ဆယ်အိမ်ခေါင်း ရွှေတိုက်
မခင်အုပ် စိတ်ပူစပြုသည်။ သူမယောက်ျား ရွှေတိုက်ကို သူကြီးခေါ်ခိုင်းသည်ဟု ဆိုကာ သူကြီးတပည့်ချာတူး လာခေါ်သွားသည်မှာ နေ့လယ်ခင်း ကတည်းက ဖြစ်သည်။ အခု ညနေ ၅ နာရီထိုးခန့် ရှိနေပြီဖြစ်သည့်တိုင် ရွှေတိုက် တစ်ယောက်ပေါ်မလာသေး။ ဘယ်လို ပြသနာအရေးများ ဖြစ်နေကြသလဲ တွေးပြီး မခင်အုပ် စိတ်ပူနေပါပြီ။ ထိုစဉ် အိမ်ရှေ့ဆီမှ ရွှေတိုက် သူငယ်ချင်း ဗိုက်ဗိုက်စိန် အသံကိုကြားလိုက်ရသည်။
“ရွှေတိုက်ရေ၊ သွားကြစို့ဟေ့၊ နောက်ကျနေပြီ”
ဒီလို ညနေချိန်ဆို ရွှေတိုက်နှင့် ဗိုက်ဗိုက်စိန်တို့ သူငယ်ချင်းတစ်သိုက် ရွာလယ်ရှိ ချောင်ယွန်မတ်၏ အမိန့်ရ ဘီအီးဆိုင် လေးမှာ တစ်ခွက်တစ်ဖလား သောက်နေကြ။ ရွာထဲမှ အပျိုများအကြောင်းအရက်ကလေးတမြမြ နှင့် ဆွေးနွေးငြင်းခုန်နေကြ။ ဆိုင်ပိုင်ရှင် တရုတ်ကြီး ချောင်ယွန်မတ်မှာလည်း ဂေါ်မစွံလူပျိုကြီးဆိုတော့ ရွှေတိုက်တို့ ပြောသမျှ မိန်းမအကြောင်းတွေကို မစားရညှော်ခံ အရသာခံနားထောင်နေကြ။ တစ်ခါတစ်လေများ မိန်းမတွေ အကြောင်းကောင်းကောင်းလေးတွေ နားထောင်ရပြီဆို အမြည်းတောင် အလကားထည့်ကျွေးတတ်သည့် လူပျိုကြီး ဖြစ်ပါသည်။ ဒီနေ့ နည်းနည်းနောက်ကျနေသဖြင့် ဗိုက်ဗိုက်စိန်က ရွှေတိုက်ကို လောအော် အော်လိုက်ခြင်းဖြစ်သည်။
“ရွှေတိုက် မရှိဘူး ကိုဗိုက်ရေ၊ သူကြီးတပည့်ချာတူးလာခေါ်သွားတာ နေ့ခင်ကြောကတည်းကပဲ၊ အခုထိကို ပြန်မရောက်သေးဘူး”
“ဟေ၊ သူကြီးက…
ရွှေတိုက်ကို ခေါ်တယ်၊ ဟုတ်မှလည်း လုပ်စမ်းပါ မိအုပ်ရယ်၊ သူကြီးနဲ့ ရွှေတိုက် ဘယ်တုန်းကမှ မျက်နှာချင်းဆိုင်လို့ မရခဲ့တာ တစ်ရွာလုံးသိနေတာကြီးကို”
“ဟုတ်တယ် ကိုဗိုက်ရေ၊ အခု တကယ်ကြီးကို လာခေါ်သွားတာပါရှင်၊ မယုံရင် သူကြီးအိမ်လိုက်သာသွားတော့”
မခင်အုပ် စိတ်မရှည်တော့သဖြင့် အငေါ်တူးပစ်လိုက်သည်။
“ဟာ သူကြီးအိမ်လိုက်သွားမယ့်အစား ကျားမှီးပဲ ပြေးဆွဲလိုက်တော့မယ်ဟေ့။ ရွှေတိုက် လာရင်သာ ပြောလိုက်တော့ ငါ ချောင်ယွန်မတ် ဆိုင်မှာ သောက်ရင်းစောင့်နေမယ်လို့”
“အေးအေး ပြောလိုက်မယ်”
မခင်အုပ် နှင့် ရွှေတိုက် တို့ အိမ်ထောင်ကျတာ တစ်နှစ်ကျော်ကျော်လောက်တော့ကြာပါပြီ။ မခင်အုပ်တို့ မိဘတွေက လယ်ပိုင်ယာပိုင်တွေနှင့် စားနိုင်သောက်နိုင် ရွာ့မျက်နှာဖုံးများဖြစ်သည်။ ရွှေတိုက်ကတော့ မိဘတွေ မရှိရှာတဲ့ တစ်ကောင်ကြွက်။ သို့ပေမယ့် ရွာမှာ တစ်ဦးတည်းသော ရှစ်တန်းအောင်သူဖြစ်သဖြင့် သမီးရှင်တွေက ပညာတတ်ကလေး ဆိုပြီး သားမက်တော်ချင်နေကြသည့်ကြားမှ မခင်အုပ် နှင့် ညားခဲ့ရခြင်းဖြစ်သည်။ ရုပ်ရည်ကလေးကလည်း ကိုးရီးယားမင်းသားလေးလို ချောမောသဖြင့် ရွာကာလသမီးများ၏ မျက်နှာပေးခြင်းကို ခံရသူဖြစ်သည်။
မခင်အုပ် မှာ ရွှေတိုက် ကို တုန်နေအောင် ချစ်သူဖြစ်သဖြင့် ရွာရှိ လူငယ်တွေလို လယ်ထဲမဆင်းခိုင်းရက်။ အိမ်မှာပင် သက်သာသလို နေစေခဲ့သည်။ ညနေချိန်များဆိုလည်း ရွာထဲက ရွှေတိုက် သူငယ်ချင်း ဗိုက်ဗိုက်စိန် နှင့် အရက်ဆိုင်သွားသည်ကိုပင် ရွှေတိုက်အိပ်ထဲ ပိုက်ဆံ ထည့်ပေးနေကြ။ အဲသည်လောက်ချစ်သည့်လင်။
