သရဲ မကြောက်သူများ
ကျုပ်တို့ရွာမှာဗျာ ….
ဦးတင်ဆောင် ဆိုတဲ့ လူကြီးတစ်ယောက် ရှိတယ်။ သူက ကျုပ်နဲ့ အမျိုးစပ်မယ်ဆိုရင် ကျုပ် အမေရဲ့ အဖေ၊ ကျုပ်အဖိုးပေါ့ဗျာ။ အဲဒီ ကျုပ်အဖိုးရဲ့ အကို ဖြစ်သူပါ …. ကျုပ်နဲ့ ဘယ်ပုံဘယ်နည်း တော်တုံးတော့ မသိဘူး။ အမျိုးတော့ တော်တယ်။ ကျုပ်ကတော့ အဲဒီလူကြီးကို ဘကြီးအရွယ်မို့ ဘကြီးတင်ဆောင်လို့ပဲ ခေါ်သဗျ။
အဲဒီ လူကြီးက သရဲတစ္ဆေ ဆိုတာကို နည်းနည်းမှ ကြောက်တတ်တဲ့လူ မဟုတ်ဘူး။ သူ မကြောက်တတ်ပုံကို ကျုပ်နည်းနည်း ပြောပြမယ်။
တစ်ခါကပေါ့ …။ ဘကြီးတင်ဆောင် တစ်ယောက် လွယ်အိတ်ကြီး တစ်လုံးလွယ်ပြီး တောထဲကို ဟင်းစားရှာဆိုပြီး ထွက်သွားခဲ့တယ်။ ဟင်းစားဆိုတာက အသားကောင် သွားရှာတာ မဟုတ်ပါဘူး။ တောထဲကို ဟင်းချက်စားလို့ရတဲ့ အသီးအရွက်တွေ သွားရှာပြီး ခူးယူတာပေါ့ဗျာ။ အဲဒီလို ဟင်းစားရှာ သွားလိုက်တာ နေ့ခင်းကို ရောက်သွားပါလေရော။ ကျုပ်တို့ ရွာဘက်မှာတော့ မိုးတွင်းမှ ဟင်းစားက ပေါတာ။ ကျန်တဲ့ အချိန်တွေမှာတော့ ရှားသဗျ။ ဒါကြောင့် ဟိုပတ်ရှာ၊ ဒီပတ်ရှာရင်းနဲ့ ဘကြီးတင်ဆောင် တစ်ယောက် ဟင်းစားရှာတာ နေခင်းထိ ရောက်သွားတာ။ ဟင်းစားလည်း လုံလုံလောက်လောက် ရရော၊ အိမ်ပြန်ဖို့ ခြေဦးပြင်ပါတော့တယ်။
ရွာကို ပြန်တဲ့လမ်းမှာ သရက်ပင်ကြီးတွေ့တော့ နေကလည်း ပူတာနဲ့ သရက်ပင် အရိပ်အောက်ကို ခဏဝင်နားတယ်။ အဲဒီ သရက်ပင်ကလည်း ကျုပ်တို့ ရွာမှာ နာမည်ကြီးပဲ။ တောင်အင်တိုင်း သရက်ပင်လို့ ကျုပ်တို့ကတော့ ခေါ်တယ်။ တစ်ယောက်တည်းဆို သရက်ပင်နား သွားရဲတဲ့လူ သိပ်မရှိဘူး။ ညဘက် မပြောနဲ့။ နေ့ခင်းဘက်တောင်မှ အဲဒီ သရက်ပင်က သရဲ ခြောက်တယ်ဗျ။ ဘကြီးတင်ဆောင် ရောက်သွားတဲ့အချိန်က နေမွန်းတည့်လောက် ဖြစ်နေပါပြီ။
ဘကြီးတင်ဆောင်က သရက်ပင်ကြီးအောက် အေးအေးဆေးဆေး ဝင်ထိုင်ရင်း အမောဖြေနေတုန်း၊ သူနဲ့ ခပ်လှမ်းလှမ်း သစ်ကိုင်းက လေမတိုက်ဘဲနဲ့ တဝုန်းဝုန်း ထမြည်ပါလေရော။ အဲဒါနဲ့ ဘကြီးက လှမ်းကြည့်လိုက်တော့ …. အမလေးဗျာ … သရဲကြီးက သရက်ကိုင်းပေါ်မှာ ထိုင်နေတာ … ဆေးလိပ်ကြီးလည်း ဖွာလို့ …။ အဲဒီလိုလည်း တွေ့လိုက်ရော ဘကြီးတင်ဆောင်က မကြောက်တတ်တဲ့ လူဆိုတော့ သရဲကို “ဟေ့ကောင် … မင်း ခြောက်နေလို့လည်း အပိုပဲ။ ငါက မကြောက်တတ်ဘူးကွ၊ မင်းဟာမင်း နေ” လို့ အေးအေးပဲ ပြန်ပြောလိုက်တယ်။ အဲဒီနေရာမှာ ကျုပ်သာဆို … ကြောက်လွန်းလို့ တစ်ခါတည်း အသက်ပါ ထွက်သွားနိုင်တယ်။ အဲ့လောက်ထိ သတ္တိရှိတာ …။ ဤကား စကားချပ်။
