ပါရမီဖြည့်သူများ

သူရႆဝါJune 7, 20121min1392

(၁)

မောင်ဝါဝါတို့၏ ဦးထိပ်တင်ထား သဗ္ဗေညုတ ရှင်တော်မြတ် ဘုရားသည် လူသူ သတ္တဝါ အပေါင်းအား ကယ်တင် ချေချွတ်ရန် အတွက် လေးအသချေင်္နှင့် ကမ္ဘာတစ်သိန်း တိတိ ပါရမီ ဖြည့်ကျင့်တော်မူ ခဲ့ရလေ၏ဟု စာပေကျမ်းဂန် တို့တွင် ဖတ်ရှု ဖတ်သား ခဲ့ရဖူးသည် ဖြစ်ပေ၏။ ၃၁ ဘုံသား လူသူသတ္တဝါ နတ်ဗြဟ္မာ အပေါင်းတို့အား မေတ္တာတော် စွမ်းအား ကြီးမားစွာ ထားတော် မူနိုင်လွန်းသည့် ဘုရားရှင်အား လေးစား မြတ်နိုး လက်စုံမိုးသည့် မောင်ဝါဝါမှာ ၎င်းပါရမီများ အထဲမှ သည်းခံခြင်း တည်းဟူသော ခန္တီ ပါရမီနှင့် လျစ်လျူရှုခြင်း တည်းဟူသော ဥပေက္ခာ ပါရမီ တို့ကို များစွာ နှစ်ခြိုက် သဘောကျ မိလေသည်သာ ဖြစ်လေ၏။ ၎င်းပါရမီ နှစ်မျိုးမှာ တော်ရုံလူ ဖြည့်ကျင့် နိုင်ခဲသည့် ထူးမြတ်သော ပါရမီများ ဖြစ်သည်ဟု မောင်ဝါဝါ တစ်ထစ်ချ ယုံကြည်ထား၏။ ဥပမာ .. အလှူအတန်း ပြုသည့် ဒါနပါရမီ ဆိုပါတော့။ သဒ္ဓါတတ်အား ငွေကြေးကလေးများ ရှိမည်ဆိုလျှင် ဒါနပါရမီ ဖြည့်ကျင့်ရန် အထောက်အကူ ဖြစ်နိုင်သည်။ ကိုယ့်အပေါ် ဘာလုပ်လုပ် ဘယ်လို ရက်စက် ရက်စက် သည်းခံနိုင်ခြင်း၊ လျစ်လျှူရှုနိုင်ခြင်း စသည့် ပါရမီ တို့မှာမူ မိမိ၏ ပင်ကိုယ် စိတ်ဓါတ် အတွင်းအား ကောင်းပါမှ ဖြည့်ကျင့် နိုင်ရာသော ကိစ္စများ ဖြစ်သည်ဟု မောင်ဝါဝါက ထင်သည်။ မောင်ဝါဝါတို့၏ ရှင်တော် မြတ်ဗုဒ္ဓသည် ဒီလို လူတကာ ကျင့်နိုင်ခဲ လှသော ပါရမီတော် များကို ဘယ်လိုများ ဖြည့်ကျင့်တော်မူ ခဲ့ပါလိမ့်၊ ဗုဒ္ဓ မြတ်စွာ ဘုရားလို ဘယ်သူကရော တစိုက်မတ်မတ် ကျင့်ကြံ နိုင်ကြမည် ဖြစ်ပါလိမ့်။

(၂)

