“ ဘော်ကြို -ဒုဌဝတီ-မန်ဆူမှသည်……………(သူတို့ဆီသို့ အပိုင်းနှစ်) “
























ဘော်ကြို-ဒုဋ္ဌဝတီ-မန်ဆူမှသည်………….(သူတို့ဆီသို့အသွားအပိုင်းနှစ်)
ကျနော်တို့ကားကလေးက ကောက်ကွေ့တဲ့လမ်းကလေးမှာတရိပ်ရိပ်ပြေးနေပါတယ်။
ပူပြင်းခြောက်သွေ့တဲ့အရပ်ကလာသူ ကျနော့်အဘို့တော့ မြင်မြင်သမျှတွေက မျက်စေ့အေးစရာ။
လမ်းဘေးဝဲယာမှာရှိတဲ့ပြောင်းခင်းစပါးခင်းတွေကလဲ စိမ်းဝါနှောလို့ လှပ။
လမ်းတစ်လျောက်အိမ်စဉ် ရွာစဉ်မပြတ် ဆိုတော့ တိုးတက်ပြောင်းလဲလာတယ်လို့ဆိုချင်လဲဆိုနိုင်ပါတယ်။
ဒါနဲ့ဘဲကားကလေးက ကျောက်မဲမြို့ကို ဖြတ်လာပါတယ်။
ကျောက်မဲမြို့အထွက်မှာတော့ နဂါးမောက်သီးပင်တွေကို အုဌ်စင်နဲ့တန်းစီပြီးစို်က်ထားတာကိုတွေ့ရပါတယ်။
လမ်းဘေးက မြင်ကွင်းတွေကိုငေးနေရင်း စိတ်တွေက ပျံ့လွင့်နေရင်း မီးရထားကုန်းကျော်တစ်ခုကိုရိပ်ကနဲ့မြင်လိုက်တော့မှ ဓါတ်ပုံရိုက်ဘို့ သတိရမိပါတယ်။
လှမ်းရိုက်လိုက်ပေမယ့် မမှီတော့ပါဘူး။
နာမယ်ကျော် ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်တဲ့ ကျောက်မဲအကျဉ်းသား ရုပ်ရှင်ဇာတ်ဝင်ခန်းမှာပါဘူးတဲ့
ဝင်းဦး ခုန်ချဘူးတဲ့တံတားလေးပါဘဲ။
အဲဒီရုပ်ရှင်ထဲမှာ ဝင်းဦးပြောခဲ့တဲ့”ဒုဌဝတီမြစ်ရေကို သောက်မိရင် နောက်တစ်ခါပြန်လာရတတ်တယ်နော့”
ဆိုတဲ့စကားလေးနားထဲမှာကြားယောင်လာမိပါတယ်။
သိပ်မကြာခင်လေးမှာ ကားလမ်းနဲ့ယှဉ်ပြေးနေတဲ့ သုံးမည်ရ ဒုဌဝတီမြစ်နဲ့အတူမြစ်ကူးတံတားလေးကိုမြင်ရ။
နောက်တော့ အဝေးမှာစေတီလေးတစ်ဆူ။
မေးကြည့်တော့ သီပေါက ဘော်ကြိုစေတီတော်။
“ဘော်ကြို ပွဲလည်ခေါင် မောင်းသံတဟီဟီ တီးလို့မောင် ရှမ်းမလေးတွေဟန်ပြတာတောင်မာနတထောင်ထောင်”
ဆိုတဲ့ ဝင်းဥိးရဲ့ ဘော်ကြိုသဘင် သီချင်းက ရင်ထဲကိုအပြေးအလွားရောက်။
သီပေါ ကိုခဏနဲ့ရောက်တယ်ထင်ရပေမယ့် ကျောက်မဲနဲ့ သီပေါအကြားမှာ
နားခေါ်-ဗူးခါး-လွယ်ခေါ်-ချောင်ချောက်- လောင်ခွန်-ဘော်ကြို-နားခဲ့-ဆိုတဲ့ရွာလေးတွေကိုဖြတ်ပြီးမှ
သီပေါကိုရောက်တာ ပါ။
ဒီနံမယ်လေးတွေက ကျနော်မှတ်မိသလောက်။
နောက်တော့ ဒုဌဝတီမြစ်ကူးတံတားဆီ ကိုရောက်လာပါတယ်.။
ဟော……..တံတားအသစ်တောင်ပြီးသွားပါပေါ့လား။
အရင်တံတားဟောင်းတုန်းက လှုပ်လီလှုပ်လဲ့။
ကြမ်းခင်းတွေကို ကျိုးပဲ့လို့ ထိုးထိုးထောင်ထောင်။
တံတားအဆင်းမှာပြောင်းဖူးသယ်လေးတွေ အသီးအနှံသယ်လေးတွေလဲမတွေ့ရ။
ဘယ်များပြောင်းသွားရှာပါသလဲလို့ ဖျပ်ကနဲတွေ့မိတုန်း ကားကလေးက မြစ်နဲ့ယှဉ်တဲ့လမ်းပေါ်မှာ။
ဒုဌဝတီမြစ်မင်းနဲ့လားရှိုးအသွားကားလမ်းကလေးက ပူးတုံခွာတုံ ဆုံလိုက်ဝေးလိုက်။
မြစ်နံဘေးမှာတော့စိမ်းစိုသောတောအုပ်ကလေးနဲ့ယာခင်းများက တန်းစီလျက်။
ဆွတ်လန်-ကုန်းသာယာ- ပုန်းထွန်-နောင်ကျဲ ရွာစဉ်တွေကို တရိပ်ရိပ်နဲ့ဖြတ်။
ထမင်းဆိုင်ကောင်းကောင်းရှိတဲ့ နောင်မွန်ရောက်တော့ မနားဘဲဆက်သွား။
လမ်းတစ်လျောက်မှာ အပေါများဆုံးကတော့ လိုင်ချီးခေါ်တဲ့လေချုသီးအသယ်လေးတွေ.
