သတင်းထောက်တစ်ဦး၏ ဒိုင်ယာရီ

အဇဋာJune 26, 20121min30912

သတင်းလောကနဲ့ နည်းနည်းအလှမ်းဝေးတဲ့ သူတွေက သတင်းထောက်တွေကို မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုရှိပါတယ်။

တစ်ခုခုဖြစ်တယ်ဆိုရင် ဘယ်လိုသိတာလဲ တဲ့။ ကိစ္စတော်တော်များများကို တကယ်လုပ်တဲ့သူတွေ၊ ခံရတဲ့သူတွေထက် သတင်းထောက်တွေက ပိုပြီးစောစောရောက်တတ်ကြတယ်၊ စောစောသိတတ်ကြတယ် တဲ့။ ဘယ်လိုလုပ်ပြီး အဲဒီလိုသိတာလဲ လို့မေးပါတယ်။

ပုံမှန်အတိုင်းဆိုရင်တော့ တော်တော်ဖြေရခက်တဲ့မေးခွန်းပါ။ ကျွန်တော့်ကို အဲဒီလိုလာမေးတိုင်း ကျွန်တော်ဖြေလိုက်ရင် ကိုးယိုးကားယားတွေချည်းပါပဲ။ ဒါပေမယ့် ကျွန်တော်နားလည်သလိုတော့ ပြန်ပြောပြလေ့ရှိပါတယ်။

ကျွန်တော်တို့ သတင်းထောက်တွေ ပွဲတစ်ပွဲ၊ ဒါမှ မဟုတ် လူသတ်မှုတစ်ခု၊ ဒါမှမဟုတ် ဆန္ဒပြမှုတစ်ခု ကို သတင်းယူဖို့ဆိုရင် သတင်းထောက်တော်တော်များများဟာ သိကြပြီးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆန္ဒပြမယ်၊ ဒါမှမဟုတ် ပွဲလုပ်မယ်ဆိုရင် နိုင်ငံရေးသမားတွေ၊ ကုမ္ပဏီတွေကနေ ကျွန်တော်တို့ကို ဖိတ်ပါတယ်။ လူသတ်မှုဆိုရင်လည်း သတင်းထောက်တော့ထားပါ။ သာမန်လူတွေတောင် သိနိုင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ရောက်သွားပြီဆိုပါစို့။ အဲဒီကနေစပြီး တစ်ယောက်က သတင်းတစ်ခုရှိတယ်ပြောမယ်။ နောက်တစ်ယောက်က တစ်ခုရှိတယ်ပြောမယ်နဲ့။ ပွဲတစ်ပွဲပြီးတဲ့အချိန်မှာ ကျွန်တော်တို့ သတင်းအစ သုံးခုလောက်ရသွားတတ်ကြပါတယ်။ ဆိုတော့ သတင်းမဖြစ်သေးခင်မှာကို ကျွန်တော်တို့မှာ သတင်းအစတွေရှိနေပါပြီ။ ဒါက ဖြစ်လာမယ့် သတင်း၊ ဖြစ်နိုင်တဲ့သတင်းကို ပြောတာပါ။

နောက်တစ်ခုက မမျှော်လင့်ထားတဲ့ကိစ္စရပ်တွေ ဖြစ်လာတယ်ဆိုရင်ပေါ့။ ဥပမာ မီးလောင်တာတို့၊ တိတ်တဆိတ်လူသတ်သွားတာတို့ဆိုရင် ကျွန်တော်တို့သတင်းသမားတွေက တစ်ဦးသိတာနဲ့ တစ်ဦးသိနိုင်ဖို့ မခဲယဉ်းတော့ပါဘူး။ အဲဒီလိုနဲ့ ကျွန်တော်တို့ သတင်းအစတွေကို လိုက်ကြရပါတယ်။(ချွင်းချက်အနေနဲ့ ပြောစရာတွေကတော့ အများကြီးပေါ့ဗျာ)။

