တိမ်ယံသစ္စာ အပိုင်း ( ၁ )
အခန်း(၁)
၂ဝဝ၁ခု၊ ဒီဇင်ဘာ
၁၉၇၅ ခု၏ အေးစိမ့်သောဆောင်းရာသီတစ်ရက်က တစ်ဆယ့်နှစ်နှစ်သားအရွယ်
ကလေးဘဝကို ယခုကျွန်တော် ပြန်ရောက်နေသည်။ ထိုနေ့က တမိုးလုံးမှောင်ဝေကာ
ရိုးချောင်းလေးသည်ပင် ရေတွေခဲလျက်ရှိသည်။ ဖရိုဖရဲပြိုလဲနေသော
ရွှံ့နံရံနောက်ဝပ်၍ ရိုးချောင်းအနီးမှ လက်ကြားလမ်းလေးထဲ ချောင်းနေခဲ့ရသော
ထိုအခိုက်အတန့် ထိုကာလကို ပြက်ပြက်ထင်ထင် အမှတ်ရနေသည်။ နှစ်တွေမနည်းတော့။
သို့သော်ငြား အတိတ်ဟုဆိုလျှင် မဟုတ်သေး။ အတိတ်ကို ဘယ်ပုံဘယ်နည်း
မြေမြှုပ်သဂြိုလ် နိုင်ကြောင်း ကျွန်တော် လေ့လာသင်ယူခဲ့ခြင်းမှာ အတိတ်သည်
ကျွန်တော့်အပေါ် ကုပ်ကတ်တွယ်တက်လာနေသည်။ ခုတော့လည်း အတိတ်ကို
လည်ပြန်လှည့်ကြည့် လိုက်မှ လွန်ခဲ့သောနှစ်ဆယ့်ခြောက်နှစ်လုံးလုံး
ထိုလက်ကြားလမ်းလေးထဲကိုသာ ကျွန်တော်အစဉ်တစိုက် ချောင်းနေခဲ့ပါကလားဟု
သိလိုက်ရတော့၏။
နွေတုန်းက ပါကစ္စတန်မှ ကျွန်တော့်မိတ်ဆွေကြီး ရာဟင်ခန် ကျွန်တော့်ကို
ဖုန်းဆက်ခေါ်သည်။ သူ့ကိုလာတွေ့ဖို့ပြောသည်။ မီးဖိုချောင်ထဲ ဖုန်းခွက်ကိုင်
လျက်သား ကျွန်တော်သိနေသည်က တယ်လီဖုန်းလိုင်းပေါ်တွင် ရာဟင်ခန် မရှိဘဲ
ကျွန်တော်၏ မပြေနိုင်တော့သော ဒုစရိုက်မှုများသာ ရှိနေကြောင်းပင်။
ဖုန်းချပြီးနောက် ဂိုးဒင်းဂိတ်ပန်းခြံ မြောက်ဘက်စွန်းရှိ
စပရက်ကယ်ကန်အတိုင်း လမ်းလျှောက် ထွက်ခဲ့သည်။ မွန်းတိမ်းစနေက ကန်ရေပြင်ပေါ်
ရွှန်းပြက်နေဆဲ။ ကန်ရေပြင်ပေါ်ဝယ် လှေငယ်တက်စင်းလေးများလည်း
လေပြည်လာရှပ်တိုက်ပြေးကာ မိုးပေါ်မော့ကြည့် လိုက်တော့ အပြာရောင်အမြီးရှည်
တပ်ထားသော စွန်နီနီလေးနှစ်ကောင်။ စွန်မောင်နှံ လေထဲတဟုန်ထိုး
ပျံတက်သွားပြီးမှ ပန်းခြံနောက်ဘက်စွန်းရှိ သစ်ပင်တို့အထက်၊
လေရဟတ်၏အထက်တွင် လှပစွာလွင့်ပါးနေသည်။ စွန်မောင်နှံ တူယှဉ်တွဲကာ
တက်ချည်သက်ချည် လေကစားကြွားလို့နေသည်။ ဧရာမမျက်လုံးကြီးနှစ်လုံး ဆန်ဖရန်
စစ္စကိုမြို့ကို အထက်စီးမှမိုးကြည့်နေသည့်နှယ်။ ခုတော့လည်း ဆန်ဖရန်စစ္စကို
သည်သာ ကျွန်တော့်အိမ်ယာ။ ထိုစဉ် ဟက်ဆန်၏စကားသံက ခေါင်းထဲဝင်ဆောင့် သည်။
”မင်းအတွက်ဆိုရင် … အခေါက်ပေါင်း ထောင်ချီသွားပစေ”
စွန်လွှတ်သမားကလေး ဟက်ဆန်သည် နှုတ်ခမ်းကွဲနေရှာသည်။
မိုးမခပင်အောက်မှ တန်းလျားပေါ် ကျွန်တော်ဝင်ထိုင်သည်။ ဖုန်းမချခင်
ကလေးတင် ရာဟင်ခန် ပြောလိုက်သည့်စကားက အတွေးထဲချင်းနင်းလာသည်။ နောက်ကျမှ
သတိရ၍ ကောက်ပြောလိုက်သည့် စကားတစ်ခွန်း။
”ပြန်လာခဲ့။ သူ့အပေါ် ပြန်ကောင်းဖို့ နည်းလမ်းရှိတယ်”
စွန်အမြွှာကို မော့ကြည့်မိပြန်တော့ ဟက်ဆန်ကိုလည်း သတိရသည်။ ဘာဘာ၊
အလီနှင့် ကဘူးမြို့တော်ကိုလည်း အောက်မေ့လာသည်။ ၁၉၇၅ခု ဆောင်း
တွင်းတိုင်သည်အထိ နေလာခဲ့ရသောငယ်ဘဝ၊ ထိုနှစ်ထိုအချိန်မှစ၍ အရာရာ
ပြောင်းလဲသွားပုံ၊ ယနေ့ကျွန်တော်ဖြစ်လာခဲ့ပုံ …၊ ကျွန်တော့်မှာ
တရေးရေး တွေး မဆုံးနိုင်တော့။
အခန်း(၂)
ငယ်တုန်းကဆိုလျှင် ဟက်ဆန်နှင့်ကျွန်တော် အဖေ့ခြံထဲမှ ပေါ်ပလာပင်တွေပေါ်
တက်ပြီး မှန်ကွဲစလေးဖြင့် ဘေးအိမ်များထဲ မှန်ထိုုးကြသည်။ အိမ်နီးချင်းတွေ
စိတ်ဆိုးအောင် ဆွပေးကြသည်။ သစ်ကိုင်းမြင့်ကြီးနှစ်ကိုင်းပေါ် နှစ်ဦးသား
မျက်နှာ ချင်းဆိုင်ထိုင်ကြသည်။ လှုပ်လွှဲနေသော ခြေထောက်များတွင် ဖိနပ်မပါ။
