မြင်ဆရာ
အပိုင်း တစ်
မြို့ငယ်လေး၏မီးရထားဘူတာရုံမှ ထွက်လာတော့ အသင့်စောင့်နေသော ရွာမှ မြင်းလှည်းကိုတွေ့ရသည်။
မွေးရပ်မြေကိုမရောက်တာကြာပြီဖြစ်၍မြင်းလှည်းမောင်းသူက မသိသူဖြစ်ပေမဲ့ မေတ္တာရှင်ဟူသော
မြင်းလှည်းဘေးတွင်ရေးထားသော စာလုံးကြီးများ၏ အရွယ်အစား၊အရောင်နှင့် ဒီဇိုင်းတို့က အရင်
အတိုင်းသာ ရှိနေသဖြင့် ရွာကမြင်းလှည်းမှန်း တန်းကနဲ သိလိုက်ရသည်က အဆန်းတော့မဟုတ်။
ရွာနီးချုပ်စပ်မှ ဈေးလာဝယ်ပြီးပြန်မည့် ဈေးဝယ်ပြန်သူများ၊ ရွာထွက်ရောင်းကုန်များ လာရောင်းပြီးပြန်ကြမည့်
ဈေးရောင်းပြန်သူများ ကိုအဓိကထားပြီးတင်ဆောင်ခေါ်လေ့ရှိသော ဤမြင်းလှည်းကို ဈေးကြိုမြင်းလှည်းဟု
အရပ်ခေါ် ခေါ်ကြလေသည်။
မြင်းလှည်းပေါ်တွင် လူတော်တော်များများရှိနေပြီဖြစ်၍ မြင်းလှည်းနောက်ပိုင်းတနေရာတွင်ဝင်ထိုင်ရန်ပြင်
နေစဉ်ကြာပွတ်ကိုင်ထားသောမြင်းလှည်းဆရာလေး အနားကိုကပ်လာပြီး တရင်းတနှီးနှုတ်ဆက်လာသည်။
သူက ကိုယ့်ကိုသိသည်။
ဒီလိုနဲ့ သူဖိတ်ခေါ်ရာ သူ့မြင်းလှည်းရှေ့ပိုင်း မြင်းလှည်းမောင်းသူ သူ့နဘေးတွင်နေရာ ရသည်ပေါ့။
တခဏအကြာမြင်းလှည်းထွက်ချိန်တန်တော့ မြင်းလှည်းထွက်သည်။
တလမ်းလုံး ဟိုမေးဒီမေး မေးလာသော မြင်းလှည်းဆရာ၏စကားများကို အလိုက်သင့်ဖြေရင်း
တွေးမိတွေးရာကို တွေးနေမိသည်။
ရွာတွင် အဖေနဲ့အမေ နေကောင်းရဲ့လား။
ဦးကြီးဦးလေး ဒေါ်ကြီးဒေါ်လေးများကော နေကောင်းကြရဲ့လား။
ညီအကို မောင်နှမ ဆွေဆွေမျိုးမျိုးတွေရော နေကောင်းကြရဲ့လား။
လားပေါင်းများစွာစဉ်းစားရင်း ထူးအိမ်သင်၏ ငြိမ်းချမ်းသောမေ့အိမ် ဆိုသော စာသားလေးက
ရင်ကိုရိုက်ခတ်လာ၏။
ဆက်စဉ်းစားရင်း သူငယ်ချင်းတွေ စိတ် ရောက်သွားသည်။
ရွာတွင်ရှိနေသေးသူများ၊ မြို့ရောက်နေသူများ၊ပင်လယ်ရပ်ခြားနိုင်ငံခြားရောက်နေသူများကိုလည်း
အသေးစိတ်တွေးမိသွားသည့်နောက် ရွာတွင်ကျန်နေသေးသောငယ်ပေါင်း သူငယ်ချင်းတို့အားတွေ့
ချင်စိတ်ကပြင်းပြလာလေသည်။
သူငယ်ချင်းဟူသော စကားလုံး စိတ်ထဲထင်ဟပ်လာသည်နှင့် တယောက်သော သူငယ်ချင်းကို
ပြင်းပြင်းပြပြ သတိယမိသွားတော့သည်။
မိမိတို့ငယ်သူငယ်ချင်းများ၏ အလွန်အရေးပါသော သူငယ်ချင်းတယောက်။
အားကိုးရသောသူငယ်ချင်းတယောက်။
ငယ်ငယ်က ဆောဖော်ဆော့ဖက်၊ အလိုတူကြံရာပါ မှသည် အရွယ်အတန်ငယ်ရကြ၍
လူငယ်သဘာဝချစ်ရေးချစ်ရာကိစ္စများအထိ အားကိုးရသော သူငယ်ချင်းကြီးတယောက်။
ပြည့်စုံအောင် သည်လိုဆိုကြည့်ချင်ပါသည်။
ငယ်စဉ်ကသူငယ်ချင်း၊ နဲနဲအရွယ်ရလာတော့ အောင်သွယ်တော်၊
လူ့လောကလုပ်ကိုင်စားသောက်မှုတွင်တော့ကျနော်တို့အားလုံးရဲ့ မိတ်ဆွေ၊
နောက်တော့လမ်းညွန်ပြရာ ဆရာသမား ဟု ။
သူ့ကိုတယောက် ဆိုတာထက် တ-ရုပ် ကိုပြောရမှာပါ။
ဟုတ်ပါသည်။ ကျနော်တို့အားလုံးရဲ့ သူငယ်ချင်းကောင်းကြီး တ-ရုပ်ပါ။
သူက “စာချောက်ရုပ်”။Scarecrow
အပိုင်း နှစ်
စပါးပေါ်ချိန်နီးပြီဆို ကျနော်နှင့်အဖေ အမေတို့လယ်တောတွင် အိပ်ကြသည်။
