ဂုဏ်ယူပါတယ် မနောဖြူလေး
ဂုဏ်ယူပါတယ် မနောရေ။ ဒီနေ့ထုပ်ကြေးမုံသတင်းစာမှာ မန်းဂေဇက်မှာ ဇန်နဝါရီ ၁၆ ရက် ၂၀၁၂ က မနောတင်ထားခဲ့တဲ့ စီးချင်အုံးဟဲ့အထူးကား ပိုစ့်ကလေးပါလာတာတွေ့ရပါတယ်။ မန်းဂေဇက်မှ နို်င်ငံသိ တိုင်းသိပြည်သိ စာရေးသူများ နိုင်ငံ့အကျိုးပြုသူများပေါ်ထွက်လာတဲ့အတွက် ဂုဏ်ယူပါတယ်။
မဖတ်ဖူးသူများ ပြန်ဖတ်လို့ရအောင်ပြန်တင်ပေးလိုက်ပါတယ်။ ( သဂျီးရေ မနောကို credit ပေးလိုက်ပါနော်။ )
စီးချင်ဦးဟဲ့ အထူးကား
ဟော… လာပြီ
မနော တစ်ယောက် အဝေးကို မျှော်ကြည့်ရင်း စိတ်ထဲက ရေရွတ်လိုက်မိသည်။ လည်ပင်းကြောတွေထောင်၊ မျက်စိတွေ ညောင်းနေပြီး ခြင်းကိုင်ထားတဲ့လက်ကလည်း လက်အံသေနေအောင် မျှော်နေရတဲ့အချိန်မှာ ကိုယ်စီးမယ့်ကား လာတာတွေ့တော့ ဝမ်းသာသွားမိသည်။ ဒီနေ့ ရုံး စောစောသွားမယ်ဆိုမှ ဘာကားမှမလာတော့။ လာတဲ့ကားတွေကလည်း မရပ်နဲ့။ ဒါကြောင့် ဘာကားပဲဖြစ်ဖြစ် လိုက်မယ်လို့ ဆုံးဖြတ်ထားပြီးသား။
အခုလာနေတဲ့ကားက နှစ်ရာ ပေးစီးရတဲ့ “အထူးကား”ပေါ့။ အထူးကားဆိုတဲ့အတိုင်း အဲယားကွန်းပါတယ်။ တီဗွီပါတယ်။ လက်မှတ်ပေးတယ်(တစ်ခါတလေ စစ်ဆေးရှိရင်ပေါ့)။ ထိုင်ခုံတွေကလည်း ဆိုဖာခုံတွေလေ။ ခုနောက်ပိုင်းတော့ ကော်ခုံတွေပြောင်းလဲကုန်ပြီ။ ဒီတော့ ရိုးရိုး ငါးဆယ်၊ တစ်ရာပေးစီးရတဲ့ ကားတွေထက်သာတယ်။ စမတ်ကျကျ စီးရမယ်။ မြန်လည်း မြန်တယ်(ကားချင်းပြိုင်တဲ့အချိန် ပြောတာပါ။ ကျန်တဲ့အချိန်ဆို လိပ်ကတောင် အဘ ခေါ်ရလောက်တယ်။ ကားပေါ်ကဆင်းပြီးတောင် တွန်းပေးချင်စိတ်ပေါက်တယ်။)။ အေးအေးလူလူနှင့် တီဗွီကြည့်ရင်း ဇိမ်ရှိရှိစီးရမယ်။ ကျွန်မကလည်း ခရီးက အလုပ်သွားအလုပ်ပြန် တစ်နာရီလောက် (မြန်ရင်) အချိန်ပေးရတော့ ဒီလိုကားတွေနဲ့မှ အဆင်ပြေမှာလေ။
ကျွန်မလည်း အထူးကားရဲ့ အားသာချက်တွေကို တွေးရင်း ကားဆီသွားဖို့ ခြေလှမ်းပြင်လိုက်သည်။ မှတ်တိုင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသော လူတွေကိုကြည့်ရင်း “တက်မယ့်သူတွေ မနည်းပါလား” ဟု တွေးလိုက်မိပြီး ရှေ့ဆုံးက တက်နိုင်အောင် မာရသွန်ပြိုင်ပွဲ ပန်းဝင်သကဲ့သို့ အပြေးအလွှားသွားရသည်။
အရေးထဲ ဒီကားကလည်း ဘာလို့ အဝေးကြီးမှာ သွားရပ်သလဲမသိဘူး။ စိတ်တိုဖို့ကောင်းလိုက်တာ။ သူများထက် အရင်ဆုံး တက်နိုင်အောင် ပြေးသွားနေရင်းက ဆရာ တစ်ယောက်ပြောဖူးတဲ့ စကားကို ဖြတ်ခနဲ သတိရလိုက်သေးသည်။
