ဆန်သူခိုး

cobraJune 28, 20101min1333

နှိုးစက်သံကြောင့် သူ အိပ်ရာမှ နိုးလာသည်။ ဒီမနက် စက်ကိုစောစော သွားရမှာမို့ ဆက်ပြီး နှပ်မနေတော့ဘဲ ထလိုက်ရသည်။

ရေချိုးခန်း ဝင်ရင်း တစ်နေ့တာ လုပ်ရမည့် အလုပ်တွေကို အကြမ်းဖျင်း အစီအစဉ် ဆွဲနေမိသည်။ မျက်နှာကို ကပျာကယာသစ် အဝတ်လဲပြီး မနက်စာစားဖို့ ဆင်းလာတော့ ထမင်းစားခန်းထဲမှာ လူမစုံသေး။ သူ့အကြိုက် မုန့်ဟင်းခါးပူပူ၊ အကြော်စုံနှင့် ကိုကို တစ်ပန်းကန်စားပြီး ကော်ဖီ သောက်နေတုန်း သမီး ဝင်လာသည်။

“မေကြီး သမီးဖို့ ဒီနေ့ ဘာလဲ”

“သမီးကြိုက်တဲ့ ထမင်းကြော် ဝက်အူချောင်းနဲ့ ကြော်ထားတယ်လေ”

“အာ ထမင်းကြော် မစားချင်ပါဘူး”

“အဲဒါဆို ပေါင်မုန့် ထောပတ်သုတ်စားမလား။ မေမေ ကင်ပေးရမလား။ မဟုတ်ရင်လည်း မနေ့က ဝယ်လာတဲ့ ဟမ်ဘာဂါ တစ်ခု ကျန်သေးတယ်။ စားမလား သမီး”

“အင်း စဉ်းစားလိုက်ဦးမယ်။ မစားတော့ပါဘူး မေကြီးရာ။ ပပတို့နဲ့ အပြင်မှာပဲ ဒင်းဆန်းသွားစားတော့မယ်။ အဟဲ ဖေကြီးနဲ့တွေ့ရအောင် ဝင်လာတာ သိလား”

“ဖေကြီး”

“အင်း ပြောပါဦး။ ပိုက်ဆံ လိုတာမှ ဟုတ်ရဲ့လား”

“အဲဒီလို အလိုက်သိလို့ လည်း ဒီဖေကြီးကို ချစ်နေရတာပေါ့။ သိပ် မများပါဘူး ဖေရာ။ ၂ သောင်းတည်းပါ။ သမီး သူငယ်ချင်းလေ။ သူ့မွေးနေ့ပေါ့။ အဲဒါလေ ဖိနပ် ဝယ်ချင်လို့”

“သမီးရယ်။ ရှိတဲ့ ဖိနပ် စီးသွားပါလား။ သမီးမှာ ဖိနပ်တွေ အများကြီးရှိသားနဲ့”

“ဟာ အသစ်ပဲ စီးချင်တာပေါ့။ သမီး ဘယ်တုန်းက ၂ ခါစီးလို့လဲ။ ဖေကြီးကလည်း ဒီသမီးလေး တစ်ယောက်တည်းရှိတာဟာကို”

“ကဲ သဘော။ သမီး သဘောပဲ ထားပါတော့”

“ကိုကို၊ ခင်မကို ၃၊ ၄ ခုလောက် ထားခဲ့ဦး။ ဒီနေ့ခင်း ဝိုင်းရှိတယ်”

“လာပြန်ပြီ နောက်တစ်မျိုး။ မင်းတို့ သားအမိနဲ့တော့ ငါခက်တယ်။ ပိုက်ဆံ ဘယ်လိုရှာရတယ် ဆိုတာလည်း ထည့်တွက်ဦးမှပေါ့ကွ”

