ကိုယ်ချင်းစာသောနုတ်ခမ်းများ နဲ့ စကားပြော ပါ( ညီမလေး ဖတ်ဖို့) –
ကိုယ်ချင်း စာသောနုတ်ခမ်းများနှင့် စကားပြောပါ
ထက်ဝေး
ညီမလေးရေ စိတ်ထောင်းတော့ ကိုယ်ကြေ ..တဲ့ လူမှာ စိတ်ချမ်းသာဖို့
အရေးကြီးလှပါတယ်။အသား အရည် စိုပြေ ပြီး အဝလွန်တဲ့ အမျိုး သမီးတစ်ယောက်
ပိန်သွားတော့ ဟယ်..ပိန်သွားလိုက်တာ ပိန်ဆေးတွေ သောက်လို့ လားတဲ့။
တကယ်တော့ ကလေး မလေး ခမျာ မှာ အလွမ်း ဆိုတဲ့ နိပ်စက်မူအောက်မှာ ပိန်
ချုံး ကျခဲ့ရတာ ဆို ညီမလေး ယုံနိုင်မလား။
အချစ်ဆိုတာ မလေးနက်သူတွေ အတွက်ပျော် စရာ လေးနက်သူတွေ အတွက်တော့ ဝေဒနာပါ
ညီမလေးရယ်။နုစဉ်တုန်းကတော့ အကိုတို့ လည်း ကြေကွဲ ခံစားဖူးခဲ့ပါတယ်
နာကျင် ဖိစီး ခဲ့ရဖူးတယ် သွေးပေါင်ကျလောက်အောင် စိုးထိတ်ကြေကွဲ လွမ်းတ
လောင်မြိုက်လို့..။
၂၀၀ဝခုနှစ် ထုတ် မြားနတ်မောင် မဂ္ဂဇင်း က မြန်မာ့ ရနံ့ ကဗျာ ကဏ္ဍထဲက
ဆရာ ဋ္ဌေးကြည် (စလင်း) ရဲ့ တောသူမရဲ့ ရည်းစားစာ ဆိုတဲ့ ကဗျာလေးကို
သတိရမိပြန်တယ် ညီမလေး။
မြို့ သား အကို
စကားချို
သူ့ကိုချစ်မိနေပြီ ရှင့်။
ထမီတိုတိုရေစိုစို
ကျမအလှ ကပိုကရို
မြို့သူတွေထက်ပို သတဲ့ ရှင့်။
မြို့ သားက တောကို ရောက်တော့ ကျေးလက်က လုံမပျိုလေးကို စကားလုံးတွေ
အလှဆုံး သုံးပြီး ပြောဆို လို့ ရင်းနှီးမူ ရှာခဲ့ တယ် လေ။ စကားချိုရင်
လူတိုင်းနှစ်သက်တတ်ကြတယ် မဟုတ်လား။တဖက်သား နားဝင်အောင်ပြောတတ်တာလည်း အရည်
အချင်း တစ်မျိုး လို့ အကို ဆိုချင်ပါတယ်။မှန်ကန်တဲ့ နေရာမှာ သုံး
တတ်ခဲ့ရင်ပေါ့။တော်လိုက်တာ ၊ လှလိုက်တာ ဆိုတဲ့ စကားတွေကို လူ့ သဘော
လူ့မနော ကိုကြေကြေ ညက်ညက် တတ်သိတဲ့ လူတွေတောင် သဘောကျတတ်ကြတယ်လေ။
အခုလည်း အရိုးဆုံး အဖြူစင်ဆုံး နှလုံးသားကို စကားလုံးတွေနဲ့
ချည်နှောင်လိုက်တာလေ။ ကြံ့ခိုင်ဖွံ့ထွား လှပတဲ့ တောသူမလေးရဲ့ အလှ ကို
မြို့သူတွေနဲ့ သာတယ် ပိုလှတယ်လို့ မြှင်မြှောက် ပြောဆို လိ်ုက်ပြီး
စည်းရုံးလိုက်တာလို့ အကိုပြောချင်ပါတယ်။အရိုင်းထည်လေးကတော့
ဘဝင်ခိုက်ပြီပေါ့လေ။ ဒါကြောင့်လည်း မြို့သား အကို စကားချို
ကို ချစ်မိတာထင်ပါတယ်လေ။
ပြောင်းဆန်ထမင်း
ဆူးပုတ်ဟင်း
သူစားချင်ရင် ခုချက်ချင်း
ပဲနီလေးပြုတ် မုန့်ဖက်ထုပ်
သူစားချင်ရင် ချက်ချင်း လုပ်
သူကြိုက်တယ်ဆို
ထန်းရည်ချို
မြူအိုးလိုက်ကိုပေးတယ်ရှင့်။
ဒီလိုနဲ့ တောသူမလေးက ဖြူစင်တဲ့ လေးနက် တဲ့ အချစ်နဲ့ ချစ်သူကို အလိုလိုက်
အကြိုက်ဆောင်လို့ စားလိုရာစားစေ၊ စိတ်ချမ်းသာသလိုနေစေ ဆိုတဲ့ တဖက်သးကို
နားလည်
တတ်တဲ့ စိတ်နဲ့ လိုက်လျှော ခဲ့ပါတယ်ကွယ်။ထန်းရည် နဲ့ ရီဝေချင်တဲ့
ချစ်သူကို သောက်စေချင်လို့ မြူအိုးလိုက်ပေးလို့ ခွင့်လွှတ်တဲ့ စိတ်ကလေး
မွေးရှာတယ်။အချစ်ရဲ့ နားလည် တတ်မူ အလိုလိုက်တတ်မူ အနစ်နတာခံတတ်မူတွေနဲ့
ပေးဆပ်ခဲ့တယ် ညီမလေးရယ် ။
သူနဲ့တွေ့ရန်
ကောက်စိုက်ပြန်
ခရေပန်း ပန်ရတယ်ရှင့်
ကောက်စိုက်တယ်ဆိုတာ ရွံ့ထဲရေထဲမှာ အလုပ်လုပ်ရတာပါ အင်မတန်လည်း
ပင်ပန်းပါတယ်။ညနေညိုလို့ အလုပ်ကအပြန် လယ်တောက ခရေ ပင်ကြီးအောက်
ခရေပန်းကောက်လို့ သီကာ နဂို အလှကို ခရေကုံးလေးနဲ့ ထပ်ဖြည့်လို့
ပန်းအလှပါ ဖေါ်ပြ ခဲ့တယ်။ခရေဆိုတာကတော့ သွေ့ခြောက်ပေမယ့်လည်း ရနံ့
မပြယ်တဲ့ ပန်း
သစ္စာကြီးတဲ့ ပန်း မြေပေါ်မှာ အနင်းခံရလည်း အလှ မပျက် ရနံ့ မပြယ်တဲ့
