင့် သူ့အရှိုက်ကိုထိမှန်သွားသည်။ အငယ်ကောင်။
“တကယ်တော့ အဖေ လုပ်ချင်ရာလုပ်ခဲ့ပြီးပြီမို့၊ ခုချိန်မှာ သားတို့ဘက်က ခံစားချက်တွေကိုပြောပြနေရင်လည်း ဘာထူးတော့မှာမို့လဲ အဖေ၊ သားတို့ရဲ့ ခံစားချက်တွေကို အဖေသိလိုက်ရလို့လဲ အဖေ ဆန္ဒတွေကို တစ်ကနေ ပြန်စလို့မရတော့ဘူး အဖေ၊ ဆုံးရှုံးသွားခဲ့ရတာတွေကို အဖတ်ပြန်ဆယ်ပေးမလို့လား အဖေ။ မရတော့ဘူး နောက်ကျသွားပြီ“
“ ဘာကွ…၊“
စွပ်စွဲချက်များသည် ပြင်းထန်နေလွန်းသည်ကော။ သူ ဘာပြန်ပြောရမည်နည်း။ အထင်လွဲမှားစွာဖြင့် သားသမီးများဘက်က သူ့အား စွပ်စွဲနေသည်များကို မည်သို့သော စကားများဖြင့် အလိမ္မာသုံးပြီး ဖြေရမည်နည်း။
သူ ချစ်လှပါသည်ဆိုသော အငယ်ကောင်၏ စကားတစ်ခွန်းသည် ပြန်မထနိုင်အောင် အလဲထိုးသည့် စကားများဖြစ်လို့နေသည်။
သူ စကားများကို သတိကြီးကြီးဖြင့် အမှားမရှိအောင် ဖြေဆိုရမည်မှန်း သိလိုက်ရသည်။ ခုမှ စာမေးပွဲခန်းထဲသို့ ရောက်နေသော ကျောင်းသား တစ်ယောက်ပမာဖြစ်နေသော သူ့ကိုယ်သူလည်း အရယ်ရခက်စွာ ပြန်မြင်နေရသည်။
“အင်း မင်းတို့တွေ အဖေ့ကို နားလည်လှပြီ အောက်မေ့နေတာ၊ ခုတော့ မင်းတို့က နားမလည်သေးပဲကိုး၊ အဖေ လုပ်ချင်ရာလုပ်တယ်လို့ သားငယ်ကပြောတယ်၊ ကဲ့ ပြောစမ်းပါဦး သားငယ်..လုပ်ချင်ရာလုပ်တယ်ဆိုတာ ဘယ်လိုလူမျိုးတွေကလုပ်တာလဲ၊ ဘာကြောင့်လုပ်ရတာလဲ၊ အမေးရှိရင် အဖြေရှိရတယ်၊ သားငယ် အဖေ့ကို ပြောတဲ့စကားတွေမှာလည်း အဖြေရှိရမယ်၊ မင်းတို့ရဲ့ ခံစားချက်တွေကို သိလိုက်ရလို့လည်း ဘာမှမထူးတော့ဘူး မထင်နဲ့။ ခံစားချက်ဆိုတာ အပြန်အလှန် နားလည်လို့ရတယ်ကွ။ အဖေ့ ဆန္ဒတွေက တစ်ကနေ ပြန်စလို့ ရကောင်းချင်မှရမယ်။ ဒါပေမယ့် ညှိနှိုင်းယူလို့ မရတော့ဘူးတဲ့လား။ စေ့စပ်ဆွေးနွေးလို့ မရတော့ဘူးလား..။ ဟမ်း..သားငယ်..။ မင်းဖြေ“
မဖြေပါ။ တုပ်တုပ်မျှပင်မလှုပ်။ မျက်နှာကြီးခေါင်းငုံလျှက် ကြမ်းပြင်ကို တွေတွေကြီး စိုက်ကြည့်နေသည်။
“ လုပ်ချင်ရာလုပ်တယ်ဆိုတာ ဘယ်သူ့ကိုမှထည့်မတွက်ပဲ ကိုယ်ကျိုးကြည့်ပြီး လုပ်တာကိုပြောတာ၊ လူပြိန်းတွေလုပ်တာ သားငယ် ပြောလိုက်ပုံက တရားလက်လွတ်မနိုင်ဘူးလားကွယ်၊ အဖေဟာ အဖေ့ဆန္ဒတစ်ခုတည်းကိုကြည့်ပြီး မင်းတို့အတွက် ဘာမှ မစဉ်းစား၊ မထည့်တွက်ခဲ့ဘူးလို့ အထင်ရောက်နေတယ်မလား၊အဖေ့ အမှားက မင်းတို့အပေါ် တွက်ချက်လိုက်တာ မှားသွားတာတစ်ခုပဲ။ ဒါပေမယ့် ဘယ်သူ့ကိုမှ အဖေ အပြစ်တင်ဘူးနော်။ ကိုယ့်ကိုကိုယ် အပြစ်တင်တာ။ မင်းတို့အပေါ် ယုံကြည်တာ စောသွားလို့ အဖေမှားခဲ့တာ။ အဖေ့သားသမီးတွေဟာ ကျိုးကြောင်းကျကျ၊ တွေးတတ်မယ်ထင်လို့ကွ။
ဒီမယ်သား မင်းတို့နဲ့ အဖေက သူစိမ်းလား“
“…….“
“ဖြေလေ သူစိမ်းတွေလားလို့“
“မဟုတ်ပါဘူး“
“ဒါဆို ဘာတော်သလဲ“
“ အဖေပါ “