တနေ့ အဖေက ဝါးလုံးတွင်ကောက်ရိုးတွေပါတ်ပြီး ကြိုးနှင့်စည်းနေသည်။
အမေက အဖေနှင့် ကျနော်တို့၏အဝတ်စုတ်များနှင့် အလုပ်ရှုပ်နေ၏။
တနာရီနီးပါးအကြာမှာတော့ အဖေလက်ရာ ဝါးလုံး ကောက်ရိုးပါတ် အပေါင်းလက်ခဏာ၊
ပစ္စည်းကြီးနှင့် အမေ့လက်ရာသာမန်ထက်ရှည်သော ဖားလျားလျား လက်၊ သာမန်ထက်ကြီးသော
ပွတတ အင်းကျီကြီးပြီးလေပြီ။။
အဖေက တူရွင်းတချောင်းယူ လယ်ထဲကိုဆင်းပြီး သူ့ကောက်ရိုးအပေါင်းလက်ခဏာကြီးကို
မြေတွင်ခိုင်အောင်စိုက်နေ၏။
အဖေစိုက်ပြီးသော အခါအမေကသူ့ကလက်ရာ ပွပွဖားဖားဒီဇိုင်း အင်းကျီနှင့် အဝတ်စတွေကို
ယူလာပြီး ဆင်မြန်းလေရာ လူအသွင်နီးပါးကိုဆောင်လေပြီ။
သို့သော် တခုကျန်နေသေးရာ အဖေက တဲထောင့်မှ ကျနော်(ရော်ဘင်ဟု)၏ လောက်လေးကြောင့်ကွဲခဲ့ရလေ
သော ရေအိုး ဘေးပွင့်ကြီးကို ယူပြီး၊ ကွမ်းအစ်အတွင်းမှ ထုံးတချို့ ရေဖျော် အိုးတွင် မျက်လုံးပုံ၊ပါးစပ်ပုံရေးဆွဲ၊
နောက်တော့ အရုပ်မှာခေါင်းတပ် လိုက်လေတော့ “စာချောက်ရုပ် တရုပ် မီးရှူးသန့်စင် ဖွားမြင်လေပြီ
အသက် တရာ့နှစ်ဆယ် ရှည်စေသော်” ဟု ဆိုရမလောက်ပါဘဲ။
ကောင်းပြီ သူ(စာချောက်ရုပ်) နှင့် ကျနော်တို့(လူ)သူငယ်ချင်းတစု မည်သို့မည်ပုံသူငယ်ချင်းတွေ
ဖြစ်သွားရပုံကိုပြောပြပါအံ့။
လယ်ယာတောများကိုမျက်စိတဆုံးမြင်နေရသော ကျနော်တို့ရွာပါတ်ဝန်းကျင်တွင် ကျနော်တို့
လယ်ကွက် အနားတွင်သာ အလွန်ကြီးမားသော ကုက္ကိ ုပင်ကြီးတပင်ရှိသည်။ ဤအပင်ကြီးအောက်
မြေကွက်လပ်သည် အဝန်းအဝိုင်းကြီး ရသည်ကား အတော်အတန်လည်းကျယ်၊အရိပ်ကလည်းကောင်း၍
လယ်စိုက်ချိန်လယ်သမားတို့အနားယူ ထမင်းစားရာနေရာ၊ လယ်သိမ်းချိန်ကျနော်တို့လယ်ထွက်
စပါးကောက်လှိုင်းစည်းတို့ပုံရာနေရာ၊ အခါသင့်သလို လူကြီးတို့၏လယ်အကြောင်း၊ရေအကြောင်း၊
စပါးဈေးအကြောင်း၊ပြောဆိုရာနေရာ။ ကျနော်တို့ကလေးများ၏ ဂေါ်လီပစ်၊ကျည်းသားရိုက်၊
ဖန်ခုန်၊ထုတ်ဆီးထိုးရာနေရာ ကွန်းရိပ်သာပင်ဖြစ်သည်။
ဆိုလိုရင်းက တရွာလုံးက ကလေးများဒီအပင်အောက်တွင်ဆော့ဖူးကြသည်သာ။
ဆိုတော့ သည်အပင်နဲ့မလှမ်းမကမ်းက အနှီစာချောက်ရုပ်နှင့်ပါတ်သက်စရာများပေါ်လာတော့သည်။
လိပ်ဥပျောက်လို့လိပ်မ ရှာ သူ့ခမြာငိုမဲ့ ငိုမဲ့ အကြာကြီး အော်နိုင်ရန် လိပ်ဥကို စာချောက်ရုပ် ကဖွက်ပေးရ၏။
ကိုယ်လုံးသေးသော ကလေးတယောက်အတွက် စာချောက်ရုပ် ၏ နောက်ကျောတွင် တွဲလွဲခိုပြီး အင်းကျီအောက်
ဝင်နေ၊ပုန်းနေနိုင်၍ အနီးအနားတွင်တွင်ရှိသော ချုံပုတ်များကိုသာ ရှာတတ်သူတွေ နောက်တခါ လိုက်သူပြန်
ဖြစ်ရတတ်လေပြီ။
အချိန်တန်၍ ကစားပွဲပြီးလေသော် မိမိတို့နှင့်သက်ဆိုင်ရာ(အဖိုးတန်ဟုယူဆထားသော)
ကစားစရာများကို ကိုယ့်နေရာနှင့် ကိုယ်ဆိုသလို စာချောက်ရုပ်၏ ကိုယ်တွင်းကိုယ်ပ နှစ်ဌာန၌
သိမ်းဆည်းကြလေပြီ။
အမေကလည်း ကလေးများကိုချစ်တတ်သဖြင့် စာချောက်ရုပ်၏ အဝတ်ပေါ်တွင် “အိပ်” များ
