မေ့ပျောက်ခြင်းများ


 

မနေ့က သူ့ဆီကို မိန်းမ တစ်ယောက်လာတယ်။ ဒါပေမယ့် အဲဒီမိန်းမကို သူမသိပါဘူး။ အဲဒီမိန်းမကတော့ သူ့ကို ရင်းနှီးလွန်းနေတယ်။ စကားတွေပြောလိုက်တာများ ရေပက်လို့မဝင်ဘူး။ တစ်ခွန်းပြောလိုက် ရယ်လိုက်။ သူမရဲ့ဟန်က လွင့်နေတယ်။ နောက် သစ်လွင်တောက်ပလို့။ သူက သူစိမ်းမိန်းမတစ်ယောက်က သူ့ထံ အိမ်မှားပြီးလာရောက် စကားပြောတယ်လို့ထင်နေတယ်။ ဒါလည်း မဟုတ်ပြန်ဘူး။ သူမက သူ့ကို တော်တော်ကြီးကို သိနေသလိုမျိုး။ လွန်ခဲ့တဲ့ နှစ်အတော်များများဆီက ခင်မင်ခဲ့သလိုမျိုး။ ခုမှ ပြန်လည်တွေ့ဆုံရလို့ ဝမ်းသာ အဲလည်း ဖြစ်နေပုံမျိုး။

သူက မအီမလယ်ကြီးနဲ့ သူမပြောသမျှ အင်းလုပ်လိုက် အဲလုပ်လိုက်။ နောက် ကိုယ့်ကိုကိုယ်  လိပ်ပြာမလုံသလို ခံစားရပြန်ရော။ ခက်တယ်..။ သူမကို သူ မသိကြောင်းဘယ်လိုပြောရမလဲ။ သူမပြောတဲ့ သူ့အကြောင်းတွေကလည်း အတော်များများ မှန်နေတယ်။ သူ့အကြောင်းတွေကိုများ ခရေစေ့တွင်းကျလိုက်လံ စုံစမ်းထားလေသလား။ဒါဆို သူက ဘာမို့လို့လဲ။ အောင်မြင်ကျော်ကြားနေတဲ့ လူတစ်ယောက်လည်း မဟုတ်ဘူး။

“ရှင်မရောက်လာတာ တော်တော်ကြာပြီနော်..ရှင့်မလဲ နေနိုင်လိုက်တာရှင်“

“ဟုတ်ကဲ့ အလုပ်တွေမအားလို့ပါ“

“ဘာ ဟုတ်ကဲ့လဲ ကြည့် သူစိမ်းတွေ ဆန်နေပြန်ပါပြီ.. ဘာလဲ ရှင် အသစ်တွေ့နေပြီလား“

“ဗျာ“

“ရော် ရှင် ဘာအူကြောင်ကြောင်လုပ်နေတာလဲ ။တကယ်ပဲ ဒီက အဝေးကြီးကလာရတာကို ရှင်မပျော်ဘူးလား။“

“ပျော် ပျော်ပါတယ်“

“ရှင်ပုံက မြတ်ကို မသိတဲ့ပုံကြီး။ “

“ကျွန်တော် တစ်ခုလောက်ဖြတ်ပြောပါရစေ“

“လုပ်ပြီ ဘာကျွန်တော်လဲ။ မြတ် စိတ်မရှည်တော့ဘူးနော် ။ ပြောစရာရှိတာ ပြော။“

“ဟိုလေ…အမှန်အတိုင်းပြောရရင် ကျွန်တော် ခင်ဗျားကို မသိဘူး“

“ရှင်“

“ဟုတ်တယ် ခင်ဗျား စကားတွေ မရပ်မနားပြောနေလို့တာ အားနာနာနဲ့ ရေလိုက် ငါးလိုက်လိုက်ပြောနေတာ။ ခင်ဗျားနဲ့ ကျွန်တော် သိခဲ့ဖူးလို့လား“

“ ဟောတော့…ကိုထူးအောင် ရှင် ရူးနေသလား။“

သူ ခေါင်းတွေကို တဗျင်းဗျင်းနဲ့ ကုတ်လိုက်တယ်။ စိတ်တွေလည်း ရှုပ်နေပြီ။

“ ဒီမယ် ကျွန်မက ရှင့်အတွက် ဘာဆိုတာတောင် ရှင်မေ့နေပြီဆိုတော့ ပြန်တာပဲကောင်းတယ်။ တကယ်ပဲ ဦးနှောက်မှ ကောင်းသေးရဲ့လားမသိဘူး။ “