ဘောင်းဘီ အိတ်ထဲတွင် ပိုးစာသီးနှင့် သစ်ကြားသီးများက မဆံ့မပြဲ။
ပိုးစာသီးကိုက်လိုက်၊ တစ်ယောက်ကိုတစ်ယောက် ပစ်ပေါက်လိုက်နှင့်
အလှည့်ကျမှန်ထိုးကြသည်။ ခိုးခိုး ခစ်ခစ် ပျော်ကြရသည်။
သစ်ပင်ပေါ်ထိုင်နေသည့် ဟက်ဆန့်ကို ကျွန်တော် ယခုချိန် ထိ ပြန်မြင်ယောင်ဆဲ။
သစ်ရွက်ညိုအကြိုအကြားမှ နေပြောက်ထိုးနေသည့် ဟက်ဆန့် မျက်နှာလေးက
ဝိုင်းဝိုင်းစက်စက်။ ဝိုင်းသမှ သစ်မာသားကို ထွင်းထားသည့်
ပေါက်ဖော်ရုပ်ကလေးလို ဝိုင်းစက်နေသည်။
မျက်နှာပြင်ပေါ်ပြားကပ်နေသော နှာအိုးပွပွ၊ ဝါးရွက်လေးများနှယ် စွေစောင်း
သော မျက်လုုံးပေမှေးကလေးများ၊ ရွှေရောင် မြရောင် နီလာရောင်စသော ပြင်ပအလင်း
ရောင်များကိုလိုက်၍ ပြောင်းလဲသွားသော ထိုမျက်လုံးလေးများ၊ ခပ်နိမ့်နိမ့်
နားရွက် တစ်စုံနှင့် မေးစေ့ငုတ်တိုကလေးကိုပင် ကျွန်တော်မြင်ယောင်နေမိသည်။
မေးစေ့ ကလေးကား နောက်ကျမှ သတိရ၍ကောက်တပ်လိုက်သော အသားတစ်လေးနှယ်။
နှုတ်ခမ်းအလယ်နှတ်ကြောင်း၏ ဘယ်ဘက်ကလေးတွင်မှ နှုတ်ခမ်းကွဲရာရှိနေသည်။ ဧကန္တ
ပေါက်ဖော်အရုပ်ထွင်းသူ၏ ကိရိယာ ချော်ချွတ်သွားခဲ့ဟန်တူသည်။ မဟုတ်
လျှင်လည်း ခြေကုန်လက်ပန်းကျ၍ ဖြစ်ကတတ်ဆန်း ထွင်းလိုက်ပုံရသည်။
တခါတရံ ကျွန်တော်က ဟက်ဆန့်အား ဘေးအိမ်မှ မျက်စိတစ်ဖက်လပ်
ဂျာမန်သိုးထိန်းခွေးကြီးကို လေးဂွနှင့် ဆော်ခိုင်းသည်။ သစ်ကြားသီးများကို
လေးဂွထထည့်ဆော်ခိုင်းခြင်းဖြစ်၏။ ဟက်ဆန်က မလုပ်လို။ သို့သော် ကျွန်တော်
မရမက ပြောပြီဆိုလျှင် ဟက်ဆန်မငြင်း။ ဟက်ဆန်သည် ကျွန်တော့်အလိုကို
ဘယ်သောခါမှ ငြင်းရိုးထုံးစံ မရှိချေ။ ထို့ပြင် လေးဂွပစ်တော်လှသည်။
ကျွန်တော်တို့ကို လိုက်ဖမ်း ရသူမှာ ဟက်ဆန့်အဖေ ‘အလီ’။ အလီသည်
ကျွန်တော်တို့အား သစ်ပင်ပေါ်မှ ဆင်းရန် သူ့လက်ချောင်းကြီးကို နှန့်ပြမည်။
မှန်ကွဲကိုဆွဲယူပြီး သူ့အမေ၊ ဟက်ဆန့် အဖွား ပြောသည့်စကားကိုပြောမည်။
မွတ်စလင်များ ဘုရားရှိခိုးဆုတောင်းနေစဉ် အာရုံပျက်အောင်
မကောင်းဆိုးဝါးများက မှန်ထိုးကြောင်းပြောကာ ”အဲဒီလိုမှန်ထိုးပြီး
ရယ်နေတာကွ” ဟု သူ့ကိုယ်ပိုင်စကားကို ထပ်ပေါင်းထည့်ပြောမည်။ ထို့နောက်
သားဟက်ဆန့်ကို မျက်မှောင်ကြီးကြုတ်၍ ကြည့်နေတော့မည်။
ထိုအခါ ဟက်ဆန်က ”ဟုတ်ကဲ့ အဖေ” ဟုလေပျော့လေးနှင့် ဖြေပြီး
ကိုယ့်ခြေထောက်ကိုယ် ငုံ့ကြည့်နေလေ့ရှိသည်။ သို့ရာတွင်
အိမ်နီးချင်း၏ခွေးကို လေးဂွနှင့်ဆော်ခိုင်းသကဲ့သို့ မှန်ထိုးခြင်းမှာလည်း
ကျွန်တော့်အကြံဖြစ်ကြောင်းကိုမူ ဟက်ဆန်သည် ဘယ်တော့မှ တိုင်မပြောချေ။
ပေါ်ပလာပင်များ နံဘေးသတ်ထားသော အုတ်သားနီနီလမ်းသည် သံပန်း ဂိတ်တံခါးဆီ
ဦးတည်သွားပြီးမှ တစ်ဆစ်ချိုးကာ ကျွန်တော့်အဖေခြံဝင်းထဲ ကွေ့ဝင် သွား၏။
အုတ်လမ်း၏ ဘယ်ဘက်အခြမ်းတွင် အိမ်ဆောက်ထားပြီး နောက်ဘက်ခြံထဲ တွင်
အုတ်လမ်းအဆုံးသတ်သွားသည်။
ဝဇီရာအက္ခဘာခန်ရပ်ကွက်ထဲတွင် ကျွန်တော့်အဖေ ‘ဘာဘာ’ ဆောက်သည့် တိုက်
အသားနားဆုံးဆိုသည်ကို လူတိုင်းသဘောတူကြသည်။ ဤရပ်ကွက်မှာ
ကဘူးမြို့မြောက်ပိုင်း၏ အသစ်ကျပ်ချွတ် သူဌေးရပ်ကွက်ဖြစ်၏။ တချို့ကတော့
ကဘူးတွင် ကျွန်တော့်အဖေ ဘာဘာ၏စံအိမ်သည်သာ အလှဆုံးဟုထင်ကြသည်။
ပြတင်းကျယ်ကြီးများ၊ ကြမ်းခင်းစကျင်ကျောက်၊ အိပ်ခန်းလေးခန်း အပြည့်ခင်း
ထားသော အနုစိတ်လက်ရာကြြွေပား၊ နံရံတွင် အစီအရီရှိနေသော ကာလကတ္တားမှ
