“ နေ့မှာ ယင်၊ ညမှာ ခြင်”
ကျနော်ဟာ အညာသားတစ်ယောက်ပါ။
ရွာမှာ ကျောင်းတက်နေရင်း လေးတန်းအောင်တော့ ရန်ကုန်က အဒေါ်ရဲ့ အိမ်မှာ နေပြီး ကျောင်းတက်ဖို့အတွက် အဖေတို့ အမေတို့နဲ့ ခွဲခွာပြီး ရန်ကုန်ဆိုတဲ့ မြို့ကြီးဆီကို ပြောင်းလာခဲ့ရတယ်။ အဒေါ်က အဝေးပြေး ခရီးစဉ်အတွင်းမှာ ပြောခဲ့တယ်။ “ဟိုရောက်ရင် ကက နဲ့ လာကြိုမှာ … တဲ့” ။ ဘာတုန်း “ကက” ဆိုတာ …..? ကျနော် အသက်က ငယ်ငယ်၊ “ကက” ဆိုတာလည်း ဘာကြီးမှန်း မသိခဲ့ပါတယ်။ “ကက” ဆိုတာ ဂျိုကြီးနဲ့များလားကွယ်။
ဪ …. “ကက” ဆိုတာ ကားငယ်ငယ်လေးပဲ။ အဖြူရောင် Taxi လေးကို မြင်လိုက်တော့ စိတ်ထဲမှာ အဲဒီလို တွေးမိလိုက်ပါတယ်။ စီးရတယ် မိုက်တယ်ဟ။ ရွာက ကားနဲ့များကွာပါ့။ ရွာက ကားစီးရင် ကျောက်ခဲငုံသွားရင်တောင် အစာကြေလောက်တယ်။ ခုန်လွန်းလို့။ ဒါဟာ ရန်ကုန်ရဲ့ မြေပေါ် ခြေချတဲ့အခိုက်မှာ ပထမဆုံး ရင်းနှီးခွင့်ရခဲ့တဲ့ စကားဟာ အဲဒီ “ကက” ပဲ ဖြစ်ခဲ့ပါတယ်။
“ကက” ကို စီးရင်း အဒေါ်တို့ နေတဲ့အိမ်ဆီကို လာတဲ့ လမ်းတစ်လျောက် ဘေးဘီဝဲယာမှာရှိနေတဲ့ ဆိုင်းဘုတ်တွေကို လိုက်ဖတ်ရင်း တစ်ယောက်တည်း စိတ်ထဲကနေ ဝေဖန်နေခဲ့တယ်။ ဒီလိုနဲ့ ကားရဲ့ ရှေ့ခပ်လှမ်းလှမ်းမှာ နည်းနည်းဆန်းတဲ့ ဆိုင်းဘုတ်တစ်ခုကို လှမ်းမြင်လိုက်ရတယ်။ “ဆန် ဒီမှာဝယ်ပါ” … တဲ့။ “ အောင်မာ … ကြီးကြီးကျယ်ကျယ် ဆန် ဝယ်တာတောင် သူ့ဆိုင်မှာ ဝယ်ရမယ်လို့။ ဘာဖြစ်လို့ ဝယ်ရမှာတုံး ” … လို့ စိတ်ထဲကနေ ဝေဖန် လိုက်ပြန်ပါတယ်။ ကျနော်လည်း ဝေဖန်လို့ ဆုံးရော စီးလာတဲ့ ကားလေးဟာ အဲဒီ ဆိုင်းဘုတ်ရှိတဲ့ ဆိုင်ထဲကို တန်းပြီး ဝင်သွားပါတော့တယ်။
ကိုင်း ….. ရောက်ပြီတဲ့။ “ဟိုက် … သေပဟ” ………..။ ဪ ငါဝေဖန်တဲ့ဆိုင်က ငါ့အဒေါ်အိမ်ပါပဲလားဟရို့။ ဒီအဖြစ်လေးကတော့ ရန်ကုန်ကို ပထမဆုံး ရောက်ခဲ့စဉ်က ဟာသဆန်တဲ့ အလွဲလေးတစ်ခုပဲ ဖြစ်ခဲ့ပါတယ်။
