မမေ့နိုင်သော မိုးရာသီ၏ နေ့ရက်များ (၂)

သတင်းဆိုးတစ်ခုက ကျွန်မကို စောင့်ကြိုနေခဲ့ပါတယ်….

အဆောင်ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ အစ်မတစ်ယောက်က ဆီးပြောတယ်… “မွန်မွန် အိမ်ကို ဖုန်းဆက်ပြီးပြီလား…ညီမလေး အမေ ဖုန်းဆက်တယ်..အဖေ ဆုံးသွားပြီတဲ့”…..

ကျွန်မ နားကြားများ မှားလိုက်သလား…. တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့ရတဲ့ အဖေက အခုမရှိတော့ဘူးတဲ့လား… မဖြစ်နိုင်ပါဘူး… ကျွန်မထွက်လာတုန်းကတောင် အကောင်းကြီးရှိသေးတာကို… ဟိုလျှောက်ပြောဒီလျှောက်ပြောလေး နည်းနည်းပဲ ရှိတာ… မဖြစ်နိုင်ပါဘူး…

 

စမ်းချောင်းအိမ်ကလည်း ဖုန်းခေါ်ထားတယ်တဲ့… ချက်ချင်းပဲ ဖုန်းဆက်လိုက်တော့ ပထမဆုံးကြားလိုက်ရတာက “ဟဲ့…ဘယ်တွေလျှောက်သွားနေတာလဲ..တစ်နေ့လုံးလည်း မရှိဘူး… ကိုကြီးဆုံးသွားပြီ…မနက် ရှစ်နာရီခွဲလောက်ကတဲ့” …ဒါဆိုသေချာတယ်ပေါ့… အချိန်က ညနေခြောက်နာရီ…နောက်ဆုံးကားက ထွက်သွားပြီ။ တစ်ယောက်တည်း ဘယ်လိုပြန်ရမလဲ…။

နေဦး..အမေ့ကို ဆက်ကြည့်ရမယ်… စိတ်လေးကိုထိန်း၊ လေသံလေးကို ပြင်ပြီး.. “အမေ နေကောင်းလား…၊ အရမ်းငိုထားသေးလား… သမီး အခု ပြန်လာလို့ မရဘူး။ မနက်ဖြန်မှ လာခဲ့မယ်နော်” ဆိုတော့ “သမီး သိပြီးပြီမို့လား” တဲ့။ ကျွန်မရဲ့တည်ငြိမ်နေတဲ့လေသံကြောင့် မသိသေးဘူးလို့ အမေက ထင်နေတယ် တူပါရဲ့။ “သိပြီးပါပြီ..အမေရော…ငိုထားသေးလား..အမေပြောတော့ စိတ်နာလွန်းလို့ နင်သေရင်တောင် မျက်ရည်လုံးဝမကျဘူးလို့ ပြောထားခဲ့တာလေ” ဆိုတော့ “အော်..သမီးရယ်… အရက်သောက်တာလေးပဲ ရှိတာပါ… ခင်ပွန်းဆုံးတာပဲ ငိုတာပေါ့” တဲ့။

 

ကျွန်မ သူငယ်ချင်းတွေကလည်း စိတ်မကောင်းတဲ့ မျက်နှာတွေနဲ့ ကြည့်နေကြတယ်။ ဘာလုပ်ပေးရမှန်းလည်း မသိကြဘူး။ ကျွန်မကတော့ ပြန်ခိုင်းလိုက်တယ်။ စိတ်မပူနဲ့… ရပါတယ်.. လို့။ အမှန်အတိုင်းပြောရင် ကျွန်မ မယုံချင်သေးဘူး။ လက်မခံလို့လည်း မရဘူးဆိုတာ သိနေတယ်။ အိမ်ပြန်ဖို့လည်း အားမရှိဘူး။ ပြန်လည်းမပြန်ချင်ဘူး။ ဘာလုပ်ရမှန်းလည်း မသိဘူး။ အဆောင်က သူငယ်ချင်းဝယ်ပေးတဲ့ ထမင်းကိုလည်း ဝင်အောင်စားရသေးတယ်။ ကျွန်မ အားပြည့်နေမှ ဖြစ်မယ်လေ။ အခန်းထဲမှာ ငေါင်တောင်တောင်နဲ့ ထိုင်နေလိုက်၊ ဘေးခန်းက အစ်မတွေနဲ့ စကားသွားပြောလိုက်၊ အခန်းထဲကို ပြန်ဝင်လာရင် ဝမ်းနည်းပြီး ငိုချင်လာလိုက်၊ အပြင်ပြန်ထွက်လိုက်နဲ့… ဘယ်လိုနေရမှန်း မသိဘူး။