ဘကြီးက သရဲကို အဲဒီလို ပြောလိုက်ပေမယ့် သရဲက မလေးမခန့်နဲ့ ဆေးလိပ်ကြီးကိုတောင် ထပ်ဖွာပြလိုက်သေးတယ်။ ဒီအခါ ဘကြီးတင်ဆောင်က သူ့ကို အဲဒီလို လုပ်ရမလားဆိုပြီး “နေဦး၊ နေဦး၊ မင်းတော့ နေနှင့်ဦး၊ မင်း ငါ့အကြောင်း မသိသေးဘူး ထင်တယ်” ဆိုပြီး သရဲကို ကြည့်နေရင်းနဲ့ သရဲကို ပစ်ပေါက်ဖို့ ကျောက်ခဲကို လက်နဲ့ လိုက်စမ်းတယ်ဗျ။ စမ်းလို့လည်း မရရော၊ ဟိုဟိုသည်သည် ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ ကျောက်ခဲ တစ်လုံးတွေ့ရော။ ဒါနဲ့ အဲဒီ ကျောက်ခဲကို သွားကောက်ပြီး သရဲကို ပေါက်မယ်လည်း လုပ်လိုက်ရော။ ဘကောင့်သား သရဲက ပျောက်သွားရောဗျာ။
သရဲလည်း မမြင်ရော ဘကြီးက သရဲထိုင်တဲ့ သရက်ကိုင်းကို စိတ်တိုတိုနဲ့ ပေါက်ချလိုက်တယ်။ ဒါနဲ့ပဲ ဘကြီးတင်ဆောင် ရွာပြန်လာခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်ပြောရရင်တော့ ဘကြီးတင်ဆောင် အဲဒီ သရက်ပင်က အပြန်မှာ ခပ်လှမ်းလှမ်းလည်း ရောက်ရော မြေဇာခဲ (သဲခဲ) နဲ့ တိုက်မိလို့ လဲသွားခဲ့ပါသေးတယ်။ အိမ်လည်း ပြန်ရောက်ရော ဖျားပါလေရော။ အဖျားက ကြီးလာတော့ အိမ်သားတွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာနဲ့ ရွာဦးကျောင်း ဆရာတော်ကို ညကြီးမင်းကြီး သွားပင့်ကြပါတယ်။
ဘကြီးက အိမ်ပြန်ရောက်တော့ သူတွေ့ခဲ့ပုံတွေကို ပြောပြထားတော့ သရဲက ပြုစားထားလို့ ဖျားတာပဲ ဆိုပြီး ရွာဦးကျောင်း ဆရာတော်ကို သွားရောက် ပင့်ဆောင်ကြတာပါ။ ရွာဦးကျောင်း ဆရာတော်ရဲ့ လောကီပညာကိုတော့ “သိမ်ဝင်သပိတ်ကွဲနဲ့ အသက်ဝင်လာသော ဘီလူးအင်း” ဆိုတဲ့ ပို့စ်မှာ ကျနော် ရေးသား ဖော်ပြခဲ့ပြီးပါပြီ။ ဆရာတော်လည်း ရောက်ရော ဘကြီးတင်ဆောင် ကိုကြည့်ပြီး သရဲက လဲတုန်း အပင်းထည့်လိုက်တာလို့ ပြောပါတယ်။ ဒါနဲ့ပဲ ဆရာတော်က သူ့ပညာအစွမ်းနဲ့ ဘကြီးကို ကုပေးခဲ့ပါတယ်။
အထက်က အကြောင်းအရာတွေကတော့ ကျုပ်တို့ရွာက ဘကြီးတင်ဆောင်ရဲ့ သရဲကို နီးနီးကပ်ကပ် ကြုံတွေ့ခဲ့ရတာတောင် သွေးမလန့်ဘဲ အကြောက်အလန့်မရှိ ရင်ဆိုင်ခဲ့တဲ့ အကြောင်းလေးပါပဲ။ ကျုပ်က အဲဒီလို ထူးထူးဆန်းဆန်းနဲ့ သရဲတစ္ဆေ အကြောင်းတွေကို စိတ်ဝင်စားသလို အဲဒါတွေနဲ့ ပတ်သက်တာတွေကိုလည်း ကိုယ့်ထက် ကြီးငယ်မဟူ မေးမြန်း စပ်စုခဲ့ပါတယ်။ ကျုပ်စပ်စုထားတာတွေကို ဒီနေရာက လူတွေကို ပြန်ရှဲတာပါပဲ။ ဟုတ်မဟုတ်တော့ ချင့်ယုံပေါ့ဗျာ။ အဲ … သဂျီးလို ဖင်ပိတ်ပြီးတော့ ငြင်းနဲ့ပေါ့လို့ … အဟီးးးး 😀
ကျုပ်တို့သဂျီး ဒီလို သရဲကြောင်းတွေကို မယုံပေမယ့် ကျုပ်ကတော့ သရဲတစ္ဆေတွေ ရှိတဲ့ အကြောင်းကို ယုံသဗျို့။
ယုံတဲ့အတိုင်းလည်း ကိုယ်သိထားတာတွေကို ပြန်ရှဲတယ် ..
ဘာဖြစ်လဲ … နော့ … 😀
ဖတ်ရှူ၊ အားပေးကြသူအပေါင်းကို
ကျေးဇူး အထူးတင်ရှိပါဂျောင်း ………….
ခင်မင်စွာဖြင့်
အံစာတုံး
12 comments
အတိသဉ္ဖာ နာဂရချစ်သူ
May 17, 2012 at 10:48 pm
ကိုအံစာတုံးရေ. သရဲသောက်တဲ့ ဆေးလိပ်အမျိုးအစားသာ သိရရင်ဖြင့်
ရှယ်ပါဗျ။ဈေးကွက် တစ်ခုရသပေါ့ဗျာ။ဟီးးးးနောက်တာပါကွယ်
ကိုပေါက်(မန္တလေး)
May 17, 2012 at 11:31 pm
သားကြီးနောက်ခါ သူရဲတွေ့ရင် သေးနဲ့နောက်ပြန်ပန်းလိုက်။
အဲဒါဆို သူရဲထွက်ပြေးရော။
(သေးနဲ့နောက်ပြန်ပန်းနည်းကတော့ ဆရာ မိုက်ကယ်အကယ်ဒီမီဂျော်နီ ကြည်ဖင် အောင်ပုကိုမေးကြည့်)
အတိသဉ္ဖာ နာဂရချစ်သူ
May 18, 2012 at 1:51 pm
ကိုပေါက်ရေ. ကြက်ဖင်နဲ ့မိုက်ကယ်အောင်ပုနဲ ့က တစ်ယောက်ထဲလား။
နောက်တစ်ယောက်က ကိုယ်ပွား သူရဲများလားလို ့။ဟီးးးးဆဲခံရတော့မယ်
water-melon
May 18, 2012 at 8:29 am
သရဲမဆိုဘယ်လောက်ကောင်းမလဲ
အဟိ
ဆုံချင်လိုက်တာနော်
windtalker
May 18, 2012 at 10:08 am
သဂျီးကိုပြောပြလိုက်စမ်းပါ
ကော်ပီသီချင်း တစ်ပုဒ်တောင်ရှိတယ်လို့
အမှောင်ထဲက သူစိမ်းများ ဆိုလား
ထုံးဘဲဥ
May 18, 2012 at 10:09 am
သများလည်း တစ်ခါ အခြောက်ခံရဖူးတယ်(သရဲပြောပါတယ်) ၊ ကိုရင်ဝတ်တုန်းကပေါ့ ။
ကျောင်းတိုက်အမည်တော့ မဖော်ပြတော့ပါဘူးနော်၊
သရဲခြောက်တဲ့ပုံက နေ့တိုင်းနီးပါးတစ်ပုံစံတည်းခြောက်တာ
ညပိုင်းလူခြေတိတ် အဲ့အဲ့ ကိုရင်ခြေတိတ်ချိန် ဆိုရင် ခြေသံအမြဲကြားရတာဗျ။
ကျောင်းကနှစ်ထပ်ကျောင်းဆောင် သရဲခြောက်ပြီဆိုရင် ပထမဆုံး လှေခါးရင်းမှာ ဖိနပ်ချွတ်သံအရင်ကြားရတယ်၊ ပြီးတော့ လှေခါးအတိုင်း တစ်ထစ်ချင်းတက်လာတဲ့အသံ၊ အပေါ်ရောက်ရင်
တံခါးဖွင့်တဲ့အသံဗျာ ၊ တံခါးဖွင့်ပြီးတော့ လသာဆောင်မှာ လမ်းလျှောက်နေတဲ့အသံ တရှပ်ရှပ် နဲ့ ညတိုင်းနီးပါးကြားရတယ်၊ တစ်ရက်က ညပိုင်းအိပ်မပျော်သေးဘဲ မျက်စိကြောင်နေတဲ့အချိန်ပေါ့ဗျာ
ကိုရွှေသရဲက ထုံးစံအတိုင်း ခြေသံပေးပါလေရော ။ ကျုပ်ကလည်း စပ်စုချင်တာရော မသိသေးတာရောပေါ့ဗျာ၊ ညကြီးဘယ်သူလမ်းလျှောက်နေလဲမသိဘူး ၊ မအိပ်သေးတဲ့အတူတူ တော်ကီသွားပွားအုံးမှဆိုပြီး အခန်းအပြင်ဘက်ထွက်လိုက်တာဗျာ။