ပန်းမို့ တောသူမလေးက နမိတ်ပြတာလည်း ဖြစ်နိုင်တာပေါ့ ညီမလေးရယ်။
သူနဲ့ တွေ့ဆုံ
စပယ်ရုံ
ညတိုင်းပုံပြောတယ်ရှင့်
ချစ်သူတွေဟာ မြင်ချင် တွေ့ချင်ကြတာ သဘာဝတစ်ခုပါ။ ညတိုင်းလူခြေ
တိတ်ချိန်ဆို ပုန်းလျှိုးကွယ် လျှိုး တွေ့ကြ ၊စပယ်ရုံ နံဘေးမှာ
ချစ်စကားလှလှလေးတွေ သီကြူးလို့
ကြည်နူးခဲ့ကြတယ်လေ။သူ့စကား မုသားတောင် ယုံနေသူကတော့ စကားတိုင်းဟာ
ခန်းနာခဲ့တယ်။ တောသူမလေးကြွေခဲ့တယ်လေ။မြို့ပြရဲ့ အကြောင်း မြို့ကြီးရဲ့
လှပမူ တွေ
တောသူမလေး အားကျခဲ့နိုင်ပါတယ်။ဒီလိုနဲ့ ချစ်သူဘာပြောပြော ယုံကြည်ခဲ့တယ်
ထင်ပါတယ်လေ။
တစ်ည သ၌
လလည်းမိုက်
မြို့သားရယ် ..အမေရိုက်မှာ စိုးတယ်ရှင့်။
တညသားမှာပေါ့ ညီမလေးရယ် တွေ့နေကြ စပါယ်ရုံ နံဘေးမှာ တောင်းပန်ခယ အချစ်
ဆိုတဲ့ ရသပျေက်လိ်ု့ သတ်ပုံ မှား ခဲ့ကြတယ် ထင်ပကွယ်။မြို့ သားရယ်….
အမေရိုက်မှာ စိုးတယ်ရှင့် ဆိုတဲ့ တိုးတိုးဖွဖွ အသံလေး ကို ရာဂ က
ပိတ်ဖုံးလို့ ညှာတာမူ ကင်းမဲ့ခဲ့လေသလား။ အဝိဇ္ဇာ ပိတ်ဖုံး လို့ အရာ
အားလုံးပဲ မှောင်မိုက် ခဲ့ကြတာလား
ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ် ဆိုတဲ့ တလွဲ အတွေး အခေါ် သတ္တိ တွေ ဖြစ်ခဲ့ကြလေသလား မသိ။
ဖိတ်စာရိုက်ရန်
မြို့ သို့ ဆန်
ခုထိပြန်မလာသေးဘူးရှင့်
နေဝင်ချိန်ယွန်း
မီး အိမ်ထွန်း
မျက်ရည် သုတ်ရင်း လွမ်းတယ်ရှင့်။
ညီမလေးရေ .. နေဝင်ချိန်ဆို ကိုယ်လေ ငို ချင်တယ် ရင်မှာ တိတ်တိတ်ကြေကွဲ
..အဆိုတော် ထူးအိမ်သင်ရဲ့ သီချင်း စာသား လို နေဝင်ချိန်ညခင်းလေးမှာ
တောသူမလေး
အလွမ်းတွေ နဲ့ အဖေါ်ပြု နေရပြီလေ။ ညဆို အိပ်မရ လွမ်းတ တဲ့ စိတ်တွေနဲ့
မြို့သားပြန်လာမယ့် ရက်ကို ပဲမျှော်လင့်နေရ တယ် ကွယ်။တစ်နေဝင်လို့
တစ်မိုး ချုပ်ခဲ့ပြီ
မြို့သားရောက်လွယ်ကောင်းရဲ့ ပြန်မလာသူ ဘာများဖြစ်နေလို့လဲဆိုတဲ့
ပူပန်စိတ် စိုးထိတ်မူတွေ နဲ့ မျက်ရည် သုတ်လို့ လွမ်း နေရရှာတယ်။
ဖိတ်စာရိုက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ ပြန် သွားတာ ကို ယုံကြည်
မျှော်လင့်နေသူရဲ့ ဝေဒနာ ပါ င်္ညီမလေး။ ညီမလေးရေ တောသူမလေးရဲ့ စိတ်ထဲမှာ
ပြန် လာမယ်ဆိုတဲ့ မျှော်လင့် ချက် နဲ့ သူပြန်မလာတော့ရင်ဆိုတဲ့ စိုး
ထိတ် မူတွေ အားပြိုင် လွန်ဆွဲလို့ ပူလောင်နေမှာ အကိုတွေးမိပါတယ်ကွယ်။
ညီမလေးရေ တောသူမလေးက အမျှားခံရတာပါ အချစ်ကို အစာအဖြစ် တပ်ဆင်ပြီး
လူကို မျှားတတ်တဲ့ ထဲ တောသူမလေး ဟာ ကံဆိုးစွာပဲ ဓါးစာ ခံ
ဖြစ်ရရှာတာပါလို့ အကို ဆင့်ပွားတွေမိပါတယ်။ အမေရိုက်မှာ စိုးတယ်ရှင့်
..ဆိုတဲ့ အသံလေး ..တကယ်ရော အရိုက်ခံရရှာပြီလား လောက အလယ်မှာ အချစ်ကို
နာကြည်းကြောက်လန့်နေပြီလား အကို တွေးမိပြန်ပါတယ် ညီမလေးရယ်။
လောကမှာ အပြောချိုတိုင်း မယုံလိုက်ပါနဲ့ ညီမလေး ။ အကိုကတော့
အပြောချိုတဲ့ လူတွေကို သတိထား မိတတ်ပါတယ်။အစကတည်းက တောသူမလေးဟာ
အကဲခတ်တတ်ဖို့ ကောင်းတယ်ကွယ်။လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကို သူ့
စကားသံတွေမှာ ရှာလို့ရနိုင်ပါတယ်။အသံကျယ်သော သူသည် မှန်ကန်တဲ့
ဘက်မှာရှိတယ်ဆိုတဲ့ ဆိုရိုးလေး အကို အမှတ်ရမိတယ်။ နောက်လူတစ်ယောက်ကို
ပျက်စီးစေချင်ရင် မြှောက်ပေး လိုက်ပါဆိုတဲ့ အဆို အမိန့်တစ်ခုလည်း အကို
သတိရမိပြန်တယ် ညီမလေးရယ်။
