ထူးဆန်းသောငယ်သူငယ်ချင်း…Friend..

ကျုပ်ဒီနေ့ ရွာသူားတစ်ချို့နဲ့ ရွာ့အလှူကိစ္စ အတွက်ချိန်းတဲ့နေရာလေးကိုသွားပီး
ပျော်ရွှင်စွာဆုံတွေ့ခဲ့ရပါတယ်…အလှူငွေလည်းပေးရင်းပေါ့..
သူတို့နဲ့လမ်းခွဲခဲ့ပီး..အိမ်ပြန်ရောက်တော့…ဆိုက်ဆိုက်မြိုက်မြိုက်ဗျာ…
အိမ်မှာ ကျွန်တော့ငယ်သူငယ်ချင်းတစ်ယောက်စောင့်နေတယ်…
သူနဲ့မတွေ့တာ နှစ်သုံးဆယ်လောက်ရှိရောပေါ့..သူ့ကို ကျုပ်မိန်းမကမသိဘူး..
ကျုပ်နဲ့ချိန်းထားလို့ဆိုလို့သာ လက်ခံထားရတာ..သူ့ပုံကသိပ်မူမမှန်တော့
မျက်ခြေမပြတ်အကဲခတ်ပီး ကျုပ်အလာကိုစောင့်နေခဲ့တာတဲ့လေ…
ကျုပ်ကိုတွေ့တာနဲ့ သူက..“ဟေ့ ကြီးမိုက်…အောင်မာ..မင်းကလူကြီးလူကောင်းစတိုင်နဲ့
လုပ်မနေပါနဲ့ကွာ…တစ်ကယ်တော့ဘာမှမဟုတ်ပါဘူးကွ..”
“ဟာ…သူငယ်ချင်း ခရစ္စနား ..မင်းဘယ်လိုပုံစံတွေဖြစ်နေတာလဲကွာ…”
ဟုတ်လည်းဟုတ်ပါတယ်…သူ့ပုံစံက အရူးကြီးတစ်ယောက်လိုပါဘဲ…
မုတ်ဆိတ်ကြင်စွယ်တွေအရှည်ကြီးနဲ့…ဝတ်ထားတာကလည်း..ပိတ်အင်းကျီ အဖြူပွပွ
(အဖြူဆိုပေမဲ့ ညစ်ထေးထေးဖြစ်နေပါဘီ)..
ဘောင်းဘီအဖြူပွပွ…လွယ်အိပ်ဖေါင်းဖေါင်းတစ်လုံးလွယ်လို့…လွယ်အိပ်ကိုလည်းရင်ဘတ်မှာတင်းတင်းပိုက်ထားတယ်…ဒီကောင်ဘယ်လိုဖြစ်သွားပါလိမ့်လို့…အံ့ဩသွားမိတယ်…
ဒီကောင်က တရုတ်လိုအသားဖြူတဲ့ကောင်…အခုတော့ နေလောင်ပီး ညစ်ထေးနေတော့
အသားရောင်ကညိုညစ်ညစ်ဖြစ်နေတယ်…ဒါပေမဲ့ မျက်လုံးတွေကတော့ ရွှန်းလဲ့ပီး တောက်ပြောင် ဝင်းလက်နေတယ်..
ပြောပြရအုံးမယ်…ကျုပ်မန္တလေး တံခွန်တိုင်မှာနေတုံးက သူကကျုပ်နဲ့ဘဝတူဘော်ဒါကြီးပေါ့..
ကျုပ်က ဆိတ်ကျောင်း…သူကနွားကျောင်းနဲ့..နှစ်ယောက်သား ခင်ခဲ့ကြတာ…သူကဂေါ်ရခါး
လူမျိုးတစ်ဦးပါ..ခရစ္စနားဗဟာဒူးတဲ့…ဆယ်တန်းကျပီးကျောင်းထွက်ထားတာ ကျုပ်လိုဘဲ…
ဒီလိုနဲ့ ကျုပ်တို့နေတဲ့ တပ်ထဲမှာ အလုပ်ပေါ်လာပါလေရော…တပ်မတော်ဦးထုပ်တံဆိပ်
လုပ်ငန်းပါ..တပ်မိသားစုတွေဦးစားပေးခန့်တော့ ..သူရယ်ကျုပ်ရယ်အတူအလုပ်ရကြပါလေရော..
သူ့အဖေကလည်း တပ်ထဲက တပ်ကြပ်ကြီးတစ်ယောက်ပါ..
သူလည်း ဆယ်တန်း ၂ နှစ်ကျ ..ကြီးမိုက်နဲ့ဘဝတူဆိုတော့ တော်တော်ခင်သွားကြပါတယ်..
သူလည်းဆယ်တန်းကို လက်မလျှော့တန်းဖြေဘို့ ကြိုးစားနေတာသိရတယ်…
ဒါပေမဲ့ သူ့မှာက ညီကိုမောင်နှမ လေးယောက်ဘဲ ရှိတဲ့အပြင်..အိမ်မှာ နွားတွေမွေးပီး
အဆင်ပြေနေတော့…အလုပ်ကပြန်ရင် အင်္ဂလိပ်စာကျူရှင်တက်တယ် ဘီအမ်ဘာမား
ဆိုတဲ့ နာမည်ကြီး အင်္ဂလိပ်ဆရာတစ်ယောက် သင်တဲ့ဆီမှာပေါ့…စကားစပ်မိကြရင်း
ကျုပ်လည်းအင်္ဂလိပ်စာညံ့လို့ ဆယ်တန်းမအောင်တာ လို့ထင်တဲ့အကြောင်းပြောတော့
သူက..မင်းလည်းလိုက်တက်ပါလားကွ..တဲ့
ငါမတက်နိုင်ပါဘူးကွာ..ငါရှာသမျှ ပိုက်ဆံ အိမ်အကုန်ပေးတာတောင် အိမ်မှာ..
သိပ်အဆင်မပြေပါဘူကွာလို့ပြောတော့..ခက်လိုက်တာကြီးမိုက်ရာ..ပိုက်ဆံမလိုပါဘူးကွ
