လေဖမ်းဒန်းစီးခြင်း


          တကယ်တော့ ကျွန်တော်တို့တွေဟာ လေထဲမှာ တိုက်ဆောက်နေ ကြတာပါပဲတဲ့။ စိတ်ကူး အိပ်မက်တွေနဲ့ မျောလွင့်နေကြပြီး အဲဒီအိပ်မက်ကနေ နိုးထဖို့ကိုတော့ ဘယ်သူမှ မကြိုးစားခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ရက်တွေ ၊ လတွေ၊ နှစ်တွေနဲ့အချိန်တွေ ကုန်လွန်ခဲ့ကြတယ်။ အိပ်မက်ဟာ အိပ်မက်အဆင့်တွေမှာသာရှိနေပြီး လက်တွေ့လောကမှာတော့ အကောင်အထည်မဖော်ဖြစ်ခဲ့ကြပါဘူး။ ဒါကြောင့် လူတိုင်းက ကျွန်တော်တို့ကို သတ်မှတ်ကြတယ်။ စိတ်ကူးနဲ့ရူးနေကြသူများတဲ့။ နောက်တစ်ခုက လေဖမ်းဒန်းစီးနေကြသူများတဲ့။ ကျွန်တော်တို့ ကိုယ်တိုင်တောင် ဘာမှန်း ခွဲခွဲခြားခြား မသိနိုင်သေးခင်မှာပဲ  ပတ်ဝန်းကျင်က တပြေးညီသတ်မှတ်လိုက်ကြတာပါ။ ဒီလိုဆိုတော့ ကျွန်တော်တို့ကိုယ်တိုင်ဟာလည်း…။

(၁)

ရည်မှန်းချက်တွေဟာ ကျွန်တော်တို့ရဲ့ အသက်လို့တင်စားကြတယ်။ ပန်းတိုင်တစ်ခုကိုရောက်ဖို့ ရည်မှန်းချက်ဆိုတဲ့ လှေကားတစ်စင်းတော့ လိုအပ်တယ်။ ငယ်ရွယ်စဉ်ကလေးဘဝကနေ ကျွန်တော်တို့ ခုလက်ရှိအထိအောင် ထားခဲ့ကြတဲ့ ရည်မှန်းချက်တွေ ဘယ်နှစ်ခုရှိနေပြီလဲ။ သေချာတာကတော့ တစ်ခုထက်မက ပြောင်းလဲခဲ့မယ်ဆိုတာပါပဲ။ ပထမက ဆရာဝန်ဖြစ်ချင်ခဲ့မယ်။ နောက် အင်ဂျင်နီယာ ဖြစ်ချင်ခဲ့မယ်.နောက်တော့။ ကျွန်တော်တို့ဟာ ကိုယ်တိုင်မဖြစ်နိုင်မှန်း သိတဲ့ အရာတွေကို စွန့်လွတ်လိုက်ဖို့ ဝန်မလေးကြဘူးဆိုတာကို သိလာရတယ်။ ဆရာဝန်ဆိုတဲ့ ကြီးမားတဲ့ ရည်မှန်းချက်ဟာ ကျွန်တော်တို့ရဲ့ ကြိုးစား အားထုတ်မှုတွေ လျော့လာတာနဲ့အမျှ တဖြည်းဖြည်း ပြောင်းလဲလာခဲ့တာလည်း မဆန်းလှပါဘူး။

ဒီလိုနဲ့ပဲ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက်ရမယ်ဆိုတဲ့ သဘောတရားအတိုင်းပဲ ပတ်ဝန်းကျင်တွေထဲမှာ လည်ပတ်လာခဲ့ကြတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ အောင်မြင်ကျော်ကြားနေတဲ့သူတွေကို အားကျရုံတင် အားကျနေခဲ့ပြီး ကျေနပ်နေခဲ့တယ်။ သူတို့တွေ ဘာကြောင့်အောင်မြင်လာရတယ်ဆိုတဲ့ အောင်မြင်မှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို သိအောင် မဖော်ထုတ်ကြဘူး။ ဒါပေမယ့် သူတို့တွေအောင်မြင်သလိုမျိုးတော့ လိုချင်တတ်ကြတယ်။ သူတို့ရဲ့ စိတ်ကူးစိတ်သမ်းတွေ ဘယ်လို တည်ဆောက်ယူခဲ့ရသလဲဆိုတာ တကယ်တမ်းတော့ မသိခဲ့ပါဘူး။

