လူလည်ကြီး မောင်ကမ်း
စိတ်ထောင်းလို့ ကိုယ်ကျေတယ် ဆိုတဲ့ မြန်မာစကားပုံတစ်ခုရှိပါတယ်။ ကျွန်တော်ဟာ အကြိမ်ကြိမ်စိတ်ထောင်းပြီး အကြိမ်ကြိမ်ကိုယ်ကျေခဲ့ဘူးပါတယ်။ လူ့ဘဝရဲ့ တောပြောတောင်ပြော နှစ်ကာလမှာ ကျွန်တော်ဟာ အလဲလဲအပြိုအပြိုနဲ့ မိသားစု သံယောဇဉ်ဘဝက ခွဲထွက်ပြီး တစ်ကိုယ်ကျင်လည် လျှောက်လှမ်းခဲ့ရတဲ့ သက်တမ်းမှာ ထိထိခိုက်ခိုက် ခံခဲ့ရ ဖြစ်ခဲ့ရတာလေးကို အခုရေးချင်စိတ်တွေ ပေါက်လာမိပါတယ်။
ရန်ကုန်ဟာ စစ်မြေပြင်လို့ ကဗျာဆရာ တစ်ယေက်က ညွှန်းပါတယ်။ ဟုတ်ကဲ့ . . .ရန်ကုန်ဟာလည်း စစ်မြေပြင်ပါပဲ။ ဘဝဟာလည်း စစ်မြေပြင်ပါပဲ။ ကျွန်တော်တို့ဟာ လူ့ဘဝရဲ့စစ်မြေပြင်မှာ ကောင်းမြတ်သောဗျူဟာများကိုကျင့်ကြံအားထုတ်ရင်း တိုက်ခိုက်နေရသလို့၊ တစ်ချို့များလည်း ယုတ်ညံ့တဲ့ဗျူဟာကျမ်းကြီးများကို အားကိုးပြီးဖြတ်သန်းသွားကြပါတယ်။ လူ့ဘဝရဲ့ အနိဌာရုံနဲ့ က္ကဌာရုံမှာ ကျွန်တော်ကြုံခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတဲ့ အနိဌာရုံများကို မှတ်မှတ်ဖြစ်လာ ပြောချင်လာပါတယ်။
အပေါ်က ကျွန်တော်ညွှန်းဆိုခဲ့တဲ့ ကဗျာဆရာကပဲ နောက်ထပ်ညွှန်းဆိုချက်တစ်ပုဒ်ကို သူ့ကဗျာထဲမှာဒီလိုရေးပါတယ်။ စိုင်းဝင့်မြင့်ထင်ပါတယ် (မှားခဲ့ရင်ခွင့်လွှတ်ပါခင်ဗျာ)သူက
မိသားစုဆိုတာ ဘောလုံးအသင်းတစ်သင်းလိုပဲလို့ ဆိုပါတယ်။ ရှင်သန်ရပ်တည်ဖို့အတွက် တစ်သင်းလုံးတက် တစ်သင်းလုံး ဆင်း ကစားနေရတာပါတဲ့။ ဟုတ်ပါတယ် ကျွန်တော့် မိသားစုကလည်း တစ်သင်းလုံးတက် တစ်သင်းလုံးဆင်းစနစ်နဲ့ ကျွန်တော်တို့လူလားမြောက်လာခဲ့ရသလို လူလားမြောက်ပြီး နောက်ပိုင်း မိသားစုဘဝက ခွဲခွာပြီးတစ်ယောက်တည်းဖြတ်သန်းရတဲ့ဘဝမှာလည်း ကျွန်တော်တစ်ယောက်တည်း တစ်သင်းလုံးတက် တစ်သင်းလုံးဆင်း ကစားခဲ့ရတဲ့အခါ ကျွန်တော်ရင်ဆိုင်ခဲ့ရ၊ ခံခဲ့ရ၊ ကျွန်တော်ပေးဆပ်ခဲ့ရ၊ ရဲရင့်ခဲ့ရတာတွေကို အခုအချိန်မှာ ဆွေးဆွေးမြေ့မြေ့ထိခိုက်ခံစားနေရတယ်။
တစ်ခါသားက ကျွန်တော်တို့ဟာ အခုလို အင်တာနက်ကွန်ယက်မတိုင်မီ၊ မသုံးခင်အချိန်က စာရေးသူ၊ စာရေးသူချင်း၊ စာရေးသူ၊စာဖတ်သူချင်း ကလောင်မိတ်ဆွေ (ပင်းဖရင့်)ဆိုတဲ့ ဘဝတစ်ခုမှာ ကျင်လည်ခဲ့ရဘူးပါတယ်။ ကျွန်တော့်မှာ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က မိတ်ဆွေများစွာရှိခဲ့ဘူး အပြန်အလှန်ကလောင်မိတ်ဆွေများအဖြစ် ဆက်သွယ်ခဲ့ကြ၊ ရင်ဖွင့်ခဲ့ကြ၊ ကူညီခဲ့ကြ၊ အခုမန်းဂေဇက်မိတ်ဆွေများ တွေ့ကြသလို ဆက်သွယ်တွေ့ဆုံကြခဲ့ဘူးတယ်။ ကျွန်တော့်မှာ အပြန်အလှန်ရေးထားတဲ့စာတွေ ကျွတ်ကျွတ်အိပ်ကြီးနဲ့ တစ်အိပ်စာရှိခဲ့တယ်။
အဲလိုနဲ့ နယ်မြို့တစ်မြို့က ကျွန်တော်နဲ့ သိနေတဲ့ လူငယ်လေးတစ်ယောက်ဟာ ရန်ကုန်ကို ရည်ရွယ်ချက်နှစ်ခုနဲ့ဆင်းချလာပါတယ်။ နယ်မှာတော့ ဒီလူငယ်လေးရဲ့ မိဘတွေဟာ မြို့မျက်နှာဖုံး ကြေးရတတ်များ ဖြစ်တာပေါ့။ လူငယ်လေးရဲ့ ပထမ ရည်ရွယ်ချက်က ဘိန်းစွဲနေတာကိုဖြတ်ဖို့ပါ။ ဟိုမှာက သူတို့ဟာဆိုင်ကယ်တစ်စီးနဲ့ အိမ်ကထွက်ပြီးဆိုရင် ဘိန်းသွားသွားထိုးတတ်ကြပါသတဲ့။ လစ်ပိုပုလင်းခွံနဲ့ တစ်ဖုံးဆိုရင် ပိုက်ဆံသုံးထောင်ပေးရတယ် ပေါပေါများများ ထိုးလို့ရတယ်ဆိုတော့ အနှီသဌေးသားကလေး ဘိန်းစွဲဖို့ဆိုတာ မခက်ဘူးပေါ့။ ဒီတော့ လူကပိန်လာ အရပ်ကသိလာတဲ့အခါကျတော့ သူ့မိဘနဲ့ တိုင်ပင်ပြီးတော့ ရန်ကုန်ကိုဆင်းချလာပါတယ်။ အဲဒါက ပထမရည်ရွယ်ချက်။ ဒုတိယရည်ရွယ်ချက်ကတော့ ရန်ကုန်မှာ ဂီတသီအိုရီများသင်ကြားရင်း သီချင်းရေးမယ်။ စာရေးမယ်ပေါ့။ သူက အဲဒီအချိန်ကတည်းက နယ်ကနေ မက်ဂဇင်းများကို ဝတ္ထုအချို့ ကဗျာအချို့ ရေးနေ ပို့နေတဲ့ ကာလပေါ့လေ။