ငါနဲ့အတူ အသာရောပီးလိုက်ထိုင်ပေါ့…မင်းတစ်ယောက်ဝင်နားထောင်လို့လည်း
ဆရာပိုမပင်ပန်းပါဘူးကွာ..တဲ့။ ဒါပေမဲ့ မြို့ထဲသွားဘို့ကကော..ဆိုတော့..ဟ..ငါ့စက်ဘီး
နဲ့လိုက်ပေါ့ကွ တဲ့…
ကျွန်တော်စဉ်းစားခဲ့ပါတယ်..ကျွန်တော်ကျူရှင်ခိုးတက်ရမှာလိပ်ပြာမလုံဖြစ်နေတယ်..
တစ်ဖက်ကလည်း ဒီအင်္ဂလိပ်စာကျူရှင်သာတက်ရရင် ၁ဝတန်းကိုအောင်မယ်လို့ယုံ
ကြည်နေမိတယ်….ဒါနဲ့ဘဲ သူ့ကိုကျုပ်တစ်ခုတောင်းဆိုခဲ့ပါတယ်…
“မင်းစက်ဘီးနဲ့ ငါက နေ့တိုင်း လိုက်ရမှာဆိုတော့…အသွားအပြန် ငါနင်းပါရစေ..”
ဒီကောင်က ကျုပ်ကို တက်စေချင်နေတော့ သဘောတူပြီး ..တစ်နေကုန်အလုပ်အတူလုပ်..
အလုပ်ကပြန် ရေမိုးချိုးပီးရင် ဒီကောင်က စက်ဘီးနဲ့ရောက်လာ နှစ်ယောက်သား
၄မိုင်လောက်ဝေးတဲ့ မန်းလေးမြို့ ထဲကျူရှင်သွားတက်…ည ရနာရီကျော်လောက်ပြန်
ရောက်…ကျုပ်လည်းအိမ်မပြန်တော့ဘဲ သူ့အိမ်တန်းလိုက်သွား…သူ့အိမ်ကျမှ ထမင်းအတူစား
ပြီးတာနဲ့ နှစ်ယောက်သား ညဉ့်နက်သန်းကောင်ထိ စာတွေဖတ်ကြ သချင်္ာတွေလေ့ကျင့်ကြနဲ့….. စာလုပ်ကြတာပေါ့…သူ့အမေကလည်းကျုပ်ကိုပါသူ့သားလိုချစ်တာ
ကျုပ်တို့ စာလုပ်ရင်းစားဘို့ ပြောင်းဖူးဖုတ်..ကဇွန်းဥပြုတ်..ပိန်းဥပြုတ်..စသဖြင့်တစ်ခုမဟုတ် တစ်ခု လုပ်ပေးလေ့ရှိပါတယ်…ညတစ်နာရီခွဲ၊နှစ်နာရီလောက်ထိစာလုပ်ကြတယ်..
ပြီး..အဲဒီသူငယ်ချင်းနဲ့ပဲ အတူအိပ်…မနက်ရနာရီခွဲဆိုအလုပ်အတူသွားကြ…တကယ့် ညီကို
အရင်းအချာလိုနေခဲ့ကြတာ…ဒီလိုနဲ့ဘဲ..ဆယ်တန်းစာ
မေးပွဲကြီးနီးလာပါလေရော…
ဆယ်တန်းဖြေဘို့ ၅ ရက်လောက်အလိုမှာ အလုပ်ကခွင့်ယူလိုက်ကြတယ်…
အဲဒီရက်ပိုင်းလေးမှာ နေ့ရော ညရော စာနဲ့ဘဲနပန်းလုံးကြတာပေါ့…
စာမေးပွဲလည်းတော်တော်အားရအောင်ဖြေနိုင်ပါတယ်…သူငယ်ချင်းကတော့
သိပ်မဖြေနိုင်ဘူးပြောတယ်…စာမေးပွဲဖြေပီး..တစ်လခွဲလောက်အကြာမှာ
အဖေအလုပ် ပြောင်းရလို့ တစ်မခါမှခြေမချဘူးခဲ့တဲ့ ရန်ကုန်မြို့တော်ကြီးကိုရောက်
ခဲ့ရပြန်ပါတယ်…ရန်ကုန်ရောက် ကတဲက သူနဲ့အဆက်ပြတ်သွားခဲ့ရတာ…
ကျုပ်ထက်တစ်နှစ် နောက်ကျဆယ်တန်းအောင်၊ ဘွဲ့ရ ပြီး ထောင်မှုးလုပ်နေတယ်
လို့နောက်ဆုံးသိထားခဲ့တာ…ခုမှပြန်တွေ့ကြတယ်ဆိုပါတော့…..
“သူငယ်ချင်း..ဘယ်လိုဖြစ်တာလဲကွာ ငါ့ကိုပြောပြစမ်းပါအုံး..”
“ကြီးမိုက် ဘာမှမေးမနေနဲ့…ငါ့အတွက်ထမင်းခူး..ငါဆာနေပီ
မင်းကတော့ ဒီစာရွက်ထဲရေးထားတာလေးတွေအလွတ်ကျက်ထားပေတော့ဟေ့..”
ဒါနဲ့ဘဲ ကျုပ်လဲ မိန်းမကိုထမင်းခူးခိုင်းပီး သူထမင်းအားပါးတရစားနေတုံး…
သူပေးတဲ့စာရွက်လေးဖတ်ကြည့်တော့…အောက်ပါအတိုင်း ကဗျာလိုလို လင်္ကာလိုလို
စကားပုံလိုလို…ဘာအမည်တတ်ရမှန်းမသိတဲ့…စာပိုဒ်လေးတွေတွေ့လို့…
ဗလာစါရွက်တစ်ခုပေါ်မှာ…ဘောပင်နဲ့ သုံးလေးထပ် ထပ်ရေးထားတာ..စာရွက်တောင်ပေါက်လုလု…
ရွာသူားတွေ ဝေဘန်နိုင်အောင်တင်ပေးလိုက်ပါတယ်…..