အခု ပြန်ချိန်တန်လို့ ပြန်မလာတော့ စိတ်ပူရသည်ပေါ့။
ထိုစဉ်
“အုပ်အုပ်ရေ.. ထမင်းပွဲ ပြင်ဟေ့”
ဟု ပြောပြီး ရုပ်တည်ကြီးနှင့် ဝင်လာသော လင်တော်မောင် ကိုရွှေတိုက်ကို တွေ့လိုက်ရသည်။
“ကြာလိုက်တာ ကိုရင် ရယ်၊ ဘာတွေများ ပြောနေဆိုနေကြလို့ ဒီလောက်ကြာနေရတာလဲ။ ခုနက ကိုဗိုက်တောင် ဆိုင်ကိုသွားနှင့်ပြီ လိုက်ခဲ့လို့ အော်သွားသေးတယ်။ လိုက်မသွားတော့ဘူးလား”
လင်တော်မောင်၏ ညနေတိုင်း ပြုနေကျ အရက်သောက်ဖို့ မေ့များသွားလေသလား ဆိုပြီး သွေးထိုးစမ်း မေးလိုက်ခြင်းဖြစ်သည်။
“ဟာ ဒီကောင် ငဗိုက် လုပ်တာနဲ့ ကျုပ် သိက္ခာကျတော့မှာပဲ။ နောက်လာခေါ်ရင် တစ်ခါတည်းအပြတ်ပြောထား လိုက်။ ရွှေတိုက် အရက်မသောက်တော့ဘူးလို့၊ အဲဒီ တရုတ်ဘိန်းစား
ချောင်ယွန်မတ် ဆိုင်ကိုလည်း ဘယ်တော့မှ မသွားတော့ဘူးလို့”
မခင်အုပ် အံ့ဩသွားသည်။ အံ့ဩဝမ်းသာ ဆိုတာက ပိုမှန်ပါလိမ့်မည်။ ယောက်ျား နေ့တိုင်းအရက်သောက်နေတာ ကို ကျေနပ်နေသည့် မိန်းမ ဒီကမ္ဘာမှာ ရှိလိမ့်မည်ဟု မထင်ပါ။ အခု ရွှေတိုက်က အရက်မသောက်တော့ဘူး ဆိုတော့ ပျော်လိုက်သည့်ဖြစ်ခြင်း။ အင်းဒီနေ့တော့ ငါ့ယောက်ျား စိတ်ချမ်းသာအောင် လိုက်လိုက်လျောလျောနေမှဟုလည်း တွေးလိုက်မိသည်။
“ကိုရင် ထမင်းခူးလိုက်တော့မယ်နော်”
“ထမင်းဝိုင်း ပြင်စေဗျား”
ဗုဒ္ဓေါ ထမင်းဝိုင်းပြင်စေ ဆိုပါလား။ အပြောအဆိုတွေလည်း ထူးလို့။ တစ်ခုခုတော့ တစ်ခုခုပဲ။ အို ဘာပဲ ဖြစ်ဖြစ် အရက်မသောက်တော့ဘူးဆိုတဲ့ စိတ်လေး ပြောင်းသွားဦးမယ်၊ အသာ နေမှ ဟုတွေးပြီး ကြမ်းပြင်မှာ စားနေကျ ထမင်းဝိုင်းကို စားပွဲအစုတ်သေးသေးလေး ပေါ်တင်ပြီး ပြင်ပေးလိုက်သည်။
“ကိုရင်၊ စားလို့ရပြီ”
ထမင်းပွဲ ဆိုလို့ အထင်မကြီးပါလေနှင့်။ ငါးပိရည်ကျိုတစ်ခွက်၊ နောက်ဖေးက ဟင်းသီးဟင်းရွက်စိုက်ပျိုးထားတာလေးတွေ ခူးပြီး တို့စရာလုပ်ထားတာက တစ်ပန်းကန်၊ ဘဲဥချည်ရည်ဟင်းပန်းကန်လေးထဲက ဘဲဥလေးနှစ်လုံး၊ ဒါပဲဖြစ်သည်။
ဒါကိုပင် ရွှေတိုက်က ထမင်းပွဲပြင်စေဗျားလို့ ပြောခြင်းဖြစ်သည်။
သူမလင်တော်မောင်ကို သူမ ချစ်ပါသည်။ ဒါကြောင့်ပြောချင်သလိုသာ ပြောပေ့စေ။
မသိချင်ယောင်ဆောင်နေတော့မည်ဟုလည်း တွေးထားလိုက်ပါသည်။
ထမင်းစားပွဲ ရှေ့ချပေးလိုက်တော့မှ သတိထားမိသည်။ ရွှေတိုက်မျက်ဝန်းမှာ မျက်ရည်တွေ ဝဲလျက်ပါလား…။
ဘုရားရေ…။ သူကြီးနဲ့ ငါ့ယောက်ျား ဘာများဖြစ်ခဲ့လေသလဲ။ ဒီသူကြီးဆိုတဲ့လူကြီးက အတော်ဂွကျတဲ့လူကြီး။ ငါ့ယောက်ျားကို တစ်ခုခုများလုပ်လို့ကတော့ သင်း အိမ်ရှေ့သွားပြီး ထဘီအလံထူပစ်လိုက်ဦးမယ်။
“ကိုရင် မျက်ရည်တွေဝဲလို့ပါလား။ မထိတ်သာ မလန့်သာ ရှိလိုက်တာ၊ ဘာများဖြစ်လို့လဲ၊ အုပ်အုပ် ကိုပြောပါဦး”
ရွှေတိုက်က ယူကြုံးမရသံကြီးဖြင့်
“အော် အမေ၊ အမေ၊ အသေစောရှာတယ်။ အမေချစ်တဲ့သား ငရွှေတိုက် တစ်ယောက် အခုလို ရာထူးရာခံတွေနဲ့ ကြီးပွားနေပြီဆိုတာ သိမသွားလိုက်ရရှာဘူး”
ဟု ပြောလိုက်သည်။