နောက်ပြီးတော့ ပေးသတင်း၊ လိုက်သတင်း၊ ထုတ်နှုတ်သတင်းဆိုတာတွေလည်းရှိသေးတယ်ဗျ။ ပေးသတင်းဆိုတာတော့ အဖွဲ့အစည်းတစ်ခုခု၊ လူတစ်ဦးတစ်ယောက်က သတင်းထောက်ကို ယူစေချင်တဲ့၊ သူတို့သတင်းကို ရေးပေးစေချင်တဲ့ သတင်းမျိုး။ လိုက်သတင်းကတော့ အထက်က အကြောင်းအရာတွေလိုမျိုး၊ ထုတ်နှုတ်သတင်းက ကြေငြာချက်၊ သတင်းစာ၊ ဟောပြောချက်၊ အစည်းအဝေးပွဲတွေကနေ သတင်းဖြစ်နိုင်ခြေရှိတဲ့ အကြောင်းတွေကို ထုတ်ရေးရတာ။ နောက်တစ်ခုရှိသေးတယ်ဗျ။ ခုနောက်ပိုင်းမှ ပေါ်လာတာပါ။ “ကုတ်(Quote) ပေါင်းချုပ်” တဲ့။ သတင်းဆောင်းပါးတွေ ရေးတဲ့နေရာမှာ ခပ်ပျင်းပျင်းရှိတဲ့သတင်းထောက်က ပြောစကားတွေနဲ့ချည်း ရေးထားတဲ့ သတင်း ဒါမှမဟုတ် သတင်းဆောင်းပါးကို ကျွန်တော်တို့ သတင်းထောက်တွေ အချင်းချင်း “ကုတ်(Quote)ပေါင်းချုပ်” လို့ စနောက်ကြတယ်။

ကျွန်တော် မှတ်မှတ်ရရ စစ်တပ်က လယ်သိမ်းတာခံရတဲ့ လယ်သမားတွေက မီဒီယာနဲ့တွေ့ချင်တယ်ဆိုပြီး အင်န်အယ်ဒီပါတီဝင်တစ်ယောက်ရဲ့ ပေးသတင်းတစ်ပုဒ်လိုက်ဖူးတယ်ဗျ။

စကားစပ်မိလို့ပြောရဦးမယ်။ ဒီလောကမှာတော့ အဲဒီလိုတွေအများကြီးပဲဗျ။ ဘယ်ပါတီက ဘယ်သူက ဘယ်ကိစ္စကို ဖိတ်ပြန်ပြီ၊ ဘယ်ပါတီက ဘယ်သူက မီဒီယာတွေကို တွေ့ပြန်ပြီနဲ့။ အဲဒီသူတွေကို ကြည့်လိုက်ရင် သူတို့ ပါတီထဲမှာ၊ ဒါမှ မဟုတ်အဖွဲ့အစည်းထဲမှာ နေရာ မရတဲ့သူတွေများပါတယ်။ သူတို့က ဒီလို(သူတို့အခေါ်-လူမှုရေး) အလုပ်တွေကို သူတို့ ကိုယ်ပိုင်ပိုက်ဆံနဲ့ လုပ်နေကြတာများပါတယ်။ သူတို့အထောက်အပံ့ဘယ်လိုယူသလဲတော့ မသိရပါဘူး။ လယ်သိမ်းတဲ့ကိစ္စတွေ၊ စက်ရုံအလုပ်သမားတွေ ဆန္ဒပြတဲ့ ကိစ္စတွေ ခုနောက်ပိုင်းတော်တော်ဖြစ်လာတော့ သူတို့နဲ့ ကျွန်တော်တို့ သတင်းထောက်တွေ အမြဲတမ်းအဆက်အဆံရှိပါတယ်။