ချုပ်ပေးထားသဖြင့် ပျော်ပျော်ကြီးသိမ်းဆည်းကြလေကုန် ဟုဆိုနေသကဲ့သို့။
ဒါကရွာမှကလေးအပေါင်းတို့တရားဝင် လုပ်ငန်းစဉ်များမှ စာချောက်ရုပ်၏ သူငယ်ချင်း အခန်းကဏ္ဍ ပေါ့။
အဲ ..ဒါဆို တရားမဝင်အကြောင်းအရာလေးတွေရှိသေးတယ်ပေါ့နော်။
ဟုတ်ပါတယ်။
ကလေးတို့ဘာသာဘာဝ ကစားလို့အားရချိန် စားစရာလေးတွေ စားချင်ကြတော့
ထန်းညက်၊ ကြံသကာများ အမေကတခါတရံ ကျွေးတတ်ပေမဲ ့ သည့်ထက်ပိုပြီး
စားချင်ကြသော ကျနော်တို့အဖွဲ့သားများကတော့ ဘယ်ကြေနပ်ပါ့မလဲ။
အဲဒီတော့ ကျနော်တို့လယ်ကွင်းအစပ်က ဘကြီးသန်းရဲ့ ခြံ ကပစ်မှတ်ဖြစ်ခဲ့ရပါတယ်။
ဘကြီးသန်းက ဥယျာဉ်စိုက်တဲ့ ရွာ့သားကြီးပါ။ ရွာ့မျက်နှာဖုံးဖြစ်တော့ ရွာထဲမှာရော
မြို့မှာလဲအိမ်ရှိပါတယ်။ ဒီ ဥယျာဉ်ကိုတော့ ခြံစောင့်ကြီး အဘလှက စောင့်ရှောက်ပါတယ်။
ကျနော်တို့တွေက အဲဒီ ခြံထဲက သရက်ပင်၊မာလကာပင်၊ဩဇာပင်တွေကို အလစ်ဝင်ခူးကြပါတယ်။
အဘလှရဲ့ နေ့လည်ခင်းတရေးအိပ်တဲ့အချိန်ဟာ အကောင်းဆုံးအချိန်ပါဘဲ။
တခါတခါ အဘလှနိုးလို့လိုက်တတ်ပေမဲ ့(ကလေးတွေကိုချစ်တတ်လို့ထင်ပါရဲ့)မိအောင်လိုက်လေ့မ
ရှိပါဘူး။ သူ့တာဝန်ကျေအောင်ခြောက်လှန့်တဲ့သဘောလောက်ဆိုတော့ ကျနော်တို့ကလဲ အတင့်ရဲ
လို့ရတယ်ဆိုပေမဲ့ အဘလှရဲ့ ခွေးကြီးကတော့ တအားလိုက် ကိုက်တတ်တာမလို့ ထိန်းထိန်းသိမ်းသိမ်း
လေးတော့ ဝင် ရပါတယ်။ ခွေးကြီး ပြေးလိုက်ရင် ထန်းလျှက်ခဲပစ်ပေးမဲ့အဖွဲ့ကိုလဲ ဖွဲ့ထားရပါတယ်။
အတိုချုပ်ရရင် အဲဒီက ရလာတဲ့ မမှဲ့သေးတဲ့အသီးအနှံတွေကို အမေတို့မြင်ရင် သေအောင်အရိုက်ခံရမှာလေ။
အဲဒီတော့ တချက်ခုတ် နှစ်ချက်ပြတ် အမေတို့လဲမမြင်အောင် စိမ်းရာကနေ မှဲ့လဲလာအောင်
အဲဒီ စာချောက်ရုပ်ရဲ့ ကောက်ရိုးတွေထဲ ထည့်ထား(ဒါမှမဟုတ် ဖွက်ထား/မှဲ့အောင်အုပ်ထား)ရတာပေါ့။
မှဲ့တော့မှ သစ်ပင်ကြီးတဘက်ခြမ်း ခြုံကွယ်မှာ ဝိုင်းတွယ်ကြရတာကလဲ “စာချောက်ရုပ်” ရဲ့ ကျေးဇူးပါဘဲ။
ဒီလိုနဲ့ အရွယ်လေးတွေက အထက်တန်းကျောင်းသားလေးတွေရောက်လာတော့ အေးမနဲ့ အောင်စိုးကသမီး
ရီးစားတွေ ဖြစ်ကြရော။
အရွယ်တွေငယ်သေးလို့ မိဘတွေသိရင် ဆူမှာ၊အရိုက်ခံရမှာဆိုတော့ သူတို့က
သူတို့ရီးစားသဘာဝ ပို့စကဒ်လေးတွေကအစ၊ ချစ်စကားပြောချင်တဲ့စကားလုံးတွေသီကုံးဖွဲ့ထားတဲ့
စာတိုစာစလေးတွေ အလယ် လက်ဆောင်သေးသေးမွှားမွှားလေးတွေကို ဖွက်ထားပေးရတာလဲ
သူ(စာချောက်ရုပ်) ပါဘဲ။
ပြောရရင် အရေးကြီးတဲ့အချိန်းအချက်တွေကို အဲဒီမှာသူတို့ ချစ်သူနှစ်ယောက်ရဲ့ သင်္ကေတနဲ့
အချက်ပေးကြပါသတဲ့။
နောက်ဆုံးတော့လဲ အဲဒီ စာချောက်ရုပ်နေရာနားမှာဘဲ ချိန်းပြီး ခိုးရာလိုက်သွားလိုက်ကြတာ
ခုတော့ လင်မယားနှစ်ယောက် ကလေး ၃ ယောက်ရနေပါပြီ။
ဪ ..ပြောစရာ တခုကတော့ သူတို့သားအကြီးလေးနာမည်က အိမ်နာမည် စာချောက်ရုပ်
ဆိုဘဲ။ ကျေးဇူးသိတတ်တာဖြစ်မှာပေါ့လေ။
အပိုင်း သုံး
အဲဒီလို ငယ်စဉ်ကကြည်နူးဘွယ်ရာ၊အမှတ်ရစရာ အကြောင်းအရာတွေ ပြည့်နှက်နေတဲ့
