အင်တာနက် ဇာတ်လမ်း (၂)

htet wayMay 7, 20121min26910

တခါ က ကျွန်တော် အင်တာနက် ဆိုင်ကို အေးအေးဆေးေဆေး ထိုင်မယ်ဆိုပြီး အိမ်မှာကတည်းက ဆုံးဖြတ်ချက် ချပြီး ကျောက်ချထိုင်လိုက်မိတယ်။ ကျွန်တော်ဘေးမှာက နိုင်ငံခြား ဖုန်းပြောတဲ့ လူ တစ်ယောက် ရောက်လာတယ်။ ဖုန်းခေါ်ခိုင်းလို့ ဆိုင်ရှင် က ခေါ်ပေးတယ်။
လူရွယ်။ ဟလို မိစမ်းလား အခြေအနေကောင်းလား …
မိစမ်း။ ………………………
လူရွယ်။ အေး မိစမ်း နင် ပြီးတဲ့ အပတ်က ငွေပို့တာ တစ်သသိန်းခွဲထဲပို့ပါလား ငါတို့ မှာ နင့်အမေကို ကျွေးရမွေးရ ဆေးကုသရနဲ့ ဒီ အပတ်တော့ များများပို့ပါ။
မိစမ်း။ ………………….
လူရွယ်။ ဟေ..အိမ်ထောင်ပြုမလို့ ဟုတ်လား နင် မှာ အမေရှိတယ်လေ။ နောက် ပြီး နိုင်ငံခြားထွက်ချင်လို့ ကြွေးတွေယူခဲ့တာလည်း ငါမဆပ်ရသေးဘူး။နင် အိမ်ထောင်မပြုရဘူး ..နင်နော်မိစမ်း နင့်ကို ငါ အိမ်ထောင်ကျကတည်းက နင့်အမ ထက်တောင် ဂရု စိုက်တာ ….နင်..။
ကိုယ့်ဆရာရေ ခဲအို ထင်ပါတယ် ပြောနေရင်း စကားမှားသွားတာ သတိရလို့ တောင်ကြည့် မြောက်ကြည့်နဲ့ ပြီးတော့ ငွေပို့ဖို့ပဲ ထပ်တလဲလဲပြောနေတယ်။ ကျွန်တော်လည်း ကိုယ့် ဖတ်နေတဲ့ သစ်ထူးလွင်က သတင်းတွေ အာရုံ စိုက် ဖတ်နေတုန်း
ဟလို ..ကြားလား အချစ်လေး ကြားလား ဟလို …
ဘေးက ကောင်လေးတစ်ယောက် ဂျီတော့ က နေဖုန်းပြောနေပါတယ်။ တစ်ချက် တစ်ချက် အသံပျောက် သွားပုံ ရတယ် ကိုယ့်ဆရာရေ့ သူ့ ခမျာ ဟလို ကြားလား ဆိုတာ လုပ်နေရတယ် နားမှာလည်း နားကြပ် တပ်ထားတော့ သူ့ အသံ သူပြန် မကြားနိုင်ဘဲ အကျယ်ကြီးပြောနေတယ်။
