ထူးအိမ်သင် ကို လွမ်းကြသူများ
ကြွားတယ် ထင်ရင်လည်း ခံရတော့မှာပဲ ကျောင်းဒကာရေ…။
ထူးအိမ်သင်ဆိုတဲ့ ပုဂ္ဂိုလ်အကျော်အမော်ကြီး နဲ့ ဘလက်ဆိုတဲ့ အညတြပုဂ္ဂိုလ်လေး တစ်ယောက်တို့ဟာ
တစ်စားပွဲထဲထိုင်ပြီး စကားတွေ ပြောခဲ့ဘူးတယ်ဆိုရင် ကြွားတယ်ထင်ကြမှာလား ဟင်င်င်င်…။
ကဲ မြန်မာကားတွေလို နောက်ကြောင်းနည်းနည်း ပြန်ကြမယ်ဗျာ…။
တစ်ခါသားမှာပေါ့ ထူးအိမ်သင်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းစာရင်းဝင် ကိုကြွက်နီ (ခေါ်) သိမ်းတင်သား ဟာ
အင်တာဗျူး ဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်ခဲ့ဘူးပါသတဲ့…။
အဲဒီအချိန်မှာပဲ အင်တာဗျူးဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ သိမ်းတင်သား နဲ့ အင်မတန်အဖွဲ့ကျနေခဲ့တဲ့
ပုဂ္ဂိုလ်လေးတစ်ယောက်ကတော့ ကျွနုပ်ဘလက် ပဲပေါ့ခင်ဗျာ…။
အမှတ်မမှားဘူးဆိုရင် ၂၀၀၁ ခုနှစ်လောက်ကပေါ့…။
တစ်ခုသောညနေခင်းတစ်ခုမှာ အင်တာဗျူးဂျာနယ်တိုက်ရဲ့ တာဝန်ခံအယ်ဒီတာစားပွဲရှေ့မှာ တစ်စုံတစ်ခုသော
ကိစ္စနဲ့ ဘလက်ကျွန်ုပ်ဟာ ရောက်ရှိနေခိုက်ပေါ့…။
(အဲဒီတုန်းက အင်တာဗျူးဂျာနယ်တိုက်ဟာ ယုဇနဟိုတယ်ဘေးလမ်းကြားက တိုက်တန်းမှာ ရှိနေခဲ့တာပါ)
ထူးအိမ်သင်ဆိုတဲ့ ပုဂ္ဂိုလ်ကျော်ကြီးဟာ ဟိတ်ကောင်ကရင် လို့ အော်ပြီး အင်တာဗျူးဂျာနယ် ရုံးခန်းထဲကို ဝင်ချလာပါရောခင်ဗျာ…။
(ဆရာသိမ်းတင်သားကို ကိုထူးအိမ်သင်က ကရင်လို့ ခေါ်ပါတယ်)
ကျွန်ုပ်ဘလက်လည်း ထူးအိမ်သင် ကိုမြင်လိုက်တာနဲ့ ထိုင်နေတဲ့ ခုံကမတ်တပ်ထရပ်ပြီး လေးစားကြောင်းပြတဲ့ အနေနဲ့ ပြုံးပြုံးလေး လုပ်နေ
ရတာပေါ့ခင်ဗျာ…။ နို့… ကိုယ်က သူ့ကို သိနေပေမယ့် သူကတော့ သိတာမဟုတ်ဘူးလေ…။
ထူးအိမ်သင်လို ပုဂ္ဂိုလ်မျိုးကို အရှင်လတ်လတ် အနီးကပ် မြင်တွေ့ခွင့်ရတဲ့ အခွင့်အရေးကြီးဆိုတော့ ရင်ထဲမှာလည်း ကုလားဘုရားလှည့်သလို
တစ်ဒိန်းဒိန်းနဲ့ ပေါ့…။