“ အေး ဒါဆို အဖေတစ်ယောက်ကိုတောင် မင်းတို့က နားလည်ပေးလို့ မရနိုင်တော့ဘူးလား၊ အဖေ အိမ်ထောင်ပြုလိုက်တာဟာ အဖေ့ရဲ့ ကဲ့ကွာ ခပ်ရိုင်းရိုင်းပြောမယ်..သွေးသား သောင်းကျန်း ချင်တဲ့စိတ်ကြောင့်လို့ ထင်တယ်မလား၊ သွေးသား သောင်းကျန်းချင်ရုံ သက်သက်နဲ့တော့ အဖေ မိန်းမတစ်ယောက်ကို ကောက်ယူပါ့မလား၊ အဖေ လိုချင်ရင် လမ်းဘေးမှာ ဆူလွယ် နှပ်လွယ် မိန်းမငယ်လေးတွေ အများကြီးပါကွယ်။ မင်းတို့တောင် သိလိုက်မှာ မဟုတ်ဘူး။ ဟုတ်ရဲ့လား။ မင်းတို့ရဲ့ ချင့်ချင့်ချိန်ချိန် စဉ်းစားတတ်တဲ့ အတွေးအခေါ်တွေ ဘယ်ရောက်ကုန်ပြီလဲ၊ အဖေနဲ့ မင်းတို့ ညှိလို့မရတော့ဘူးလား..မင်းတို့တွေ ခံစားနေရတာကို အဖေသိလိုက်ပြီ..။ ဒီတော့ မင်းတို့ ဖြစ်ချင်တာကို ပြောပြကြ..။ အဖေ ဘာတွေ ဖြည့်ဆည်းပေးရမလဲလို့..။ ဒီမယ် သားငယ် မဖြစ်နိုင်တော့ဘုူး လို့တော့မပြောနဲ့နော် နောက်ကျသွားတယ်ဆိုတာ မရှိဘူး..။ တစ်ခုပဲ..တစ်ဖက်သားနစ်နာစေမယ့် စကားမျိုးနဲ့ တစ်ကနေ ပြန်စ ပါလို့တော့ မပြောနဲ့..။အဲဒါ စကားလက်လွတ်ပြောတာ“
တိတ်ဆိတ်ငြိမ်သက်စွာ အခန်းက တိတ်ဆိတ်နေသည်။
“သားသမီးတွေရဲ့ ခံစားချက်မှ နားလည်မပေးနိုင်ရင် မိဘလုပ်နေလို့မရပါဘူး သားတို့ သမီးတို့ရယ်၊ မင်းတို့တွေ လုပ်နေတာတွေ၊ မငယ်ကို ဆက်ဆံနေတာတွေဟာ အဖေက မွေးထားတဲ့ သားသမီးတွေမှ ဟုတ်ပါရဲ့လားလို့ သံသယဖြစ်လာတယ်၊ မင်းတို့ရဲ့ အသိမှာ မိထွေးဆိုတဲ့ အသိအပြင် ဘာတွေ ဝင်ရောက်နေသလဲဆိုတာ အဖေ ကောင်းကောင်းသိတယ်။ တကယ်တော့ မငယ်မှာ မင်းတို့ထင်ထားတဲ့ ယုတ်ညံ့တဲ့ စိတ်ထားမျိုးမရှိပါဘူး။ မင်းတို့ထင်သလိုဖြစ်လာရင် အဖေ့အပြစ်တစ်ခုပဲ။ အဖေ အမြော်အမြင်မရှိလို့ပဲပေါ့။ မိထွေးတွေထဲမှာမှ မိထွေးတော်ဂေါတမီလို့ မင်းတို့မြင်ကြည့်လိုက်စမ်းပါ။ အကောင်းမြင်စိတ်ကလေး မွေးကြည့်လိုက်စမ်းပါ။ မေတ္တာဆိုတာ အသွားအပြန်ရှိရတယ်။ ရေပေးတဲ့လက်ကို မီးစ..တော့ ပြန်မထိုးပေးပါနဲ့ကွယ်။ ဒီလောက်ပဲ အဖေ မှာချင်တယ်“
စကားလုံးမရှိသော အခန်းကဲ့သို့ မည်သည့် တုန့်ပြန်သံမျှမကြားရပဲ ပြန်လည်ထွက်ခွာသွားကြသည်။ သဘောပေါက်သည်မပေါက်သည်ကိုတော့ဖြင့်မသိ။ သူ့ရင်ထဲမကောင်းတာတော့ အမှန်ပင်။ မငယ် ရေခွက်ကလေး ကိုင်ပြီး ဝင်လာသည်။ အားနာကြည့်ဖြင့်ကြည့်ဖြစ်လိုက်သည်။ မငယ်က ပြုံးပါသည်။
ထိုအပြုံးသည် ခွင့်လွှတ်ပြုံးတည်း။
~~~~~~~~
(၃)
ဆိတ်ဆိတ်နေခြင်းဖြင့် ခံစားချက်များကို ဖုံးဖိတတ်ခဲ့သည်မှာ ကြာပြီ။ ငယ့်အတွက်ကြောင့်နှင့်တော့ သူ့ကို စိတ်မဆင်းရဲစေချင်သည်မှာ အမှန်တရားဖြစ်သည်။ ငယ်က မိန်းမသားတစ်ယောက်ဖြစ်သည့်အတွက် မျက်ရည်ကို လူကွယ်ရာတွင် အဖော်ပြုနိုင်သော်လည်း သူကတော့ မည်သို့သောနည်းဖြင့် စိတ်အတွင်းက ဝေဒနာ အစိုင်အခဲကို ဖြေဖျောက်ပါသည်လဲ။
သူ အရက်တွေ သောက်ပြီး ဖြေရှင်းလေ့ရှိသလား။ ချစ်သော လင်တော်မောင်တစ်ယောက်ကို ထိုအမြင်မျိုးနှင့် ငယ် မပြစ်မှားချင်ပေ။ အယုံအကြည့်ပျက်ခြင်းဟူသည် အထင်သေးခြင်း၏ အကြောင်းရင်းခံဖြစ်သည်။ ဩဇာညောင်းလွန်းလှပါသော ချစ်လင် ဦးအောင်လွင်သည် သူ၏ အိမ်တွင်းရေးတွင်တော့ ဩဇာ ပျံ့နှံ့ခြင်းလျော့နည်းလာခဲ့ချေပြီ။ ဘေးကြည့်ပရိသတ်တစ်ယောက်အနေနှင့် သူ၏ ခံစားချက်များကို သိမြင်နေရသော်လည်း ဆင့်ပွားခံစားရန်မှာမူ ငယ်မှာလည်း အပူမီးတွေနှင့်မို့ မဖြစ်နိုင်ချေ။ သည်းခံခွင့်လွှတ်ခြင်းသည် မွေးရာပါ ဖွားဘက်တော်အဖြင့်ပါလာပေမယ့်လည်း တစ်ခါတစ်ရံတွင်မူ ငယ့် ထံပါးမှာ ကြောက်လန့်တကြားထွက်ပြေးသွားတတ်ပြန်သေးသည်။ ထိုအခါမျိုးတွင် မိန်းမကြမ်းအဖြစ် ဝိုင်းသတ်မှတ်လိုက်ကြရန် ဝန်မလေးသော သူတို့လေးတွေကို မည်သို့ ဖြင့် ခွင့်လွတ်ရန် ငယ် တွေးရပါမည်နည်း။