အချစ်လေး လွမ်းတယ် အချစ်ရယ် လွမ်းတယ်ဆိုတာ သတိရတာပေါ့ သတိရတိုင်း ပန်းပွင့်ကြေးဆို ကမ္ဘာမြေတစ်ခုလုံး ပန်းတွေ ဖုံး…ဟလို ကြားလား ..ဟလို ကြားလား အင်း ပန်းတစ်ပွင့်စီ ပုံမယ်ဆိုရင် မင်းတို့ ရှမ်းနယ်က ပန်းတောင်တန်းကြီး အဲ ..ရှမ်းတောင်တန်းကြီးက လွမ်းရောင်သန်းတဲ့ ပန်းတောင်တန်းကြီး ဟလို ကြားလား..ဟလို ..အကိုရေ လုပ်ပေးပါအုံးကော်နက်ရှင်ကျတာလားမသိဘူး ဟလို ..ဟလို ကြားလား
ကိုယ့်ဆရာရေ့ သူ့ ခမျာ အားမလို အားမရနဲ့ ကော်နက်ရှင်ကိုပဲ မကျေနပ်တာလား ဆိုင် ပိုင်ရှင်ကိုပဲ မကျေနပ်တာလား တောက် တခေါက်ခေါက်နဲ့ ။ဒီလိုနဲ့ ကျွန်တော်လည်း mandalay gazette myanmar
မှာကဗျာတစ်ပုဒ်ရေးမယ်ပေါ့ ။ ကဗျာခေါင်းစဉ်လေး စဉ်စားပြီးရိုက်တင်လိုက်တယ်။ ပွင့်ခြောက်တွေပေါ်က ရင်ခုန်သံစစ်ဂီတလို့ရိုက် လိုက် တယ်ဆိုရင်ပဲ
တောက် လူပါးဝတာ မိုက်ရိုင်းတာ … ဘလော့ လုပ်ချင်လို့(block) အကိုရေ လာပါအုံး ဒီမှာ ဘလော့ လုပ်ချင်လို့ သောက်ကောင်က လူပါးဝတာ ဒီလူ သိတယ် ဟိုဘက်ဆိုင်ကနေ လုပ်နေတာ သူ့ အကောင့်
မနေ့ကပြောတာကြားမိတယ် ။ဘယ်နယ် မိန်းမနဲ့ ကလေးနဲ့ လူက ပဲ ရိတိတိ လုပ်ရတယ်လို့ လူပါးဝတာ….။
ကိုယ်ဆရာရေ ကောင်မလေးက ၁ဝကျပ်တန်တဲ့ ပစ္စည်းကို ၅ကျပ်နဲ့တောင်းဆစ်တာ ခံရတဲ့ ဈေးသည်လို တဆတ်ဆတ် နဲ့ ခံပြင်းနေပုံပဲ။ဆိုင်ဖွင့်တဲ့ လူကလည်း ကသုတ်ကရက် နဲ့ ပြေးပြီး ဘလော့ လုပ်တာ ပြပေးပါတယ်။
အကောင့်ပိုင်ရှင်ကို မျှားနဲ့ထောက် ရိုက် ကလစ်နိပ်ရင် အကွက်ပေါ်လာမယ် အဲ့ ဒီ ထဲက block ကိုနိပ်လိုက် ဒါဆို သူအကောင့်မရှိတော့ ဘူးလို့ သင်ပေးရှာပါတယ်။
လူချင်းတွေ့လို့ကတော့ ပါးကို ဆယ့်ခြောက်စိတ်ကွဲအောင်ရိုက်လိုက်မယ် ..လူကို ဘာမှတ်လဲ ကဲဟယ်…( ဘလော့ လုပ်လိုက်တာပါ)
ကျွန်တော်လည်း ကဗျာ စာသားလေးကို ပန်းပွင့်လေးလို သီ လိုက်တယ်။ “အမြတ်တနိုးသော့ ခတ်ထားတဲ့ ညတစ်ည” စကားလုံးကို သေချာ စီလိုက်တယ် ဆိုရင်ပဲ ကိုယ့်ဆရာရေ စူးစူးဝါးဝါး အသံကြီး

