လိပ်ပြာ နဲ့ ငရဲတပဲ (သိမ်း)
ရေလေးတခွက်သောက်လိုက်ရမှ ရင်ထဲကိုအေးပြီး အမောပြေသွားတာပါပဲတော်…
ကျုပ်လဲ ရွာတကာလှည့် ပဲပြုတ်ရောင်းပြီးလို့ လမ်းကြုံရင် ဒီရွာလေးမှာ ဝင်ဝင်နားမိနေတာ…
တော်တို့ရွာကလဲ အေးအေးချမ်းချမ်းနဲ့ ပျော်စရာကောင်းတာကိုး…
ပြီးတော့ ဆိုင်းသံဗုံသံတခြိမ့်ခြိမ့်နဲ့ အလှူအတန်းများလဲ ပေါပါဘိနဲ့….
တနေ့ကတောင် လော်သံကြီးကြားလိုက်မိသေး….
သာဓုပါတော်….
သမ္မာဇီဝ ၊ လာဘမမျှော်၊ ချိန်တော်သင့်မြတ်၊ ပေးအပ်ကောင်းစွာ၊ လွတ်လွတ်ခွာ ….တဲ့
ဘုန်းကြီးရွှေဘ ဟောထားတာပဲ…။
အော်.. ဘုန်းကြီးရွှေဘဆိုတာ တောင်ဘက်ရွာက ဦးစန္ဒိမာလေ…။
ကျုပ်တို့ကတော့ တောသဘာဝ နှုတ်ကျိုးနေလို့ ဒီလိုပဲ ခေါ်ခေါ်နေမိတယ်…။
သမ္မာအာဇီဝနဲ့လဲ ရှာဖွေထားတဲ့ လှူဖွယ်ဖြစ်ရမယ်..
အလှူကိုအကြောင်းပြုပြီး အခြားအကျိုးစီးပွားကို မမျှော်လင့်တဲ့ အလှူမျိုးလဲဖြစ်ရမယ်..
လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့အရာကို ပေးလှူတဲ့ အသုံးဝင်အကျိုးရှိတဲ့အလှူမျိုးလဲ ဖြစ်ရမယ်..
အလှူအပေါ်ရော၊ အလှူပစ္စည်းအပေါ်ရော၊ အလှူခံအပေါ်ရော၊ မိမိနဲ့အတူအလှူပြုဘက်ချင်းအပေါ်ရော ကောင်းစွာနှလုံးသွင်းပြီး ပေးလှူတဲ့အလှူမျိုးလဲဖြစ်ရမယ်..
လှူဒါန်းလိုက်တဲ့အပေါ်မှာ ဘယ်သူသုံးမှာပါလိမ့်၊ ဘယ်လိုသုံးမှာပါလိမ့် စသည်ဖြင့် ကြောင့်ကျနှောင်ဖွဲ့မှု့ကင်းတဲ့ မုတ္တစာဂီလို့ခေါ်တဲ့ လွတ်လပ်ရှင်းလင်းစွာ စွန့်လွှတ်လှူဒါန်းမှု့မျိုးလဲဖြစ်ရမယ်…
အဲသလို လှူဒါန်းမယ်ဆိုရင် ဘာဖြစ်တယ်ဆိုလား…………..။
အဲ… ထားပါတော့တော်…
ကျုပ်လဲ ဘုန်းကြီးရွှေဘက တဝါတွင်းလုံး ဒီတရားတမျိုးပဲဟောလို့သာနားစွဲနေတာ..
အဆုံးအထိတော့ ဘယ်အလွတ်ရပါ့မတုန်း…။
သူ့တရားကလဲ နာလို့တော့ကောင်းပါသတော်……
ဒါပေသိ… လက်နဲ့လှူတဲ့ကိစ္စက ပါးစပ်နဲ့ပြောသလောက်တော့လဲ စင်းလုံးချောတော့ ဖြစ်ချင်မှဖြစ်မှာပေါ့..
ဒွေးလေးတို့အလှူတုန်းကပဲကြည့်…..
လှူကြမယ် ဆိုတုန်းကတော့ မောင်နှခွန်နှစ်ယောက် တသံထဲလိုလို
အလှူနီးတော့မှ….
ဘယ်ကျောင်းလှူမှပိုကောင်းမယ်..တို့
ကဖိုးတုတ် ဂေါပကလုပ်တဲ့ကျောင်းဆို ဒို့မကြိုက်ဘူး..တို့
အရှေ့ကျောင်းက အာဂန္နုကိုယ်တော်တွေ များတယ်..တို့
စကားများကြတယ်မဟုတ်တောင် တီးတိုးတီးတိုးပေါ့တော်………။
အဲဒီမှာ ဘုန်းကြီးရွှေဘရောက်လာမှ ပွဲပြတ်တော့တာ…
သူပြောတာလေး တော် နားထောင်ကြည့်………
“ ဟဲ့ …..
အလှူဆိုတာ စစ်တိုက်ရသလိုပဲ ..
ကိလေသာဆိုတဲ့ အတွင်းရန်သူတွေ ၊ ရန်သူမျိုးငါးပါးပြင်ပရန်သူတွေက မဖျက်ခင်မဆီးခင်
ကိုယ်က လက်ဦးအောင် အနိုင်တိုက်ထားရတယ်…။
ကုသို်လ်တပိဿာဘိုးရအောင် ညီညီညွတ်ညွတ်နဲ့ အလှူကိုပဲဦးတန်းပြီးအရင်လှူကြ
ပြီးမှ နင်တို့မောင်နှမတွေ ငရဲတပဲဘိုးမပြည့်-ပြည့်အောင် ခြေကန်ပြီး ငြင်းကြလဟဲ့…..….”
4 comments
ရဲစည်
June 15, 2012 at 8:09 am
လိုရင်းကို တိုတိုနဲ့ ထိထိမိမိပါဘဲ ခင်ဗျ …
လက်မကြီးထောင် အားပေးသွားပါကြောင်း…
စိန်ဗိုက်ဗိုက်
June 15, 2012 at 10:45 am
တီတီနှုတ်ပိတ်ခင်ည…
ပဲပြုတ်အပြင် ဘာဘီခရုတို ့ နံရိုးကင်တို ့ ဆာတေးတို ့ လဲရောင်းပါဦး..
အကြွေးအားပေးပါ့မယ်..လာထားတစ်ဆယ်..ငှဲ.ငှဲ..
နောက်ခါ ငရဲတို ့ သရဲတို ့ သိပ်မသုံးနဲ ့ဗျ.
ရွာထဲက မိစ္ဆာဂျီးက ကြိုက်ဖူးရယ်..
မောင်ပေ
June 15, 2012 at 10:52 am
နောက်ဆုံးမတော့
အမကြီးဟာ အခုမကြာခင်
မြိုင်၂ကြီး ကျင်းပတော့မယ့်
ရွာ့အလှူကို မီးမောင်းထိုးပြတာပါ ကလား
ကောင်းလေစွ
Shwe Ei
June 15, 2012 at 1:26 pm
သာမီးတို့က လှူမယ်လို့ပြောထားပီးရင် လှူပါတယ် တီတီချင့်။ ဘာအကြောင်းကြောင့်နဲ့မှ စေတနာမပျက်ပါဝူး။ အဖြူ အမဲ ခွဲခြားနေတာ ဟိုဗိုက်ပူပူနဲ့ ကြောင်ပါချင့်။ လစ်ပီ 😉