စကားလုံး ခပ်ကြမ်းကြမ်းတွေနှင့် တိုက်ခိုက်ခြင်းကိုလည်း ငယ် ခံနိုင်ရည်ရှိအောင်ကြိုးစားခဲ့ပြီးပါပြီ။ ဖုတ်လေသည့် ငပိရှိတယ်လို့မထင်ဆိုသော အဖြစ်သို့ ငယ်ရောက်ရသည်ကိုတော့ဖြင့် ဝမ်းနည်းမိရသည်မှာအမှန်။ လူ..တစ်ယောက်ကို မြင်နေပါလျှက်နှင့် မမြင်သလိုနေခြင်းသည် ထီမထင်ခြင်းလေလား။ အပြစ်ဟူ၍ ငယ် မမြင်ချင်ပါ။ ထိုသို့ခံစားရလေတိုင်း ချစ်သော သူ့အတွက် သာ ဦးစားပေးလျှက် ငယ် ဆန္ဒများကို နောက်ချန်က သည်းခံတတ်လာစမြဲ။ မေတ္တာသည် အသွားအပြန်ရှိသည်ဆိုသည်မှာ အမှန်ဆိုလျှင် ငယ်ပေးသော သူတို့အတွက် မေတ္တာသည် မအေးမြလို့လား။ မသန့်ရှင်းသောကြောင့်လား။
တစ်ခါတစ်ရံတွင် ငယ် အားရပါရ ငိုကြွေးမိပါသည်။ ထိုမျက်ရည်များကိုဖြင့် ချစ်သောသူ မသိစေရ။ ချစ်ခြင်းဖြင့် တည်ဆောက်ပြီးသော အိမ်ထောင်ရေးသည် ငယ့်ကြောင့် ပျက်စီးခြင်း အလျဉ်းမရှိစေရ။ ထို့အတူ အပြစ်မဲ့သော သူတို့လေးတွေကြောင့်လည်း သက်ရောက်စေခြင်းမဖြစ်စေရ။ တစ်နွယ်ငင် တစ်စင်ပါသော ချစ်ခြင်းနွယ်တစ်ပင်ကို ငယ် လက်က ဆွဲကိုင်ဖမ်းဆုပ်ခဲ့မိပြီး ဖြစ်သောကြောင့် နောင်တသည်လည်း ကပ်ငြိလိုက်ပါခြင်း မရှိစေရပါ။
သို့သော် အေးစက်နေသော ရေတစ်ခွက်ထဲသို့ ပွက်ပွက်ဆူ ပူလောင်သော ရေနွေးတစ်ခွက် လောင်းမထည့်မိစေရန်မှာ ငယ်အပါ အဝင် သူနှင့်တကွ သူတို့လေးတွေ မသိရှိကြပါပေ။
အချိန်သည် တသမတ်တည်း ပြောင်းလဲ ရွေ့လျားနေသော်လည်း ထိုအချိန်များအတွင်း မိနစ်ပိုင်း စက္ကန့်ပိုင်းလေးတွင်ပင် ကြီးကျယ်သော ပြဿနာဖြစ်ဖြစ်သွားတတ်သည်ကို ငယ်သိလိုက်ရပြန်သေးသည်။
သူ့မျက်နှာ ညိုးရော်နေသည်ကို တွေ့လိုက်ရကတည်းက စိတ်ထိခိုက်စရာတစ်ခုခုရှိနေပြီကို ငယ်သိလိုက်သည်။ မည်သို့ပင် ဖုံးဖိရန်ကြိုးစား ကြိုးစား တစ်ယောက်မျက်နှာ တစ်ယောက် ဖတ်တတ်နေသော အကြင်လင်မယားဖြစ်သောကြောင့် လိမ်လည်မရ။
“ ဘာဖြစ်နေတာလဲ ကိုလွင်“
“……………..“
“ ပြောပြလို့ရရင် မငယ်ကို ပြောပြပါလား။ “
“ အမှန်ကိုပြောရင် မငယ် နားထောင်နိုင်ပါမလား….“
ငယ် နားမထောင်ရဲသော အကြောင်းတွေ တစ်ရာမက ရှိခဲ့ဖူးပြီးပြီ။ ထို့ထက် ပိုမထူးတော့သည့် အဆုံးတွင် ငယ်လည်း နားရည်ထူလာပါပြီ။ ပြီးလျှင် ကိုယ့်ကိုကိုယ့် စိတ်သက်သာစေခြင်းနည်းတစ်ခုအနေနှင့် မျက်ရည်ကိုအသုံးပြုလိုက်လျှင်ပင် စိတ်ထိခိုက်မှုအလုံးစုံသည် တဒင်္ဂတော့ ပျောက်ကွယ်သွားတတ်သည်။ သို့နှင့် ငယ့် ဘဝတွင် အသစ်ဖြစ်လိုက်…အဟောင်းဖြစ်လိုက်နှင့် လုံးချာလည်ရိုက်လာခဲ့ရချေသည်ကော။
ယခုတွင်ပဲ ဒုတိယဟူသော နေရာတွင် ပေးအပ်သူရှိစေကာမူ မထိုက်တန်ဘူးဟုပြောချင်သူတွေက ဒုနှင့်ဒေးရှိကြ၏။ မိန်းမသားတစ်ယောက်၏ဘဝတွင် ပထမဆုကို မိန်းမတိုင်းလိုချင်တတ်ကြစမြဲ။ အကြောင်းကြောင်းကြောင့်သာ ဒုတိယနေရာကိုလက်ခံယူလိုက်ရသော်လည်း မည်သူက မေးမေး မိမိက ပထမပမာ လက်မထောင်တတ်ကြသည် မဟုတ်လား။ ငယ်လည်း အသိုင်းအဝိုင်းအလည်တွင် လက်မ ထောင်ချင်ခဲ့သော်ငြား ကိုယ့်ပေါင်ကိုယ်လှန်ထောင်ခြင်းမျိုးသော အဖြစ်မျိုးမို့ ရလာသည့်ဘဝတွင် ရောင့်ရဲနေခဲ့ရသည်။