“လူတွေရဲ့ အတ္တကြီးမှုကို ဘတ်စ်ကားစီးတဲ့အခါ တွေ့နိုင်တယ်”တဲ့။ ဆရာ့ပြောစကား မှန်နေပြီလားမပြောတတ်။ ကိုယ့်လိုပဲ အလုအယက်ပြေးနေတဲ့သူတွေကြားထဲ ရှေ့ဆုံးက တက်ပြီး နေရာကောင်းကောင်းယူချင်တာ ကျွန်မရဲ့အတ္တစိတ်ပဲ ဖြစ်မှာပါ။ ဖြစ်ချင်တော့ ကားက ဆင်းတဲ့သူလည်း ဆင်းပြီးရော မောင်းဖို့ပြင်နေတာကို လှမ်းအတက် စပယ်ယာက လှမ်းအဆွဲမှာ ခြေထောက်က ခြေနင်းခုံကိုမနင်းမိပဲ ခြေချော်ပြီး ခြေသလုံးနဲ့ ခြေနင်းခုံနဲ့ ရိုက်မိပါလေရော… အားလားလား အေးရတဲ့အထဲ ခြေထောက်တော့ ဘာဖြစ်ပြီလဲမသိ မစဉ်းစားအား နောက်တစ်ဖက်နဲ့ ခြေနင်းခုံပေါ် ခုန်အတက် ကားက ဝူးခနဲ မောင်းထွက်သွားသည်။
အထူးကားပေါ် တက်လိုက်မိသည်နှင့်တစ်ပြိုင်နက် “ငါတော့ လွဲပြီ” ဟု နောင်တရလိုက်သည်။ ဟုတ်တယ်လေ။ မတ်တပ်ရပ်စီးနေတဲ့ ခရီးသည်တွေက အများကြီး။ ကိုယ်တောင် လမ်းတစ်ဝက်ရောက်နေပြီ ခြေနင်းခုံကနေ အပေါ်ကို မရောက်သေး။ စပယ်ယာအသံ ထွက်လာသည် “ရှေ့ကို နည်းနည်းလေးလောက် တိုးပေးကြပါ။ အောက်မှာ မိန်းကလေးတစ်ယောက်တွယ်လာရလို့ပါ” အော်ပေမယ့်လည်း လှုပ်ရုံသာ လှုပ်သည့် ခရီးသည်တွေကြား မနည်း တိုးတက်နေရသည်။ ဒီလောက် လူတွေများပြီး ကျပ်နေတာကို ငါ ဘာလို့မမြင်ပါလိမ့်။ ဪ ကားပေါ်တက်ရဖို့အရေး ပြေးလွှားပြီး ဇောကပ်နေတော့လည်း ငါ မမြင်တာ မဆန်းပါဘူးဟု ဖြေတွေး တွေးလိုက်သည်။
ကျွန်မလည်း ဆွဲခြင်းက တစ်ဖက်နှင့်ဆိုတော့ ကားထွက်ချိန်မှာ ယိုင်လဲမသွားအောင် ဟန်ချက်ကို မနည်းထိန်းလိုက်ရသည်။ ကျွန်မက အရပ်ပုတော့ ကားပေါ်ရောက်လျှင် အပေါ်တန်းလည်း မမီ တခြားသူတွေကို ကိုင်ပြီး ရပ်ရမှာလည်း အားနာနှင့် စိတ်ဒုက္ခရောက်ရသည်။ ဟိုယိုင်ဒီယိုင်နှင့် မတည်ငြိမ်သေးခင်မှာပင် စပယ်ယာကလည်း-
“ကားခတစ်ယောက် ကျန်သေးတယ်” ဆိုပြီး အော်နေပြန်သည်။
ကျွန်မလည်း ကိုင်စရာနေရာရသည်နှင့် လက်ထဲက ငါးရာတန်ကို လှမ်းပေးလိုက်သည်။ စပယ်ယာက “တစ်ယောက်ထဲလား” လို့ မေးတာကို ခေါင်းညိတ်ပြလိုက်တော့ နှစ်ရာတန်တစ်ရွက် လှမ်းပေးရင်း “တစ်ရာ ခဏစောင့်” ဟု ပြောကာ အထဲကို ဝင်သွားလေသည်။
ဘုရားစူး… အထူးကား။ ထိုင်စရာ နေရာ မရှာလိုက်ရဘဲ ကိုင်စရာနေရာနဲ့ ခြေထောက်ရပ်စရာကိုသာ အသည်းအသန်ရှာလိုက်ရသည့်အဖြစ်။ ကားပေါ်မတက်ခင်က ဇိမ်ကျကျထိုင်ရင်း တီဗွီကြည့်ကာ အမောဖြေမည်ဟူသော အတွေးကလည်း အတော်ပံတပ်ကာ ဘယ်ဆီပြေးပြီမသိ။ ထိုင်ခုံပေါ်ထိုင်ဖို့မပြောနှင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်မတ်မတ်ရပ်နိုင်အောင် မနည်းကြိုးစားပြီး နေရာယူလိုက်ရသည်။ ဒါကြောင့် ရှေးလူကြီးတွေပြောတာ ထင်ပါရဲ့။ ကိုယ့်ခြေထောက်ပေါ် ကိုယ်အရင်ရပ်ကြည့်ဦးဆိုတဲ့ စကားကြားယောင်နေမိတယ်။
ထိုင်ခုံမှာ အမိန့်သား ထိုင်နေသူတွေကို ဝေ့ကြည့်လိုက်တော့ ဘေးဘီကို စိတ်ဝင်စားဟန်မပြဘဲ တီဗွီကိုသာ အာရုံစိုက်နေကြလေသည်။ အင်း… သူတို့ကို ကြည့်ရတာ နှစ်ရာတန် နတ်ပြည်ရောက်ပြီး စည်းစိမ်ခံစားနေကြတဲ့ နတ်သား၊ နတ်သမီးတွေနဲ့တောင် တူနေသယောင်။ အေးလေ… ငါလည်း ထိုင်ခုံရရင် သူတို့လိုနေမှာပေါ့…။