ထိုနေ့က သူမ ဘောက်ဆတ်ဘောက်ဆတ်ဖြင့်ပြန်သွားတယ်။ သူက သူမနောက်ကျောကိုငေးမောရင် အူလည်လည်နဲ့ကျန်ခဲ့တယ်။ သူမပြောသမျှတွေ အကုန်မှန်တယ်။ နာမည်ကအစ မလွဲဘူး။ ဒါဆို လွဲနေတာ ဘာလဲ။

 

မေ့ပျောက်ခြင်း(၁)

          ကျောင်းထဲမှာ တစ်ယောက်တည်း။ လက်ဖက်ရည် ချိုကျကို အရသာခံပြီး တစိမ့်စိမ့် ကျိုက်နေလိုက်တယ်.။ ပြီးတော့ ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး တစ်ဖွာပြီး တစ်ဖွာ ရှိုက်နေမိပြန်ရော။ ဖတ်လက်စ စာအုပ်ကလည်း ကောင်းနေတယ်။ ဒီနေ့ ကျောင်းထဲမှာ လူနည်းနည်းှရှင်းနေသလိုပဲ။

စာအုပ်ထဲမှာ သူ မျောလွင့်နေတယ်။ ဇာတ်ကောင်များနောက်မှာ သူက ရဲဝံ့စွာ လိုက်ပါသွားတတ်ပြန်တယ်..။ သူရဲကောင်း တစ်ယောက် ဖြစ်ချင်ဖြစ်နေတတ်တယ်။ ဗီလိန် ဆန်ချင် ဆန်နေတတ်ပြန်ရော။ သူ ပုံဖော်ထားတဲ့ မင်းသား မင်းသမီးများကို စိတ်ကြိုက်ဖြစ်ချင်ဖြစ်နေတတ်ပြန်ရော။

“ ဟေ့ကောင် ထူးအောင်“

“ဟမ်…“

သူမော့ကြီးတော့ စပ်ဖြီးဖြီး မျက်နှာကြီးနဲ့သူ့ကို စီးမိုးကြည့်လို့။ ဘယ်က ငနာတစ်ကောင်လဲလို့ သူ ရှုတည်တည်ကြီး ပြန်ကြည့်လိုက်တယ်။

“ မင်းတစ်ယောက်တည်းလား ဟေ့ ဒီမှာ ချိုဆိမ့်တစ်ခွက်…ပလာတာ တစ်ပွဲ…ဟေ မင်းတစ်ယောက်တည်းလားလို့ မင်းကျော်တို့ ရဲလွင်တို့ရော…ပေးစမ်းပါ ဆေးလိပ်တစ်လိပ်လောက် ခံတွင်းတွေ ချဉ်နေလို့“

ဒီကောင် နာချင်မွေးတွေ ထောင်ချင်နေပြီထင်တယ်။ လက်ကတော့ ဆေးလိပ်ခွက်ကို တွန်းပေးလိုက်တယ်။ ပြီးတော့

“နေပါဦး မင်းက ငါ့ကိုသိလို့လား…“

“ဖူး  ဖလူး..ဖလူး……ဟမ်း….ဘာ..ဘာ ဘာရယ်…ခွီး..ဟီးဟီး“

သောက်လက်စ လက်ဖက်ရည်တွေ သီးသွားအောင် ထို လူက ရယ်တယ်။ ဘယ်လို ငနာ ဘာလိမ့်။

“ ငါ့ကို သိလို့လားလို့မေးနေတာကွ..ကြောင်တောင်တောင် ငနဲမဟုတ်ရင်တော့ ခုပဲ ဟိုဘက်ဝိုင်းကိုရွှေ့လိုက်တော့ ကိုယ့်လူ…“

“ ဟေ..ထူးအောင် မင်းဘယ်လိုဖြစ်နေတာလဲ..ဟားဟား..ဟား… ဒီနေ့တော့ မင်းရဲ့ ဟာသကို ငါကြိုက်သွားပြီး..ငါ့အတွက် ဒီနေ့ မင်း ထူးဆန်းထွေလာပဲ ..။ကဲ ဒီဝိုင်းကို ငါရှင်းလိုက်မယ်ကွာ..ဆက်လုပ်ပါဦး..။ မင်းရဲ့ ဟာသလေ တစ်ပုဒ်လောက်“