ခြံထွက်အသီးအနှံဆိုတော့ လတ်လတ်ဆတ်ဆတ်။
လွိုင်လွမ့် -မယ်ဟန်တို့ကိုကျော်အပြီးမှာတော့ စက်သုံးဆီအရောင်းဆိုင်ထဲကို ဝင်လိုက်ပါတယ်။
ဘီယာဆိုင် ကွမ်းယာဆိုင်လို မိူလိုပေါက်လာတာကတော့ စက်သုံးဆီအရောင်းဆိုင်ကြီးတွေပါဘဲ။
အဲဒီဆိုင်က အထွက်မှာတော့ စက်သုံးဆီအရောင်းဆိုင်ပေါက်စနလေးတွေ။
ဆိုင်ခန်းလေးတွေက မဖွင့် တဖွင့်။
ရှေးယခင်ကတော့ စည်ကားလို့အလုပ်ဖြစ်ခဲ့ပါတယ်။
အခုတော့ ချောက်တီးချောက်ချက်။
ငါးသေးကို ငါးကြီးက ကမြိုတယ်ဆိုတဲ့ သဘောတရားကိုလက်တွေ့ပြနေသလို။
နေရောင်မှာပြောင်ပြောင်လက်နေတဲ့ခေါင်မိုးလေးတွေကို မေးကြည့်တော့ လားရှိးမြို့သစ်။
ကြီးမားတဲ့စက်ရုံကြီးတစ်ရုံကိုလှမ်းမြင်ရတော့ မြန်မာပြည်ကို အလင်းရောင်ပေးနေတဲ့
ရွှေမြင်းနှစ်ကောင် ဓါတ်ခဲ့စက်ရုံဖြစ်ပါတယ်။
သူဆီကထွက်တဲ့ မျောက်ဖြူ မျောက်စိမ်း ဓါတ်ခဲ့တွေက မြန်မာပြည်တောရွာအနှံ့အပြားရဲ့မရှိမဖြစ်ဓါတ်ခဲ့။
အခုတော့ နည်းနည်းလေးခေတ်မှိန်။
ခဏနေတော့ကားလေးက မြို့တွင်းကိုဝင်လာပါတယ်။
ဟိုအဝေးမှာရွှေရောင်ဝင်းလက်တဲ့ဘုရားတစ်ဆူ.။
အဝိုင်းပတ်ကိုဖြတ်လာတော့ ရုပ်ထုကြီးတစ်ခု။
လားရှိုးမြို့လည်ခေါင်မှာ စူပါမတ်ကက်ကြီးတစ်ခု သူ့ရှေ့မှာတော့ ဈေးသည်လေးတွအစီအရီ။
နည်းနည်းလေးသွားလိုက်တော့ ရှမ်းမြောက်သား စိုင်းဆိုင်မောဝ်ရဲသီချင်းထဲက
“သာသနာ 2500 မန်ဆူစေတီတော်”
ကုန်းမော့မော့လေးကို တက်လာတဲ့ ထော်လာဂျီတစ်စီးကိုမြင်မိတော့ တစ်နှစ်မှာတစ်ခါသကျင်းပတဲ့
သင်္ကြန်တစ်ခုမှာ တစ်ခါသာတွေ့လိုက်ရဘူးတဲ့ လားရှိုးမြို့က မိတ်ဆွေကောင်မလေး ကိုသတိရမိ။
သူကလေးက ထော်လာဂျီ တိုက်ခံရလို့ဆုံးပါးသွားရှာတာ သိပ်မကြာသေး။
နောက်တော့ ဆိုင်ကြီးကန္နားကြီးတွေဖွင့်ထားတဲ့ ခန့်ငြားတဲ့ပြည်ထောင်စုုအားကစားကွင်း။
မြို့အပြင်ကိုထွက်လိုက်တော့ တက္ကသိုလ်နဲ့တူတဲ့အဆောက်အဦတစ်ခု။
အဲဒီကနေ ကားလေးက တရိပ်ရိပ်ပြေးလွှား။
မြို့အထွက် တိုးဂိတ်(လမ်းအသုံးပြုခကောက်ခံတဲ့နေရာ)အလွန်မှတော့ လှပသောတောင်တန်းကြီးတွေက
လမ်းအနောက်ဘက်မှာ။
ကြည့်နေ့ရင်းက နေခဏလေး ငိုက်မျဉ်းအသွား စကားပြောသံကြားလို့ ခေါင်းအထောင်အကြည့်