ကိုကိုရေ ..ဖုန်းလာနေတယ် ကိုကိုရေ ..ဖုန်းလာနေတယ် ကိုကို ဖုန်းလာနေတယ်ဆို”
ကိုယ့် ဆရာရေ စကားလုံးတွေ ချက်ချင်းပျောက်သွားတယ် နောက်က ခုံက ယူစာတစ်ယောက်ရဲ့ ဖုန်းကမည်လာတာပါ။
ဟလို ပြောပါ ..အော် ညလေးလား ကိုကို အင်တာနက် ဆိုင်မှာပါ ဝယ်ပေးမှာပေါ့ကွာ………။အော် ညလေးကလည်း မင်းလိုချင်တယ် ဆိုရင် ကောင်းကင်က ဓူဝံ….
ပြောနေရင်း ကွမ်းသီးသွားတယ် ချောင်းတဟွတ် ဟွတ် ဆိုးလို့ သူခမျာ ဒုက္ခရောက်နေတယ်။ကိုယ့်ဆရာရေ ကိုယ်က ကဗျာရေးချင်တာ စိတ်ကို ပြန် စုစည်းလိုက်တယ်။ ကဗျာဘက်ပြန် ဦးလှည့်လိုက်တယ်။ဒီမှာ ကိုက ဂျီတော့ ဖွင့်ထားတော့ စကားပြောမယ့် သူက ခေါ်လာတယ် အဝါကွက်လေးပေါ်လာတယ် ဘေးမှာလည်း စာသားတွေ ပေါ်လာတယ်။ ခင်မင်ပါရစေတဲ့ ဒီတော့ ပြန်ဖြေဖို့ကလည်း အချိန်မရ ဒီမှာ သူက မေးနေတယ် အမ ..နေကောင်းလားတဲ့ ကိုယ့်ဆရာရေ ကိုယ့် အကောင့် က mysister4ဆိုတော့ မိန်းကလေးထင်ပြီး ကြူနေတာဗျ။ ယောက်ကျားဆိုတာကို မနည်းရှင်းပြရတယ်။ဒါလည်း တစ်ဒုက္ခပဲ ကိုယ့်ဆရာရေ။
ဒီမှာပဲ ဆူညံဆူညံနဲ့ လင်မယားနှစ်ယောက်ဝင်လာတယ်။ အမျိုးသမီးက ကဲ ပြစမ်း ဒီမိုးမိုးဆိုတာ …နင်နော် မပြနိုင်လို့ ကတော့ ငါ့ အကြောင်းသိစေရမယ် မိကြမ်းကို ဘာထင်လည်း ဟင်း…။
ကျွန်တော်လည်းကြည့်လိုက်မိတယ် ရပ်ကွက်ထဲ က လူတွေပဲ သိနေတယ် ဆရာရေ့ အမျိုးသမီးက ဈေးထဲမှာ ငါးရောင်းတယ် ယောက်ကျားကတော့ ကွမ်းယာရောင်းတယ်။
အမျိုးသားက တောင်စမ်း မြောက်စမ်းနဲ့ ဘာဖွင့် ရမယ် မသိဘူးဖြစ်နေတယ် ။ဒီမှာပဲ facebookဖေ့ဘုတ်ကို ဖွင့်လိုက်တယ် အကောင့်မှာ က မဟာမိုးမိုးတဲ့တော်သေးတာပေါ့ အမျိုးသမီးက သူအိတ်ထဲက
မိုးမိုးဆိုတဲ့ နာမည်ရယ် အကောင့် password ပက်စ်ဝေါ့ ကိုတွေ့ပြီး ပြဿနာရှာတာထင်ပါတယ်။ ဖေ့ဘုတ်လည်း ပွင့် သွားရော ဘေးက အကွက်ထဲမှာ ကိုကြီး..နေကောင်းလားတဲ့
အမျိုးသားက ကြက်ခြေခတ်လေးကို ပိတ်လိုက်တယ် ဘယ်ရမလဲ ကိုယ့်ဆရာရယ် ပေါ်က အကွက်ထဲ ThiThi message you ဆိုကြီးပေါ်နေတယ် သီသီက မက်ဆေ့ ပို့တယ် ပေါ့။ဒီမှာတင် မိကြမ်းက ဖွင့်လေ ဘာပြောလည်း သိရတာပေါ့လို့ ပြောတော့ အမျိုးသားက မနေသာတော့ ဘူး ဖွင့်ရတယ်။
ကိုကြီး နေကောင်းလား
ညီမလေး သတိရနေတယ်
ကိုကြီးကမေ့နေတယ် ထင်တယ်