သူ(စာချောက်ရုပ်)ကို ရွာက ထွက်မလာခင် တနေ့ လယ်ထဲသွားရင်း အေးအေး
ဆေးဆေးကြီး ထိုင်ကြည့်နေမိတယ်။
ဂရုဏာတရား ကြီးမားစွာ ကလေးတို့အပေါ် အနွံအတာခံခဲ့သော စာချောက်ရုပ်ကြီးပါလား။
တို့မိသားစုရဲ့တာဝန်ကိုကျရာနေရာက တာဝန်ကျေပေးတဲ့ စာချောက်ရုပ်ကြီးရယ်ပါလား…စသဖြင့်
ရှေးဟောင်းနောက်ဖြစ်တွေ တွေးနေရင်း ထိုင်ကြည့်နေမိတယ်။
ခဏလာနားဖို့ကြံတဲ့ ငှက်ကလေးတွေ၊စာကလေးတွေဟာ
လေတိုက်လို့လှုပ်သွားတဲ့ အဝတ်စတယမ်းယမ်းကြောင့် ပျံပြေးကြတယ်။
အရဲစွန့်ပြီး လာစားတဲ့ စာကလေးတချို့တော့စားလိုက်ရပါရဲ့။
ဒါပေမဲ့အုံနဲ့ကျင်းနဲ့ အုပ်လိုက်ကြီးတော့လာပြီး ဆင်းမစားနိုင်တာတော့ အမှန်ပါဘဲ။
လူ တယောက်ယောက်ရှိနေတယ်လို့ ထင်ရလောက်အောင်မြင်ရလို့ထင် ပါရဲ့လေ။
သူ(စာချောက်ရုပ်)အကြောင်းဆက်ပြီး စဉ်းစားမိတာကတော့။
တာဝန်ယူမှု
သူ(စာချောက်ရဲ့)ရဲ့ တာဝန်ချိန်ပါဘဲ။ သူ့အနေနဲ့ နားချိန်နားရက်မရှိ၊ နေပူမိုးရွာမရှောင်တာဝန်ကျေပါပေရဲ့။
ဘယ်လို ရာသီဥတု ပူပူ၊အေးအေး၊ ဘယ်သူဘာပြောပြော ၊ ဘာလာလုပ်လုပ် သူကတော့ သူ့တာဝန်
သူထမ်းဆောင်ဖို့ မတ်မတ်မားမားရပ်တည်နိုင်ပါပေ့။
ကြည့်နေရင်း သူ့စကားသံကို ကြားရသလိုရှိလာသည်။
“အို လူသား ပျင်းရိခြင်း ခြောက်ပါးဟု သင်တို့ဆိုကြသည်၊ ဆင်ခြေပေး၍ အလုပ်ကိုအချိန်ရွှေ့ခြင်းသာ
ဖြစ်၍ ပျင်းရိခြင်းအစား “အချိန်ရွှေ့ခြင်း၊ဆင်ခြေများခြင်း၊အလုပ်ရှောင်ခြင်း” ဟု ခေါ်ဆိုအပ်ပေသည်။
သင်သည် ဤသို့သော အပြုအမူကိုတကြိမ်ကျူးလွန်ဖူးပါက အကြိမ်ကြိမ်ကျူးလွန်ရန်မဝေးတော့ပြီ။
တာဝန်ကျေပါလော့၊ ဆင်ခြေပေး၍အလုပ်ကိုဝေးအောင် လုပ်၍မရ၊ ယနေ့ယခုအချိန်တွင်လုပ်နိုင်သော
အလုပ်ကိုပြီးအောင်လုပ်လိုက်ခြင်းကသာ ယနေ့ယခုအချိန်အတွက် အလုပ်ကိုကုန်ဆုံးပြီးမြောက်စေခြင်း
ဖြစ်စေသည်မဟုတ်ပါလား၊ တာဝန်ကိုကြောက်၍တာဝန်ရှောင်ခြင်းက တာဝန်ပို စေတတ်သည်ဖြစ်၍
မိမိတာဝန်ရှိသော အလုပ်တာဝန်ကိုကျေပွန်ပါလော့။”
စိတ်ဓာတ်ကြံ့ခိုင်မှု
စာချောက်ရုပ်ကြီးကလဲ ရုပ်ဆိုးပါပေ့၊ ညညများဆို မကောင်းဆိုးဝါးတကောင်နဲ့တောင် တူသေးတော့။
ကြည့်ရတာ ဘယ်လိုမှကြည့်မကောင်းပါဘူး ဟု ဆိုသူတို့ ဆိုကြသည်။
သူ(စာချောက်ရုပ်)ကား တုံဏှိဘာဝေ ဆိတ်ဆိတ်နေပေ၏။
“နကမ္မတိ” လောကဓံတရားရှစ်ပါးကိုမတုန်မလှုပ်သော “သင်” ပါတကား။
စကားပြောတတ်ပါက သူ(စာချောက်ရုပ်)က ဤသို့ ဆိုလေမည်လားမသိ။
” အသင် လူသား၊ သင်သည်လောက၌ မိမိလုပ်စရာရှိသည်ကိုသာ အချိန်နှင့်အမျှ တာဝန်ကျေရင်းအောင်မြင်
အောင် အားစိုက်လုပ်ကိုင်ပါလော့၊ ရှုံးနိမ့်သွားသောအခြေအနေတို့မှ ပြန်လည်ရုံးထခြင်းသည်လည်းကောင်း၊
လူတို့၏ကဲ့ရဲ့ပြစ်တင်မှုတို့အား လျှစ်လျှူရှူ၍ကိုယ့်လုပ်မြဲအလုပ်ကိုသာအာရုံပြုခြင်း သည်လည်းကောင်း၊
အခြေအနေ၊အနေအထားကိုကြည့်၍ ဘာကိုမှမလုပ်ဘဲ ထိုင်နေခြင်းမရှိ လုပ်လို့ရသလောက်ကြိုးစားလုပ်ဆောင်
