အစုကြီး ရွာသွား အလှူတောလား…….
ဒီညက တစ်မှေးမှ မှေးစက်ရခြင်းမရှိသေးပေမဲ့ အခါတိုင်းလို ခန္ဒာကိုယ်က မူးဝေဝေ၊ ယောင်နှမ်းနှမ်း၊ မျက်လုံးတွေကလည်း ကျိန်းစပ်စပ် ဖြစ်နေတာမျိုးမရှိဘူးဗျ။ စိတ်က အလိုလိုက လန်းဆန်းတက်ကြွလို့ နေပါတယ်။ စိတ်ဇောအဟုန်ကတော့ သီတဂူ သုမေဓါဆေးရုံ အလှူကို လိုက်ပါဖို့ ရည်သန်ထားတဲ့အတွက်ပါပဲ။ (ပထမတစ်ကြိမ် မန်းဂေဇက်အလှူတုန်းက မလိုက်နိုင်ခဲ့တဲ့အတွက်လည်း အခုတစ်ကြိမ်မှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ လိုက်ပါဖို့ ရည်သန်ထားတဲ့ စိတ်လည်း ပါတာပေါ့ဗျာ)။
အလုပ်ပြီးတဲ့အချိန်က နံနက် လေးနာရီခွဲ။ ဒါပေမဲ့ နံနက် ခြောက်နာရီ အချိန်ကို ရောက်ချင်လှပါပြီ။ ဒီအလှူကြီးတစ်ခု ဖြစ်မြောက်လာအောင်လို့ဦးစီးဦးဆောင်စီစဉ်ကြလေသူတွေရဲ့ စကားကိုလည်း ကြားယောင်မိတယ်။ အများသားနဲ့ သွားမယ့် လာမယ့် ခရီးစဉ်မျိုးမှာ သူ့ကိုယ်စောင့် ကိုယ့်သူစောင့်ဆိုတဲ့ အဖြစ်မျိုး မရှိရအောင်လို့ မနက် ခြောက်နာရီထက် နောက်မကျဘဲ စုရပ်ကို လာကြဖို့လည်း အနှီဦးစီးဦးဆောင်ပုဂ္ဂိုလ်တွေက ဆော်ဩထားလေတော့ ကျွန်တော်လည်း နံနက် ခြောက်နာရီ မတိုင်မီ ကြိုကြိုတင်တင်ရောက်နှင့်နေဖို့ လုံးလစိုက်နေမိပါတယ်။
ကျွန်တော်တို့ လူမျိုးဟာ တစ်ခုခုသွားဖို့လာဖို့ ရှိတဲ့အခါ သိပ်ကို ဝေယျာဝစ္စများတတ်ကြပါတယ်။ အခန်းအနား တစ်ခုခုပဲလုပ်လုပ်၊ ပွဲလမ်းသဘင် တစ်ခုခုပဲ လုပ်လုပ်၊ ခရီးတစ်ခုခုပဲ သွားသွား အကြောင်းကြောင်းကြောင့် ဆိုတဲ့ ဝေါဟာရအောက်မှာ သူ့ကို ကိုယ်စောင့်၊ ကိုယ့်ကိုသူစောင့်ဆိုတဲ့ ဖြစ်စဉ်တွေနဲ့ အသားကျနေကြပြီးသားလို့ ပြောရမလိုလိုဆိုတော့ အဲလို မဖြစ်ရအောင် ကိုယ်က ဦးဦးဖျားဖျား ကြိုရောက်နေချင်တာလည်း တစ်ပိုင်းပေါ့ဗျာ။
ဒီတော့ ဒီခရီးစဉ်မှာ စုရပ်ကို ကျွန်တော်က အစောဆုံးရောက်တဲ့လူအဖြစ် ကိုယ့်ဘာသာ မှတ်တမ်းဝင်သွားတာပေါ့ခင်ဗျာ။ ငါးနာရီမတိုင်မီကလေး ကတည်းက ကျွန်တော်က ရောက်လို့နေပါတယ်။ နံနက် အာရုဏ်ဦးကတော့…တိတ်ဆိတ် အေးစက်လို့ နေပါသေးတယ်။ ညဖက်အလုပ် ဆင်းတဲ့ ဆိုက္ကားဆရာ အချို့ကတော့ သူတို့ရဲ့ ဆိုက္ကားပေါ်မှာ ပုံပျက်ပန်းပျက် အိပ်မောကျနေကြပါတယ်။ အာရုဏ်ဦးမှာ ဝိရိယ အားစိုက်ပြီး ထဖွင့်ထားပုံရတဲ့ ကွမ်းယာဆိုင်က မောင်ကလည်း ဝိရိယက တစ်ဝက်တစ်ပျက်နဲ့ ပျက်သုဉ်းသွားပုံရပါတယ်။ ဆိုင်ခင်းရင်း တန်းလန်းနဲ့ အိပ်ပျော်သွားရှာပြန်ပါတယ်။ ထိုင်ခုံလေးမှာ ပါးစပ်ဟောင်းသားနဲ့ ပက်လက်ကို အိပ်ပျော်သွားပြန်တယ်။ ကျွန်တော်ကတော့ အုတ်ခုံလေးမှာ တစ်ယောက်တည်း ထိုင် ဆေးလိပ်တစ်လိပ်ဖွာရင်း လမ်းမပေါ်ဖြတ်လာ ဖြတ်သွားတဲ့ လူတစ်ဦးတစ်ယောက်များတွေ့ရင် သူက မန္တလေး ဂေဇက်က လူများလား လို့ စိတ်ကူးထဲက ပုံဖော်၊ ဆုံးဖြတ် နှုတ်ဆက်မိမယောင်၊ မေးမိမယောင်ဖြစ်တာကလည်း ခဏခဏပေါ့ခင်ဗျ။ ကျွန်တော်ကလည်း ရွာသူ/ရွာသားအနည်းအကျဉ်းလောက်နဲ့ သာ ခင်မင်သိကျွမ်းဖူးဆယ်ဆိုတော့လေ…..။