“ဒီမှာ ကိုယ့်လူ ကိုယ်လူ ဘယ်သူလဲ ငါ မသိဘူး။ ငါသိတာ ငါ့ကို ငါပဲ..။ နာမည်လေး သိရုံလောက်နဲ့ စကားရော ဖွဲရောပြီး လူလည် လာမလုပ်နဲ့..။ သေချာတာတော့ မင်းနဲ့ ငါ မသိခဲ့ဖူးဘူး..။ ကဲ နားလည်တယ်မလား။“

သူ အဲဒီလိုပြောတော့ ငနဲက သူ့ကို ပြူးတူးတူးနဲ့ကြည့်တယ်။ ပြီးတော့ ဝါးလုံးကွဲ ရယ်ပြန်ပါလေရော။ တစ်ခြား ဝိုင်းတွေကပါ ကြည့်လာလို့ သူ ရှက်ရှက်နဲ့ ဝိုင်းက ထထွက်လာမိတယ်။ ငနဲက မျက်ရည်တွေတောင်ထွက်လို့။ လက်နှစ်ဖက်က ဗိုက်ပေါ်ကိုဖိပြီး အားရပါးရကြီးကို ရယ်နေတော့တာ။

သူ အဲဒီလူကို မသိဘူးဆိုတာ ရယ်စရာလား။ ခပ်လှန်းလှန်းရောက်တော့မှ သတိရတယ်။ လက်ဘက်ရည်ဖိုးနဲ့ ဆေးလိပ်ဖိုးတောင် မရှင်းခဲ့ရဘူး။

 

မေ့ပျောက်ခြင်း(၂)

          စာအုပ်ဆိုင်မှာ လိုချင်တဲ့ စာအုပ်ကိုရွေးနေမိတာ ကြာပြီ။ အကြိုက်မတွေ့သေးလို့ အမြည်းသဘောအနေနဲ့ တစ်အုပ်ပြီးတစ်အုပ် လှန်လောဖတ်နေမိတယ်။

“ဟာ မောင်ထူးအောင်“

သူကြည့်လိုက်တော့ မျက်မှန် ပါဝါထူထူကြီးနဲ့ ဦးလေးကြီးတစ်ယောက်။ အသားက ခပ်ဖြူဖြူ။ အရပ်ကလည်း ထောင်ထောင်မောင်းမောင်း။ သူ့ကိုကြည့်ပြီး ပြုံးလို့။

ခေါ်တာတော့ သူ့ကို ခေါ်တာပဲ။ တစ်ဆိုင်လုံးမှာလည်း သူနဲ့ အရောင်းစာရေးမလေးတွေပဲရှိတာ။ နာမည်ရှေ့က မောင်ထည့်ထားကတည်းက ကျားသတ္တဝါကိုခေါ်တာ။ သူကလွဲလို့ ဘယ်သူမှမရှိလောက်ဘူး။

“ဟားဟား မောင်ထူးအောင်ကတော့ ဆရာ့ကိုတောင် မမှတ်မိတော့ဘူးလား.ဆရာ ဦးကြည်ခင်လေ.. “

“ ဟုတ်..ဟုတ်ကဲ့“

သူ့ ဦးနှောက်ကတော့ အပြေးအလွှား စဉ်းစားခန်းဖွင့်လို့နေတယ်။ ဆရာဦးကြည်ခင်တဲ့။ တစ်ခါမှ မကြားဖူးဘူး။ ဒီဆရာ့ကြည့်ရတာ သူ့ကိုတော့ ရင်းရင်းနှီးနှီး သိနေတဲ့ပုံ။

“ မင်း အခု ဘာမေဂျာယူထားတာလဲ..ဒေးလား အဝေးသင်လား“

“ ဒေးပါပဲ ဆရာ မေဂျာကတော့ သမိုင်းပါ..ကျွန်တော်တစ်ခုလောက်မေးလို့ရမလား ဆရာ“

“ ဟော်ဟော် မင်းကတော့လုပ်ပြီး ရောက်တဲ့နေရာ တစ်ခုလောက်မှ မမေးရရင် မနေနိုင်ဘူးထင်တယ်..။ကဲ မေး…ဘာသိချင်တာလဲ“

“ဟိုလေ ဆရာနဲ့ ကျွန်တော် ဘယ်မှာ သိခဲ့တာလဲ မသိဘူး“

“ဟေ….“

ထိုဆရာ အဲဒီနေက ခေါင်းတော်တော် ရှုပ်သွားလောက်တယ်။ သူ့ကိုလည်း ခြေဆုံးခေါင်းဆုံးကြည့်လို့။ ပါးစပ်ကလည်း..