ပြီးတော့ ကိုသိမ်းတင်သားနဲ့ ကိုထူးအိမ်သင်တို့ အင်မတန်ရင်းနှီးတဲ့ လေသံတွေနဲ့ စကားပြောနေကြတာကို သိမ်ငယ်စိတ်နဲ့ နားထောင်နေခဲ့တာကို
ဒီနေ့အထိ မှတ်မိနေပါသေးတယ်။
နောက်ဆုံးမှာတော့ ကိုထူးအိမ်သင် ကို ကိုသိမ်းတင်သားက အင်တာဗျူးဂျာနယ်တိုက်ခန်းရဲ့ ဘေးက စားသောက်ဆိုင်မှာ အရက်တိုက်ဖို့ ဖြစ်လာခဲ့ပါတယ်။
ကျွန်ုပ် ဘလက်ကိုလည်း ကိုသိမ်းတင်သားက မျက်ရိပ်ပြပြီး လိုက်ခဲ့ဖို့ ခေါ်ပါတယ်…။
အဲဒါနဲ့ စားသောက်ဆိုင်လေး ထဲကိုရောက်တော့ ကိုသိမ်းတင်သားက ကိုထူးအိမ်သင်နဲ့ ကျွန်တော့် ကို မိတ်ဆက်ပေးပါတာကို
အခုထိမှတ်မိနေပါသေးတယ်…။
ကိုသျှပ် ဟောဒါ ခင်ဗျားသီချင်းတွေကို အရူးအမူးကြိုက်တဲ့ ဘလက်ချော ဆိုတာပဲ။ ခင်ဗျားညီ အောင်အောင်နဲ့ စိမ်းဘက်ချ် တဲ့
ကျွန်ုပ်ဘလက်က လက်ကလေးနှစ်ဖက်ပိုက်ပြီး မခုတ်တတ်တဲ့ ကြောင်လေးလို မခို့တရို့လေးနဲ့ ပြုံးပြနေခဲ့တာလည်း ပြန်သတိရပါတယ်။
ကိုထူးအိမ်သင်က သိတ်အရေးတယူမဟုတ်ပဲ အော် ဟုတ်ကဲ့ လို့သာ ပြုံးပြပါတယ်။
ခင်ဗျားရော သောက်မှာ မဟုတ်လား
လို့လည်း မေးလိုက်ပါသေးတယ်။
ကျွန်တော် မသောက်တော့ပါဘူးခင်ဗျာ
ဒေါင်းတွေအလယ်ရောက်နေတဲ့ ကျီးတစ်ကောင်လိုပဲ သိမ်ငယ်နေမိတဲ့ ကျွန်တော်က ဒီလို ပုဂ္ဂိုလ်ကြီးတွေနဲ့ သောက်ဖို့ စိတ်မရဲပါဘူးခင်ဗျာ…။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီတုန်းကသောက်တဲ့အရက်ကလည်း ဘလက်လေဘယ်ပဲ ခင်ဗျ။
တကယ်တန်းကျတော့ ကိုသိမ်းတင်သားလည်း အဲဒီညက မသောက်ခဲ့ပါဘူး။
ကိုငှက်တစ်ယောက်သာ အရက်သောက်ရင်း ကိုသိမ်းတင်သားနဲ့ အေးအေးဆေးဆေး စကားပြောနေခဲ့ပါတယ်။
ကျွန်တော်ကတော့ ဘေးကထိုင် အမြီးလေးအနည်းငယ် နှိုက်စားရင်း သူတို့ပြောတာတွေကို ထိုင်နားထောင်ဖြစ်ခဲ့ပါတယ်။
သူတို့ပြောတဲ့ စကားထဲမှာ ကိုမြင့်မိုးအောင် အကြောင်းလည်းပါပါတယ်။
အက်စစ်အဖွဲ့ရဲ့ အင်တာဗျူးတွေ အကြောင်းလည်းပါပါတယ်။