ဘယ်လောက်သိသိ
လုပ်ကြည့်ပါမှ
ဘယ်လောက်တတ်တတ်
ဖြန့်တတ်ပါမှ
ဘယ်လောက်သင်သင်
မြင်တတ်ပါမှ
ဘယ်လောက်တွေးတွေး
ချရေးပါမှ
ဘယ်လောက်ကောင်းကောင်း
မှတ်ကျောက်တင်မှ
ဘယ်လောက်မွေးမွေး
ကျွေးတတ်ပါမှ
ဘယ်လောက်လိုလို
ငိုတတ်ပါမှ
ဘယ်လောက်ရှုံးရှုံး
အရင်းမဆုံးပါမှ
လယ်လောက်သွားသွား
ခရီးရောက်ပါမှ
ဘယ်လောက်တော်တော်
ဘေးမချော်ပါမှ
ဘယ်လောက်စွမ်းစွမ်း
လမ်းမှန်ပါမှ
ဘယ်လောက်ရှာရှာ
ကံပါ ပါမှ
ဘယ်လောက်သုံးသုံး
ဖြုန်းမပစ်ပါမှ
ဘယ်လောက်ခင်ခင်
ငွေကိုမမြင်မှ
ဘယ်လောက်မုန်းမုန်း
ပြုံးပြီးနေမှ
ဘယ်လောက်ချစ်ချစ်
နှစ် မပြစ်မှ
ဘယ်လောက်ဖြတ်ဖြတ်
စိတ်ပြတ်ပါမှ
ဘယ်လောက်ပြောပြော
လိုတာပြောမှ
ဘယ်လောက်သောက်သောက်
သိပ်မပေါက်မှ
ဘယ်လောက်မူးမူး
သိပ်မရူးမှ
ဘယ်လောက်ခေါ်ခေါ်
ပျော်သင့်ပါမှ
ဘယ်လောက်ပေးပေး
ရွေးလက်ခံမှ
ဘယ်လောက်ဖတ်ဖတ်
မှတ်တတ်ပါမှ
ဘယ်လောက်ကြည့်ကြည့်
သိတတ်ပါမှ…။