ဘာဘာကိုယ်တိုင် ဝယ်ယူခဲ့သည့် ရွှေချည်ဂုန္တန်ထိုးပန်းချီကားများ၊
ခုံးမိုးမျက်နှာကျက်မှ တွဲလောင်းချထားသော သလင်းကျောက်မီးပန်းဆိုင်း …
ထို နေအိမ်ခပ်ပြန့်ပြန့်ဆီ နှင်းဆီခြုံတို့ သိုင်းဝိုင်းလှိုင်းထနေသော
ဆင်ဝင်လမ်းက ဦးတည်သွားသည်။
အိမ်အပေါ်ထပ်တွင် ကျွန်တော့်အိပ်ခန်း၊ ဘာဘာ့အခန်းနှင့် စာကြည့်ခန်း
တို့ရှိသည်။ ဆေးရွက်ကြီးရနံ့၊ သစ်ကြပိုးရနံ့တို့ မပြတ်တတ်သော
စာကြည့်ခန်းကို ‘ဆေးလိပ်သောက်ခန်း’ ဟုလည်းခေါ်သည်။ အလီက
ညစာခူးခပ်ကျွေးပြီးပြီဆိုလျှင် ဘာဘာနှင့် သူ၏ရောင်းရင်းကြီးများ
ဆေးလိပ်သောက်ခန်းထဲဝင်၊ အနက်ရောင်သားရေ ကုလားထိုင်ပေါ်
ကျောမှီဖြေလျော့ကြသည်။ ဘာဘာမှလွဲ၍ ကျန်မိတ်ဆွေများအားလုံး ဆေးတံအိုးထဲ
ဆေးဖြည့်ကာ ၎င်းတို့အာအတွေ့ဆုံး ခေါင်းစဉ်သုံးမျိုးကို ဆွေးနွေး ကြသည်။
နိုင်ငံရေး၊ စီးပွားရေးနှင့် ဘောလုံးပွဲ။ တခါတလေ ကျွန်တော်လည်း
ဝင်ထိုင်ချင်ကြောင်း ဘာဘာ့ကို ပူဆာလျှင် ဘာဘာက တံခါးဝတွင်ပိတ်ရပ်ကာ
”ဒါလူကြီးတွေ စကားပြောချိန်၊ မင်းစာအုပ်တွေထဲက တစ်အုပ်လောက်ဖတ်နေပါလား”
ဟုဟောက်ပြီး တံခါးပိတ်သွားတော့၏။ ဘာကြောင့်များ တချိန်လုံးလူကြီးတွေ
စကားပြောချိန် ဖြစ်နေပါလိမ့်ဟု ကျွန်တော့်မှာဝေခွဲမရ။ တံခါးနားထိုင်ချကာ
ဒူး ရင်ဘတ်ထိအောင် ကွေးနေလိုက်သည်။ တစ်ခါတရံ တစ်နာရီနှစ်နာရီကြာအောင်
ထိုင်ပြီး အခန်းတွင်းမှ တွတ်ထိုးသံ၊ တဝါးဝါး ပွဲကျသံများကို နားစွင့်သည်။
အောက်ထပ်ဧည့်ခန်း၏ ဝန်းဝန်းဝိုင်းဝိုင်း နံရံကပ်ဗီရိုများကမူ စိတ်ကြိုက်
ပြုလုပ်ထားခြင်းဖြစ်သည်။ ဗီရိုထဲတွင် ဘောင်ကွပ်ထားသော
မိသားစုဓာတ်ပုံများ။ အစက်အပြောက်တို့ အကွက်ထကာ မှုန်ဝါးနေပြီဖြစ်သော
ဓာတ်ပုံမှာ ဘုရင်နာဒါရှား လုပ်ကြံမခံရမီ နှစ်နှစ်အလို ၁၉၃၁ခုတွင်
ကျွန်တော့်အဖိုးနှင့် ယှဉ်တွဲရိုက်ထားသော ဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံထဲမှ
ကာယကံရှင်များ တောနင်းလည်ရှည်ဖိနပ်စီး၍ ရိုင်ဖယ်များ
စလွယ်သိုင်းထားကြသည်။ ကျွန်တော့်မိဘနှစ်ပါး မင်္ဂလာဆောင်စဉ်က ရိုက်ထားသော
ဓာတ်ပုံလည်းရှိသည်။ ဓါတ်ပုံထဲတွင် ဘာဘာက ဝတ်စုံနက်ဖြင့်
အပြတ်သားနားနေသည်။ အပြုံးပန်းကလေးဆင်ယင်ထားသော အဖြူရောင်မင်းသမီး
လေးကတော့ ကျွန်တော့်မေမေ။
ဘာဘာနှင့် သူ၏အကောင်းဆုံးမိတ်ဆွေကြီး စီးပွားဖော်စီးပွားဖက် ‘ရာဟင်ခန်’
တို့ မပြုံးမရယ် ရှုတည်တည်ရိုက်ထားသော ဓာတ်ပုံလည်းရှိသည်။ ဓာတ်ပုံထဲတွင်
ကျွန်တော်က လူမမည်အရွယ်ကလေး။ ကျွန်တော့်ကို ပွေ့ထားသော အဖေ့ပုံကမူ
မောပန်းနွမ်းနယ်နေဟန်ရှိသည်။ ကျွန်တော့်ကို အဖေကပွေ့ထား သော်လည်း
ကျွန်တော့်လက်ချောင်းလေးများက ရာဟင်ခန်ကို ဆုပ်ကိုင်လျက်ရှိသည်။
နံရံကပ်ဗီရိုဧည့်ခန်းမှသည် ထမင်းစားခန်းဆီ ရောက်လာလျှင် လူအယောက်
သုံးဆယ်စာ မဟော်ဂနီစားပွဲကို အခန်းအလယ်ကောင်တွင်တွေ့ရမည်။ အပတ်စဉ်
အလျှံပယ် ပါတီပွဲပေးသော အဖေ့စိတ်ကြိုက်ပင်ဖြစ်တော့၏။
ထမင်းစားခန်းအစွန်တွင် စကျင်ကျောက်မီးလင်းဖိုကြီးက ထီးထီးမားမား။
ဆောင်းကာလများဆိုလျှင် မီးလင်းဖိုထဲ လိမ္မော်ရောင်မီးညွန့်များ
မပြတ်တမ်းမင်းမူနေသည်။
မှန်သားလျှောတံခါးကို တွန်းဖွင့်လိုက်လျှင် နောက်ဘက်ခြံနှစ်ဧကနှင့်
ချယ်ရီပင်တန်းများကို စီးကြည့်နိုင်သော စက်ဝိုင်းခြမ်းပုံ