တာဝန်ယူခြင်းသည်လည်း ကောင်း၊ သင် တန်ဖိုးရှိသော လူသားအဖြစ်ကို ရယူပါလော့၊တခြားတပါးသောသူတို့
၏ ဝေဖန်ပြစ်တင်စကားတို့သည်ကား အလေးထားစရာ အရာမဟုတ် ကို သင် “သိ” ပါလော့”။
ပေးဆပ်နိုင်မှု
သူ(စာချောက်ရုပ်) အတွက် ရပိုင်ခွင့်ဆိုတာ အဝတ်စုတ်များ၊ရေအိုးကွဲနှင့် ကောက်ရိုးကဲ့သို့
အဖိုးမတန်သည်များသာ။
သူ့တာဝန်ယူထားသည်က သူ့သခင်၏ စီးပွါးရေး၊သူ့သခင်သားသမီးများ၏ ပညာရေး၊ဘဝရှေ့ရေး၊
ပြီးတော့ ဒီထက်ချဲ့ ရလျှင် လူသားတို့အတွက်စားရေရိက္ခာ ကို သူစောင့်ရှောက်ပေးနေသည်ပါ။
သူ့တာဝန်အတွက် သူဘာမှ ပြန်မရသော်လည်း၊ ပေးဆပ်မှုအတွက် သူမတွန့်ဆုတ်တတ်။
သူကဒီလိုဆိုပြန်ပါတယ်။
” အသင် လူသား၊ ရလိုမှူအတွက် အလုပ်လုပ်ခြင်းထက် ရလိုခြင်းကင်းစွာအလုပ်လုပ်မှုမျိုး(သို့)
ပေးဆပ်မှုအတွက်အလုပ်လုပ်ခြင်း ကိုလည်း လူသားပီသစွာပြုအပ်လှပေသည်။
သင်သည်မိမိတတ်နိုင်သလောက်ပေးဆပ်ခြင်းဖြင့် လူ့လောကကိုအကျိုးပြုပါလော့။
သင်အလုပ်တာဝန်ကို တာဝန်ကျေသူအဖြစ် ပထမပေးဆပ်ပါ။
သို့ဖြစ်ပါက သင်သည် “သင့် သောလူ” ဟု အမည် သညာဖြစ်ပေါ်ပါမည်။
သင်၏မိသားစုအားတာဝန်ကျေသူအဖြစ်ဒုတိယပေးဆပ်ပါ။
သို့ဆိုလျှင် သင်သည် “ကောင်းသော လူ” ဟု အမည်သညာတွင် စေပါမည်။
သင်ပါတ်ဝန်းကျင်ရှိလူသားများကိုတာဝန်ကျေသူအဖြစ်နှင့် သည်ထက်ပိုတတ်နိုင်လျှင်
လောကလူသားများကို တာဝန်ကျေသူအဖြစ်ပေးဆပ်ပါလေ။
ဤသို့ ဆိုလျှင် သင်ကား “မြင့်မြတ်သောလူ” အဖြစ် မှတ်တမ်းတင် ခံရတော့မည်တည်း။
သင်၏ပေးဆပ်ခြင်းသည် သင်၏ အဖိုးတန်မှု ကို အဆင့်ခွဲခြား မှတ်တမ်းထားတော့မည်ဖြစ်၍
သင့်တန်ဖိုးကိုသင်ကိုယ်တိုင် ကမ္ပည်းထိုးပါလော့။”
အပိုင်းလေး
သူ(စာချောက်ရုပ်) နှင့်တွေ့ဆုံခြင်းကားကောင်းသော တွေ့ဆုံခြင်းဖြစ်ခဲ့ပေပြီ။
သူ့ဘဝ သူ့ရပ်တည်ချက်က ဘာမှတန်ဖိုးထားစရာအရာများဖြင့်ဆင်ယင်ထားခြင်း မရှိပါဘဲနှင့်
လူ့လောကကို အကျိုးပြုနိုင်စွမ်းပေသည်။
စကားမဆိုလက်တွေ့အလုပ်ကိုသာလုပ်သော သူသည်ကား လူသားအား သင်ကြားနေပေသည်။
အားလုံးအလယ် မတင့်တယ်စရာအသွင်ရှိကောင်းရှိမည်ဖြစ်သော်လည်း လူတို့၏ရေးဆွဲထားသော
ဖန်တီးပေးထားသော အပြုံးတခုကို သူ့ဆီမှာ သင်အချိန်မရွေးတွေ့နိုင်ပေမည်။
ပြုံးပြုံးပြုံးပြုံးတာဝန်အကျေဆုံးစာချောက်ရုပ်ရေ………
ခေတ်ဟောင်း သီချင်းတပုဒ်လို စာချောက်ရုပ်ကလေးရာငါနောက်ဆုတ်မပြေးပါ လို့
စိတ်ထဲကအကြိမ်ကြိမ်ရွတ်ဆိုနေမိပါတယ်။။
အပိုင်း ငါး
ရွာကိုမြင်ရပြီ။
ရွာထိပ်နားတွင်ရှိသော မိမိတို့မိသားစုပိုင်လယ်ကွင်းဆီကို မြင်ရသောနေရာရောက်ပြီ။
ထိုစဉ်..မြင်းလှည်းသမားလေးမှ အကိုတို့လယ်သိမ်းနေလို့ ဦးကြီးနဲ့အရီးတို့(ကျနော့အဖေနဲ့အမေ)
အလုပ်သမားတွေကိုကြီးကြပ်ရင်း အကို့ကိုလာစောင့်မယ်လို့မနက်ကအကို့အတွက်
လှည်းခပါပေးရင်းမှာလိုက်တယ်ဗျ ဟုပြောလာသဖြင့် အေး ..ကျေးဇူးကွာဟုပြောရင်း၊
ငါဒီမှာဆင်းမယ်ဟေ့ဟု တဆက်တည်းပြောလိုက်ပါတော့တယ်။
လှမ်းကြည့်လိုက်တော့….