ကျွန်တော်လိုက်မမီနိုင်တဲ့ ဂီတအကြောင်းတွေလည်း ပါပါတယ်။
ဆိုတော့…။
အဲဒီညကို ကျွန်တော့် ဘဝမှာ အင်မတန်ထူးခြားသော ညလေးတစ်ညအဖြစ် အမြဲသတိရနေခဲ့တာပါ။
ပြီးခဲ့တဲ့ တစ်လလောက်က ကျွန်တော် နဲ့ ကိုသိမ်းတင်သား ပြန်တွေ့ကြပါတယ်။
လဖက်ရည်သောက်ရင်း စကားတွေ ပြောကြပါတယ်။
ကျွန်တော် ရေးတဲ့ မန္တလေး ဂဇက် က စာတချို့ကိုလည်း အင်တာနက်ဆိုင်ထဲဝင်ပြီး ဖွင့်ပြဖြစ်ပါတယ်။
ကိုသိမ်းတင်သားက သူ့စတိုင်အတိုင်း မှော်အောင်သွားပြီဗျာ..။ ဒီလောက်ဆို စာရေးလို့ရပြီ လို့
(အားနာလို့လားမသိ) မှတ်ချက်ချပါတယ်။
ပြီးတော့ အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ အရက်သောက်ရင်း ပြောခဲ့တဲ့ စကားဝိုင်းလေးအကြောင်းကို
စာတစ်ပုဒ်ရေးဖို့ ကျွန်တော့်ကို တိုက်တွန်းပါတယ်။
ကျွန်တော်က အစ်ကိုရေးပါဗျာ၊ ကျွန်တော့်လက်က ဒီလောက်မဟုတ်သေးပါဘူး လို့ ဆိုတော့
သူက
ကိုသျှပ်အကြောင်းကျွန်တော်ရေးနေတာ တော်တော်များနေပြီဗျာ။ ခင်ဗျားတို့လို အပြင်လူတစ်ယောက်ကလည်း ရေးသင့်တာပေါ့
သူပြောခဲ့တာလေးတွေထဲက မှတ်မိသလောက်ပြန်ရေးပါ။ ရေးပြီး ကျွန်တော့်ကို ပြန်ပြပေါ့ လို့ ပြန်ပြောပါတယ်။
အခု ပြန်ရေးကြည့်တော့ တချို့စကားတွေက အသံဖမ်းထားတာ မဟုတ်လို့ အမှားပါသွားရင် မကောင်းဘူးဆိုတဲ့ စိုးရိမ်စိတ်ကဝင်လာပါတယ်။
ဒီလောက်ပဲ ပြန်ရေးသင့်တယ်ပေါ့ဗျာ။ သိတ်ပြီး ကြီးကျယ်ခမ်းနားလှတယ်ရယ်လို့ မဟုတ်ပါဘူး။
အဲဒီ ညက ကျွန်တော့်ဘဝမှာ အမှတ်တရ ဖြစ်နေခဲ့ပါတယ်…။
ဒီနေ့ ကိုငှက်ရဲ့ အသက် ၄၉ နှစ်မြောက်မွေးနေ့ ခင်ဗျ။
ရှင်စောပုလမ်းက ဓမ္မစေတီ ကျောင်းတိုက်မှာ မိသားစုက အမှတ်တရ ဆွမ်းကပ်လှူပါတယ်။
ကိုသိမ်းတင်သားက ၁ဝ နာရီလာခဲ့ ဆိုပေမယ့် ကျွန်တော်က ၉ နာရီကတည်းက ရောက်သွားပါတယ်။
ကျောင်းရှေ့မှာ ကိုငှက်ရဲ့ မိတ်ဆွေကြီး ကိုဇော်သစ်က ထိုင်နေပါတယ်။
ဒါနဲ့ ကျောင်းတိုက်ထဲဝင်ခဲ့တော့ ကျွန်တော့် သူငယ်ချင်း ကိုငှက် ရဲ့ ညီ အောင်အောင်နဲ့ တွေ့ပါတယ်။