ကျောင်းတက်တော့ သူငယ်ချင်းတွေက နာမည်ကို မခေါ်ဘူး။ “အညာသား” လို့ ခေါ်ကြတယ်။ ဒီလို ခေါ်တဲ့ သူတို့လေသံတွေက လူကို နည်းနည်း နှိမ်သလိုလိုနဲ့ ခေါ်ကြတယ်လို့ ထင်မိတယ်။ ကျူရှင်တက်တော့ ကျူရှင်အိမ်က အဘွားက ဟောဒီလို ခေါ်တယ်။ “ရွှေညာသား” … တဲ့။ ဟုတ်တယ်။ ကျုပ်ဟာ အညာသားပဲ။ ဒါပေမယ့် ရွှေညာသား ရယ် ……… ။ အဲဒီလို ကိုယ့်ကိုကိုယ် ကြံဖန်ပြီး ဂုဏ်ယူမိခဲ့ပါသေးတယ်။
“ကျနော်” …။ စိန်ဗိုက်ဗိုက် ပြောတဲ့ “ကျော်” …။ အဲဒီ ကျနော် => ကျော် ကို ပြောဖို့အတွက် ရန်ကုန်ကို ရောက်စက တော်တော်ကို ကြိုးစားပမ်းစား လေ့ကျင့်ခဲ့ရတယ်။ ရွာမှာဆို ကျုပ်ကလေ … ကျုပ်ကနဲ့ … တစ်ကျုပ်ထဲ ကျုပ်ကို သုံးလာခဲ့တဲ့လူ။ ဒီရောက်မှ ကျနော်လို့ ပြောရမယ်တဲ့။ ကျုပ် … အဲလေ … ကျနော် ရန်ကုန်ကို ပထမဆုံး ရောက်ခဲ့တဲ့နှစ်မှာ ကျောင်းစာနဲ့အတူ အဲဒီ ကျနော် ဆိုတဲ့ စကားပြောကိုပါ ပြင်းပြင်းထန်ထန် ပြင်ဆင် လေ့ကျင့်ခဲ့ရပါတယ်။
အညာသားမို့ ပွင့်လင်းတယ်။ ရန်ကုန်ကို ရောက်လို့ မကြာခင်မှာပဲ ဘေးနားက စတိုးဆိုင်အိမ်မှာ အလှူတစ်ခု လုပ်တယ်။ ကျနော့်ကိုလည်း လာစားလှည့်တဲ့။ အဲဒီနေ့ မနက်မှာ အပီအပြင် ဆွဲပစ်လိုက်ဖို့ ကလေးပီပီ ဟန်ချီခဲ့ပါတယ်။ ဒီအချိန်မှာ တစ်စုံတစ်ယောက်သောသူ (သေချာတော့ မမှတ်မိတော့ပါ) က လာပြောတယ်။ ရန်ကုန် အလှူတွေမှာ အစားစားရင် ဟန်ဆောင်ပြီး စားရတယ်တဲ့။ အဲဒီ စကားဟာ ဘယ်အထိ တာသွားမယ်ဆိုတာကို သိခဲ့ရင် အဲဒီလူပြောခဲ့တာကို နားထောင်ခဲ့မှာ၊ နားယောင်ခဲ့မှာ မဟုတ်ဘူး။ သို့ပေသိပေါ့လေ ………….။
အလှူကိုရောက်တော့ စားစရာတွေက ရှယ်တွေချည်းပါပဲ။ ကျနော် အညာသား အမှန်အကန် စားပစ်လိုက်ချင်တာ။ ဒါပေမယ့် ဟန်ဆောင်ပြီး စားရတယ်ဆိုတဲ့ စကားကြောင့် မဝတဝ သာ စားပြီး ထပြန်လာခဲ့ပါတယ်။ အဲဒီနေ့က ကျနော့်ရဲ့ စိတ်ထဲမှာ ဆန့်ကျင်ဘက် စိတ်နှစ်ခုတို့ လွန်ဆွဲနေခဲ့ပါတယ်။ တစ်ခုက မနက်က အလှူမှာ အောင်မြင်စွာ ဟန်ဆောင် စားနိုင်ခဲ့လို့ ရန်ကုန်ရဲ့ ဓလေ့တစ်ခုကို လုပ်နိုင်ပြီကွလို့ အားရသလိုလို ရှိတဲ့စိတ် ဖြစ်ပြီး နောက်တစ်ခုကတော့ ဒီအတိုင်းကြီးသာ အလှူတွေမှာ စားရရင်တော့ မနှိပ်ပါဘူးကွာ ဆိုတဲ့ စိတ်တို့ပဲ ဖြစ်ပါတော့တယ်။
ရန်ကုန်ကို စရောက်ပြီး မကြာခင်မှာ ရန်ကုန်အကြောင်း ရွာကလူတွေ မေးရင် ဘယ်လို ဖြေရမလဲလို့ စဉ်းစားမိခဲ့တယ်။ ဒါကြောင့် ရန်ကုန်မှာ ဘာတွေများ ထူးခြားသလဲလို့ ကြည့်ခဲ့တယ်။ ရန်ကုန်မှာ ကိုယ်စားချင်တာကို ရွာမှာလို မြို့ပေါ်ထိ တစ်နေကုန် တက်ဝယ်စရာမလိုဘဲ ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှာပဲ အလွယ်တကူ ဝယ်စားလို့ ရနိုင်တယ်။
ဈေး … တဲ့။ ဈေးတောင်မှ ရိုးရိုးဈေး မဟုတ်ဘူး။ “ပတ္တမြားဈေး” .. တဲ့။ အဲဒီဈေးနာမည်ကလည်း ကြီးကြီးကျယ်ကျယ်။ အဲဒီဈေးက ကျနော်တို့ အိမ်နဲ့ နီးနီးလေးပဲ။ အစုံလည်း ရတယ်။ မနက်တိုင်း အဒေါ်နဲ့ ဈေးလိုက်သွားပြီဆို မုန့်ဟင်းခါး စားရတယ်။ ရန်ကုန်က မုန့်ဟင်းခါးက ရွာက မုန့်ဟင်းခါးနဲ့ မတူဘူး။ စားလို့ပိုကောင်းတယ်လို့ ထင်ခဲ့မိပါတယ်။ အောင်မာ တစ်ခါတစ်ခါ မုန့်ဟင်းခါးက ကြက်ဥလေးနဲ့ဗျ။
ပြီးတော့ ကျနော် တွေ့မိတဲ့ ရန်ကုန်ရဲ့ ထူးခြားချက်က နေ့ဘက်မှာဆို ယင်တွေကို တွေ့ရတယ်။ ညဘက်မှာဆို ခြင်တွေက ကိုက်တယ်။ ဒီအချက်ကတော့ ရန်ကုန်ထက် ရွာက သာတဲ့အချက်ပဲ။ သို့ဂလိုကြောင့် ကိုယ့်ရွာကို အမွန်းတင်လိုတဲ့ စိတ်နဲ့ ရန်ကုန်မှာ ဘာတွေ ထူးခြားသလဲလို့ မေးရင် ဒီလို ဖြေမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ “နေ့မှာ ယင်၊ ညမှာ ခြင်” … အဲဒါ ရန်ကုန်ပင်။