သိန်းနီကိုရောက်တော့မယ်ဆိုတာ သိလိုက်ရပါတယ်။
ဆက်လက်ဖော်ပြပါမည်
(ကိုပေါက်လမ်းသလားနေသည်)
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(8-6-2012)
9 comments
ကိုပေါက်(မန္တလေး)
June 9, 2012 at 11:58 am
နံပါတ်15မှာပုံလေးတစ်ပုံထပ်သွားပါတယ်။
ကားပေါ်ကရိုက်တာဆိုတော့ တစ်ချို့ပုံတွေက မပီမသ။
ခွင့်လွတ်လို့သာ ကြည့်ပေးပါတော့နော်.
မောင်ပေ
June 9, 2012 at 12:28 pm
မော်ဒန်ဂျာနယ်မှာတော့ … မြန်မာနိုင်ငံကလူတွေ သိဖို ့ကိုပေါက် အင်တာဗျူးကို ထည့်ပေးပြီးဗျီ
မန်းတလေးဂေဇက်ဝင်တွေ နဲ ့… တစ်ကမ္ဘာလုံးက စာဖတ်သူတွေ သိဖို ့၊ ကိုပေါက်အကြောင်း ကို မောင်ပေ ဗျူးပြီး ဂေဇက် ကို လာတင်ပါမြီ ။
hein latt
June 10, 2012 at 12:48 pm
ကိုပေါက်ရေကျေးဇူးတင်ပါတယ်..ဓါတ်ပုံလေးတွေတင်ပေးတဲ.အတွက်ပါ..ဂျာနယ်မှာလည်း
ကိုပေါက်အကြောင်းဖတ်လိုက်ရပါတယ်….ရှုခင်းပုံလေးတွေအရမ်းကြိုက်ပါတယ်
ကိုပေါက်(မန္တလေး)
June 10, 2012 at 11:06 pm
ပုံလေးတွေက တော့ အမြဲတင်မှာပါဗျာ။
Mလုလင်
June 10, 2012 at 11:29 pm
အဲ့ဒီ့မှာကျ သာယာနေတယ် …. ကျွန်တော် တို့ မြန်အောင် သွားတော့ မိုးကလိုက်ရွာတယ် … မနာလိုဘူးဗျာ .. 🙂
ကိုပေါက်(မန္တလေး)
June 10, 2012 at 11:30 pm
ကြွယ်လိုက်အုံးမယ် ပုံကောင်းလေးတွေရခဲ့တယ်။
ရဲစည်နဲ့တွေ့တယ်။
မိနှင်းလေးနဲ့တွေ့တယ်။
Mလုလင်
June 10, 2012 at 11:54 pm
မနာလိုဘူးဗျာ …… တစ်ခါလောက်တော့ မန်းလေးမှာ ထပ်ဆုံကြဦးမယ်ဗျာ …။ မင်းကွန်း လူအိုရုံ နဲ့ ရေစက် မကုန် သေးရင်ပေါ့။
MaMa
June 11, 2012 at 7:35 am
ဘော်ကြိုစေတီတော်၊ မန်ဆူစေတီတော်တွေကို ရိုက်ထားတဲ့ ပုံလေးတွေ ကြိုက်တယ်။
တက္ကသိုလ်အဆောက်အဦကလည်း ခန့်ငြားတယ်။
ဒါပေမယ့် ကွင်းပြင်လယ်များ ရောက်နေသလား။
ကုန်းမြင့်မြင့် တိမ်လွင့်လွင့်က ပုံလေးက စာသားကြောင့် ကြွတက်သွားတယ်။ 🙂
ကိုပေါက်(မန္တလေး)
June 11, 2012 at 1:46 pm
ကြွယ်လိုက်အုံးမယ် ဒါတောင်ပြေးနေတဲ့ကားပေါ်ကရိုက်ရတာ။
သုံးလေးပုံမှာ တစ်ပုံဘဲအကောင်းရတာ မမရေ။