သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများ

Wai PhyoeJune 12, 20122min1742

၂၀၀ဝ ပြည့်နှစ်လောက်က ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတွင် ဌာနတွင်း စာတမ်းဖတ်ပွဲများကို အပတ်စဉ် သောကြာနေ့တိုင်း ကျင်းပခဲ့ရာ မိမိလည်း ပတ်ဝန်းကျင်ဆိုင်ရာ စာတမ်းလေးတစ်ခု ဖတ်ဖြစ်ခဲ့သည်။

စာတမ်းတွင် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများနှင့် ၎င်းတို့ဖြစ်ပေါ်ရ ခြင်း၏ အကြောင်းရင်းများ ထိုစဉ်က မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု အခြေအနေများကို စု၊တု၊ ပြု၍ အကျဉ်းဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း နာယက ပါမောက္ခဒေါက်တာဦးသိန်း (ငြိမ်း)ပြုစုပြီး အခြေခံပညာဦးစီးဌာန အလယ်တန်း အထွေထွေသိပ္ပံဘာသာရပ်တွင် ပြဋ္ဌာန်းထားသည်။ ”မြေကမ္ဘာ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ခြင်း

”အခန်းတွင် ကမ္ဘာမြေ၏ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု အဓိက ဖြစ်ရပ်များကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။

(၁) လေထုညစ်ညမ်းမှုနှင့် ကမ္ဘာကြီးပူနွေးလာမှု
(၂) အိုဇုန်းလွှာပျက်စီးမှု
(၃) ရေသယံဇာတများ လျော့နည်းလာမှုနှင့် ညစ်ညမ်းမှု
(၄) အက်ဆစ်မိုးများ ရွာသွန်းမှု
(၅) ပင်လယ်သမုဒ္ဒရာများ ညစ်ညမ်းလာမှု
(၆) မြေသား၊ မြေဆီလွှာပျက်စီးမှုနှင့် တိုက်စားခံရမှု
(၇) ကန္တာရဖြစ်လာမှု
(၈) သစ်တောများပြုန်းတီးမှု
(၉) ပင်လယ်နေသတ္တဝါများ ဆုံးပါးလာမှု
(၁၀) တိရစ္ဆာန်မျိုးများ၊ အပင်မျိုးများ မျိုးသုဉ်းပျောက်ကွယ်မှု
(၁၁) အမှိုက်သရိုက်၊ အညစ်အကြေး၊ စွန့်ပစ်ပစ္စည်းများ တိုးပွားလာမှု သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးစေသည့် အကြောင်းရင်းများကိုလည်း ဆက်လက်ဖော်ပြထားပါသည်။

၎င်းတို့မှာ-

(၁) လူဦးရေ အဆမတန်တိုးပွားမှု
(၂) ဆင်းရဲမှု
(၃) စက်မှုလုပ်ငန်းများ အလွန်များပြားလာမှု
(၄) မော်တော်ယာဉ်များ အသုံးများလာမှုနှင့်
(၅) ဖြုန်းတီးသော လူနေမှုတို့ဖြစ်ကြောင်း သိရပါသည်။

ပတ်ဝန်းကျင် ယိုယွင်းပျက်စီးစေသည့် အခြေခံအကြောင်းရင်း အမျိုးမျိုးရှိသည့်အနက် ဆင်းရဲနွမ်းပါးမှု(poverty) ကြောင့်ဖြစ်ရခြင်းမှာ တွေးတောဆင်ခြင်စရာ ကောင်းလှကြောင်း ပြောဖြစ်ကြပါသည်။ လူတွေ ဆင်းရဲလျှင်၊ တိုင်းပြည်ဆင်းရဲလျှင် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမည်။ ပတ်ဝန်းကျင် ပြဿနာများ ကြုံတွေ့ရမည်။ ဒါက ရိုးရှင်းသော အမြင်ပင် ဖြစ်ပါသည်။