 

နောက်ဆုံး သူများတွေကို အားနာလာပြီး အခန်းထဲမှာပဲ ထိုင်နေမိတော့တယ်။ အပြင်မှာ မိုးတွေကလည်း သည်းလို့၊ ကျွန်မ ရင်ထဲမှာတော့ ပူလောင်နေတာပဲ။ ကျွန်မ ချစ်တဲ့ မိုးသံတွေက ဒီတစ်ခါတော့ ကျွန်မကို ပိုပြီး ဝမ်းနည်းလာစေတယ်။ ပူလောင်လာစေတယ်။ တစ်နေ့လုံး ကျွန်မချစ်တဲ့ မိုးရေထဲမှာ ပျော်နေတဲ့ အချိန်၊ ကျွန်မရဲ့ ဖခင်ကတော့ လောကကြီးထဲက ထွက်သွားပြီး အမေနဲ့ မောင်လေးက ခံစားနေကြရတယ်။ တော်တော်လေးကို မတရားလိုက်တာနော်။ နေ့လယ်ကသာ အိမ်ကို သတိတရနဲ့ ဖုန်းလေးတစ်ချက်လောက် ဆက်ခဲ့မယ်ဆိုရင် ဒီအချိန်မှာ အဖေ့ဘေးမှာ ကျွန်မရှိနေလောက်ပြီ။ ဝမ်းနည်းနေတဲ့ အမေ့ကို အားပေးပြီး ဧည့်သည်တွေကို ဧည့်ခံတဲ့သူက ကျွန်မဖြစ်နေရမှာ။ ဘာတဲ့…အခုတော့ ကျွန်မက ဟိုးအဝေးက နေရာတစ်ခုမှာ တစ်ယောက်တည်း ရှိနေရတယ်တဲ့လား။ အဖေက သူသိပ်ချစ်တဲ့ သမီးကြီးကို၊ သူ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ ထွက်သွားခဲ့တဲ့သမီးကြီးကို မျှော်မနေခဲ့နိုင်ဘူးလား။ ကျောင်းပိတ်ရက် ကျွန်မများ ပြန်လာရင် အပျော်ဆုံးဖြစ်ခဲ့တဲ့ အဖေက အခုတော့ သူ့ကို နှုတ်မဆက်သွားတဲ့ သမီးကို ခွင့်လွှတ်ပါရဲ့လား။

 

ဝမ်းနည်းစိတ်၊ ယူကြုံးမရစိတ်တွေနဲ့ ငိုနေတဲ့ကျွန်မ ရုတ်တရက် အငိုရပ်သွားတယ်။ ဖြတ်ကနဲ ရင်ထဲကို ဝင်လာခဲ့တာက ကြောက်စိတ်။ ကျွန်မက အရမ်းကြောက်တတ်ပါတယ်။ ချက်ချင်းပဲ အခန်းပတ်လည်ကို ကြည့်ကြည့်လိုက်တယ်။ ဘာမှ မဖြစ်ပါဘူး။ အဖေက ကျွန်မနေတဲ့ အဆောင်ကို မသိဘူးလေ။ ကျွန်မကို စိတ်စွဲသွားခဲ့တယ် ဆိုရင်တောင် ကျွန်မဆီတော့ လာလို့ရမယ် မထင်ပါဘူး။ ဒါပေမယ့်လည်း တစ်ယောက်တည်းဆိုတဲ့ အတွေးက ကျွန်မကို ခြောက်လှန့်လာတယ်။ ဒါနဲ့ ကျွန်မလည်း ဘုရားရှိခိုး၊ အဖေ့ကို မေတ္တာပို့ ဆုတောင်းပေးပြီး ပုတီးစိပ်ရင်းနဲ့ အိပ်ရာထဲလှဲနေလိုက်တယ်။