သို့သော် ငယ် ကံကောင်းသည်က ပထမ မဟုတ်သော်လည်း ပထမပင်ဖြစ်နေသည်မဟုတ်လား။ အချစ်သည် ကိုးကွယ်ရာမဖြစ်ခဲ့သော်လည်း အချစ်ကြောင့်ပင် စွန့်လွတ် စွန့်စားရဲသော သတ္တိများ ငယ်ပိုင်ဆိုင်ခဲ့ရသည်။ ပြီးနောက် ငယ် ကိုးကွယ်မိခဲ့သည်။ မမှားနိုင်သော လမ်းသွယ်တစ်ခုထဲသို့ ချိုးကွေ့ဝင်ရောက်ခဲ့သည်။ ငယ် ကံဆိုးသည်မှာ ငယ်လျှောက်သော အချစ်လမ်း၌ ခလုန်ကန်သင်းလေးများ ခပ်ပါးပါးလေး မဆိုလောက် ရှိနေလေသည်။ ထိုသည်ကို ကျော်ခွ၍ သွားနိုင်သော်လည်း ငယ်လိုလားရာလမ်းကိုမရောက်မချင်း ဂရုတစိုက်နှင့် ကွေ့ဝိုက်စွာ သွားလာနေရဦးမည်ကိုလည်း သိပါသည်။ သို့သော်လည်း…တစ်ခါတစ်ရံ လာရောက် တိုက်မိသည်ဖြစ်စေ…ငယ်က တိုက်မိသည်ဖြစ်စေ နာကျင် ခံစားရသည်မှာ ငယ်ကိုယ်၌ကလွဲ၍ မည်သူမှ မသိကြပေ။
“သူတို့တွေ အိမ်ခွဲနေကြတော့မယ်တဲ့ မငယ်“
“ရှင်…“
ဝေးကွာစွာ ဆန့်ကျင်ဘက် ကျောခိုင်းထွက်ခွာသွားမည့်သူ သည် ငယ်သာ ဖြစ်လိုက်ချင်ပါသည်။ လောကတွင် အပြစ်လုပ်ကြသူများသည် အယူခံခွင်ရှိကြပါသည်။ သားသမီးနှင့် မိဘကြားတွင်တော့ အယူခံခွင်ရှိသည် မရှိသည်ကို ငယ်ကောင်းစွာ နားမလည်ပါ။ စိတ်ဆင်းရဲခြင်း၏ အထွဋ်အထိပ်သည် မိမိရင်မှ ဖြစ်သော သားသမီးများ၏ မသိတတ်ခြင်းနှင့် သက်ဆိုင်သလား။ နားလည်မှုတံတိုင်းသည် ငယ်နှင့် သူတို့လေးတွေကြားတွင် ခပ်ရေးရေးလေးသာ အရာထင်နေသည်ကိုတော့ သိလိုက်ရပါသည်။ နောက်ကျခြင်းဟူသည် မရှိဟု သူဆိုခဲ့ဖူးသည်။ နောက်မကျသေးဘူးဆိုလျှင်-
“ ကိုလွင်နဲ့ ငယ် တစ်ခုခုတော့ လုပ်သင့်ပြီ “
“ဘာလဲ မငယ် ..မငယ် မလုပ်သင့်တာကိုတော့ လုပ်ဖို့ ကိုလွင့်ကို မတိုက်တွန်းနဲ့နော်“
“သားသမီးအတွက်ဆိုရင် မလုပ်သင့်တာ ရှိသေးလို့လား ကို..ရယ်“
ထိုအခိုက်အတန့်လေးတွင်ပင် သူနှင့် ငယ့်ကြားတွင် ခွဲခွာခြင်းတံတိုင်းကို စတင် တည်ဆောက်ရန် လိုအပ်နေပြီဟု သိလိုက်ရတော့သည်။
~~~~~~
(၄)
“အဲဒီတော့ အန်တီငယ်..ဘက်က သားငယ်တို့ မောင်နှမတစ်တွေကိုငဲ့ပြီးတော့ စဉ်းစားပေးပါလို့ အနူးအညွှတ်တောင်းပန်ပါတယ်“
အနူးအညွှတ်တောင်းပန်ပါတယ်တဲ့လား ကလေးတို့ရယ်။ ငယ် မချိတင်ကဲစွာ ရင်ထဲတွင်သာ ပြောဆိုမိလိုက်သည်။ ငယ့်ရင်ထဲ မကောင်းစွာဖြင့် ဧည့်ခန်းကြီးထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရသည်။ မျက်ရည်သည် မျက်ဝန်းများတွင် ခိုတွဲလျှက် ကျလု ကျခင် သည်းသည်းလေး။ သို့သော် ငယ် အကျမခံဘဲ လက်ဖမိုးနှင့် ခပ်ကြမ်းကြမ်းလေး သုတ်ပစ်လိုက်ရသည်။ ထိုမျက်ရည်များကို သူ မြင်၍မဖြစ်။
ယနေ့ မနက်စောစောတွင် ငယ် မီးဖိုချောင်ထဲတွင် အေးအေးလူလူ ဟင်းချက်နေမိသည်။ ဘာမှကိုမစဉ်းစားဖြစ်ပဲ ချက်နေသော ဟင်းလျာထဲတွင် စိတ်ကိုနှစ်လျှက် အတွေးများ အားလုံးကို မေ့ဖျောက်ထားသည်။
ရာသီဥတုသည် ငယ့် ဘဝတစ်ခုလုံးတွင် အမြဲတမ်း မသာယာခဲ့သည့် နည်းတူ ယခုတွင်လည်း မိုးများ ထစ်ချူန်းလေပြီ။
“ အန်တီငယ့်ကို ပြောချင်တာရှိလို့ ခဏလောက် နားထောင်ပေးနိုင်မလား“
“ပြောလေ သမီး..အန်တီငယ် နားထောင်ပေးလို့ရပါတယ်“
အကြီးဆုံး ထားထားခင် ထိုသို့စကားစလာသည်နှင့် ငယ်ကလည်း အလိုက်တသင့် စကားလမ်းစ ဖွင့်ပေးလိုက်သည်။ သူတို့လေးတွေရှိရာ ဧည့်ခန်းဘက်သို့ ငယ်ရောက်လာချိန်တွင် မောင်နှမတတွေ စုံစုံလင်လင်ရှိနေချေသည်။ ထိုသည်ကိုကြည့်ခြင်းဖြင့် ငယ်သည် သူတို့ပြောမည့် စကားများကို ပေါ့သေးသေး မဟုတ်မှန်းတော့ ရိပ်မိလိုက်ပြန်ပါသည်။