ဝန်ခံချက် ။ ။ အထက်ပါ စာစုများမှာ ကျနော် ရန်ကုန်ကို စရောက်ခဲ့စဉ်က ဖြစ်ခဲ့တဲ့ အမှတ်ရစရာ အဖြစ်အပျက်၊ အကြောင်းအရာတွေပါပဲ။ ငယ်ငယ်က ရန်ကုန်ကို စရောက်ခဲ့တုန်းက အကြောင်းကို တွေးမိရင်း ယခုကဲ့သို့ ဟိုရောက်ဒီရောက် စာစီလိုက်ခြင်း ဖြစ်ပါကြောင်း …… ။ ထိုစဉ်က ကလေးတစ်ယောက်၏ စိတ်ထဲ ဖြစ်မိသမျှကို ပြန်တွေးမိရင်း ရေးသားခြင်းသာ ဖြစ်ပါကြောင်း ….. ။
ကျွန်ုပ်၏ ဟိုရောက် ဒီရောက် စာများအား လာရောက် ဖတ်ရှုကြပါကုန်သော အရပ်ကတို့အား ကြိုတင်၍ ကျေးဇူးတင်ရှိသည်ဟု ပြောလိုပါကြောင်း …….. ။
ဤတွင် ရေးချင်ရာ ရေးလို့ပြီး၏ …… ။
စားပြီးနှစ် … နှစ်ထောင့် တစ်ဆယ့် နှစ်ခုနှစ်၊ ဂျူလိုင်လ၊ ငါးရက်နေ့၊ ည ဆယ်နာရီ။
( “ မှတ်ချက် ။ ။ ရှေ့က “စား”တွင် “ဝစ္စနှစ်လုံးပေါက်” ဖြုတ်၍ ဖတ်ပါရန်။ ဇကွဲကို ကြိုက်ပါက “ဂျ” နေရာတွင် “ဇကွဲ” နှင့် အစားထိုး၍ ဖတ်ပါရန် …
{ “ မှတ်ချက် ။ ။ ဤကား မရှည် ရှည်အောင် ဆွဲဆန့်ခြင်း ဖြစ်ပါကြောင်း …
[ “မှတ်ချက် ။ ။ ယင်းသို့ မဟုတ်ဟု မပြောလိုပါကြောင်း …
” ]
” }
” ) 😀
ခင်မင်စွာဖြင့်
အညာသား အံစာတုံး
(လူ မမှားအောင် မူရင်းနာမည် ထည့်ရေးလိုက်တာ)
😀 😀
15 comments
မဂွတ် ထော်
July 6, 2012 at 9:29 am
နေ့မှာ ယင် ညမှာခြင်မဟုတ်တော့ဘူး
ဒို့တော့နေ့မှာကြင်နက်
ညမှာပွက်ဆိတ်….P
mamanoyar
July 6, 2012 at 9:58 am
ဟားးးးးးးးးးးး အညာသားရေးတဲ့စာကို
အညာသူ ဖတ်ပြီး ရယ်မိပါတယ်ရှင်
ရေးတာလေးကကောင်းတော့ ဖတ်ပြီးသဘောကျမိပါတယ်
” တကယ်ပဲ ရန်ကုန်မှာ အစားကို ဟန်ဆောင်စားရတာလားဟင်”
ဒါဆို ရန်ကုန်ကို သွားတော့ဝူးးးးးးးးးးးးးးးးးးးးးးးးး
ခပ်မိုက်မိုက် ကောင်မလေး
July 6, 2012 at 10:01 am
ကိုအံစာတုံးရေ..
ဖတ်ကြည့်သွားပါတယ်နော်…
နေ့မှာယင်..ညမှာခြင်..
အဲ့ဒီသတ္တဝါလေးတွေ…
တော်တော်ချစ်ဖို့ကောင်းတယ်နော်…
ကိုရွှေညာသား..ဆိုပြီး
ဂုဏ်ယူမိသတဲ့….
အိုး…မြန်မာအဆိုစကား..
တော်တော်လေးမှ လိုပါသတဲ့….
အညာသားဆို..နှိမ်သကိုးးးးးးးးးးးး
ဟုတ်တယ်ဗျာ…….