တစ်ယောက်ထဲ တွေးရင်း ငေးရင်းနဲ့ စီးလာတာ သီရိမင်္ဂလာဈေးနားရောက်ရော စပယ်ယာရဲ့အသံက နားထဲကိုးလို့ကန့်လန့်ဝင်လာပါတော့တယ်။
“ဟိုနားက ပုပု မျက်မှန်နဲ့အစ်မ၊ ရှေ့နည်းနည်းတိုးပါဗျာ လုပ်ပါ။ အချောင်ကြီးပါဗျာ”
ကျွန်မလည်း ဘေးဘီကို ငဲ့စောင်းကြည့်လိုက်မိသည်။ ဟင်… ယောက်ျားလေးတွေချည်းပဲ။ ဒါဆို “ပုပု မျက်မှန်နဲ့အစ်မ”ဆိုတာ ငါ့ကို ပြောတာပေါ့လေ။
“တောက်… အစ်မရေ နည်းနည်းတိုးပေးပါ” လို့ ပြောရင်တောင် တိုးပေးလိုက်ဦးမယ်။ အခုတော့ ဂုဏ်ပုဒ်တွေတပ်ပြီး ပြောနေတော့ ကျွန်မကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြပြီလေ။ စိတ်က ထောင်းခနဲ ဖြစ်မိပြီး
“ဘယ်အထိ တိုးရဦးမှာလဲ။ အရှေ့မှာ ကားမှန်ပဲရှိတော့တယ်။ လွန်းပူနဲ့ လာဖောက်ပေးမှပဲ ကားမှန်ဖောက်ထွက်လို့ရမယ်” လို့ ဘုတောပစ်လိုက်တယ်။ ကိုရွှေစပယ်ယာလည်း တစ်ခွန်းမှ ပြန်မဟတော့။ ဟိုဘက်က ခရီးသည်တွေက ဘာပြောလို့လဲမသိ။ စပယ်ယာက “မြန်ချင်ရင် တက်စီစီးသွားပါ။ ဒီထက်မြန်ချင်ရင် ကိုယ်ပိုင်ကားဝယ်ထားပါ”လို့ လှည့်အော်နေတယ်။
တဖြည်းဖြည်းနှင့် လူတွေများလာပြီး မွန်းကျပ်လာကာ ပူလောင်အိုက်စက်လာတော့မှ “အဲယားကွန်း”လည်း “အလကားကွန်း” ဖြစ်ပြီး ထင်တယ်ဟု တွေးလိုက်မိသည်။ မှန်အလုံပိတ်ကားထဲမှာ အဲယားကွန်းမရသောကြောင့် လူနံ့၊ ချွေးနံ့၊ ရေမွှေးနံ့တွေနှင့် အတော်ပင် မွန်းကြပ်လာခဲ့သည်။ ထို့ကြောင့် စပယ်ယားအား….
“ပြတင်းပေါက်မှန် ဖွင့်လို့ရမလား” ဟု လှမ်းမေးလိုက်တယ်။
“လှည့်ကင်းရှိတယ် အစ်မ။ ဖွင့်လို့မရဘူး”တဲ့။
ဩော… ငါ့နှယ် နှစ်ရာပေးပြီး ချွေးထုတ်နေရတဲ့အဖြစ်ပါလားဟု တွေးမိပြန်သည်။
“သမီး… ကားစီးရင်း ဘုရားဂုဏ်တော်ပွားများဖို့ မမေ့နဲ့နော်” ဆိုတဲ့ အမေ့စကားကိုလည်း သတိမရနိုင်တော့။
“တစ်ရာ အမ်းရမယ်၊ တစ်ရာအမ်းရမယ်” ဆိုတာကိုသာ တရစပ် ရွတ်ဖတ်သရဇ္ဈာယ်နေရသည်။ ကျွန်မကလည်း မေ့တတ်တာနဲ့၊ စပယ်ယာတွေကလည်း မေ့ချင်ယောင်ဆောင်တတ်တာနဲ့တော့ ဒီလိုပဲ ရွတ်ဖတ်ပေးနေရတာပေါ့။ တစ်ခါကလည်း တစ်ထောင်တန်ပေးပြီး ကားပေါ်ကဆင်းပြီး လမ်းလျှောက်ပြီးမှ သတိရတော့ လှည့်ကြည့်တော့ ကားက ထွက်သွားပြီ။
ဒါနဲ့ ဆင်းရမယ့် မှတ်တိုင်နားရောက်တော့မှ “တစ်ရာ အမ်းရမယ်” ဟု ခပ်တည်တည်တောင်းလိုက်သည်။ အရင်တုန်းကဆိုလျှင် ပြန်အမ်းရမည့် ပိုက်ဆံကို ထိုသို့ မတောင်းရဲခဲ့။ ခုတော့ တောင်းရဲသွားပြီ။ နေ့စဉ် ကြုံတွေ့ရသော အတွေ့အကြုံ၊ သင်ခန်းစာများက တောင်းတတ်အောင် သင်ပေးလိုက်တာ ထင်ပါရဲ့။ စပယ်ယာက တစ်ရာတန် အဟောင်းအနွမ်းတစ်ရွက်ကို လှမ်းပေးရင်း
“ဒီတစ်ရွက်ပဲ ရှိတယ်” ဟု ပိတ်ပြောသသည်။ ကျေးဇူးတင်ပါတယ် မောင်မင်းကြီးသားရယ်။ ရှားရှားပါးပါးရှိတဲ့ တစ်ရွက်ကို အမ်းပေးတဲ့အတွက်။