မခင်အုပ် အံ့ဩသွားသည်။ ရာထူးရာခံတွေနဲ့ ကြီးပွားနေသတဲ့။
“ဘယ်လိုရာထူးရာခံတွေလဲ ကိုရင်ရယ် အုပ်အုပ်ကိုလည်း ရှင်းပြစမ်းပါဦး”
ရွှေတိုက် က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပါသည်။
“မင်းယောက်ျား ရွှေတိုက်က အရင် ရွှေတိုက် မဟုတ်တော့ဘူးကွယ်။ တောင်ဘက်က ငါးအိမ်၊ မြောက်ဘက်က ငါးအိမ်ကို ဆယ်အိမ်ခေါင်းလုပ်အုပ်ချုပ်ဖို့ သူကြီးက ခန့်အပ်လိုက်ပြီကွဲ့။ အခု ဆယ်အိမ်ခေါင်း ရွှေတိုက် ဖြစ်သွားပြီ။ အဲဒါကို အမေသာရှိရင် ဘယ်လောက်ဂုဏ်ယူလိုက်မလဲ…ဆိုပြီး စိတ်မကောင်းဖြစ်နေတာပါကွယ်၊ အော် အမေအမေ
ထပြီး ကြည့်လှည့်စမ်းပါတော့၊ အမေ့သားရွှေတိုက် အခု ကောင်းစားနေပြီဗျ အမေရ”
လေးတန်းသာအောင်ထားသော မခင်အုပ် အဖို့ သူ့ယောက်ျား ရှစ်တန်းအောင် ရွှေတိုက်၏ စကားက ထီပေါက်သကဲ့သို့ ဝမ်းသာပီတိဖြစ်စေခဲ့ပါ၏။
“ဝမ်းသာလိုက်တာ ကိုရင်ရယ်။ ရွာထိပ်က ဗေဒင်ဆရာ ကိုရင်စည်သူ ဟောချက်များ ကွက်တိကို မှန်နေတော့တာပဲ။ နင် တစ်နေ့ ကတော် ဖြစ်ဦးမှာတဲ့…။ ဟောချက်များ ကွက်တိပဲတော်။ အခု ဆယ်အိမ်ခေါင်းကတော် ဖြစ်ပြီလေ။ အဖေနဲ့ အမေတို့ သိရင်လည်း ဝမ်းသာလိုက်ကြမယ့် ဖြစ်ခြင်း။ ဒါနဲ့ ဆယ်အိမ်ခေါင်းဆိုတာ စစ်တပ်မှာဆို ဘာရာထူးလောက် ရှိမလဲ ကိုရင်ရယ်”
ရွှေတိုက်က ခက်ခက်ခဲခဲ စဉ်းစားရလေဟန်ဖြင့်
“အင်း…။ စစ်တပ်မှာဆိုရင်တော့ ဗိုလ်ကြီး ရာထူးလောက် ရှိလိမ့်မပေါ့ကွယ်”။
မခင်အုပ် ကျေနပ်သွားပါသည်။ ဆယ်အိမ်ခေါင်းကတော် ဖြစ်ခွင့်ရခဲ့သဖြင့်လည်း လင်တော်မောင် ရွှေတိုက်ကို ပိုမိုလေးစားချစ်ခင်စိတ်များ တစ်ဖွားဖွားပေါ်ပေါက်လျက်သာ ရှိနေခဲ့သည် ဟူသတတ်။
ရွှေတိုက်က စကားဆက်ပြန်သည်။
“သူကြီးက တစ်ခါတည်း မှာလိုက်တယ်။ မင်းဟာ သာမန်လူတစ်ယောက်မဟုတ်တော့ဘူးတဲ့။ တောင်ငါးအိမ် မြောက်ငါးအိမ် အိမ်ဆယ်အိမ်ရဲ့ အကျိုးကို သယ်ပိုးထမ်းရွက်ဖို့ တာဝန်အပ်နှင်းခြင်းခံရပြီဖြစ်တဲ့အတွက် အရက် မသောက်တော့ဖို့လည်း မှာလိုက်တယ်။ ဒီတော့ ဒီနေ့က စပြီး ဗိုက်ဗိုက်စိန်တို့ နဲ့ ဆိုင်မှာ အရက်သွားမသောက်တော့ဘူးကွယ်။”
သူ့ယောက်ျား အရက်မသောက်တော့ဘူးဆိုသဖြင့် မခင်အုပ်ပျော်သွားပါသည်။ သို့သော်…
“အိမ်မှာပဲ ဝယ်ပြီး လူမသိအောင် ခွက်ပုန်းလေးပဲ သောက်တော့မယ်”
ဟု စကားက ဆက်ပါလာသဖြင့်
“အို ဆိုင်မှာ သွားသွားသောက်နေတာထက်စာရင် အိမ်မှာ လူမသိသူမသိသောက်တာက အများကြီးသာပါသေးတယ်” ဟု အတွေးကို ဆက်တွေးလိုက်ရပါတော့ သတည်း…။
နောက်နေ့တွင်တော့ ရွှေတိုက် တို့ လင်မယားအိမ်အဝင်ဝမှာ ဆိုင်းဘုတ်သေးသေးလေးတစ်ခု ချိတ်ဆွဲလျက် တွေ့ရပါသည်။
ဆယ်အိမ်ခေါင်း ရွှေတိုက်
ဇနီး ဒေါ်ခင်အုပ်
ဟူ၏။
ပြီး
(ဝန်ခံချက် ။ ။ ဆရာတက္ကသိုလ်မင်းမော် ၏ ကျုပ်တို့ရွာက ဆယ်အိမ်ခေါင်းကဗျာအား မှီငြမ်းရေးသားပါသည်)
44 comments
ပစ်စလက်ခတ် မျက်ရည်
July 3, 2012 at 6:37 am
ဟာသတွေ မရေးပါနဲ့လားဗျာ …
ငိုချင်နေပါတယ်ဆိုမှ …
ဟင့် ..ဟင့် …
သူများမျက်ရည်ပေါက်ကြီးငယ်ကျနေတာကို
ပျက်ရယ်ပြုသလား ကွယ်….