လယ်ကွင်းအစပ်မှ လှမ်းမြင်ရသော ကုက္ကိ ုပင်ကြီးအောက်တွင် လူစု လူဝေးကိုတွေ့ရသည်။
ပြီးတော့ ကွင်းအလယ်က မဲမဲ မဲမဲ နှင့် နေပူထဲက တာဝန်ကျတယောက်၊(သို့) ကျနော်တို့၏မိတ်
ဆွေကြီး၊ငယ်ပေါင်းကြီး၊ဆရာသမားကြီး စာချောက်ရုပ်ကို ရေးတေးတေးမြင်နေရပြီ။
သွက်လက်သောခြေလှမ်းများက ဤအရပ်ဆီ ဦးတည်နေပေမဲ့ မိသားစုကိုတွေ့လိုစိတ်ကြောင့်
သွက်နေတာလား….. “ကိုစာချောက်ရုပ်” ကိုတွေ့ချင်စိတ်ကြောင့် သွက်နေတာလား ….
ရောနှောလျှက်ရှိနေသည်ကိုတော့ဝေခွဲ မရ ရင်း
” ဟေး……… ပြန်လာပြီဟေ့” ဟု အော်လိုက်မိလေတော့သတည်း။
————————————-
19 comments
ဝမ်းတွင်းရူး
July 7, 2012 at 6:27 pm
စာချောက်ရုပ်ဋီကာ အတွေးလောပေါ့ဗျာ။
မောင်ပေ
July 7, 2012 at 7:49 pm
ဖတ်လို ့ကောင်းအောင် ကို စာအစအဆုံး ဇါတ်လမ်းတည်ဆောက်ထားတာကော ၊ စာဖတ်သူကို ပေးထားတဲ့ မက်ဆေ့တွေကော နဲ ့ပြည့်စုံပါတယ်ဗျား ။
ကိုဗစ်ထရီ ့ပုံ ခန် ့မှန်းကြည့်ရတာ အပြင်လောကမှာ အဆက်မပြတ် ရေးနေတဲ့ စာရေးဆရာ တစ်ယောက်ဖြစ်မယ် ထင်ပါရဲ ့။ ဂေဇက်အတွက်လဲ အဆက်မပြတ် ရေးတင်ပေးပါခင်ဗျ။
ပထမဆုံး လက်မကို ထောင်ရင်း အားပေးပါတယ် ။
အရီးခင်လတ်
July 7, 2012 at 8:38 pm
ကျွန်မ လဲ Victory တို့ ရွာ နဲ့ စာချောက်ရုပ်ကြီး ဆီ ကို ရောက်သွားခဲ့ပါတယ်။
ပေးချင်တဲ့ အကြောင်းတွေကိုလဲ ကြိုးစားပြီး ယူသွားပါတယ်။
တင်ပြပုံလေးက အတော်လှပါတယ်။
ဒီလို စာကောင်းပေမွန် လေးတွေ ကို ဆက်ဖတ်ဖို့ မျှော်နေပါမယ်။ 🙂
padonmar
July 7, 2012 at 8:43 pm
လက်မကြီးကြီးထောင်ခဲ့ပါတယ်နော်။
စာရေးတတ်တဲ့လက်ဆိုတာ ပြလိုက်သလိုပါပဲ။
ရဲစည်တို့ရဲ့ ရသစာပေအတွက်တော့ တစ်ပုဒ်ရပြီဟေ့။
ရာဇဝင်လူဆိုး
July 7, 2012 at 8:50 pm
စာရေးနည်းစနစ် တကယ်ကျလှပါတယ်( စာပိုဒ်ခွဲတာက အစ)
မြင်သာထင်သာအောင် ရေးတတ်တယ်။
စာဖတ်သူကိုဆွဲခေါ်သွားပြီး မက်ဆေ့တစ်ခုခုပေးနိုင်ပါအိ
(စာ သိပ်မရေးတတ်ပေမယ်…ဝေဖန်ရေးတော့တတ်တဲ့….လူဆိုး)
Victory
July 7, 2012 at 9:55 pm
အချိန်ကိုငဲ့ရလို့ ကော်မန့်တွေ စာတွေရေးတာ နည်းပေမဲ့ ကျနော်က မန်းဂေဇက်ရဲ့
ကာလရှည်စာဖတ်ပရိတ်သတ်တဦးပါ။
အားလုံးရဲ့ နွေးထွေးစွာ ဖတ်ရှူ့အားပေးမှုအတွက် ကျေးဇူးတင်ဝမ်းမြောက်ရ
ပါတယ်လို့ ဦးစွာပြောလိုပါတယ်။
+++++
ကိုသန်းထွဋ်ဦးရေ
ဦးဆုံးပထမကော်မန့်လေးအတွက်ကျေးဇူးပါခင်ဗျ။
+++++
ကိုမောင်ပေရေ
ကျနော်ကြိုးစားပြီး အချိန်ရရင် ရသလို ရေးပါ့မယ်။
ကိုမောင်ပေကလဲ စာရေးကောင်းသူတဦးပါဘဲလို့ ပြောပါရစေနော်။
အားပေးမှုအတွက် လှိုက်လှိုက်လှဲလှဲကြီးကိုကျေးဇူးတင်ရကြောင်းပါခင်ဗျာ။