ဆင်းရဲနွမ်းပါးသူများအဖို့ ထမင်းတစ်လုပ်အတွက် ထင်းခုတ်ရန် တောကို အားကိုးကြရရှာသည်။ တောင်ကို မှီခိုကြရရှာသည်။ သားကောင်ကြီးငယ် ဖမ်းဟယ် ဆီးဟယ် လုပ်ကြရရှာသည်။ ငါ့ဝမ်းပူဆာ မနေသာဘဲကိုး။ သူတို့မှာ သည်တောက  ထမင်းကျွေးသည်။ သည်တောင်က ထမင်းကျွေးသည်။ ဒါပဲ သိသည်။ တောပြုန်းလျှင်၊ တောင်ပြိုလျှင် ရင်ဆိုင်ကြရမည့် ဆင့်ကဲ ဆင့်ကဲ ပြဿနာတွေကို သူတို့ မသိကြ။ မသိနိုင်ကြ။

သည်လို အရိုးခံဆင်းရဲခြင်းကြောင့် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းတွေ နိုင်ငံအနှံ့အပြားမှာ အနည်းနှင့်အများ ဆိုသလို ရှိနေပါသည်။ စားဝတ်နေမှု မပြည့်စုံ၍ဖြစ်သော ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကို စားဝတ်နေမှု အထောက်အပံ့ရအောင် စီမံပေးခြင်းဖြင့် ဖြေလျော့နိုင်ပါ သည်။ ထင်းခုတ်သူ၊ မီးသွေးဖုတ်သူ၊ ငှက်ပစ်သူကို ရပ်ကျေးအဆင့်များတွင့် စာရင်းပြုထားကြရပါမည်။ ဤသို့ စာရင်းပြုသည်မှာ နှိပ်ကွပ်ဖို့မဟုတ်ဘဲ ကူညီဖို့ ထောက်ပံ့ဖို့သာ ဖြစ်ပါသည်။ ဤနေရာတွင် ဆင်းရဲသော နိုင်ငံရပ်ခြားတစ်ခုမှ ပြည်သူတစ်ဦး၏ ဘဝဒဿနတစ်ခုကို သတင်းတစ်ပုဒ်တွင် ဖတ်လိုက်ရ၊ ကြားလိုက်ရသည်။

”ကျွန်တော်တို့ နည်းပညာ မလိုဘူး။ ငွေပဲပေးပါ”ဟူ ၍ လောလောဆယ် ဟာနေသောဝမ်းအတွက် ”ပေါင်မုန့်”လိုသည်။ ပေါင်မုန့်ဖုတ်နည်း မလိုအပ်ဟု ဆိုချင်ပုံရပါသည်။

သူ့စကားသည် သူတို့လို နွမ်းပါးသူများအတွက် အလိုအပ်ဆုံးပင် ဖြစ်သည်။ လက်တွေ့လိုအပ်တာက ငွေဖြစ်သည်။ အစာဖြစ်သည်။ ပညာတတ်များ၊ စီမံခန့်ခွဲသူများ၊ တာဝန်ရှိသူများကမူ နွမ်းပါးသူလိုတွေးမည် မဟုတ်။ နည်းပညာသာပေးဖို့၊ စည်းကမ်းကလနားများသာ ချမှတ်ဖို့ ဆန္ဒ စောကြမည်ဖြစ်သည်။ ငွေအရင်ပေးပါ။ ပြီးမှ ပညာပေးခြင်း၊ နည်းပညာပေးခြင်းများ လုပ်သင့်သည်။ ဝမ်းဟောင်း လောင်းအခြေအနေကို သိပါလျက် ရှိပါလျက် ပညာပေးနေလျင် ပလိုင်းပေါက်နှင့် ဖားကောက်သလို အချိန်ကုန်သလောက် အကျိုးများမည်မဟုတ်ပေ။


လေထုညစ်ညမ်းမှုနှင့် အက်ဆစ်မိုး ရွာသွန်းမှုများမှာ လာမည့်နှစ်ကာလများတွင် မြန်မာ့ရေမြေအတွက်
စိန်ခေါ်နေသော ပြဿနာများဖြစ်လာနိုင်သည်  . . .

လေထုညစ်ညမ်းမှုနှင့် အက်ဆစ်မိုး ရွာသွန်းမှုများမှာ လာမည့်နှစ်ကာလများတွင် မြန်မာ့ရေမြေအတွက် စိန်ခေါ်နေသော ပြဿနာများဖြစ်လာနိုင်သည်  . . .


