၁ဝတန်းအောင်ရင် ဘာလုပ်ကြမလဲ အပိုင်း ၁
တစ်နှစ်တစ်ခါ ရင်ခုန်ရမယ့် အချိန်ရောက်လို့လာပါပြီ။ အဲဒါဘာလဲဆိုတော့ ၁ဝ တန်း စာမေးပွဲအောင်စာရင်း ထွက်လာလို့ပါပဲ။ အားလုံးမျှော်လင့်နေကြတဲ့ အတိုင်းပေါ့။ အောင်သူအောင်ပြီး၊ ကျသူကျတဲ့ ပွဲတစ်ပွဲ ဖြစ်လို့ နေပါတော့တယ်။ ၁ဝ တန်းဆိုတဲ့အရာကလည်း အင်မတန် နတ်ကြီးတယ်မလား။ ဒီတော့ နီးစပ်ရာ ၁ဝ တန်း ကလေးတွေ ဘယ်သူ အောင်ပြီး ဘယ်သူဂုဏ်ထူး ဘယ်နှလုံးထွက်သလဲ မေးမြန်းကြည့်မိပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းကတော့ ကိုယ်တိုင် ရင်ခုန်ခံစားရပါတယ်။ အောင်စာရင်းမထွက်ခင် တစ်ပတ်အလို လောက်ထဲက ရင်ခုန်ရပြီ။ အောင်စာရင်းထွက်မည့်ညရောက်တော့ တစ်ညလုံး အိပ်မပျော်တော့ပေ။ မနက်လင်းလို့ အောင်စာရင်းမှာ ကိုယ့်နာမည်ပါ မပါကို မိုးမလင်းခင် ဝေလီဝေလင်းအချိန်လောက်ထဲက တိုးကျိတ်ပြီး ကြည့်ရသည့် အရသာသည် တကယ့်ကို ရင်ခုန်ကြည်နူးစရာ ကောင်းခဲ့ပါတယ်။ ကိုယ်နာမည်က အောင်စာရင်းထဲ ပါလာပေမယ့် သူငယ်ချင်းအချို့အမည်တွေ မပါလာတဲ့အခါ စိတ်မကောင်းဖြစ်မိတာကို ခုချိန်ထိ ပြန်ခံစားနေမိပါသေးတယ်။ ဒီလိုဘဝတွေ ဖြတ်သန်းလာခဲ့သည့်အခါ ကလေးများကို ကိုယ်ချင်းစာစိတ်ဖြစ်တာ မဆန်းပါဘူး။ ခုလည်း နီးစပ်ရာသူတွေ မေးမြန်းကြည့်သည့်အခါ အောင်သည့်ကလေးကိုသာ ရဲရဲမေးရဲပါသည်။ တစ်ချို့က အောင်ပြီး ကိုယ့်ကွန်ပျုတာသင်တန်းမှာ လာတက်သည့် တပည့်မလေးတစ်ယောက် ၁ဝ တန်းဖြေထားတာ သတိရလို့ မေးမလို့ စိတ်ကူးထားတုန်း အတန်းဖော်ကလေးမလေးများက ကျသည်လို့ ပြောလာပြန်တော့ ကာယကံရှင်ကို တိုက်ရိုက်မမေးပဲ နေလိုက်ပါတယ်။ ကိုယ်က အလိုက်မသိပဲ မေးပြီး ကျတယ်လို့ သူကလည်း ပြောချင်ပုံရမည် မဟုတ်လို့ပဲ ဖြစ်ပါတယ်။ နောက်ကလေး တစ်ယောက်ကတော့ လေးဘာသာဂုဏ်ထူးပါတယ် သတင်းကြားလို့ congratulation သွားလုပ်တော့ သူက စိတ်ညစ်နေတယ်လို့ ပြောပါတယ်။ “ ဟယ်…လေးဘာသာတောင် ပါတာ ဘာလို့စိတ်ညစ်နေတာလဲ…” ပြောလိုက်တော့ “သားသူငယ်ချင်းတွေက ဂုဏ်ထူး ငါးဘာသာ နဲ့ ခြောက်ဘာသာပါတဲ့ သူတွေချည်းပဲ….” တဲ့လေ။ ဪ ဒီလို ကလေးကျတော့လဲ ကျတဲ့သူတွေကို အားနာသင့်ပါတယ်လေ။ “သား ဘာတက်မယ် စိတ်ကူးထားလဲ။ ဘာဝါသနာပါလဲ။” မေးကြည့်တော့ သူ့အပြောက ရိုးရှင်းလှပါတယ်၊ တစ်ခွန်းတည်း ဖြေလိုက်ပါတယ်။ “မသိပါဘူး” တဲ့။ ကဲ… ကောင်းရောပဲ။