ဝရံတာပေါ်ရောက်မည်။ ကျွန်တော့်အဖေ ဘာဘာနှင့် ဟက်ဆန့်အဖေ အလီတို့
ရှေ့ဘက်တံတိုင်းနားတွင် ဟင်းသီးဟင်းရွက်စိုက်ခင်း ပြုလုပ်ထားသည်။
ခရမ်းချဉ်၊ ပူဒီနာ၊ ငရုတ်ကောင်းနှင့် တစ်ခါမျှမဖြစ်ထွန်းသော
ပြောင်းခင်းတို့ဖြစ်သည်။ ထိုပြောင်းခင်းကို ကျွန်တော်နှင့် ဟက်ဆန်က
‘ဂီလာနပြောင်းခင်း’ ဟုအမည်တပ်ထားသည်။
ခြံ၏တောင်ဘက်စွန်း နှင်းသီးပင်ရိပ်အောက်တွင် အစေခံတန်းလျားတစ်ခု။
ရိုးရိုးကုပ်ကုပ် ရွှံ့တဲလေးမျှသာဖြစ်သော ထိုတန်းလျားတွင် ဟက်ဆန်တို့သားအဖ
နေသည်။ ကျွန်တော် လူ့လောကကိုရောက်ပြီး တစ်နှစ်အကြာ ၁၉၆၄ခု၊ ဆောင်းတွင်း ၌
ဟက်ဆန့်ကို ထိုတဲလေးတွင် သူ့အမေကမွေးပေးခဲ့သည်။ ကျွန်တော့်အမေကတော့
ကျွန်တော့်ကို မွေးပြီးပြီးချင်း မီးတွင်းမှာပင် အသက်ဆုံးရှုံးခဲ့ရှာသည်။
ဤအိမ်ဂေဟာတွင် ကျွန်တော်နေထိုင်ခဲ့သည့်နှစ်ပေါင်း တစ်ဆယ့်ရှစ်နှစ်
လုံးလုံး ဟက်ဆန်တို့သားအဖနေထိုင်သည့် တန်းလျားသို့ ကျွန်တော်ရောက်ခဲ့သည့်
အကြိမ်ကို လက်ချိုးရေတွက်လျှင် လက်တစ်ဖက်စာလောက်ပင်ရှိမည်။ တောင်စွယ်
နေကွယ်သွားပြီဆိုလျှင် တစ်နေ့တာ ဆော့ကစားခြင်းအမှု ပြီးစီးပြီဖြစ်၍
ကျွန်တော်နှင့် ဟက်ဆန်တို့ လမ်းခွဲကြသည်။ ကျွန်တော်က
နှင်းဆီခြုံများကိုဖြတ်၍ ဘာဘာ့စံအိမ်ဆီ ပြန်လာခဲ့ရသလို ဟက်ဆန်သည်လည်း
သူမွေးဖွားခဲ့ရာ၊ သူတစ်သက်တာလုံး နေထိုင် သွားမည့် ထိုတန်းလျားလေးဆီ
ပြန်သွားခဲ့မြဲ။ ရေနံဆီမှန်အိမ်နှစ်လုံး ခပ်မှိန်မှိန် ထွန်းထားသော
ဟက်ဆန်တို့ရွှံ့တဲလေးသည် ဟာလာဟင်းလင်းနှင့် သန့်ရှင်းမှု ရှိသည်။
အခန်း၏ဘေးနှစ်ချက်တွင် မွေ့ယာတစ်ခုစီရှိသည်။ မွေ့ယာနှစ်ခုကြားတွင်
အနားဖွာနေသော ကော်ဇောတစ်ချပ်။ ဟက်ဆန် ပုံဆွဲသည့်အခန်းထောင့်တွင်
သစ်သားစားပွဲတစ်လုံးနှင့် သုံးချောင်းထောက်ခွေးချေတစ်လုံး။
ပုတီးစေ့များဖြင့် ‘အလာဟ်အရှင်မြတ်’ ဟုပုံဖော်ထားသော
ဂုန္တန်ထိုးထည်တစ်ချပ်မှလွဲ၍ နံရံပေါ်တွင် ဘာမျှမရှိ။ ထိုဂုန္တန်ထိုးထည်သည်
ကျွန်တော့်အဖေ ဘာဘာ မာရှက်သို့ အလည်သွား ရင်း
အလီ့အတွက်ဝယ်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါတဲကလေးတွင် ဟက်ဆန့်အမေ ‘စန်နိုဘား’ သည် ဟက်ဆန့်ကို ၁၉၆၄ခု၏
ဟေမန္တတစ်ရက်တွင် မွေးခဲ့သည်။ ကျွန်တော့်ကို အမေမီးဖွားစဉ်
မီးတွင်းသွေးသွန်၍ ကျွန်တော်သည် မိခင်ကို ဆုံးရှုံးခဲ့ရသလို ဟက်ဆန်သည်လည်း
လူ့လောကထဲရောက်ပြီး တစ်ပတ်မပြည့်ခင် မိခင်ကို ဆုံးရှုံးခဲ့သည်။ ဟက်ဆန်
မိခင်ကို ဆုံးရှုံးပုံသည် အာဖဂန်တို့အဖို့ သေသည်ထက်ဆိုးသော
ကံကြမ္မာမျိုးဖြင့် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ ဟက်ဆန့်အမေ စန်နိုဘားသည်
ရိုးရာတူလူတစ်စုဖြစ်သော နယ်လှည့်အဆိုအက ဖျော်ဖြေရေးအဖွဲ့နှင့်
ထွက်ပြေးသွားခဲ့သည်။
ဟက်ဆန်သည် သူ့အမေအကြောင်း စကားအစပ်မခံ။ ဘယ်တုန်းကမှ အမေ
မရှိခဲ့သည့်အတိုင်းဖြစ်၏။ ကိုယ့်အမေ ဘယ်ရောက်နေသလဲ၊ ဘယ်လိုပုံပန်း
သဏ္ဍာန်ရှိသလဲ ဟက်ဆန် အိပ်မက်ကလေးပင် မက်ဖူးရဲ့လား၊ ကျွန်တော် အံ့ဩ ရသည်။
တစ်ခါမှ မမြင်ဖူးလိုက်သည့် အမေ့ကို ကျွန်တော် တမ်းတနာကျင်ခဲ့ရသလို
ဟက်ဆန်ကော ကျွန်တော့်လိုခံစားဖူးသလား သိချင်စမ်းလှသည်။
တစ်နေ့တော့ ရုပ်ရှင်ရုံတွင် ကားသစ်ရုံတင်၍ ကျွန်တော်နှင့် ဟက်ဆန်
ရုပ်ရှင်ရုံဆီ ချီတက်ကြသည်။ အလယ်တန်းကျောင်းအနီး စစ်တန်းလျားကို ဖြတ်ရ