“အမယ်လေးနော်။ ရှင့်မှာ ဆန်စက်ချည်းပဲ ၂ လုံး ရှိတယ်လေ။ စက်ပစ္စည်း ဆိုင်ကလည်း တစ်ဆိုင် ရှိတယ်လေ။ တောမှာ စပါးပေး၊ ပဲပေးတွေကလည်း ရှင်နဲ့ ကင်းတဲ့သူ ရှိသေးလို့လား။ ကျွန်မတို့ သားအမိ မသုံးလို့ ဘယ်သူ သုံးဖို့ ထားတာလဲ ပြောစမ်းပါဦး”

“ကဲ တော်ပြီကွာ။ နားငြီးတယ်။ ကြိုက်သလောက်သုံး ဟုတ်ပြီလား”

သူ ပိုက်ဆံ ထုတ်ပေး ပြီးတော့ စက်ဘက်ကို ထွက်လာခဲ့သည်။ ကြာကြာ ဆက်နေရင် နောက်တစ်မျိုးထပ် လာချင် လာနိုင်သေးသည်။ သူ့ မိန်းမ ပြောတာလည်း ဟုတ်တော့ဟုတ်သား။ သူတို့မှာ မိသားစုက သုံးယောက်တည်း။ သူ့ဆန်စက်တွေ ရတာနဲ့တင် သုံးလို့ မကုန်နိုင်။ အခြားလုပ်ငန်းက ရလာတဲ့ ငွေတွေနဲ့ဆို သုံးမကုန်ဖြုန်း မကုန်ဆိုတာ ဒါကိုပြောတာ ဖြစ်မည်။

စက်ထဲကိုရောက်တော့ အလုပ်သမားတွေ သူ့အလုပ် သူလုပ်နေကြပြီ။ ဒီနေ့ အဝင်အထွက် စာရင်းတွေ သူကြည့် နေတုန်း သူ့တပည့် လှမောင် ရောက်လာသည်။

“ဆရာ ဒီနေ့ ဧရာဝတီ ၂၀ဝ လောက်ပို့ရမယ်ဆရာ”

“အိပ်သွတ်ပြီးပြီလား”

“မပြီးသေးဘူး ဆရာ”

“ဒါဆိုရင် ငါပြောမယ်။ ဆန်အိတ်သွတ်တဲ့အခါ တစ်ဝက်လောက်မှာ ဆန်ကွဲ ၄ လုံး ထည့်လိုက်။ ပြီးရင် ကျန်တဲ့ တစ်ဝက်ကိုထည့်။ တစ်အိတ်ကို ၄ လုံးစီ နုတ် ထားလိုက်။ သဘောပေါက်လား”

“ဟုတ်ကဲ့ ပေါက်တယ် ဆရာ”

လှမောင်တို့ ကံကောင်းချင်တော့ ဘယ်သူမှ လိုက်မီမည် မထင်။ ခုမနက် အိမ်က စထွက်တော့ သူ့မိန်းမက ထူးထူးဆန်းဆန်း ပဲပြုတ်နဲ့ ထမင်းကြော် ကျွေးလိုက် သေးသည်။ ခါတိုင်းနေ့ဆို ထမင်းကြမ်းခဲနဲ့ အကြော် တစ်ခုကို ရေနွေးကြမ်းတစ် အိုးသောက်ပြီး မနက်စာ ပြီးရတာများသည်။ ခုမနက်မှ ခုမနက်မှ။

လှမောင်က ဒီသူဌေးရဲ့ စက်မှာ လုပ်လာတာကြာပြီ။ ဒါကြောင့်သူဌေးက လှမောင်ဆို လက်စွဲ။ သူကလည်း သစ္စာရှိပါသည်။ ကိုယ့်ထမင်းရှင် ဒုက္ခရောက်မှာမျိုး သူဘယ်တော့မှ မလုပ်။ ငွေကြေးနဲ့ ပတ်သက်ရင်လည်း တစ်ပြားတစ်ချပ်မှ မကွာစေရ။ အဲဒီလိုမျိုးဆိုတော့လည်း တပည့်ရင်းဖြစ်နေတာ သိပ်တော့ မဆန်း။