+++++
အရီး(မ)ခင်လတ်ရေ
အရီး(မ)ခင်လတ်တို့လိုစာရေးကောင်းလှသူတွေက ခုလိုတခုတ်တရ
အားပေးတဲ့အတွက် အလွန်ကိုကျေးဇူးတင်ပါတယ်။
+++++
မပဒုမ္မ္မ္မာခင်ဗျား
ကျနော်ရဲ့ ရင်ထဲမှာ ခံစားရတာလေးကိုစာစီ လိုက်ရုံသက်သက်ပါ။
စာအရေးကျဲတဲ့ သူ တဦးဖြစ်ပေမဲ့ မပဒုမ္မ္မ္မာဟာလည်းစာရေးကောင်းသူတဦးပါဘဲ။
ခံစား အားပေးတတ်လို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
++++++
ကိုရာဇဝင်လူဆိုးရေ
ဝင်ရောက်ဖတ်ရှူဝေဖန်မှူအတွက် ကျေးဇူးအထူးတင်ပါသည်ခင်ဗျား။
အားပေးမှုအတွက်လည်းဝမ်းသာမိပါကြောင်း။
MaMa
July 8, 2012 at 6:15 pm
ခုတလော ရွာထဲ သိပ်မဝင်ဖြစ်လို့ ဒီပိုစ့်ကို ကျော်သွားတယ်။
Victory ရေးတဲ့ မြင်ဆရာ ကောင်းတယ်လို့ လက်တို့တဲ့သူရှိလို့ ပြန်ရှာဖတ်ရတာ။
ဖတ်ရကျိုးနပ်ပါတယ်။
ကိုယ့်မွေးရပ်မြေကို စာစီထားတာ နှစ်လိုဖွယ်ရာပါပဲ။
စာရေးသူရဲ့ မွေးဌာနီကို ချစ်ခင်တဲ့ စိတ်ကလေးကို စာထဲမှာ မြင်လိုက်ရလို့ ဂုဏ်ယူမိပါတယ်။
အားပေးပါတယ်။
ကိုယ်ပြောချင် ပေးချင်တဲ့ ရသကို ပေးနိုင်စွမ်းတဲ့ အရေးအသားလို့လည်း မှတ်တမ်းတင်မိတယ်။ 🙂
ကြောင်လေး
July 8, 2012 at 7:21 pm
ကျေးလက်သဘာဝကိုပေါ်လွင်အောင်ဖော်ကျူးရေးသားသွားတာလေးအတော်ဖတ်လို့ကောင်ပါ၏၊
ငယ်ငယ်က စပါးမှည့်ချိန် သူငယ်ချင်းတွေရွာကိုအလယ်လိုက်သွားပြီးရွှံ့လုံးကို အပေါက်လေးတွေဖောက်၊ ရွှီ……….ကနဲမြည်အောင်လောက်လွှဲ နဲ့ ပစ်ပြီး စာခြောက်ခဲ့ရတဲ့ ပျော်ရွှင်မှုလေးကို ပြန်သတိရသွားပါသည်။
blackchaw
July 8, 2012 at 7:59 pm
အရမ်းကြီး ရင်းနှီးနေတဲ့ မိတ်ဆွေတစ်ယောက်ကို ပြန်တွေ့လိုက်ရတဲ့
ခံစားမှုမျိုး ဒီပို့စ်လေးကိုဖတ်ပြီး ရခဲ့ပါတယ် ခင်ဗျာ။
စောင့်ဖတ်နေပါမယ် ကိုဗစ်ထရီရေ့…။
လေးစားပါတယ် ခင်ဗျာ။
Victory
July 9, 2012 at 8:16 am
မမရေ
မွေးရပ်မြေဆိုတာ မေ့နိုင်စရာမရှိအောင်ကိုမြတ်နိုးစရာမလို့ရေးဖွဲ့မှုတွေကလုံလောက်မယ်တောင်မ
ထင်မိပါဘူး။
ဝန်ခံရရင်တော့ ဒီစာလေးဟာ စာချောက်ရုပ် အကြောင်းပြောချင်လို့
“စိတ်ကူးပုံဖော်” ရေးထားတာပါ။တကဲ့အဖြစ်မှန်မဟုတ်ပါဘူးခင်ဗျ။
———–
ကိုကြောင်လေးရေ
ဟုတ်ပါရဲ့နော်။ ဘောင်ဘောင် ဖောက်တာတွေ၊နို့ဆီခွက်နဲ့ လေးခွစမ်းတာတွေ၊ပုဇွန်နှိုက်တာတွေပါ
ရေးလိုက်ရရင် မန်ကျီးရွက်ကိုဖနောင့်နဲ့ ပေါက်ပြီး စားခဲ့တာတွေကိုပြန်သတိယသွားမလားဘဲနော့။
———–
ကိုဘလက်ချောရေ
နွေးထွေးတဲ့ကော်မန့်လေးအတွက် ဝမ်းသာကြည်နူးရပါတယ်။စာပေကိုမြတ်နိုးတန်ဖိုးထားတတ်တဲ့