သည့် ဖြတ်လမ်းမှ သွားကြခြင်းဖြစ်သည်။ ကျွန်တော့်အဖေ ဘာဘာက ထိုဖြတ် လမ်းထဲ
မဝင်ဖို့တားမြစ်ထားသော်လည်း ဘာဘာက မိတ်ဆွေကြီး ရာဟင်ခန်နှင့်
ပါကစ္စတန်ရောက်နေချိန်။ ထို့ကြောင့် ကျွန်တော်တို့ ဖြတ်လမ်းမှ
သွားကြပါသည်။ စစ်တန်းလျားကို ဝန်းရံထားသော စည်းရိုးကိုခုန်ကျော်ကြသည်။
မြောင်းကလေးကို အေးဆေးကလေးစုံခုန်၍ စွန့်ပစ်တိုင်ကီများထားရာ
ဝင်းကျယ်ကြီးထဲရောက်လာသည်။ တိုင်ကီတစ်လုံး၏အရိပ်အောက်ဝယ် စီးကရက်သောက်၊
ဖဲချနေသော စစ်သားတစ်စု။ တစ်ယောက်က ကျွန်တော်တို့ကလေးတွေကိုမြင်ပြီး
ဘေးမှစစ်သားတစ်ယောက်ကို တံတောင်တွတ်သည်။ ဟက်ဆန့်ကို လှမ်းအော်ခေါ်သည်။
”ဟေး၊ ကောင်လေး၊ မင်းကို ငါသိတယ်နော်”
ဂင်တိုတို၊ ဂတုံးပြောင်ပြောင်၊ မုတ်ဆိတ်ငုတ်တိုနှင့် ထိုစစ်သားကို
ကျွန်တော်တစ်ခါမှ မမြင်ဖူး။ သူသွားဖြီးပုံ၊ တဟီးဟီး မသတီစရာရယ်ပြပုံကို
ကျွန်တော်ကြောက်သည်။ ဟက်ဆန့်ကို ဆက်သာလျှောက်ဟု တိုးတိုးပြောရသည်။
”ဟေ့ကောင်၊ ဟာဇာရာကောင်၊ ငါပြောနေရင် ငါ့ကိုကြည့်ကွ” ဟု
စစ်သားကဟိန်းသည်။ ဘေးနားမှအဖော်ကို စီးကရက်လှမ်းပေးပြီး လက်ညှိုးလက်မ
ဝိုင်းပြသည်။ ”မင်းအမေကို ငါသိတယ်ကွ။ မင်းသိရဲ့လားဟင်။
ကောင်းကောင်းကြီးကို သိခဲ့တာကွ။ ဟောဟို မြောင်းကလေးနောက်ကနေ
ငါဆွဲခေါ်လာတာကွ”
စစ်သားတွေ ဝေါခနဲရယ်ကြသည်။ တစ်ယောက်က ကျီခနဲထအော်သည်။
ဆက်လျှောက်ဆက်လျှောက်ဟု ဟက်ဆန့်ကို ကျွန်တော်ပြောရသည်။ စစ်သားက
ဆက်လောင်ကာ အဖော်တွေနှင့် လက်ဆွဲနှုတ်ဆက်နေသည်။
ရုပ်ရှင်ရုံထဲရောက်မှ ရုပ်ရှင်ပြနေချိန်ကြီး ကျွန်တော့်ဘေးမှ ဟက်ဆန်
ရှိုက်နေသံကို ကျွန်တော်ကြားရသည်။ ဟက်ဆန့် ပါးနှစ်ဖက်ပေါ်တွင်
မျက်ရည်စများ။ သူ့ကို ကျွန်တော်သိုင်းဖက်လိုက်တော့ ကျွန်တော့်ပုခုံးဆီ
သူခေါင်းမှီလာသည်။ ”လူမှားပြောနေတာပါကွာ” ဟု ကျွန်တော်
တိုးတိုးချော့နေခဲ့ရသည်။
ဟက်ဆန့်အမေ စန်နိုဘား လိုက်ပြေးသွားခြင်းကို အံ့ဩသူ မရှိကြောင်း
ကျွန်တော်ပြောသံကြားခဲ့ရသည်။ ကိုရန်ကျမ်းကို အာဂုံဆောင်ထားသော ဟက်ဆန့်
အဖေ အလီက သူ့ထက်အသက်တစ်ဆယ့်ကိုးနှစ်ငယ်သော ဆတ်ကော့လတ်ကော့ အချောအလှအလည်မ
စန်နိုဘားကို လက်ထပ်ယူသောအခါ အရပ်က မျက်ခုံး ပင့်ခဲ့ကြဖူးသည်။
စန်နိုဘားသည် အလီကဲ့သို့ပင် ရှီယာမွတ်စလင်ဖြစ်ပြီး ဟာဇာရာ
တိုင်းရင်းသူဖြစ်သည်။ အလီနှင့် မောင်နှမတစ်ဝမ်းကွဲ တော်စပ်သူဖြစ်၍ သဘာဝ
အတိုင်း ခင်ပွန်းအဖြစ် ရွေးချယ်ခဲ့ခြင်းသာ။ အလီနှင့် စန်နိုဘား
ဤမျှတူညီကြပါလျက် မလိုက်ဖက်ကြ။ အနည်းဆုံး ပုံပန်းသွင်ပြင်ကလေးကအစ
မလိုက်ဖက်ကြ။
စန်နိုဘား၏ တောက်ပသောမျက်လုံးစိမ်းများနှင့် မှင်စာမျက်နှာလေးသည်
ကောလဟာလများအရ ယောက်ျားပေါင်းများစွာကို တဏှာကျွန်ဖြစ်အောင် မြူဆွယ်
နိုင်ခဲ့သည်။ အလီကတော့ မွေးရာပါ သွက်ချာပါဒရောဂါကြောင့်
မျက်နှာအောက်ပိုင်း ကြွက်သား လှုပ်ရှား၍မရဘဲ မပြုံးနိုင်မရယ်နိုင်
မျက်နှာကြီးသေနေရရှာသည်။ ကျောက်ရုပ်မျက်နှာ အလီ၏
ဝမ်းနည်းဝမ်းသာမျက်နှာကား ထူူးဆန်းလှတော့၏။ စွေစွေစောင်းစောင်း
မျက်လုံးညိုများ ပြုံးရိပ်ဖြင့် ဖိတ်လက်နေတတ်သလို မျက်ရည်များ
အိုင်ဖွဲ့နေတတ်သည်။ မျက်လုံးဆိုသည်မှာ စိတ်၏ပြတင်းပေါက်ဟု ဆိုရိုးရှိသည်။
ထိုစကားသည် အလီ့အတွက် အမှန်ဆုံးဖြစ်နေသည်။