လာရင်းအကြောင်းကို ပြောပြပြီး ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။
သူနဲ့လည်း ကိုငှက်ရဲ့ ၄၉ နှစ်မြောက်မွေးနေ့ ဖီလင်လေး မေးဖြစ်ပါတယ်။
ကိုငှက် ရဲ့ ညီ အောင်အောင် (ဒီမွန်)ရဲ့ စကားသံလေးတွေဖတ်ကြည့်ပါဗျာ။
သူ့အတွက် ဆရာနိုင်ဇော်ရေးတဲ့စာအုပ်လေးလည်း ထွက်မှာပေါ့။
အိမ်မှာကတော့ အမြဲတမ်း ပဲ သူရှိသလိုပဲပေါ့။ ခရီးသွားသလိုပဲ သူ့ကို ဘယ်သွားသွား သတိရနေကြတာပေါ့။
ဒီဟာကလည်း စာအုပ်ထွက်တဲ့ အထိမ်းအမှတ်လေးရော ၄၉ နှစ်ပြည့်ပေါ့။ နောက်နှစ်ဆိုလို့ရှိရင် သူ့ရဲ့ နှစ် (၅၀) ပြည့်
ရွှေရတု…။ အဲဒီမှာ ကျတော့ သူ့ အမှတ်တရ အစီအစဉ်လေးတွေ လုပ်ဖို့ အစီအစဉ်ရှိတယ်။
ရှိုးလေးတွေဘာလေးတွေနဲ့ တွဲပြီးပေါ့…။ မိသားစုတွေအနေနဲ့ကတော့ အမြဲတမ်း သူ့ကို အိမ်မှာ ရှိနေတဲ့လူတစ်ယောက်လိုပဲ
သတ်မှတ်ထားတာပေါ့နော်…။ အမြဲတမ်းလည်း သတိရကြတယ်။ သူ့အကြောင်းလည်း အမြဲတမ်း အိမ်မှာပြောဖြစ်တယ်။
ထမင်းစားတိုင်း၊ မိသားစုဆုံတိုင်း သူ့ကို သတိရကြတယ်…။
ပြီးတော့ အောင်အောင်က ကိုငှက် ရဲ့ မိတ်ဆွေရင်းကြီး ကိုဇော်သစ် (နှင်းဆီလှိုင်း) နဲ့ စကားပြောဖို့ မိတ်ဆက်ပေးပါတယ်။
ကိုဇော်သစ်က ရဲသွင်ရဲ့ စွန့်စားမယ်ကိုယ့်အချစ်ရဲ့ လိုက်ရဲလား ဆိုတဲ့ သီချင်းရဲ့လက်ရာရှင်ပါ။
ကိုဇော်သစ်ကလည်း ခံစားချက်အပြည့်နဲ့ ကိုငှက်နဲ့ ပတ်သက်တဲ့ ဖီလင်ကို ပြောပြပါတယ်။
ဒါပေမယ့် ကျွန်တော့် ဖုန်းအသံဖမ်းစက်က ဘယ်နေရာမှာချို့ယွင်းသွားတယ် မသိပါ။
တစ်ဝက်တစ်ပျက်ကြီးနဲ့ ရပ်သွားလို့ နှမြောတသ ဖြစ်ခဲ့ရပါတယ်။
စိတ်ပါလက်ပါ လေးလေးစားစား ပြန်ဖြေပေးခဲ့တဲ့ ကိုဇော်သစ်ကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ…။
ဒါ ကျွန်တော့်ရဲ့ ပထမဆုံး အင်တာဗျူးအတွေ့အကြုံဆိုတာတော့ မှတ်တမ်းဝင်သွားခဲ့တာပေါ့။