 

မှေးကနဲ အိပ်ပျော်သွားသလိုနဲ့ ကျွန်မ နိုးလာလိုက်တာက ဝုန်းဒိုင်းကျဲနေတဲ့ အသံတွေကြောင့်ပါပဲ။ မှောင်မဲနေတဲ့ ကျွန်မရဲ့ အခန်းထဲမှာ ပစ္စည်းတွေ လဲကျသံ၊ တစ်ခန်းလုံးကို ပတ်သောင်းကျန်းနေတဲ့ အသံတွေ…ဟော…အဖေများ အသံပေးတာလား။ စောင်ကို ခေါင်းမြီးတင်းတင်းခြုံပြီး တီးတိုးပြောမိတယ်။ “မနက်ကျရင် အဖေ့ဆီကို သမီးပြန်လာခဲ့ပါ့မယ်..သမီးကိုတော့ လန့်အောင် မလုပ်ပါနဲ့ အဖေရယ်…သမီးတောင်းပန်ပါတယ်…”။ တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲပြီး အသက်ရှူလည်း ကျပ်လာခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မ ရင်ဆိုင်မှဖြစ်တော့မယ်ဆိုပြီး အိပ်ယာက အထမှာ ဘေးခန်းက အစ်မရဲ့ မေးသံကို ကြားလိုက်ရတယ်။ “မွန်မွန်..ရှင့်အခန်းက ကြွက်မှ ဟုတ်ရဲ့လား” တဲ့… .

12 comments

  • မမ အညာသူ

    June 29, 2012 at 10:21 am

    i like walking in the rain because noone know i am crying.
    မွန်ရေဆက်လတ်စောင့်မျှော်နေပါတယ်နော်

  • mamanoyar

    June 29, 2012 at 10:23 am

    မွန်မွန်ရေ
    စိတ်မကောင်းစရာပါပဲနော်

  • မွန်မွန်

    June 29, 2012 at 10:29 am

    edit လည်း လုပ်လို့မရဘူး။ စာတင်တာ တစ်ကြောင်းကျန်သွားလို့…

    သတင်းဆိုးတစ်ခုက ကျွန်မကို စောင့်ကြိုနေခဲ့ပါတယ်….

    အပေါ်ဆုံးမှာ အဲဒါလေးကျန်သွားလို့…edit လည်းမပေါ်ဘူး… bulk action မှာ edit ကို apply လုပ်တာလည်း မရဘူး….

  • amatmin

    June 29, 2012 at 11:18 am

    မမွန်မွန်ရေ..
    အက်ဒစ်က နောင်မှဖြည်းဖြည်းလုပ်လို့ရပါလိမ့်မယ်..

    ပို့စ်ဖတ်လိုက်ပီး စိတ်ထဲမှာ..နင့်ကနဲဖြစ်ကျန်ခဲ့လိုက်သဗျ..
    စာနာနားလည်ရင်း .သင်ခန်းစာ.တခုအဖြစ်..
    ကိုယ်တိုင်မမှားမိအောင်..ပြန်လုပ်ယူဖို့အတွေးရမိပါတယ်..
    မမွန်မွန်ရေးထားတဲ့ ဘဝဆိုတာတိုတိုလေးပါ ..
    ဆိုတဲ့ပြောလိုရင်းကို သိလိုက်ရသလိုပါပဲဗျာ..

  • မွန်မွန်

    June 29, 2012 at 12:30 pm

    ဟုတ်ကဲ့..ပြန်တွေးမိတိုင်း တကယ်ကို ခံစားရပါတယ်။ အခုလည်း စာရေးနေရင်းနဲ့ကို ရင်ထဲနင့်လာတယ်။ ပြန်မရနိုင်တော့တာကို ဘာမှလုပ်လို့မရတော့ဘူးလေ…

    သူကြီး edit လုပ်ပေးထားတယ် ထင်တယ်…ကျေးဂျူးကဘာဆာရော ပါနော်….