“ကျွန်တော်ကတော့ စကားကို ကွေ့ခါ ဝိုက်ခါ မပြောတတ်ဘူး အန်တီငယ် လိုရင်းတိုရှင်းပဲပြောချင်တယ်“
“ ပြောစရာရှိတာ ပြောပါ သားငယ် အန်တီ နားထောင်နေပါတယ်“
“အန်တီငယ့် ဘက်က ကျွန်တော်တို့ပြောမယ့်စကားကို နားထောင်ရာမှာ ရိုင်းချင်ရိုင်းနေပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာလည်း အဖေတစ်ယောက်နဲ့ပတ်သက်လို့ ကျွန်တော်တို့ဘက်က ခံစားနေရတာတွေကို ပြောနေရလို့ သည်းခံပြီးတော့နားထောင်ပေးပါဗျာ.. “
သည်လောက်အထိ စကားပလ္လင်တွေခံနေရင်တော့ သူတို့သည် ငယ့်အား မည်သည့်စကားများ ပြောလာမည်နည်းဟု ရင်ထဲက တထိတ်ထိတ်ဖြစ်လာပါသည်။ မောင်နှမ ငါးယောက်စလုံး၏ မျက်နှာများသည် ယခုကိစ္စကို အလေးအနက်ထားဟန်ဖြင့် တည်ငြိမ်လေးနက်နေတော့သည်။ ထိုအထဲမှ သားငယ်ဆိုသော လွင်ငယ်ခင်ကသာ ငယ်နှင့် စကားပြောမည့်သဏ္ဍာန်ကိုတွေ့ရသည်။
“ အန်တီငယ် အဖေ့ကို ချစ်သလား“
ဘယ်နှယ့်ပြောပါလိမ့်ကွယ်.။ ငယ့် ဘဝအတွက် အချစ်သည် နှစ်ခါ မမွေးဖွားခဲ့ပေ။ တစ်သက်မှာ တစ်ချစ်တည်းသာ ငယ်ချစ်ခဲ့သောအချစ်သည် သူ ဆိုသော ဦးအောင်လွင်အတွက်သာ ဖြစ်ခဲ့သည်ကို သူတို့လေးတွေမသိ။ ဘဝနှင့်လောင်းကြေးထပ်ပြီးမှ ချစ်လာခဲ့ရသောအချစ်ကို ချစ်ပါရဲ့လားလို့ မေးလာခဲ့ပြီကော။ ငယ်..မည်သို့ဖြေရမည်နည်း။
“ ချစ်တာပေါ့ကွယ်..။ အန်တီငယ်က ချစ်လို့လည်း မင်းတို့အဖေရှိရာနောက်ကို တစ်မျက်နှာ တစ်ရွာထင်ပြီး လိုက်လာခဲ့တာသာကြည့်တော့..။ “
“ သားငယ်တို့ကလည်း အန်တီငယ့်ထက်မလျော့ရင်တောင် ပိုဖို့ပဲရှိတဲ့ အချစ်မျိုးနဲ့ချစ်တာပါ။ အဖေဆိုတာ သားငယ်တို့အတွက်တော့ အားကိုးအားထားရာ တံတိုင်းကြီးတစ်ခုပါ။ ကြီးကျယ်မြင့်မြတ်တယ်၊ လေးစားချစ်ခင်တယ်။ အတ္တကြီးကြီးနဲ့ပြောရရင် အမေသေဆုံးပြီးနောက် အဖေ့အချစ်တွေကို နောက်ထပ် ဘယ်သူကမှ သိမ်းပိုက်ယူငင်တာမျိုးကို မကြိုက်ဘူး အန်တီငယ်။“
“ အို အန်တီငယ် သိမ်းပိုက်ထားတာ မဟုတ်ပါဘူးကွယ်“
“ဟုတ်ပါတယ် အန်တီငယ် ကို အပြစ်တင်တာ မဟုတ်ပါဘူး။ အန်တီငယ့် ဘက်မှာ ဘယ်လို မျှော်လင့်ချက်မျိုးရှိနေသလဲ မသိပေမယ့် သားငယ်တို့ဘက်ကတော့ အဖေတစ်ယောက်ကို ပြန်လိုချင်တဲ့ မျှော်လင့်ချက်မျိုးရှိတယ်။ အဖေ့ကို သားငယ်တို့က မလွန်ဆန်နိုင်ပါဘူး။ ချစ်လည်း အလွန်ချစ်တော့ အဖေ စိတ်ဆင်းရဲမယ့်အလုပ်မျိုးတွေကိုလည်း မလုပ်ချင်ပါဘူး။ ဒါပေမယ့် ခု မဖြစ်သာတဲ့အခြေအနေမှာမို့ သားငယ်တို့က တမင်သက်သက် တင်းမာဟန်ပြနေရတာပါ။ အန်တီ ငယ်နားလည်မလားမသိဘူး။“
နားလည်တာပေါ့။ သိပ်ကို နားလည်မိနေပါပြီ။ သူတို့လေးတွေ ဘာကိုပြောချင်နေသည်လည်း နားလည်နေရပါပြီ။ မျက်နှာထားကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထိန်းလျှက် ငယ်၏အသံများကိုလည်း မတုန်မယင်လာအောင် အထူးကို ဂရုစိုက်နေရသည်။
“ဒီတော့ သားငယ်တို့ဘက်က ခု အခြေအနေတွေကို စတင်ရပ်တန့်ပစ်ဖို့ ဆုံးဖြတ်လိုက်ရတာပါ။ အန်တီငယ် ရဲ့ ခံစားချက်တွေကို လစ်လျူရှုတယ်ရယ်လို့တော့ မသတ်မှတ်ပါနဲ့ဗျာ။ ဆိုရရင် အန်တီငယ် ကျေးဇူးပြုပြီး အဖေ့အနားက ထွက်ခွာ သွားပေးနိုင်မလား.. “
“အို….“
“ အဲဒီအတွက်လည်း….အန်တီငယ် ပြန်လည်ရရှိမယ့် အရာတွေက“