အဲဒီနောက်မှာတော့ ၁ဝ တန်းကို 5D နဲ့ အောင်သွားတဲ့ ထူးအိမ်သင်ရဲ့ သမီးလေး မိကွန်ထောကို ဓါတ်ပုံရိုက်ခဲ့ပါတယ်။
ကိုငှက် သီချင်းတွေထဲက ချွဲတတ်တဲ့ ဂန္ထဝင် အမေ ကို ဓါတ်ပုံရိုက်ခဲ့ပါတယ်။
အင်တာဗျူးလုပ်ချင်ပေမယ့် လူများလာတော့ နည်းနည်း ရှက်စိတ်ဝင်လာတယ်ခင်ဗျ…။
မရိုက်ဖြစ်ခဲ့ဘူးပေါ့ခင်ဗျာ…။
အဲဒါနဲ့ မိကွန်ထောနဲ့ ပွဲလာသူတချို့ကို ဓါတ်ပုံပဲ ရိုက်ခဲ့ပါတယ်။
ဇော်ဝင်းထွဋ်က FM တစ်ခုရဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
ထူးအိမ်သင် ဆိုတဲ့လူဟာ အမေ့အိမ် ဆိုတဲ့ သီချင်းတစ်ပုဒ်ထဲနဲ့ ကမ္ဘာပေါ်မှာ လူလာဖြစ်ရကျိုးနပ်သွားပါပြီတဲ့။
ဟုတ်ပါတယ်။
ထူးအိမ်သင်ဟာ လူဖြစ်ရကျိုးနပ်ခဲ့တဲ့ လူတစ်ယောက်ပါ။
အဲဒီလူတစ်ယောက်ကို ဒီနေ့ ဒီပို့စ်လေးနဲ့ ဂုဏ်ပြုပါတယ်။
ထူးအိမ်သင်ကို
လေးစားချစ်ခင်တဲ့
ဘလက်…။
1st, JULY, 2012
ညနေ ၅း၁၅
Ko Out Of… အတွက် လောကကြီးရဲ့ မောင်းနှင်အား သီချင်းလေး တင်ပေးလိုက်ပါတယ်။
lawkagyiyaemaunghninarr
63 comments
Min Latt
July 3, 2012 at 3:58 am
ထူးအိမ်သင်ကို…..
ကျွန်တော်လေးတန်းလောက်ကစပြီး “နာရီပေါ်မှမျက်ရည်စက်များ”ဖြင့်ရင်းနှီးခဲ့ရပါသည်။
ထိုအချိန်ကသီချင်းစာသားအားနားမလည်ခဲ့သော်လည်းအလွတ်ရခဲ့သည်။
ဂစ်တာစတင်တီးသောအချိန်တွင်သူ့သီချင်းများထဲမှကော့ဒ်အတွဲအစပ်များအားခက်ခဲစွာ
လေ့လာခဲ့ရပါသည်။(ဂီတစာအုပ်များနှင့်အလှမ်းဝေးသောအညာမြို့လေးတစ်မြို့တွင်ကြီးပြင်း
ခဲ့ရသောကြောင့်)
အေးမြသောအညာ၏ဆောင်းညများတွင်”တစ်ဆောင်းသစ်ပြန်ပြီ”အားအိမ်ရှေ့ထနောင်းပင်
အောက်တွင်လက်များထုံနေသည့်ကြားမှသူငယ်ချင်းများနှင့်တီးကြဆိုခဲ့ကြသည်။
သုံးနှစ်လောက်လေလွင့်နေခဲ့သောအချိန်တွင်”ဂျပ်ဆင်ထိပ်ကလရိပ်ပြာ”နှင့်သာ
စိတ်ဖြေနေခဲ့ရသည်။
အိမ်နှင့်ဝေးသောနေ့များတွင်အမြဲနားထောင်ခဲ့ရသော”အမေ့အိမ်”။
“ဝေးသွားတဲ့အခါ။ကလေးရေ။သီချင်းလေးသက်သေ။ရင်ခုန်ရင်အချစ်….”