သူ့စာလေးကတော့..ဒါလေးပါဘဲ..ဖတ်ကြည့်ပီးတော့ ကျုပ်လည်းနားလည်သလိုလို
မလည်သလိုလိုဘဲ…။
ထမင်းစားပီးတော့ သူက ဆေးပေါ့လိပ်တိုကို
ထုတ်ဖွာနေတယ်…ဘာမှလည်းမေးမရဘူး..
ခဏနေတော့ “ငါပြန်တော့မယ်…နောက်လာချင်ရင်လာခဲ့မယ်”
ဆိုပီး ဆတ်ကနဲထပြန်သွားပါလေရော…ကျုပ်အတင်းလိုက်တားပါသေးတယ်
သူကတော့ လှည့်တောင်မကြည့်ဘူးဗျို့…ကျုပ်မှာတော့..
သူဘာတွေဖြစ်ခဲ့တယ်…ကျုပ်ဆီဘာကြောင့်လာတယ်
ကျုပ်အိမ်ကို ဘယ်လိုသိတယ်…စဉ်းစားမရဖြစ်ရင်း..
ငေါင်စင်းစင်းနဲ့ကျန်ခဲ့ပါလေရော….(ငါ့ကိုလာဆုံးမသွားတာဘဲလို့သာခံယူလိုက်ပါတယ်)
အားလုံးကိုလေးစားလျှက်..
လမ်းဆက်လျှောက်နေတဲ့..
ကြီးမိုက်။
၂၄၊၆၊၂၀၁၂

49 comments

  • kyeemite

    June 28, 2012 at 9:13 am

    အင်း..ထိုးကြည့်လိုက်မယ်..ကိုရင်အောင်ပုရေ..
    ပေါက်ရင်ဘီယာတိုက်မယ်ဗျို့..