စန်နိုဘား၏ ကြာပစ်သောခြေလှမ်းများ၊ ဘယ်ညာလွှဲရမ်းနေသော တင်သား များ …
ကျားသတ္တဝါတို့ခမျာ သစ္စာဖောက်ခြင်းအတွေးထဲ ခြေပစ်လက်ပစ် ဖြစ်
သွားကြကြောင်း ကျွန်တော်ကြားဖူးသည်။ ခင်ပွန်းသည် အလီကတော့
ပိုလီယိုကြောင့် ညာခြေသိမ်ပြီးလိမ်ကောက်နေရှာသည်။ အရိုးနှင့်
ဝါကြင်ကြင်အရေပြားကြားမှ ကြွက်သားလေးသည် စက္ကူရွက်လေးနှယ် ပါး
ပါးလွန်းလှသည်။
ကျွန်တော် မမေ့နိုင်သောတစ်ရက် …။ ထိုစဉ်က ကျွန်တော်ရှစ်နှစ်သား အရွယ်။
အလီက ကျွန်တော့်အား ဈေးခေါ်သွားသည်။ ကျွန်တော်က အလီ့နောက်မှ
တကောက်ကောက်လိုက်ပြီး တေးကလေးတညည်းညည်းဖြင့် အလီလမ်းလျှောက်ပုံကို
တုပပြီးလျှောက်သည်။ အလီသည် သူ၏အရိုးပေါ်အရေတင် ခြေထောက်ကို စက်ဝိုင်း
သဏ္ဍာန်ဝိုက်၍ယူကာ ခြေထောက်ချလိုက်တိုင်း ခန္ဓာတစ်ကိုယ်လုံး ညာဘက်သို့
ယိမ်းသွားပုံသည် မယုံနိုင်လောက်စရာပင်။ ဟပ်ထိုးလဲမကျသည်က ပဉ္စလက်
အသေးစားပင်ဖြစ်နေသည်။ သူ့အတိုင်း ကျွန်တော်ကြိုးစားလျှောက်ရာ မြောင်းထဲ
ထိုးဆင်းတော့မလိုဖြစ်ပြီး ကိုယ့်ဖာသာ တခစ်ခစ်နှင့်ရယ်ရသည်။ အလီက
ကျွန်တော့် ကိုလှည့်အကြည့် ကျွန်တော်တုပသည်နှင့်
ပက်ပင်းတိုးသွားသည့်တိုင် ဘာတစ်ခွန်းမှ မပြော။ ထိုစဉ်က
ဘာမှမပြောဆိုခဲ့သလို နောင်ဘယ်တော့မှလည်း မပြောခဲ့ချေ။
ဆက်သာလျှောက်နေခဲ့သည်။
အလီ့မျက်နှာသွင်ပြင်နှင့် လမ်းလျှောက်ပုံကြောင့် နီးပါးဝန်းကျင်မှ ကလေး
ငယ်များ အလီ့ဆိုလျှင်ကြောက်ကြသည်။
………………………………………………
……………………………………………….
…………………………………………………
____________________________________-
ဆက်ပါဦးမည်..။
မူရင်းစာအုပ်အမည်…..THE KITE RUNNER
မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်
မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..
2009 / ဇွန် ၊ ပထမ အကြီမ် ။
စာမျက်နှာ စုစုပေါင်း…350
13 x 21 စင်တီဆိုဒ်
ပုဂံစာအုပ်တိုက်
_________________________________________________
လေးစားစွာဖြင့်……
……………………….
23 comments
windtalker
June 1, 2012 at 9:12 pm
ရှေ ့လူများကဲ့သို ့၊ ကော်ပီသွားပါတယ် ။ အားလုံးပြီးမှဘဲ စုဖတ်တော့မယ် ။ တစ်ပိုင်းထဲဆိုရင် မမူးမှာစိုးလို ့
🙂
အလင်းဆက်
June 1, 2012 at 9:21 pm
ဟိုက်……မူးအောင် စာဖတ်တာ အခု မှတွေ ့ဖူးတယ် ။ အဟုတ်.ဗျို ့..။
ကိုပေ..ေ၇… ဖတ်ဖြစ်အောင် ဖတ်ပါနော့် ။ အဲဒီစာအုပ်က..နောက်ပိုင်းမှာ..ထူးခြားတဲ ့အကြောင်းအရာတွေ ပါနေတယ်ဗျ ။
ကျွန်တော်တို ့ ထင်မထားတဲ ့..အရာတွေပေါ့ ။
ဝတ္တုတစ်အုပ်မှာ..ပါဝင်နေမယ်လို ့ ထင်မထားတဲ ့အရာတွေ….
မကြာမီ….လာမည်….ပေါ့ဗျာ ။
ခင်မင်လေးစားစွာ….
ALINSETT.ART@GMAIL.COM
ဓါးငမိုး
June 1, 2012 at 9:50 pm
ကျနော်လည်း ဒီနှစ်ပိုင်းကို ကူးယူသွားပါသည် ..
အေးအေးဆေးဆေး ဖတ်လိုက်ပါဦးမယ် ..
ဘာသာပြန်ဝတ္ထုဆိုတော့ …
အေးဆေးဖတ်မှ တဖြည်းဖြည်း ပေါ်လာမှာမို့ …
အရင်ဆုံး ကူးယူ သွားပါတယ်ဗျာ ..
water-melon
June 1, 2012 at 9:54 pm
အပေါ်က အူးလေးတွေလိုပါဘဲ
ကူးသွားပါတယ်
အကုန်ပြီးရင်တော့ အီးဘုတ်ထုတ်လိုက်မယ်
အပေါ်က ဓါးငမိုးဆိုတဲ့သူ ဓါးလေးခဏလောက်ဗျ
ဖရဲသီးခွဲစားချင်လို့
ဓါးငမိုး
June 1, 2012 at 10:01 pm
ငှားစရာရှားလို့ ငါ့ဓါး လာငှားရသလား ..
ငါ့ဓါးက ဂန္တဝင်းဓါးဟဲ့ ..
နှယ်နှယ်ရရဓါး မဟုတ်ဘူး ..