ကျွန်မ ဆင်းရမည့် မှတ်တိုင်နီးလာပြီမို့ ဆင်းရလွယ်အောင် ကြိုထွက်ထားဖို့ တာစူလိုက်သည်။ အထူးကားရဲ့ တစ်ယောက်စာ လျှောက်လမ်းလေးမှာ နှစ်ယောက်စီထပ်ပြီး ရပ်နေကြရတော့ ဘယ်လိုများ တိုးရပါ့။ ဒီကြားထဲ လွယ်ထားတဲ့ စလင်းဘတ်ကညပ်ပြီး နောက်မှာ ကျန်ခဲ့လို့ မနည်းဆွဲယူလိုက်ရသည်။ ခြင်းကလည်း ထုတ်လို့မရ။ အရင်ကတော့ ပလတ်စတစ်ခြင်းလေးတွေ ကိုင်သည်။ ခုတော့ ကြိမ်ခြင်းပဲကိုင်တော့သည်။ ပလတ်စတစ်ခြင်းကိုင်တုန်းက ကားအောက်ရောက်တော့ လက်ထဲမှာ လက်ကိုင်ကွင်း နှစ်ဖက်ပဲ ပါလာပြီး ခြင်းကိုယ်ထဲက ကားထဲ ကျန်ဖူးသည်မို့ ခြင်းတောင် ရွေးကိုင်ရခြင်း ဖြစ်သည်။ ခုတော့ တိုးရလွယ်အောင် ခြင်းကို အပေါ်က မြှောက်ကိုင်ဖို့ကလည်း အရပ်က ပုနေတော့ သူများတွေရဲ့ ခေါင်းကိုတောင် ကျော်အောင် မမြှောက်နိုင်။ ဒုက္ခပါပဲ။ တိုးထွက်လို့လည်း မရွေ့ပါလား။
မှတ်တိုင်ရောက်သည်အထိ တိုးထွက်၍မရတော့ ဒေါသထွက်၊ ချွေးတွေထွက်နှင့် တစ်ကိုယ်လုံး ပူထူနေတော့သည်။ နောက်ဆုံးတော့ စပယ်ယာခမျာ မနေသာတော့ဘဲ လက်ကိုဆွဲပြီး အတင်း ဆွဲထုတ်လိုက်မှ ဆင်းရမည့် အပေါက်နားရောက်တော့သည်။ ဒီကြားထဲ ဆံပင်က လူကြားထဲ ညှပ်ကျန်ချင်သေးသည်။ ကမန်းကတမ်း ဆင်းလိုက်ရသည်။ ကားပေါ်ထိုင်ပါလာတဲ့ အလုပ်သွား တွေ့နေကြ ကလေးမလေးနှစ်ယောက်က ကားအောက်ရောက်တော့ “အစ်မ ဒီနေ့ ဆပ်ပြာမတိုက်လာဘူးထင်တယ်” လို့ ပြောတော့ ကြောင်ပြီး ပြန်မေးလိုက်မိသည်။ “ဘာဖြစ်လို့လဲ” “အစ်မ ကား ထိုင်ခုံမရလို့”လေတဲ့။ စိတ်ထဲကလည်း “ဒီနေ့ တော်တော်ကံမကောင်းတာပဲ” ဟု မဆီမဆိုင် ကံကို အပြစ်တင်လိုက်သေးသည်။ ကားပေါ်က ဆင်းလိုက်သည်နှင့် ဆူးလေဘုရားကြီးကို ဦးခိုက်ရင်း သဘာဝလေနုအေးတို့၏ ကြိုဆိုခြင်းကို ခံစားရ၍ အနည်းငယ် လန်းဆန်းသွားရသည်။ ဟူး…. အခုမှပဲ အသက်ကို တဝကြီး ရှူရတော့သည်။
ကျွန်မတစ်ယောက် မှတ်တိုင်မှာရပ်ရင်း ပြန့်လွင့်နေတဲ့ ဆံပင်ကို သပ်ချရင်း ခြင်းထောင်ကို လက်ထဲမှာ နေရာတစ်ကျချပြီး ရွှဲနေတဲ့ ချွေးကိုသုတ်လိုက်ပြီး စီးလာတဲ့ အထူးကားကြီးကို မကျေမနပ်နှင့် မျက်စောင်းဝင်ပြီး ကြည့်လိုက်တဲ့အခါမှာတော့-
“ထိုင်ခုံပြည့်သာ တင်ဆောင်ပါသည်။ လူပိုတင်ခွင့် မရှိပါ”
“အကောင်းဆုံး ဝန်ဆောင်မှုပေးပါ”
“အမျိုးသမီးများကို ဦးစားပေးပါ”
“ခရီးသည်များသည် ထမင်းရှင်များဖြစ်သည်”
“Air-Con အမြဲ ဖွင့်ထား။ မအေးလျှင် လိုင်းမထွက်ရ”
“နေရာတိုင်းတွင် သင့်ကို အမြဲစောင့်ကြည့်နေသည်”
ဟူသော စာတန်းလေးတွေက ကျွန်မကို “တာ့တာ ဘိုင်ဘိုင်” ဟု ပြုံးပြနှုတ်ဆက်နေကြပြီး အထူးကားကြီးကလည်း ကျွန်မကို ကြည့်၍ တဟားဟား အော်ရယ်ကာ မြူးထူးသွက်လက်စွာ နှုတ်ဆက်ထွက်ခွာသွားလေတော့သည်။
64 comments
ဆူး
June 14, 2012 at 12:58 pm
ဂုဏ်ယူပါတယ် မနောဖြူလေးရေ..