အာရုဏ်ရဲ့ရောင်နီက တဖြည်းဖြည်းနဲ့ ဝေဝဲ့ကျဆင်းလို့လာပါတယ်။ ကျွန်တော့်ရဲ့ စိတ်ဇော အဟုန်ကလည်း ပိုမိုမြန်ဆန်ခုန်လှုပ်လို့လာပါတယ်။ နောက်တော့ တစ်ယောက် ၊ နှစ်ယောက်၊ တစ်ဖွဲ့ ၊ နှစ်ဖွဲ့နဲ့ ရွာသားတွေ အသီးသီးရောက်ရှိလို့ လာကြပါတယ်။ (ဒီနေရာမှာ ကျွန်တော်က ရွာသူ/ရွာသားတစ်ဦးချင်းစီရဲ့ နာမည်နဲ့ လှုပ်ရှားမှုကို အဓိက ဦးတည်မရေးဘဲ ကျွန်တော့်ရဲ့ စိတ်ခံစားမှုကိုပဲ ဦးတည်ရေးဖို့ စိတ်ကူးထားတဲ့အတွက် တစ်ခရီးတည်းသွားဖော်များအနေနဲ့ နားလည်ပေးစေချင်ပါတယ် ။ ကျွန်တော့်ရှေ့က မဝေနဲ့ ကိုထက်တို့က ရေးပြီးသွားပြြီ့ဖစ်သလို နောက်ထပ်လည်း ပို့(စ်)တွေ တက်လာဦးမယ်ထင်လို့ပါခင်ဗျာ)
ဒီလိုနဲ့ နံနက် အေးအေးချမ်းချမ်း အခါသမယမှာ တရွေရွေ့ရောက်လာကြတဲ့သူတွေထဲမှာ ကျွန်တော်ခင်မင်ရင်းစွဲရှိပြီးသူများ၊ ကျွန်တော်အခုမှ တွေ့မြင်ခင်မင်ရသူများ အသီးသီးရောက်လာကြတော့ အပြန်အလှန်နှုတ်ဆက်ရင်း နံနက်ခင်းကလေးက သာမန်ထက်ပိုမို တက်တက်ကြွကြွနဲ့ နိုးထလို့နေပါတယ်။ ဂဇက်က ဓာတ်ပုံဆရာ တပ်ဖွဲ့ကလည်း ပွဲမဝင်ခင်ကတည်းက အပြင်က ကျင်းပဆိုသလို ပြောင်းတွေ၊ ပဒိုင်းတွေကို တဆင်ဆင်တပြင်ပြင်နဲ့ ဟိုချိန် သည်ချိန်နဲ့ လှုပ်ရှားနေကြပါပြီ။ ကျွန်တော်တို့ရဲ့ အလှူကား စတင်ထွက်ခွာတော့ နံနက် ခြောက်နာရီကျော်စလေး ပြုနေပါပြီ။
ကားစထွက်လို့ သုံးမိနစ်လောက်အတွင်းမှာတော့ ဟိုနေရာ ဒီနေရာ အသီးသီးနေရာချ၊ ဟိုပြောင်းဒီရွှေ့ကြဆိုတော့ သာမန်ခရီးစဉ်တစ်ခုနဲ့ ထူးပြီးမခြားနားသေးဘူးခင်ဗျ။ ဒါပေမဲ့ သိပ်မကြာပါဘူး။ နောက်ထပ်မိနစ်အနည်းငယ်အတွင်းမှာ အလှူရဲ့ ဦးစီးဦးဆောင်ပုဂ္ဂိုလ်တိုက်စစ်မှူးများနဲ့ အလှူကို လိုက်ပါ ကုသိုလ်ယူကြတဲ့ ရွာကာလသား နောက်ချန် တိုက်စစ်မှူးများ အဖြစ် ကားတစ်စီးတည်းပေါ်မှာ အသွင်ကွဲပြားသွားပါတော့တယ်။ ဆိုလိုတာကတော့ ခေါင်းဆောင်ပုဂ္ဂိုလ်များဟာ ယာဉ်တော်ကြီးရဲ့ ရှေ့ပိုင်းကို အလိုလိုရောက်ရှိသွားကြပြီးတော့ နောက်ချိန်တိုက်စစ်မှူးတွေကတော့ ကားရဲ့နောက်ပိုင်းကို မောင်ပိုင်စီးလိုက်ကြခြင်းပဲဖြစ်ပါတယ်။ မြေနီကုန်းက ထွက်လာတဲ့ ကျွန်တော်တို့ရဲ့ အလှူကားကြီးဟာ လှည်းတန်းမီးပွိုင့်လောက် အရောက်မှာတင် ယာဉ်ရဲ့ နောက်ပိုင်းကဗြဟ္မာထုက အုံကြွလို့လာပါခဲ့ပါပြီ။ ရန်ကုန်မြို့ကမထွက်ခင်တစ်နေရာ အရောက်မှာတော့ နောက်ထပ်တက်လာတဲ့ရွာသူရွာသားအချို့ရဲ့ လက်ထဲမှာ ဆပ်ပြာခွက်သာသာလောက်ရှိတဲ့ ဂစ်တာတစ်လက် ပါလာခဲ့အပြီးမှာတော့ ယာဉ်ကြီးတစ်စီးလုံးရဲ့ သောတအာရုံကို အဆိုပါ နောက်ချန် ဘိတ်ချီးတိုက်စစ်မှူးများက သိမ်းပိုက်လိုက်ပါတော့တယ်။ အရှေ့က လူကြီးများရဲ့ အရေးကိစ္စကို ကျွန်တော်တို့ မသိတော့။ မကြားတော့။
ယာဉ်နောက်ခန်းဟာ လွတ်လပ်ရေးရပြီးခါစ တိုင်းပြည်ပေါက်စန တစ်ခုလို၊ ကမ္ဘာ့ဖလားသိမ်းပိုက်ပြန်လာတဲ့ ဘောလုံးအသင်းတစ်သင်းလို၊ ကပိုကရယ်နဲ့ ဖြူဖြူစင်စင်ကို လွတ်လပ်လို့သွားခဲ့ပါပြီ။ အဲဒီ အလှူယာဉ်တော်ကြီးရဲ့ ကားနောက်ပိုင်းက ထကြွနေတဲ့ အုပ်စုမှာ မန္တလေးက ဓာတ်ပုံဆရာဂုရုကြီးတစ်ယောက်နဲ့ လူပျိုဖြူထွားလေးတစ်ယောက်ပါဝင်လာခဲ့သလို…အိမ်မဲက တိုင်းရင်းဆေးဆရာတစ်ယောက်လည်း ပူးပေါင်းပါဝင်လို့လာပြန်ပါတယ်။
