ဟာသ အတိုအထွာ – ၃

True FaithJune 23, 20101min43

နာခံခြင်း

ဆင်စုရွာနဲ့ နဝင်းရွာကန်ကြတဲ့ ဘောလုံးပွဲမှာ ဆင်စုရွာအသင်းနည်းပြက သူ့အသင်းက နောက်တန်းကစားသမား ဖိုးချွဲကို လူကပ်ဖို့ မှာနေတယ်။
“ဟေ့ကောင် ဖိုးချွဲ”
“ဘာလဲကွ”
“ဟိုဘက် အသင်းက နံပါတ် ၁ဝ က သိပ်တော်တယ်နော်။ မင်း အဲဒီကောင်ကို အသေကပ်ထား။ လုံးဝ မလွတ်စေနဲ့။ ကြားလား”
“စိတ်ချ။ လုံးဝမလွတ်စေရဘူး”
ဒီလိုနဲ့ ပွဲပထမပိုင်းကစားတယ်။ ဖိုးချွဲက နံပါတ် ၁ဝ ကို ကောင်းကောင်းလူကပ်ထားတော့
နဝင်းရွာအသင်း ဂိုးမသွင်းနိုင်ခဲ့ဘူး။ ပထမပိုင်းပြီးလို့ အားလုံးနားကြတဲ့အချိန် နည်းပြက အနားယူနေတဲ့ သူတို့အသင်း လူစုထဲမှာ ဖိုးချွဲကို မတွေ့လို့ လိုက်ရှာတော့ နဝင်းရွာအသင်းရဲ့ နံပါတ် ၁ဝ ဘေးမှာ ပူးကပ်ပြီးထိုင်နေတာ တွေ့လိုက်ရတယ်။
“ဟေ့ကောင် ဖိုးချွဲ။ မင်း ဒီမှာ ဘာထိုင်လုပ်နေတာတုန်း”
အဲဒီမှာ ဖိုးချွဲက စိတ်တိုတိုနဲ့ နည်းပြကို ပြန်ပြောလိုက်တယ်။
“ခင်ဗျားပဲ ဒီကောင့်ကို အသေကပ်ထားဆို။ ဒါကြောင့် ကပ်နေရတာပေါ့”
(ကိုရွှေထူး (ပြည်) ရဲ့ ကာတွန်းထဲက ဟာသတစ်ခုပါ။)
………………………………………………………………………………………………………………
ပြောပေးမယ်

ကျောင်းခန်းထဲမှာ ရန်ဖြစ်ကြတဲ့ ကျောင်းသားနှစ်ယောက်ကို ဆရာမက အပြစ်ပေးဖို့ လုပ်နေရင်းက ပြောလိုက်တယ်။
“မင်းတို့ သိပ်ဆိုးတဲ့ကောင်တွေပါလား။ ငါသာ ၃ ရက်လောက်ပဲ နင်တို့အမေဖြစ်ကြည့်၊ ကောင်းကောင်း အပိုးကျိုးသွားမယ်”
အဲဒီမှာ ကျောင်းသာတယောက်က ပြန်ပြောလိုက်တယ်။
“ဟုတ်ကဲ့။ ကျနော် အဖေ့ကို ပြောပေးပါ့မယ်။ သူက အိုကေဆိုရင် အဆင်ပြေပါတယ် ဆရာမ”
(တာယာပွကြီး ကာတွန်းထဲက ဟာသတခုပါ။)
…………………………………………………………………………………………………………………
ချစ်သူအမိန့်