မောင်ဝါဝါ ကားပေါ် တက်လာ ခဲ့သည်။ ကိုယ်ပိုင်ကားဟု မထင်လိုက်ပါနှင့်။ မောင်ဝါဝါတို့လို လက်လှုပ်မှ ပါးစပ် လှုပ်ရသော (စာရေးနိုင်မှ စာမူခ ငွေစကြေးစလေး ရတာကို ပြောတာပါ) သူများအဖို့ ကိုယ်ပိုင်ကား ဝယ်စီးရန် ဝေးစွ။ အိမ်ရှိ ကလေး ကစားစရာ လျှပ်စစ် ကားကလေး ကိုပင် ဘက်ထရီ ဓါတ်ခဲ ထည့်နိုင်ရန် အတန်တန် ဖြစ်ပါ၏။ ဒီတော့ မောင်ဝါဝါ တက်သွားသည်မှာ လိုင်းကားသာ ဖြစ်ကြောင်း အသိအမှတ် ပြုပါလေ။ ကားက အနည်းငယ် ကျပ်သည်။ တစ်ကိုယ်စာ ကိုင်စရာ တန်းနှင့် ခြေချစရာ နေရာလွတ် တစ်ခုတော့ ခပ်လွယ်လွယ် ရပါသည်။ တစ်ခုခု လုပ်စရာ မရှိလျှင် မနေတတ်သော မောင်ဝါဝါမှာ ဘတ်စ်ကားပေါ် ရောက်သည်တွင် တခြားလုပ်စရာ ဘာမှမရှိပါ။ ဒီတော့ စိတ်ကို အလုပ် ပေးသည့် အနေနှင့် ဟိုဟိုဒီဒီ လျှောက်တွေး နေလိုက်သည်။ အတွေးစ ပြတ်လို့ ပတ်ဝန်းကျင် ကြည့်လိုက်တော့ မှတ်တိုင် တစ်ခုမှာ ကားက ရပ်နေသည်။ အော် .. ဒီအနီးအနား မှတ်တိုင်တွေ တော်တော်ကို ပုံစံချင်း ဆင်တူပါလား။ ကားအောက်မှာ ရေခဲရေ ရောင်းနေသည့် ကောင်မလေး ကလည်း ဟိုဖက် မှတ်တိုင်မှာ ရေခဲရေ ရောင်းသည့် ကောင်မလေးနှင့် ညီအမများလား … ရုပ်ချင်း တော်တော်ကို ဆင် …။ ဟယ် .. ဆင်တာမှ မဟုတ်တာ။ သူမှသူပဲ။ ဘယ်လို ဖြစ်လို့ ဟိုမှတ်တိုင်နှင့် ဒီမှတ်တိုင် ကူးပြီး ရေခဲရေရောင်း နေပါလိမ့်။ အလို .. သူကလည်း နေရာပြောင်း ရောင်းတာ မဟုတ်။ ကားကိုက မောင်ဝါဝါ တက်လာသည့် မှတ်တိုင်ကနေ မထွက်သေးတာ။ ကြားထဲမှာ အချိန်က ငါးမိနစ်လောက် ကြာသွားပြီ။

ဘေးနားမှ ခရီးသည် များကို မျက်လုံးဝေ့၍ ကြည့်လိုက်သည်။ အောင်မယ် .. အားလုံးက အေးအေး ဆေးဆေးပဲ။ ကိုယ့်အိမ် ကိုယ့်ယာ ရောက်နေသည့် အတိုင်း။ မောင်ဝါဝါ စိတ်မရှည်တော့။ ကြုံး၍ အော်လိုက်သည်။

“ဟေ့ … ကားက ရပ်နေတာ ဒီလောက်ကြာပြီ၊ ဘယ်အချိန်မှ ထွက်မှာလဲဟ”

မောင်ဝါဝါ၏ ဟိန်း၍ ထွက်လာသော ညောင်နာနာ အသံကို ကြားသည်တွင် ရှေ့ခေါင်းခန်းမှ ကားဒရိုင်ဘာက နောက်ကြည့်မှန် ထဲမှတဆင့် မောင်ဝါဝါကို တစ်ချက် လှမ်းကြည့်သည်။ ပြီး .. ချက်ချင်း မျက်နှာလွှဲ သွားသည်။ သူ ဘာမှ မကြားလိုက်သည့် အတိုင်း။ ကားအောက်မှာ လူခေါ်နေသော စပယ်ယာလည်း အပေါ်ကို တစ်ချက် လှမ်းကြည့်သည်။ ဘယ်သူ အော်လို့ အော်မှန်းတောင် သိပုံမရ။ အသံကြားသဖြင့် လှည့်ကြည့်ခြင်းသာ ဖြစ်သည်။ ပြီးတော့ .. ဒီလို အသံမျိုး ရိုးနေပြီ ဟူသော ပုံစံဖြင့် မဲ့တဲ့တဲ့ တစ်ချက် ပြုံးကာ ဟိုရောက်မယ် ဒီရောက်မယ် အော်ဟစ်ကာ သူ့အလုပ်သူ ဆက်လုပ် နေသည်။ မောင်ဝါဝါ ကြောင်သွား၏။ ဒါနဲ့ ကိုယ့်အနားက ခရီးသည် တွေကို ပြန်ကြည့်သည်။ တချို့က မောင်ဝါဝါကို မျက်လုံးကြီးတွေ ပြူးနေအောင် စူးစမ်းကြည့်သည်၊ တချို့က မောင်ဝါဝါကို အထူးအဆန်း သတ္တဝါလို လည်ပြန် ကြည့်၏။ ထိုင်ခုံ ရထားသော အချို့ ခရီးသည် များကတော့ အိပ်ငိုက်တောင် မပျက်။ အော် .. စပယ်ယာများ၊ ဒရိုင်ဘာများ ကိုယ့်ကို လျစ်လျှူရှု ထားကြပါလား။ ကားပေါ်ရှိ ခရီးသည်များ ကားမထွက်ခြင်းကို အတော်ပင် သည်းခံနိုင် ကြပါလား။