“ မောင်ထူးအောင်မှ မောင်ထူးအောင်ပါပဲ…“

ဆိုတဲ့ နာမည်တစ်လုံးကိုပဲ ရွတ်သွားတယ်။ အဲဒီနေ့က ဘာစာအုပ်မှ သူမရလိုက်ပါဘူး..။

 

မေ့ပျောက်ခြင်း(၃)

        “ တူလေး….ဟဲ့ ငထူး…ဪ ထူးအောင်“

သူလှည့်ကြည့်တော့ အသက်လေးဆယ်လောက်ရှိမယ့် မိန်းမတစ်ယောက်။ ပစ္စည်းတွေ မနိုင်မနင်းနဲ့ သူ့ကို ခေါ်နေတယ်။

“ကျွန်တော့်ကိုခေါ်တာလား အန်တီ“

ထို မိန်းမကြီးက သူ့ကို မျက်မှောင်ကြီးကျူတ်ပြီးကြည့်တယ်။ ပါးစပ်ကလည်း တစ်ခြမ်းရွဲ့ပြလိုက်သေးတယ်။

“ငထူး မင်း ဘာအူကြောင်ကြောင်လုပ်တာလဲ လာခဲ့..။ ဒီ ပစ္စည်းတွေ လာကူသယ်လှည့်။“

“ဗျာ…ပစ္စည်းတွေ ကူသယ်ပေးရမယ့်။ ဟုတ်လား။ ဟိုဈေးထောင့်မှာ အထမ်းသမားတွေရှိတာပဲ ။ လှမ်းခေါ်လိုက်ပါလား..။“

“ ဘာရယ် ငထူး..မင်းနော် ဈေးထဲမှာမို့ မင်းသက်သာမယ်မှတ်။ သူတို့ကို ငှားတော့ ပိုက်ဆံကုန်တာပေါ့။ ရော့ လက်ဆွဲခြင်း..ပြီးရင် မရင် ဆိုင်က ဂျပ်ဖာတစ်ဖာသွားသယ်လာခဲ့။ တကယ်ပဲ အရူး“

သူ မအီမသာနဲ့ ပြောသလို လုပ်လိုက်ရတယ်။ မြင်းလှည်းဂိတ်ကိုရောက်မှ သူမေးရဦးမယ်။ ခုသလော သူ မသိတဲ့ လူများကို တစ်ယောက်ပြီးတစ်ယောက်တွေ့နေရတယ်။ ထူးခြားတာက သူက မသိပဲ သူ့ကို သိနေတာကိုပဲ..။

“ ကဲ အန်တီ..လူကြီးကို ကူညီရလို့ ကုသိုလ်ရတယ်လို့ သတ်မှတ်လိုက်မယ်..ဒါပေမယ့် ကျွန်တော် သိချင်တာတစ်ခုက အန်တီ ကျွန်တော်နဲ့ အတော်လေး ရင်းနှီးခဲ့ဖူးသလားဆိုတာပဲ“

“ဘာရယ်..သောက်ကောင်လေး ရူးနေလား မင်းက ငါ့တူ အရင်းခေါက်ခေါက်ဟဲ့ သေနာလေးရဲ့ နာမည်က မောင်ထူးအောင်ပါတဲ့…တကယ်ပဲ အစ်မလည်း ဘယ်လို အရူးလေး မွေးလာသလဲမသိဘူး ရော့ မင်း လက်ဘက်ရည်သောက်ဖို့ မုန့်ဖိုး။ ညကျမှ  အစ်မဆီလာပြီး တိုင်ပြောရဦးမယ် ဘယ်နှယ့် ကိုယ့်အဒေါ်တစ်ယောက်ကိုများ မသိချင်သလိုလို သိချင်သလိုလို ခေတ်ကာလ လူငယ်တွေများ အူတိ အူကြောင်နဲ့ မောင်း မြင်းလှည်းဆရာရေ…“

သူ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်တယ်။ လက်ထဲမှာတော့ တစ်ထောင်တန် အသပြာလေး တစ်ရွက်…။