ဆက်ပါဦးမယ်။ အဲဒီစစ်တပ်က လယ်သိမ်းတဲ့ကိစ္စကို သွားဖို့ အဲဒီပါတီက လူတစ်ယောက်က သတင်းထောက်တွေကို ၃၈ လမ်းက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ စုရပ်လုပ်ဖို့ချိန်းပါတယ်။ မနက် ၉ နာရီတဲ့။ ဒါက ထုံးစံတစ်ခုပါ။ ဂျာနယ်တိုက်တော်တော်များများကို ပါချင်တယ်ဆိုရင် သူတို့(သတင်းရင်းမြစ်) တွေက အဲဒီလိုစုရပ်လုပ်ပြီး ကားတစ်စီးငှားပြီး အားလုံးကို သတင်းဖြစ်နေတဲ့ နေရာ(သူတို့အတွက်-ပြဿနာဖြစ်နေတဲ့နေရာ) ကို ခေါ်သွားပါတယ်။

အဲဒီနေ့က တော်တော်ကို ပျော်စရာကောင်းပါတယ်။ ဂျာနယ်တိုက် တွေအများကြီးပါလာပါတယ်။ Venus, Farmers(ဂျာနယ်သစ်), Popular News, True News, 7Day, The Voice, ဧရာဝတီ(Online Media), DVB စသဖြင့် ဂျာနယ်လစ်အယောက် ၂ဝ လောက်ပါလာပါတယ်။ သတင်းထောက်တွေ တစ်စုတစ်ဝေးတည်း တစ်နေရာကို သွားဖို့ဆိုတာ စိတ်တောင်မကူးရဲတဲ့ကိစ္စပါ။ အဲဒီလို စုပေါင်းပြီး သွားကြပြီဆိုရင် အင်မတန်ပျော်ကြပါတယ်။

“ဟေ့ကောင် ဟိုအပတ်က မျက်နှာဖုံးက သတင်းက အမှားကြီး။ မင်းတို့အယ်ဒီတာက လူညစ်။ ဘာ…စာမူခက တစ်ပုဒ် ၁၅၀ဝ ဟုတ်လား”

အဲဒီလိုမျိုးတစ်ယောက်ရဲ့ဂျာနယ်အကြောင်းတစ်ယောက်ပြောလိုက်နဲ့၊ စလိုက်၊ နောက်လိုက်နဲ့ ကျွန်တော်တို့ သတင်းယူရမယ့်နေရာ၊ သန်လျင် တစ်ဖက်ကမ်းက ရွာကလေးတစ်ရွာကို ရောက်လာပါတော့တယ်။

အဲဒီရွာကလေးမှာ လယ်ဧက ၂၀၀ဝ ကျော်လောက်ကို ရေတပ်က ဗိုလ်မှုးကို နှစ်စဉ်ကြေးပေးရတယ်။ ခုသူတို့က နှစ်စဉ်ကြေးကို မပေးနိုင်တော့ဘူး။ နွားတွေ၊ လယ်တွေရောင်းပြီး နှစ်စဉ်ကြေးပေးရလို့လည်း ကုန်ပြီ။ ခုလည်း သူတို့လယ်တွေကို သိမ်းမယ်ဆိုလို့ အဲဒါနဲ့ သူတို့ခံစားချက်တွေကို မီဒီယာကို ဖွင့်ချချင်တယ်ဆိုတဲ့သဘော။ အဲဒါနဲ့ လယ်သမားတွေတွေကို သတင်းထောက်တွေက အင်တာဗျူးကြ၊ ဓါတ်ပုံရိုက်တဲ့သူက ရိုက်၊ မူဗီ ရိုက်တဲ့သူက ရိုက်နဲ့။