ကိုယ့်ဆရာရေ အမျိုးသမီးဆီက အင့်ကနဲ အသံကြားလိုက်ရတယ် ။ပြီးတော့ ဟီးဆို ငိုချလိုက်ရော ။သူ့ယောက်ကျားကျောကိုလည်း တဘုံးဘုံး ထုတော့တာပဲ ။ဆိုင်ထဲက လူတွေလည်း ထကြည့်တာပေါ့
ဆိုင်ရှင်လည်း ခေါင်းကုတ်လို့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိဘူး။ဒီမှာ ကျွန်တော်ကဗျာလေး စာသားတွေကောင်းနေတာဗျာ။ အမှားမှားအယွင်းယွင်းတွေ ဖြစ်တော့ တာပဲ။ကျွန်တော်က စကားလုံးလှလှလေးတွေရှာနေတာပါ

နှစ်ယောက်တစ်ဘဝ ဇာတ်လမ်းထဲမှာ

ချစ်အားကြီးလို့ တခုခုချွတ်ချော်ရင်

ကြောက်စရာ ကောင်းလောက်အောင် မုန်းတီးကြ

စိတ်ကိုနားချရတဲ့ တရားလည်း

အပ်ကြောင်းထပ်နေပြီ။
ဘယ်လို ဆက်နိုင်တော့မလည်း ဒီကဗျာကို ဘယ်လိုရေးရမလဲ ။ဒီမှာက ငိုကြီးချက်မ အူနု ကျွဲခတ်နေပြီ။အမျိုးသမီးက အသံပြဲကြီးနဲ့ အော်လည်းအော်သူ့ယောက်ကျား ကိုလည်း ကျောကို ပတ်မကြီး မတ်ပြီး ထုလိုက် လုပ်နေတယ်။
ငါကတော့ တနေကုန် အလုပ် လုပ် နင်က အင်တာနက် သွားပြီး မယားငယ် ထားတယ်ပေါ့လေ။ အော်ကြင်နာနေလိုက်ကြတာ ..နင့်ကို မပေါင်းနိုင်ဘူး ဟီးအီး…ငါနင့်ကို မုန်းတယ် ငါမှာတော့ ….
ဟာမိန်းမ ဖရန့်လေ… ဒါ ဖေ့ဘုတ်က ဖရန့် လေ။
အမျိုးသားက ဖရန့်ပါ လို့ ပြောတော့ ဘာဖရန့်လည်း ငါ ငရံ့ ပဲ သိတယ် ပြန်မယ် နင့်ကို မပေါင်းနိုင်တော့ ဘူး ပြောပြောဆိုဆို မိန်းမ လုပ်သူက အတင်းထွက်သွားတယ် ယောက်ကျားက နောက်ကနေ ဖရန့်
ဖေ့ဘုတ် ဖရန့်လေ… ဖရန့်ကို မင်း က တလွဲထင်တာ…ဖရန့်ပါ ..
ကိုယ့် ဆရာရေ friend သူငယ်ချင်းတွေ ဖေ့ ဘုတ်မှာရှိကြတယ်မလား။ သို့သော် သူ့မိန်းမက တလွဲထင်တဲ့ ဇာတ် ပဲ။နောက် က ဆီမန်း မန်းသလို တတွတ်တွတ်ရွတ်ပြီး လိုက်သွားလေရဲ ့။ကိုယ့် ဆရာရေ
ကဗျာကို ထပ်စဉ်းစားလို့ လည်းပေါ်မှာ မဟုတ်တော့ ဘူး။ အင်တာနက် ဆိုင်မှာလည်း အားလုံး ပါးစပ် အပေါင်းသားဖြစ်နေရာကနေ ဟိုတပေါက် ဒိတပေါက် နဲ့ ပြန် ဆူသွားတယ်။တစ်ယောက်တစ်မျိုး ဝေဖန်ချက်ပေးကြတယ်
ဒီလိုနဲ့ မရေးဖြစ်တဲ့ ကဗျာတစ်ပုဒ်အတွက် စိတ် မချမ်းမြေ့မှုကို ထုပ်ပိုးပြီး ပြန်ဖို့ လုပ်မိတယ်။ ဆိုင်ကထွက်ရင်ပဲ ကို ခင်မောင်နဲ့ ဆိုင်ဝတွင်တိုးတော့ တယ်။ ဆရာပြန်ပြီလားတဲ့ ။ကျွန်တော်ခေါင်းညီတ်ပြလိုက်တယ်
ကိုခင်မောင်ဆိုတာက ဟုတ်တာရောမဟုတ်တာရော အင်တာနက် ထဲ ထည့်နေတာပါ သူ့နာမည်တောင် အများကခေါ်ကြတယ် မီဒီယာ ခင်မောင်တဲ့..။
(ဆက်ပါအုံးမည်)

10 comments

  • ဗိုက်ကလေး

    May 7, 2012 at 6:53 pm

    ဆရာသမားရေ
    ဒီဇာတ်လမ်း(၂)က ပိုထိတယ်ဗျို ့..
    ကျုပ်ဖြင့်ရီလိုက်ရတာ အဟက်ဟက်ဟက်…
    ဟေ့..
    ရွာထဲက အူးပေတို ့ကြားတယ်နော်
    ဖရန် ့တွေ ဘာတွေ နားမလည်ဘူး..ငါးရံ့ပဲသိတယ်

    ဆက်ရေးပါဦးဗျို ့

    • windtalker

      May 8, 2012 at 12:47 am

      အဲဒါမျိုးတွေကြောင့် ဂေဇက်ဘဲ ဝင်ဖတ်ရတယ် ကိုထက်

  • snow white

    May 7, 2012 at 7:31 pm

    တကယ်လည်းဖတ်ရင်းနဲ့ စိတ်ပါဝင်စားလာတယ် ဟုတ်တယ်နော်အင်တာနက်ပေါ်လာတာကောင်းလည်းကောင်းလည်း ကောင်းတဲ့သူတွေနဲ့လည်းတွေ့ရတယ် မကောင်းတဲံသူတွေနဲ့လည်းတွေ့ရတယ် လူအမျိုးမျိုးစိတ်အမျိုးမျိုးနဲ့လည်း
    တွေ့ရတယ် အကိုစာကတကယ့်ကိုကောင်းပါပေတယ်

