ကွန်ပျူတာ အမြဲသုံးစွဲသူများ သိထားသင့်သည့် ကျန်းမာရေး

manawphyulayJune 17, 20101min1062

အိုင်စီတီမှာ တွေ့ဆုံပွဲတုန်းက ဆွေးနွေးချက်လေးတစ်ခုကို ပြန်သတိရမိလို့ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကွန်ပျူတာသုံးသူတွေ ဘယ်လိုနေရာမျိုးမှာ သုံးပြီး ဘယ်လိုလုပ်ရမလဲဆိုတာကိုပါပဲ။ ဘာကြောင့်လည်းဆိုတော့ ကျွန်မလည်း မျက်မှန်တပ် နေရတဲ့ သူတစ်ယောက်ဖြစ်နေလို့ပါ။ နောက်တစ်ချက် ကိုငွေထွန်းတို့က မေးတယ်။ မန်ဘာများအားလုံး တစ်နေ့ကို ကွန်ပျူတာရှေ့မှာ ဘယ်လောက်ထိုင်ပါသလဲတဲ့။ တော်တော် များများ ဖြေကြတာကို တွေ့ရပါတယ်။ ကျွန်မလည်း ကိုယ့်ဘာသာ ဘယ်လောက်ဆိုတာ ပြန်သုံးသပ်မိတော့ တော်တော်ကို သူများတွေထက် ပိုနေတာ တွေ့ရတယ်။ ခုတော့ မျက်စိကို အနားပေးချင်တာရယ် လူလည်း သက်သာအောင်ရယ်ဆိုပြီး အလုပ်မှ လွဲပြီး သိပ်မထိုင်မိအောင် ကြိုးစားနေပါတယ်။

ဘယ်နေရာမှာ ရှိနေသလဲ
သင့်ရဲ့ ကွန်ပျူတာ၊ keyboard၊ mouse တို့ကို နေရာ မှန်ထားတတ်ဖို့အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့ လက်တစ်ကမ်း အကွာနဲ့ မျက်လုံးရဲ့ ၂ဝ ဒီဂရီအောက် နိမ့်နေရပါမယ်။

အလင်းရောင်
သင့် အခန်းတွင်း အလင်းရောင်ပြန့်နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါစေ။ ကွန်ပျူတာ screen အား သင့်မျက်စိနှင့် သင့်တော်ရာ အလင်း၊ အမှောင် setting လုပ်ထားပါ။

မျက်မှန်
Anti-reflective Lenses ပါသော မျက်မှန်ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှ လာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ့မျက်စိဆရာဝန်က သင့်အား ကွန်ပျူတာနှင့် ထိတွေ့နေသူမှန်းသိရင် ထို Anti-reflective Lenses
ထည့်ထားတဲ့မျက်မှန်ကို ညွန်းပါလိမ့်မယ်။ (ကျွန်မလည်း အဲလို မျက်မှန်တပ်နေပါတယ်။ မျက်မှန်လုပ်တဲ့ဆီမှာ ဈေးနှုန်းအနည်းငယ်တော့ ကွာခြားမှုရှိပါတယ်။ ကိုယ့်ကျန်းမာရေး အတွက် သင့်တော်တာကို တပ်သင့်ပါတယ်။)

မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀
ကွန်ပျူတာနှင့် အလုပ်လုပ်သူများ မိနစ် ၂ဝ လောက် ကြာတိုင်း ခေါင်းကို ခဏ ဘေးကို လှည့်ပြီး ပေ၂ဝ လောက်ဝေးတဲ့ အရာတစ်ခုခုကို ကြည့်ကြည့်ပေးပါ။
ဒီနည်းလမ်းဟာ သင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂ဝ လောက် မျက်စိအား ပိတ်လိုက်ဖွင့်လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကိုရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂ဝ လောက် လမ်းလျှောက်ခြင်းဖြင့် သွေးလှည်ပတ် စေပါတယ်။ (ကျွန်မကတော့ အဲလို လမ်းလျှောက်ရင်းနဲ့ ရေထသောက်တဲ့အကျင့်ကို ယူထားပါတယ်။ နောက် ဟိုလှည့်ဒီလှည့်လုပ်ရင်လည်း အလုပ်က ညီမလေးတွေက မေးတယ်။ အမ ဘာတွေလျှောက်ကြည့်နေတာလဲတဲ့။ ကျွန်မကတော့ မပြောပါဘူး။ ပြုံးပဲနေလိုက်ပါတယ်။ နင်တို့ကို ချက်ကင်ကြည့်တာလို့ စပါတယ်။ နောက်တစ်ချက်က ကျွန်မက ကောင်းကင်ကိုပဲ  မော့ကြည့်တတ်တဲ့ အကျင့်လည်း လုပ်ထားပါတယ်။ ကျွန်မလုပ်နေတဲ့ အလုပ်ရုံးခန်းက ကောင်းကင်နဲ့ နီးပြီး လူတွေနဲ့ဝေးတဲ့နေရာဖြစ်နေလို့ပါပဲ။ )