ဒါနဲ့ ခဏနေတော့ ဖုန်းလာပါတယ်။ ခင်မင်နေတဲ့ အန်တီတစ်ယောက်က သူ့သမီး စာမေးပွဲ အောင်တယ်၊ ဂုဏ်ထူးသုံးခု ပါတယ်လို့ ပြောလာပါတယ်။ ဟုတ်ကဲ့ပေါ့ ဝမ်းသာဂုဏ်ယူမိပါတယ်လို့ ကျွန်မလည်း ပြန်ပြောလိုက်ပါတယ်။ အဲဒီအန်တီက ပြောပါတယ်။ သူ့သမီးကို အစိုးရကျောင်းမှာ မထားချင် ဘူးတဲ့၊ ဘာသင်တန်း တက်ခိုင်းရမလဲတဲ့၊ အလုပ်ခွင်ကော ဝင်လို့ရမယ့်ဟာပေါ့လို့ ပြောရင်းနဲ့အကြံဉာဏ် ပေးပါဦးတဲ့။
ဒီတော့ အန်တီ သူက ဘာဝါသနာပါလဲ။ ဘာတက်ချင်လဲ။ မေးမြန်းလိုက်ပါတယ်။ သမီးကတော့ အန်တီရဲ့သဘောပါပဲ။ အန်တီက ဒါလုပ်ဆိုလုပ်မှာပါတဲ့။ ခက်ပြီ ဘယ်လိုလမ်းကြောင်းပေးရပါ့။ ခုခေတ် အနေအထားအရ မိဘတွေကလည်း ပိုက်ဆံရှိ၊ သားသမီးတွေကလည်း ကိုယ့်စွမ်းကိုယ့်စနဲ့ ဘာလုပ် ကိုင်ချင်တယ်ပြောမှ ကိုယ်လျှောက်မယ့်လမ်း ကိုယ့်ဘာသာ ရွေးချယ်ကြမယ်ဆိုရင် ပိုမိုအောင်မြင်မယ်လို့ ကျွန်မက ပြောချင်မိပါတယ်။ ကျွန်မတို့ခေတ်တုန်းကဆို ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ်သွားမယ့် လမ်းကြောင်းရွေးချယ်ခဲ့ရသူဆိုတော့ အများနဲ့မတူ တမူကွဲဆိုသလိုပါဘဲ။ တစ်ခါတလေ ပြန်စဉ်းစားမိတယ်။ ငါ့ဘဝကျတော့ ဘာလို့ သူများတွေလို အဆင်သင့်မဖြစ်ခဲ့ရတာလဲပေါ့။ ဒီလိုသာ ထောက်ပံ့မယ့်သူ ရှိခဲ့ရင် ကိုယ်သွားချင်တဲ့လမ်းကြောင်းကို ဒီထက်ပိုပြီး လျှောက်မိမလား မပြောတတ်ပေ။ အင်း ခေတ်ကလည်း ကွာတာကိုး။ ကျွန်မတို့ခေတ်က ဝိုင်းတို့၊ ဂိုက်တို့ရှိခဲ့တာ မဟုတ်သလို ဘော်ဒါထားပြီး တက်လို့ရတယ်ဆိုတာ မကြားခဲ့ဖူးဘူးလေ။ ဟော ခုခေတ်ကျတော့ မိဘတွေကလည်း ထောက်ပံ့ပေးနိုင်တဲ့ ခေတ်စနစ်ဖြစ်နေတော့ မိဘက ဒါလုပ်ဆို လုပ်တဲ့ သားသမီးတွေ ပိုမိုများပြားလာတာကို တွေ့ရှိရတယ်။ ဒါပေမယ့် ဒီနေ့ ကြုံတွေ့ နေရတာကတော့ သားသမီးပဲဖြစ်ဖြစ်၊ မိဘပဲဖြစ်ဖြစ် ငွေရှိဖို့ အရေးကြီးတယ်။ ငွေရှိရင် ဘာမဆို