စိန်ဗိုက်ဗိုက်
June 14, 2012 at 1:00 pm
ဒေါ်ပျိုဂျီးရေ
ကွန်ဂဒက်ကျူဒေးရှင်းဗျာ….ဗဲဒီးကို ထိတယ်..
ရွာမှာ တင်ထားတာလဲ ဖတ်ပြီးပါပြီ.
ဒါပေသိ..လင့်ခ်လေး ပြန်ပေးပါဦး..
Moe Z
June 14, 2012 at 1:01 pm
Congratulations! မမ မနောရေ ..
may flowers
June 14, 2012 at 1:01 pm
ဂုဏ်ယူပါတယ်မနော်ရေ။ နောင်လဲ ဒီလိုကောင်းတဲ့ ပိုစ့်လေးတွေများများရေးနိုင်ပါစေနော်။
water-melon
June 14, 2012 at 1:02 pm
သိပါဘူး မမမနော မင်္ဂလာဆောင်ပြီထင်နေတာ
ရွာထဲရော လူပျိုတွေအပျိုကြီးတွေမစွံသေးဘူးလား
အဟီ ဒါနဲ့ အပျိုကြီးတစ်ယောက်စွံနေပြီဆို ( မျက်စိ ) 😆
may flowers
June 14, 2012 at 1:04 pm
မနော ရေးတာ မနော်ဖြစ်သွားတယ်…မနောလို့ပြင်ဖတ်ပေးပါနော်။
စိတ်မဆိုးကြေး………..ဟီးးးး။
နွယ်ပင်
June 14, 2012 at 1:04 pm
အစ်မ မနောရေ congratulation ပါ
ဂုဏ်ယူပါတယ်နော် …
သားဦး၊မြေးဦး
June 14, 2012 at 1:06 pm
အမှန်ကို ထောက်ပြဝေဖန်ပေးသော မမမနောလေးအတွက်
ဂုဏ်ယူပါ၏
Ma Ei
June 14, 2012 at 1:07 pm
ဖတ်ပြီးပေမဲ့
ပြန်ဖတ်တော့လဲ
ပြုံးမိတာပါဘဲ…
အတွေးကောင်းလေးကိုအရေးကောင်းတဲ့
မနောလေးအတွက် ဂုဏ်ယူပါတယ်…
ပြန်လည်တင်ပြတဲ့ သဲနုကိုလဲ ကျေးဇူးနော်…
we R one
June 14, 2012 at 1:12 pm
Congratulation ပါ မမနော
etone
June 14, 2012 at 1:14 pm
ကွန်ကရက်ကျူလေးရှင်းပါ အစ်မ မနောရေ …
ဒီလို အကျိုးပြု ပို့စ်လေးတွေကို နိုင်ငံထုတ်သတင်းစာမှာ ဖော်ပြခံရတယ်ဆိုတာ .. အတိုင်းမသိဝမ်းသာမိပါတယ် ။ ဂုဏ်လည်း ယူမိပါတယ် ။
Mon Kit
June 14, 2012 at 1:15 pm
“ကွန်ကရက်ကြူလေးရှင်း” ပါ မနောဖြူရေ…
မသဲနုအေးကိုလည်း ကျေးဇူးတင်ပါတယ်…
မွန်ကစ်က ဒီပို့စ်ကို ခုမှ ဖတ်ရလို့ပါ…
အဖြစ်အပျက် ကို စာဖွဲ့ထားတာ ကိုယ်တိုင် ခံစားနေရသလိုဘဲ… အရမ်းကောင်းတဲ့ ပို့စ်လေးပါ…
နောင်လဲ လူ့လောကထဲ ဖြစ်ပျက်သမျှ အမှန်တရားတွေကို တပါးသူတွေပါ သိရှိပြီး ခံစားမျှဝေလို့ရအောင်ရေးပေးပါအုံး…
သတင်းစာထဲဖေါ်ပြခံရပီဆိုတော့ ဆိုင်ရာတွေက အက်ရှင်ယူတော့မယ်နဲ့တူပါတယ်…
Azzurri
June 14, 2012 at 1:19 pm
ဗယာကြော် မစိတ်ဖွေးပိစိ. ….