နံနက်ခင်းရဲ့ ရောင်ခြည်ဦးနဲ့အတူ ရန်ကုန်-ပုသိမ်လမ်းမှာ တရိပ်ရိပ်နဲ့ ပြေးလွှားနေတဲ့ အလှူကားပေါ်က ရွာသားတို့ရဲ့ စွယ်စုံရဓာတ်စာက ခရီးအစအဆုံးတိုင် မမောမပမ်းနဲ့ အဲဒီလောက် ပွက်ပွက်ညံအောင်ပွဲခံနိုင်မယ်မှန်း ကျွန်တော်ကိုယ်တိုင်လည်း မတွေးမိခဲ့ပါဘူး။ နောက်ပြီး ကျွန်တော်ကိုယ်တိုင်လည်း အဲဒီအဖွဲ့ထဲမှာ ဘုရားစူး လူရွှင်တော်တစ်ယောက်ဖြစ်ခဲ့ရမယ်လို့ ယောင်လို့တောင်မတွေးမိခဲ့ပါဘူး။ သင်္ကြန်အရှိန်မသေသေးဘဲ ပြောင်ခွက်နေတဲ့ စိန်ဂဒုံးကိုအကြောင်းပြုပြီး က္ကဒ္ဒြေနဲ့အရှက်ကို ဝေရာမဏိသိက္ခာမဒံ သမာဓိယာမိ လုပ်လိုက်မိပြီး အသုံး တော် ခံဖြစ်ခဲ့ရတဲ့အဖြစ်က ရွာသားတို့ရဲ့ ကြည်ဖြူသဒ္ဒါအားတွေ များပြားလွန်းတာကြောင့် လို့ထင်မိပါတယ်။ ဟုတ်ကဲ့ ကျွန်တော် စိန်ဂဒုံးတစ်ယောက်လည်း အသံတွေဝင် ဗိုက်ခေါက်တွေ နာလို့ ညစာခါနာကိုတောင် မလွေးနိုင်အောင်ဖြစ်ခဲ့ရပါတယ်။
စီစဉ်သူတွေရဲ့ စနစ်ကျမှုကလည်း ဩချရလောက်ပါတယ်။ ဘာတစ်ခုမှ လိုလေသေးမရှိခဲ့ပါဘူး။ ခရီးစဉ်ပေါ်က သူကြီးရဲ့ ကံစမ်းမဲ အစီအစဉ်ကို ပျော်ပျော်ရွှင်ရွင် ဆင်နွှဲကြပြန်တော့လည်း ကုသိုလ်ကံထူးသူတို့က မဲပေါက်ပြန်တော့ သူတို့နဲ့အတူ ပျော်ရ ရွှင်ရ ကြည်နူးရပြန်ပါတယ်။ နံနက်ရှစ်ခွဲမှာ ပန်းတနော်က တံတားဦးဘုန်းကြီးကျောင်းကိုရောက်တော့လည်း သက်ဆိုင်ရာ ဒေသခံတွေက နံနက်စာအတွက် အုံနဲ့ကျင်းနဲ့စောင့်ကြိုပြင်ဆင်ထားကြတာကို တွေ့ရပြန်တော့ အံ့ဩချီးကျူး လေးစားစိတ်က ဖြစ်ရပြန်ပါတယ်။ ကားကြီးနဲ့ ဆိုက်ရောက်လာကြတဲ့ ရွာသားတို့ ရဲ့ အမူအယာမျိုးစုံကို ပြုံးရွှင်ဖော်ရွေ ဧည့်ဝတ်ကျေပြွန်စွာဧရာဝတီမုန့်ဟင်းခါးနဲ့ဧည့်ခံကြပါတယ်။ လိုအပ်တာထက်ပိုတဲ့ မုန့်ဟင်းခါးစားပွဲဝိုင်းက အမျိုးမျိုးသော အကြော်အလှော်နဲ့ နာမည်ကြီးပုဇွန်မုန့်အကြော်ခေါ်ရမလား မပြောတတ်တဲ့ စားဖွယ်အစုံစုံနဲ့ နံနက်စာကို စားခဲ့ကြရတယ်။ ဆီသပ်နဲ့ နယ်ထားတဲ့ မုန့်ဟင်းခါး ချိုချိုကို ပထမဆုံးအကြိမ်စားဖူးခြင်းပါပဲခင်ဗျ။ မုန့်ဟင်းခါးစားပြီးလို့ ကျောင်းထိုင်ဆရာတော်ကို ဦးချပြန်တော့လည်း သိက္ခါ သမာဓိနဲ့ ပြည့်စုံတော်မူတဲ့ ဆရာတော်ဘုရားဟာ ကျွန်တော့်လို သူငယ်နှပ်စားကို ဖက်လဲတကင်းပြုပြီး နောက်များလည်း လာရောက်ဖို့ ဖိတ်ခေါ် ၊ ဆုံးမဩဝါဒါခံယူရပြန်တော့ ဘဝင်ပီတိ ဂွမ်းဆီထိပြီး ဆရာတော်ဘုရားကိုလည်း ကြည်ညိုမိရပြန်ပါတယ်။ စားသောက်ပြီးလို့ ကျောင်းက ပြန်အထွက်မှာ သထုံက ကျိုက်ထီးရိုးဘုရားနဲ့ နာမည်တူ ဘုရားကိုလည်း ဖူးမျှော်ခဲ့ရပါတယ်။
ဗိုလ်မြတ်ထွန်းတံတားပေါ်အဖြတ်မှာ ဧရာဝတီလေညှင်းစစ်စစ်ကို ရှူရှိုက်ရပြန်တော့ မြို့ပြက နေရာအချို့မှာ တွေ့နေရတဲ့ Save Irrawaddy ဆိုတဲ့ ဝေါဟာရလေးကိုလည်း ဆက်လက်ပြီးအတွေးကရောက်သွားမိပြန်တယ်။ စီစဉ်သူတွေရဲ့ ကြိုတင်ပြင်ဆင်မှုကိုတော့ အစုကြီးကျေးရွာကို အသွားလမ်းကျမှ ရေရေလည်လည် ချီးကျူးမီးပါရဲ့။ မှန်လုံကားကြီးတစ်စီးရွာတန်းရှည်လမ်းကို သွားနိုင်လာနိုင်ဖို့ကအစ ကြိုတင်ကွင်းဆင်းလေ့လာထားပုံက ဦးဆောင်သူတို့ရဲ့ သဒ္ဒါတရားကို ပိုမိုပေါ်လွင်စေပါတယ်။ ပြီးတော့ လမ်းဘေးဝဲယာက ရှုမဆုံးတဲ့ ငရုတ်ခင်းကြီးတွေကလည်း ဒေသခံတို့ရဲ့ လုပ်ခင်းလယ်ယာကိုလှစ်ဟပြနေသလိုပါပဲ။