ခုတော့ ဟန်ကျပြီ။ သူဌေးက ဆန်ကွဲလေးလုံး ရောဖို့ ပြောထားသည်။ သူက လေးလုံး ထပ်ရောမည်။ အပို လေးလုံး သူယူမည်။ တစ်တင်းခွဲ တစ်အိပ်မှာ ၂၄ ပြည်။ ပြည်ပို တစ်ပြည်နဲ့ဆို ၂၅ ပြည်။ နို့ဆီဘူးနဲ့ တွက်ရင် အလုံး ၂၀၀။ အလုံး ၂၀ဝ မှာ ၈ လုံး ရောပါသွားတော့ ဘယ်သူ သိမှာလဲ။ သူ့ဆရာလည်း ထိခိုက်မှာ မဟုတ်တာ။ ဒီနေ့တော့ ပွပေါက် တိုးပြီ။ ညနေ အိမ်ပြန်ရောက်လို့များ ပိုက်ဆံအထပ်လိုက် သူ့မိန်းမကို ပြနိုင်လို့ကတော့ ခါတိုင်း ကိုလှမောင်ကနေ ”ကိုကိုလှမောင် ကိုကိုလှမောင်” ဖြစ်လာမှာ ကြားယောင်မိ သေးတော့။

နံနက်ခင်း နေခြည်သည် ကမ္ဘာလောက တစ်ခုလုံးပေါ်ကို မျှတစွာပဲ ထွန်းလင်းပေး နေသည်။

“သတ္တဝါတွေ အားလုံး ကျန်းမာပါစေ၊ ချမ်းသာကြ ပါစေ”

“အားလုံး ကြားကြား သမျှ အမျှ အမျှ အမျှ ယူ တော်မူကြပါကုန်လော”

“ဒူ ဝေ ဝေ ဝေ ဝေ”

မနက်စောစောထ ဘုရားရှိခိုး၊ ငါးပါးသီလယူ၊ ပရိတ်ရွတ် အမျှဝေပြီးသွားပြီ။ သူဘာမှ လုပ်စရာမရှိတော့။ အိမ်ရှေ့မှာပဲ လက်ဖက်ခြောက် ပြက်သိကာ ခပ်ထားသည့် ရေနွေးကြမ်း ထိုင်သောက်ရင်း လမ်းသွားလမ်းလာတွေကို ငေးကြည့်နေမိသည်။ သူ့အသက် ၇ဝ ရှိသွားပြီ။ အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်တော့။ သူတို့ လင်မယားနှစ်ယောက်စလုံး သမီးနဲ့ သမက်ကိုပဲ အားကိုး နေရတာမို့ မနက် သရေစာ မစားဖြစ်တာ နှစ်နဲ့ ချီနေပြီ။ ဆိုက်ကားနင်းသည့် သမက်နဲ့ ကုန်စိမ်းရောင်းသည့် သမီး ရှာသော ပိုက်ဆံဟာ ဒီမိသားစု အတွက် ဘယ်လိုမှ မလောက်ငတာ အသေအချာပင်။

အဘိုးကြီး အဘွားကြီး လင်မယား။ သမီးနဲ့ သမက်။ ၃ နှစ်အရွယ် မြေးမလေး စုစုပေါင်း ၅ ယောက်၏ ဝမ်းကို ပြည့်နိုင်ဖို့ ဆိုတာ သိပ်မလွယ်ပါ။ ဒီနေ့ဆို ပိုဆိုးတာက သမီးမနေ့က ကုန်စိမ်း သွားယူရင်းနဲ့ ခွေးကိုက်ခံရတာမို့ ဒီမနက်တော့ အဖျား တက်နေပြီ။ သူ့သမက် တစ်ယောက်တည်း မနက်ကတည်းက ဆိုက်ကားထွက် နင်းသည်။ ဆန်ဖိုး ရရင် မနက်စာ ချက်ဖို့ ပြန်လာပေးမည်ဟုလို့ ပြောသံတော့ ကြားလိုက်သား။ ခုထိ ပြန်မလာပုံ ထောက်တော့ မဟုတ်မှ လွဲရော ဈေးဦးပေါက်သေးပုံ မရ။