မေ့ပျောက်ခြင်းအဆုံး

          တစ်ယောက်တည်းနေရတဲ့ အရသာဆိုတာ ဘယ်လောက်ထိ မြိန်သလဲ ခံစားကြည့်ဖူးလား။ သူ့ကိုပဲကြည့် စိတ်တွေ လွတ်လပ်လိုက်ခြင်း။ အခန်းထဲမှာ သီချင်းလေးတစ်ပုဒ်ကို ခပ်တိုးတိုးလေးဖွင့်ပြီး အလိုက်သင့် လိုက်ညည်းမယ်။ အာခြောက်လာရင် ကော်ဖီလေးတစ်ခွက်ဖျော်သောက်လိုက်မယ်။ ခံတွင်းချဉ်ရင် စီးကရက်ကလေး ခဲလိုက်ရုံပဲ။

စာအုပ်တစ်အုပ်ကို သည်းကြီး မည်းကြီးဖတ်နေတဲ့အချိန်မှာ သူ့အခန်းကို တံခါးလာခေါက်တယ်။ သူ့ဖွင့်ပေးလိုက်တဲ့အခါ ပြုံးနေတဲ့ မျက်နှာတစ်ခု။ သူ အဲဒီမျက်နှာကို မြင်ဖူးတယ်။ ဒါပေမယ့် နုတ်ဆက်ဖို့ မလိုဘူးထင်တယ်။

တစ်ခါတစ်ရံမှာ လူတွေနဲ့မသိတာက ပိုကောင်းမယ်။ ဘာကြောင့်ဆို လူတွေက သိပ်စကားများတာ။ သိချင်ဇောတွေ၊ တတ်ချင်ဇောတွေက အပြည့်ပဲ။ အမှောင်ဖုံးနေတဲ့ သူ့တို့ စိတ်တွေမှာလည်း တစ်စက်ကလေးမှ ဖြူစင်တဲ့ စိတ်ကိုမတွေ့ရဘူး။ နောက် လက်စားချေလိုမှုတွေ၊ နာကျည်းမှုတွေ၊ မုန်းတီးမှုတွေကလည်း သူတို့အသက်နဲ့ ထပ်တူ ထပ်မျှရှိချင်ရှိတတ်ကြတာ။ ဒါကြောင့်ပဲ သူ လူတွေနဲ့ဝေးခဲ့တယ်။

ခုရှေ့က လူကလည်း အဲဒီလူတွေထဲက တစ်ယောက်ပဲ။

“ သား ကျောင်းမသွားသေးဘူးလား ၊ မသွားသေးရင် အောက်ထပ်ကိုဆင်းခဲ့ဦး ဖေဖေ စောင့်နေမယ်။ ပြောစရာရှိလို့“

လုပ်ပြီ။ ပြောစရာရှိလို့ဆိုပြီး မဆုံးနိုင်တဲ့ ဆုံးမစကားတွေနဲ့အတူ သူ နားပူရပါဦးမယ်။ ဆုံးမ စကားဆိုတာထက် သူတို့လိုချင်ရာကို ဇောင်းပေးပြီး အတင်းကာရော လိုက်လုပ်ခိုင်းနေတာတွေပေါ့။ သူက ပြန်လည်း မပြောတော့သလို နားလည်းမထောင်တော့ဘူး။ ဆိတ်ဆိတ်နေခြင်းရဲ့ နောက်က လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ သဘောနဲ့ စကားဝိုင်းကနေ ထွက်လာခဲ့တာချည်းပါပဲ။

သူ ဧည့်ခန်းထဲကိုရောက်တော့

“သား မင်းနေကောင်းရဲ့လား“လို့မေးတယ်။ ဒေါင်ဒေါင်မြည် ကောင်းမွန်နေတဲ့ လူတစ်ယောက်ကို နေကောင်းပါရဲ့လားလို့ သူကမေးနေတယ်။

“ကောင်းတယ်…။ဒါပေမယ့် နေတိုင်းမဟုတ်ဘူး။“

“အေး မင်းမေမေလည်း ခဏနေ လာတော့မယ်၊ မင်းကိုလာတိုင်နေကြတဲ့သူတွေများနေတယ်နော် သား။“

“ဘာကိုလာတိုင်ကြတာလဲ “

သူ့မျက်နှာကိုကြည့်ပြီး ပြောရကောင်းမလား မပြောရင်ကောင်းမလားလို့ ချိတုံချတုံဖြစ်နေသလိုမျိုး။ ပြီးတော့ သူ့ကို တည့်တည့်ကြီးတယ်။