ဒီတော့ သူရန်ကုန်ဆင်းလာလာချင်း ကျွန်တော်က သွားကြိုရပါတယ်။ သူက လိုင်းကားလည်း မစီးတတ်ဘူး။ ဗြုန်းကနဲဆို စကားလည်း ထစ်တယ်။ စရောက်တုန်းက သူသင်တန်းသွားဖို့ လိုင်းကားစီးတဲ့အခါ စပါယ်ယာကို ပိုက်ဆံပေးတော့ စပါယ်ယာက ဘယ်လဲလို့မေးရင် ထစ်နေပြီးတော့ ရှက်ရှက်နဲ့ ဂိတ်ချုံးလို့ အော်တတ်ပါတယ်။ နောက်တော့ သူ့ကို ဆင်းမဲ့မှတ်တိုင်ကို ပြောတတ်အောင်နှုတ်တိုက်ကျက် သင်ကြားပေးရပါတယ်။ သူကတော့ ငါးဆယ်လောက်တန်မယ့် ခရီးကို ဂိတ်ဆုံး လို့ပြောတဲ့အတွက် နှစ်ရာနဲ့အတန်တန်စီးခဲ့ရတဲ့လူပါ။ သူရန်ကုန်ကို ရောက်ရောက်ချင်း အဆောင်ရှာပေးရပါတယ်။ ဆောင်းတွင်းဖက်ဆိုတော့ သူ့အတွက် စောင်၊ ခေါင်းအုံးတို့ကို ကျွန်တော့်အိမ်က ယူပေးရပါတယ်။ ရေသန့်ဗူးကအစ စပေါ်တင်မှာပေး၊ အဆောင်ပိုင်ရှင်နဲ့ မိတ်ဆက်ပေး၊ ဂီတသင်တန်းကျောင်းကို လိုက်အပ်ပေး၊ သူတီးမယ့်အော်ဂင်ကို ဗိုလ်ချုပ်ဈေးမှာလိုက်ဝယ်ပေးတာကအစ ကူညီပေးရတယ်။ နောက်တော့သူက နည်းနည်း လည်လည်ဝယ်ဝယ်ဖြစ်လာပြီ။ နေသားကျလာပြီ။ ကျွန်တော်နဲ့လည်း ပိုမိုခင်ခင်မင်မင်ဖြစ်လာပြီ။ ကျွန်တော့်ကိုလည်း ရဲရဲတင်းတင်းဆက်ဆံလာပြီလို့ဆိုရမှာပေါ့။
တစ်နေ့မှာ သူက အဆောင်မှာ မနေချင်ဘူးကွာ။ ငါတို့ သန်လျှင်ဘက်မှာ အိမ်သွားငှားနေရအောင် မင်းလိုက်နေပေးဆိုလို့ ကျွန်တော့်အိမ်ကို စွန့်ခွာပြီး သူနဲ့ကျွန်တော်ဟာ အောင်ချမ်းသာ ရပ်ကွက် တောစပ်ကလေးက အိမ်တစ်လုံးကို ငှားခဲ့ကြပါတယ်။ ထိုစဉ်တုန်းကတော့ အဲဒီအိမ်ကလေးဟာ လွန်ခဲ့တဲ့ လအနည်းငယ်က လင်မယားနှစ်ယောက် ဆွဲကြိုးချပြီးသေဆုံးခဲ့ဘူးတယ်ဆိုတာကို ကျွန်တော်တို့မသိခဲ့ဘူးလေ။ ကျွန်တော်တို့ဟာ အဲဒီအိမ်ကလေးမှာ နေထိုင်ချက်ပြုတ်စားသောက်ရင်း ညဖက်ဆို စာရေး သူက ဂစ်တာအော်ဂင်တီး နေ့လည်ဆို မြို့ထဲဆင်းစာမူပို့ စာမူခ ထုတ်စရာရှိရင်ထုတ်ပြီးတော့ ညနေပြန်လာ ဈေးဝယ်ချက်ပြုတ်စားသောက်ပေါ့။ ဒါက နိစ္စဓူဝဖြစ်စဉ်ပေါ့။
ရွာထဲက မိတ်ဆွေများကတော့အတော်များများက တစ္ဆေဆိုတာကို ယုံကြမယ်မထင်ဘူး။ ကျွန်တော်ကော ယုံသလားဆိုတာကိုလည်း မပြောတတ်ဘူးဗျ။ တစ်ရက်သားမှာ ကျွန်တော်တို့နှစ်ယောက်ဟာ မြို့ထဲပြန်လာတာ နည်းနည်းနောက်ကျပါတယ်။ ရှစ်နာရီလောက်မှ အိ်မ်ကိုရောက်ကြတယ်။ ထမင်းတော့အပြင်က စားလာကြတဲ့နေ့ပေါ့ဗျာ။
ကျွန်တော်တို့ ငှားနေတဲ့ အိမ်ကလေးက ရွာလယ်အိမ်တန်းတွေရဲ့နောက်ကျောက လယ်ကွင်းပြင်စပ်မှာပါ။ အိမ်ကလေးမှာ အထဲက အိပ်ခန်းရယ်။ ဧည့်ခန်းရယ်ပဲရှိတယ်။ ပြီးရင် တစ်ခုတည်းသော တံခါးမကြီးပေါ့။ အဲဒီတံခါးမကြီးကိုအပြင်သွားရင် သံကြိုးသော့ခလောက်နဲ့ လုံလုံခြုံခြုံပိတ်လို့ရပါတယ်။ ဧည့်ခန်းခေါင်းရင်းမှာတော့ ဘုရင်းစင်ပေါ့။ ကျွန်တော်က တစ်ပတ်တစ်ကြိမ်ပဲဘုရားပန်းကိုလဲနိုင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ အိမ်မှာ လျှပ်စစ်မီးမရှိတဲ့ အတွက် ဖယောင်းတိုင်ကိုအားကိုးရပါတယ်။ အဲဒီနေ့က သူနဲ့ကျွန်တော်ဟာ မြို့ထဲက အနည်းငယ်ရီဝေဝေနဲ့ပြန်လာကြပါတယ်။ မပါမဖြစ်ထည့်ပြောတာပါ။ အနည်းငယ် ဆိုတဲ့ ဝိသေသကလည်း အမှန်အကန်ကို အနည်းငယ်ပဲရီဝေတာပါခင်ဗျ။ ပြန်ရောက်တော့ သော့ခလောက်ကို ဖွင့်အထဲကိုဝင် ဂျက်ကိုပြန်ထိုးပြီးတော့ ဖယောင်းတိုင်ထွန်းပြီး ဘုရားမီးပူဇော်ပါတယ်။ ပြီးတော့ ဘုရားမီးငြိမ်းတော့နှစ်ယောက်သား မောမောပန်းပန်းနဲ့စောစောစီးစီးအိပ်ရာဝင်ကြတယ်။ အိပ်ရာထဲရောက်လို့ မအိပ်ခင်နှစ်ယောက်သား စကားတပြောပြောနဲ့နေတုန်းမှာ ဘုရားစင်ပေါ်ဘက်ကနေ တစ်အိမ်လုံး သိမ့်သိမ့်တုန်သွားအောင် ဝုန်းကနဲခုန်ချသံကြီးကြားလိုက်ရပြီးတော့ ဒုန်း ဒုန်း ဒုန်း နဲ့ တံခါးမကြီးဆီ လျှောက်သွားပြီး တံခါးဂျက်ကို ဒိုင်းခနဲဖွင့်ပြီးဆင်းချသွားတယ်ခင်ဗျ။ နှစ်ယောက်သား ဆံပင်ကိုထောင်သွားတဲ့ အဖြစ်ကိုအခုထိမှတ်မိနေတုန်းပါပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ပြတင်းပေါက်လည်းမရှိတဲ့ ဒီအိမ်မှာ လူတစ်ယောက်လုံးရောက်နေတယ်ဆိုရင်တောင် ဖယောင်းတိုင်မီးရောက်အောက်မှာ ပုန်းနေစရာဆိုလို့ ယပ်တောင်တစ်ချပ်တောင်မရှိဘူးလေ။ နှစ်ယောက်သား ဖယောင်းတိုင်ပြန်ထွန်း၊ ဂစ်တာကြီးကောက်ကိုင်ပြီး မရဲတရဲနဲ့ဧည့်ခန်းကိုသွားကြည့်တော့ တံခါးပေါက်ဟောင်းလောင်းပွင့်နေရုံကလွဲလို့ ဝိုးတဝါးလရောင်အောက်မှာဘာမှ မရှိပကတိ။ အဲဒီညကတော့ ကျွန်တော်တို့ဟာ ငုတ်တုတ်ထိုင်ရင်းမိုးလင်းခဲ့ရသလို နောက်များဆိုရင်လည်း တစ်ယောက်ယောက်အကြောင်းမသင့်လို့ မြို့ထဲမှာ အိပ်ဖြစ်ရင် နောက်တစ်ယောက်လည်း အဲဒီအိမ်မှာတစ်ယောက်တည်းမအိပ်ရဲကြတော့ပါဘူး။
နောက်တော့ သူဌေးသား ကိုယ်တော်လေးရဲ့ ရင့်သီးမှုတွေဟာ တစ်စထက်တစ်ပိုမို ကြမ်းတမ်းလာခဲ့ပါတယ်။ သက်သက်မဲ့ အဖြည့်ခံလိုက်လုပ်ပေးနေတဲ့ ကျွန်တော်ဟာ တစ်စစစိတ်ထိခိုက်လာတဲ့အခါ သူနဲ့ တရားဝင်လမ်းခွဲစကားဆိုပြီး ထိထိခိုက်ခိုက်နဲ့ အိမ်ပြန်လာခဲ့ရတဲ့ ရက်ဟာ ဘဝမှာ မေ့မရတဲ့ ရက်တစ်ရက်ပါပဲ။ ဆရာကြီးရွှေဥဒေါင်း စကားနဲ့ပြောရပြန်ရင်လည်း ဆူးတစ်ချောင်း ပေါက်ခဲ့ရတာပေါ့ဗျာ။
နောက်ထပ်လည်း ကျွန်တော်ဟာ လူတစ်ဖက်သားအတွက် မိုက်မိုက် ရူးရှုးပြုခဲ့ဖူးတာတစ်ခုလည်း ရှိပါသေးတယ်။ နေထိုင်ရပ်တည်ရှင်သန်ရေးအတွက်။ ကဗျာဆရာဇနီးမောင်နှံကို ကျွန်တော်ပိုင်ဆိုင်တဲ့ လေရူးသုန်သုန်အစ၊ ဆရာနတ်ရဲ့ မြန်မာပြည်မြောက်ပိုင်းအလယ်၊ တာရာမင်းဝေ ထွက်သမျှစာအုပ်များ အဆုံးကို ပန်းဆိုးတန်းမှာ တစ်ဝက်ဈေးနဲ့ရောင်းချပြီး ကူညီခဲ့ရသလို နောက်ဆုံးမှာပြန်ရခဲ့တာကလည်း နယ်က ကိုယ်တော်လေးရဲ့ ဆက်ဆံရေးမျိုးပါပဲ။ ကိုယ်ပိုင်ငွေလေးနဲ့ စုခဲ့တဲ့စာအုပ်တွေကို စာဖတ်ငတ်တဲ့အချိန်ကျရင် လွမ်းလွမ်းဆွေးဆွေးဝမ်းနည်းနမြောမိရသလို ကိုယ့်ရဲ့ ပျော့ညံ့အားနာတတ်တဲ့စိတ်ကိုလည်း အားမလိုအားမရဖြစ်မိရတယ်။
တစ်ခါသားက ကျွန်တော်ဟာ ကုမ္ပဏီတစ်ခုရဲ့ နယ်အရောင်းသမားခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ဘူးပါတယ်။ နယ်ခရီးတစ်ခေါက်ထွက်ရင် လဝက်လောက်ကြာမယ်။ ပိုက်ဆံကို သိန်းရာဂဏန်းအတော်များများနဲ့ စာရင်းချုပ်ရတဲ့ ပုံစံမျိုး။ ကျွန်တော့်ကားမှာ ချာတိတ်လေးတစ်ယောက်ပါလာတယ်။ သူက ရိုးသားတယ်။ အသောက်အစားကင်းတယ်။ ဘုရားတရားကြည်ညိုတဲ့ဆရာလေး။ ဒီလိုနဲ့ တစ်ခေါက်သော ခရီးမှာကျွန်တော်က သူ့ကို ငွေစာရင်းကို ယုံယုံကြည်ကြည်နဲ့ ကိုင်ဖို့ တာဝန်ပေးလိုက်မိပါတယ်။ နောက်ဆုံး ခရီးစဉ်ပြီးတော့ စာရင်းချုပ်တော့ ငွေငါးသိန်းကွာတဲ့ကိစ္စမှာ ခေါင်းဆောင်ဖြစ်တဲ့ ကျွန်တော်က လျှော်ပေးလိုက်ရပါတော့တယ်။ ကျွန်တော်တို့အလုပ်လုပ်တဲ့ ကုမ္ပဏီက တစ်သွေးတစ်သံတစ်မိန့်ကုမ္ပဏီဗျ။ ကားသမား တစ်ယောက် ဆီတစ်ဂါလံ ခိုးရောင်းတာကို သူဌေးမိသွားလို့ ထောင်ချပစ်တဲ့ ကုမ္ပဏီဆိုတော့ ကျွန်တော့်မှာ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ အဲဒီကတည်းက ကျွန်တော်ဟာ စိတ်နာပြီးတော့ ကုမ္ပဏီလောကကိုလမ်းခွဲခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ မူလ လက်ဟောင်းစာပေလောကကို ပြန်ရောက်လာပြန်ရင်း စာသမားတွေနဲ့ပြန်တွဲရပြန်တာပေါ့။ ဒီလိုနဲ့ ညီအစ်ကို ခင်တဲ့ အဖွဲ့တစ်ဖွဲ့ရှိလာခဲ့ပြန်ပါတယ်။ တစ်ခါသား ကျွန်တော်ဟာ တိုက်ခန်းတစ်ခန်းငှားနေရင်း အဲဒီသူငယ်ချင်းများနဲ့ နေပါတယ်။ အဲဒီ သူငယ်ချင်းလေးယောက်က ညီအစ်ကိုတွေပါ။ ကျွန်တော်က လုပ်ငန်းတစ်ခုမှာ အလုပ်သင်စ၊ နောက်သူငယ်ချင်းတစ်ယောက်က ကလည်း ကျွန်တော်အပါအဝင် မီဒီယာပရိုဂရမ်တစ်ခုအတွက် ပလန်ဆွဲနေကြတဲ့ကာလတစ်ခုဖြစ်ပါတယ်။ ခက်တာကအဲဒီ လေးယောက်ထဲမှာ အလုပ်မရှိသေးတဲ့ သုံးယောက်က ရပ်ကွက်ထဲက အရက်ဂျိုးတွေကို အိမ်ပေါ်ခေါ်တင်ပြီးနေ့နေ့ညညမနက်မနက် အချိန်ပြည့်အရက်သောက်ကြပါတယ်။ ကျွန်တော်နဲ့ နောက်အလုပ်လုပ်တဲ့သူငယ်ချင်းကရသလောက်ပိုက်ဆံကို သူတို့စားသောက်ဖို့ ထောက်ပံ့ရပါတယ်။ ကျွန်တော်က အိမ်မှာအိပ်ရတဲ့ရက်ကနည်းတယ်။ အလုပ်မှာအိပ်ရတယ် ။ မိုးလင်းရင်ပြန်လာပိုက်ဆံပေးပေါ့။ ဒီတော့ သူတို့က ပိုလွတ်လပ်တယ်။ ဟိုသူငယ်ချင်းကလည်း ရုံးမှာပဲအိပ်ပြီး ပိုက်ဆံကို သူ့ဆီက သွားယူရတယ်။ ကျွန်တော်က တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီးတော့ ညဖက်ပဲသောက်ကြပါတယ်။ ကျွန်တော်ရှာပေးပါ့မယ်ပေါ့။ ရပ်ကွက်ထဲကလည်း ကျွန်တော့်ကို ဝိုင်းတိုင်ကြတယ်။ တိုက်ခန်းဆိုတော့ သူတို့မူးပြီးဖနောင့်နဲ့ပေါက်၊ အော်ဟစ်လို့ အောက်က ခလေးတွေ လန့်ပြီး အိပ်မရဘူး။ ကျွန်တော်နေ့တိုင်းတောင်းပန်ပေမဲ့ မရတဲ့တစ်နေ့မှာ ကျွန်တော်ဟာ အိမ်ကို နံနက် ခြောက်နာရီလောက်မှာ အလုပ်ကရောက်လာပါတယ်။
သူတို့က ဝိုင်းကောင်းနေပါပြီ။ ရီဝေနေကြပါပြီ။ ကျွန်တော်က ကုတင်အောက်က တူကိုယူပြီးတော့ ကျွန်တော့်တီဗွီကို အစိပ်စိပ်အမွှာမွှာဖြစ်အောင်ထုခွဲပြီး ရုံးကိုပြန်လာခဲ့ပါတယ်။ နောတစ်နေ့ အိမ်ပြန်သွားတော့ သူတို့လည်း မရှိတော့ပါဘူး။ အိမ်တံခါးကိုလည်း သော့ခတ်သွားပါတယ်။ ကျွန်တော်တစ်ယောက်တည်းပေါ့။
ဒီလိုနဲ့ တစ်ယောက်တည်း သမားကျွန်တော်က အဲဒီညနေမှာပဲ ရေချိုးခန်းမီးခလုတ်ကိုဖွင့်လိုက်တယ်။ ဆိုရင်ပဲ မီးပန်းတွေ ထွက်ပြီး ဖြုန်းဆို လျှော့ဖြစ်တယ်ဗျ။ လျှပ်စစ်အကြောင်းဆို နကန်းတစ်လုံးမသိတဲ့ကျွန်တော်ဟာ အိမ်ကိုမိတ်ဆွေများလာရင် အဲဒီခလုတ်ကိုမသုံးမိအောင်ကာကွယ်တဲ့အနေနဲ့ ခလုတ်ကိုမဖွင့်ဖို့ စာရေးပြီးကတ်ထားလိုက်ပါတယ်။ နောက်တစ်ခါ မိတ်ဆွေတစ်ယောက်လာလို့ ယောင်ပြီး အဲခလုတ်ကိုဖွင့်ပြန်ရင်လည်း လျှော့ဖြစ်ပြန်တယ်။ ကျွန်တော်က အပြင်ထွက်ရင်တော့ တံခါးဝမှာမိန်းချပြီး စာကပ်ထားပြီး ကိုယ့်ကိုယ်ကိုယ်သတိပေးထားတယ်။ ဒါကြောင့် မိန်းချပြီးမှ အပြင်ထွက်တယ်။ အလုပ်အားတဲ့တစ်ရက်မှာ မီးသမားတစ်ယောက်ကို အိမ်ကိုခေါ်ပြီးတော့ ပြင်ခိုင်းတဲ့အခါကျတော့မှ တစ်အိမ်လုံးမှာ ရှိတဲ့ ဝါယာတွေကို လိုက်စစ်လိုက်တဲ့အခါ အကုန်လုံး ပေါက်ပြဲနေပါပြီ။ သူပြောပုံအရဆို ဓာတ်လိုက်မီးလောင်ဖို့နည်းနည်းပဲလိုတော့တယ်တဲ့။ ဒီလိုနဲ့ ပြသနာရင်းမြစ်ကို လိုက်တဲ့အခါ ရေချိုးမီးလုံးရဲ့ အထဲက ဓာတ်ကြိုးကို ခိုချေးလို လိမ်ကျစ်သွားတာကို တွေ့လိုက်ရပါတယ်။ ရိုရိုကျိုးကျိုးထွက်သွားတဲ့ နော်တော်တွေဟာ ရွာသောက်ရေကန်ကို အဆိပ်ခပ်ပြီး ကျွန်တော့်ကို ထောင်ထဲ ထည့်ခဲ့ခြင်းပါပဲ။ ကျွန်တော့်ကို သူတို့ ထိပ်တိုက်ရင်မဆိုင်သွားကြဘူးလေ..။ အခုတစ်လော…ဘဝကို ဆင်ခြင်ကြည့်မိတယ်…။
ကိုယ့်ရဲ့ အားနည်းတဲ့စိတ်၊ ဘာဆို ဘာမှ အရောင်မထားတဲ့စိတ်၊ ကိုယ့်အတွက် ပြန်မကြည့်တဲ့စိတ်ကို မုန်းမိတယ်…။ ကျွန်တော့်မှာလည်း ထိခိုက်ရတဲ့ ဆူးတွေ များလွန်းနေပါပြီ။ ကျွန်တော်ကြောက်တတ်နေပါပြီဗျာ…..။
အခုကျွန်တော့်ပို့(စ်)ကို အဆုံးသတ်ပါတော့မယ်။ ကျွန်တော့်စာကို ဖတ်ပြီး မိတ်ဆွေတို့ ဘာမှလည်းမရဘဲ စိတ်ထိခိုက်ကြမယ်ဆိုရင် အားလုံးကို တောင်းပန်ပါတယ်ဗျာ…..