char too lan
June 14, 2012 at 3:46 pm
ဦးလေး ဦးလေး အဲ့ဒီလိုခေါ်တာ အန်ဒရယ်ရှိတယ်နော်
ကျနော်နားကြားလွဲလွန်းလို့ ပါ…. hehee 😀
ကွန်နက်ရှင်မကောင်းပါ မနောလေးးး အဲမွှားလို့
ကွန်ဂရက်ကျူလေးရှင်းပါ မနောလေးးးး 😀
kai
June 14, 2012 at 1:35 pm
http://myanmargazette.net/94102/creative-writing
မူရင်းပို့စ်က.. အဲဒီအပေါ်လင့်မှာရှိတယ်..။
ဆိုတော့…
ဂုဏ်ပြုပါကြောင်း….
Azzurri
June 14, 2012 at 1:48 pm
ဂုဏ်ပြုတာတော့ ဟုတ်ပါဘီ …
မေးချင်တာလေးတခု ရှိလို့ပါ..
သတင်းစာ က ခွက်ဒစ် ပေးသလား ..
မူရင်း ပိုစ့် ကို လင့်ခ် လေးဘာလေး ချီးမြှင့် သလား..
စာရေးသူ ကို ဆက်သွယ် ခွင့်ပြုချက်တောင်းသလား..
ဂေဇက် ကို စာပို့သလား…
ဒါမှမဟုတ်
ဂလိုပဲ …ကော်ပီပေစ့် လိုက်တာလား …
သတင်းစာ က လူက မန်ဘာ ဝင်ပီးဖတ်တာလား …
လူမသိ သူမသိ ဟို ၈၀၀ဝ ထဲကလား …
လား..
လား… လား …
???
mayjuly
June 14, 2012 at 1:36 pm
အစ်မ ယမင်း ရေ …
Congratulation ပါ …
ဒီပိုစ့်လေးက ရွာထဲမှာပါပြီးသားထင်တယ်နော် …
ပြန်လည်ဝေမျှပါသော မသဲနုအေးကို လဲ ကျေးဇူးတင်ပါ၏
ကြောင်ဝတုတ်
June 14, 2012 at 1:37 pm
အပျော့သတင်းကနေ အမာသတင်းဖြစ်သွားသော ပိုစ့်လေးအတွက်…
မနောကို ဂုဏ်ယူပါတယ်…
ဂုဏ်ယူနေသူ-
ကြောင်ဝတုတ်
blackchaw
June 14, 2012 at 1:40 pm
ကျွန်တော်လည်း ဝင် ဂုဏ်ယူသွားပါကြောင်း
ဒေါ်မနောရေ့……….။
amatmin
June 14, 2012 at 1:41 pm
မ မနောရေ….
ဝမ်းမြောက်ပါတယ် ဗျာ..
Foreign Resident
June 14, 2012 at 1:48 pm
Congratulations မနောဖြူလေးရေ..
Thu Wai
June 14, 2012 at 2:00 pm
အရေးအသားအရမ်းကောင်းတယ် ပြောချင်တာ ကို ဝတ်ထု တိုတစ်ပုဒ်လို စ လည် ဆုံး ပိုင်ပိုင်နိုင်နိုင် ရေးသွားနိုင်တယ် အစ်မ ဂျူး စာအုပ်တွေ ဖတ်တယ်ထင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ တွေက ရုံးဆင်း ချိန်တက်ချိန် သူခင်ဗျာ စီးပွားရှာရတာဆိုပြီး မတိုင်ကြဘူး အဲဒါကို ရိုင်းချင်တိုင်းရိုင်းနေကြတယ် ခရီးသွားပြည်သူတွေကုို ထမင်းရှင်လိုသဘောထားရမှာကို မေ့နေကြတယ်။
လူကိုစွတ်တင်လာပြီး မြန်မြန်လဲမမောင်းကြဘူး ထပ်စောင့်ခေါ်နေသေးတယ်။တစ်ခါတစ်လေ ဆို ရုံးတက်ချိန်မှာတင် ချွေးစော်က တော်တော်နံနေပြီ နွေဘက်ဆို ပိုဆိုးတယ်။
Nyein Nyein
June 14, 2012 at 2:12 pm
မမ မနောရေ……….
ဂုဏ်ယူပါတယ်နော်။ သမီးက ဂေဇက်ကိုစဖတ်တော့ အစ်မရေးတဲ့ အဲဒီ့ပို့စ်ကို အရင်ဆုံးဖတ်မိတာပါ။ အရမ်း သဘောကျတယ်။ ကိုယ်ခံစားရတာတွေကို ပြန်ပြောပြပေးနေသလိုပဲ။ (သမီးက နည်းနည်းတော့ အရပ်ရှည်တယ်။ ဟဲဟဲ……. :mrgreen:) ကျေးဇူးတင်နေတာပါ။ ထပ်ပြီး ဂုဏ်ယူလိုက်ပါတယ်နော်။ နောင်ကိုလည်း ဒီ့ထက်မက ရေးနိုင်ပါစေ……………………..