“မင်းရဲ့ အူကြောင်ကြောင်လုပ်ရပ်တွေကိုရပ်လိုက်တော့ သား။ “

“ဗျာ“

“ မဗျာနဲ့ မင်းဘာအဓိပ္ပါယ်နဲ့ ဒီလို လုပ်ရပ်တွေကိုလုပ်နေတာလဲလို့ ဖေဖေ မမေးတော့ဘူး။ ဒါပေမယ့်ရပ်တန်းက ရပ်ဖို့တော့ ဖေဖေပြောရလိမ့်မယ်။“

အဲဒီလို အမိန့်ဆန်တာတွေကို သူ မနှစ်သက်တာ။

“ ကျွန်တော်ဘာတွေလုပ်မိလို့လဲ“

“ကျွတ် မင်း မြတ်နိုးကို မသိဘူးဆိုတာကဘာလဲ၊ နောက် ထူးလွင်၊ ဆရာ ကိုကြည်ခင်၊ နောက် မင်းအန်တီ ခင်လေး သူတို့ကို မင်း မသိဘူးဆိုက နောက်တာလား၊ အတည်လား၊ မင်းမသိတော့တဲ့ လူတွေထဲမှာ ငါတို့ရော ပါလား မင်း အဲဒါဖြေ“

သူ မသိတဲ့ လူတွေရဲ့နာမည်တွေကို ရွတ်ပြတယ်။ တကယ်ပဲ သူမသိပါဘူး။

မြတ်နိုးတဲ့ ။

ပထမဆုံးတွေ့တဲ့ သွက်သွက်လက်လက်နဲ့ မိန်းကလေး။ မိန်းမတွေကို သူကြည့်ရတာ မျက်စိရှုပ်နေခဲ့တယ်။ ဖြစ်နိုင်ရင် မပတ်သက်ချင်တော့ဘူး။ ဒါကြောင့်လည်း မိန်းကလေး သူငယ်ချင်းမထားခဲ့တာပေါ့။ သူ့အနားမှာ လှတ ပတ မိန်းကလေးတွေဆိုတာ တစ်ယောက်မှကိုမရှိတာပါ။ အဲဒီလိုပဲ ချစ်သူဆိုတာလည်း အချိန်ပေးရမှုတွေ၊ အလိုလိုက်ရမှုတွေ၊ သည်းခံမှုတွေကိုရင်းယူမှ ရတယ်လို့ထင်တယ်။

အချစ်ဆိုတာ ပေးဆပ်နိုင်လွန်းမှသာ တန်ပြန်သက်ရောက်မှုရဲ့အရသာကို ခံစားရတာပါ။ ဒါတောင် ငါးဆယ်ရာခိုင်နှုန်း ဘိုင် ငါးဆယ်ရာခိုင်နှုန်းပါပဲ။ ချစ်လျှက်နဲ့ဝေးတယ်။ ပေးဆပ်ခဲ့သလောက် ရယူပိုင်ဆိုင်မှုဟာ အမုန်းကများတယ်။ နှုတ်ခမ်းပါးပါးလေးထက်က အနမ်းတစ်ခုမှ ယစ်မူးနေခဲ့ရင်တော့ သေချာတယ် အဲဒါ အိပ်မက်ပါပဲ။

သူပေးခဲ့တာက မြတ်နိုးမှုတွေ၊ ယုယမှု၊ ကြင်နာမှု။အဲဒါတွေနဲ့ဆန့်ကျင်စွာပဲ သူပြန်ရလိုက်တာက ကောက်ကျစ်မှု ၊ မနာလိုမှု၊ နောက် အဆုံးအစမရှိတဲ့…….အမှုကိစ္စပေါင်းများစွာ။ ဒါဟာ သူ မသိလိုက်ခြင်းရဲ့ အကြောင်းလေးတွေပါပဲ။

ထူးလွင်တဲ့..။

သူငယ်ချင်းဆိုတဲ့အတိုင်းအတာမှ အပြန်အလှန် နားလည်မှုနဲ့ ကိုယ်ချင်းစာတရားတွေ မပါဝင်တော့ဘူးလားလို့ သူမေးချင်ပါတယ်။