နောက်က လမ်းကြောင်းတူ ကားတစ်စီး မှတ်တိုင်ဖက် ကွေ့လာတာ တွေ့တော့ မောင်ဝါဝါ စီးနင်းလာသော (စီးနင်း လာသော လို့သာ ပြောရသည်၊ ကားကဖြင့် အခုထိ မထွက်သေး) လိုင်းကားမှ စပယ်ယာသည် ဒရိုင်ဘာကို အချက်ပြ လေသော အခါတွင်မှ မောင်ဝါဝါတို့၏ ကားကြီးသည် မှတ်တိုင်မှ ဆောင့်ဆောင့် အောင့်အောင့်ဖြင့် ထွက်လေ၏။ ဒရိုင်ဘာ ကလည်း ခုနက စိမ်ပြေနပြေ ရပ်ထားတာ သူမဟုတ်သည့် အတိုင်း နိုင်ငံခြားမှ ဖော်မြူလာဝမ်း ကားမောင်း ပြိုင်ပွဲ အတွင်း ဝင်ပြိုင် နေသလို နှုန်းမျိုးသုံး၍ မြွေလိမ်မြွေကောက် တောက်လျှောက် မောင်းလေ၏။ မီးပွိုင့် တွေ့သည်တွင် ဆောင့်၍ ရပ်၏။ မောင်ဝါဝါ မနေနိုင်ပြန် .. ထပ်၍ အော်မိပြန်၏။

“ဟေ့ .. ဘယ်လို မောင်းနေတာလဲ၊ ဒီမှာ အိတ်တစ်ဖက်၊ ချိုင့်တစ်ဖက်နဲ့ တန်းကို လက်တစ်ဖက်တည်း ကိုင်ထား ရတာ .. ဒီလို လုပ်နေတော့ အကုန် ဒုက္ခရောက် ကုန်မှာပေါ့ .. ဒါလေးတောင် နားမလည် ဘူးလား”

ကိုယ့်ပါးစပ်သာ ကိုယ်ပြန် အားနာမိပါသည်။ ခုနက အတိုင်းပင် .. ခရီးသည် များလည်း မောင်ဝါဝါကို တစ်ချက်မျှ စောင်းငဲ့ ကြည့်ကြရုံမှလွဲ၍ တုတ်တုတ်မျှ မလှုပ်၊ စပယ်ယာ ကလည်း သူ့အိတ်ထဲ အကြွေများ ထိုးထည့် မပျက်၊ ဒရိုင်ဘာ ကလည်း အဖက်မလုပ်။ အော် … မောင်ဝါဝါပင် လျစ်လျှူရှု ခံရပြန်လေပြီ။ ခရီးသွား လုပ်သား ပြည်သူ အပေါင်း သည်းခံ နိုင်စွမ်း ကြီးမားကြ လေစွ။ မောင်ဝါဝါသာ တစ်ယောက်တည်း မျက်နှာကြီး စူလိုက်၊ အော်လိုက် ဟစ်လိုက်နှင့် အရူးကြီးလို ဖြစ်နေသည်။ စပယ်ယာက ကားအတွင်း ဝင်၍ “ဟိုလူကြီး ဟိုအပေါက်မှာ မပိတ်နဲ့လေ၊ ဒီအဒေါ်ကြီး ဒီအထဲကိုဝင်” စသည်ဖြင့် အော်ဟစ် ငေါက်ငမ်း ပြန်တော့လည်း ခရီးသည်တကာ အပေါင်းအပါ တို့မှာ စာသင်ခန်းထဲ မုန့်ခိုးစားမိသည့် ကျောင်းသားလေး တွေလို မျက်နှာငယ်လေး တွေနှင့် ခေါင်းငုံ့ငြိမ်သက် နေကြပြန်သည်။ အတွေ့အကြုံ ရင့်ကျက် သွားပြီ ဖြစ်သော မောင်ဝါဝါလည်း အလိုက်တသိ ငြိမ်၍ပင် နေလိုက်သည်။

