“မျက်တော်ပြေ”

TTNUApril 18, 20121min22318

မျက်တော်ပြေ

ပုဂံကို ဘုရားဖူးသွားရမှာကို ကျမ တော်တော် နှစ်ခြိုက်မိတယ်။ ပုဂံဘုရားတွေအကြားမှာ
ဘုရားဖူးပြီးတာတောင် ထမပြန်ချင်လောက်အောင် အာရုံထဲမှာ စွဲခဲ့မိတယ်။
ပထမဆုံးအခေါက်တုန်းကတော့ သိသမျှ တတ်သမျှလေးနဲ့ ဘုရားတွေဖူးလိုက်၊ ကျောက်စာတွေ ဖတ်လိုက်နဲ့ပေါ့။ နောက်အခေါက်တွေကျတော့ ပုဂံစေတီပုထိုးများသမိုင်းနှင့်
ခရီးသွားလမ်းညွှန်စာအုပ်လေ ဆရာတင်နိုင်တိုးရေးတာ ၊ အဲဒီစာအုပ်လေး လက်ကိုင်
ထားပြီးဘုရား တွေ အတော်အနှံ့ ဖူးဖြစ်သွားပါတယ်။

ဒါနဲ့ သင်္ကြန်မတိုင်မီ ပုဂံကို (၆)ခေါက်မြောက်ရောက်ခဲ့ပါတယ်။ ဒီနောက်ပိုင်း အခေါက်တွေကျ
တော့ ဘုရားအကုန်မရောက်တော့ဘူး၊ စွယ်တော်(၄)ဆူ မွန်းမတည့်မီ ဖူးတာတွေ
ဘာတွေကိုလည်း အရင်ကတည်းက သိပ်အာရုံမရခဲ့တာလေ။ ဒီတော့ ဟိုဘက်ကမ်းကိုလည်း
မကူးတော့ဘူး။ မှန်ပြောင်းနဲ့ လှမ်းဖူးတယ်ပေါ့နော။ မနက်စောစောထပြီး ကန်တော့ပလ္လင်မှာ
တရားထိုင်ဖြစ်ခဲ့ပါတယ်။ အင်မတန်ကို စိတ်အေးချမ်းမှုရခဲ့ပါတယ်။

ဒီတစ်ခါဖူးခဲ့တဲ့ ဘုရားတွေကတော့
ညောင်ဦးနားကစတွက်ရင်…
(၁) ရွှေစည်းခုံစေတီ
(၂) အလိုတော်ပြည့်ဘုရား

ပုဂံဝန်းကျင်ကဆိုရင်…
(၃) ဂေါ ဓောပလ္လင် ( ကန်တော့ပလ္လင် )
(၄) မျက်တော်ပြေ
(၅) တုရင်တောင်စေတီ
(၆) ထီးလိုမင်းလို
(၇) ဓမ္မရံကြီး
(၈) ဗူးဘုရား
(၉) သဗ္ဗညု
(၁၀) အာနန္ဒာဘုရား

ဖွားစောရွာနားကဆိုရင်…
(၁၁) ဓမ္မရာဇိကဘုရား

မင်းနန်သူရွာနားကဆိုရင်…
(၁၂) စူဠာမဏိ
(၁၃) ပြာသာဒ်ကြီး

မြင်းကပါဝန်းကျင်ကဆိုရင်…
(၁၄) မြင်းကပါဂူပြောက်ကြီး
(၁၅) မနူဟာ
(၁၆) မြစေတီ

သီရိပစ္စယာရွာနားကဆိုရင်…
(၁၇) လောကနန္ဒာ
စတဲ့ ဘုရားတွေ ဖူးခဲ့ပါတယ်။

ပြောပြချင်တာကဒီလိုပါ။ ပုဂံဘုရားတွေ မှာ စိတ်ဝင်စားစရာအကြောင်းအရာတွေ အများကြီး
ရှိကြပါတယ်။ ဒီအထဲကမှ ကျမ စိတ်အဝင်စားဆုံး ဘုရားနှစ်ဆူ အကြောင်းပြောပြချင်တာပါ။