လုပ်နိုင်တယ် ဆိုတဲ့ အတွေးတွေက လွှမ်းမိုးထားနေတာကို တွေ့နေရတယ်။ မျက်မှောက် ကာလအတွက်တော့ အဆင်ပြေနိုင်ပါလိမ့်မယ်။ နောင်အနာဂတ်မှာ ဒီသားသမီးတွေက ဘယ်လို အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ကြရမယ်ဆိုတာကို သက်ဆိုင်ရာ မိဘတွေ မသိနိုင်သလို သားသမီးတွေ ကလည်း မသိနိုင်ပါဘူး။ မိဘတိုင်းကတော့ သားသမီးတွေကို ဖြစ်စေချင်ကြတာတော့ အမှန်ပါပဲ။ ဒါပေမယ့် လမ်းမှန်ရောက်ဖို့တော့ အလွန်အရေးကြီး လှပါတယ်။ သူတို့ ဝါသနာမပါ၊ စိတ်မဝင်စားတဲ့ ဘဝတစ်ခုကို မိဘတွေက ဖန်တီးရွေးချယ်ခဲ့မိရင်တော့ သူတို့ရဲ့ လူ့ဘဝရဲ့ ခရီးလမ်းတစ်လျှောက်လုံးမှာ အောင်မြင်မှုနဲ့ ဝေးကွာသွားမယ်လို့ ကျွန်မ ယူဆမိပါတယ်။ အားလုံး လက်ခံသင့်တဲ့ အယူအဆတစ်ခုကတော့ ဘယ်သူပဲ ဖြစ်ဖြစ် ဘဝရပ်တည်မှုအတွက် ကိုယ်ပိုင်ကျွမ်းကျင်မှု အတတ်ပညာတစ်ခုတော့ ရှိထားရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ခုခေတ်အခြေအနေမှာတော့ ရွေးချယ်စရာ လမ်းကြောင်းတွေကတော့ အခွင့်အလမ်းတွေ ပိုမိုများပြားလာနေပါပြီ။
ဒါကြောင့် လူ့ဘဝရဲ့တစ်ဆစ်ချိုး ပြောင်းလဲမှု စတင်တဲ့အရွယ်ကတော့ ဆယ်တန်း အောင်စာရင်း ထွက်တဲ့ အချိန်အခါပဲ ဖြစ်ပါတယ်။ ဆယ်တန်းဆိုတာကြီးကလည်း လူတစ်ယောက်ရဲ့ ဘဝကို တစ်မျိုးတစ်ဖုံ အပြောင်းလဲကြီး ပြောင်းလဲအောင် ဖန်တီးနိုင်တဲ့ စွမ်းအားရှင်ဖြစ်လို့ နေပါတယ်။ ဒီနေ့ ခေတ်မှာ ပညာရေးနဲ့ ပတ်သက်ပြီး လက်တန်းလျှောက်လို့ မရတော့ပါဘူး။ တကယ့်ကို အရေးကြီးတဲ့ အချိန်အခါ ရောက်ရှိနေခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သေချာ စဉ်းစားဆုံးဖြတ်မှသာ ဘဝ တစ်လျှောက်လုံးအတွက် အောင်မြင်တဲ့ ပန်းတိုင်ကို ပျော်ရွှင်စွာနဲ့ လျှောက်လှမ်းရောက်ရှိနိုင်မှာ မို့လို့ပါပဲ။ တက်ခွင့်ရတဲ့ တက္ကသိုလ်တစ်ခုခုကို တက်လိုက်ပြီး ဘွဲ့ရသွားတဲ့အခါ ဘယ်လိုအလုပ်မျိုးနဲ့ အဆင်ပြေ မလဲလို့ ပူပန်သောက မရောက်ရလေအောင် တာထွက်ကတည်းက ဦးတည်ရာ လမ်းကြောင်း မှန်ကန်ဖို့ လိုအပ်ပါတယ်။ တစ်နည်းပြောရရင်ပေါ့လေ။ ဘွဲ့ရပြီးတဲ့အခါ ဘယ်လိုရပ်တည်မှာလဲဆိုတာကို ဆယ်တန်း ဆိုတဲ့ တံတိုင်းကြီးကနေ ဖြတ်သန်းသွားဖို့ အရေးကြီးဆုံးပါပဲ။