အကိုသိဖူးတဲ့ လူတစ်ယောက်ဆို အသံက သိပ်နူးညံ့ တာပဲ ခေါ်လိုက်တဲ့ အသံက
နားဝင်ချိုလိုက်တာ ညီလေး..နေကောင်းလား ကရုဏာသံနဲ့ ပါ ။ဒါပေမယ့် ညီမလေးရယ်
သူ့ရဲ့ ဟန်ဆောင်မူ ကို သူ့ အသံက ဖုန်းလို့ မရနိုင်ပါဘူး နောက်ကွယ်မှာ
မိန်းမ ကိစ္စတွေ ရှုပ်နေပါတယ်။တစ်မြို့လုံး က ပြဿနာတော်တော်များများကို
သူကြိုးကိုင် နေတာပါ။
ညီမလေးရေ အပြောနဲ့ အလုပ် ကွာခြားသူတွေကို ညီမလေး
ခွဲခြားမြင်နိုင်ပါစေ။ လူတစ်ယောက်ဟာ ပွင့်လင်းမူ ဟာ သူ့ ရိုးသားမူ
ပါပဲ။ပရိယာယ်တွေ စကားလုံး တန်ဆာတွေ ဆင်လို့ လည့်ပတ်တတ်သူတွေကို
အကိုတော့ မုန်းမိပါတယ်ကွယ်။အခုလည်း ကဗျာ ထဲကမြို့သား ရဲ့ တာဝန်မဲ့မူ
လှည့်စားတတ်မူတွေ တောသူမလေးရဲ့ ရိုးသားဖြူစင်မူတွေကို အကို ခွဲခြား
တွေးမြင်မိတယ်ကွယ်။
တခါက အကိုတွေ့ဖူးတဲ့ အမျိုးသားတစ်ယောက် အကြောင်းလည်းပြောပြချင်ပါတယ်။
သူ့ ချစ်သူက အမိဘ သဘောမကျလို့ လက်ထပ်ရင်တော့ မြို့လေးမှာ မနေချင်လို့
ရန်ကုန် ဆိုတဲ့ မြို့ကြီးမှာ နေရာ ယူလို့ ကြိုတင်ပြင်ဆင်စေခဲ့တယ်။
တကယ်တော့ မြို့ကြီး ပြကြီး ရန်ကုန်ဆိုတာ အစိမ်းသက်သက်နေဖို့ အလုပ်ရဖို့
မလွယ်လှပါဘူး။ဒါ်ပေမယ့်
ချစ်သူသဘောကျ သွားခဲ့တယ်လေ။ ငတ်ပြတ် ဆင်းရဲ ခံပြီး ရရာ အလုပ် လုပ်လို့
ကြိုးစားတဲ့ ချစ်သူမောင်ဟာ တကယ်တော့ သူဟာ မြို့ကလေးမှာ အောင်မြင်တဲ့
ကျူရှင်ဆရာလေး တစ်ယောက်ပါကွယ်။ တခြား တပါးမှာ အလုပ်တွေ
ပင်ပင်ပန်းပန်းလုပ် ပညာရှင်က ကာယ အားကိုးပြီး လုပ်လို့ သူပေးထားတဲ့
ကတိကို တည်စေခဲ့တယ်။
သူ့ရဲ့ အောင်မြင်မူတွေကို စွန့်လို့ ရန်ကုန်မြို့ကြီး မှာ နေရာလေး တစ်ခု
ပုံမှန် ဝင်ငွေလေး ရတော့ မြို့ကလေး ကိုပြန်လာရှာပြီး ချစ်သူကိုခေါ်ပါတယ်
ကွယ်။ ညီမလေးရေ ချစ်သူက မလိုက်တော့ ဘူး အနေဝေးလို့ သွေးအေးသွားတာလား
သစ္စာပျက်ခဲ့တာလား မသိဘူး သူ့ချစ်သူကတော့ မလိုက်ခဲ့ဘူး။ သို့သော် သူကတော့
တစ်လတစ်ခါ မြို့ကလေးကို ပြန်လာလို့ ချစ်သူကိုဖျောင်းဖျ ခေါ်ခဲ့ပါတယ်ကွယ်။
“ ကျွန်တော် ရဲ့ ကျူရှင်ဆရာဆိုတဲ့ အောင်မြင်မူကို ကျွန်တော်စွန့်ခဲ့တာက
သူ့ကိုု တစ်သက်တာ လက်တွဲမယ်ဆိုတဲ့ ကတိကြောင့်ပါ သူမနေချင်တဲ့
မြို့ကလေးကို ကျွန်တော် စွန့်ပြီး သူနေချင်တဲ့ ရန်ကုန်ကို ကျွန်တော်
ရအောင် နေရာယူခဲ့တယ် ကျွန်တော် ထမင်းလည်း ငတ်ခဲ့ဖူးတယ် လူများ
အိမ်မှာလည်း ကပ်နေလို့ ညိုငြင်ခံဖူးတယ်။
အခု ကျွန်တော် ငြင်းပယ်ခံရတယ် ဒါက သူ့ရဲ့ရွေးချယ်မူပါ ကျွန်တော်ကတော့
လက်ထပ်မယ်ဆိုတဲ့ ကတိကို တည်အောင် အချစ်ကို သစ္စာရှိခဲ့တာပါ့ ”..တဲ့
ညီမလေးရယ်
ဘယ်လောက် သဘောထားကြီးလိုက်ပါသလဲ ကတိ တည် သစ္စာရှိလိုက်တာနော်။
ညီမလေးရေ ဘဝမှာ ကတိ တစ်လုံး ဟာ အရေးကြီး လွန်းပါတယ် ။ လူမှာကတိ
မင်းမှာ သစ္စာ ဆိုသလို ပြောဖူးတဲ့ ကတိစကား ဆိုခဲစေ မြဲစေပေါ့လေ။တဖက်သားရဲ့
ယုံပုံ ကိုးစားမူကို အလွဲသုံးစား မလုပ်သင့်ပါဘူး စိတ်ကို
မလှည့်စားသင့်ဘူးညီမလေး။
ဖိတ်စာရိုက်ဖို့ ဆိုပြီး မြို့ကို ပြန်သွားတဲ့ မြို့သားကို
ယုံကြည်မျှော်လင့်နေတဲ့ တောသူမလေးရဲ့ ရင်ထဲ ဘယ်လောက်ပူလောင်နေမလဲ။
ပြန်မလာတော့ နှလုံးသား အနာတရ ဖြစ်ပြီး အချစ်ကိုကြောက်သွား လိမ့်မယ် လူတွေ
အားလုံးကို သူမယုံကြည်နိုင်တော့ ဘူး။
အကိုကတော့ ညီမလေးကို လူတန်းစားခွဲခြား မြင် စေချင်တယ်