Shwe Ei
June 14, 2012 at 2:15 pm
အမှန်တရားတွေကို အမှတ်တရဖြစ်အောင်လုပ်ပေးတဲ့ အမ မနောအတွက် ဂုဏ်ယူပါတယ်ဗျာ 🙂
laypai
June 14, 2012 at 2:31 pm
ဝမ်းပန်း တသာ ဂုဏ် ယူ ရ ပါကြောင်း။
Congratulation ပါ နော်။
Phaung Phaung
June 14, 2012 at 2:33 pm
သတင်းစာမှာ ဆောင်းပါးအဖြစ်ဖော်ပြခံရတာကောင်းလိုက်တာနော်။ ဂုဏ်ယူပါတယ်။
Shwe Tike Soe
June 14, 2012 at 2:34 pm
ဂုဏ်ယူဝမ်းမြောက်စွာ အားပေးသွားပါကြောင်း…….. နောက်လဲဒါမျိုးလေးတွေ များများ ပွားအဲအဲ ရေးနိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါကြောင်း
ညလေး
June 14, 2012 at 2:46 pm
မန်းဂေဇက်ရွှာသူားများအားလုံးနှင့်အတူ……..ဂုဏ်ယူဝမ်းမြောက်ပါတယ်
မမ မနော …….
water-melon
June 14, 2012 at 5:50 pm
တိုတိုဖရဲလည်း ညလေးနဲ့အတူတူ ဂုဏ်ယူဝမ်းမြောက်ပါတယ်
တီတီရေငုံနှုတ်ပိတ်
June 14, 2012 at 3:15 pm
ကျုပ်လဲ ဂုဏ်ပြုပါတယ်တော်…
သဂျီးကိုလဲ အားနာပါတယ်။ နောက်တခါပဲပြုတ်ဝယ်စားမှ
ဆယ့်နှစ်ကျပ်ဘိုး အဆစ်ထည့်ပေးတော့မယ်…။။
ရွာစားကျော်
June 14, 2012 at 3:16 pm
ဟုမ်းပေ့ဂျ်က ခေါင်းစဉ်လေးဖတ်ပြီး
ရွာထဲက အပျိုကြီးတစ်ယောက်တော့ စွံပြီဟမှတ်တာ။။
ဟီး ကိန်းကြေတော့မှာပဲ..
ဂုဏ်ယူကြောင်း ထောပနာပြုရင်း တစ်ဆယ်ယူသွားပါတယ်ဗျို့…။
ster
June 14, 2012 at 3:35 pm
ကိုယ်ကအများသိစေချင်တဲ. အကြောင်းအရာကို ပိုပြီးကျယ်ကျယ်ပြန်.ပြန်. သိနိုင်တဲ.နေရာရောက်သွားတာ manawphulay နှင်.အတူ ဝမ်းမြောက် ဂုဏ်ယူပါတယ်။
soe myint su kyi
June 14, 2012 at 3:37 pm
ဂုဏ်ယူပါတယ် မနောဖြူလေးရယ်…အခုမှပဲ…ဖတ်မိတာပါ။ရေးထားတာတွေက…အရမ်းကောင်းလို ့…ဖတ်နေရင်းမျက်လုံးထဲမှာကွင်းကွင်းကွက်ကွက်ကိုမြင်မိပါတယ်…မနောပြောတဲ့အတိုင်းပါပဲ…အမေပြောတဲ့…ဂုဏ်တော်တွေကိုမရွတ်နိုင်တော့ပဲ…“တစ်ရာ အမ်းရမယ်” “တစ်ရာ အမ်းရမယ်” ကိုသာ ရွတ်နေရတယ်ဆိုတာလေးကိုတော့ အရမ်းကို သဘောကျမိပါတယ် ။ တို ့လည်း တစ်ခါတစ်လေ…အဲ့ အတိုင်းဖြစ်နေလို ့ပါဘဲ… ပြန်တင်ပေးတဲ့…မမသဲနုကိုလည်းကျေးဇူးတင်ပါတယ် ။
ငပွကြီး
June 14, 2012 at 3:45 pm
Congratulation ပါ မနောဖြူ၄
နောက်ကိုလဲဒီထက်ကောင်းသောပို့စ်များ ပို၍ရေးနှိ်င်ပါစေ…
ကိုရင်စည်သူ
June 14, 2012 at 3:54 pm
ကောင်းလိုက်တဲ့ အတွေးအရေး.. ၄စားပါတယ်… မစိတ်ပိစိကွေး..