  • Nyein Nyein

    June 28, 2012 at 10:02 am

    ကောင်းလိုက်တဲ့ အတွေးစာလေးနော်။ အကုန်လုံးကိုဆက်တိုက်ဖတ်သွားရင် နားမလည်သလိုဖြစ်သွားလို့ တစ်ပိုင်းချင်းစီ ဖတ်ကြည့်လိုက်တော့ တော်တော် သဘောပေါက်သွားတယ်။

  • blackchaw

    June 28, 2012 at 11:59 am

    ဘယ်လောက်သောက်သောက်
    သိတ်မပေါက်မှ
    ဘယ်လောက်မူးမူ သိတ်မရူးမှ ဆိုရင်တော့
    မောင်လေး အဖြေမှန်ပါတယ်ကွယ်…။
    အဖြေမှန်အောင် ဆိုနိုင်တဲ့အတွက် ယူနန်မှာ
    အနီရောင်တစ်လုံးနဲ့ ဝက်ခေါက်ကင် စားဖို့သောက်ဖို့ ကြွပါ…။
    😀

  • Shwe Ei

    June 28, 2012 at 12:06 pm

    ဆရာမိုက် ကူးမယ်နော်။ ပြီးတော့ ရှယ်ပါ ရှယ်လိုက်မယ်။ သင်ခရု 😛

  • kyeemite

    June 28, 2012 at 1:26 pm

    ဘလက်က ရက်တိုက်မယ်ပြောတယ်ပေါ့..

    “ဘယ်လောက်ခေါ်ခေါ်
    ပျော်သင့်ပါမှ”

    အင်း..ဒီလိုကလည်းပြောထားသေးတော့…
    ဟဲ ဟဲ ..လာခဲ့မယ်ဗျို့..

  • etone

    June 28, 2012 at 3:47 pm

    ဘိုးတော်တွေ ဘာတွေ များဖြစ်သွားတာလား မသိဘူး ဦးမိုက်ရဲ့ … ။
    တချို့ သောလူတွေ … လောကီအကျိုးသိပ်မမျှော်မှန်းတော့တဲ့အခါ .. အဲ့လို ဝတ်စားဆင်ယင်မှုမျိုးဖြစ်သွားသတဲ့ … ။ ဟုတ်မဟုတ်တော့ မသိဘူးနော် … ။

    ဘာပဲဖြစ်ဖြစ်လေ ..ငယ်သူငယ်ချင်းကို ပြန်တွေ့ရတာ ..ဦးမိုက်လည်းကြုံတုန်း ကျွေးချင် မွေးချင်ရှာမှာပါပဲ … ။
    ဦးမိုက်အိမ်ကို သိပြီး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာကိုက .. ထူးခြားတဲ့ ပါဝါမျိုး သူ့မှာ ရှိနေသလား လို့ …. ။

    ကဗျာလေးကတော့ မှတ်သားစရာလေးပေါ့ .. .ကဗျာထဲကအတိုင်းကျင့်ကြံနိုင်လျှင် အတော် အကျိုးများမယ်ထင်ပါတယ် … ။

  • ကျနော်ကတော့ ကိုမု်ိက် နှစ်ကိုယ်ခွဲထားပြီလို့ ယုံကြည်ပါကြောင်း
    ကောင်းသောစာများအတွက် ကျေးဇူး။
    ဖတ်ရန်ကပ်ရန်မဟုတ် လိုက်နာရန်လို့ မှတ်ချက်ပေးခြင်ပါသည်။

  • Phaung Phaung

    June 28, 2012 at 5:39 pm

    ဦးကြီးရေ…. တကယ့်ကိုမှန်တဲ့စာသားလေးတွေပါ…လက်တွေ့ဘဝမှာ အသိတရားလေးနဲ့ယှဉ်တဲ့စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဦးကြီး ..သူငယ်ချင်းက လာပြီးဆုံးမသွားတာ အမှန်ပါပဲ။ သူကတခုခုတော့ ထူးခြားနေပြီး တရားတွေ့နေတယ်လို့ထင်တယ်နော်။

Leave a Reply