ဒါနဲ့ပဲ ကျွန်တော်တို့သူငယ်ချင်းတွေ စုမိတဲ့အခါ ဘာတွေလုပ်မယ်၊ ဘယ်လိုလုပ်မယ်၊ ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတာနဲ့ပဲ နေ့ရက်တွေကို ကုန်ဆုံးစေခဲ့တယ်။ စိတ်ကူးယဉ် အတွေးကမာ္ဘထဲမှာ တဝဲလည်လည်ဆိုတာ ကျွန်တော်တို့လို လူမျိုးတွေပေါ့။

အကောင်အထည်ဆိုတဲ့ စကားလုံးရဲ့နောက်မှာ လက်တွေ့ဘာမှ မလုပ်ဖြစ်သေးသမျှ အကောင်ရယ်လိုအမည်ရင် အထည်ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို သိလာရတယ်။ ကနဦးတုန်းက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ တစ်စ တစ်စ လျော့ရဲလာတာမျိုးပေါ့။

အလွယ်တကူ လက်လျှော့လိုက်တယ်လို့ ကျွန်တော်တို့ ပြန်လည် သုံးသပ်မိတဲ့အခါ ကိုယ့်ကိုကိုယ် ရောင်ဝါးတွေရယ်လို ထင်မြင်လာမိတယ်။

လောကမှာ ကိုယ့်ကိုကိုယ် အထင်အမြင်သေးချင်ဟာ ကျဆုံးခြင်းရဲ့ အဓိက အားနည်းချက်တဲ့။ ကျွန်တော်တို့ ကျင်လည်ရာ ပတ်ဝန်းကျင်ကနေ ရုန်းထွက်ဖို့ကိုတောင် အတော်လေး ကြိုးစားနေရရင် ကြီးမားလှတဲ့ ရည်မှန်းချက်တွေကို ဘယ်လို အဆင့်ဆင့် တည်ဆောက်ကြမှာလဲ။ ကျွန်တော်တို့ ဘယ်လို ပြုပြင်ပြောင်းလဲမှုကို လုပ်ရမလဲဆိုတာ ကိုယ့်ကိုကိုယ်မသိရင် ဘယ်လို ရှေ့ဆက်ကြမလဲ။

(၂)

ကျွန်တော်တို့ လုပ်ငန်းခွင် ဝင်နေကြပါတယ်။ ဒါကို ကျေနပ်ရောင့်ရဲနေကြပါသလား။ တကယ်တော့ လူတွေဟာ တစ်ခုထက်ပိုတဲ့ အရာရာတိုင်းကို မျှော်လင့်တောင့်တနေကြစမြဲပါ။ ကိုယ့်ကိုကိုယ် ပြန်လည်မေးကြည့်ပါ။ ဒီအလုပ်တစ်ခုနဲ့တင် ဘဝတစ်ခုလုံးဟာ ပြီးပြည့်စုံသွားပြီးလားဆိုတာ။ ဘဝတစ်ခုလုံး နှစ်မြုပ်ပေးလောက်ရအောင်လည်း လိုအပ်သလားဆိုတာ။ လူတွေဟာ ရောက်ရှိရာအရပ်မှာတင် ရပ်နေကြမှာ မဟုတ်ဘူးတဲ့။ လူတွေ ခြေစုံရပ်နေရင် ခုလို တိုးတက်တဲ့ ကမာ္ဘကြီးလဲ ဖြစ်လာမှာမဟုတ်ပါဘူး။ တိုးတက်အောင်မြင်မှုဆိုတာ အချိန်နဲ့အမျှ ပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်နေမှသာ လက်ဝယ် ရရှိလာမှာပါ။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် အမှန်တကယ် ပြုပြင်ပြောင်းလဲရဲပြီးလား။ မသေချာသေးဘူး။ လက်ထဲက လွတ်ကျသွားမယ့် ဖန်ခွက်ကလေးတစ်ခွက်လိုပဲ အောင်မြင်မှုကို ဖက်တွယ်ထားတတ်ကြတုန်းပါ။