စသည့်တေးများနှင့်လည်း Soft Jazz ဂီတအားရင်းနှီးစေခဲ့သည်။
ငယ်စဉ်မှစ၍ယခုတိုင်ကြိုက်နှစ်သက်ရသော”ထူးအိမ်သင်”၏ ၄၉ နှစ်ပြည့်အတွက်ဓာတ်ပုံများ
နှင့်တကွတင်ပေးသောကိုချောအားကျေးဇူးအထူးတင်ပါသည်။
အသင်းဝင်အသစ်တစ်ယောက်အနေဖြင့်အမှားပါခဲ့လျင်ခွင့်လွှတ်ပါ။
မင်းလတ်။
Pauk Sah
July 11, 2012 at 10:59 pm
ကျွန်တော်လေးစားမြတ်နိုါ်ရတဲ့ (ကို)ထူးအိမ်သင်အကြောင်းသတိတရ ဖြစ်ကြသူများရှိသေးလို့ဝမ်းသာကြောင်း..ကျွန်တော်လည်း ကိုမင်းလတ်လိုပါဘဲ
ကိုရင်မောင်
July 3, 2012 at 5:33 am
ကိုဘလက်ရေ…အမေ့အိမ် ဆိုတဲ့သီချင်းလေးဟာ မိဘတွေမရှိတော့တဲ့
ကျနော်တို့အတွက် နားထောင်လိုက်ရတိုင်း မိဘတွေကိုလွမ်းဆွတ်သတိရ ရပါတယ်…
မိဘတွေကိုလွမ်းဆွတ်တိုင်လဲ နားထောင်ချင်မိတဲ့သီချင်းလေးပါ..
( ထူးအိမ်သင် ကို လွမ်းကြသူများ )ပို့စ်ကို ရေးတဲ့ကိုဘလက်ကို ကျေးဇူးတင်ပါတယ်..
ကျနော်တို့သဘောကျတဲ့ ကိုထူးအိမ်သင် ရဲ့ချစ်မိခင် ချစ်သမီးငယ် တို့ကိုမြင်ခွင့်ရလိုက်လို့
ပါ… ထူးအိမ်သင်ရဲ့ ဘဝအကြောင်းတွေများ မန်းလေးဂဇက်ပေါ်တင်ပေးလျှင်
ဖတ်ချင်ပါသေးတယ်…ကိုဘလက်ကြီးရေ….
Crystalline
July 3, 2012 at 6:53 am
ထူးအိမ်သင်သီချင်းတွေကို အစ်ကိုတွေဂစ်တာတီးဆိုနေတာကြားပြီးရင်းနှီးခဲ့ရတယ်.. နည်းနည်းသိတတ်လာတော့ အသံကောင်းတယ် သီချင်းလေးတွေနားထောင်ကောင်းတယ် လို့သာမာန်မှတ်ချက်ပြုမိပေမယ့်… အနုပညာကိုခံစားလာတတ်လာတဲ့အချိန်ပြန်နားထောင်တော့ သူဘယ်လောက် အဆိုနပ်တယ်..ဂီတကိုရူးသွပ်ခဲ့တယ်.. ဂီတသင်္ကေတတွေကိုလေ့လာကျွမ်းကျင်တယ်… အရေးအတွေးကောင်းတယ်ဆိုတာကို ပိုနားလည်လာပြီး အရမ်းနှမျောမိတယ်…