(၃)

ကားပေါ်က ဆင်းလာတော့ မောင်ဝါဝါ တွေးမိသည်။ အော် … တို့မြန်မာများ သည်းခံနိုင်စွမ်း ကြီးမားလှ ပါတကား။ ဗုဒ္ဓ မြတ်စွာ ဘုရားပင် ခက်ခက်ခဲခဲ ဖြည့်ကျင့်တော် မူခဲ့သည့် ခန္တီပါရမီကို ခရီးသည်များ ရွပ်ရွပ်ချွံချွံ လိုက်လံ ကျင့်ကြံ နေကြပါပေသည်။ ထိုနည်းတူ စပယ်ယာ၊ ဒရိုင်ဘာ တို့သည်လည်း ဥပေက္ခာ ပါရမီကို သူတို့ တတ်စွမ်းသလောက် ကျင့်နေကြ သလိုပါပဲလား။ သူတို့ သူတို့တွေ (မမှန်းကောင်း မှန်းကောင်း) ဘုရားဖြစ်ရန် စိတ်ရည်သန်၍ လွန်ခဲ့သော ဘဝ အဆက်များစွာက ဘုရားဆုများ ပန်ခဲ့ကြပြီး ယခု ပါရမီဖြည့်ရန် ကြိုးပမ်း နေကြတာ များလား။ မောင်ဝါဝါ မှာသာ ဒေါသမီး မောဟမီးများ လောင်မြိုက်၍ အမှောင်တိုက်ထဲ ရောက်နေချိန်၊ သူတို့မှာတော့ ကိုယ်စီ မျက်နှာသေ လေးများဖြင့် ငြိမ်းချမ်း နေကြပုံ ရသည်။ မောင်ဝါဝါ အားကျ ဖြစ်ချင်သော ပါရမီနှစ်ပါး ဖြစ်သည့် ခန္တီပါရမီနှင့် ဥပေက္ခာ ပါရမီတို့ကို မောင်ဝါဝါ အားကျ လောက်အောင် လိုင်းကား ပေါ်မှာပင် ကျင့်ကြံ အားထုတ် နေနိုင်ကြသော စိတ်ဓါတ်ရင့်သန် ဘုရားဆုပန်ရန် ကြိုးစား နေကြဟန် ရှိသော ၎င်းတို့အား အံ့ဩလေးစားခြင်း အပြင်း အထန် ဖြစ်ကာ မောင်ဝါဝါ တစ်ယောက် ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်ရမည်လား မခွဲခြား တတ်အောင်ပင် ရှိနေလေပါပေတော့သည်။
(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 37 တွင် ပုံနှိပ်ဖော်ပြခဲ့ပါ သည်)

သူရဿဝါ

၂၄ – မေ – ၂၀၁၂

2 comments

  • မောင်ပေ

    June 7, 2012 at 11:40 am

    အင်းဗျာ … ဖတ်အပြီးမှာ မောင်ဝါဝါ့ ကိုယ်စား သူတို ့အတွက် …
    သာလဒု သာလဒု သာလဒု လို ့သုံးကြိမ် ရွတ်ဆိုမိသွားတယ်ဗျာ

  • ahnyartamar

    June 7, 2012 at 8:30 pm

    သီးခံလော့ဒကာတော်၊ ဤအရာကို မြန်မာပြည်ဟုခေါ်သည်။

Leave a Reply