အစုကြီးရွာက ရွာတန်းတော်တော်ရှည်တဲ့ရွာပါ။ ဆိုင်ကယ်၊ စက်ဘီးတစ်ခုခုမရှိရင် သွားလာရေးခက်ခဲမယ့်သဘော လက္ခဏာကိုလည်းတွေ့ရတယ်။ အဓိကကတော့ သွားလာရေး၊ သယ်ယူပို့ဆောင်ရေးမှာ ဒိန်းဒေါင်(ခေါ်) ထော်လာဂျီကို အားပြုနေကြတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အစုကြီးကျေးရွာ အလှူပြုမယ့် ဆောက်လက်စ ဆေးရုံအသစ်ကြီးဆီကို ရောက်သွားတဲ့အချိန်မှာတော့ ထင်မှတ်မထားလောက်အောင် ခံညား ထည်ဝါတဲ့ဆောက်လက်စ ဆေးရုံသစ်ကြီးကိုမြင်လိုက်ရပါတော့တယ်။ ဒေသခံ၊ရွာခံ၊ အကျိုးတော်ဆောင်တို့ရဲ့ ပြုံးမော်နေတဲ့ အပြုံးမျက်နှာတွေ၊ ဟန်ဆောင်မှုကင်းတဲ့ ဝန်ဆောင်မှုတွေကလည်း ဒီအလှူခရီးစဉ်ရဲ့ တန်ဖိုးတစ်ခုအဖြစ် ရှုမြင်မိပါတယ်။
ဆေးရုံသစ်ကြီးကိုရောက်လို့ ခဏတစ်ဖြုတ်နားကြပြီးတဲ့အခါ နေ့လည်စာအကျွေးအမွေးနဲ့ဧည့်ခံကြတဲ့ အဖြစ်ကလည်း မမေ့နိုင်စဖွယ်ပါ။ လျှပ်စစ်မီးမရသေးပေမဲ့ မီးစက်မောင်းပြီးဖွင့်ထားတဲ့ ပန်ကာတွေ၊ မီးချောင်းတွေအောက်မှာ ခန့်ခန့်ညားညားထည်ထည်ဝါဝါနဲ့…..အဲဒီဖွင့်ထားတဲ့ ပန်ကာတွေအောက်က နေ့လည်စာ စားသုံးနေတဲ့ ဧည်သည်တွေကို ယပ်ခပ်ပေးနေတဲ့ ရွာခံလူငယ်တို့ရဲ့ ဧည့်ဝတ်ကျေပွန်စိတ်က ကျွန်တော့်နှလုံးသားကို သိမ်ငယ်မိစေတဲ့အထိပါပဲ။
အလှူအခန်းအနား ရေစက်သွန်းချပွဲမှာကျပြန်တော့လည်း မြတောင်ဆရာတော်ကြီးနဲ့တကွ နာယကဆရာတော်ကြီးတွေရဲ့ သိက္ခာသမာဓိနဲ့ ကြည်ညိုဖွယ်ရာ စေတနာလုံ့လအားကိုတွေ့ရပြန်တော့…နှလုံးအေးမြငြိမ်းချမ်းရပြန်ပါတယ်။
လုပ်အားပေး ကရင်အမျိုးသမီးတစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့တာကလည်း အမှတ်ရစရာပါ။ သူမရဲ့ စိတ်အားထက်သန်မှုက ကျွန်တော့်ပရဟိတစိတ်ကို ပိုမိုရင့်သန်လာစေတယ်လို့ ဆိုရမယ်ထင်ပါတယ်။ သူမက စိတ်ရှည်လက်ရှည်ရှင်းပြပါတယ်။ ဆေးရုံအကြောင်း၊ ဒေသခံတို့အကြောင်းနဲ့ ဗုဒ္ဒဘာသာ ဆရာတော်ကြီးဦးစီးတဲ့ဆေးရုံမှာ သူမက ခရစ်ယာန်တစ်ယောက်ဖြစ်နေလို့ပါပဲ။ သူမက ပြောပါတယ်။ သူမဟာ ခရစ်ယာန်ဖြစ်ပေမယ့် အခုလို မွန်မြတ်တဲ့အလုပ်မှာ စိတ်နဲ့ကိုယ်နှစ်ပြီး ပါဝင်ကူညီဖြစ်နေတဲ့ အကြောင်း ကျွန်တော့်ကို ရိုးရိုးသားသားရှင်းပြပါတယ်။
တကယ်တော့ ကျွန်တော်ဟာ အလှူခရီးစဉ်တစ်ခုထက် မကတဲ့ အတွေးအခေါ်နဲ့ ဘဝအမြင်သစ်တစ်ခုကို ထပ်မံရရှိခဲ့ပါတယ်။ အဲဒီအတွက် သူကြီးနဲ့တကွ ဦးဆောင်ဦးရွက်ပြုကြသူများနဲ့ ရွာသူရွာသား၊ အလှူ့ရှင်များ အားလုံးကို ကျေးဇူးတင်မိပါတယ်။ အပြန်လမ်းခရီးမှာလည်း နှုတ်ဆက်ကျန်ရစ်ခဲ့ကြတဲ့ရွာသားတွေရဲ့ မျက်နှာတွေက ကျွန်တော့်နှလုံးသားထဲမှာ စွဲမြဲကျန်ရစ်လို့နေပါတယ်။ နောက်ဆုံး ခရီးစဉ်အဆုုံးခါနီး ရန်ကုန်ရောက်တဲ့အထိ ခေါက်ဆွဲကြော်ကျွေးမွေးတဲ့အထိ တာဝန်ကျေပွန်တဲ့ စီစဉ်သူတွေကို အားနာမိရတဲ့အထိပါပဲ။ ဟုတ်ကဲ့…..အစုကြီးရွာသွားအလှူတောလား ဟာ ကျွန်တော့အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်ဆိုတာ ထိထိရှရှိ ခံစားနေမိပါရဲ့ခင်ဗျား……။
42 comments
Mလုလင်
May 2, 2012 at 2:15 am
“ကပိုကရယ်နဲ့ ဖြူဖြူစင်စင်ကို လွတ်လပ်လို့သွားခဲ့ပါပြီ” တဲ့လား …. အဲ့ဒီ့ စာသား အတွက် လက်မ တစ်ချောင်းပါဗျို ့ … ကုန်သွားမှာ ဆိုး လို့ နားနားပြီး ဖတ်နေပါကြောင်း ……
marblecommet
May 2, 2012 at 2:30 am
ကိုယ့်ဆြာက ခုထိ
မအိပ်သေးဘူးလား
ဆြာရယ်….