။ကိုယ်ကျင့်တရားကောင်းသူ ဖြောင့်မတ်သူ စကားတည်သူတွေနဲ့ ပဲ
ကြုံတွေ့စေချင်ပါတယ်ကွယ်။တောသူမလေးလို ညီမလေး အယုံ မလွယ်စေချင်ဘူး
စကားချိုတိုင်း အပြောကောင်းတိုင်း မသာယာစေချင်ပါဘူး။ လူတစ်ယောက်ရဲ့
အကျင့်ကို မတရားလည်း မဆုံးဖြတ်ပါနဲ့ သေချာလေ့လာပြီး ဉာဏ်သုံးလို့ သုံး
သပ်ပါနော်။ညီမလေးကလည်း စကားလုံးတွေနဲ့ လူတဖက်သားကို မချည်နှောင်မိပါစေနဲ့
။ဘဝနဲ့ ရင်းရတဲ့ အချစ်ရေး အချစ်ရာကိစ္စတွေမှာ မညာမိပါစေနဲ့ လို့ အကို
သတိပေးချင်ပါတယ်။တကယ်ချစ်ရင် အညာခံရတဲ့ လူဟာ တစ်သက်လုံး ထိ အနာတရ
ဖြစ်စေမယ်ကွယ်..နော်။
ဒါကြောင့် ညီမလေးရေ တိကျတဲ့စကား ၊ ချိုသာတဲ့ စကားကိုပြောပါ
အဓိပါယ်ရှိတဲ့ စကား တဖက်သား နားဝင်မယ့် စကား တွေကို ကိုယ်ချင်းစာတဲ့
နုတ်ခမ်းများနဲ့ပြောပါလို့ အကို မှာချင်ပါတယ်။ ညီမလေး ဟာ ဖြောင့်မတ်တဲ့
နားလည်တတ်တဲ့ နုတ်ထွက်စကား တိကျသူအဖြစ်နဲ့ လောက အလယ်မှာ ဂုဏ်တင့်ပါစေ။
သစ္စာကြီးသူ နားလည် စာနာတတ်သူ အလိုရမ္မက် နည်းသူ တစ်ယောက်အဖြစ် နဲ့
ဝင့်ထယ်နိုင်ပါစေလို့ အကို ဆန္ဒပြု လိုက်ရပါတယ်ကွယ်။
40 comments
စိန်ဗိုက်ဗိုက်
June 15, 2012 at 8:07 pm
ကျန်တာကို ဒီအောက်မှာ ဆက်ရေးလိုက်ပါ ဆရာ
သဂျီးလာရင် ဖြည့်ပေးပါလိမ့်မယ်..
ရဲဘော် မောင်တူး
June 15, 2012 at 8:15 pm
ကျနော့်ညီမလေးကို ပေးဖတ်ချင်လို ့၊ ကူးယူခွင့်ပြုပါ ဆရာထက်ဝေး ။
အရီး Khin Latt
June 15, 2012 at 8:19 pm
ဆရာထက်ရေ
ရိုးသားတဲ့ တောသူတောင်သားတွေ အပေါ်မှာ လှည့်ဖျားမဲ့ သူတွေ က အကွက်ချောင်းနေမြဲပါ။
ဆရာထက် တို့ ဖြန့်ဝေပေးတဲ့ အသိပညာဗဟုသုတတွေ နဲ့ ဒီလူတွေ ရဲ့ အကွက်တွေကို ရှောင်ရှားနိုင်ကောင်းပါရဲ့။
ဒီလို စာလေးတွေ အတွက် သူတို့ ကိုယ်စား တကယ်ဘဲ ကျေးဇူးတင်ပါတယ်။
may flowers
June 15, 2012 at 8:19 pm
မြန်မာမိန်းကလေး ညီမလေးတွေ လိုက်နာမှတ်သား သင့်တဲ့စကားလုံးလေးတွေနဲ့ ရေးထားတဲ့ပိုစ့်လေးပါပဲ။
လေးစားပါတယ် ဆရာရှင့်။
htet way
June 15, 2012 at 8:20 pm
ရတာပေါ့ ဆရာရယ် ကူးပါ
ခုလို အားပေးတာ ဆရာ စိန်ဗိုက်ဗိုက် နဲ့ ဆရာရဲဘော် မောင်တူးကိုကျေးဇူးတင်ပါတယ်
ကျွန်တော်ကိုဝေဖန် အကြံပေးလို့ရပါတယ်ဗျာ
လေးစားစွာဖြင့်
ထက်ဝေး
htet way
June 15, 2012 at 8:24 pm
အရီး ခင်ဗျား
ခုလို အားပေးတဲ့ အတွက် ဂုဏ်ယူမိပါတယ်
ဒီလို ရိုးသားတဲ့ တောသူတွေ ခုထိရှိနေမယ်လို့ လည်း ထင်မိပါတယ်။
ကျွန်တော်ကတော့ ကဗျာလေးကိုရော ကျေးလက်က အဖြစ်တွေကိုရော
ခံစားမိသလိုရေးမိတာပါ။
လေးစားပါတယ် အရီးခင်ဗျား
htet way
June 15, 2012 at 8:29 pm
ဆရာမ may flowers ခင်ဗျား
ကျွန်တော် နုစဉ်က ဖတ်ဖူးပြီး မှတ်သားဖူးတဲ့ ကဗျာတိုလေးကို အမှတ်ရမိပါတယ်
အညာရွာမှာ
ညာတာဝါတာမရှိ
အချစ်ကြီး ချစ်တတ်ပေမယ့် ညစ်တီး ညစ်ပတ်မရှိ
ပလက်ဖေါင်းပေါ်မှာ
အကွက်ချောင်းသူမရှိ…………….
ရေးသူကို ကျွန်တော်မေ့သွားတယ်ဗျာ မဂ္ဂဇင်း တစ်စောင်မှာပါတာပါ။
သို့သော် …ကျေးလက်က ရိုးသားပေမယ့် တခါတရံမှာ အညာခံရတာတွေရှိနေတတ်တာကို
ကဗျာကတဆင့် ဆင့်ပွားမိတာပါ။
ခုလို ဖတ်ရှု့ အားပေးတာ ကျေးဇူးပါလို့ ..။
ဦးဦးပါလေရာ
June 15, 2012 at 8:39 pm
ကိုထက်ဝေးတို့ဘက်က ကျေးလက်က အဖြူထည်လေး ရိုးရိုးရှင်းရှင်း ရှိနေသေးတာ ကျေနပ်စရာပါ..
ကျုပ်တို့ဘက်က ကျေးလက်ကတော့ မွှတ်မွှတ်ကို လည်နေပြီ..