ရင်ထဲမချိတော့ ….
လွတ်ကျသွားတဲ့ ဘီယာဂျား ..
အဲ့လေ.. ဖလား ….
ဘယ့်နှယ့်ဖြေသိမ့်ရမှာဒုန်းဟုန်းဟုန်း….
🙁
htoosan
July 3, 2012 at 7:05 am
ပြီးလို့တော့ မရဘူးထင်တယ်နော်.. တစ် ပြီးတာဘဲ ဖြစ်ပြီး နှစ် သုံး ဆက်လာဖို့ ဒီမို ရွာက ဝိုင်းတောင်းဆိုလိမ့်မယ်နော် … ချောင်ယွန်မတ်တို့ ဗိုက်ဗိုက်စိန်တို့ က ဒီလို ဘယ် အလွတ်ပေးလိုက်မလဲ။ 😀 😀
ဦးဦးပါလေရာ
July 3, 2012 at 7:52 am
ဆယ်အိမ်ခေါင်း ဗိုလ်ကြီး ရွှေတိုက်ခမျ…
ကျနော့်ကိုလဲ မေ့မထားပါနဲ့ ….. 😀
Shwe Tike Soe
July 3, 2012 at 9:43 am
အင်းပါ ဦးလေးရယ် ကားပါမစ်တွေ သူကြီးဆီက ပြောပေးပါမယ်ဗျာ….. ငှဲငှဲငှဲ…
အာဒကေ လေးတော့ လာထားနော်…ငွင်းငွင်းငွင်း
Wow
July 3, 2012 at 10:56 am
ရုပ်ရည်လေးကျ ကိုရီးယားမင်းသားနဲ့ တူပြီး အရပ်လေးကျမှ မသိမသာလေးကွာသွားတယ်နော် ကိုရွေတိုက်….
Crystalline
July 3, 2012 at 7:55 am
ရုပ်ပြလေးပါဆွဲလိုက်ရင် ပိုမိုက်သွားမယ်.. ဦးဦးဘလက်အခန်းဆက်ရေးရင်တော့ ရုပ်ပြစာအုပ်ကောင်းကောင်းထုတ်လို့ရတယ်နော်..
kai
July 3, 2012 at 8:24 am
တချို့.. ဂငယ်ဂျပန်မတွေအတွက်တော့.. မှားမယ်ထင်မိတယ်..
ဂျပန်ပြည်ဆင်းရဲတုံးကများ.. ဆာကေးကို.. ကြက်ဥအစိမ်းနဲ့.. မျှောချရင်..ကိုးဆယ့်ခြောက်ပါးပျောက်တယ်.. ယုံကြတဲ့.. ဆေးပဲ..
ဆိုတော့…
အစား..
လို့.. ကတော်ဘွဲ့တပ်/ပြင်ပေးလိုက်ကြောင်း..
ပစ်စလက်ခတ် မျက်ရည်
July 3, 2012 at 8:32 am
ချမ်းသာလာတော့လည်း မထူးပါဘူး..
အဲ့ဒီ့ နိဟွန်းရှူး ကို တဲ့ဘစကိ လေးနဲ့ …အကျအန
သောက်ခိုင်းပီး ငတိဒွေ ရီဝေ ထုံထိုင်းလာမှ ..
ဆမန်သာ ဗယ်ဂါ လေး …လျူးဝစ်စ် ဗစ်တန်လေး
ပူဇာတတ်ကြသေး … နားအေးပီးရော ဂေါင်းငြိမ့်မိ..
(တမင်ငြိမ့်တာလား ဇက်ကျိုးကျတာလား မဆိုနိုင်)
ဂလိုနဲ့ …
လကုန်လို့ ဆေဲးကျူး ရောက်လာမှ …အော်မယ်ငီး..
အလာ ကယ်ပါ အသွား ကယ်ပါ ..အသွားအပြန် ကယ်ပါ…
🙁
မျက်ရည်များတောင် လည်လာဘီ …
ဟင့်
Shwe Tike Soe
July 3, 2012 at 9:49 am
ကျေးဇူးပါသူကြီးမင်းရယ်…. အိမ်က ချစ်သု.အုပ်က ကျေးဇူးဆပ်တဲ့အနေနဲ. သူကြီးကတော်ကို မန်းတလေး ကြိုးကြီးချိတ် စပယ်ရှယ်အော်ဒါ နှစ်ထည်နဲ. သူကြီး အတွက် ချိပ်ပက်ခ် ငှက်ပျောဖူး တစ်လုံး လက်ဆောင်ပေးခိုင်းလိုက်ပါတယ်ခင်ဗျာ…….
စိတ်ဆိုးလား ဟင်……….. ခိခိ 😀
surmi
July 3, 2012 at 8:40 am
ခေါင်းကတော်ကိုယ်တိုင်နှိတ်ပါမှ
သူအိပ်တယ်လေး တဲ ့
အလယ်တန်းတုန်းကသင်ဖူးတဲ ့ကဗျာလေး ဆိုတော ့
ခေါင်းကတော် ဘယ်ကိုများနှိတ်သလဲလို ့ သိချင်သေးဗျာ ။
kyeemite
July 3, 2012 at 8:49 am
ရွာ့အကျိုးတော်ဆောင်ရွက်နေသော
ကိုရင်ရွှေတိုက်တစ်ယောက်
ဆယ်အိမ်ခေါင်း ရာထူးတိုးသွားလို့
ဝမ်းသာပါသဗျို့..အုပ်ထိန်းသူကြီးအတွက်လည်း
ဂုဏ်ယူပါ၏။..အင်း..ဗိုက်ဗိုက်စိန်ရှိတဲ့..ချောင်ယွန်မတ်ဆိုင်လိုက်သွားလိုက်အုံးမယ်..