ပထမတစ်ဆူက မူလဘွဲ့တော် ကန်တော့ပလ္လင် (ဂေါဓောပလ္လင်)(ဂေါတော့ပလ္လင်) ဖြစ်ပါတယ်။
ပုဂံမြို ့ရဲ ့တောင်ဘက် ကားလမ်းနံဘေးမှာပဲတည်ရှိပါတယ်။ သဗ္ဗညုစေတီနဲ့ နည်းနည်းဆင်ပါတယ်။
ဂူဘုရားဖြစ်ပါတယ်။ အလောင်းစည်သူမင်းလက်ထက်ကမိဘဘိုးဘွားများအားကန်တော့
ရာနေရာမှာ တည်ထားကိုးကွယ်ခဲ့လို့ ကန်တော့ပလ္လင်ရယ်လို့ အမည်တွင်ကြောင်းဆိုပါတယ်။

နရပတိစည်သူမင်း အပြီးမသတ်နိုင်ခဲ့လို့ သားတော် နားတောင်းများမင်းလက်ထက် (၁၂၂၆)
ခုနှစ်မှ သာ ပြီးပြတ်ခဲ့တယ်လို့ မှတ်သားခဲ့ရပါတယ်။ ပြီးတော့ မိမိရဲ ့ ဘိုးဘွားမိဘ ဆွေတွေ
မျိုးတွေ မိကြီးဘကြီးတွေကို စော်ကားမော်ကားပြောမိဆိုမိခဲ့ရင်၊ ကာယကံ ဝစီကံ မနောကံ
ပြစ်မှားကျူးလွန်မိရင်၊ ဒီ ကန်တော့ပလ္လင်ဘုရားကြီးမှာ ဝန်ချ ကန်တော့ တောင်းပန် ရမယ်လို့
သိခဲ့ရပါတယ်။ စိတ်ဝင်စားစရာကောင်းတယ်နော်။

ဒုတိယတစ်ဆူကတော့ မျက်တော်ပြေဘုရားဖြစ်ပါတယ်။ပုဂံမြို ့ဟောင်းမြောက်ဘက်မှာရှိတဲ့
ဗူးဘုရားကိုအသွား လမ်းမှာတည်ထားတာပါ။ ကျန်စစ်သားမင်းရဲ ့ကောင်းမှုဖြစ်ပါတယ်။
ကျောက်စာအဆိုအရကတော့ ကောဇာသက္ကရာဇ် (၄၄၈)ခန့်က ကျန်စစ်သားမင်းအား
ပုန်ကန်သော သက်မင်းကတုုံ ကိုဖမ်းဆီးမိပြီး ကွပ်မျက်မည်ပြုစဉ် ရှင်အရဟံမထေရ်က
ရှေးဘဝက ဆုပန်ဘက်မိတ်ဆွေဟောင်းများဖြစ်ကြောင်း၊ ပန်ကြားချက်အရ
ကျန်စစ်သားမင်းမျက်တော်ပြေ၍ အသက်ချမ်းသာပေးခဲ့သည့် အထိမ်းအမှတ်တည်ထား
ကိုးကွယ်ခဲ့ သဖြင့် မျက်တော်ပြေဘုရားဟုခေါ်တွင်သည် လို့ သိခဲ့ရပါတယ်။
ဒါလည်းစိတ်ဝင်စားစရာကောင်းပါတယ်။ အမျက်တွေပြေကြအောင် ဆုတောင်းကြရမှာပေါ့။

ကျမတို့ ဘဝတစ်လျှောက်လုံးမှာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဟုန်းဟုန်းတောက်
ခဲ့ကြတာ၊ တဏှာ၊မာန၊ ဒိဌိတွေ ခွာချမရလောက်အောင် ကပ်ညိခဲ့ကြတာနော်။ ဒါကို…
သတိတွေ အသိတရားတွေနဲ့ အပြစ်တွေကို ဝန်ချတောင်းပန်ကြရအောင်၊ ထားမိတဲ့ အမျက်
တွေဒေါသတွေ ပြေအောင် ဆုတောင်းကြရအောင်၊ နှစ်ကူးလက်ဆောင်အဖြစ် မေတ္တာပို့သ
နှိုးဆော်လိုက်ရပါတယ်။