လေးစားလျက်…..
လူလည်ကြီး
မောင်ကမ်း…..
27 comments
htet way
May 5, 2012 at 6:09 pm
မိတ်ကောင်းဆွေကောင်း ဆိုတာ တော်တော်ရှားပါတယ် ဆရာ
တစ်နေ့တွေ့လာမှာပါ မတွေ့ခင် သတိရှိနေပါလို့
ခေးဆိုတာ အဘိဓါန်မှာရှာကြည့်တာ မတွေ့မိပါကြောင်း
ပါဋ္ဌိလားသက္ကထလား ပျူလား မွန်လား …ဒေသိယစကားလား ရှင်းပြစေချင်ပါတယ် (စကားချပ်)
marblecommet
May 5, 2012 at 6:19 pm
ဒီပို့(စ်)က Khayy အကြောင်းမဟုတ်ဆြာရဲ့..
ကျနော့်ရဲ့ အနာတရ ဖြစ်ပုံပါဗျာ….
ဗိုက်ကလေး
May 5, 2012 at 6:26 pm
ကျေးဇူးကန်းတယ်လို ့ခေါ်တာပေါ့ ကိုကမ်းရာ
တစ်ချို ့ကောင်တွေက သန္ဓေကို ယုတ်တာ..
အဲလိုဟာတွေနဲ ့ စောစောစီးစီး ခွာပြဲတာ မောင်ကမ်း ကံကောင်းတယ်မှတ်ဗျ
နောင်အခါ မကြုံရအောင် မောင်ကမ်း စာတတ်ဖို ့လိုတယ်…မောင်ကမ်း..စာများများသင်ပါ.
အူးဗိုက်ကလေး သင်ပေးရမလား..
ကြော်နည်း လျှော်နည်း လှော်နည်းတွေ.ဘီအီးတော့ အဝတိုက်ရမယ်ဗျ
😀
marblecommet
May 5, 2012 at 6:30 pm
ဟုတ်တယ်ဗျာ
ကျနော် လှော်ချင်ဖြုတ်ချင်ဆွဲချင်ဖြဲချင်လာအောင်
လောကနိယာမက မောင်းများပို့နေရော့သလား ….
ဒါပေမဲ့ တစ်သက်လုံး ဒီသောက်ကျင့်
ကျင့်လာတယ်ဆိုတော့လည်း
အသတ်ခံရမယ်ဆိုတောင် ပြင်လို့မရတော့ပါဗျာ…
aye.kk
May 5, 2012 at 7:03 pm
marblecomment,…
လူတွေရဲ ့စိတ်သဏ္ဌန်များ..
အခက်ထန်ဆုံးသည်…………ဒေါသ
အမောက်မာဆုံးသည်……….မာန
အပူလောင်ဆုံးသည်…………ကါမ
အအေးမြဆုံးသည်……………မေတ္တာ
အန်တီပြောပြချင်တာကကိုယ့်စိတ်ကိုကိုယ်မုံးမိတယ်ဆိုတာ
လေးနဲ ့ပတ်သက်ပြီးအားပေးနှစ်သိမ့်စကားပြောချင်မိပါတယ်
လူမှန်ရင် မုံးချစ်နှစ်တန်ကြားမှာဗျာများကြရပါတယ်ကွယ်….
မေတ္တာရဲ ့ဆန် ့ကျင်ဖက်ဖြစ်တဲ့ဒေါသကင်းနိုင်ရပါမယ်..
ဒေါသကအကျိုးမဲ့ကိုဖြစ်စေတတ်လို ့ခန္တီစ သည်းခံခြင်းသာလျှင်..
ချမ်းသာကိုဖြစ်စေတတ်ပါတယ်။ကိုယ့်ကိုမုံးတဲ့စိတ်ပြေလျှော့သွားနိုင်ဖို ့
ဝိပဿနာရှူ ့မှတ်တတ်ရင်၊ဝိပဿနာရှူ ့ရင်းခန္တီပါရမီတရားဖြည့်ကျင့်ဘို ့လိုအပ်ပါတယ်ကွယ်။
သည်းခံခြင်းခန္တီအားကောင်းလာတာနဲ ့အမျှ ချမ်းသာတဲ့အကျိုးပိုမိုရရှိလာနိုင်ပါတယ်ကွယ်။
မေတ္တာဆိုတာကကိုယ်ကပေးရတာပါ၊မေတ္တာများများထားရှိဘို ့
လိုအပ်ပါတယ်ဆိုတဲ့ကြောင်းပြောပြလိုက်ပါရစေနော်။။
ရွာစားကျော်
May 5, 2012 at 7:06 pm
ကိုကမ်းကြီးရေ
ဟိုး စိတ်ထဲ ခပ်နက်နက်ရောက်အောင် ထိခိုက်ရတဲ့ ဆူးတွေ များလွန်းနေလား…
အရင်တုန်းကလည်း ဆူးခဲ့..
ခုထိလည်း ဆူးဆဲ..
နောက်လာမယ့် နေ့တွေမှာလည်း.. ဆတ်ခနဲ.. တွန့်ခနဲ.. လိမ့်ခနဲ ဆူးကြအုံးမှာများလား…
အတိသဉ္ဖာ နာဂရချစ်သူ
May 5, 2012 at 7:12 pm
ဘဝအမောတွေ ဖြေသာနိုင်ပါစေသောဝ်
TTNU
May 5, 2012 at 7:30 pm
မောင်ကမ်းရေ…
မင်းမိတ်ဆွေတွေ မင်းအပေါ် ရိုက်သွားတာက ဆိုးလိုက်တာနော်။
နံပါတ်တစ် တရားခံက မင်းလေ။
မင်း ဘာပြုလို့ တအားလိုက်လျောတာလဲ။
အတိုင်းအတာ တစ်ခုအထိပဲ ကူညီပါလား။
စေတနာကောင်းတာကို လက်ခံပါတယ်။
လူတိုင်းအတွက် မဖြစ်နိုင်ဘူးလေ။
လူကြည့်ပြီးကောင်းရမှာ ဆိုပေမဲ့လည်း ကြည့်ဖို့ခက်တဲ့
ယနေ့ခေတ်လောကကြီးမှာ ရေစီးကမ်းပြိုမိတာ မင်းအမှား။
ဒါပဲ။ 👿
windtalker
May 5, 2012 at 7:58 pm
အငဲရဲ ့“ခါး” သီချင်း ဗီစီဒီ ရိုက်တာ ကမ်းကြီးအဖြစ်ကို မြင်သွားလို ့နေမှာနော ။
“လူလည်ကြီး ၊ သူတစ်ကယ်တီး….