မျက်စဉ်း ခတ်ပေးပါ
လူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ်ကျပါတယ်။ ဒါပေမယ့်
ကွန်ပျူတာနဲ့ အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ်တာကို သင် သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။
ထိုသို့ ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။

လက်ဖဝါးအုပ်ခြင်း
ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည်အထိ
ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁ မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင် မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ ကြိမ်၊ ၃ ကြိမ်လောက် လုပ်ပေးပါ။ ထို လက်ဖဝါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်း
အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။

လက်ဖက်ခြောက် အထုပ်
သောက်ပြီးသား လက်ဖက်ခြောက် အထုပ်ကလေးများကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ် ၂ ထုပ်အား သင့်မျက်စိ တဖတ်စိတွင် တင်ပြီး အနားယူပါ။ မျက်စိအား အေးမြစေပါသည်။(ကျွန်မကတော့ ရေခဲသေတ္တာ မရှိတဲ့အတွက် အဲဒီနည်းကို မသုံးပါဘူး။ အလုပ်ပြန်လာရင် ကားဂိတ်နားက ကွမ်းယာဆိုင်က ကွမ်းရွက်တောင်းလာပါတယ်။ တစ်ခါတလေ မတောင်းပဲနဲ့လည်း တစ်ရွက်တလေ ယူလာတတ်ပါတယ်။ ညဘက် အိပ်ရင် မျက်လုံးနှစ်လုံးပေါ် ကွမ်းရွက်အုပ်အိပ်တဲ့အခါ မနက်လင်းရင် မျက်စိက အပူတွေလည်း ထွက်သလို မျက်စိကိုလည်း အမြင်ကြည်လင်စေတာကြောင့် အလကားရတဲ့နည်းကို သုံးပါတယ်။ ဟီး)

အစားအသောက်
ဗီတာမင် အေ၊စီ၊အီး ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။ (ကျွန်မကတော့ သံပုရာရည်ကို မသောက်ပါဘူး။ ဒီထက် သောက်ရရင်လည်း မော်ဒန်ကနေ မယ်တော်ပုံစံ ပေါက်နေမှာ စိုးလို့ပါ။)

နောက်တစ်ချက်က ဆွေးနွေးပွဲမှာ ကိုငွေထွန်းတို့ မောင်လေးအိမောင်တို့ ပြောတဲ့ မြက်ခင်း စိမ်းစိမ်းတွေ အပင်တွေရှိနေသင့်တယ်တဲ့။ ဒါလည်း မှန်တော့မှန်ပါတယ်။ အိမ်ထဲက ကွန်ပျူတာနားမှာ မြက်ခင်းကြီးကတော့ ရွေ့ထားလို့မရတဲ့အတွက် ကွန်ပျူတာသုံးပြီးရင် အပင်စိမ်းတွေ လိုက်ကြည့်လို့ရမယ်ထင်မိပါတယ်။

ကဲ အားလုံးပဲ အကုန်လုံးကို မလိုက်နာနိုင်ရင်တောင် ဒီအချက်တွေထဲက ကိုက်ညီပြီး လုပ်နိုင်မယ်ထင်တဲ့ နည်းကို သုံးကြည့်စေချင်ပါတယ်။ ဒါမှ ရေရှည်မျက်စိအဆင်ပြေပြီး အလုပ်တွေလည်း ပိုမိုအောင်မြင်အောင်လုပ်နိုင်မယ်လို့ ကျွန်မတော့ မြင်မိပါတော့တယ်။)

2 comments

  • Phyo Myint Kyaw

    June 17, 2010 at 12:05 pm

    ကွန်ပျူတာသုံးနေတဲ့ သူတစ်ယောက်အတွက် အရမ်းကို အရေးပါတဲ့အချက်တွေကို ဖော်ပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ

  • nyiminsatt

    June 17, 2010 at 1:57 pm

    yes, thank you very much for that kind of information. Now, i can save my eye.. 🙂

Leave a Reply