18 comments

  • TTNU

    April 18, 2012 at 12:53 pm

    မင်္ဂလာပါ ဂဇက်မိတ်ဆွေတို့ရေ….
    တကယ်တော့ ပုံလေး(၂)ပုံတင်ဖို့ လေးငါးခါ ကြိုးစားပေမဲ့
    အဆင်မပြေတာနဲ့ စာသားလေးတွေနဲ့ပဲ နှုတ်ဆက်လိုက်ပါတယ်။

    Facebook မှာတော့ ပုံတင်ထားပါတယ်။
    အားလုံးနေကောင်းကြပါရဲ ့လား။
    စိတ်ချမ်းသာကြပါရဲ ့လား။

    မေတ္တာပို့သလျှက်
    တီချာနု

  • သမိန်ဂီ့

    April 18, 2012 at 1:06 pm

    မင်္ဂလာပါ ဆြာမကြီး ..

    တားတား ..ပုဂံ သွားရကောင်းမား ..မန်းလေး လာရကောင်းမား
    စဉ်းစားနေတာပါဆြာမကြီး …

    တားတားက ဖိုတိုထရစ်ပ် ၂ညအိပ် ၃ရက်လောက် စဉ်းစားနေလို့ပါဂျ…
    တားတား လာဖြစ်ရင် ဆက်ဆက် လာကန်တော့ပါ့မယ်ဆြာမကြီး …
    (ဟိုဂျေပီလေးလို အပျော်မကြံဘာဘူး … ဂီ ဂိပေးပါတယ်..)

    ခင်တဲ့
    ဂီ

    • TTNU

      April 18, 2012 at 3:05 pm

      မောင်ဂီရေ..
      မင်္ဂလာနှစ်သစ် ပါနော်။
      မောင်ရင့် Comment ကို ဖတ်ပြီး Reply ဖို့မေ့သွားတာ။
      မင်းပြန်လာရင် မန ္တလေးကိုလာပြီး ပုဂံခရီးဆက်ပေါ့။
      ဒါပေမဲ့ မင်းသား ရဲတိုက် ဖောင်ဒေးရှင်းအတွက် ကွင်းဆင်းတယ်
      မှတ်နေကြဦးမယ်နော်။

  • ဆူး

    April 18, 2012 at 1:14 pm

    ဆူး တွေ့တယ် ဖေ့ဘွတ်မှာ..

    လင့်ချိတ်ပြီး တင်ပေးလိုက်ပါ။


    ကန်တော့ပလ္လင်ဘုရားမှာ အပြစ်တွေဝန်ချတောင်းပန်ပါမယ်။

    နောက် လင့်တခုကတော့ လူပုံပါနေလို့ မကြိုက်မှာ စိုးလို့ မထည့်ပေးတော့ဘူး။

    • TTNU

      April 18, 2012 at 1:44 pm

      ဆူးရေ…
      ကျေးဇူးတင်လိုက်တာကွယ်။
      တကယ်ကြီးကိုကျေးဇူးတင်ပါတယ်။
      တီချာ လုပ်ကြည့်တာရွာလည်နေလို့။
      ချစ်ခင်လျှက်
      တီချာနု

  • Khaing Khaing

    April 18, 2012 at 1:28 pm

    တီချယ်နုရေ ……….ပုဂံဘုရားတွေကိုရောက်ဖူးခဲ့တယ် မျက်တော်ပြေဘုရားကိုတော့ မရောက်ခဲ့ရဘူး ….. ဒီတစ်ခေါက်သွားရင်တေ့ာ ဝင်ဖူးလိုက်ပါဦးမယ် ……..

    နှစ်သစ်မှာ တီချယ်ကြီးလည်း ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေလို့ တပည့်ငတုံးမလေး ခိုင်ခိုင် က ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ……..