ဒါနဲ့ အဲဒီမှာ တစ်ခုက ကျွန်တော်တို့က သတင်းတစ်ခုတော့ရပြီ ခံရတဲ့သူတွေကိုလည်း မေးပြီးသွားပြီ။ ဒါပေမယ့် လုပ်တဲ့သူဘက်ကိုမေးရပါဦးမယ်။ အဲဒါနဲ့ လယ်သမားတွေပြောတဲ့အထဲမှာပါတဲ့၊ သူတို့နဲ့ အဓိကအဆက်အဆံရှိတဲ့ ရေတပ်က ဗိုလ်ကြီး ကို ကျွန်တော်တို့ သွားတွေ့ရပါတော့မယ်။ လယ်သမားတွေက ခံစားချက်နဲ့ပြောတာဆိုတော့ ကျွန်တော်တို့ကလည်း သူတို့ဘက်က မှန်တယ်ဆိုရင်တောင် သူတို့ပြောတာကိုလည်း သက်သေပြရာရောက်အောင်၊ စစ်ဆေးနိုင်အောင်၊ ဟိုဘက်က လူရဲ့ အသံ(အသံသက်သေ) ပါအောင် ထည့်ကြရမှာဆိုတော့ အဲဒီရွာကလေးနဲ့ မနီးမဝေးရှိတဲ့ ရေတပ်က ဗိုလ်ကြီး ဆိုသူဆီကို သူတင်းထောက် အယောက် ၂ဝ လောက်ချီတက်သွားကြပါတော့တယ်။

တပ်အဝင်ဝမှာတင် ဂိတ်စောင့် စစ်သားတစ်ယောက်က ဝင်ခွင့်မပြုနိုင်ဘူးတဲ့။ ဟာသွားပြီပေါ့။ ကျွန်တော်တို့နောက်မှာ လယ်သမားတွေရော၊ ပါတီဝင်တွေပါ ပါလာတယ်။ ကျွန်တော်တို့ဘယ်လိုလုပ်မလဲ။ ဒါနဲ့ ဂိတ်စောင့်ကိုပြောရတယ်။ ဟုတ်ပြီ ကျွန်တော်တို့က သတင်းထောက်တွေပါ။ ဒီက လယ်သမားတွေက ဒီလိုပြောတယ်။ အဲဒါကို ဟုတ်သလားမဟုတ်ဘူးလား ကျွန်တော်တို့က မေးချင်လို့။ တကယ်လို့ အတွေ့မခံဘူးဆိုရင် ရတယ်။ ကျွန်တော်တို့က လယ်သမားတွေရဲ့ အသံ၊ လယ်သမားတွေရဲ့ သက်သေတွေနဲ့ ရေးပစ်လိုက်မှာလို့ဝိုင်းပြောကြတယ်။

နောက်တော့ အဲဒီဂိတ်စောင့်က C.O အဆင့်ရှိတဲ့ ဗိုလ်တစ်ယောက်ကို သွားခေါ်ပေးပါတယ်။ အဲဒီလူက ပြောတယ်။ သူဒီကိစ္စကို မပြောနိုင်ပါဘူးတဲ့။ သူ့အထက် G2 လာမှပဲ ပြောနိုင်ပါမယ်တဲ့။ ကျွန်တော်တို့ကို တပ်ထဲလည်းပေးမဝင်ဘူး၊ သူတို့တပ်ရဲ့ အပြင်ဘက် လယ်ကွင်းစပ်နားမှာပဲ စောင့်ကြရပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ သတင်းထောက်တစ်ဖွဲ့လုံး တပ်ရှေ့က အုတ်ခုံတွေပေါ်မှာ ထိုင်၊ စကားပြောတဲ့သူကပြော၊ C.O ဗိုလ်ကြီးကို ဝိုင်းပြီး ကျပ်တဲ့သူက ကျပ်နဲ့။ G2 ကိုစောင့်ကြရပါတော့တယ်။ အဲဒီ C.O ကပြောပါတယ်။ နောက်နေ့မှလာတဲ့။ ကျွန်တော်တို့က ဖောင်ပိတ်ရက်နဲ့ ချိန်ပြီးလုပ်ကြရတာဆိုတော့ နောက်ရက်ကို မလာနိုင်ဘူး၊ နောက်ပြီး ဒီနေရာက လာရတာ အင်မတန်ဝေးတယ်။ တစ်စုတစ်ဝေးထဲလာမှလည်း စိတ်ချရတယ်လေ။