ကိုယ်တောင် လိုက်မမီတော့ဘူး…… 😀
ကိုရင်စည်သူ
June 15, 2012 at 8:52 pm
သူစားချင်ရင် ခုချက်ချင်း
ပဲနီလေးပြုတ် မုန့်ဖက်ထုပ်
သူစားချင်ရင် ချက်ချင်း လုပ်
သူကြိုက်တယ်ဆို
ထန်းရည်ချို
မြူအိုးလိုက်ကိုပေးတယ်ရှင့်။
(အဲ့ဒီ အပိုဒ်လေး လုံးဝကြိုက်တယ်ဗျာ)
ကိုရင်တော့ ပိုက်ဆံလေးစုပြီး ကိုရင်ထက်ဝေတို့ အိမ်မဲကို
ချီတက်လာရမဲ့ပုံဖြစ်နေပီ..။
ညီမလေးတွေကို ပြောပေးပါ ရွာထဲမှာ
ကိုရင်ထက်လို ရုပ်ချောသဘောကောင်ပြီး ချစ်တတ်တဲ့
ကိုရင်လေးတစ်ယောက်ရှိတယ်လို့… 😳 😳
မောင်ပေ
June 15, 2012 at 9:06 pm
ကိုထက်ဝေးရေ
ကိုထက်ဝေး စာတွေဟာ ညီမလေးအတွက်တင်အသုံးဝင်တာမဟုတ်ပါဘူး ။ တက်သစ်စ တောင်လက်စုံကာစ လူငယ်အားလုံးအတွက် အကျိုးရှိစေပါတယ် ။ လေးစားပါတယ်ဗျား။
သားဦး၊မြေးဦး
June 15, 2012 at 9:46 pm
ဆရာထက်ရေ ပြင်ပလက်တွေ ့မှာခုလိုအဖြစ်မျိုးတွေရှိခဲ့မှာဘဲဗျာ။
စိတ်မကောင်းစရာ မိန်းမပျိုးလေးတွေရဲ ့ ရိုးသားမှုကို စော်ကားနေ
ပုံများဗျာ။
htet way
June 15, 2012 at 11:06 pm
ဆရာဦးဦးခင်ဗျား
လည်လည်ပတ်ပတ်တာတွေရှိသလို နုံ့အတာတွေရိုးတာတွေလည်း ကျွန်တော်တို့
ဘက်မှာရှိနေပါတယ်။
ကိုရင်ရေ … ခင်ဗျားလို ရုပ်ချော သဘောကောင်း ပညာတတ်တွေအတွက်တော့
ချစ်သူကြင်ဘက်မရှားပါဘူး။ ကျွန်တော်ကတော့ ခင်ဗျားလို နှလုံးသားဖြူသူအတွက်
ထိုက်တန်သူရှိနေမယ်လို့ ယုံကြည်နေပါတယ်။
ဆရာမောင်ပေ ခင်ဗျာ ခုလို ချီးကျူးတာ ဝမ်းသာမိပါတယ်ရေးရကျိုးလေးနပ်ရင်ကျေနပ်ပါတယ်
ဆရာ သားဦးမြေး၊ဦးခင်ဗျား
ပြင်ပတွေမှာရှိတာပေါ့ဆရာ။ကျွန်တော် တွေ့ခဲ့ဖူးတာတွေလည်းရှိနေပါတယ်
တကယ်တန်းကျေးလက်ကလူတွေ ဘဝက သနားစရာပါဗျာ။ ဖိနပ်မရှိလို့ ခြေပြောင်လျှောက်ရတဲ့ ကလေးမ အပျိုလေးတွေ … နောက် တကယ်ဖေါ်ရွေ တဲ့ လုံမပျိုတွေရှိပါတယ်။
ဆရာလည်းအေးချမ်းတဲ့ အချိန် အားခဲ့ရင် ကျွန်တော်ဆီ လာလည်ဖို့ ဖိတ်ပါတယ်။
အခုလို ကျွန်တော့်စာကို ဖတ်ရှု့ အားပေးကြတဲ့ အတွက် အထူးကျေးဇူးတင် လေးစားပါတယ် ဆရာတို့
PaLote Tote
June 16, 2012 at 9:51 am
ကိုထက်ဝေး
အချစ်ဆိုတာ မလေးနက်သူတွေ အတွက်ပျော် စရာ လေးနက်သူတွေ အတွက်တော့ ဝေဒနာပါ ကိုသဘောကျတယ် ။ အဲဒါမျိုးတွေက တောရွာမှာတင်မဟုတ်ပါဘူး။မြို့ပေါ်မှာတောင် ခေတ်ပညာတတ် မိန်းကလေးတွေကိုယ်တိုင်အလိမ်ခံရပါတယ် ။ ကျွန်မနဲ့ သိတဲ့မိန်းကလေးတစ်ယောက်ဆို ခေတ်မှီတဲ့ မိန်းကလေးပါ ။ ရန်ကုန်မှာ ကိုယ်ပိုင်အရည်အချင်းနဲ့ရိုးသားစွာရပ်တည်နေသူပါ ။ ချစ်သူကို အလေးအနက်ထားခဲ့တယ် ။ သူတို့ ၂၀၁၂ ဖေဖော်ဝါရိလကုန်မှာလက်ထပ်ဖို့အထိတောင်ဖြစ်ခဲ့တယ် ။ နှစ်ဘက် မိဘအသိုင်းအဝိုင်းလည်း သိပါတယ် ။ ကောင်မလေးကသူ့ချစ်သူကိုလည်း ယုံခဲ့တယ် ။ဒါပေမယ့်ကောင်လေးက လက်ထပ်ဖို့ငွေစုမယ်ဆိုပြီးထွက်သွားတယ်(လက်ရှိ မှာလည်း သင့်တင့်တဲ့ဝင်ငွေရှိပါတယ်) ။မကြာပါဘူး ကောင်မလေးကို သူ့မိသားစုနဲ့ အဆင်ပြေအောင် မနေလို့ဆိုပြီး အဆက်ဖြတ်လိုက်တယ် ။ ကောင်မလေးက သူပေးခဲ့တဲ့ကတိအတိုင်း လက်ထပ်မယ့်အချိန်အထိ စောင့်နေခဲ့တာ ။ အဲဒါမျိုးတွေတကယ်လက်တွေ့မှာရှိနေတာပါ ။ လူတိုင်း ကိုယ်ချင်းစာသောနှုတ်ခမ်းများနဲ့ စကားပြော ရင် အကောင်းဆုံးပါဘဲ ။
htet way
June 16, 2012 at 10:17 am
ဟုတ်ကဲ့ ဆရာမ
ကိုယ်ချင်းစာသောနုတ်ခမ်းများနဲ့ စကားပြောပါဆိုတဲ့ ခေါင်းစဉ်က
တခါက ကျွန်တော် ချစ်သူရဲ့ စကားပါ။ကျွန်တော်က ယူသုံးလိုက်တယ်ပေါ့ဆရာမရယ်
နာမည်ပြောင်းလိုက်ပေမယ့် လေသံကို ကျွန်တော်မှတ်မိပါတယ်
ဆရာမ ကျန်းမာပျော်ရွှင်ပါစေလို့ မေတ္တာပို့ပါတယ်။
လေးစားပါတယ်ဆရာမ။
cum min
June 16, 2012 at 10:22 am
လေးစားတယ်….နော်..နောက်တခါပစ်ရင်ကြည်ပစ်..ဗျ
silver hero
June 17, 2012 at 12:27 am