မြို့တက်ဈေးဝယ်မယ့် ကိုဖိုးနီကို သူ့မိန်းမက
“ကိုဖိုးနီ။ ကျွန်မမှာထားတဲ့ စာရင်းအတိုင်း ဝယ်ခဲ့နော်။ မလွဲစေနဲ့။ လွဲရင်တော့ ကျွန်မအကြောင်း သိတယ်မို့လား”
“အေးပါကွာ။ မလွှဲစေရပါဘူး”
“ရော့ ဒီမှာ ဈေးဝယ်ဖို့ ပိုက်ဆံ။ ပိုတဲ့အထဲက ကာဖီလေး ဘာလေးသောက်ပေါ့”
“အေး။ အေး”
ဒီလိုနဲ့ ကိုဖိုးနီမြိုတက်ပြီး ဈေးဝယ်တယ်။ ပြန်လာတော့ သူ့မိန်းမဝယ်ခိုင်းတဲ့ ဈေးစာရင်းတွေ အပ်ပြီးတဲ့အခါ မိန်းမဖြစ်သူက “ရှင်မြို့မှာ ဘာမှ မသောက်ခဲ့ဘူးလား”
“အေးကွာ။ ကာဖီ သောက်ခဲ့ပါတယ်။ ဒါပေမယ့် ငါကြိုက်တာက လ္ဘက်ရည်ကွ။ မင်းက ကာဖီသောက်ဆိုလို့သာ”
(ဖတ်ခဲ့ဖူးတဲ့ ဟာသတစ်ခုဗျ။ ဘယ်ကဖတ်ခဲ့လဲတော့ မမှတ်မိတော့ဘူး)
………………………………………………………………………………………………………………
ကြောက်တယ်

မိခင်က သားဖြစ်သူကို အိပ်ရာဝင်ပုံပြင်အဖြစ် ဘုရားအလောင်း သုဝဏသာမ ဇာတ်တော်ကို ပြောပြနေတယ်။ ဇာတ်တော်ဆုံးတဲ့အခါ မိခင်က “ကဲ သားရော၊ သုဝဏသာမလို မဖြစ်ချင်ဘူးလား”
“ဟင့်အင်း။ မဖြစ်ချင်ဘူး မေမေ”
“ဘာဖြစ်လို့လဲ သားရဲ့”`
“မြှားမှန်မှာ ကြောက်တယ်”
(ဖတ်ခဲ့ဖူးတဲ့ ဟာသတခုပါ။ ဘယ်သူရဲ့ ဟာသလဲတော့ မမှတ်မိတော့ဘူး)
…………………………………………………………………………………………………………………
ကြိုးစားသော်လည်း

တဖက်ရွာကို ဆေးကုသွားမယ့် ဆေးဆရာက သူ့တပည့်ကို မှာနေတယ်။
“ဆရာ ဟိုဘက်ရွာကို ဆေးသွားကုလိုက်ဦးမယ်။ ညနေ ပြန်လာခဲ့မယ်။ ဆရာသွားတုန်း ဒီဆေးအိုးကို မီးအေးအေးနဲ့ ကြိုထားလိုက်။ ဟုတ်ပြီလား”
“ဟုတ်ကဲ့ ဆရာ”
ညနေ ဆေးဆရာပြန်လာတဲ့အခါ မီးဖိုဘေးမှာ ကုန်းကုန်းကွကွနဲ့ အလုပ်ရှုပ်နေတဲ့ သူ့တပည့်ကို တွေ့လိုက်ရတယ်။ ဆေးအိုးကလည်း မကြိုရသေးဘူးဖြစ်နေတယ်။
“မင်း ငါမှာခဲ့တာကို ဘာလို့မလုပ်တာလဲ ဟေ့ကောင်”
အဲဒီမှာ တပည့်ဖြစ်သူက ထိတ်ထိတ်ပြာပြာနဲ့
“မဟုတ်ဘူး ဆရာ။ ကျွန်တော် ဆေးအိုးကို ကြိုပါတယ်။ တနေ့လုံး ကြိုးစားပေမယ့် မီးတွေက အကုန်လုံး ပူတာချည်းပဲ ဖြစ်နေတယ်။ ဆရာပြောတဲ့ မီးအေးအေးဆိုတာကို ဘယ်လိုမှ မရနိုင်ဘူးဖြစ်နေလို့ ခင်ဗျ”
(ကာတွန်း မှန်ကြောင်ရဲ့ ဟာသတစ်ခု ဖတ်ခဲ့ဖူးတာကို ဝေမျှတာပါ။)
………………………………………………………………………………………………………………
မစဉ်းစားနဲ့