Khin Latt
May 2, 2012 at 3:10 am
မောင်ကမ်း ရေ
အရီး ကိုယ်တိုင် လိုက်ခဲ့ရသလို ခံစားပြီး ပီတိ ဖြစ်ရပါတယ်။
ဒီလို အချိန်ပေးပြီး အလှူခရီးအကြောင်းမျှတာလေးကို ကျေးဇူးပါ။
အလှူမတိုင်ခင် ရွာက လူ တွေကို စောင့်နေချိန် ဖွဲ့လိုက်တဲ့ အချီး လေးက မျက်စိထဲ မှာ ကို ကွင်းကွင်းကွက်ကွက် ပေါ်လာပါတယ်။
သဘောအကျဆုံးက ကွမ်းယာဆိုင် ပိုင်ရှင်ဘဲ။
ဒီ ဘေ့ဇနက်မန်း ဘဝ က ဟန်ကျ သကွယ်။
ဒါထက် မေးပါရစေဦး။
မင်းရဲ့ အသံနာတာကတော့ ဟုတ်ပါပြီ။
ဘိုက်ခေါက် က ရော ဘာကြောင့် နာ ရတာလဲ။
တစ်ယောက်ယောက် ကများ တစ်ချိန်လုံး လိမ်ဆွဲ နေရော့သလား။ 😀
(ဥပမာ – မောင်ရွှေတိုက်စိုး လိုပေါ့ )
Shwe Tike Soe
May 2, 2012 at 9:20 am
ဟင် အန်တီလတ် ဥပမာ ကလည်း တားတား ဘက်လှည့်လာပါလား.. ဟီးဟီး 😀
အဲဒီ ကိုကမ်း ဗိုက်ခေါက်နာတာ ကဗျာကို အသံကုန်ရွတ်တာလေ…. အဲဒါကြောင့်… သများလို. အစွမ်းအစရှိလို. ဗိုက်ခေါက်နာတာမဟုတ်ဘူး….. ဟေ့ဟေ့
marblecommet
May 2, 2012 at 10:15 am
ဒုက္ခဖြစ်ရတဲ့ ကိစ္စကို ဂုဏ်ယူပြီး
ကြွားရတယ်လို့အေ….
ပုံ…
ပေါင်တွင်းကြောနှင့်
ဗိုက်ခေါက်လဗျိုစစ်စစ်
ငကမ်း…..
kai
May 2, 2012 at 3:28 am
တနေ့နေ့တော့.. ကိုယ်တိုင်ပါနိုင်တဲ့ခရီးစဉ်လေးဖြစ်အောင်.. ကြိုးစားပါဥင်္ီးမယ်.။
ခုမှာတော့ ..ဘုန်းမောင် တကောင်ထဲ..
Shwe Tike Soe
May 2, 2012 at 9:23 am
ဒဂျီး ဘာမှအားမငယ်ပါနဲ. ဒဂျီးရယ် နောက်တစ်ခါ အလှူလုပ်ဖြစ်ကြရင် ဒဂျီးကို ဖလိုက်ဖိုးစုပြီး မြန်မာနိုင်ငံကို တားတားတို. ခေါ်မှာ စိတ်ချ…..
ဆူး
May 2, 2012 at 11:20 am
ကံစမ်းမဲ ပေါက်လို့ ဖား တာလား.. သဂျီး အဲဒါလေး သေချာ မှတ်ထားနော်.. ကော်ပီပါ ကူးထား မပျောက်စေနဲ့..
marblecommet
May 2, 2012 at 3:39 am
အရီးခင်ဗျား…..
အရီးတော်တို့ကို တွေ့ဖူးချင်မြင်ဖူးချင် နှုတ်ဆက်ချင်နေတယ်ဗျာ
အသံနာတာက အော်လို့ခင်ဗျ
ဗိုက်ခေါက်နာတာက ရီလို့ခင်ဗျ
ရွှေတိုက်စိုးတို့ကတော့ အသားမာတက်နေပါပြီခင်ဗျာ…
…….
သူကြီးခင်ဗျား …..