  • ဦးဦးပါလေရာ

    May 7, 2012 at 11:25 pm

    လူတွေ အတွင်းရေးသိချင်ရင် အင်တာနက်ဆိုင်သာ သွားကြည့်ပေတော့….။
    အဲဒီနေရာမှာ အကုန်ပွင့်တာ ….။

  • Khin Latt

    May 8, 2012 at 4:53 am

    ဆရာထက် ရေ
    တကဲ့ ကိုယ်တွေ့ဇာတ်လမ်း တွေလား? 🙄
    ရီလဲရီချင် ရီလဲမရီရက် အဖြစ်တွေပါလားရှင်။
    ဒီလို လက်တွေ့ဘဝ ဇာတ်လမ်း ဆန်းလေးတွေ အတွက် ကျေးဇူးပါနော်။

  • htet way

    May 8, 2012 at 10:58 am

    မိတ်ဆွေ ဆရာ သမားတွေ ခုလို အားပေးကြတာ ကျေးဇူးပါ
    ဟာဆန်တဲ့ အင်တာနက် ဇာတ်လမ်းလေးတွေကိုလည်း
    ရေးလိုက ရေးကြပါ ကျွန်တော်ဆီပို့ လိုက လည်း ပို့ပေးကြပါလို့

  • sunday mgmg

    May 8, 2012 at 1:07 pm

    မောင်ထက်ဝေရေဒါလဲကောင်းတာဘဲ.အဘတော့ထတောင်မထချင်ဘူးကွယ်.သာဓု.သာဒု.သာတု

  • htet way

    May 8, 2012 at 1:22 pm

    အဘကြိုက် တယ်ဆို ဆက်ရေး ပါ့မယ် ခု ၃ကို
    အားပေး ဝေဖန်ပါအဘ

  • မဟာရာဇာ အံစာတုံး

    May 8, 2012 at 3:05 pm

    စုံလိုက်တာ ဆရာထက်ရာ ..
    အဟားဟား …
    ကျနော်လည်း ဖတ်ရင်း ရီလိုက်ရတာ .. ပြောမနေပါနဲ့တော့ .. 😀
    နံပါတ် (၁) ကို ဖတ်ပြီး ဒီကို ကူးလာတာ …
    နံပါတ် (၃) ကို ထပ်သွားလိုက်ဦးမယ် ……..

  • etone

    May 8, 2012 at 3:09 pm

    ဆရာထက်ရေ .. အင်တာနက်ကို ဆိုင်မှာသုံးတုုံးက အဲ့ဒီလို အလွဲလေးတွေ .. ဇာတ်လမ်းလေးတွေကြုံခဲ့ဖူးပါတယ် .. ဒါပေမယ့် … ဆိုင်မှာ ဝင်သုံးတာ သုံးခဲတယ် … ။ အလုပ်ကပေးထားတဲ့ ကွန်ပျူတာမှာပဲ … အလုပ်ချိန်တွင်း ဖရီးသုံးတယ် … ။ တစ်ခါတစ်လေလောက်သာ … အင်တာနက်ဆိုင်မှာ ဝင်သုံးဖြစ်တာပါ … ။ နောက်ပိုင်း … ဖုန်းတွေနဲ့ အင်တာနက် ချိတ်ဆက်အသုံးပြုလို့ရတော့ … ပျင်းတဲ့အခါလောက်မှသာ ..လက်ပကျွတ်လေးနဲ့ … တစ်မိနစ်လေးကျပ်ပေးပြီး သုံးဖြစ်တာ … ။

    အင်တာနက်ဆိုင်တွေ ခေတ်စားတုန်းကတော့.. .သူငယ်ချင်းတွေ စုဖွင့်လျှင်ကောင်းမလား ဘာလား ညာလားဆိုပြီး ဖွဲမီးလို ခဏတော့ .. စဉ်းစားလိုက်မိသေးတယ် … ။ ပြောမယ့်သာပြောတာ အင်တာနက်ဆိုင်က တကယ်မလွယ်တာ … စက်ပစ္စည်းပံ့ပိုးရတာတင်မကဘူး .. လူပေါင်းစုံ ၊ အနံ ့ပေါင်းစုံ ၊ ဒီကြားထဲ ကွမ်းတံတွေးတွေက ဟိုထွေးဒီထွေး မိုးများ ရွာတဲ့နေ့ဆို .. ထီးမပျောက်အောင် စောင့်ရှောက်ပေးရသေးတယ် … ။ ဒီကြားထဲ ကချိုးကချောင်တွေပါလျှင် … အတော်ဆိုးတယ် .. 😛

Leave a Reply