အကြမ်းအိုး တစ်အိုး ကုန်သွားပြီ။ ကုန်လုလု ဆေးပေါ့လိပ်ကို ချွေပြီး ဖွာလိုက်ရင်း မြေးမလေးကို ငေးကြည့်နေမိသည်။ သူ့မြေးမလေးက သုံးနှစ်ဆိုတော့ စကား တီတီတာတာ ပြောတတ်နေပြီ။ သူ့အတွက် အနှစ်။ ခုလောလောဆယ်တော့ သူ့အနှစ်ကလေး ဆော့နေသေးသည်။ တစ်အောင့် ကြာရင် ဗိုက်ဆာလာတော့မည်။ လူကြီးတွေက အကြောင်းမဟုတ်။ ဘာမှမသိ နားမလည်သေးသည့် ကလေးမို့ သနားဖို့တော်တော် ကောင်းသည်။ ဪ.. ငါ့မြေးလေး ကံဆိုးလှချည်လားကွယ်။

တဖြည်းဖြည်းနေမြင့် လာပြီ။ သူ့သားမက် ဆိုက်ကားသံကိုပဲ သူမျှော်နေမိသည်။

“ဘိုးဘိုး မီးမီးလေး ဗိုက်ချာပြီ”

သူမကြားချင်ဆုံး အသံပါလား။ အမယ်ကြီးက သူ့မြေးကို သနားလို့ထင့်၊ အင်္ကျီ လက်နားလေးပင့်ပြီး စို့လာတဲ့ မျက်ရည်ကို သုတ်နေသည်။ သူ ဘာလုပ်ရပါ့။

“ဘိုးဘိုးလို့ မကြားဘူးလား။ မီးမီးလေး ဗိုက်ချာတယ်။ မံမံ ချားမယ်”

ဘုရား ဘုရား။ သူ့ရင်ဘတ်ကို တည့်တည့် လာမှန်သော စကားလုံးပါလား။

“မံမံချားမယ်”တဲ့။

သူ့မြေးလေးဟာ အများတကာ ကလေးတွေလို မုန့်ကို မတောင်းတတ်တော့ ပါလား။ ထမင်းကိုပဲ ပူဆာ တတ်တော့ပါလား။ သူတို့ အိမ်စီးပွားရေးဟာ မြေးမကလေးကို မုန့်ဝယ်ကျွေး ဖို့တောင် မတတ်နိုင်စွမ်း ပြီပဲ။

“အမေကြီးရေ ငါဈေးဘက် ခဏလျှောက်လိုက် ဦးမယ်ကွာ” ပြောပြီး သူအိမ်ပေါ်က ဆင်းလာခဲ့သည်။

“ဘိုးဘိုးကြီး မံမံယူခဲ့ပါ နော်”

အေးပါကွယ်။ ဘိုးဘိုးကြီး ယူခဲ့ပါမယ် ကလေးရယ်။ ဈေးဘက်မှာ ဘိုးဘိုးကြီးရဲ့ အသိ အကျွမ်းလေး ဘာလေးတွေ့ရင် သမီးလေးဖို့ မုန့်ဖိုးလေး ရကောင်းပါရဲ့။

လမ်းပေါ်ရောက်တော့ နေပူနေပြီ။ အဲဒီတော့မှ သူ့မှာ အဆောင်းမပါလာတာ သိတော့သည်။ မထူးပြီမို့ ဆက်လျှောက်လာတော့သည်။ လမ်းမှာ ဘယ်သူမှလည်း မတွေ့။ ဈေးရှေ့ရောက်တော့ ဘာရယ်မဟုတ် ဈေးဝိုင်းထဲ ဝင်လာခဲ့သည်။ ၁၁ နာရီ ဆို တော့ ဈေးထဲမှာ လူပြတ်သလောက် ရှိနေပြီ။ တချို့ဆိုင် တွေဆို ရောင်းသူတောင် မရှိ။ ဒီအတိုင်း ထားခဲ့ပြီး မုန့်လေး ဘာလေး ထွက်စားကြသည်။