အူ ငါးဖယ် အမြှီး ၊ ယူကွယ်အမြည်း ။ ”
captainamerica
May 5, 2012 at 8:52 pm
အကို ပို(စ်)ကိုဖတ်လိုက်တာ ရင်ထဲနည်းနည်းမောသလိုခံစားလိုက်ရတယ်။
ကျွန်တော်လည်း ဘဝမှာ ကိုကမ်းကြီးခံစားရသလိုခံစားရတဲ.ကိစ္စလေးတွေတစ်
ချို.ရှိခဲ့ဖူးတယ်။အဲဒီတော့တွေးပီးကိုယ်ချင်းစာပေးလို.ရပါတယ်။
FattyCat
May 5, 2012 at 9:19 pm
ကျုပ်ပြောဖူးပါတယ်…
ဘဝဆိုတာ တိုက်ပွဲ… အလဲလဲအကွဲကွဲရှုံးနိမ့်ပေမယ့် ရပ်မရတဲ့ပွဲ လို့ (အဲဒါပြောတိုင်း ခယ်မဆိုတာလိုက်ပွဲလို့ပြောတဲ့လူတွေကို စိတ်နာတယ်ဗျာ)
ကိုကမ်းရေ… ရပ်လို့တော့မရဘူးဗျာ… အမှားနဲ့ အရှုံးတွေဆီကနေ သင်ခန်းစာနဲ့ နောင်တကို အခြေတည်ပြီး
ရှေ့ဆက်မယ့်လမ်းအတွက် အနာတရတွေဟာ စိတ်ခွန်အားအတွက်အာဟာရတွေဖြစ်ရင်…
ခရောင်းလမ်းကိုလဲ ဖိနပ်မပါပဲလျှောက်နိုင်တဲ့သတ္တိရှိပါလိမ့်မယ်…
ဒါပေမယ့် တစ်ခုကိုတော့မမေ့ပါနဲ့ဗျာ… အလုပ်ဟာကျုပ်တို့ရဲ့အရှင်သခင်မဟုတ်ပေမယ့်… ကျုပ်တို့ဘဝရဲ့လက်တွဲဖော်အစစ်ပါပဲ…
ခင်တဲ့-
ကြောင်ဝတုတ်
မဟာရာဇာ အံစာတုံး
May 5, 2012 at 9:32 pm
ကိုကမ်းကြီးရေ ..
ကိုကမ်းက စာရေးဆရာ လောကမှာ ကျင်လည်နေတဲ့လူ ..
စာရေးဆရာ အသိအကျွမ်းတွေလည်း များတဲ့လူဆိုတော့ ….
ကျနော် တစ်ခုလောက် မေးချင်လို့ပါ ..
ကိုဘုန်းဝေ ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ် မဂ္ဂဇင်းမှာ စာရေးတဲ့ စာရေးဆရာကိုရော သိသလားလို့ ..
အဲဒါလေး …
blackchaw
May 5, 2012 at 10:25 pm
ကမ်းကြီးရေ။
ကိုယ်နားလည်တာကတော့
ဘဝဆိုတာ သင်ယူခြင်းပါပဲ။
ငယ်ငယ်ကလေးဘဝကတည်းက
မတ်တပ်ရပ်နိုင်ဖို့ ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ ဆိုတာနဲ့ သင်ယူရပါတယ်..။
သေဆုံးတဲ့အချိန်ထိ မဆုံးနိုင်တဲ့ သင်ယူမှုတွေနဲ့ပေါ့…။
တစ်ခုတော့ရှိတယ်
သင်ကြားတတ်မြောက်ပြီးသွားရင်တော့
အမှားတွေ မလုပ်ဖို့ အလိုလို သိလာပါလိမ့်မယ်..။
ရှောင်သင့်တာကဘာ ဆောင်သင့်တာကဘာ ဆိုတာကိုလည်း
နားလည်လာပါလိမ့်မယ်…။
ကဗျာဆရာ ကမ်းကြီးကို
လေးစားတဲ့
ကိုဘလက်…။
Foreign Resident
May 6, 2012 at 7:41 am
ကို ကမ်းကြီး ရေ။
ဆရာကြီး လုပ်တယ်တော့ မထင်ပါနှင့် နော် ။
” ကျေးဇူး ကန်းတယ် ” ဆိုတာ ၊
ကိုယ်ကနေ သူ့ဆီကို ကျေးဇူး ပြုမှုတွေ ၊
တော်တော်များများ ပြုဖူးသွားမှသာ ၊
သူက ကိုယ့်ကို ( ပြန်ပြီး ) ကျေးဇူး ကန်း လို့ ရတာပါ ။
စ ကတည်းက ၊ ကိုယ်ကနေ ထဲထဲဝင်ဝင်ကြီး ၊
ကျေးဇူး ပြုမှုတွေ အများကြီး မလုပ်ခဲ့ရင် ၊
သူက ကိုယ့်ကို ( ပြန်ပြီး ) ကျေးဇူး ကန်း လို့ မရတော့ပါဘူး ။
Even ကျေးဇူး ကန်းတာ ခံရရင်တောင်
သိပ် ထိထိခိုက်ခိုက် မ ခံစားရတော့ဘူးပေါ့ ။
အဲဒီတော့ ၊ သူတပါးအပေါ် ကျေးဇူး ပြုမှုတွေကို
တတ်နိုင်သလောက် လျှော့လုပ် ၊ ဒါမှမဟုတ် ၊
သေသေချာချာ ဆင်ခြင် ပြီးမှ လုပ်ပေါ့လေ ။
ကိုယ်က လုပ်ပေးပြီးရင်လည်း မေ့ပြစ်လိုက်ပေါ့ကွယ် ။
အဲဒါဆိုရင် အနဲဆုံး ( ဆူး ထွက်လောက်အောင်တော့ )
ကိုယ် သိပ် မခံစားရတော့ဘူးပေါ့ကွယ် ။
ဆိုးကျိုး အနေနှင့် ကတော့ ၊
အပေါင်းအသင်း နဲသွားမယ်ကွယ့် ။
amatmin
May 7, 2012 at 9:47 am
ကိုကမ်းရေ..
ကျနော့ တော့ကိုကမ်းရေးထားတာကို နားလည်ပေးနိုင်ရင်းးးး..
အပေါ်က အဘဖော ပြောတဲ့ အဖြေလေးကိုနှစ်သက်သွားပါ၏..
အပေါင်းအသင်းမရှိရင် ဂလိုဆိုးကျိုးလဲ ဖြစ်မလာပါဘူး..
အပေါင်းအသင်း ချစ်ခင်ပြန်ရင်တော့ သူတို့ဘေးတဲ့ဒုက္ခ ကိုလည်းချစ်ရမှာပေါ့ လေ..