ပြီးတော့ ငါ့ဓါးနဲ့ ဖရဲသီး ခွဲစားရင် အဆိပ်သင့်တတ်တယ် …
ငှားမလား …
water-melon
June 1, 2012 at 10:09 pm
အူးလေး ဓားက ဂန္တဝင်းဓါးလား
ဒါဆို မိုးဟေကိုဓါး ရှိလားဟင်
အနော် ဌားချင်လို့
MaMa
June 2, 2012 at 8:31 am
ပေးထားတဲ့ ခေါင်းစဉ်လေးကို ဖတ်ပြီး ဘာသာပြန်သူ ဆရာမ ဝင့်ပြုံးမြင့်ရဲ့ စကားလုံးကို ကြိုက်နှစ်သက်မိသွားတယ်။
စာဖတ်ရတော့ ပိုပြီးကြိုက်လာတယ်။
မြန်မာစကားလုံး အသစ်ထွင်ဖို့၊ မြန်မာစကားဖွံ့ဖြိုးဖို့ ပြောနေတဲ့ နာမည်ပြောင်းလွန်းတဲ့ မူလလက်ဟောင်း ဖားသက်ပြင်း ဒီစာကို ဖတ်မိပါစေ။ 🙂
ahnyartamar
June 2, 2012 at 10:40 am
ဒီလောက်ညွှန်းနေမှတော့ မဖတ်ရင် လူဆိုးဖြစ်သွားမယ်၊ မှန်မှန်တင်ဖို့တော့လိုတယ်နော်…ကူးသွားပြီ အလင်းဆက်ရေ….
Tin Tin
June 2, 2012 at 11:26 am
ကိုအလင်းဆက်ရေ…
ကူးထားလိုက်ပါတယ်နော်.. နောက်အခန်းဆက်တွေက်ိုလည်း
စောင့်မျှော်အားပေးနေပါတယ်လို့ …..
ဗိုက်ကလေး
June 2, 2012 at 12:35 pm
အူးလေးရေ
စာဒွေက တစ်ဆက်တည်း ဖြစ်နေတော့ ဖတ်ရတာ အဆင်မပြေသလိုဘဲဗျာ..
နဲနဲ ခွဲခွဲပြီး ဖတ်ရင် ကောင်းမလားလို ့ဗျာ
သားက မျက်စိမကောင်းတော့ စာပိုဒ်တွေ ကျော်ကျော် ဖတ်မိကုန်လို ့ဘာဗျား..
အားပေးသွားဘာဒယ်
ဗိုက်ကလေး
June 2, 2012 at 12:36 pm
အူးလေးရေ
စာကြောင်းဒွေက တစ်ဆက်တည်း ဖြစ်နေတော့ ဖတ်ရတာ အဆင်မပြေသလိုဘဲဗျာ..
နဲနဲ စာကြောင်းခြားခြားပြီး ဖတ်ရင် ကောင်းမလားလို ့ဗျာ
သားက မျက်စိမကောင်းတော့ စာကြောင်းတွေ ကျော်ကျော် ဖတ်မိကုန်လို ့ဘာဗျား..
အားပေးသွားဘာဒယ်
manawphyulay
June 2, 2012 at 1:04 pm
ဝင့်ပြုံးမြင့်ရဲ့ ပထမဆုံးစာအုပ်က ပိုကောင်းပါတယ်။ မြန်မာပြည်ရဲ့ရှမ်းစော်ဘွားတွေအကြောင်းတကယ့်ဖြစ်ရပ်မှန်စာအုပ်ဖြစ်ပါတယ်။ တကယ်လို တိမ်ယံသစ္စာစာအုပ်ကိုလည်း ဖတ်ချင်ရင် မနောဆီမှာ ငှားရမ်းနိုင်ပါတယ်ဆိုတာ သတင်းပေးလိုက်ပါတယ်။ နောက် ဝင့်ပြုံးမြင့်ရဲ့ ဂျာမန်စာအုပ်ဘာသာပြန်တစ်အုပ်ရှိသေးတယ်။ ဦးခင်ညွန့်ကျဆုံးစဉ်က ထုတ်ဝေတဲ့စာအုပ်ဖြစ်ပြီး ဟစ်တလာမီးရှို့တုန်းက ပါသွားတဲ့စာအုပ်ဖြစ်ပါတယ်။ စာအုပ်နာမည်က မိသားစုတစ်စုရဲ့ ကျရှုံးခန်းစာအုပ်ဖြစ်ပါတယ်။ ပထမဆုံးထွက်တဲ့စာအုပ်ကိုလည်း ငှားချင်ရင် ငှားဖတ်ပါမယ်။
pooch
June 2, 2012 at 1:36 pm
အလင်းဆက်ရေ ကျမက ဆရာမစာအုပ်တွေကို တခါမှ မဖတ်ဖူးပါဘူး။ ဒါပေမဲ့ ခုဖတ်တော့လည်း အရေးအသားကတော့ တကယ်ကိုကောင်းပါတယ်။ ကျမလည်း စာအုပ်ပဲ ဝယ်ဖတ်ဖို့ စိတ်ကူးထားပါတယ်။
ဆရာမကို အားပေးချင်တဲ့ စိတ်နဲ့ သူ့ပရိတ်သတ်ဖြစ်ချင်လို့ပါ။
နောက် အခု မနောပြောတဲ့ စာအုပ်တွေကို လည်း ရှာဝယ်ကြည့်ပါအုန်းမယ်။ စာညွှန်းပေးတဲ့ မနောရေ ကျေးဇူးပါနော်။
manawphyulay
June 2, 2012 at 1:42 pm
လက်ကျန်မရှိတော့လောက်တော့ဘူး pooch ရေ… ပင်ရင်း ပုဂံစာအုပ်တိုက်မှာတောင် လက်ကျန်မရှိတော့ဘူး။ ပြန်ထုတ်မယ်ဆိုရင်တော့ မပြောတတ်ဘူး။ အပြင်မှာ ရှာမတွေ့ဘူးဆိုရင် မနော ပုဂံစာအုပ်တိုက်ကို မေးပေးမယ်နော်။ တိုက်မှာတောင် လက်ကျန်မရှိတော့ဘူး။ နောက် စာအုပ်ကောင်းတွေ ဖတ်ချင်ရင် မနောဆီမှာ ရှိတယ်။ ငှားဖတ်ပါမယ်။ မြန်မာဝတ္ထုအညွှန်းစာအုပ်က အစရှိပါတယ်။
မောင်ဘလိူင်
June 2, 2012 at 3:26 pm
ဆရာမ ဝင့်ပြုံးမြင့် ဘာသာပြန်တာ ညက်ညောပြီး စကားလုံးရွေးချယ်မှုကလည်း
အလွန်ပြေပြစ်လှပ ပါတယ်…ကျွန်တော်သာ ဆိုလို့ကတော့ အတုံးလိုက်အတစ်
လိုက်တွေ ဘာသာပြန်မိကုန်လိမ့်မယ် ထင်တယ်။ ဟက်ဆန်နဲ့ ဇာတ်လိုက်ကောင်
လေးကို စစ်သားတွေ ဝိုင်းနောက်တဲ့ အခန်းမျိုးပေါ့။ မူရင်း ဝတ္ထုမှာ လက်ညှိုးလက်မ
ထိပြီး အဝိုင်းလုပ်ပြ..နောက်လက်တစ်ဘက်က လက်ခလယ်နဲ့ အဝိုင်းထဲထိုးပြပြီး
ကလေးတွေကို လှောင်တယ်။ နောက်ပြီးတော့ ဒီလို ဝါကျမျိုးဆို
“What a tight little sugary cunt she had!”