အဖြူထည် သက်သက်ဆိုတာ မိတ်ဆွေ သူငယ်ချင်းလောကမှာ ရှိပါတယ်။ ဒါပေမယ့် အဖြူရဲ့နောက်က အောက်ခံအရောင်ဟာ ရောစပ်ထားတဲ့ အခြားအရောင် တစ်ခုခုဖြစ်နေခဲ့ရင်တော့ ..။

ဒီလိုပါပဲ သူငယ်ချင်းဆိုတာ အပြန်အလှန်အရောင်ခြယ်ကြတယ်။ လွတ်လပ် ပွင့်လင်းကြတယ်။ အိပ်မက်တွေ ဖလှယ်ခဲ့ကြတယ်။ ဖေးကူခဲ့ကြတယ်။ နောက်တော့ ….အိပ်မက်တွေ တူလာတဲ့အခါ။ ရွေးချယ်မှု အရောင်တွေ တူညီလာတဲ့အခါ ကိုယ်ကိုင်စွဲထားတဲ့ အရာတွေကို ပစ်ချပြီး တစ်ဖက်သားနဲ့အတူ စည်းချင်းထိုးလာတာဟာ မိတ်ဆွေကောင်းတွေရဲ့လုပ်ရပ်လား။

မေ့ပျောက်မှ နောက်ကျောကို ဓါးနဲ့ထိုးတာထက် ရှေ့တည့်တည့်က ဓါးနဲ့ထိုးတာကို သူ လိုလားခဲ့တာ။ မုန့်အတူစားလို့ လုစားရင် ကြည်ဖြူနိုင်ကြပေမယ့် ပန်းတိုင်တစ်ခုတည်းကို အတူတူသွားရတဲ့အခါမှာတော့ ခြေထိုးပြီး အလဲထိုးခံလိုက်ရတယ်။

မရှိမှ တမ်းတတာ ထက် ရှိတုန်းမှာ လက်တွဲလိုက်ပါ။ မေ့ပျောက်လို့ထားရမယ့် အရာတွေထဲမှာ သူငယ်ချင်းဆိုတဲ့ ခင်မင်ပတ်သတ်မှုကိုတော့ မချန်ထားရစ်သင့်ဘူးပေါ့။ ဒါဟာလဲ သူ မသိလိုက်ခြင်းရဲ့ အကြောင်းလေး တစ်ခုပေါ့။

ဆရာ ဦးကြည်ခင်..။

မိဘနဲ့ တကိုင်းထဲထားရမယ့် မြတ်ဆရာ တစ်ယောက်ပါ။ ပြောရရင်တော့ အနန္တ ကျေးဇူးရှင် တစ်ယောက်ပေါ့။ လူတွေဟာ တစ်ခါတစ်ရံမှာ သူတို့ဖြစ်စေချင်တာကို တစ်ဖက်သားက လိုက်လုပ်ပေးစေချင်တတ်ကြတယ်ဆိုတာ မှန်မလားပဲ။ လောကမှ ဖြစ်ချင်တိုင်းမဖြစ်ရသလို၊ မဖြစ်ချင်တာကို ဖြစ်ရတာလည်း ဒုနဲ့ဒေး ရှိကြတာပဲ။ သူတို့ လမ်းကြောင်းပေးတဲ့ လမ်းမထက်ကနေ တောကြိုအုံကြားလမ်းဘေးကို ချော်ထွက်ကြည့် စေတနာနဲ့မထိုက်တန်တူလို့ အလွယ်လေး သတ်မှတ်လိုက်ကြရော။

ဖြစ်စေချင်တဲ့ စေတနာဇောတစ်ခုဟာ တစ်ဖက်သားရဲ့  စိတ်ကို ဖိနှိပ်ရာရောက်တယ်ဆိုတာ တစ်ခါမှ မတွေးဖူးကြဘူး။ ဒီလိုပါပဲ…သူက ရိုးရိုးလမ်းစဉ်းကိုရွေးချယ်တယ်။ ဆရာက မြင့်မားတော တောင်တစ်ခုကို တက်စေချင်တယ်။ လမ်းတစ်ဝက်မှာ ခြေကုန် လက်ပမ်းကျပြီး ခွေးကျ ဝက်ကျ ကျသွားမှာကိုတော့ မသိတာလား။ မသိချင်ယောင်ဆောင်တာလား..။ ဒီလိုနဲ့ပဲ တဖြည်းဖြည်း မေ့ပျောက်လာခဲ့ပါတယ်။