အပြန်အလှန် နားလည်မှုလွဲတတ်တာတွေကလည်း အသစ်သောဆူးတွေကို.ဖန်တီးပေးနေတယ် ထင်ပဗျာ…
ခင်မင်မှုဖြင့်
water-melon
May 6, 2012 at 8:27 am
ကိုကမ်းရေ
ဘယ်လိုပြောရမလဲဗျာ
တကယ်တော့ အနော့်လဲအဲလိုဖြစ်ဘူးပါတယ်
အနော်က သူငယ်ချင်းတွေကို အရမ်းခင်တတ်တဲ့ အကျင့်ရှိတယ်
ကိုယ့်မှာ များများရှိရှိနည်းနည်းရှိရှိ ဝေမျှချင်တယ်
ဒါကို အခွင့်ကောင်းယူပြီး
ခေါင်းပေါ် အီးတက်ပါတယ်ဗျာ
စိတ်နာတယ်အကိုရေ
အကိုလည်း လျှော့အုန်းနော်
နောက်ထပ်ပြန်ဆုံချင်ပါသေးတယ်
လေးစားတဲ့ ဖရဲမ
ဦးဦးပါလေရာ
May 6, 2012 at 8:40 am
ကိုကမ်းဝေးရေ-
သာမန်အားဖြင့်တော့ ပစ္စည်းတစုံတရာဆိုတာ ဈေးကြီးကြီးပေးရလေ
သတိထားပြီး တန်ဘိုးထားစောင့်ရှောက်ရလေပဲဗျို့..။
ဒါကြောင့် ဘဝမှာ တချို့သင်ခန်းစာတွေကို ဈေးကြီးကြီးပေးခဲ့ရရင်
အဲဒါတွေကို အနာဂတ်အတွက် ဆောင်ဘို့/ရှောင်ဘို့ သတိကြီးကြီးထားမိအောင်
ကိုယ့်အတွက်တန်ဘိုးရှိပါတယ် လို့ပဲ မှတ်ယူလိုက်ပါဗျာ…။
kyeemite
May 6, 2012 at 9:36 am
ကိုကမ်းတစ်ယောက် ဘဝမှာ ပိုမိုအဆင်ပြေစွာလျှောက်လှမ်းနိုင်ဘို့
သင်ခန်းစာတွေပေါ့ဗျာ…ခါးသီးမှု့တွေပီးရင် ချိုမိန်တာတွေ လာလေ့ရှိပါတယ်
တောင့်ထား ဆြာကမ်းရေ့…
ကိုပေါက်(မန္တလေး)
May 6, 2012 at 9:58 am
ကိုကမ်း
ပြောစရာတွေကျန်သေးတယ်လို့ခံစားရပါတယ်
ဆက်ပြောပါအုံးနော်
Khin Latt
May 7, 2012 at 4:03 am
မောင်ကမ်းရေ
ဘဝသံသရာ ဆိုတာ ဒါပါဘဲ။
စိတ်ထိခိုက်စရာတွေကြုံလိုက်၊ နဲနဲစိတ်ပြေသွားလိုက်၊ တစ်ကျော့ပြန်ထိလိုက်နဲ့ ပေါ့။
လူတိုင်းလူတိုင်း မှာ တစ်ကွေ့မဟုတ် တစ်ကွေ့ ပါတ်ဝန်းကျင် ရဲ့ မထင်မှတ်တဲ့ ရိုက်ချက်ပြင်းပြင်း လေးတွေ ကို ကြုံရမြဲပါဘဲ။
အဲလိုတွေ့တိုင်း လက်မြောက် အရှုံးမပေးပါနဲ့။
အဲဒါကို အားအဖြစ်ယူပြီး ကိုယ့် စိတ်ဓာတ်ကို ပိုမြှင့်ပေးလိုက်ပါ။
နောက်ပိုင်း တဖြေးဖြေး နဲ့ အဲဒီရိုက်ချက် တွေက ကိုယ့်ဘဝအတွက် ပိုအဆင့်မြင့်အောင် အခုအခံ လုပ်ပေးတဲ့ လှေခါးထစ် တွေ ဖြစ်လာပါမယ်။
တစ်ခုတော့ ရှိတယ်။
ဘယ်လောက်ဘဲ ရင်းနှီးသူ ဖြစ်ပါစေ။
သူ့စည်း၊ ကိုယ့်စည်း မကျော်အောင် တားနိုင်တဲ့ စိတ်မွေးဖို့ လိုမယ်။
(တကယ်တော့ သူများ ကို ဒီလို ဆရာလုပ်ဖို့က သိပ်လွယ်ပေါ့။
အရီး ကိုယ်တိုင် လဲ လက်တွေ့ဘဝ မှာ ကြိုးစားနေရဆဲပါဘဲ 😉 )
Khaing Khaing
May 7, 2012 at 11:29 am
ကိုယ်ကြီးကမ်းရေ …….ဘဝတူချင်းမို့သိပ်မဝေဖန်ချင်တော့ပါဘူး ……… အကောင်းဆုံးကတော့ လူတွေနဲ့ ကင်းနိုင်ရင် ဒါမျိုးတွေလည်းကင်းနိုင်မယ်လို့ထင်ပါတယ်ဗျာ ……. ညီမကတော့ နောင်တတွေ ဝမ်းနည်းချင်းတွေ တစ်ဗွေ့တစ်ပိုက်ကြီးနဲ့ပါ ………. ဒါပေမယ့် အဲဒါတွေကို အမှိုက်ပုံတစ်ခုထဲကို သွားလွင့် ပစ်ဖို့လုပ်နေပါတယ် ……. ဒါတွေဟာလည်း ကိုယ့်အနားမှာ အကြာကြီးထားလို့မကောင်းတဲ့အရာနဲ့ပါ ဒါကြောင့် ဝေးဝေးကိုသာအမြန်ဆုံးလွှင့်ပစ်လိုက်ပါဗျို့ …………
etone
May 7, 2012 at 11:36 am
ကိုကမ်းကြီးရဲ့ ဘဝအကြောင်းတွေ တသီကြီးဖတ်လိုက်ရပြီး စိတ်မောမိသွားတယ် …။
တကယ့်ကို ဘဝဆုံမှာ ကျင်လည်ခဲ့ရတာသိတော့ …ကိုယ်တိုင်ကြုံနေရတဲ့ အခက်ခဲ ပြသနာလေးက ဘာမှ မဖြစ်စလောက်လေးလိုပါပဲ ။ပို့စ်ဖတ်ပြီး ကျရာနေရာနေရာမှာ အဆင်ပြေသလိုနေတတ်တဲ့ကိုကမ်းကြီးကိုအားကျပြီး နေ့သစ်တွေကို ထိုးဖောက်ဖို့ အားအင်တွေလည်း ရခဲ့ပါတယ် ။ လူတွေရဲ့ အတ္တနဲ့ နောက်ကွယ်က ဒုက္ခပေးတတ်ပုံကိုလည်း ဂရုပြုမိပါတယ် ။ ဆင်ခြင်မှတ်သားရပါတယ် ။ ဒါ့ပြင် အားနာတတ်လွန်းလျှင် နစ်နာသူက ကိုယ်သာဖြစ်တယ်ဆိုတာကိုလည်း ခိုင်ခိုင်မြဲမြဲ ခေါင်းထဲ မှတ်သွားပါတယ်နော် ။ ဒီပို့စ်လေးကို လက်မထောင်သွားပါတယ်နော် … ။