အဲဒါနဲ့ ထိုင်စောင့်ကြရပါတော့တယ်။ ပြဿနာက အဲဒီမှာ စပါတော့တယ်။ ကျွန်တော် အိမ်သာ(Toilet) သွားချင်လာပါတယ်။ ကိစ္စက ထိပ်ဝမှာ အကြီးအကျယ်ဖြစ်လာပါတယ်။ ဘေးနားမှာကလည်း သတင်းထောက်တွေ အပြည့်၊ ရှေ့တည့်တည့်မှာ စစ်သားအယောက် ၁ဝ ယောက်လောက်ကလည်း သတိအနေအထားနဲ့။ C.O ဆိုတဲ့သူကလည်း ခပ်မာမာ။ ဒုက္ခရောက်ပါတော့တယ်။

၅ မိနစ်လောက်အောင့်ခံပါသေးတယ်။ ဘယ်လိုမှ မရတာနဲ့ အဲဒီ C.O ဆိုတဲ့သူကိုပဲ အကူအညီတောင်းရပါတော့တယ်။ ဗိုလ်ကြီး ကျွန်တော်နောက်ဖေးသွားချင်လို့ လို့ ပြောလိုက်ပါတယ်။ အဲဒီဗိုလ်မှုးတော်တော် ခေါင်းစားသွားပါတယ်။ တပ်အဝမှာလည်း စစ်သားတွေက အခြေအနေကြည့်နေတယ်။ နောက်ဆုံးဗိုလ်ကြီးက ပြောပါတယ်။ ရပါတယ် တဲ့…ဟေ့ကောင်လေး သူ့ကို အိမ်သာလိုက်ပို့ပေးလိုက်ပါတဲ့။ တစ်ခြား ဘော်ဒါသတင်းထောက်တွေကတော့ ဟေ့ကောင်တဲ့ မင်းကို အိမ်သာတက်နေတုန်းသော့ခတ်ထားရင် ဘယ်လိုလုပ်မလဲတဲ့။ အဲဒါနဲ့ ကျွန်တော်လည်း ကြောက်ကြောက်လန့်လန့်နဲ့ တပ်ထဲကို အီးပါဖို့ ဝင်သွားပါလေရော။ ကျွန်တော့်ဘေးက ၂ ရစ်ရယ်၊ တစ်ပွင့်ရယ်၊ စစ်သားနှစ်ယောက်ပါလာတယ်။ အဲဒီအချိန်မှာ ကျွန်တော်က သူတို့တပ်မြေထဲမှာ လမ်းတစ်ဝက်လောက်ကျိုးနေပြီ။ နောက်ကို ပြန်လှည့်ကြည့်လိုက်တယ်။ အခြေအနေမကောင်းရင်တော့ ပြေးမယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အပြင်က သတင်းထောက်တွေကလည်း စိုးရိမ်စိတ်နဲ့ ကြည့်နေကြတယ်(ဘာဖြစ်လို့လဲတော့မသိဘူး)။ တပ်ထဲကို ဘယ်သူမှ မဝင်ရဘဲ ကျွန်တော်တစ်ယောက်တည်း ဝင်သွားလို့ပဲလားတော့မသိဘူး။ လမ်းတစ်လျှောက်လုံးမှာရှိတဲ့ စစ်သားတွေကလည်း စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။ လမ်းကလည်းတော်တော်ရှည်တယ်။ တပ်ထဲမှာ အီးတစ်ခါပါဖို့ မလွယ်ပါလားလို့တောင်တွေးမိလိုက်သေးတယ်။

အဲဒါနဲ့ အိမ်သာကို လှမ်းမြင်ရတဲ့အနေအထားကို ရောက်လာတယ်။ အိမ်သာနားမှာရှိတဲ့ စစ်သားတစ်ယောက်က ကျွန်တော့်ဘေးက ၂ ရစ်နဲ့ တစ်ပွင့်ကို လှမ်းမေးတယ် ဘာလဲကွတဲ့။ ဘေးက နှစ်ယောက်ကပြန်ပြောတယ်။ C.O လွှတ်လိုက်တာတဲ့။ အဲဒါနဲ့ ကျွန်တော်လည်း အိမ်သာထဲ ရှောရှောရှုရှု ရောက်သွားပါလေရော။ အရေးထဲမှာ အိမ်သာတစ်လုံးက ရေမရှိလို့ နောက်တစ်လုံး ပြောင်းတက်လိုက်ရသေးတယ်။