မောင်ပေ
July 3, 2012 at 8:58 am
ခေါင်းကတော်အိပ်ခါမှ
နိတ်တာဆီ အသာဂိုးတယ်
ဆယ်အိမ့် အကွက်ဘဲ။
အူးဘလက်စာကိုဖတ်ပြီး အူးဆာမိ ကွန်မင့်ကိုဖတ်ပြီး ဆက်လက် အုန်းစားသည်။
water-melon
July 3, 2012 at 9:06 am
အော် တိုရွှေထိုက်ခမျှမှာလည်း
ခေါင်းဖြစ်လိုက် စုံထောက်ဖစ်လို်က်နဲ့
သနားပါတယ်
Shwe Tike Soe
July 3, 2012 at 9:52 am
ဟေ ဖရဲမ ဆယ်အိမ်လေးတော့ ထည့်ခေါ်ပါအေ…ညည်းနှယ့် ခေါင်း တဲ့ အသည်းယားထာအေ…..
နီနဲ.ဆက်ဆံနေကြ နာမည်တွေ မခေါ်ပါနဲ.အေ………..ဟိဟိဟိဟ 😀
Foreign Resident
July 4, 2012 at 7:58 am
” ဟေ ဖရဲမ ဆယ်အိမ်လေးတော့ ထည့်ခေါ်ပါအေ…ညည်းနှယ့် ခေါင်း တဲ့ ”
အမှန်ကတော့ နာမည်လေးသာ ဆိုးတာပါ ။
အလုပ်လေးကတော့ ။ ဟဲဟဲ ။
အဘ အိမ်က Home minister ကသာခွင့်ပြုရင် ၊
အားတဲ့ အချိန်တွေမှာ လုပ်အားပေး တောင် သွားလုပ်မလားလို့ ။
ဆူး
July 3, 2012 at 9:20 am
အော်.. တနေ့တုန်းက ၃၅၀ဝ နဲ့ ဈေးမှာ သွားရောင်းမယ် ဆိုပြီး ပြောနေလို့ စိတ်ဆိုးသွားတာ.. အခုတော့လည်း ရာထူးရလို့ အဆင်ပြေသွားပြီ နဲ့တူတယ်။
မွန်မွန်
July 3, 2012 at 9:43 am
သူကြီး…ဂေဇက်ရွာထဲမှာဆိုရင် ဆယ်အိမ်ဆိုတာ ဘယ်နားက ဘယ်နားကို ခေါ်တာတုန်း… 🙂
ဦးလေးဖြူကြမ်း…. အခန်းဆက်ကို စောင့်နေမယ်နော်…ဒါဗြဲ…
ဦးဦးပါလေရာ
July 3, 2012 at 9:53 am
ဘာပဲဖြစ်ဖြစ်
ရာထူးရပြီဆို ပြေးဂါထားတာမမှားဘူး…
ဆယ်အိမ်ခေါင်းမင်းခမျ…
ဂျင်းသုတ်နဲ့ ငရုတ်သီးဟင်းလေး လာပို့ပါတယ်… 😀
Shwe Tike Soe
July 3, 2012 at 10:01 am
ဈေးဦးပေါက် ထောင်ခေါ်ရာခေါ် သိမ်းခေါ်သောင်းခေါ် သူတော်ကောင်းပို.စ်….
ရွှေတိုက်ကတော့ မိဘတွေ မရှိရှာတဲ့ တစ်ကောင်ကြွက်။ သို့ပေမယ့် ရွာမှာ တစ်ဦးတည်းသော ရှစ်တန်းအောင်သူဖြစ်သဖြင့် သမီးရှင်တွေက ပညာတတ်ကလေး ဆိုပြီး သားမက်တော်ချင်နေကြသည့်ကြားမှ မခင်အုပ် နှင့် ညားခဲ့ရခြင်းဖြစ်သည်။ ရုပ်ရည်ကလေးကလည်း ကိုးရီးယားမင်းသားလေးလို ချောမောသဖြင့် ရွာကာလသမီးများ၏ မျက်နှာပေးခြင်းကို ခံရသူဖြစ်သည်။
ဦးဘလက်ရယ် အဲလိုကြီးပြောတော့ ဒီက ရှက်ထာပေါ့လို. အဟင့်…
ဇာတ်လမ်း ဇာတ်ကွက်ကို ကဗျာလေးဖတ်ယုံနဲ. သရုပ်ဖော်ရေးသားနိုင်တဲ့ ဦးဘလက် လက်စွမ်းကတော့ ပီပြင်ပ…(ဒါပေမယ့် ချစ်သူ.အုပ်ကလေးကတော့ ဒီပို.စ်ဖတ်နေရင်း လက်တွေ ယားနေလောက်ရောပေါ့အေ… အဟင့်အဟင့် ပြောရင်းဆိုရင်း နားတွေ ယားလာလိုက်တာ… ခိခိခိ)
ဦးဘလက်ကို ဘလက်တက်စီနဲ.ခေါ်ပီး ဘလက်လေဘယ်နဲ. ရွာထိပ်က ချောင်ယွမ်မတ် ဆိုင်မှာ ဧည့်ခံရမယ်…. (ဒါပေမယ့် ဦးဘလက်ရယ် ကျွန်တော် အဖေကတော့ ၄၂နှစ်မှာ ဆုံးသွားတယ်ဗျာ…… 🙁
ခိခိခိ ခစ်ခစ်ခစ် ခွိခွိခွိ 😛 😀 B-)
Ma Ei
July 3, 2012 at 10:52 am
ရွာထဲ မရောက်တာ တစ်ရက်နှစ်ရက်ရှိသေးတယ်…
အတော်ပြောင်းလဲ နေပြီကိုး…
amatmin
July 3, 2012 at 10:56 am
ချောင်ယွန်မတ် ဆိုင်ကထွက်လာတဲ့..တိကျတဲ့သတင်းအရဆို…
မခင်အုပ်ကို..ဗိုက်ဗိုက်စိန် နဲ့ ရွှေတိုက်.
လူပျိုဘဝတုန်းက အပြိုင်ပိုးခဲ့တာ..