မိန်းမချောလေးတယောက်ဟာ သတင်းစာထဲကနေ ယောက်ျားအလိုရှိကြောင်း ကြေငြာလိုက်တယ်။ သူမကို လက်ထပ်ချင်တဲ့ ယောက်ျားဟာ (၁) အရပ်ရှည်ရမယ်။ (၂) ရုပ်ချောရမယ်။ (၃) ဘွဲ့ရ ပညာတတ်ဖြစ်ရမယ်။ (၄) အရက်သေစာ မသောက်စားရဘူး။ (၅) စိတ်သဘောထား ကောင်းရမယ်။ စတဲ့အချက် ၅ ချက် ပြည့်စုံရမယ်လို့ ဆိုတယ်။

နောက်နေ့မနက်မှာ မိန်းမချောလေးရဲ့အိမ်ကို အရပ်က ပုပု၊ မျက်နှာမှာ ကျောက်ပေါက်မာတွေနဲ့ လူတယောက် သတင်းစာကိုင်ပြီး ရောက်လာတယ်။ မိန်းမချောလေးက တံခါးဖွင့်ပေးရင်း မေးလိုက်တယ်။
“ဘာကိစ္စရှိလို့ပါလဲရှင့်”
ဟိုလူက ခပ်တည်တည်နဲ့ ပြန်ဖြေတယ်။
“သတင်းစာထဲမှာ မင်းထည့်လိုက်တဲ့ ကြော်ငြာကြောင့် ငါလာခဲ့တာ”
မိန်းမချောလေးက အဲဒီလူကို အကဲခတ်ရင်း စိတ်ထဲမှာတွေးလိုက်တယ်။
“အင်း ဒီလူက အရပ်ပု ရုပ်ဆိုးပေမယ့် ပညာတတ်ဘွဲ့ရ ဖြစ်မယ်ထင်တယ်”
ဒါနဲ့ သူမက မေးလိုက်တယ်။
“ရှင့်ရဲ့ ပညာအရည်အချင်းက”
“မူလတန်း”
“အရက်ရော သောက်တတ်သလား”
“သိပ်ကြိုက်တာပေါ့”
မိန်းမချောလေး နည်းနည်း စိတ်ပျက်သွားတယ်။ ဒီလူ့ဆီမှာ သူမလိုချင်တဲ့ အချက် ၅ ချက် ထဲက ၄ ချက် မရှိဘူးလေ။ ဒါနဲ့ နောက်ဆုံးကျန်တဲ့တချက်အတွက် မေးလိုက်တယ်။
“အင်း… ရှင်က စိတ်သဘောထားတော့ နူးညံ့သိမ်မွေ့မယ် ထင်ပါရဲ့နော်”
“မှားတယ်ဗျ။ ကျနော့်စိတ်က သိပ်ကို ကြမ်းကြုတ်ရက်စက်တယ်”
အဲဒီမှာ မိန်းမချောလေးက စိတ်အရမ်းတိုသွားပြီး လေသံမာမာနဲ့ အော်ပြောလိုက်တယ်။
“ဒါဆို ရှင်က ကျမဆီဘာလာလုပ်တာလဲ”
စကားအဆုံးမှာ ဟိုလူက ခပ်တည်တည်နဲ့
“မင်းအနေနဲ့ ယောက်ျားယူမယ်ဆိုရင် ငါ့ကိုမစဉ်းစားနဲ့လို့ လာပြောတာ”ဆိုပြီး အိမ်ပေါက်ဝကနေ လှည့်ထွက်သွားပါလေရော…။
(မှတ်မိထားတဲ့ ဟာသတခုပါ။)

3 comments

  • intro

    June 23, 2010 at 3:33 pm

    မဆိုးဘူးဗျ… ကောင်းတယ်… ရယ်ရပါတယ်….

  • မန်း ရိပ်

    September 18, 2010 at 8:44 am

    ဒါမျိုးဖြစ်နေရမှာ
    ဟာသဆိုတာ တွေးတိုင်းရယ်နေရမှ တကယ့်ဟာသ

  • blackprince72

    September 22, 2010 at 8:34 pm

    မ ဆိုးပါ ဘူး ။အ သစ် တွေ ပါ လို. ။ဟာသ တွေ က ကြာတော. ထပ် လာ ပြီ ။

Leave a Reply