ခြေသံသာကြားနေရတာ ဘယ်သူမှလည်းမရှိဘူး။ မီးတွေလည်းဖွင့်ထားတော့ ရှင်းရှင်းလင်းလင်းကိုမြင်ရပါတယ် ၊ ဘာဆိုဘာမှကိုမရှိတာ ခြေသံတော့ ခဏရပ်သွားတယ်ဗျ၊
ကြက်သီးမွှေးညင်းတွေကလည်း ဖြင်းခနဲထောင်ထသွားတယ်၊ သိလိုက်ပြီ သူကျီစားနေပြီလို့ ၊
ဒါနဲ့ ဘာမှမဟုတ်ပါဘူးကွာလို့ ကိုယ့်ဖာသာကိုယ် ဟန်ဆောင်အားပေးရင်း ၊ ကတုန်ကရင်နဲ့ အိပ်ခန်းထဲပြန်ဝင်ပြီးတော့ စောင်ခေါင်းမှီးခြုံထားလိုက်တာ ဘယ်အချိန် မိုးလင်းသွားမှန်းတောင်မသိလိုက်ဘူး၊ အိပ်ရာနိုးမှ ကိုရင်ကြီးတစ်ပါးကိုမေးကြည့်တော့ ၊ မကျွတ်မလွတ်သေးတဲ့သူတဲ့ နောက်တစ်ခါ အမျှအတမ်းဝေပေးလိုက်လို့ပြောတယ်၊
ဘာရမလဲကျုပ်ကလည်း သတ္တိနည်းတဲ့သူမှမဟုတ်တာ ၊ အဲ့ဒီနေ့ပဲ လူထွက်ပြီးတော့ အိမ်ပြန်လာခဲ့တာပေါ့
jujuma
May 18, 2012 at 11:05 am
အယ်တော့ ဥဥ တို့ များ ကိုရင်ဝတ်ထားတာတောင်သရဲခြောက်ခံရသတဲ့ ..အံ့ရော ..:P
နောက်ထှာနော်..
သရဲတော့ကြောက်ဘူး…လူပဲကြောက်တယ် …. 😀
ဗိုက်ကလေး
May 18, 2012 at 10:50 am
ခွီး..
ဒီသရဲကွာ..နာနဲ ့တွေ ့လိုက်လို ့ကတော့……
ကျူးမီငါး ဆိုပြီး ထွက်ပြေးပလိုက်မယ်
ညှင်း..ညှင်း..
Khaing Khaing
May 18, 2012 at 11:18 am
သရဲတွေက ကလေးတွေ နွားကျောင်းသားတွေကို သိပ်ကြောက်တာ ကိုကြီးအံရဲ့ ……. သူတို့တွေက လက်အငြိမ်မနေတဲ့သူတွေလေ လောက်လေးခွတွေကိုင်ပြီ ခဲတွေ တုတ်တွေနဲ့ ဟိုပစ်ဒီပစ်ဆိုတော့ သရဲတွေက အဲဒီလူတွေကိုတွေ့ရင်ပြေးရော ………..
water-melon
May 18, 2012 at 12:56 pm
မခိုင်ဆိုတဲ့ ရွာသူကိုလည်းကြောက်တယ်
သူကတွေ့တဲ့နေရာ ရှူးပြန်းတတ်လို့
Khaing Khaing
May 18, 2012 at 1:34 pm
ဖရဲဆိုတဲ့ မျောက်လောင်းကလေးကိုလည်း သရဲမတွေကကြောက်တယ် …….. သူကသရဲမတွေ တွေ့ရင် အငမ်းမရလိုက်ဖွန်ကြောင်တယ်လေ …….. ဟိုနေ့ကတောင် သရဲမတစ်ကောင်နဲ့ online မှာ ကြူနေလေရဲ့ …….. အဟိ ဒေါက်ကလက် ဒေါက်ကလက် …….
may flowers
May 18, 2012 at 2:32 pm
သရဲကနေ့ လည်ပိုင်းကြီးခြောက်တာလားဟင်။