ဆရာထက်ဝေးရေးတဲ့စာတွေကညီမလေးဖတ်ဖို့တင်မဟုတ်ပါဘူး။
ညီလေးများအတွက်လည်းလေးနက်တဲ့တွေးခေါ်မှုတွေနဲ့စဉ်းစားစရာတွေရှိလာနိုင်တဲ့ပညာပေး
ဆန်တဲ့ဆောင်းပါးလေးပါ။
အခုလိုအတွေးအခေါ်ကောင်းလေးတွေနဲ့ရေးထားပေးတဲ့အတွက်လေးစားပါတယ်ဗျာ။
cum min ရေးထားတဲ့ comment ကဘာကိုဆိုလိုတာလဲမသိဘူး။
ဆရာထက်ဝေးရဲ့ဆောင်းပါးအတွက်ပေးထားတဲ့comment ကဝင်နောက်သလိုဖြစ်နေတယ်။
cum min ရေအပေါ်ကဆောင်းပါးလေးကိုသေချာပြန်ဖတ်ကြည့်သင့်တယ်လို့ထင်တယ်။
ကြောင်ကြီး
June 16, 2012 at 11:43 am
သူတပါးကို
မှိုချိုးမျှစ်ချိုး
ပြောဒတ်တဲ့
မင်းနှုတ်ခမ်းပါး
ငါမယုံနိုင်ခဲ့..
ချစ်တတ်လွန်းဒဲ့
ကြောင့်အသဲ
အစိတ်စိတ်
အမွှာမွှာကွဲခဲ့ရပေါ့
ကိုယ်ဂျင်းစာဒတ်စမ်းပါ
ကြေးမုံဂျီးရယ်…. 😥
pan pan
June 16, 2012 at 12:34 pm
အညာကျေးလက်ကလူတွေကတော့ ရိုးစင်းကြပါတယ်
အိမ်ဝိုင်းထဲမှာပဲ ဘိုးဘွားတည်းက မြေးမြစ်ထိနေကြတာများတယ်
တစ်အိမ်နဲ့တစ်အိမ် တစ်ရွာလုံး တစ်ယောက်အကြောင်းတစ်ယောက် သိကြပြီးသား
ဘာမှ ဟန်ဆောင်တာမရှိဘူး
ကိုထက်ဝေးစာထဲကတောသူလေးတော့ သနားပါတယ်
ကိုယ်ချင်းစာတဲ့စကားပြောသင့်တာက မြို့ပေါ်ကဆိုတဲ့ ဟိုအကောင် 😡
စိန်ဗိုက်ဗိုက်
June 16, 2012 at 1:56 pm
ဆရာထက် ပို ့စ်တွေ ဖတ်ရတာ လူတွေအကြောင်း အတော်လေး သိရပါကလားဗျာ..
နောက်ဆုံးတော့ ကျောင်းဒဂါပြောသလို
လောကကြီးက လောကကြီး ဆိုကလားပဲဗျာ…
ညလေး
June 16, 2012 at 2:08 pm
ဆရာထက်ဝေရှင်…..
မန်းဂေဇက်ရွှာထဲက..
ညမလေး (အညာမခံရလေအောင်) ဖတ်မှတ် သွားပါတယ်ရှင်….
mayjuly
June 16, 2012 at 3:03 pm
အချစ်ကို …
အချေးအငှားလုပ်မယ်ဆိုရင် …
အတိုးမပါပဲ ယူသွားနိုင်ပါတယ် ..
အမုန်းကိုတော့ ပြန်မဆပ်ပါနဲ့ ..
လွမ်းပြီး ကျန်ခဲ့မှာကို အားနာပေးပါ … 😀
အားပေးသွားပါတယ်ဗျာ ..
အရင့်ရောင်
June 16, 2012 at 3:14 pm
ထန်းရည်ချိုကို မြူအိုးလိုက်တော့မသောက်ချင်ပါဘူးနော်
ထန်ရည် အခါး ဆိုတော်သေးတယ်
အရင့်ရောင် လည်း ဖိတ်စာ ရိုက်ဖို့ တောပြန်မယ် ကိုထက်ရေ…………
အားပေးတွားပါဂျောင်း
htet way
June 16, 2012 at 6:32 pm
ညီလေး အရင့်ရောင်
ဖိတ်စာရိုက်ရန်တောသို့ပြန် မယ်ပေါ့
ကိုယ့်ညီလေးက တော့ ပြန်လာမယ့် လူဆိုတာ အကို သိနေပါတယ်
htet way
June 17, 2012 at 11:10 am
အပေါ်က အားပေးကြတဲ့ ဆရာ တွေ ဆရာမတွေ ကိုလေးစားပါတယ်။
ဆရာsilver hero ကိုလည်း လေးစားပါတယ်။ဆရာလေး cum min ရေ ပစ်တာခတ်တာတွေ မလုပ်တတ်ပါဘူးကွယ် ဖတ်ရှု့ပေးတာ ကျေးဇူးတင်ပါတယ်။
ဆရာကြောင်ကြီး ၊ညီမလေး ပန်ပန် ဆရာ စိန်ဗိုက်ဗိုက်၊ဆရာမ ညလေး၊ဆရာmayjuly ညီလေး ဆရာ အရင့်ရောင် တို့ ကိုလည်း အားပေး တာကျေးဇူးပါ။
ပို့စ်ကို နောက်ကနေရှေ့ပြန်ပို့ပေးတဲ့ သူကြီးကိုလည်း မေတ္တာပို့ပါတယ် ကျေးဇူးပါ သူကြီး မင်းခင်ဗျား
အမေရိကန်မှာ ထုတ်တဲ့ စာစောင်မှာလည်း တခါလောက်ပါချင်ပါတယ် သို့သော် ကိုယ်က သတင်းတို့ ခရီးသွားတို့ မရေးတတ်တော့ လည်း ကြိုးစားပါအုံးမယ် ခင်ဗျား။
ကိုပေါက်(မန္တလေး)
June 17, 2012 at 12:06 pm
ကိုထက်ဝေး
အားမငယ်နဲ့ သူကြီး က ခရီးသွားဆောင်းပါးမှ ထည့်တာမဟုတ်ဘူး။
သူတို့ကြိုက်ရင်ထည့်တယ်။
ကျနော်စာမူတုံးကလဲ ခရီးသွားဆောင်းပါး မဟုတ်ပါဘူး။
သူကြီးက ထည့်ပေးပါတယ်။
ကိုထက်ဝေးရေ
လက်တွေ့မှာတော့ တောနဲ့မြို့ အရင်လောက်မကွာခြားတော့ပါဘူး။
ဒါပေမယ့် သားကောင်လိုက်ပွဲကတော့ နေရာတကာမှာကျင်းပနေဆဲပါဘဲ။
ဒီလိုရေးပေးတော့ သားကောင်ဖြစ်နေရင်တောင် ရှောင်နိုင်တာပေါ့။
ahnyartamar
June 17, 2012 at 1:29 pm
ဟုတ်ပါတယ်ဆရာထက်ရေ…လောကလူတို့ကျင့်ရမယ့် လောကကျင့်ဝတ်တွေပါ။
Moe Z
June 17, 2012 at 1:39 pm
အားပေးသွားပါတယ် ဆရာထက်ရေ ..