အပိုင်း ၂ ကို ဆက်လက်တင်ပေးပါမည်။
21 comments
pan pan
July 6, 2012 at 1:16 pm
ကျမလည်း ၁ဝတန်းအောင်ပြီးတော့ ဘယ်လိုင်းတက်ရမှန်းမသိ
ဆေးလိုင်းလည်း အနားတောင်မကပ်နိုင် (အမှတ်ကတော်တော်ကောင်းဆိုတော့ :mrgreen:)
ကိုဂီတို့လို ဉာဏ်ကောင်းစာတော်တဲ့လူကျတော့လည်း ဆေးကျောင်းတောင် ပြီးအောင်မတက်ဘူး
ထားပါတော့
အဲ့မှာ ဘာလိုင်းတက်ရမှန်းမသိ
အူလည်လည်ဖြစ်နေရာက ကွန်ပျူတာတက္ကသိုလ်ရောက်ခဲ့ရောဆိုပါတော့
ခုတော့လည်း အပျော့ထည်ကို ဝါသနာမပါလည်း ပါပလိုက်ပြီး ရေးစားနေရတာပ
အင်း……ကိုယ့်ကိုယ်ကိုလည်း ဘာဝါသနာပါမှန်းကို မသိတော့ပါဘူး 🙄
Inz@ghi
July 6, 2012 at 1:21 pm
ဟဲ့ ..ဘယ့်နှယ့် ကျုပ် အထုပ် ကို လာဖြည်နေရတာတုန်း …
ကိုယ့်ဟာကိုယ် ၁၅ကျပ်ယူတာ ..အေးအေးယူတာမဟုတ်ဘူး …
ဂနေ့ပဲ ..ဆေးလ် ချလို့ …ဝယ်ထားတဲ့ စာအုပ် ဇိုင်းကို ခိလဲ့ ဆိုပီး
ခပ်တည်တည် ပိုက်ပိုက်ပြန် အမ်းသွားလို့.. စိတ်ထိခိယက်နေတဲ့ဥစ္စာ…
ပစိဖိတ်သမုဒ္ဒရာဂျီး ဖြတ်လာမှာ ဆိုဒေါ့ ဂလောက်တော့ ကြာပေမပေါ့ ဆိုပီး
ကျုပ်မှာဖြင့် စောင့်နေရတာ ၃ပါတ်ရှိတော့မယ်…
ချဉ်ပါတယ်အေ…
အော်… ယနေ့ ချဉ်သောစာရင်း..
၁။အမေဇုံ
၂။ဟန်ဒွက်ယန်းဂ် အမေဒစ်ကင်န်
၃။ ပန်ပန်..
:'(
pan pan
July 6, 2012 at 3:17 pm
အစထဲက ပစ္စည်းလက်ကျန်ရှိ မရှိပြမထားဘူးလား
အဲ့ဆိုဒ်က
ဈေးပိုပေးတဲ့လူဆီရောက်သွားလို့များလား 🙄
မျှော်လင့်ချက်ကြီးနဲ့ စောင့်နေရင်း အကျိုးနည်းပေ့ါ ဟိ 😛
Nyein Nyein
July 6, 2012 at 1:32 pm
ဪ ပန်ပန်ရေ………. ဘဝတူတွေပါလားနော်။ ဝါသနာပါခဲ့တာတော့ တစ်ခု။ ဖြစ်လာတာက တခြား။ တကယ်ကို ဘာမှန်းမသိဖြစ်ခဲ့တာပါ။ အခုတော့လည်း ပန်ပန်ပြောသလို ဝါသနာမပါလည်း အတင်းဝါသနာပါအောင်လုပ်နေရပါတယ်။ ဪ……………. ဘဝ ဘဝ………………
မွန်မွန်
July 6, 2012 at 1:24 pm
ဟုတ်တယ် အစ်မရေ။ ဒီခေတ်က ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ကိုယ်ဝါသနာပါတာကျတော့လည်း အလုပ်အကိုင်အခွင့်အလမ်းက မသေချာ။ အလုပ်ကောင်းကောင်းရဖို့ သင်ရမယ့်ပညာကျတော့လည်း ရွှေအိုးရှိမှ ပညာရ ဖြစ်နေတယ်။