ကိုဘလက် ရေးဖို့မေ့ကျန်ခဲ့တယ်ထင်ပ… 🙂
ကိုရင်မောင်
July 3, 2012 at 11:06 am
ကျုပ်တို့ရွာက ဆယ်အိမ်ခေါင်း
သူကြီးခေါ်၍
ဘာသော်မသိ လာခဲ့မိသည်
သူ၏စိတ်မှာ တထင့်ထင့်။
သူကြီးမင်းက
တောင်ကငါးအိမ် မြောက်ငါးအိမ်ကို
ဆယ်အိမ်ခေါင်းလုပ် မင်းအုပ်ချုပ်လေ
အမိန့်ခြွေသော်
နေမထိနိုင်မသာ ပီတိဖြာသည်
ပြန်လာနှစ်သိမ့် တစိမ့်စိမ့်။
အိမ်ပြန်ရောက်သော်
ပွဲတော်ပြင်စေ သူခိုင်းလေလျှင်
ခိုင်းနေမကျ ဟန်မလှ၍
မိန်းမစိတ်မှာ မသင်္ကာ
မသင်္ကာ၍
ဘာများဖြစ်လာ မေးစမ်းပါလည်း
ဘာတစ်ခုမှ မေးမရ။
သူခိုင်းစေရာ
စားနေကျဟင်း မောင်းထမင်းနှင့်
ကြမ်းခင်းပေါ်တွင် အသင့်ပြင်လည်း
သူဝင်မစား မျက်နှာထားနှင့်
စားဖွယ်ဘောဇဉ် စားပွဲတင်စေ
ခိုင်းပြန်လေလျှင်
ခိုင်းမနေမကျ ဟန်မလှ၍
မိန်းမစိတ်မှာ မသင်္ကာ။
သူခိုင်းစေရာ
ကြံဖန်ရှာလျှက် ကျူဖျာကြွက်ဖောက်
တောင်းကိုမှောက်
တောင်းမှောက်ပေါ်တွင် ဆန်ကောတင်
ဆန်ကောပေါ်တွင် ပုဆိုးတင်
ပုဆိုးပေါ်တွင် ပွဲတော်ပြင်။
ပွဲတော်ဘောဇဉ် သူကြိုက်ပြင်လည်း
ဝင်ရောက်မထိုင် မစားနိုင်ဘဲ
ငေးငိုင်တွေဝေ မျက်ရည်ဝေလျက်
ဪ … အမေ …. အမေ
အမေစိတ်လော အသေစောသည်
ချစ်သောသူ့သား ကံမြောက်စား၍
ကြီးပွားနေဘိ သူမသိဟု
မချိစိတ်ထဲ အံကိုခဲလျက်
ဝမ်းနည်းဝမ်းသာ အကြောင်းရှာ၍
ဟဝှာမဟုတ် ဟဝှာလုပ်သည်
ကျုပ်တို့ရွာက ဆယ်အိမ်ခေါင်း။ ။
……တက္ကသိုလ်မင်းမော်……..
———————-
………ဒီကဗျာလေးလား ကိုဘလက်ကြီးရေ……….
မှီငြမ်းရေးတတ်တော့လဲ စာကောင်းတပုဒ်ဖြစ်သွားတာပါဘဲ…
အားကျပါတယ် ကိုဘလက်ကြီးရေ…..
စိန်ဗိုက်ဗိုက်
July 3, 2012 at 11:14 am
ဒီမယ် မောင်တိုက်
တောင်ငါးအိမ် မြောက်ငါးအိမ် ပိုင်တာနဲ ့ ငါနဲ ့ ဘီအီးတွဲမသောက်တော့တာ
အဆင့်တန်းခွဲခြားရာ ရောက်တယ်..
နင့်ကို ကျေနပ်ဘူး..
ဒီမယ်သဂျီး
အဆင့်တန်းခွဲတဲ့ ခေါင်းမောင်တိုက်ကိုအပိုင်ပေးထားတဲ့ တောင်ငါးအိမ်ထဲက ကျော့် အိမ်ကို ဖယ်ပေးဘာ.
ကိုးအိမ်ခေါင်း ဦးအောင်တိုက် ဆိုပြီး အိမ်ရှေ ့မှာ စာပြန်ချိတ်ထားပါ..
မပြင်ဆင်ပါက ဘင်္ဂလီတွေလို မီးနဲ ့ရှို ့ပါမည်.. (ထမင်းချက်တဲ့အခါ ထင်းတွေကိုရှိ ့မှာပြောတာဘာ..)
ဂိန်..ဂိန်..ဂေ့..
Shwe Tike Soe
July 3, 2012 at 11:41 am
တယ်ရင်းကယဲ တွာ…မင်းအဲလို မကျောရဘူးလေ..နာနဲ.မင်း ဟိုးငယ်ငယ်လေးကတည်းက အတူသောက်ဖော်သောက်ဖက်တွေပဲဟာ…ကဲကဲ မင်းကျေနပ်အောင် နာ လိုက်သောက်ပေးပါမယ်..လာကွာ မင်းတစ်ခွက် နာတခွက်..အေ့…
တယ်ရင်း မင်းအိမ်လေးတော့ ထည့်ပါကွာ.နော်နော်…ငါမှာ ဒီရာထူးလေး အခုမှရတာ ကိုးအိမ်ခေါင်းတော့ မလုပ်ပရစေနဲ.အေ့….
မင်းမီးရှို.မယ်ဆိုလဲ ကြိုပြောနော်..ဘယ်အိမ်အရင်ရှို.မလဲ..ငါအရင်ဦးအောင် ငြိမ်းပြီး ဂုဏ်ထူးဆောင်ဘွဲ.လေး ယူအုံးမှာ ဟိဟိဟိဟိ….
Moe Z
July 3, 2012 at 11:32 am
အဟွတ်.. အဟွတ် ..
အမယ်လေး .. ကော်ဖီတောင်သီးတယ် ဘဘ ဘလက်ရယ် 😆
အပေါ်က ကွန်မန့်တွေကြည့်လိုက်တော့ ဦးရွှေတိုက်အုပ်ချုပ်တဲ့ဆယ်အိမ်ထဲမပါတော့ဘူး
ဒါကြောင့် ဂါစရာမလိုဘူး ဂရုစိုက်စရာလည်းမလိုဘူး ဒါဗျဲ
Novy
July 3, 2012 at 11:43 am
တိုက်တိုက်ရေ.