အရမ်းဖတ်လို့ ကောင်းပါတယ်…
ရေးထားတဲ့စာလေး..ဟာသလေးပါနှောထားတယ်နော်…..။
မမ အညာသူ
July 6, 2012 at 10:09 am
ရွှေညာသားရဲ့စာကို
ရွှေညာသူလေးအားပေးသွားပါတယ်နော်
🙂
ရာဇဝင်လူဆိုး
July 6, 2012 at 10:15 am
ကျနော် ရန်ကုန်ရောက်စက …အ…ချက်ကတော့ လွန်ရော… ဖဲ၃ချပ်ဝိုင်း ဝင်မိလ ို့ ပါသမျှကုန်ပြီး အိမ်ကို လမ်းလျှောက်ပြန်လာခဲ့ရဖူးတယ်..။ ဪ..အောက်ပြည်အောက်ရွာမှာ ငွေရှာကြတာ တယ်လွယ်သကိုးလို့ တွေးမိခဲ့သေးတယ်..။
စိန်ဗိုက်ဗိုက်
July 6, 2012 at 10:59 am
နေ ့မှာ ယင်၊ ညမှာခြင်၊ နံရံမှာ တောက်တဲ့ ။
ဂန်..ဂန်…
အညာသားရေ
မြို ့ရှိုဒါ..အာတကီးရှိရင် ဓာတ်ရှင်မင်းသားတောင် လုပ်လို ့ရသကွဲ ့..
Inz@ghi
July 6, 2012 at 11:14 am
အူးဗိုက်ရာ …
အူးဗိုက် မင်းသားဖြစ်ချင်တာနဲ့ ..ဒဂျင် လေးကိုအေ …
ညည်းတို့ မြို့ကြီးသားဒွေများ..ရက်စက်ထှာအေ …
:'(
မစ္စတာ တောက်တဲ့
July 6, 2012 at 11:32 am
ခုဒေါ့ သိပါပြီ ဥဗိုက်ရယ် ..
ခုစာဒွေဂ ဥဒို့ ငယ်ငယ်တုန်းကပါပေါ့ ..
အဲ့တုန်းဂ ရန်ကုန်ဆိုတာတောင် အဒေါ်အိမ်ရှိတဲ့ နေရာပဲ မှတ်တာ ..
အနော်က အဲ့လောက်ထိအောင် အ တဲ့ အညာသားတစ်ယောက်ပါလို့ ….
kyeemite
July 6, 2012 at 1:45 pm
စအရေးအသားလေးကောင်းပါဂျောင်း…ကိုအံဇာဒုံးရေ…
မှတ်ချက်(၁)။ ။ ရှေ့ဆုံးက “စ”တွင်“ာ” တတ်ဖတ်ပါရန်..
မှတ်ချက်(၂)။ ။ ဂျောင်း ကို သူတကာတွေက “ကြောင်း” ဟုအမှန်အတိုင်း
စာလုံးပေါင်းပါတယ်…
မှတ်ချက်(၃)။ ။ တုံး ကို အသံထွက်အတိုင်း ဒုံးဟုစာလုံးပေါင်းထားပါဂျောင်း…
မှတ်ချက်(၄)။ ။ ဂျောင်း ဆိုသောအသုံးအနှုံးသည် ကြီးမိုက်၏မူပိုင်ဖြစ်ပါဂျောင်း…
မစ္စတာ တောက်တဲ့
July 6, 2012 at 2:23 pm
ဂျောင်း မူပိုင်ရှင် ….