အိမ်သာခွက်မှာ ထိုင်မယ်ကြံကာရှိသေး အပြင်က အသံတစ်ခုကြားရတယ်။ ညီလေး အဆင်ပြေလားတဲ့။ ဟုတ်ကဲ့ လို့ပြန်ပြောလိုက်တယ်။ နောက်တစ်ခါ နောက်တစ်သံထပ်ထွက်လာတယ်။ ညီလေး ရေရှိလားတဲ့။ ဟုတ်ကဲ့လို့ ပြန်ပြောလိုက်တယ်။ နောက်တစ်ခါ ညီလေး လိုတာရှိပြောနော်တဲ့။ အစ်ကိုတို့အပြင်မှာ အဆင်သင့်ပဲတဲ့။ ညီလေး ဘာလိုသေးလဲ တဲ့။ ကျွန်တော် ဘယ်လိုမှ ကိစ္စကို မရှင်းနိုင်တော့ဘူး။ အပြင်ကနေ တစ်ခုပြီးတစ်ခု လှမ်းမေးနေတယ်။ ထပ်မေးပြန်တယ် ညီလေး ဘာလိုသေးလဲ တဲ့။

အရေးကြီးတဲ့ အပိုင်းကို အဓိကဖြေရှင်းပြီးတော့ အထဲမှာ ဘယ်လိုမှ မနေနိုင်တော့လို့ အပြင်ပြန်ထွက်လာလိုက်ရတော့တယ်။

မေးသေးတယ်။ ညီလေး အားလုံး OK လားတဲ့။ ဟုတ်ကဲ့။

ဘယ်လိုမှ မကြုံစဖူး စစ်တပ်ရဲ့အစောင့်အရှောက်နဲ့ အီးပါဖူးတာ တော်တော်အီစိမ့်သွားပါတယ်။

တပ်အပြင်ရောက်တော့ ကျွန်တော့်သူငယ်ချင်း သတင်းထောက်ဘော်ဒါတွေရဲ့ သက်ပြင်းချသံတွေကြားရတယ်။

ဟူး…မင်းပြန်ထွက်လာသေးတာကိုးတဲ့။

အဲဒီနေ့ က G2 ဆိုတဲ့သူလည်းရောက်မလာဘဲ ကျွန်တော်တို့သတင်းထောက်တွေသာ သတင်းရှုထောင့် ဘယ်လိုရေးမလဲစဉ်းစားကြရင်း ကိုယ့်အိမ်ကိုယ် ပြန်လာခဲ့ရတော့တယ်။ အဲဒီလို တစ်နေကုန်သတင်းလိုက်ရင်း သတင်းရေးစရာ လောက်လောက်လားလား အထောက်အထားမရတဲ့ ရက်တွေလည်း အများကြီးပါပဲဗျာ။

(ဆက်လက်ရေးသားပါဦးမည်)

12 comments

  • မောင်ပေ

    June 26, 2012 at 8:19 pm

    ဆက်လက်ဖတ်ရှုပါမယ် ဗျို ့။ ကိုမြတ်ကျော်သူ ့ဇါတ်လမ်းမျိုး မဖတ်ဖူးသေးဘူး ။ ဦးသောင်း တို ့ခေတ်က ဦးသောင်း သတင်းထောက်လုပ်ခဲ့တဲ့ပုံကိုတော့ ဖတ်ဖူးတယ်။

  • Mလုလင်

    June 26, 2012 at 8:44 pm

    အဲ့လို ဘဝ မျိုးကို စာနာ ကိုယ်ချင်းစာ ပါတယ်။ ပိုစ့်ပိုင်ရှင်ရေ …. အပိုင်း အပိုင်း နဲ့ ခပ်မြန်မြန် ဆက် စေချင်ပါတယ်။