သူပန်ထားတဲ့ပန်းနီနီဆိုတဲ့ သူ့သီချင်းလေးနဲ့ ဂစ်တာစတီးတတ်ခဲ့တာလည်းအမှတ်တရပါ.. လူတော်လူကောင်းတွေဘာကြောင့်များ လောကမှာကြာကြာမနေရလဲမသိပါဘူးနော်.. အခုအောင်မြင်နေတဲ့အဆိုတော်တွေ ထူးအိမ်သင်လောက် အနုပညာဝမ်းစာပြည့်တဲ့သူမရှိဘူး လို့ထင်ပါတယ်….ယခုအောင်မြင်နေတဲ့အဆိုတော်အချို့ကိုလည်း သူ အဆိုပညာ သင်ပေးခဲ့တယ်.. သေသောသူကြာရင်မေ့ဆိုတဲ့ဆိုရိုးလေးကတော့ ထူးအိမ်သင်အတွက် မဟုတ်ပါဘူး… ရှင်သန်ဆဲသူ့သီချင်းလေးတွေနဲ့အတူသူ့ကိုလည်းယှဉ်တွဲအမှတ်ရ နေကြမှာပါ..… မုဆိုးမဘဝနဲ့ သမီးလေးကို ထူးချွန်အောင်ပြုစုပျိုးထောင်ပေးနိုင်ခဲ့တဲ့ သူ့အမျိုးသမီးကိုလည်း ချီးကျူးပါမိတယ်…သမီးလေးအတွက်လည်းဂုဏ်ယူပါတယ်.. သတိယ ဂုဏ်ပြုပေးထိုက်တဲ့ ထူးအိမ်သင်အတွက် အမှတ်တရပို့စ်လေးတင်ပေးတဲ့ ဦးဦးဘလက်ကို လည်း ကျေးဇူးတင်ပါတယ်နော်.
(သူ့အမျိုးသမီးကို မတွေ့မိဘူးနော်..ကျမမသိလိုက်တဲ့အကြောင်းတခုခုများရှိလားမသိ?? )
kai
July 3, 2012 at 7:39 am
ပုံထဲ.. ပန်းရောင်ဝမ်းဆက်နဲ့က.. (ထူးအိမ်သင်)အမျိုးသမီးဖြစ်ပါတယ်..
မသွယ်သွယ်ထွေး.. တဲ့..
snow white
July 4, 2012 at 12:17 pm
အကိုထူးအိမ်သင်သီချင်းတွေတော်တော်များများတော့ နားထောင်ဖြစ်တယ် စနိုးအဖေကကြိုက်တော့ နားထောင်ဖြစ်တယ် ဘာပြောပြောတကယ့်တန်ဖိုးရှိတဲ့ အဆိုတော် ဆိုလည်းဟုတ်လည်းသီချင်းရေးဆရာဆိုလည်း ဟုတ်တယ် ဒီလိုလူမျိုးကမာ္ဘမှာမရှိတော့ မိဘသိချင်းသီကြူးပေးမယ့် သီချင်းရေးဆရာမရှိသလောက် ဖြစ်သွားသလိုပါဘဲ ။
ကိုပေါက်(မန္တလေး)
July 4, 2012 at 1:32 pm
လေးဘလက်နောက်လိုက်ခြင်းဆိုပီး ပို့စ်လေးတစ်ခုတင်မဗျ….အခုပို့စ်အတွက်လဲ
(ခေါင်းစဉ်အသုံးပြုခပေးရမယ်နော်)
နှင်းဆီ ငုံ
July 4, 2012 at 3:09 pm
အဓိပတိလမ်းကခြေရာများသီချင်းကို အရမ်းကြိုက် … ကျေးဇူးပါ ဘဘဘလက်ရေ…
Gipsy
July 11, 2012 at 11:08 pm
ကိုငှက်ကြီး ခေါ် ထူးအိမ်သင် နဲ့ ရှိုးပွဲတစ်ခုမှာ အတူတူ ဆုံဖူးပါတယ်….။
အဲဒီအခါတုန်းက ကျနော်က ရှိုးပွဲဖြစ်မြောက်ရေး တီးဝိုင်းခေါင်းဆောင် အဖြစ်နဲ့ပါ…။
အခုတော့လည်း သတိတရဖြစ်ရခြင်းနဲ့ အတူ လွမ်းနေမိပါတယ်ဗျာ…။