အောင်မြင်မှုတွေ ကျကွဲသွားမှာ မလိုလားဘူး။ နာမည်တစ်လုံးပျက်သွားမှာ မလိုလားဘူး။ ရာထူးအာဏာ ထိခိုက်မှာ မလိုလားဘူး။ နေရာလေးတစ်ခု ရွှေ့သွားမှာ မလိုလားဘူး။ မလိုလားခြင်းပေါင်းများစွာ ကျွန်တော်တို့ထံမှာ ရှိနေပါတယ်။ ကိုယ့်ဘက်လှည့်လာမယ့် မြှားဦးကို သူတစ်ပါးဘက် လှည့်လိုက်ဖို့လည်း ဝန်မလေးကြဘူး။  ဘယ်သူ သေသေ ငသေမာရင်ပြီးရောဆိုတာလိုမျိုး။ တကယ်တော့ အောင်မြင်မှုကို လူတိုင်းလိုချင်ကြပါတယ်။ ဒါပေမယ့် အောင်မြင်မှုကို ဘယ်လို ကြိုးစားယူရမလဲဆိုတာတော့ မသိကြပါဘူး။ စိတ်ကူးနဲ့ မျောလွင့်နေကြသူတွေရှိတုန်းပါပဲ။ တစ်ချို့ကလည်း လက်တွေ့ကြိုးစား ရယူနေကြတုန်းပဲ။ တစ်ချို့ကလည်း အောင်မြင်မှုတွေကို ဆထက်ထမ်းပိုးလိုချင်လို့ တစိုက်မတ်မတ် လိုက်နေကြတုန်းပဲ။ တကယ်တော့ ကျွန်တော်တို့ဟာ အောင်မြင်မှုကိုလိုချင်တယ်ဆိုပြီး လေဖမ်းဒန်းစီးနေကြတုန်းပါပဲ…။

သော်ဇင်(လွိုင်ကော်)

Date-7th-April-2012

Time-7:59Pm

4 comments

  • Khaing Khaing

    April 11, 2012 at 9:39 pm

    `အောင်မြင်မှုတွေ ကျကွဲသွားမှာ မလိုလားဘူး။ နာမည်တစ်လုံးပျက်သွားမှာ မလိုလားဘူး။ ရာထူးအာဏာ ထိခိုက်မှာ မလိုလားဘူး။ နေရာလေးတစ်ခု ရွှေ့သွားမှာ မလိုလားဘူး။´

    အဲဒါလက်တွေ့ခံစားနေရတာ ကိုယ့်နေရာပျောက်မှာ ထိခိုက်မှာစိုးလို့ သူများကိုနင်းထားတာတွေရှိတဲ့ လေဖန်းဒန်းစီးတဲ့လောကကြီးပါ စိတ်နာပါတယ် ………

    ကိုသော်ဇင်ရေ ဖတ်ရူခံစားသွားပါတယ်နော် ..

    ခင်မင်စွာဖြင့်
    Khaing Khaing

  • TTNU

    April 11, 2012 at 9:48 pm

    ကိုသော်ဇင်ရေ…
    လေဖမ်းဒန်းစီးဖို့ဆိုတာတောင်
    ဒန်းစီးတတ်တဲ့ အရည်အသွေးရှိဦးမှတော်။

  • တီချယ်ပြောတာ မှန်ပါတယ် အကိုရေ။အားပေးသွားတယ်နော်။

    ဒီလိုနဲ့ပဲ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက်ရမယ်ဆိုတဲ့ သဘောတရားအတိုင်းပဲ ပတ်ဝန်းကျင်တွေထဲမှာ
    လည်ပတ်လာခဲ့ကြတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ အောင်မြင်ကျော်ကြားနေတဲ့သူတွေကို အားကျရုံတင်
    အားကျနေခဲ့ပြီး ကျေနပ်နေခဲ့တယ်။ သူတို့တွေ ဘာကြောင့်အောင်မြင်လာရတယ်ဆိုတဲ့ အောင်မြင်မှုရဲ့
    နောက်ကွယ်က လျှို့ဝှက်ချက်တွေကို သိအောင် မဖော်ထုတ်ကြဘူး။ ဒါပေမယ့် သူတို့တွေအောင်မြင်သ
    လိုမျိုးတော့ လိုချင်တတ်ကြတယ်။ သူတို့ရဲ့ စိတ်ကူးစိတ်သမ်းတွေ ဘယ်လို တည်ဆောက်ယူခဲ့ရသလဲဆိုတာ
    တကယ်တမ်းတော့ မသိခဲ့ပါဘူး။

  • zaw min

    April 11, 2012 at 11:55 pm

    ှဆရာသော်…ပေါ်မလာ အတော်ကြာ…
    အောင်မြင်နေတဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေ၊အောင်မြင်ကျော်ကြားသူတွေအားလုံးမှာ တူညီတဲ့ အချက်တစ်ခုတော့ရှိတယ်…သူတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်မရောက်မချင်း ဘယ်တော့မှ ဇွဲ မလျှော့ကြပါဘူး..။မိမိရဲ့ စိတ်ကူးအိမ်မက်ကို အကောင်အထည်ဖေါ်တဲ့နေရာမှာ အိမ်မက်လိုပဲ လွင့်ပျောက်မသွားအောင် ခိုင်မာတဲ့ သတ္တိနဲ့ချည်နှောင်ပြီး၊သေခါမှ လျှော့မယ်ဆိုတဲ့ ဇွဲရှိတဲ့ အားမာန်ရှိဖို့တော့ လိုအပ်ပါသည်။

Leave a Reply