“တော်…တော်ပါတော့ကွယ်..။ အန်တီငယ် ဆက်မကြားရဲတော့လို့ပါ..။ အန်တီငယ့်ကို မင်းတို့မောင်နှမတွေ အထင်မှားနေကြပြီကွယ်။ အန်တီငယ်လေ မင်းတို့အဖေနားက ဘာမှလိုချင်လို့ရှိနေရတာမဟုတ်ပါဘူး..။ ချမ်းသာခြင်းစည်းစိမ်ကိုလည်း အန်တီငယ် မမက်မောဘူး။ ခုလို မင်းတို့ဘက်က အထင်မှားစွာနဲ့ ပြောလာတဲ့ စကားတွေကို အန်တီငယ်သည်းခံပြီးနားထောင်နေရတာကိုက အားလုံးကို စိတ်ချမ်းသာစေချင်တာ တစ်ခုတည်းနဲ့ပါကွယ်.. “
ငယ် မျက်ရည်များကို မတားဆီးနိုင်တော့ပါ။ တစ်လှိမ့်ချင်း စီးဆင်းလာသော မျက်ရည်များသည် ပါးပြင်ပေါ်မှ…လွင့်ကျသွားချေပြီ။ သူ့အတွက်နှင့် သည်းခံခြင်းတွေကို ငယ် မွေးမြူထားခဲ့ရသည်။ သည်းခံခြင်း အတိုင်းအတာသည် ထိုထက်မက မရှည်နိုင်တော့။ ငယ် လက်ဝါးအုပ်ပြီး ရှိုက်ငိုနေမိပြီ…။
ငယ် မျက်ရည်များကို သုတ်ပစ်လိုက်သည်။ ယနေ့ကျဆုံးခန်းတွင် မျက်ရည်ခံထိုးပြီး သူတို့လေးတွေ၏ သနား ငဲ့ညာခြင်းကို ထက်မလိုချင်။
“ ဟုတ်ပြီ သားငယ် မင်းတို့မောင်နှမတွေလိုချင်တာ မင်းတို့အဖေ့နားက ထွက်သွားပေးဖို့မလား။ အန်တီငယ် ကြိုးစားပါ့မယ်။ အဲဒီလိုပြောလို့ မင်းတို့ပေးလာမယ့် အရာတွေကို လက်ခံလိုက်တယ်လို့တော့ မသတ်မှတ်လိုက်ပါနဲ့.။ အန်တီငယ် ဘာမှမလိုချင်ဘူး။ ဒါ အန်တီငယ့်ရဲ့ မာနတစ်ခုပါ။ အန်တီငယ် ခုလေးတင် ထားရှိလိုက်တဲ့ မာနပါ..။
စစ်မှန်သော အမှန်တရားကိုတော့ဖြင့် မင်းတို့လေးတွေ ဖုံးဖိဖို့မကြိုးစားပါနဲ့။ အဖေနဲ့ သားသမီးတွေကြားမှာ သွေးထိုးတယ်လို့ ပြောလာမယ့် စကားတွေကိုလည်း အန်တီငယ် မကြားချင်ဘူးလေကွယ်..။ ဒါတော့ တရားတယ်လို့ မင်းတို့ သတ်မှတ်ရလိမ့်မယ်“
“ရပါတယ် အန်တီငယ်။ အန်တီငယ် ကျွန်တော်တို့နဲ့ပြောခဲ့တာတွေကို ပွင့်ပွင့်လင်းလင်း အဖေ့ကိုပြောပြနိုင်ပါတယ်။ ကျွန်တော်တို့လိုချင်တာက တစ်ခုတည်းပါ။ အဲဒီအတွက် အဖေ ကျွန်တော်တို့ကို အပြစ်တင်ရင်လည်း ရဲရဲဝံ့ဝံ့ ခံယူဖို့ အသင့်ပါပဲ..။ “
ငယ် အခန်းထဲပြန်ရောက်ချိန်တွင် ဒူးများပင် ညွှတ်ခွေချင်နေသည်။ အား မရှိတော့။ နောက် ကုတင်ပေါ်သို့ မျက်နှာအပ်ခါ ငိုမိတော့သည်။ မျက်ရည်တွေ ကုန်ပါတော့ကွယ် ငယ် မောလှနေပြီ။ ငယ်အတွက် စွန့်စားခန်းတွေ များလှသည်ဟု တွေးမိရပြန်ပါသည်။ မိုးသည် ကံဆိုးမသွားရာ လိုက်ရွာတတ်သည်တဲ့လား။ ထိုကံဆိုးမလေးသည် ငယ်ပင် ဖြစ်လာရချေပြီကော။ အပြေးအလွှား စဉ်းစားဆုံးဖြတ်နေသော အကြောင်းသည် ယခုအချိန်တွင် သူနှင့် အပြီးတိုင် ဇာတ်လမ်းသိမ်းရန်အကြောင်းမှ တစ်ပါး အခြား မရှိတော့ပြီ။
ဇာတ်သိမ်းခန်းသည် …ရင်သိမ့်လှုပ်ရှားဖွယ်၊ လွမ်းမောဖွယ်….သိမ်းရမည်ဆိုလျှင်တောင် ငယ်သည်…အလိုက်သင့်ခံစားရန် အသင့်ဖြစ်နေခဲ့လေပြီ..။
~~~~~~~
(၅)
မိုးများ သည်းသည်းမည်းမည်းရွာသော နေ့တစ်နေ့။ လျှပ်ပန်းလျှပ်နွယ်များ ဝင်းခနဲ ဝင်းခနဲ ပြိုးပြက်သွားကြသည်။ မိုးချူန်းသံက ထစ်ထစ် ချုန်းချုန်း။ တဝုန်းဝုန်း…တဒိုင်းဒိုင်းဖြင့် နားစည်များကွဲမတတ် ကောင်းကင်ယံထက်တွင် မြည်ဟီးနေလေသည်။ လေများက တဝေါဝေါတိုက်လျှက် သစ်ပင်ကြီးငယ်တို့ ဟိုဘက် ယိမ်းလိုက် သည်ဘက်ယိမ်းလိုက်နှင့် မိုးသည် အငြိုးနှင့် သည်းနေလေတော့သည်။