ခေါင်း(ဆယ်အိမ်) ဖြစ်သွားတဲ့အတွက် 🙂
ဂုဏ်ပြုပါတယ်
မလေးမစားလုပ်မိတာရှိရင် ခွေးလွတ်ပါလို့
shwe kyi
July 3, 2012 at 1:47 pm
ဦးဘလက်ကတော့ စာရေးကောင်းပါ့။ ဖတ်လို့ကောင်းပါ၏။
ဆယ်အိမ်ခေါင်း ကိုရွှေတိုက် လုပ်ပိုင်ခွင့်တွေကို တလွဲမသုံးရဘူးနော်။
မတရားတာတွေ့ရင် တရားစွဲမယ် အမှုဖွင့်မယ်။ 😀
etone
July 3, 2012 at 1:55 pm
အယ် .. ဒီပို့စ်မဖတ်ရသေးလို့ .. ဆယ်အိမ်ခေါင်းကြီးကို ဇရပ်ထဲမှာ မထီမဲ့မြင်ပြုမိပါတယ် ။
အမိုက်မဲလေးကို ဗွေမယူပါနဲ့ …. ။
ဆယ်အိမ်ခေါင်းကြီးလည်း ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊ အရပ်လည်း ပိုလို့ ရှည်လာပါစေတော် … ဟိဟိ 😛
စိန်ဗိုက်ဗိုက်
July 3, 2012 at 2:08 pm
ဘိုကြီး ရွှေတိုက်
ဘိုကြီးကို ကျော် တောင်ပန်းပါရရှေ
ဘိုကြီးကို ကျော်..ပေါမှား ရှိုမှားစိရင် ခွလွှတ်ပါ
ကျော့်ကို ဘီအီးပါမစ် ချပေးပါ
ဘီအီးပါမစ် မချပါက ဘိုရီးရဲ့ ကြယ်တစ်ပွင့်ကို ဘတ်ပြီး လပြိုဂျီး အုမတ်ဆီမှာ ဘီအီးအမှောက် ကစ်ပလိုက်ဖို ့ ဝန်မလေးပါဘု..
ဂိန်..
kyeemite
July 3, 2012 at 3:13 pm
ကိုရင်မောင်ရေးပြမှ…တက္ကသိုလ်မင်းမော်……..ရဲ့
ဆယ်အိမ်ခေါင်းကဗျာလေးဖတ်ဖူးတော့တယ်..
တော်တော်အဖွဲ့အနွဲ့ကောင်းပါပေရဲ့…
စကားပြေဖြင့်သရုပ်ဖေါ်သူ ကျုပ်တို့ဇတ်လိုက်ကျော်ကြီး
ဒါဘယ်ဘလက်ချော၏ စိတ်ကူးစိတ်သန်းကိုလည်း
ချီးကျူးပါ၏…မိမိကိုထည့်မရေးသဖြင့်တော့..သိပ်အစာမကြေပေ..
ဒီညနေ..ကျုပ်အား..အနီလက်ကျန်ဖြင့်တောင်းပန်ပါက
ခွင့်လွှတ်နိုင်ရန်ကြိုးစားပါမည်…
ဆယ်အိမ်ခေါင်းအသစ်စက်စက်၏…လက်ထောက်အသစ်စက်စက်
ကြီးမိုက်။
စိန်ဗိုက်ဗိုက်
July 3, 2012 at 3:20 pm
ရေနွေးကြမ်းတော့စိတယ်..
နီလွန်းလို ့ မဲတောင်မဲနေပြီ..
တောက်ချင်ရင် ပေါလေ…..နွှေးပေးမယ်..
ဂိန်..
Foreign Resident
July 5, 2012 at 3:14 pm
ဟင် နားမလည်တော့ဘူး ကို kyeemite ရဲ့
အဘ နှင့် သောက်ကြတုန်းက အနီ လက်ကျန်ကို
ကို kyeemite ပဲ မသွားတာ မဟုတ်လား ။
အလင်းဆက်
July 3, 2012 at 7:34 pm
ပြုံးရုံကလေး..ပြုံးသွားပါ၏
TNA
July 3, 2012 at 10:22 pm
ပိုစ့်ကိုဖတ်ပြီးရယ်ပြီးသကာလ ကွန်မန့်များကိုဆက်ဖတ်၍ မျက်ရည်များထွက်သွားပါကြောင်း။ မင်္ဂလာဘားးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဆယ်အိမ်ဆိုတဲ့ ခေါင်းရေ တိုက်တိုက်ဆိုတဲ့ ရွှေတိုက်ရေ။ ဆယ်အိမ်ခေါင်းဦးရွှေတိုက်ကို ဂုဏ်တင်ပေး လိုက်တာပါ။ ဟီဟိ
MaMa
July 4, 2012 at 6:44 am
ရာထူးရာခံတွေ ရကုန်ကြပြီဆိုတော့ကာ……
အရင်က ပြောမှားဆိုမှားရှိခဲ့ရင် ခွင့်လွှတ်ပါ။
လူကြီးကို လူကြီးဖြစ်မှန်း မသိလို့ လူကြီးလို မဆက်ဆံမိတာ သည်းခံပါ။
တောင်းပန်တာ ကျေနပ်လား။
မကျေနပ်ရင် လူကြီးရဲ့ Gossip သတင်းတွေ ထုတ်ပစ်လိုက်မယ်… ကြောက်ပြီလား။ 😛
ကြောင်ဝတုတ်
July 4, 2012 at 11:04 am
မင်းအမေတင်မဟုတ်ပါဘူးသားကြီးရယ်… မင်းအဖေလဲ ဝမ်းသာပါတယ်…
ဒါပေမယ့်သားကြီးရေ… မိဘကိုလဲမမေ့နဲ့… သတိရရင် တို့သားအမိသားအဖသုံးယောက်ရိုက်ထားတဲ့ပုံကို ထုတ်ကြည့်…