Congratulation ပါ။ ခုတလော ဂေဇက်ထဲက ဆရာပေါက်နဲ့
မစိတ်ပိစတို့ ဂုဏ်ထူးဆောင်နိုင်ခဲ့ပီ…
နောက်ဘယ်သူတွေများ ထပ်ပြီး ဂုဏ်ထူးဆောင်ဦးမလဲ…
ကျွန်တော် ထင်တာမလွဲရင် ကိုထက်ဝေနဲ့ အခြားရွာသူတစ်ယောက်ယောက်
ထပ်လာဦးမယ်ဗျို့…။
သများကို တွေ့ရင် လက်ဖက်သုပ်ကျွေးမယ်ဆိုပြီး အပျော်ကြံထားတယ်… 🙁 🙁
manawphyulay
June 14, 2012 at 4:22 pm
အမယ် လမ်းထဲမလာတော့ ဘယ်တွေ့တော့မလဲ။ တွေ့မှ ကျွေးလို့ရမှာပေါ့ ကိုရင်စည်ရဲ့။ ပုံပြင်တွေပြောတာ ဘယ်သူလဲ မသွားခင်လေးလေ… အဟဲ စောင့်မျှော်နေတယ်နော် ဒါပဲ။
ကိုရင်စည်သူ
June 14, 2012 at 4:39 pm
မနောရေ.. အဲ့လိုစောင့်မျှော်နေရင်တော့ အီးတီကို ဖုန်းဆက်ခေါ်တော့
ဒီကောင်သွားတော့မယ်… ဒီတစ်ပတ်ထဲ… နှုတ်ဆက်လိုက်ဦး… 🙂
manawphyulay
June 14, 2012 at 4:44 pm
အိုကေ ဒါဆို ချိန်းပွဲလေး လုပ်လိုက်… ဒီကောင် သွားမယ်တော့ပြောတယ် ဒီတစ်ပတ်ထဲလို့တော့ မပြောသေးဘူးဟ… ဖုန်းဆက်လိုက်မယ်။
shwe kyi
June 14, 2012 at 4:05 pm
မ မနော ရေ
ဝမ်းသာဂုဏ်ယူမှုများစွာဖြင့်
ဂျူနီယာ ရွှေကြည်
manawphyulay
June 14, 2012 at 4:16 pm
ဟုတ်ကဲ့ပါ။ မနောလည်း ပါလာမယ်လို့ မထင်ထားပါဘူး။ ဒီမနက်ထိကို မသိသေးတာပါ။ ဖုန်းဆက်ပြီး လှမ်းပြောကြမှ သတင်းစာ ဖတ်မိတာပါ။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ မနော ရင်ထဲက သွန်ချလိုက်တဲ့ စုတ်ချက်လေးတစ်ချက်ဟာ အများကို ချပြခွင့်ရတဲ့အတွက်လည်း အလွန်ဝမ်းသာမိပါတယ်။
htet way
June 14, 2012 at 4:18 pm
မနောဖြူလေး အသံတိတ်နေသည်
လက်ဖက်ရည် တိုက်ရမှာ စိုးနေပါသလား
ကျွှပ်တို့ ဂုဏ်ယူနေပါသည်။
သတင်းစာကို သိမ်းထားပါသည်။
ရန်ကုန်ရောက်ရင်ပြလို့ လက်ဖက်ရည် တိုက်ခိုင်းမည်။
manawphyulay
June 14, 2012 at 4:31 pm
မနောက ဒီတိုင်း လာလည်လည်း တိုက်ပါတယ် ဆရာထက်ရယ်… အဲလိုမပြောပါနဲ့။ ကြက်ကန်း ဆန်အိုးတိုးတာလို့ပဲ မှတ်ထားပေးပါ။ ဘာမှမဟုတ်တဲ့ မနောစုတ်ချက်လေး တစ်ချက် အရာလေး ထင်သွားခဲ့တာပါရှင်။
အရီး Khin Latt
June 14, 2012 at 4:22 pm
မနောဖြူလေး
BIG Congratulations!!! 🙂
လက်မ အမြင့်ကြီး ထောင်ပြလိုက်တယ်။
mipukay
June 14, 2012 at 4:27 pm
Dear Thae Nu Aye,
Thanks for the “CONGRATULATION NEWS FOR MANAW PHYU POST” by copying and pasting for the readers who doesn’t read these post before like me.
CONGRATULATION MANAW PHYU!!!!!
MaMa
June 14, 2012 at 4:42 pm
မနောနှင့်ထပ်တူ…….
ရွာသူားများနှင့် အတူ………….
ဝမ်းသာပီတိဖြစ်ရပါကြောင်းးးးးးးးးးးးးးး
ဆရာသစ်ရေးတဲ့ `မှတ်´ ကဗျာကို
နောက်ထပ်တစ်ပိုဒ်လောက် ထပ်တိုးချင်တယ်။
လူကောင်သေးသေး မနောလေး
အထင်မသေးအပ် မှတ်
YE YINT HLAING
June 14, 2012 at 5:32 pm
ဗယာကြော် မုန့်လုံးကြီး ပါ မမနော။။။ ဟဲဟဲ။။။။နောက်တာ။။။ ကွန်ဂရက် ကျူလေးရှင်း ပါဗျာ။။။
nozomi
June 14, 2012 at 5:40 pm
မနောအတွက်
ရွာအတွက် ဂုဏ်ယူပါကြောင်း
လာဘ်ဝင်ပြီးလျှင် …….ထပ် ဝင် တတ်ပါကြောင်း