ကျွန်တော်ဘာသာပြန်ရရင်..ကို့ယို့ကားယားဖြစ်မှာ မြင်ယောင်သေး။ ဆရာမ
ကတော့ မပြန်ဘဲချန်သွားပါတယ်။ ချန်သွားလည်း ဘာမှ မဖြစ်လို့ ပါ။
shwe kyi
June 2, 2012 at 4:59 pm
ဆက်လက်ဖော်ပြမည့်အပိုင်းကို စောင့်မျှော်နေပါဦမည်။
စိတ်ဝင်စားမိပါတယ်။
အလင်းဆက်
June 2, 2012 at 7:34 pm
မနောရေ…. စာအုပ်တွေအကြောင်း သေချာ ပြောပြပေးနေလို ့ ကျေးဇူးပါနော် ။ကျွန်တော်တောင် မနောလောက် သေချာမသိသေးပါဘူး။ ကျေးဇူးပါ ။
ဆရာမောင်ဘလှိုင်ရေ..
ကျွန်တော်လည်း…အံဩယူရလောက်အောင်ပါပဲ.။
ကျွန်တော်သာဆို…အဲဒီလောက် ချောနေအောင် ဘာသာပြန်တတ်ဖို ့….လုံးဝကို မလွယ်တာပါ ။
ဆရာမ က..တော်တော် ပညာ ပါပါနဲ ့ပြန်ထားတာတွေ.တွေ ့ရပါတယ် ။
ဒီ့ထက် ထူးခြားတဲ ့ ဘာသာပြန် ပုံတွေ…တောင် လာပါဦးမယ် ။
ahnyartamar
shwe kyi
pooch
Tin Tin
MaMa
water-melon …
နဲ ့… အားလုံးကို ကျေးဇူးတင်ပါတယ်နော် .
ဦးဗိုက်ရေ..
ကျွန်တော်.လည်း…အဲဒါက်ို လုပ်ဖို ့မေ ့သွားတယ် ။
နောက် တင်မယ့် အခန်းတွေမှာ…တတ်နိုင်သလောက် လုပ်လိုက်ပါ့မယ် ။
အခန်းဆက်ကိုလည်း..တစ်ရက် တစ်ပိုင်း ..တင်ဖြစ်အောင် ကြိုးစားပါ့မယ်..လို ့ ။
အားလုံးကို ခင်မင်လေးစားစွာ……
lin naing
June 2, 2012 at 7:48 pm
မင်္ဂလာပါ အစ်ကို အလင်းဆက်
အရမ်းကောင်းတယ်နော်
ပြောင်မြောက်လွန်းပါတယ်
မှန်မှန်တော့ လိုင်းပေါ်ကိုတက်ရမယ်နော်
မလာရင် စိတ်ဆိုးလိုက်မှာနော်…..ဟဲဟဲ
ခင်မင်စွာဖြင် ့…………………..
အလင်းဆက်
June 2, 2012 at 7:54 pm
ကိုလင်းနိုင်ရေ..
စိတ်တော့မဆိုးပါနဲ ့နော် ။
မှန်မှန်လာပါ့မယ် ။
ကိုလင်းနိုင်လည်း..စာတွေ.ရေးနော် ။
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
June 2, 2012 at 7:55 pm
ရွာထဲမှာ အလံနီသူပုန်တွေ သောင်းကျန်းနေလေ၏ ကိုအလင်းဆက်ရေ။
ဆရာမဝင့်ပြုံးမြင့် ရဲ ့ဘာသာပြန်ကို ခန် ့မှန်းပို ့စ်ဘယ်နှစ်ခုလောက်ရေး
ရမလဲဗျ။ကူးပြီး သိမ်းထားဖို ့ပါ။
@အူးဗိုက်. ရေ ပေါက်ဖော်အရုပ်ထွင်းနေတယ်တဲ့ဗျ ပို ့စ်ထဲမှာပြောတာပါ။
အလင်းဆက်
June 2, 2012 at 8:15 pm
ကိုနာဂရ.ရေ..
ခန် ု့မှန်း… အပိုင်း 50လောက်ရှိမယ် ဗျ ။
စာအုပ် ထူတယ်လေ..။
ဇာတ်အိမ်လည်း ကျယ်တော့…
ကြောင်ကြီး
June 2, 2012 at 11:26 pm
သိပ်ကောင်းတဲ့ လက်ရာပြောင်မြောက်တဲ့ ဘာသာပြန်စာမူ ဖြစ်ပါတယ်။ ဟက်ဆန်လေးအကြောင်း ဖတ်ရတော့ ကြေးမုံဂျီးပြုသမျှနုရ ပြောဆိုသမျှ ဗလိုင်းဂျီးခံနေရဒဲ့ ကိုယ့်ဘဝကိုယ် ပြံသနားမိဒယ်။ 😥
etone
June 4, 2012 at 10:43 am
သူတို့ရဲ့ အင်္ဂလိပ်နာမည်တွေကို မှတ်မိအောင် အရင်ကျက်ပြီးမှ .. စာဆက်ဖတ်ရတော့တယ် … ဘာသာပြန်စာအုပ်ဆိုတော့လေ … … အပိုင်းတွေ အကုန်ပြီးမှ … ကူးပြီး .. ဝေ့ါဒ်ဖိုင်ထဲက တပိုဒ်လုံးပြန်ဖတ်မယ် … အဲ့လို အစဆုံး ဖတ်ရမှာ .. အားရတယ်ထင်လို့ … ဟီး 😀
ကိုရီးယားကားတောင် တပိုင်းစီလာလျှင် .. စိတ်မရှည်လို့ …… အခွေတွဲလိုက်ဝယ်ပြီး တထိုင်တည်း ထိုင်ကြည့်ပလိုက်တယ် … မှတ်ကရော .. ဟီး