ဆင်းရဲမှုကြောင့် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုကို ထိန်းချုပ်ရန် အခြားနည်းလမ်းရှိ ပြီးသားဖြစ်သည်။ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများ နှင့်အညီထိရောက်စွာ အရေးယူခြင်း ဖြစ်သည်။ တည့်မတ်စွာ အရေးယူ ခြင်းဖြစ်သည်။

ပတ်ဝန်းကျင် ယိုယွင်းပျက်စီးစေသော နောက်ဆင်းရဲခြင်းတစ်မျိုး ရှိသေးသည်။ ၎င်းမှာ အသိပညာ ဆင်းရဲခြင်း၊ စိတ်ကောင်းစေတနာ ဆင်းရဲခြင်း၊ အမြော်အမြင်ဆင်းရဲခြင်းတို့ ဖြစ်သည်။ အဂတိကင်းသော စီမံခန့်ခွဲမှု ဆင်းရဲခြင်းတို့သည်လည်း ပတ်ဝန်းကျင် ယိုယွင်းပျက်စီးရခြင်း၏ အဓိက တရားခံများပင် ဖြစ်လေသည်။ သည်ဆင်းရဲခြင်းများကြောင့် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလျင် ကြီးမားလေ့ရှိပြီး မျိုးဆက်ချီ၍ ခံစားရလေ့ရှိကြောင်း အထူးသတိပြုသင့်သည်။

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကို လူတိုင်း အလွယ်တကူ စစ်တမ်းထုတ်၍ ကြည့်နိုင်သည်။ ဥပမာ -၂၀၁ဝ ပြည့်နှစ် ဇန်နဝါရီလမှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလထိ သတင်းစာများ၊ ဂျာနယ်များကိုကိုးကား၍ စာရင်းပြုစုလျင် ယေဘုယျတွေ့နိုင်၊ သိနိုင်မည်ဖြစ်ပါသည်။ အထက်တွင်ဖော်ပြခဲ့သည့် ပတ်ဝန်းကျင်ယို ယွင်းပျက်စီးမှု ၁၁ မျိုးရှိသည့်အနက် အများစုကို တွေ့ကြရမည်ဖြစ်ပါသည်။

လေထုညစ်ညမ်းမှုနှင့် အက်ဆစ်မိုး ရွာသွန်းမှုများမှာ လာမည့်နှစ်ကာလများတွင် မြန်မာ့ရေမြေအတွက် စိန်ခေါ် နေသော ပြဿနာများ ဖြစ်လာနိုင်သည်။

မြန်မာပြည်တွင် ဘယ်ပတ်ဝန်း ကျင်ယိုယွင်းပျက်စီးမှုက အများဆုံး ဖြစ်နေသည်။ ဘယ်မြို့၊ ဘယ်ရွာ၊ ဘယ်ဒေသကြီးမှာ ဘာပျက်စီးမှုတွေ အများဆုံးဖြစ်နေသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။ သားသမီးမကောင်း မိဘခေါင်း၊ တပည့်မကောင်းဆရာ့ ခေါင်းဆိုသလို ကိုယ့်ရပ်ကိုယ့်ဒေသ ရှိ ပတ်ဝန်းကျင် အခြေအနေကောင်းခြင်း၊ ဆိုးခြင်းသည် ကိုယ့်တာဝန် ဖြစ်လာသည်ကို သတိရှိကြရမည့် ခေတ်ရောက်နေပါပြီ။

ယခုအချိန်တွင် စီးပွားရေးနှင့် ပတ်ဝန်းကျင်အပေါ်သဘောထားများကို အထူးဂရုစိုက်သင့်လှပေသည်။ ရှည့်လည်းလျှောက်သာ ပျားလည်း စွဲသာဟူသော သဘော၊ ပျားလည်းဝစေ ပန်းလည်းလှစေ ဟူသောသဘောကို ကိုင်စွဲသင့်ပေသည်။

ဒေသတစ်ခု၌ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်လျှင် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုက ရှိစမြဲပင်။ သို့သော် စီးပွားရေးလည်း ဖွံ့ဖြိုးနေမည်။ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုလည်း နည်းရမည်။

ပျက်စီးမှုနည်းရာနည်းကြောင်းစည်းနှင့် ကမ်းနှင့် ဥပဒေနှင့် အမြော်အမြင်နှင့် ပညာနှင့် ထိန်းညှိ ကြရမည်။ စီမံကြရမည်။ ကြီးကြပ်ကြရမည်။ ရှိပြီးမူများ၊ ဘောင်များ၊ စည်းမျဉ်းများ အသက်ဝင်စေကြရမည်။