    ခင်မင်ရင်းနှီးစွာဖြင့်
    Khaing Khaing

    • TTNU

      April 18, 2012 at 2:11 pm

      ခိုင်ခိုင်ရေ…
      ပို့သသောမေတ္တာကြောင့်
      ချမ်းမြေ ့စွာ ကျန်းမာစွာ ရွှင်လန်းလျှက်ရှိနေပါတယ် သမီးရေ။
      ဒီတစ်ခါ ပုဂံရောက်ရင် သွားလိုက်ဦးနော်။
      မေတ္တာဖြင့်
      တီချာနု

  • pooch

    April 18, 2012 at 1:54 pm

    မင်္ဂလာရှိသော နှစ်သစ်ပါတီချယ်။
    ကိုယ်စိတ်နှစ်ပါး ကျန်းမာ ရွှင်လန်း ချမ်းမြေ့ပါစေ။

    အနော်ကတော့ အမျက်တွေလည်း ပြေပါစေ အပြစ်ရှိလည်း ကြေပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    • TTNU

      April 18, 2012 at 2:29 pm

      မင်္ဂလာရှိသော နှစ်သစ်ပါ သမီးရေ..
      ချမ်းမြေ ့တို့အမေ ချမ်းမြေ ့နေပါသတဲ့။ 🙂
      တောင်းဆုများပြည့်ပါစေ။
      သူကြီး ကိုခိုင်ပြောသလို ဆုတောင်းတာမယုံဘူး ဆိုပေမဲ့
      ဒါဆုတောင်းမဟုတ်ဘူးနော်။ စိတ်ကောင်းမေတ္တာပို့ပေးတာ။ 😛

  • alinsett

    April 18, 2012 at 2:12 pm

    ကျွန်တော်လည်း…ပုဂံ.သွားးချင်ပါတယ် ။ အခြေအနေ မပေးသေးဘူး။

    မြန်မာလူမျိုးတစ်ယောက်အနေနဲ ့ ပုဂံက..ရောက် သင့်တယ်…လို ့ မှတ်ပါတယ် ။ သွားဖြစ်အောင် ကြိုးစားဦးမယ် ။

    ဘာသာရေး ဆိုင်ရာ.စာတမ်းလေးတွေ..ဖတ်ရလို ့ ကျေးဇူးပါပဲ.. တီတီနု..။

    • TTNU

      April 18, 2012 at 2:36 pm

      အလင်းစက်ရေ…
      ဟုတ်ပါ့တော်၊ ပုဂံကိုသွားဖြစ်အောင်ကြိုးစားပါ။
      ခရီးသွားတာ သိပ်စရိတ်ထောင်းတယ်ဆိုပေမဲ့
      နောင်ဆိုရင် နှစ်ဆ သုံးဆမက ပိုကုန်တော့မှာ။
      နောင်ဆိုရင် အသက်ကြီးလာပြီးခရီးပန်းတော့မှာ။
      နောင်ဆိုရင် ရှေးဟောင်းဘုရားတွေ ပို၍ပို၍ ပျက်စီးကုန်တော့မှာ။
      ဆိုတော့… Do it now!!!

  • ဗိုက်ကလေး

    April 18, 2012 at 2:31 pm

    နှစ်သစ်မှာ မျက်တော်ပြေနိုင်အောင် ကြိုးစားပါ့မယ် တီချယ်ရေ..
    အားလုံးပဲ..မင်္ဂလာနှစ်သစ်ပါ…ဗျို ့..

    • TTNU

      April 18, 2012 at 2:41 pm

      ဗိုက်ကလေးရဲ ့…
      သူရဲများလာခြောက်သလား။
      တီချာက မင်းရဲ ့ post မှာ မန်းပြီး ဒီဘက်ပြန်လာတော့
      မင်းက နှစ်သစ်မှာ မျက်တော်ပြေနိုင်အောင် ကြိုးစားပါ့မယ် တီချယ်ရေ..
      ဆိုတော့ ငါ့မှာလန့်သွားလိုက်တာ။ 😛

      မင်္ဂလာနှစ်သစ်ပါတော်။

  • aungmyintmyat

    April 18, 2012 at 2:53 pm

    ကျေးဇူးပါ ချယ်ချယ် ခင်ဗျား
    သားတို့ ရွာထဲကို ဘာသာရေးနဲ့ သာဓု ခေါ်လို့ ရအောင် တင်ပေးထားလို့နော်
    သာဓု သာဓု သာဓု ပါ ချယ်ချယ် (ဟီးဟီး သုံးခွန်း ပြည့်တယ်နော် ချယ်ချယ်)
    နောက်ပြီး ဆူးကိုလည်း ကျေးဇူးတင်ပါတယ် ချယ်အတွက်ရော ကျွန်တော်တို့ အတွက်ရော ပုံလေးကို သေချာ တင်ပေးလို့ပါနော်…………………………………………..အောင်မြင့်မြတ်