  • ster

    June 26, 2012 at 8:47 pm

    ဗဟုသုတ ရပါတယ် ကိုမြတ်ကျော်သူရေ။ အားပေးနေပါတယ်။

  • mocho

    June 27, 2012 at 9:15 am

    ဒီလို ကင်မရာ နောက် ကွယ် က အကြောင်း အရာ တွေ ကို ပိုစိတ်ဝင်စားမိပါတယ်။ ကျမ တို့ နိုင် ငံမှာ သတင်းထောက် တယောက် ရဲ့ ဘဝ က ထောင်နှုတ်ခမ်း နင်းလျှောက်ရသလိုပဲ။ ဆက်လက် ဝေမျှမယ့် အတွေ အကြုံ တွေ ကို စောင့် မျှော်နေပါ့ မယ်။

  • ဖိုးထောင်

    June 27, 2012 at 11:52 am

    ညီလေး အဆင်ပြေလား ရေရှိလား ဟာ အိမ်သာတံခါးကြီးပိတ်လိုက်ဦးဟ

  • lynn lynn

    June 27, 2012 at 1:37 pm

    ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။ နောက်ရေးမယ့်ပို့စ်တွေကို စောင့်မျှော်နေပါတယ်။

  • awra-cho

    June 27, 2012 at 2:48 pm

    သတင်းထောက် အလုပ်ကို အရမ်းစိတ်ဝင်စားတာပါ၊ အလုပ်ကတခြား ဆိုတော့ စိတ်လျှော့ထားတယ်။ ဒါပေမယ့် သွားလေရာ ကင်မရာယူသွားတယ်။ အခုတော့ ကိုယ်တိုင် သတင်းမဖြစ်အောင် နေ နေ တယ်၊ အသက် ကြီးရင် (အခုတောင် အတော်ကြီးနေပါပြီ) စာရေးမယ်စိတ်ကူးတယ်၊ အခုတော့ ထုချေလွှာ ရေးရင်း စာရေးကျင့်နေတယ်၊ အားကျလျက် ရှိကြောင်းပါ ဗျာ၊

  • pooch

    June 27, 2012 at 3:04 pm

    အဲ့ဒီလို သတင်းလိုက်ရတဲ့နေရာမျိုးဆိုရင်တော့ အုပ်စုလိုက်သွားတာ စိတ်အချရဆုံးပဲ ထင်ပါတယ်။ မဟုတ်ရင် ဘာဖြစ်မလဲ မသိနိုင်ဘူး။
    အရေးထဲကျမှ အရာကပေါ် ။ ဒါမျိုးကလည်း အရေးကြီးပြီလား ဆို ဖြစ်တတ်တယ်။ ကြုံဖူးသွားတာပေါ့။ 😀
    စိတ်ဝင်စားပါတယ် ။ ဆက်ပါအုန်း။

  • manawphyulay

    June 27, 2012 at 3:23 pm

    မိုက်ဒလယ် သတင်းထောက်တွေကို စစ်တပ်က ခုလို ပြုစုဂရုစိုက်တာ သေချာသိတော့တယ်။

  • မွန်မွန်

    June 27, 2012 at 4:03 pm

    စိတ်ဝင်စားစရာကောင်းတဲ့ သတင်းထောက်ဘဝကို ဖတ်ရတာ ကျေးဇူးတင်ပါတယ် ကိုမြတ်ကျော်သူရေ…
    ခေါင်းစဉ်ကို နံပါတ်လေးတွေ တပ်ပေးရင် ပိုကောင်းမယ်ထင်တယ်နော်…ရှေ့က ပို့စ်နဲ့ ရောမှာစိုးလို့ပါ…

  • mamanoyar

    June 27, 2012 at 4:12 pm

    အင်း ဘယ်ဆိုးလို့လဲဗျ
    အစောင့်နဲ့တောင် အီးပါရတယ်ဆိုတော့
    နည်းတဲ့အဆင့်မဟုတ်ဘူး ဟီးးးးးးးးးးးးးး

Leave a Reply