ပတ်ဝန်းကျင်သည် မည်းမည်း မှောင်လျှက်။ တစ်ချက် တစ်ချက် လင်းလက်သွားသည့် လျှပ်ရောင်ကြောင့်သာ ရေနံချေးသုတ်ထားသော အိမ်ကြီးကို တစ်ချက်တစ်ချက် မြင်နေရခြင်းဖြစ်သည်။ ထိုအိမ်ကြီး၏ အပေါ်ထပ်တွင်မူ မုန်တိုင်းက ခုမှ တိုက်ခတ်ရန် အစပျိုးနေသည်။
စားပွဲထက်က ဖယောင်းတိုင်မီးသည် လေကြောင့် မှေးမှိန်သွားလိုက် ပြန်တောက်ပလာလိုက်။ မျက်နှာစုံညီရောက်ရှိနေသော လူခုနှစ်ဦး။ တင်းမာနေသော မျက်နှာခြောက်မျက်နှာရှိသည့်အနက် တစ်ခုသော မျက်နှာသည် မည်သည့်ခံစားချက်မှ မဖော်ပြ။
အိမ်အပြင်ဘက်တွင်မူ လေပြင်းနှင့်အတူ မိုးက သည်းနေဆဲ…။
“ မင်းတို့ကိုယ် မင်းတို့ သိပ်ကို တရားတယ်လို့ထင်နေကြတာလား….ပြော ထားထားခင်…လတ်လတ်ခင်..။ပြောလေ ထက်ကျော်ခင်…သမီးငယ် ..သီရိခင်…။ပြော သားငယ်..။“
ဖခင်ကြီးသည် ဤမျှလောက် ဒေါသမထွက်ဖူးချေ။ မေးကြောကြီးများ တင်းနေအောင် အံကို ကျိတ်ထားသည်။ ခုချိန်တွင် သူပြောလို့ရော အဖေက နာခံမည်မဟုတ်။ ယုတ်စွအဆုံး ပြစ်ပြစ်ခါခါ ပယ်ချပေတော့မည်။
“ သားငယ်ကတော့ တရားတယ်လို့ထင်တယ် အဖေ။ အဖေ့ကို သားငယ်တို့ပဲပိုင်ချင်တယ်။ အဲဒါ သားငယ်တို့ရဲ့ အတ္တပါ အဖေ။ သားငယ်တို့အတွက် အမေဟာ တစ်ယောက်တည်းပဲ ဖြစ်ရမယ်။ အမေမရှိတော့တဲ့နောက်မှာလည်း အမေ့နေရာမှာ အစားထိုးတစ်ယောက်မှ မရှိစေရဘူး။ အဖေဟာလည်း တစ်ယောက်တည်းပဲ သားငယ်တို့အနားမှာ ရှိနေစေရမယ်။ “
“မင်းတို့လိုချင်တာကိုရဖို့ တစ်ဖက်သားကို မစာမနာ နင်းချေရပ်တာလည်း အဲဒါကြောင့်မို့လို့ ပြောချင်တာပေါ့ ဟုတ်လား။ ဒီမယ် သား..လူတစ်ဖက်သားကို ကိုယ်ချင်းစာတတ်ဖို့ အဖေ ငယ်ငယ်ကတည်းက သင်ဖူးခဲ့တာကို မင်းတို့တတွေ မေ့လိုက်တာလား..။
သားတို့ သမီးတို့ပိုင်တယ်ဆိုတာလည်း အဖေ အသက်ရှင်နေသရွေ့လေးပါပဲ။ မင်းတို့တွေ မမေ့သေးဘူးဆိုရင် မင်းတို့အမေသေဆုံးသွားခဲ့တော့ရော မင်းတို့ပိုင်တယ်ဆိုတာကို ဘယ်လို သက်သေတွေနဲ့ပြဦးမှာလဲ။ သက်မဲ့အရာဝတ္ထုဖြစ်တဲ့ ဓါတ်ပုံကို လက်ညိုးထိုးပြီးပြမှာလား။ ဦးအောင်လွင်ဆိုတဲ့ လူတစ်ယောက်မှာ ဒီလောက်အထိ အသိတရားခေါင်းပါးတဲ့ သားသမီးတွေရှိတယ်လို့ ဘယ်သူကထင်မှာလား..။ အခုတော့ အဖေမှာရှိနေပြီ..။ အဖေ့ရှေ့မှာ မင်းတို့ရှိနေတယ်..။ ဒါပေမယ့် ဦးနှောက်မရှိတဲ့ နလိန်းပိန်းတုံးတွေပဲဖြစ်နေတာတော့ အဖေ ဝမ်းနည်းတယ်..။“
ဖခင်တစ်ယောက်ပြောသော စကားတွေမှ ဟုတ်ပါရဲ့လား။ သူ အံကိုကျိတ်လျှက် အဖေ့ကိုပြန်ကြည့်လိုက်သည်။ နောက် အန်တီငယ်ကို။ မျက်ရည်တွေကျလျှက်။ အလကားမျက်ရည်တွေပင်။ ထိုမျက်ရည်တွေက သူတို့ရဲ့ အဖေအား ခေါ်ဆောင်သွားသော မာယာ မျက်ရည်တွေ။
“ဒီတော့ အဖေ့ဆုံးဖြတ်ချက်ကိုပြောမယ် ..။“
မိုးသည် မတိတ်သေး။ တဝေါဝေါ ရွာသွန်းနေဆဲ။ ဖယောင်းတိုင်မီးက ကုန်လု ကုန်ခင်။ လေတိုက်သဖြင့်ပျော်ကျနေသော ဖယောင်းစီးကြောင်းက အောက်ချေကိုရောက်နေပြီ။
“မငယ်လည်း ဘယ်မှ မသွားရဘူး။ အဖေ ခွင့်မပြုဘူး။ ပြတ်ပြတ်သားသားပြောရရင် မင်းတို့ထဲက ကန့်ကွက်မယ့်သူရှိလည်း အဖေကတော့ အသိအမှတ်မပြုနိုင်ဘူး။ အဖေကိုမကျေနပ်လို့ ဒီအိမ်ကြီးမှာ မနေချင်ဘူးဆိုရင်လည်း မင်းတို့သဘောပါပဲ…ဒါပါပဲ….“
သူတို့တွေ ကြောင်အစွာဖြင့် ဘာမှမပြောနိုင်ကြ။ အစ်မကြီးနှစ်ယောက်က မျက်ရည်တွေဝေ့သီလျှက် အဖေကို ငေးမောဆဲ။ အစ်ကိုလတ်နဲ့အစ်မငယ်ကရော ဘာမှမပြောတော့ဘူးလား။ သူ….