    • kai

      April 19, 2012 at 4:41 am

      အဲဒါ.. နာလုပ်ပေးတာဟဲ့.. နာလုပ်တာ… 😕

  • ဦးဦးပါလေရာ

    April 19, 2012 at 12:06 am

    ဒီပိုစ့်လေးဖတ်ရတာ ရင်ထဲအေးချမ်းသွားပါတယ် တီချာရေ-
    တီချာ ပို့သတဲ့ မေတ္တာကိုလဲ ဝမ်းမြောက်ရွှင်လန်းစွာခံယူပါတယ်။
    တီချာလဲ ပျော်ရွှင်ချမ်းမြေ့ပါစေ လို့ မေတ္တာပို့သအပ်ပါတယ်ဗျာ…။

  • ကြောင်ကြီး

    April 19, 2012 at 8:21 am

    မိမိရဲ ့ ဘိုးဘွားမိဘ ဆွေတွေ
    မျိုးတွေ မိကြီးဘကြီးတွေကို စော်ကားမော်ကားပြောမိဆိုမိခဲ့ရင်၊ ကာယကံ ဝစီကံ မနောကံ
    ပြစ်မှားကျူးလွန်မိရင်၊ ဒီ ကန်တော့ပလ္လင်ဘုရားကြီးမှာ ဝန်ချ ကန်တော့ တောင်းပန် ရမယ်လို့
    သိခဲ့ရပါတယ်။ စိတ်ဝင်စားစရာကောင်းတယ်နော်။………………..
    တီချယ်ကြီးရေ အဲလိုဆို သဂျီးကို ကန်တော့ပလ္လင်ဘုရားမှာ ဖိုးသူတော်ဝတ် အစောင့်လုပ်ခိုင်းရမယ်ထင်ဒယ်။ ဒါလည်းဖြစ်သေးဘာဘူး.. တော်ကြာနေ ဘုရားလူဂျီးတက်ဖြစ်သွားမှ အဲဒီဘုရားကို လူဂျီးတွေက သူတို့ကိုဝေဖန်တဲ့ လူငယ်တွေကို ရှိခိုးဦးချတဲ့ အထိမ်းအမှတ်လို့ ဂပြောင်းဂပြန်ပြောနေအုံးမယ်..။ အတော်ဆိုးဒဲ့လူဂျီး 🙁

  • TTNU

    April 19, 2012 at 10:08 am

    အောင်မြင့်မြတ်ရေ..
    ဟုတ်ပါ့နော်။ တီချာလည်း ဆူးကိုကျေးဇူးအရမ်းတင်နေတာ။
    သူတို့တွေ သိပ်တော်တာပဲနော်။
    တီချာ ပုံတင်ကြည့်နေတာ ရ ကိုမရဘူး။ ကိုပေါက် ပြင်ဦးလွင်ကပြန်လာမှ
    သင်ပေးခိုင်းရဦးမယ်။

    ကိုခိုင်ရေ…
    ကျေးဇူး တစ်သိန်းနော်။

    ဦးပါရေ…
    ပို့သသောမေတ္တာကြောင့် ကျန်းမာချမ်းမြေ ့လျှက်ရှိကြောင်းပါနော်။

    ကိုကြီးကြောင်ရေ…
    တီချာထင်တာ ဒီသူကြီးဆိုတဲ့ ပုဂ္ဂိုလ်က
    ဒီအတွေးအခေါ်တွေရအောင် မနည်းကြီးလေ့ကျင့်ထားပုံပေါ်တယ်။
    သူ့ရူပါကအဖြောင့်နော်၊ ရုပ်ရည် ကြည်လင်တယ်။
    ဒီလို ညစ်ပုတ်ကပ်ကျယ်အတွေးရှိတဲ့ရုပ် မဟုတ်ဘူး။ 🙄

Leave a Reply