သူလျှောက်ရင်းနဲ့ ဆန်ဆိုင် တစ်ဆိုင် သွားတွေ့သည်။ တောင်းတွေ တောင်းတွေထဲ မှာ ဆန်တွေ မောက်နေအောင် ထည့်ပြီး ခင်းကျင်းထားပုံက ဝယ်ချင်စရာ။ နောက်ဘက် မှာလည်း ဆန်အိတ်တွေ အထပ်ထပ်ဆင့်ကာ ပုံထားသည်။ ဒီမှာတော့ ဆန်တွေက တောင်ပုံရာပုံ၊ သူ့တို့ အိမ်မှာတော့ ခုထိ မနက်စာချက် ဖို့ ဆန်တစ်စေ့တောင် မရှိပါလား။ ဆိုင်ရှင်လည်း မတွေ့။ ဆန်ဆိုင်ရှေ့ကနေ နောက်တစ်ခေါက် ထပ်လျှောက် လိုက်သည်။ ဆိုင်ရှင် ပြန်မရောက်လာသေး။

“ဘိုးဘိုးကြီး မံမံယူခဲ့ နော်”

မြေးမလေး၏ အသံ လေးကို ဖျတ်ခနဲကြားယောင် ပြီးချိန်မှာတော့ သူ့လက်တွေ ဆန်တောင်းထဲ ရောက်ပြီး သွားပြီ။ အသင့်တွေ့သည့် နို့ဆီဘူးနဲ့ သူ့ခါးပိုက် ထောင် ထဲ ကပျာကသီ ခပ်ထည့်လိုက်သည်။ ဘယ်သူမှ မတွေ့။ ဆန်ခပ်နေတုန်း မနက်က ရှိခိုးခဲ့သော ဘုရားကို သတိရမိသည်။

“အဒိန္နာဒါနာ ဝေရာမ ဏိသိက္ခာပဒံ သမာဓိယာမိ” ခု မနက်စာတော့ ရပြီ။ သူ့ မြေးမလေးမျက်နှာ။

“သူခိုးဗျို့ သူခိုး”

သူ လှည့်အထွက်မှာ ဆန်အိတ်ပုံကြားထဲက ဆိုင်ရှင် အသံပေါ်လာသည်။ သူ့ခြေလှမ်းကို ခပ်သွက်သွက် လှမ်းလိုက်သည်။ ခြေသံတွေ တဖြည်းဖြည်းနီးလာပြီ။ လှည့်ကြည့်လိုက်တော့ ဘယ်ကနေ စုမိလာသည့် လူအုပ်ကြီးလဲ မသိ။

“ချကွာ ကဲ ကွာ”

“ဖုန်း ဖုန်း”

“ဟေ့ ဟေ့ မလုပ်ကြ နဲ့။ ရဲစခန်းခေါ်သွား”

“သေခါနီးတောင် တရားမရှိတဲ့ကောင်”

ရှုပ်ယှက်ခတ်နေသည့် အသံတွေကြားမှာ သူ့မျက်နှာ တစ်ခုလုံး ဖူးရောင်ကိုင်းနေပြီ။ သူ့ခေါင်းဆီမှ သွေးတွေ ကျလာသည်။

အရှင်ဘုရား တပည့် တော် သူခိုး မဟုတ်ပါဘူး ဘုရား။ တပည့်တော် ငရဲကိုလည်း ယုံကြည်ပါသည် ဘုရား။ တပည့်တော်ရဲ့ မြေးမလေး အသံကို ကြားယောင် မိချိန်မှာ ခုလိုမျိုး ဖြစ်နေပြီး သွားပါပြီဘုရား။