“ ရတယ် အဖေ..။ သားငယ်ကလည်း ဆုံးဖြတ်ထားပြီးသားပါ..။ ပြန်လည်မရနိုင်ဘူးဆိုရင် စွန့်ပစ်လိုက်ဖို့လည်း ဝန်မလေးပါဘူး ။ အဖေ..။ ကျွန်တော် …ထွက်သွားပါတော့မယ်.. “
“မောင်လေး….“
“ ညီလေ…မင်း“
ထိုအသံများသည် သူ့နောက်ကျောဆီတွင်ကျန်ရစ်ခဲ့သည်။ အိမ်အပြင်ဘက်တွေ မိုးက သည်းနေဆဲ။ သူ့နောက်တွင် ပြေးလိုက်လာသော ခြေသံများကို မကြားရ။ သူတစ်ယောက်တည်း။
သူနှင့် တအူတုံဆင်းမောင်နှမများကပင် သူ့နောက်သို့တစ်ယောက်မှ လိုက်မလာကြ။ လူတိုင်း၏ ခံစားချက်အမှန်ကို သိရန်မှာ အလွန်ခက်လှပါသည်။ မိုးစက်များက သူ့တစ်ကိုယ်လုံးလွှမ်းခြုံနေသည်။ အေးစက်နေသော ရင်အစုံသည် ပူလောင်လျှက်ရှိသည်။
ခြေလှမ်းများက ခပ်ကျဲကျဲ…။
ကျန်ရစ်ခဲ့သော အိမ်ကြီးထဲတွင် ဖယောင်းတိုင်မီးလေး ငြိမ်းသွားခဲ့သည်။ မီးခိုးငွေ့ကလေးက လေမှာ လွှင့်လျှက်..။
~~~~~~
နောင်တဟူသည် နောင်မှရတတ်သည့်နည်းတူ သူ လက်ခံရရှိလိုက်သော အချိန်သည် ပြင်ဆင်ရန်ပင် အချိန်မမီတော့။ အဖေတစ်ယောက်၏ ခံစားချက်ကို မသိခဲ့သော သူတို့မောင်နှမများအတွက် နောက်ဆုံးရလာဒ်တစ်ခုသည် ဆုံးရှုံးခြင်းများဖြစ်လေသည်။ တစ်ခါတစ်ရံ၌ မိမိတို့ ထင်မှတ်ထားသော ကိစ္စများသည် လွဲမှားစွာ သက်ရောက်သွားသောအခါ အဆုံးသတ်သည် ချိုမြိန်ခြင်းနှင့် ကင်းဝေးလေတော့သည်။
အထင်နှင့်အမြင်သည် တည်ကျသေချာမှုကို ပေးစွမ်းနိုင်ခြင်းမရှိသည်ကို သူ လက်တွေ့သိလိုက်ရသော အခါတွင် မှားယွင်းခြင်းများသည် ဆုံးရှုံးခြင်းများနှင့် အချိုးကျလျှက်ရှိနေလေတော့သည်။
ကောင်းကင်ထက်တွင် မည်းမှောင် လာချေပြီ။ မကြာမီတွင် မိုးရွာတော့မည်။
အငြိုးနှင့် မသည်းစေရန်မှာမူ…….
သော်ဇင်(လွိုင်ကော်)
Date-26th-March-2012
Time-7:42Pm
2 comments
TTNU
April 11, 2012 at 9:53 pm
မိထွေးနဲ့သားသမီးတွေအကြားမှာ
ဒီငြိုးမာန်ဆိုတာ တော်တော် အရှင်းခက်တဲ့ကိစ္စနော်။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 11, 2012 at 10:56 pm
အင်း ခက်တော့ ခက်သားလားနော်။
——–
“ အေး ဒါဆို အဖေတစ်ယောက်ကိုတောင် မင်းတို့က နားလည်ပေးလို့ မရနိုင်တော့ဘူးလား၊ အဖေ အိမ်ထောင်ပြုလိုက်တာဟာ အဖေ့ရဲ့ ကဲ့ကွာ ခပ်ရိုင်းရိုင်းပြောမယ်..သွေးသား သောင်းကျန်း ချင်တဲ့စိတ်ကြောင့်လို့ ထင်တယ်မလား၊ သွေးသား သောင်းကျန်းချင်ရုံ သက်သက်နဲ့တော့ အဖေ မိန်းမတစ်ယောက်ကို ကောက်ယူပါ့မလား၊ အဖေ လိုချင်ရင် လမ်းဘေးမှာ ဆူလွယ် နှပ်လွယ် မိန်းမငယ်လေးတွေ အများကြီးပါကွယ်။ မင်းတို့တောင် သိလိုက်မှာ မဟုတ်ဘူး။ ဟုတ်ရဲ့လား။ မင်းတို့ရဲ့ ချင့်ချင့်ချိန်ချိန် စဉ်းစားတတ်တဲ့ အတွေးအခေါ်တွေ ဘယ်ရောက်ကုန်ပြီလဲ၊ အဖေနဲ့ မင်းတို့ ညှိလို့မရတော့ဘူးလား..မင်းတို့တွေ ခံစားနေရတာကို အဖေသိလိုက်ပြီ..။ ဒီတော့ မင်းတို့ ဖြစ်ချင်တာကို ပြောပြကြ..။ အဖေ ဘာတွေ ဖြည့်ဆည်းပေးရမလဲလို့..။ ဒီမယ် သားငယ် မဖြစ်နိုင်တော့ဘုူး လို့တော့မပြောနဲ့နော် နောက်ကျသွားတယ်ဆိုတာ မရှိဘူး..။ တစ်ခုပဲ..တစ်ဖက်သားနစ်နာစေမယ့် စကားမျိုးနဲ့ တစ်ကနေ ပြန်စ ပါလို့တော့ မပြောနဲ့..။အဲဒါ စကားလက်လွတ်ပြောတာ“