သူကြီးကိုယ်တိုင် ပါနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ
ဒါနဲ့ ဘုန်းမောင်တစ်ယောက်တည်းလုပ်ပါဆရာရယ်
ဒဂေါင်ထဲတော့ မလုပ်ပါနဲ့
ကျနော် ဖတ်ရတာ ဘဇပ်တွန့်တယ်ခင်ဗျ
FattyCat
May 2, 2012 at 6:49 am
ကိုကမ်းရေ
အလုပ်ကိုပြူးပြဲလုပ်နေရတဲ့အချိန်အတွင်းမှာ
ဒီလိုတောလားကောင်းတစ်ပုဒ်ကို ရေးပေးတဲ့အတွက်
ကျေးဇူးတင်ဝမ်းမြောက်ကြောင်းပါဗျာ
ခင်တဲ့
ကြောင်ဝတုတ်
MaMa
May 2, 2012 at 7:43 am
မသွားခင်ကတည်းက ကြုံးဝါးထားလို့ အစုကြီးရွာသွား တောလားကို မျှော်လင့်နေတာ ထင်တာထက်စောပြီး တင်ပေးလိုက်တဲ့ ဝီရိယကို ချီးကျူးပါတယ်။
ကားရှေ့ပိုင်းမှာ လမ်းခရီးအတွက် ကားဆရာကို လမ်းပြပေးဖို့လိုတာမို့ ကားရှေ့ဆုံးမှာ လိုက်ပြီး ကားနောက်ပိုင်းရဲ့ ကိစ္စဗလတွေကိုလည်း စိတ်ဝင်စားလို့ နောက်လှည့်ကြည့်ရတာ လည်ပင်းတောင် ပြတ်ထွက်လုမတတ်ပါပဲ။
ရှေ့ပိုင်းကအသံကို နောက်ပိုင်းက မကြားရပေမယ့် (ပြောချင်ရင် မိုက်နဲ့ အော်ရပါတယ်)
နောက်ပိုင်းသံစုံတီးဝိုင်းရဲ့ ဖျော်ဖြေမှုကိုတော့ (မကြားချင်အဆုံး) ကြားနေရပါတယ်။
ကိုပေါက်(မန္တလေး)
May 2, 2012 at 7:46 am
အားလုံး အားလုံး ပြီးမှ
ကိုပေါက်က ကောက်သင်းကောက်ရေးပါမည်။
စောင့်မျှော်တော်မူကြပါ။
ကိုရင်မောင်
May 2, 2012 at 7:59 am
အားကျမိပါတယ် ကိုကမ်းကြီးရေ…
အရေးအသားကောင်းတော့
ကိုတိုင်လိုက်ပါနေရသလိုပါဘဲဗျာ….
marblecommet
May 2, 2012 at 8:22 am
ကိုဖက်ကက်ရေ့
မနေ့ညက ခင်ဗျားတို့နဲ့
လမ်းခွဲပြီး ရုံးရောက်ကတည်းက
ယားလို့မကုတ်အားအောင် အလုပ်က
ရှုပ်ပေမဲ့လည်း မနေနိုင်လို့
ဆြာသမား
အလစ်မှာ တောလားတစ်ပုဒ်
ကို ခပ်သုတ်သုတ် ခိုးသွက်သွက်ကလေး
ရေးပြီး တင်ပေးလိုက်ပါတယ်
ခင်ဗျားတို့ ပို့(စ်)တွေ ဓာတ်ပုံတွေကို
စောင့်မျှော်နေပါကြောင်း..
……….
အန်တီမမရေ့
နေရာခွဲတန်းချထိုင်ကြတာက
ရှေ့က အန်တီမမတို့က ခရီးစဉ်လမ်းညွှန်ဖို့
ထိုင်ရတယ်ဆိုပေမဲ့
နောက်ဆုံးဘိတ်ချီးကိုတော့
ကျွန်တော်တို့က အကြံသမားမို့
ကိုယ့်ဘာသာ ရွေးလိုက်ကြတာပါခင်ဗျာ..
ပို့(စ်)ထဲမှာတော့ နည်းနည်းလူကြားကောင်းအောင်
ဟစ်ထားတာ ခွင့်လွှတ်ပါ….ဟိဟိ….
………
အားပေးတာ ကျေးဇူးပါ ကိုရင်မောင်ရေ့
နောက်များ ကြုံကြိုက်ရင် အတူတူ ခရီးသွားချင်ပါသေးတယ်ဗျာ…
……..
ကိုပေါက် သောက်သင်းကောက်မယ့်
အချိန်ကို စိတ်မရှည်စွာ စောင်းဆိုင်းတော်မူနေပါကြောင်း….
mg mg
May 2, 2012 at 8:41 am
အလှူကို သာဓုခေါ်ဂုဏ်ပြုတဲ့အနေနဲ့
အလှူနဲ့သက်ဆိုင်တဲ့ပို့စ်အောက်က ကွန်မန်း့တစ်ခုကို(၂၀)ပေးမယ်လို့
သူကြီးကပြောကြောင်း သတင်းရရှိပါသည်။(အိပ်မက်ထဲမှာ)
Foreign Resident
May 2, 2012 at 8:54 am
ဒီ ခရီးစဉ်လေးကို ကိုယ်တိုင် မလိုက်နိုင်တဲ့အတွက် ၊
အထူး ဝမ်းနည်းမိပါတယ် ။
ကုသိုလ် ကောင်းမှု များ အတွက် ၊
သာဓု ၊ သာဓု ၊ သာဓု ပါ နော် ။
marblecommet
May 2, 2012 at 10:21 am
အဘရေ့
နောက်များမှာ လိုက်နိုင်မှာပါဗျာ
windtalker
May 2, 2012 at 9:04 am
ကျုပ်တွေးမိတဲ့ ကိတ်စန တစ်ခု ရှိ သဗျ ။ အဲ့က ဘုန်းဘုန်း ို့ဗသာ ပါလာတဲ့ ရေွာသားများကို သူရာ တစ်သက် ဆရှာင်ဖို့ အလှူခံပေးလိုက် ရင် ပိုကောင်းလိမ့်မလားလို့ဘာ။
ဟီဟိ
marblecommet
May 2, 2012 at 10:26 am
ဟေ့လူ…..
သများ လွတ်လပ်ခွင့်ကို ဒုတ်နဲ့ထိုးမယ့်
အကြံအစည်မျိုးကို လက်ရှောင်ပေးပါ
ရဲဘော်ရယ်…..
Ma Ei
May 2, 2012 at 9:06 am
စုရပ်ကို အရင်ဦးဆုံးရောက်ပြီး နောက်ထပ်ရောက်လာကြတဲ့
ရွာသူရွာသားတွေ အကြောင်းလဲ ဆက်ပြီးပုံဖော်ရေးပါဦးနော်…
ကြောင်ကြီး
May 2, 2012 at 9:09 am
အလှူတောလား
လူပြောများ
ဘယ်သူထောသွား
you all star 🙂
marblecommet
May 2, 2012 at 10:29 am
ဦးကြောင်ပြောမှ
အနော့ အောစတားအနီလေး မလျှော်ဘဲ ထားတာ
သတိရတယ်
ပြန်လျှော်ဦးမှ
ဝှစ်…..ဝှစ်…….ဝှစ်…..