အပေါ်မှာလေးပေါက်ပြောသလို အခုကတောနဲ့မြို့ဆိုပြီး ကွာဟမှုကသိပ်မရှိတော့ပါဘူး
တောသားလူလည်နဲ့ ခပ်တုံးတုံးမြို့သူဇာတ်လမ်းလေးတွေလည်းရှိပါ့ရှင်၊
အခုလိုရသမြောက်တဲ့ သတိပေးစာလေးကို အမျိုးကောင်းသမီးလေးတွေဖတ်မိပါစေ
ဆရာထက်လည်း ဒီထက်မက ရေးနိုင်ပါစေ…
htet way
June 17, 2012 at 3:58 pm
ဆရာကိုပေါက်(မန္တလေး)ခင်ဗျား
ခုလို အားပေးတာကျေးဇူးပါ ဆရာ
ကျွန်တော် ညီမလေး ဖတ်ဖို့ ဂေဇက် တင်ပြီးသားတွေကို မန္တ`လေး အလင်း ဂျာနယ်မှာ
ပြန်ပို့ ထားတာ အပတ်စဉ် ပါ တယ်ဆရာ။
ခင်ဗျားကိုဆရာကျော်ရင်မြင့် ရေးတဲ့ အင်တာနက် စာရေးဆရာ အကြောင်းပါတဲ့ မော်ဒန်ဂျာနယ်ကို
လည်း ကျွန်တော် ဝယ် သိမ်းထားပါတယ်။
ဆရာahnyartamar နဲ့ ဆရာမ မိုးဇက်ကိုလည်း အားပေးတာကျေးဇူးပါလို့ ။
များသော အားဖြင့်တော့ တောရယ် မြို့ရယ် မဟုတ်တော့ပါဘူး စရိုက်ပေါ် မှာ ကွာဟကြတာပါ
သို့သော် ကျေးလက် က လူ အများစုကတော့ ရိုးသား ကြတယ်လို့ ဆိုရမယ်လေ။
ဖတ်ရှု့ ဆွေးနွေးကြတာ ကို လေးစားပါတယ် ။
ခင်မင်မူဖြင့်
ထက်ဝေး
blackchaw
June 17, 2012 at 8:01 pm
ဆရာထက်ရေ။
ဝမ်းသာဂုဏ်ယူစွာနဲ့ ဝင်ဖတ်သွားပါတယ်ဗျာ။
ညီမလေးစီးရီးတွေ ရဲ့ ရည်ရွယ်ချက်ကို ကြိုက်တယ်။
စေတနာကို လေးစားတယ်။
တတ်နိုင်သလောက် ကိုယ်ချင်းစာစိတ် ထားပြီး
စကားတွေ ဆိုနိုင်အောင် ကြိုးစားပါမည် ဆရာထက်ရေ။
htet way
June 17, 2012 at 8:14 pm
ဆရာ ဘလက် ခင်ဗျား
ကြိုက်တယ် ဆိုလို့ ပီတိ ဖြစ်ရပါတယ်
ကျွန်တော်လည်း တတ်နိုင်သလောက် အားထုတ်ကြည့်တာပါ
အားတော့ နည်းပါသေးတယ် ကြိုးစားပါ့မယ်ဗျား
အခုလို သတိတရ ဝင်ဖတ်ပေးတဲ့ ဆရာ့ကို လေးစားပါတယ်။
မမ အညာသူ
June 18, 2012 at 9:44 am
အချစ်ကြောင့်ပျော်ရွင်စရာကောင်းတဲ့မိသားစုတွေရှီနေသလို……
အချစ်ကြောင့်ပဲဘဝတစ်ခုလုံးစုတ်ပြတ်သက်နေတဲ့လူတွေလဲရှိနေတယ်လေ……..
စာသားလေးကတကယ်ဖတ်လို.ကောင်းတယ်………..
ညာလဲအားပေးနေပါတယ်ရှင်……….