အစ်မပို့စ်ကို ဖတ်ပြီး မွန်မွန် တက္ကသိုလ်ကို ရွေးခဲ့ရတဲ့အကြောင်းကို ရေးဖို့ ကြိုးစားလိုက်ဦးမယ်။ 🙂
Nyein Nyein
July 6, 2012 at 1:37 pm
မမ မနော ပြောတာမှန်ပါတယ်။ ဒီခေတ်မှာက တက်စရာတွေကလည်း အစိုးရတက္ကသိုလ်တင်မကဘူး။ အပြင်ကျောင်းတွေကလည်း အများကြီးဆိုတော့ ရွေးစရာတွေ တကယ်ကိုပေါတာပါ။ ငြိမ်းရဲ့ ညီမလေးလည်း ဒီနှစ်ဆယ်တန်းအောင်တာဆိုတော့ ဝါသနာပါတာကို အရင်သိအောင်လုပ်ပြီးမှ တက်မယ့်ကျောင်းကို ရွေးဆိုပြီး ပြောရပါတယ်။ ကိုယ့်ဝါသနာပါတာကိုလုပ်မှ ပိုပြီးအောင်မြင်နိုင်တယ်ထင်လို့ ငြိမ်းကတော့ ထင်တယ်။ မမ မနော ထပ်ရေးမယ့် စာကိုလည်း မျှော်နေတယ်နော်။
mamanoyar
July 6, 2012 at 1:45 pm
မမမနော ပြောသလိုပဲ
နိုရာတုန်းကလဲ ကျောင်းတာတက်နေတာ
ဘာလုပ်လို့ လုပ်ချင်မှန်းလဲမသိပါဘူး
ဝါသနာကတော့ ကွန်ပျူတာနဲ့ ပါတ်သက်တာကို စိတ်ဝင်စားပါတယ်
ဒါပေမယ့် နိုရာတို့လို တောမှာနေ ခေတ်မမှီတဲ့လူတွေအဖို့
ဘယ်အရာမဆို အဆင်သင့်မဖြစ်တာ အမှန်ပါပဲ
ဒါကြောင့် ရည်မှန်းချက်ထားရမယ်ဆိုပေမယ့်
ကိုယ့်ရည်မှန်းချက်တောင် ရဲရဲမထားရဲခဲ့တဲ့အဖြစ်ပါ
မမ မနောပြောသလို ဂုဏ်ထူးတွေလည်းပါ မိဘတွေကလည်း တတ်နိုင်တဲ့သူတွေဆိုရင်တော့
သူတို့ စိတ်ဝင်စားတဲ့ဘက်ကို လိုက်ရင် ပိုပြီးအောင်မြင်မှာသေချာပါတယ်
မဂွတ် ထော်
July 6, 2012 at 2:55 pm
ဆယ်တန်းအောင်ရင် လား
ဆရာမကြီးလုပ်ချင်တယ်
ဒါပေမဲ့စိတ်မရှည်လို့ မလုပ်ဘူး
ဖြစ်ချင်တာတော့ ကုမ္ပဏီ ဝန်ထမ်းကို
ငယ်ငယ်လေးထဲကဖြစ်ချင်ခဲ့တာ ဗွီယိုထဲ
ကဝန်ထမ်းလေးတွေကြည့်ပီး
ခုတော့မျှော်လင့်မထားပဲ
ကိုဖြစ်ချင်တဲ့ဝန်ထမ်းတစ်ယောက်ဖြစ်နေပါပီ
ကျေးဇူးတင်ထိုုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်
လတ်လတ်
July 6, 2012 at 3:05 pm
ဝါသနာနဲ.ပတ်သတ်လို.ကြည်.ခဲ့ဖူးတဲ့ 3 iodiods ဆိုတဲ့ကားလေးသတိရမိတယ်….
၁ဝ တန်းအောင်ထားတဲ့ကျောင်းသားများ အဲဒီဇာတ်ကားကိုကြည်.သင့်တယ်လို.ထင်တယ်…..