ဦးဦးပါလေရာ
May 2, 2012 at 9:20 am
အင်မတန်ကောင်းတဲ့တောလားပါလား ကဗျာဆရာရယ်…
ဖတ်ရင်းနဲ့ မျက်စိထဲကို တန်းမြင်လာတော့တာပဲ..။
အနီးအဝေး အချုံ့အချဲ့တွေလဲ မျှတလို့
(ကျုပ်သာရေးရင်ငါးမျက်နှာလောက်ဖြစ်မယ့်အကြောင်းအရာကို)
နှစ်မျက်နှာလောက်နဲ့ ရင်ထဲထည့်ပေးလိုက်တာ…။ 🙂
marblecommet
May 2, 2012 at 10:34 am
အားပေးတာ ကျေးဇူးပါ ဦးဦးရေ့…
အလှူမတိုင်ခင်ကတည်းက အိပ်ရေးတွေပျက်
အလှူခရီးစဉ်မှာလည်း စိတ်တစ်ခုသာ ဆောင်ပြီး
သွားနိုင်ခဲ့ပေမဲ့ အလုုပ်ကို ပြန်ရောက်တော့
မနားရဘဲ အလုပ်က တန်းလုပ်ရပြန်ဆိုတော့
လူက တော်တော်ထိသွားတယ်ဗျာ….
ဒါကြောင့် ကြိုးစားရေးကြည့်လိုက်တာပါ
တစိမ့်စိမ့်ပြန်တွေးပြီးရေးရရင်တော့
ဦးဦးပြောသလို စာမျက်နှာတွေ ထပ်မံ
တိုးပွားလာဦးမှာပေါ့ဗျာ….အခုတော့
ဒီလောက်လေးပဲ ရေးနိုင်ခဲ့တယ်ဗျာ..
Shwe Tike Soe
May 2, 2012 at 9:27 am
လူဇိုး သများဂစ်တာကို ဆပ်ပြာခွက်တဲ့.. ဒီက ကိုယ်အရပ်နဲ.ကို တိုင်းအော်ဒါမှာထားရတာ.. ပြီးတော့ သူပဲ အသံဗြဲကြီးနဲ. စွတ်ဟဲနေပြီးတော့.. ဟွန်. မုန်းထာအေ……….
တောလားလေးတော့ ခိုက်တယ်…. ကိုကမ်း မိုက်တယ်ဗျာ မလိမ္မာဘူး ဟီးဟီးဟီး 😀
marblecommet
May 2, 2012 at 10:37 am
အော် ဂစ်တာကို
အရပ်နဲ့တိုင်းပြီးအော်ဒါမှာထားတာလား
ဂစ်တာတောင် တိုင်းပြီးအော်ဒါမှာရတယ်ဆိုတော့
ကိုတိုက်ရယ်……
ခင်ဗျားမှာ တိုင်းပြီးအော်ဒါ မှာစရာတွေက
အများသားပါလား ဟင်…..
char too lan
May 2, 2012 at 4:15 pm
အဲ့ဒါမပြောနဲ့ ရလဲရနေတော့ သူဂမာန်ဒွေတက်နေဒါပေါ့ အေ… 😛
Onyx
May 2, 2012 at 9:43 am
အရေးအသားကောင်းတော့ ကိုယ်တိုင် လိုက်ရသလိုပါပဲ
နောက်တစ်ခါတော့ လိုက်ဖြစ်အောင်ကြိုးစားမယ်ဗျာ ။
သာဓု …သာဓု……သာဓု
နွယ်ပင်
May 2, 2012 at 9:52 am
ကိုကမ်းရေ ရေးထားတာ ကောင်းလွန်းလို့ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းပါပဲ
ဒါနဲပ ဆပ်ပြာခါက်ဂစ်တာက ထွက်တဲ့ အသံကတော့ အတော်ကျယ်သားပဲနော် 😛
Tin Tin
May 2, 2012 at 10:09 am
ကိုကမ်းရဲ့ အလှူတောလားကိုဖတ်လိုက်ရတာ ကိုယ်တိုင်လိုက်ခဲ့ရသလိုဘဲ ခံစားရပါတယ်။
ဒီခရီးစဉ်ကို အရမ်းလိုက်ချင်ပေမဲ့ မလိုက်ဖြစ်ခဲ့လို့ နောင်ခရီးစဉ်တွေကိုလိုက်နိုင်အောင် ကြိုးစားထားပါ့မယ်…
Thel Nu Aye
May 2, 2012 at 10:10 am
ပုံလေးတွေပါပါရင်တော့မလိုက်ဖြစ်တဲ့သူတွေအတွက်ပိုပျော်စရာကောင်းမယ်ထင်တယ်နော်။ စာနဲ့တောင် တော်တော်ပျော်စရာကောင်းနေပြီ။
htet way
May 2, 2012 at 10:26 am
မင်းသားကမ်းကြီး ကမ်းကြီးမင်းသား
အလှူတောလားတဲ့ ။
ကျုပ်ဖွလိုက်တာ ဆရာဂီ ကို ရဲတိုက်လည်းပါလာတယ်ဆိုတော့
ကလေးတွေ လိုက်လာကြတာ အားကြီးပဲ ကားနားမှာစုလို့
အမှန်က အကကောင်း အဆိုကောင်း မင်းသားကမ်းဝေး ကမ်းဝေးမင်းသား
ဘာတဲ့ …ကန့်ကန့်ကာကြီးရယ်နေပါအုံး သားသားကနေတုန်းတဲ့။ဟာဟ
marblecommet
May 2, 2012 at 10:45 am
Onyx.နောက်များတစ်ခါ သွားဖြစ်ကျရင်
ပျော်ပျော်ပါးပါး ဆုံကြတာပေါ့ဗျာ….
……
နွယ်ပင်ရေ့…
ဆပ်ပြာခွက်လောက် ဂစ်တာက
အသံကျယ်တာလည်း မပြောနဲ့လေကွယ်
သူ့ဘေးမှာ အမြည်းတမ်း အားဖြည့်ပေးနေတဲ့
အင်ဗာတာကြီး တစ်လုံး ပါနေမှပဲ
လူရော ဂစ်တာရော အသံကျယ်တာမဆန်း….
…….
တင်တင်ရေ့…
နောက်များတစ်ခါလိုက်နိုင်ပါစေနော်….
……
အန်တီနုရေ့….
ဒါ့ပုံကတော့ ကျနော်လည်း လိုချင်နေတာပါ..