ဆူး
May 7, 2012 at 3:21 pm
ကိုကမ်းကြီးရဲ့ မိတ်ဆွေတွေ အကြောင်းဖတ်ရတာလည်း ရင်မော စရာကြီးပါလား။
R Ga
May 8, 2012 at 3:08 pm
ဗျို့ ဆရာကီး ကမ်း ခင်ဂျား ရင်ဘက်နဲ့ရေးသွားတဲ့ ခံစားချက်တွေကို ကျွန်တော်လည်း ရင်ဘတ်နဲ့ ဖတ်ရှုသွားပြီး ဦးနှောက်ကနေ ဆင်ခြင်သွားတယ်ဗျာ။
ကျွန်တော်လည်း အရင်တုန်းက ဆရာသမားလိုအဖြစ်အပျက်လေးတွေဖြစ်ဖူးတယ်။ အားနားမှု၊ကြောင့် အလိမ့်ခံခဲ့ရတာလည်း အကြိမ်ကြိမ်ပဲ။ နောက်ပိုင်းကျတော့ ခံရပါများလို့လားတော့မသိဘူး။ ကျွန်တော်မှာ အားနားစိတ် တွေ၊သနားစိတ်တွေလျော့ပါးလာတာတွေ့ရတယ်ဗျ.။ နောက် အပေါင်းအသင်းရှားလာတယ်။ အခုမိန်းမရတော့ ပိုတောင်ရှားသွားသေး ။ ဒါကလည်း သူတို့နဲ့ အတူကျွန်တော် လိုက်မကဲနိုင်တော့တာကြောင့်လည်း ပါနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ လက်ရည်တပြင်တည်း ။ တစ်သားတည်း ကျတဲ့ မိတ်ဆွေအပေါင်းသင်းကောင်းတွေလည်းရှိနေပါသေးတယ်။ ဒါပေမဲ့ သူတို့တွေအပေါ်ကိုတော့ ကျွန်တော် ဘယ်တော့ မှ အခွင့်အရေးမယူချင်ခဲ့ဘူး။ သူတို့ကတော့ အတင်းပေးမှ ယူခဲ့ရတယ်။ ဘာပဲပြောပြော…ကျွန်တော်ကဘက်က မတတ်နိုင်မရှိတဲ့ အခါမျိုးဆိုရင်တော့ ဘယ်သူငယ်ချင်းခေါ်ခေါ် မသွား ချင်ဘူး။ သူတို့ကဘယ်လိုစိတ်မျိုးထားထား… ကျွန်တော့်ကိုယ် ကျွန်တော်မလုံလို့ဗျ..။ မဆိမဆိုင် ခင်ဂျားနဲ့ ကျုပ် တစ်နေ့တွေ့ကျမယ်လေ..။
ဘဝမှာ အမှားခပ်များများကလွဲလို့ ဘာဆိုဘာမှ မပိုင်ခဲ့တဲ့ကောင်
အာဂ
marblecommet
May 9, 2012 at 12:21 am
လေးစားရတဲ့…..ဆရာ/ဆရာမများဖြစ်တဲ့
ကိုထက်ဝေး
ကိုဗိုက်ကလေး
အန်တီအေး
ကိုရွာစားကျော်
အတိသဉာနာဂရချစ်သူ
တီချယ်ကြီး
ရဲဘော်ကြီး
ကပ်တိန်အမေရိက
ကိုကြောင်ဝတုတ်
ကိုအံဇာတုံး(ကိုဘုန်းဝေနဲ့ကျနော် လူချင်းမသိပါဗျာ)
ကိုဘလက်ကြီး
အဘဖော
ကိုမတ်
ညီလေး ဖရဲ
ဦးဦးပါ
ကိုကြီးမိုက်
ကိုပေါက်
အရီးလတ်
ညီမခိုင်ခိုင်
မအိတုံ
မဆူး
ဘော်ဒါကြီးအာဂ
ဝေဖန်ထောက်ပြ ဆုံးမ ခံစား နားလည်ပေးကြတဲ့
ချစ်တဲ့ရွာသားများအားလုံး
ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျား…..
လေးစားစွာ
…..
မောင်ကမ်း……
MaMa
May 9, 2012 at 6:10 am
လူလည်ကြီးမောင်ကမ်းဆိုလို့ ဘာတွေများ ပညာယူစရာတွေ့မလဲလို့ ဖတ်ကြည့်ပါတယ်။
ကိုယ်ခံပညာတွေချည်းပါပဲလား။ 😛
စိတ်တော့ မဆိုးနဲ့ ကြားဖူးတာလေး ပြောရရင်…
တစ်ခါခံရရင် လုပ်သွားတဲ့သူအပြစ်
နှစ်ခါခံရရင် ခံရတဲ့သူအပြစ် တဲ့….. 🙁
ကိုယ်တိုင်တော့ မိတ်ဆွေကောင်းတွေနဲ့ပဲ တွေ့လို့လားးးးးးးး
ကိုယ်တိုင်ကပဲ အဆုံးစွန်ထိ သဘောမကောင်းလို့လားးးးးးးးးး မသိဘူး
ဒီကနေ့အထိ တော့ မခံရဖူးသေးဘူး။ 😀
marblecommet
May 9, 2012 at 6:33 am
ဟုတ်ကဲ့ ……..
အန်တီမမခင်ဗျား(အန်တီလို့သာလေးစားမှုနဲ့ခေါ်ရတယ် ကြီးလည်းကြီးသေးဘူး.ဟိ)
အန်တီအဆုံးမသတ်ခဲ့တဲ့ဇဂါးသားပြောမယ်ခင်ည……
သုံးခါခံရရင်သား အသုံးမကျလို့ခင်ဗျ…..အပြစ်ဟုတ်လော့ဝူး
သားက သုံးကြိမ်လည်းဟုတ်လော့ဝူး
ဒါပေမဲ့အန်တီရယ်…..
ဘီလိုပြောရမလဲဆိုတော့
အန်တီတို့ကံကောင်းတာက
အတိတ်ကံပါရမီကောင်းလို့ပဲပြောရမယ်ထင်ပါတယ်(ဘွ….ဘွ …ပါရမီပေါ့)
အခုဘဝမှာလည်း အန်တီမမတို့က
ဆက်လက်ပြီးအလှူအတန်းပြုနေလေတော့……
နောင်လာမယ့် ပါရမီကံမှာလည်း
ဆက်လက်ပြီး မမြင့်လျှင်တောင်မှ မနိမ့်တော့ဘူးလို့
သားသားယူဆမိပါတယ်ခင်ည………
ခင်မင်လေးစားတဲ့
မောင်ကမ်း……