manawphyulay
July 6, 2012 at 3:23 pm
လတ်လတ်ရေ… အောက်ခမြင့်လေးကို မှန်အောင်လေး လေ့ကျင့်ကြည့်ပါနော်။ အောက်ခမြင့်ရှိတဲ့နေရာတွေက H, Shift+Y, Shift+U သုံးခုထဲက သင့်တော်တာကို သုံးစွဲနိုင်ပါတယ်ရှင်။
etone
July 6, 2012 at 3:53 pm
အစ်မ မနောရေ …
ကျွန်မလည်း ဆယ်တန်း မရောက်ခင်ကတော့ ၊ ဆယ်တန်း အောင်စာရင်းထွက်ခါနီးအချိန် သူများတွေ မီးခဲ ထိုင်မိသလို ယောက်ယက်ခတ်နေတာကိုကြည့်ပြီး … အတော်အရေးပါတဲ့ စာမေးပွဲမို့ …. အောင်ဖို့ အခွင့်လမ်းနည်းလွန်းလို့ … ကံကောင်းမှ အောင်နိုင်တယ်လို့ ..ထင်ခဲ့မိတယ် ။
အဲ့ဒီအထင်တွေကို .. အမြင်တွေနဲ့ လက်တွေ့ ချပြလိုက်တာ ကိုယ်တိုင်ဆယ်တန်းတက်ရတဲ့ အခါမှာပါ ။
နတ်ကြီးတယ်တို့ … ကံကောင်းမှတို့ … မေးခွန်း လှည့်တယ်တို့ ဆိုတာတွေက .. သက်သက် ဆင်ခြေတွေမှန်း သိခဲ့ရတယ် ။ ဆယ်တန်းဆိုတာမျိုးက .. အခြေခံပညာထဲမှာ နောက်ဘိတ်ဆုံး အတန်းပါ … ဒီကတဆင့် ကိုယ်သန်ရာ အင်တီကျူ့ဒ်တွေကို ဆက်လှမ်းသွားရတာမျိုးဆိုတော့ … မေးခွန်းတွေက ပြဌာန်းစာအုပ်ထဲက အတိုင်း ဖြစ်ချင်မှ ဖြစ်မှာပေါ့လေ ၊ ကိုယ့်ဘက်ကသာ တကယ်ပိုင်နိုင်လျှင် ဉာဏ်ကွန့်ပြီး ဖြေနိုင်တာမျိုးပါ ။ ပြဌာန်းစာအုပ်တောင် မကြေပဲ … တခြား အပြင်က ခပ်ဆင်ဆင်မေးခွန်းတွေ လှည့်မေးတဲ့အခါ … ကျောင်းသားတွေ ပါးစပ်ကခုဏလို ဆင်ခြေမျိုးပေးတတ်ကြတယ ် … ။
ကိုယ်တိုင်လည်း ဆယ်တန်းတက်ခဲ့ရဖူးပါတယ် …. ကိုယ်ဖြေခဲ့တာ ကိုယ်သိပါတယ် ။ ကိုယ်အသုံးမကျတာလည်း ကိုယ်သိတာမို့ …. ဆယ်တန်း အောင်စာရင်းထွက်တော့ မျောက်မီးခဲကိုင်မိသလို ပြာကလပ်စိန်ဖြစ်မနေပါဘူး ။ ရင်လည်း မခုန်ပါဘူး .. .ကျမယ်မထင်ပါဘူး … ဂုဏ်ထူးတွေ ဘာသာစုံထွက်မယ်လို့လည်း …. စိတ်ကူးမယဉ်ခဲ့ပါဘူး .. ကိုယ့်ကိုယ်ကို အသိဆုံးမို့ပါ … ။
အရင်ခေတ်က ဆယ်တန်းအောင်ဖို့ ခက်ခဲတယ်လို့ ပြောခဲ့ကြပေမယ့်.. ဒီခေတ်မှာတော့ ..ဆယ်တန်းအောင်ဖို့ ဆိုတာ ..ဒီလောက်ကြီး မခက်ခဲပါဘူး … ။ အရင်ခေတ်ကဆို ခက်ခဲတယ်ဆိုပြီး ဆယ်တန်းအောင်လျှင်တောင် … အေနဲ့လား ဘီနဲ့လား ဆိုတာမျိုး ခွဲထားခဲ့ကြတယ် … ။ အဲ့ဒါကလည်း .. စာသင်ကြားတဲ့ စနစ်ပေါ် မူတည်တယ်ထင်တယ် … ။ စာသင်တဲ့စနစ်မကောင်းလို ့ဆိုပြီး ..မ ဝေဖန်ရက်ပါဘူး ..စာသင်စနစ်တွေ တကယ်ကိုပဲ ကောင်းခဲ့ပါတယ် ။ စာသင်တာက သင်တာပါပဲ .. ကျောင်းသား နားထဲကို 100%ပြန်စွဲသွားမလား .. 50%ပဲ ရမလား 1% ကျန်မလား ဆိုတာကတော့ နာယူသူရဲ့ ပေါ်မှာလည်း မူတည်နေပါသေးတယ် ။ ဆရာနဲ့ မိဘတွေရဲ့ တွန်းအားပေးမှုက ဒီအချိန်မှာ အရေးပါလာပါပြီ ။