အဒေါ်တဲ့..။

အပြောလေးချိုရင် ရုပ်ဘယ်လောက်ဆိုးနေပါစေ လူတိုင်း အဲဒီလူကို ခင်တတ်ကြပါတယ်။ သူ့မှာ တစ်ဦးတည်းသော အဒေါ်တစ်ယောက်ရှိတယ်။ ဒါပေမယ့် အလို လောဘတွေနဲ့ အမြဲပြည့်နေတတ်တယ်။

အမြတ်အစွန်းမရရင် ဘာမှမလုပ်ဘူးဆိုတဲ့ သူမ မှာ ဘယ်အရာကိုမဆို အလကားပေးချင်နေတတ်တဲ့ တူတစ်ယောက်ရှိခဲ့တယ်။လူတစ်ယောက်ကို အသုံးချတော့မယ်ဆိုရင် အဲဒီလူရဲ့အကြောင်းကို အရင်ဆုံး သိအောင်လုပ်ပါလို့ သူကြားဖူးတယ်။ သူ့အကြောင်းကို မသိပါပဲ သူ့ကို အသုံးချဖို့ကြိုးစားတာကိုတော့ သူ မုန်းမိပါတယ်။

တစ်ခါတစ်လေမှာ ရယ်နေတတ်ပြီး၊ တစ်ခါတစ်ရံမှာ ငိုနေတတ်တဲ့ သူမက စိတ်အပြောင်းအလဲ မြန်တယ်ဆိုတာတော့ ပြောစရာမလိုတော့။ အလိုရှိမှ ဆွေမျိူးတော်တာထက်၊ အလိုမရှိခင်မှာပဲ သူ မေ့သွားမိပြန်ပါတယ်..။

တစ်ခါတစ်လေမှာ အရာရာကို မေ့ဖျောက်ထားလိုက်တာက စိတ်ချမ်းသာမှုကိုပေးတယ်။ ဘယ်သူ့ကိုမှ မသိသလိုနေလိုက်ခြင်းက ဘယ်သူကမှ သူ့ကို သိစရာမလိုတော့ဘူး။ သူ့ မျက်လုံးတွေက မျက်မမြင်တစ်ယောက်လို ကန်းသွားခဲ့တယ်။ နားတစ်စုံက မကြားနိုင်တော့ဘူး။ ခံစားမှုအသိကလည်း ပျောက်ဆုံးလာတယ်။ ကျောက်ရုပ်တစ်ရုပ်လို ရပ်တည်နေခြင်းမျိုးကို နှစ်သက်မိလာတယ်။ အဲဒီတော့ ဘယ်သူကမှလည်း သူ့ကို အဖက်မလုပ်တော့သလို၊ ဘယ်သူ့ကိုမှလည်း သူ မသိတော့ပါဘူး။

အချစ်ဆိုတာ သူ မသိတော့ဘူး။

သူငယ်ချင်းဆိုတာ…သူ မသိတော့ဘူး။

ဆရာဆိုတာ သူ့အတွက် ခပ်ရေးရေးလေးပဲ..။

ဆွေမျိုးဆိုတာလည်း သူ့ မှတ်ဉာဏ်တွေထဲမှာတော့ တိမ်မျှင်ကလေးလို ပြယ်လွင့်လို့…..။

“အရူး“တဲ့ ။

သူ့ နားနဲ့ဆတ်ဆတ်ကြားလိုက်ရတယ်။

ဒီလိုပါပဲ အရူးတစ်ယောက်ရဲ့ ရာဇဝင်မှာ မေ့ပျောက်ခြင်းတွေ ကြီးစိုးခဲ့ပါတယ်…။

သော်ဇင်(လွိုင်ကော်)

Date-28th-March-2012

Time-9:04 Pm

 

 

One comment

  • Khaing Khaing

    April 19, 2012 at 9:29 pm

    ကိုသော်ဇင်ရေ ….. စာကတော်တော်ရှည်တယ်ဗျာ အေးဆေးမှပြန်လာဖတ်မယ် …… အခုတော့ညဘက် အိပ်ချင်နေပြီချင့် ……. မျက်စိတွေသိပ်မကောင်းလို့ပါ နောက်နေ့ဆက်ဖတ်မယ် ဖတ်ပြီးမှ ပြန်မန့်မယ်နော်

Leave a Reply