မိန်းမကို ကန်တော့အိပ်ကြားလားသားကြီး…
သားကြီးရေ… အဖေမှာချင်တာက မကောင်းတဲ့အရက်တွေမသောက်နဲ့…
ကောင်းတဲ့အရက်ကိုလဲ ပိုက်ဆံအကုန်ခံမသောက်နဲ့ ကိုယ့်ခေါင်းဖြစ်နေပြီပဲ (ဆယ်အိမ်ခေါင်း) ပို့ဆွမ်းလေးရအောင်… အာဏာလေးပြ… သဒ္ဓါလေးချွေ… သမီးချွေးမက လိမ္မာရင်တော့မင်းအားစိုက်စရာလိုမယ်မထင်ပါ…
အလုပ်ကြိုးစားပါလေ သားကြီး…
သားကိုချစ်တဲ့အဖေ…
ကြောင်ဝတုတ်
MaMa
July 5, 2012 at 7:52 am
ခုမှပဲ အဖေ့မှာတမ်းကို ဖတ်ဖူးတော့တယ်။
အမျှော်အမြင် ကြီးပေးစွ။
လေးစားလောက်ပေ ဆယ်အိမ်ခေါင်း ဖေဖေ ပါလား။ 😀
blackchaw
July 4, 2012 at 1:39 pm
အမှန်တော့ ကျွန်တော် တက္ကသိုလ် မင်းမော် ကဗျာလေး ဖတ်ပြီး
ရေးလိုက်တာပါ…။
ညီငယ်ရွှေတိုက်အတွက် လည်း အမှတ်တရပေါ့..။
နည်းနည်းလေး ပြုံးမိတယ် ဆိုရင်
ရေးရကျိုးနပ်ပါတယ် ကျောင်းဒကာ ကျောင်းအစ်မ သူတော်ကောင်းကြီးတို့ရေ…။
အပေါ်က သားကို ချစ်တဲ့ ကြောင်ဝတုတ်တို့ လင်မယားနဲ့
သူတို့ ချစ်တဲ့သား မောင်ရွှေတိုက်လေးတို့ရဲ့ ပုံကို
မကြာမီ ဖေါ်ထုတ်တင်ပြသွားမယ် ဆိုတဲ့ အကြောင်း…။
*************************မျှော်*******************************
ကြည်ဆောင်း
July 4, 2012 at 1:57 pm
ဆယ်အိမ်ခေါင်းအဖေ ဝေလေလေ . . . .တဲ့
ကြားဖူးတာ . .ကြားဖူးတာ
ဟုတ်လားဟင် 😀
may flowers
July 4, 2012 at 8:28 pm
ဟယ်….ဆယ်အိမ်ခေါင်းရွှေတိုက်ဆိုပါလား…………ဘီအီးလေးတစ်လုံးလောက်ဝယ်ပြီး
အိမ်နောက်ဘက်ကနေ သူ့မိန်းမဒေါ်ခင်အုပ်ကို အရင်ကပ်ပေးပြီး ဦးအောင်ဖားထားမှ..ဟီဟိ။
padonmar
July 4, 2012 at 9:52 pm
ဆယ်အိမ်ခေါင်းမင်းအဖေ ကြောင်ဝတုတ်က မိန်းမကို ကန်တော့ပြီးအိပ်လို့မှာရှာတယ်။သူ့ရဲ့ကြီးပွားကြောင်း ဆေးနည်းထင်ပါ့။
……….
ဆယ်အိမ်ခေါင်းမင်းရှင့်
ဒွေးလေးတို့ကိုလည်း မေ့မထားပါနဲ့နော်။ငါ့တူကြီးကို အားကိုးပါရဲ့။
mayjuly
July 5, 2012 at 3:25 pm
သိပ်လဲ အားမကိုပါနဲ့ အန်တီရယ်..
တူ့ဘာတူတောင် ရှည်အောင်မလုပ်နိုင်တေးပါဘူး..ဟိဟိ (အရပ်ပြောပါတယ်…)
ဆယ်အိမ်ခေါင်းဖို့ မပြောပါနဲ့ တစ်အိမ်တည်းတောင် မခေါင်းနီုင်တေးပါဘူးတဲ့ .. 😀
(P.S ဘွားတေး ချိတ်ချိုး နဲ့ )
blackchaw
July 5, 2012 at 3:21 pm
@ Foreign Resident ;
နားလည်အောင် ရှင်းပြရရင်
အဲဒီနေ့က ပုလင်းကို ကိုမိုက်ကြီးက ယူခဲ့ပြီးသကာလ
ကျွန်တော့်ကားနဲ့ (ဘလက်တက်စီလေးနဲ့ ဟေးဟေး) အိမ်ကိုပြန်ကြတယ်ပေါ့ဗျာ။
အိမ်ရောက်လို့ ကားပေါ်က ဆင်းတော့ ပုလင်းမေ့နေတယ်ထင်လို့
အစ်ကို ပုလင်းယူသွားဦးဆိုတော့
ကိုဘလက်ပဲ သိမ်းထားလိုက်ပါတဲ့။
နောက်တစ်ခါ တွေ့တော့ သောက်ကြတာပေါ့တဲ့။
အဲဒါနဲ့ ကျွန်တော့်ကားပေါ်မှာ
အရက်ပုလင်းအနီရောင်ကြီးက ခပ်တည်တည်နဲ့
အခုထိ ရှိနေသေးတယ် အဘရေ။
အဲဒီပုလင်း မြင်တိုင်း အဘကို သတိရရနေလို့
ကြည့်တောင် မကြည့်ရဲပါဘူး အဘရယ်။
🙁
စိတ်ထိခယက်သွားပြီ။ ဟေးဟေး။
ကြောင်ကြီး
July 8, 2012 at 11:06 am
ဆယ်အိမ်ခေါင်း
တယ်ဇိမ်ဖောင်း
ဝယ်စိန်ကောင်း
မယ်ငြိမ်ကြောင်း…
ရွှေတိုက်စိုး
မေလိုက်ပိုး
ခွေဒိုက်ထိုး
စေသိုက်ဖြိုး…။