အရင်ခေတ်ကတော့ ကျူရှင်ဆိုတာမျိုး အတော်ရှားပါတယ် ။ ကျောင်းမှာ တာဝန်ကျဆရာမက သင်ကြားတဲ့အပေါ် လိုက်ပြီး ပညာဆည်းပူးရတာမျိုးပေါ့ ။ စာသင်ကောင်းတဲ့ဆရာရှိသလို စာသင်မကောင်းတဲ့ ဆရာလည်းရှိတယ် .. တာဝန်ကျရာဆရာနဲ ့သင်ရတာမို့ဆရာ့ဘက်ကလည်း နားလည်အောင်ရှင်းပြနိုင်ချင်မှ ရှင်းပြနိုင်မယ် ..တပည့်ကလည်း ..စိတ်ဝင်စားမှုပေါ်မူတည်ပြီး… မှတ်သားတာမို့ … စာသင်ပြကောင်းတဲ့ဆရာနဲ့ မကျတဲ့လူတွေအတွက်တော့ … နစ်နာတာပေါ့လေ … ။ အပြင်ကျူရှင်လည်း မရှိပဲ … အစ်ကို ၊ အစ်မတွေ ၊ တတ်ကျွမ်းသူတွေက သင်ပေးတဲ့အပေါ်လိုက်လုပ်ရတာမျိုး ။ ဒီခေတ်မှာတော့ ရွေးချယ်ခွင့်တွေ အတော်ရှိနေပါပြီ … ကိုယ့်ကလေးဘက်ကသာ ဉာဏ်မှီပါစေ ၊ စာသင်ချင်စိတ်ရှိပါစေ ၊နာယူလိုစိတ်ရှိပါစေ ၊ ဝိုင်းကောင်းကောင်းမှာ ဆရာကောင်းကောင်းနဲ့ ထားပြီး စာမေးပွဲဝင်ဖြေလို့ ရနိုင်တာမျိုးလေ …. ။ ဒါကြောင့် ဆရာနဲ ့မိဘတွေရဲ့ ထောက်ပံ့မ၊ှု အားလည်း လိုသေးတယ်လို့ပြောတာ …. ။
ဒုတိယအပိုင်းကိုဖတ်ပြီးတော့မှ ဆယ်တန်းအောင်ပြီးတဲ့ လူတစ်ယောက်ရဲ့ ရွေးချယ်မှုအကြောင်းလေး ၊ ဆက်စပ်စဉ်းစားပုံလေး .. လာရေးပါဦးမယ် .. အခုတော့ … နားဦးမယ် 😀
etone
July 6, 2012 at 3:55 pm
စာလုံးပေါင်းမှားခြင်း သီးခံပါ … အဟိ … ။
နှလုံးသားနဲ့တွေးတုန်း လက်ကရိုက်ရတာမို့ ၊ ဦးနှောက်က စပယ်လင် မစစ်နိုင်တော့လို့ … ကြို သတိပေးထားတာပါ … အဟိ 😆
manawphyulay
July 6, 2012 at 4:06 pm
ဟုတ်ပါတယ်။ ညီမလေးရေ… လူတိုင်းက ဒီလိုအတွေးလေးတွေ မရှိကြပါဘူး။ ကံကို ရိုးမယ်ဖွဲ့ပြီး ပုံချကြတာ အများဆုံးပါပဲ။ မမတုန်းကတော့ အိမ်မှာ စာကျက်ချိန်နည်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်စာပေးလည်း မုန့်စားဆင်းချိန်လေးကို အလုအယက်လုပ်ပြီး ဆရာမကို ပြခဲ့တာကိုး။ နောက် ကျက်စာပေးလည်း ကျောင်းမှာတင်အပြီးကျက်တယ်။ ဒါကြောင့် ၁ဝ တန်းအောင်စာရင်းထွက်တော့ ကိုယ်တိုင်သွားကြည့်ခဲ့ပြီး မျက်နှာက မှင်သေသေနဲ့ အိမ်ကို ပြန်လာတော့ အိမ်ကနေ လူကြီးတွေက စီးပြီး လှမ်းပြောတာကို ခံခဲ့ရပါတယ်။ ဘာလဲဆိုတော့ ကျပြီမလား။ ပြောသားပဲ သွားမကြည့်ပါနဲ့ဆိုတာကို သွားကြည့်တာကိုတဲ့လေ.. အဲလို အပြောခံခဲ့ရတဲ့ဘဝတွေပါ။ ဒါပေမယ့်လည်း ဝါသနာပါရာလိုင်းကို ယူခဲ့တဲ့အတွက် နောင်တတော့ မရရှိခဲ့သလို ခုချိန်ထိလည်း သွားချင်တဲ့လမ်းကြောင်းကနေ လျှောက်နေခဲ့ပါတယ်။ မနောကတော့ ခေါင်းနည်းနည်းမာတယ်လို့ ပြောရမလားပဲ။ သူများက ဘာဆိုတာထက် ကိုယ်ဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ်ဆိုတဲ့အပေါ်ပဲ ရွေးချယ်ခဲ့တယ်။ ခုခေတ်တော့ ခေတ်ကောင်းလို့ပဲ ပြောရမလား ရွေးချယ်ခွင့်တွေ အများကြီးရနေသလို ပံ့ပိုးမှုတွေနဲ့ လျှောက်လှမ်းလို့ အကောင်းဆုံးပါပဲ။