ဒါပေမဲ့ ဒါ့ပုံဆြာအသိုင်းအဝိုင်းမှာ သတင်းတစ်ခု
ထွက်နေတာက ဒါ့ပုံတစ်ပုံလိုချင်ရင် ဘီယာတစ်ခွက်နဲ့
ရေးရမယ်ဆိုလား ကြားမိပါတယ်ဗျာ…အာဟင့်…
……
ဟေ့လူဆြာထက် အသာလုပ်ပါဗျာ
blackchaw
May 2, 2012 at 11:16 am
ဝမ်းမြောက်ဝမ်းသာ နဲ့ ဖတ်သွားပါတယ်
ဆရာကမ်းရေ။
ပြေးပြီဗျို့…။
ဆူး
May 2, 2012 at 11:30 am
အလှူကို ရောက်တော့ ရွာသားတွေက ဝိုင်းအုံကြည့်နေကြတာ.. အလှူမတိုင်ခင် အလှူခံ ပိုစ်ကို စာရွက်ထုတ်ပြီး ဆရာတော် ကို လူကြုံနဲ့ ပေးထားလိုက်တာ.. ဆရာတော် က အဲဒီ စာရွက်ကို တရွာလုံးကို တအိမ် တရွက်ဝေ ပြီး ဖတ်ခိုင်းထားလို့.. မေလ ၁ ရက်နေ့ မြို့က လူတွေ လာမယ် ဆိုပြိး လာစောင့်နေကြတာလည်း ပါတယ်။
လူထူးလူဆန်းတွေ သိတဲ့ လူတွေ ဘယ်သူပါမလဲ စောင့်ကြည့်နေတာ. ရဲတိုက်ပါတယ် ဆိုတော့ သူတို့ အချင်းချင်း ပြောနေကြတယ်.. ဟုတ်ပါတယ်အေ.. ငါပြောပါတယ် အေ.. တွေ့လား ငါပြောသားပဲ..
သူတို့ ပြောသံ ကြားမှာ ဆက်မပြောပဲ ရယ်ပြီး နားထောင်ပြီး လစ်ထွက်လာခဲ့တယ်။
သူရဇော်
May 2, 2012 at 11:38 am
ကိုကမ်းရေ ကျုပ်တော့ ဒီအလှူပို့စ်လေးတက်လာတော့ ဝမ်းမြောက်ဝမ်းသာဖြစ်မိသားဗျ…….. ကျုပ်တို့ ကတုံးတွေရိုက်ထားတဲ့ပုံကို ကြုံတဲ့အခါ ပေးမယ်ဗျ……. အားလုံး…အားလုံး….အားလုံး….. ခွိခွိခွိ….. မျိုးကြီးအဒေါ် အမျိုးသမီး …………………….
ခင်မင်စေတနာရင်းချာနှင့် သူရဇော်….. ဆင်တူယိုးမှားအတုပအထူးသတိပြုပါ…..
ရောင်ခြည်ခ
May 2, 2012 at 11:38 am
အလှူအတွက် ရေးထားတဲ့ ပို့စ်တွေဖတ်ရတာ ပီတိဖြစ်ရတယ်၊ အခုလို ပျော်ပျော်ရွှင်ရွှင်နဲ့ အလှူပြီးမြောက်သွားတဲ့အတွက် ဝမ်သာမိပါတယ်.. သာဓုလည်း ခေါ်မိပါတယ်..
Khaing Khaing
May 2, 2012 at 11:47 am
ကိုကြီးကမ်း မအိပ်မနေကြိုးစားရေးထားတာလေးကို အားပေးသွားပါတယ်နော် ……… ရှင်မဟာရဌသာရ ရဲ့တောလားလေးဖတ်တုန်းက လိုခံစားသွားရပါဂျောင်း ………
marblecommet
May 2, 2012 at 12:10 pm
သူရ
အဲဒီပုံတွေ ကိုသေချာသိမ်းထား
တစ်နေ့မှာ
ထောင်တန်လာလိမ့်မယ်
…..
ရောင်ခြည်ခရေ့ ဖတ်ရှုအားပေးတာ ကျေးဇူး
…..
ခိုင်ခိုင်ရေ့……
တောလားက အများကြီးရေးချင်ပါတယ်
ဒါပေမဲ့ လူက လိုက်နိုင်သလောက်နဲ့ ရပ်လိုက်ရတာပါ
ခင်တဲ့….
့စိန်ဂဒုံး ဂိုးဏ်သား
kyeemite
May 2, 2012 at 1:49 pm
ကိုကမ်းကြီးရေ…အိပ်ရေးပျက်ခံ အပင်ပန်းခံပီးရေးသားချယ်မှုံးထားတဲ့
အလှူသွားတောလားလေးကို အားပါးတရ ဖတ်ရှု့ရလို့ ကျေးဇူးတင်ပါတယ်..
ကိုပေါက်ရဲ့ ကောက်သင်းကောက် စာလွှာလေးကိုလည်းစောင့်ဖတ်ပါမယ်ဗျို့…
လေးစားခင်မင်လျှက်..
ကြီးမိုက်။
မဟာရာဇာ အံစာတုံး
May 2, 2012 at 7:58 pm
ကိုကမ်းကြီးရေ …
ကိုကမ်းနဲ့ ဗြဲသီးနဲ့ ဟိုစက်ကြီးနဲ့ … နဲ့ .. နဲ့ .. 😀
ရိုက်ထားတဲ့ ပုံကို ဒီနေရာမှာ ယူလိုက်ဗျာ …
ကိုကမ်းရဲ့ မေးလ်ကို မသိတော့ ဒီထဲမှာပဲ တင်လိုက်တယ်ဗျ …
ရော့ … အင့် ..
http://myanmargazette.net/wp-content/uploads/2012/05/SAM_1990.jpg
marblecommet
May 3, 2012 at 1:23 pm
ကျေးဇူးပါ ကိုအံဇာရေ့
ကိုဂီ့လို ဘီယာတိုက်စရာမလိုဘဲ
ဒါ့ပုံပေးချင်တဲ့လူများလည်း
ကျနော့် ဒီမေးလ်ထဲကို ပို့ပေးနိုင်ပါတယ်နော်
ဟိဟိ
comewayy.art07@gmail.com