စီးပွားရေး တွက်ခြေကိုက်သော်လည်း တောပြုန်းသွားလျှင် တောင်ပြိုသွားလျှင်၊ လယ်ယာမြေများ ကွယ်ပသွားလျှင် ဆင်ဖိုးထက် ချွန်းဖိုး ကြီးသွားနိုင်သည်။ တောတို့၊ တောင်တို့၊ ရေတို့၊ သက်ရှိတို့ဆိုတာက သူ့ကွင်းဆက်နှင့် သူဆက်စပ်နေ ကြသည်။ သီးခြားရပ်တည်နေကြ ခြင်း မဟုတ်။ တစ်ခုနှင့်တစ်ခု အမှီ သဟဲရှိနေကြသည်။ တောင်ရှိမှတော ရှိသည်။ တောရှိမှရေရှိသည်။ ရေရှိ မှ သက်ရှိတို့ စည်ပင်နိုင်သည်။
”တောင်ပြိုလျင် တောမစိမ်း တောမစိမ်းလျင် မြစ်မလှ မြစ်မလှလျင် ငှက်တေးမဆို နိုင်”ဟု စာဆိုတို့က ဆိုမိန့်ခဲ့ဖူးသည်။

သို့သော် ရေ၊ မြေ၊ လေ၊ ဇီဝ ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကြိုးပမ်းရာတွင် ဆင်းရဲနွမ်းပါးသူများကို အလုပ်အကိုင် အခွင့်အလမ်းများသာအောင် စီမံပေးကြရမည်။ ချမှတ်ထားသည့် ဥပဒေများကိုလည်း လက်တစ်လုံးခြား မလုပ်ကြရန်လိုသည်။ ကိုယ့်အိတ်ဖောင်းဖို့အရေးထက် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ရေ ကိုယ့်မြေသာယာရေး အလေးပေးစေချင်သည်။ ခေတ်သစ် စနစ်သစ်နှင့် လိုက်လျောညီထွေသည့် စီမံခန့်ခွဲမှု၊ စိတ်စေတနာတို့ ပြီးပြည့်စုံစေချင်သည်။ ပတ်ဝန်းကျင် ကာကွယ်ရေးအတွက် နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးအဆင့်၊ ရပ်/ကျေးရွာအဆင့် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ကြစေချင်သည်။

မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် ဆောင်ရွက်မှု

(၁) ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် သဘာဝဘေးလျော့ပါးရေး ဆောင်ရွက်နိုင်ရန် ရပ်ကွက်၊ ကျေးရွာခေါင်းဆောင်များ သတ်မှတ်ပေးထားခြင်း။
(၂) ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ ပြည့်ဝစေပြီး ထိရောက်စွာ အသုံးချစေခြင်း။
(၃) မြေအသုံးချမှု စီမံခန့်ခွဲရေးများ ဖွံ့ဖြိုးရန် ဘူမိဗေဒဇလဗေဒဆိုင်ရာ အသိပညာများ အသုံးပြုခြင်း။
(၄) ပတ်ဝန်းကျင် ကာကွယ်ရေးကို ပြည်သူအားလုံး သတိ၊ ဝီရိယရှိပြီး တစ်ဦးချင်း ကြိုတင်ပြင်ဆင်မှုများ မြင့်မားလာစေခြင်းနှင့်
(၅) မိမိဒေသတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ဖြစ်စေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနှင့်ဖြစ်စေ မညီညွှတ်သော လုပ်ငန်းစဉ်များတွေ့ရှိပါက အဆင့်ဆင့် တာဝန်ရှိသူများထံ တာဝန်သိစွာ အသိပေးခြင်း(သို့မဟုတ်) သတင်းစာ၊ ဂျာနယ်များမှတစ်ဆင့် ရေးသားဖော်ပြခြင်း။

နောက်ဆက်တွဲဖော်ပြချက်

ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် သဘာဝဘေး လျော့ကျရေးအတွက် တိုင်းဒေသကြီးအဆင့် ဆောင်ရွက်မှု