snow white
July 6, 2012 at 4:14 pm
စနိုးလည်းတကယ်ကို ၁ဝတန်းသာ အောင်တာ အမှတ်စာရင်းထွက်ပြီးချိန်ထိ ဘာတက်ချင်မှန်းကိုမသိဘူး အမှတ်ကလည်းနည်းတယ်လေ ဒါကြောင့် လည်းရိုးရိုးမေဂျာလေးနဲ့ဘဲ ဘွဲ့တစ်ဘွဲ့ ရခဲ့တယ် လေ နောက်ပိုင်း လူငယ်လေးတွေကိုပြောချင်တာက စနိုးတို့လိုအမှားမျိုုးထပ်မဖြစ်စေဖို့မျှော်လင့်တယ် ကြိုးစားစေချင်တယ် ခုနှစ်စတက်ထဲက bioသမားတွေဆို ဆေးကျောင်းတက်မယ်ပေါ့ ရတာမရတာ ကနောက်မှ စထဲက ဆေးကျောင်းဆိုပြီးကြိုးစားမှ GTCလောက်ရတာလေဒူးလောက် တင်မှ ရင်လောက်ကျန်မှာလေ ကြိုးစားကျပါ လို့အကြံပြုပါတယ် မောင်ညီမလေးတို့ကြိုးစားကျပါလို့ .။။
ဖိုးထောင်
July 6, 2012 at 4:24 pm
၁ဝ တန်းအောင်ရင် နွားကျောင်းမယ်
ဝမ်းတွင်းရူး
July 6, 2012 at 6:11 pm
ဆယ်တန်းထိကို အရှုံးမရှိအအောင်စနစ်နဲ ့တက်လာသူကျောင်းသူားများကို
တက္ကသိုလ်ဝင်တန်းတွင် ချောင်ပိတ်ရိုက်နေမယ့်အစား——-
AKKO
July 6, 2012 at 8:26 pm
စိတ်ကူးယဉ်အိမ်မက်တွေပဲမက်ခဲ့ပြီးမိဘတွေချပေးတဲ့ လမ်းကြောင်းအပေါ်သွားခဲ့ကြရတာများပါတယ် ။ လောကအကြောင်းကို သိပ်မသိသေးတဲ့ အရွယ်ဆိုတော့ ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင်သေးလို့ပါပဲ ။
ဦးဦးပါလေရာ
July 7, 2012 at 5:13 pm
ဒီ အစိုးရပညာရေးစံနစ်အတိုင်း
ဆယ်တန်းအောင်သွားတဲ့ကလေးကို
ဘာဆက်လုပ်မလဲ သွားမေးလို့ကတော့
ခိုင်မာပြတ်သားတဲ့အဖြေမျိုး ရမှာမဟုတ်ဘူး…။
ဒီပညာရေးစံနစ်အောက်က ကျောင်းသားတွေဟာ
သူတို့ကိုယ်သူတို့
“ ဘာ ” ဆိုတာ သိဖို့ အချိန် မရခဲ့ကြဘူး…။
char too lan
July 7, 2012 at 7:20 pm
မယမင်းအေး လား ?? နာမည်ရင်းကလဲလှတာပဲ နော် 🙂
Read more: ၁ဝ တန်းအောင်ရင် ဘာလုပ်ကြမလဲ – Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A655154&xgs=1&xg_source=msg_share_topic#ixzz1zwIoL03o
————————————————————–
manawphyulay
July 13, 2012 at 12:28 pm
ရူးတိုးတိုး ညီမလေး နာမည်ရင်းကို သူများကို ပြောရဘူးလေ… ဒုက္ခ… နှစ်ခုစလုံးသိသွားတော့… ဘာနဲ့ဆက်ရေးရပါ့…
ဘယ်နာမည်လှလဲ… အဟဲ
cum min
July 13, 2012 at 2:32 pm
ဘာမှလုပ်ဝူး…အိပ်မ.ယ်….စားမယ်