  • Nyein Nyein

    June 29, 2012 at 12:54 pm

    မမမွန်မွန်ရေ…………ဖတ်ရတာ စိတ်မကောင်းပါဘူး။ အစ်မစာဖတ်ရင်းနဲ့ မေမေမေးဖူးတာလေးကိုသွားသတိရတယ်။ မေမေက စက်ချုပ်တယ်လေ။ ဆိုင်တော့မဖွင့်တော့ဘူး။ ဒါပေမဲ့ အိမ်မှာချုပ်တယ်။ တစ်နေ့ မေမေက ပြောတယ် ” မေမေ့မှာ သမီးတို့အတွက်နဲ့ လုပ်ကိုင်နေရတာ အခုနေများ သေသွားလို့ စိတ်စွဲပြီး စက်လာချုပ်နေရင် ဘယ်လိုလုပ်မလဲ ” တဲ့လေ။ ငြိမ်းလည်း အားရပါးရဖြေလိုက်ပါတယ်။ ” ထွက်ပြေးမှာပေါ့ မေမေရဲ့” ဆိုပြီးလေ။:oops: မေမေက ရယ်တယ်။ ငြိမ်းသရဲကြောက်တတ်မှန်းသိလို့ပါ။ ပြီးမှ ထပ်ပြောလိုက်တယ်။ ” ဒါပေမယ့် မေမေမှန်းသိရင်တော့ အမျှဝေပေးမှာပေါ့။ ဒါပေမဲ့ မေမေက အဲလိုဖြစ်မှာမဟုတ်ပါဘူး။ ” လို့လေ။ မေမေက ဘုရားတရား အရမ်းလုပ်တာလေ။ အဲဒါကြောင့် ယုံကြည်စွာနဲ့ ပြောလိုက်တာပါ။ မမမွန်ကလည်း ကြောက်တတ်တယ်ဆိုတာနဲ့ သတိရသွားလို့ပါ။ နောက်အပိုင်းကိုစောင့်နေမယ်နော်။ အားပေးနေပါတယ်။

    • မွန်မွန်

      June 29, 2012 at 2:53 pm

      ဟုတ်တယ်ငြိမ်းရေ…
      အဖေကတော့ မထင်မှတ်ဘဲ ဆုံးသွားတာမို့လို့…
      အဖွားတုန်းကဆိုရင် မွန်မွန်တို့က သိပ်စတာ။ အဖွားသေရင် မခြောက်နဲ့နော်လို့..အမေရော သမီးတို့ရော ကြောက်တတ်တယ်လို့… 🙂

      အားပေးတာကျေးဇူးနော်…

  • htoosan

    June 29, 2012 at 1:15 pm

    မွန်မွန့် ကို ချီးကြူးပါတယ် ။ ဒီ လို အသိရှိတာ ။
    သူငယ်ချင်းဝယ်ပေးတဲ့ ထမင်းကိုလည်း ဝင်အောင်စားရသေးတယ်။ ကျွန်မ အားပြည့်နေမှ ဖြစ်မယ်လေ။

  • မဂွတ် ထော်

    June 29, 2012 at 3:00 pm

    I Like Rain

  • etone

    June 29, 2012 at 4:40 pm

    မွန်မွန်ရေ ….
    ဒီပို့စ်လေးဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ် … ။ ကိုယ်ချင်းလည်းစာမိပါတယ် … ။
    နောက်ဆုံးအနေနဲ့တောင် နှုတ်ဆက်ခွင့်မရလိုက်တဲ့ အဖြစ် .. ဘယ်လောက် ရင်နာလိမ့်မလဲနော် … ။
    သေပြီးမှတော့ … ဘာမှ ပြန်ပြင်လို့ မရတော့ပါဘူး … ကျန်နေသေးတဲ့ အချိန်တွေမှာ အမေဖြစ်သူကိုပဲ … နှစ်ဆတိုးလို့ ဂရုစိုက်လိုက်ပါလို့ပဲ .. နှစ်သိမ့်ချင်ပါတော့တယ် … ။ 🙄

    • မွန်မွန်

      June 29, 2012 at 4:59 pm

      နားလည်ပြီး နှစ်သိမ့်ပေးတာ ကျေးဇူတင်ပါတယ် အစ်မရယ်…
      မွန်မွန်လည်း အားတင်းပါတယ်…အမေရှိသေးတယ်ဆိုပြီးတော့ပေါ့…

Leave a Reply