mocho
June 18, 2012 at 10:24 am
ဆရာထက် ရေ
ဆရာ့ ဆောင်းပါးလေးတွေ က ကျေးလက် တော ရွာ တင်မကဘူး မြို့ နေ မိန်း ကလေးတွေ အတွက်ပါ အသိပညာပေးတဲ့ အတွက် အတော် အကျိုး များပါတယ်။ ကျမ ကိုယ် တိုင် မိန်းကလေးဖြစ် ပေမယ့် မိန်းကလေးတွေရဲ့ ယောက်ျားလေးတွေ အပေါ် အယုံ လွယ်တဲ့၊ သနားတတ်တဲ့၊ ရှိူးတိုးရှန်းတန်းဖြစ်တတ်တဲ့ အကျင့် တွေ၊ ရှင်းရှင်းပြောရရင် စိတ်လှုပ်ရှားလွယ်တဲ့ စိတ်ဓါတ်မျိုး ကို လုံးဝသဘောမကျပါဘူး။ ပညာ တတ်တတ်၊ မတတ်တတ် မိန်းကလေး အချို့ က ချစ်မိပြီဆိုရင် ပစ်ယုံ လိုက်တတ် ကြပါတယ်။ ဒါကြောင့် ကိုယ့် ကို ချဉ်းကပ် လာတဲ့ လူတွေကို ရင်ခုန် မှုတခုတည်း နဲ့ မျက်စိမှတ် လက်ခံ လိုက် တာမျိုး မဖြစ်စေချင် ဘူး ။ပြောလာတဲ့ စကားတိုင်းကို ချင့်ချိန်ပြီးမှ ယုံ စေချင်တယ်။ မိန်းကလေးတွေကို လူကဲခတ် တတ်စေချင်တယ်။
ရွာထဲက လူပျို တွေ ကတော့ ကောင်းချီးပေးတော့ မှာပဲ။
etone
June 18, 2012 at 11:25 am
ဆိုတဲ့ စာပိုဒ်လေးက …. ခံစားချက်တွေကို စာစီလိုက်သလိုပါပဲ … ။ဖတ်ရသူကိုပါ ကူးစက်စေပါတယ် .. ။
ဆရာထက်ရေ ..စကားကို ပြီးစလွယ်ပြောတတ်သူတွေဟာ ကတိဆိုတာ စောင့်ထိန်းရမယ့် ဝတ္တရားမှန်း မသိကြတာများတယ် … ။ လေပဲတဲ့ … ဖမ်းထားလို့မှ မရတာ .. ပြောချင်တာ ပြောမယ်ဆိုတဲ့ လူတွေနဲ့လည်း ကြုံဖူးပါတယ် … ။ ကတိ ၊ သစ္စာ မတည်ကြည်သူတွေက …….. သူတပါးရဲ့ ကတိ၊သစ္စာကိုလည်း အလေးမထားတတ်ကြဘူး …… ။ ကြုံဖူးတယ် ……. ။ 🙄
htet way
June 18, 2012 at 11:58 am
ဆရာမ အညာသူခင်ဗျား
အားပေးတယ်ဆိုလို့ ဝမ်းသာရပါတယ်။ဟုတ်ပါတယ်ဗျာ အချစ်ကြောင့်ပဲ လူတွေ
မှာ ဒါဏ်ရာတွေရကြ ဆုတ်ယုတ်ကြ ပျက်စီးကြပျော်ရွှင် ငိုကြွေး
ကျွန်တော်ကတော့ ချစ်လွယ်မေ့လွယ် ရစ်လွယ် ပတ်လွယ်သူတွေကိုတော့ ……….။
ခုလို ဖတ်ရှု့အားပေးတာလေးစားပါတယ် ဆရာမ။
ဆရာမ mochoခင်ဗျား
ညီမလေး ဖတ်ဖို့ကို အစဉ် တစိုက်အားပေးနေတာ မို့ လေးစား ခင်မင်မိပါတယ်
အထက်မှာ ဆရာမ ပြောထားတာတွေ အမှန်တွေပါ ဂေဇက်က လူပျိုတွေ လည်း နားလည်
လက်ခံနိုင်မှာပါ ဆရာမ ။
ဆရာမ Etone ခင်ဗျား
ကိုယ်တွေ့လေးပါ မန့်ပြတာ ကို လေးစားရပါတယ်။ကတိဆိုတဲ့လေးနက်မူကို
ကျွန်တော်လည်း ကြိုးစား နေပါတယ် ဆရာမ။မပျက်ယွင်းအောင် အထူးသတိထားမိပါတယ်။
ပို့စ်ထဲက ကျူရှင်ဆရာလေးရဲ့ ကတိကိုလည်းလေးစား မိပါတယ်။ဆရာမ ခုလို ဆွေးနွှေးပြတာကို
ကျေးဇူးတင်ပါတယ်။
amatmin
June 18, 2012 at 12:36 pm
ဆရာထက်ရေ..
ကိုယ်ချင်းစာမှုကိုနားလည်.စာနာတတ်သူတယောက်ဖြစ်ဖို့..
မျှဝေပေးနေတဲ့ စာတွေကို လေးလေးစားစား အမြဲ ဖတ်ရှုနေပါတယ်ဗျ..
တခါတလေတော့ စကားတွေတန်ဆာဆင်ပြောနေရတာကို စိတ်ကုန်ပီး..
နှုတ်ပိတ် တိတ်တိတ်ပဲ နေလိုက်ချင်တယ်ဗျ..
စကားထဲကပြတဲ့ဇာတိကို တဖက်သားမြင်ရင်.
မညစ်နွမ်းဖို့ ကြိုးပမ်းရတာမလွယ်တဲ့အလုပ်ပါ ဆရာရယ်..
Aung
June 18, 2012 at 12:27 pm
ကျွန်တော်လည်း ဖတ်ပါတယ် အများကြီးကြိုက်ပါတယ်
သူများတွေ မန့်တာပါဖတ်ရပါတယ်
တူတာတွေ များနေလို့ တူတူပါဘဲ ခင်ဗျာ့
myanmarcitizen
June 18, 2012 at 12:32 pm
အရမ်းကောင်းတဲ့ကဗျာလေးပဲ ခုမှပဲဖတ်ဘူးတာပါ။ အကြိုက်ဆုံး စာသားကတော့
“သူကြိုက်တယ်ဆို
ထန်းရည်ချို
မြူအိုးလိုက်ကိုပေးတယ်ရှင့်။”
အဲ့စာသားအရမ်းခိုက်သွားတယ်။ 🙂
htet way
June 18, 2012 at 1:38 pm
ညီလေးဆရာ အမတ်မင်းရေ
စကားပြောဆိုတာပြောရင်းမှားတာထက် မပြောပဲနေတာ ပိုဆိုးတယ်လို့ ဆရာပီမိုးနှင်း
ရဲ့ စကားရှိသားလားကွာ
ညီလေး က သဘောမနောကောင်းပြီး ဖေါ်ရွေတာ အကိုလည်း သိသားပဲလေ။
တို့တွေ ကြားမှာ စည်းမလိုပါဘူး ပြောမှာသာပြောပါ ညီလေးတို့ ဝေဖန်အကြံ ပြုမှ
အကိုလည်း အားရှိမှာပါ။
ညီလေးကို အကိုက လေးစားခင်မင်ရှိရင်းစွဲမို့ အကို့ ပို့စ်ကို မဖတ်ရင် မမန့်ရင် တခုခု
လိုနေသလို ပါကွာ။
ဆရာအောင် နဲ့ ဆရာ မြန်မာစီတစင် တို့ကိုလည်း အခုလို ဖတ်ပေး မန့်ပေးတာ ကျေးဇူးတင်ပါတယ်။
mamanoyar
June 19, 2012 at 10:05 am
အားပေးပါတယ်နော်
htet way
June 19, 2012 at 11:09 am
ကျွန်တော် ့ စာတွေကို ဖတ်ပေးတဲ့ အတွက်ကျေးဇူးပါ မမနိုရာ။