ဂျောင်း မူပိုင်ရှင် ………
အဟီးးးးးးး
သီချင်း ဆိုဒါနော် … 😀
etone
July 6, 2012 at 4:48 pm
အံစာတုံးဖြစ်လိုက် တောက်တဲ့ဖြစ်လိုက်နဲ့ … အဟိ 😀
ရွာကအကြောင်းလေးတွေရေးတာ .. ဖတ်ပြီး ကိုယ်တိုင်ရွာရောက်သွားသလိုပဲ ကာယကံရှင်နေရာမှာစီးမျောသွားမိတယ် .. ရန်ကုန်မြို့ကြီးက ဟန်ဆောင်မှုတွေ မာယာတွေနဲ့ ပြည့်နှက်နေတယ် …. ။ အသိမိတ်ဆွေများ တွေ့လို့ …. ဘယ်သွားမလို့လဲ နှုတ်ဆက်လျှင် … ဒီနား ၊ ဟိုနားဆိုတာမျိုးလောက်ပဲ မရေမရာ လောကွတ်လေးဖြေရတယ် ၊ သေသေချာချာသာ ဘယ်သွားမလို့ ဘယ်သူဆီကို ဘာလုပ်မယ် စသဖြင့်သာ အားရပါးရပြောကြည့်နောက်တွေ့လျှင်တောင် မမြင်ချင်ယောင်ဆောင်သွားမှာ …။ ထမင်းစားပါဦးလို့ ခေါ်လျှင်လည်း တကယ်မစားရဘူး ..နေပါစေတို့ .. စားခဲ့ပြီးပြီတို့ပြောမှ .. ထမင်းစားပါဦးခေါ်တာ .. ထိုင်စားကြည့်နောက်ဆို အိမ်လည်လာလျှင် တံခါး ပိတ်ထားမှာ … ။
တောရွာတွေမှာကတော့ ဒီလို မဟုတ်ဘူး … လာစားဟေ့ဆိုတာနဲ့ ထမင်း ခူးထားပြီးသားပဲ .. တကယ့်ကိုပွင့်လင်းကြတယ် … ဒါကြောင့်လည်း တောမှာ အနေကြာသူတွေ မြို့တက်လာတဲ့အခါ အခက်ခဲလေးတွေ ၊ ကွဲလွဲချက်လေးတွေ ရှိတာမျိုး .. ။
ရန်ကုန်မှာဆို ပြောင်းပြန်လုပ်ရတယ် .. တစ်ခုခုကို လိုချင်ပြီဆို … ပေးတဲ့အခါ ငြင်းဆန်ရတယ် … ငြင်းလေ ၊ ပေးတဲ့လူကလည်း အားနာပါးနာနဲ့ (မပေးချင်ပဲ)ထပ်ပေးလေ … ဒါနဲ့ပဲ .. သုံးလေးခါလောက်ငြင်းရင်း… လက်ထဲ ရောက်လာတယ် ..အ ဲ့လိုမျိုးတွေ … ။ ဘဝထဲ အရမ်းမောလာတဲ့အခါ ဟန်ဆောင်မှူကင်းတဲ့ တောရွာလေးတွေကို ခဏသွားချင်စိတ်ဖြစ်မိတယ် … ဒါပေမယ့်လေ …… အိမ်သာတော့ အဆင်မပြေတာ စိတ်ညစ်တယ် ။ 🙁
snow white
July 6, 2012 at 6:58 pm
ကိုကိုအညာသားရယ် နဂို လိုမဟုတ်တော့ပါဘူးခြင်ဆေးခွေများ နိုင်နိုင်ဝယ်ထွန်းလို့နဂိုလောက် ခြင်မကိုက်တော့ပါဘူး
မောင်ပေ
July 6, 2012 at 9:40 pm
ရန်ကုန်မြို ့မှာ အနေကြာသွားတဲ့ ရွှေညာသားတစ်ယောက်ဟာဖြင့်
“နေ ့မှာ ဘီယာ
ညမှာ စကီ”
ဆိုလား…။
ဝမ်းတွင်းရူး
July 6, 2012 at 10:13 pm
အလှုူမို ့လို ့ဒါနမြောက်အောင်စားပေးပါသည်။
ကိုပေါက်(မန္တလေး)
July 7, 2012 at 8:50 am
အင်း……………….
တော်သေးတာပေါ ့ ဒီလူမန်းလေးရောက်မလာတာ။
တော်ကြာ နေ့ဖုန် ည ခြင် ဆိုပြိး ပိုစ်တက်လာအုံးမယ်။