သူ့စိတ်ထဲက ဘုရားကိုပဲ အာရုံပြုနေမိသည်။ ခြေထောက်က ဖိနပ်ကလည်း ဘယ်ရောက်သွားမှန်း မသိ တော့။ နွေနေပူသည် သူ့တစ်ကိုယ်လုံးကို လောင်မြိုက် နေပြီ။ အမြင်အာရုံတွေ မှုန်ဝါးလာပြီး ခြေလှမ်း မဟန်တော့။ အုန်းခနဲ တစ်ချက်ကြား အပြီးမှာ အားလုံး မှောင်အတိ ကျသွားသည်။ သူ့ခါးပုံစလေးကိုတော့ တင်းကျပ်စွာ ဆုပ်ထားဆဲ။

“ဘိုးဘိုးကြီး မံမံယူခဲ့ပါ နော်”

“လှမောင် မင်းဆန်အိတ်သွားပို့တာ ကြာလှချည်လား”

“ဟာ ကြာဆို ဆရာရယ်၊ ဆွမ်းကြီး လောင်းပွဲနဲ့ တိုးနေလို့ ဝင်လောင်းခဲ့ရသေးတယ်”

“ဟေ့ကောင် ဒီအချိန်ကြီး ဘယ်က ဆွမ်းခံကြရမှာလဲ။ မင်းငါ့ကို လာမပတ်နဲ့၊ ဟိုဆိုင်ဝင်နေတာ မဟုတ်လား”

“မဟုတ်ပါဘူး ဆရာရယ်။ ဆရာက တယ်ပိန်းတာကိုး။ သူခိုး ဆရာရယ် သူခိုး။

အတင့်ရဲလိုက်တာ ဆရာရေ။ ဈေးထောင့်က ဆန်ဆိုင်မှာ နေ့ခင်း ကြောင်တောင်ကြီး ဝင်ခိုးတာ။ တစ်ဈေးလုံး ဝိုင်းလိုက်တာ၊ ကျွန်တော်လည်း တစ်ချက်နှစ်ချက် ဝင်အုပ်ခဲ့ သေးတယ်”

“ဘယ်လောက်တောင် ပါသွားသတဲ့လဲ”

“၄ လုံးတဲ့ ဆရာ”

===============================================။။။။။=====================================================

forward mail မှတဆင့် ပြန်လည် ဝေမျှပါသှ်။

3 comments

  • လင်းဝေကျော်

    June 28, 2010 at 9:58 am

    သူခိုးများကောင်းစား သော ဤတိုင်းပြည်၌ သနားစရာ သူဆင်းရဲများ ဘဝမြင့်စေရေး ဝေးနေပါသေးသည်။
    သူခိုးများက သူဆင်းရဲတို့ ဝေစုကို ခိုးနေ၍ ဖြစ်သည်။ ထိုအခါ သူဆင်းရဲတို့ က ဝမ်းပူဆာသောကြောင့် ခိုးသူ ဖြစ်ရလေသည်။

  • kopauk mandalay

    June 28, 2010 at 12:30 pm

    မန်းလေးက ကုန်စည်ဒိုင်လောကမှာတကယ်ဖြစ်ခဲ့ဘူးပါတယ်။
    နွားစားတဲ့အစာရောင်းကြတဲ့အခါမှာ ပဲနှစ်ထဲကို ပဲအခွံတွေထဲ့
    ပြီးရင် အပြိုင်အဆိုင်ဈေးလျှော့လို့ရောင်းကြပါတယ်။
    အမှန်တော့လူလယ်ကျတာလေ
    အဲဒီမှာ တစ်ယောက်ပြောလိုက်တဲ့စကား သိပ်ကြိုက်လို့ တစ်သက်လုံးမှတ်ထားပါတယ်။
    “နွားအစာထဲကတော့ လူဖြစ်ရဲ ့နဲ့လုမစားဘူး” ပါတဲ့။

  • etone

    July 2, 2010 at 5:17 am

    စိတ်မကောင်းစရာပဲ ။ ဆန်လေးလုံးခိုးတာချင်းအတူတူတောင်….

Leave a Reply