(၁) ဂေဟဗေဒအခြေပြု မြေအသုံးမှုအစီအစဉ်များ (Ecological Landuse Planning) ကြိုတင်ပြင်ဆင်ရေးဆွဲထားခြင်း။
(၂) ဒေသတွင်း လိုက်လျောညီထွေသည့် ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲ ပြဋ္ဌာန်းခြင်း။
(၃) ပြည်ထောင်စုအစိုးရက ပြဋ္ဌာန်းထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို အသက်ဝင်အောင် အားပေးခြင်း၊ ဆောင်ရွက်ခြင်း၊
(၄) ဆက်စပ်နယ်ပယ်အလိုက် ကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊ (မိုးလေဝသပညာရှင်၊ မြေဆီလွှာပညာရှင်၊ ငလျင်ပညာရှင်၊ သစ်တောပညာရှင်၊ ဥပဒေပညာရှင်၊ ကွန်ပျူတာပညာရှင်…စသဖြင့်)
(၅) တိုင်းဒေသကြီးအတွင်း လူမှုအဖွဲ့အစည်းအပေါ် ကျရောက်နိုင်သည့် ဘေးအန္တရာယ်များကို အသိပေး ကြေငြာထားရှိခြင်းနှင့်
(၆) တိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ သုတေသနများ ဆောင်ရွက်နိုင်ရန် အားပေးကူညီခြင်း။

ရွှေလီမြစ်ဝှမ်းအတွင်း ရွှေတူးဖော်ရာမှ ထွက်ရှိသည့် မျောစာများဖုံးလွှမ်းသဖြင့် လယ်မြေများ ပျက်စီးမှုမြင်ကွင်း

2 comments

  • မောင်ပေ

    June 12, 2012 at 10:12 am

    ကိုဝေဖြိုးရေ ဖတ်ရှူမှတ်သားသွားပါတယ်။ အသေးစိတ် မဆွေနွေးနိုင်တာ ကို နားလည်ပေးပါ။
    မန်းတလေးမြို့ရဲ့ နံနက်ခင်းတိုင်းမှာ ရန်ကင်းတောင် အရှေ့ဘက် နည်းပညာ တက်ကသို ရဲ့ အရှေ့ ဘက် တောင်တန်းများ ဆီသို့ သွားနေကြတဲ့ ယောက်ျား မိန်းမ ကလေးမျာကို တွေ့မြင်နိုင်ပါတယ် ။ တစ်နေ့ဝင်ငွေ ၅၀၀ဝကျပ် / တစ်ချို့ရက်တွေမှာ နဲ/များ …. ရကြဖို့ အတွက် ထင်းခုတ် မီးသွေးဖုတ်ဖို့ တောင်တွေပေါ် သွားနေကြသူတွေပါ ။
    မြင်ခဲ့ဖူးတာကို ပြောပြတာပါ။

  • Shwe Ei

    June 12, 2012 at 11:39 am

    ” ဒေသတစ်ခု၌ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်လျှင် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုက ရှိစမြဲပင်။ သို့သော် စီးပွားရေးလည်း ဖွံ့ဖြိုးနေမည်။ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုလည်း နည်းရမည်။ ”
    အဲဒါမလွယ်ဆုံးဘဲ။ ဘာလို့လဲဆိုတော့
    “အဂတိကင်းသော စီမံခန့်ခွဲမှု ဆင်းရဲခြင်းတို့သည်လည်း ပတ်ဝန်းကျင် ယိုယွင်းပျက်စီးရခြင်း၏ အဓိက တရားခံများပင် ဖြစ်လေသည်။ ”
    ဒါမျိုးကိတ်စတွေ ရှိနေသရွေ့ကတော့ လွယ်ကိုမလွယ်ဘူး။ ဆင်းရဲတဲ့လူကို အသိပညာပေးရင်၊ နောက်မလုပ်တော့အောင် အရေးယူရင် လွယ်သေးတယ်။ ချမ်းသာပြီး ပညာတတ်တဲ့လူမှာ ဒါမျိုးအသိပညာသွားပေးတိုင်း လက်ခံလိုက်ဖို့ ဉာဏ်မမှီတဲ့လူတွေများနေရင် အလကားဘဲ။ ဗမာပြည်ထဲမှာလဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေ အများကြီးရှိပါတယ် NGO/INGO အပါအဝင် အစိုးရကလဲ လုပ်နေတာဘဲ။ တကယ်အခြေနေဆိုးနေတဲ့နေရာတွေဆီမရောက်သေးတာဘဲရှိလိမ့်မယ်။ ဘာလို့လဲတော့ မပြောတတ်ဖူး။
    တော်သေဘီ 😀

Leave a Reply