ကိုဘလက်ချောလည်း ကိုယ်စိတ်နှလုံးရွှင်လန်းပါစေဗျာနော်။
ကျေးဇူးပါခင်ဗျ။
mamanoyar
July 9, 2012 at 10:34 am
အင်း စာဖတ်ပြီး
ရွာက လယ်ရိတ်ချိန်ကိုတောင်သတိရမိတယ်
စာခြောက်ရုပ် လုပ်ဖူးတယ်လေ ကောက်ရိုးထုံးလေးကို
အိကျီ င်္ စုတ်လေးဝတ် ဦးထုပ် လေးဆောင်းးးးးးးးးး
ပြန်မြင်ပြီး ပြုံးမိပါတယ်
nature
July 9, 2012 at 6:20 pm
အင်မတန်ကောင်းတဲ့ပိုစ့်လေးပါပဲ။ အခုရက်ပိုင်းခေါင်းစဉ်လေးတွေပဲဖတ်ပြီး ခေါင်းစဉ်ကိုစိတ်မဝင်စားရင်သိပ်မဖတ်ဖြစ်ဘူး။ ဒီပိုစ့်ကို မိတ်ဆွေတယောက်သတင်းပေးမှပြန်ရှာဖတ်ရတယ်။ စာချောက်ရုပ်ကလေးနဲ့ပတ်သက်တဲ့စိတ်ကူးလေးက တော်တော် ထူးခြားဆန်းပြားပါပေတယ်။
……တခြားတပါးသောသူတို့
၏ ဝေဖန်ပြစ်တင်စကားတို့သည်ကား အလေးထားစရာ အရာမဟုတ် ကို သင် “သိ” ပါလော့”။….
ချီးမွမ်းရရက် ကဲ့ရဲ့ ရရက်လို့ ဆိုတာလိုမျိုးပေါ့။
သားအကြီးလေးနာမည်က စာချောက်ရုပ်ဆိုတော့ သူငယ်ချင်းတွေစနောက်တာတော့ တော်တော်ခံရမယ်နော်။ 🙂
kyeemite
July 20, 2012 at 1:46 pm
အင်းတွေးတတ် ရေးတတ်သူများကျတော့လည်း
စာချောက်ရုပ်ဆီကတောင်အတုယူချင်စရာတွေတပုံကြီး
ရအောင် ဆွဲထုတ်ပြနိုင်ပါပေရဲ့..လေးလေးစားစား
ဖတ်ရှု့ မှတ်သားသွားပါဂျောင်း..
လက်မတစ်ချောင်းလဲ ထောင်ခဲ့ပါဂျောင်း…ကိုဗစ်ထရီ ခင်ဗျား..
manawphyulay
July 20, 2012 at 4:00 pm
အတော်ကောင်းတယ် စာသားလေးတွေ စုစည်းထားတာပါပဲ။ အတွေးလေးတွေနဲ့ အရေးလေးတွေ ပေးသွားတာပါလား… တွေးစရာ တစ်ပုံတစ်ပင်ကြီးနဲ့ စာချောက်ရုပ်ဋီကာဖွင့်သွားတာပဲ…. ဆက်ပြီး ဒီလိုလေးတွေ ရေးပေးပါဦး။ ဆက်လက်အားပေးနေမယ်နော်။ မှတ်သားစရာတွေပါပဲ။
pooch
August 24, 2012 at 4:02 pm
သင့်သောလူအဖြစ်ကနေ ကောင်းသောလူဖြစ်အောင် မနည်းမဲတင်းနေရပါတယ်။ တခါတလေတော့လည်း မသိတာထက်စာရင် မလုပ်နိုင်သေးအုန်းတော့ ကိုယ့်စိတ်ကိုယ် သိနေအောင် ကြိုးစားယူရပါတယ်.
ကျမတို့ လောကဓံကြီးနဲ့ နဖူးတွေ့ဒူးတွေ့တွေ့တိုင်း စာခြောက်ရုပ်ကြီး ကသတိပေးနေသလိုပေါ့။အဲ့လိုအခါ ဒီစာခြောက်ရုပ်ကြီးကို သတိရလိုုက်ပါ့မယ်။
ဒီလို သတိပေးတဲ့ စာလေးတွေ မကြာမကြာဖတ်ချင်ပါတယ်။
ဒါနဲ့ စာကလေးတွေကို ကြောက်အောင် ခြောက်ရတဲ့ အရုပ်မို့ စာခြောက်ရုပ် ခေါ်တာ မလား ။ စာချောက်ရုပ် က စာလုံးပေါင်း လွဲနေသလားလို့ပါ။ 😀
အလွန်အင်မတန်နောက်ကျမှ လာဖတ်ရတဲ့အတွက် ခွင့်လွှတ်ပါ ။
Victory
August 24, 2012 at 4:22 pm
ဟုတ်ပဗျာ။မပူးချ်ရေ။
စာလုံးပေါင်းမှားနေတာပါ။ စာခြောက်ရုပ်ပါ။
ကျေးဇူးပါဘဲနော်။
ဘယ်အချိန်ဘဲဖတ်ဖတ် ရပါတယ်။
ကျနော်က စိတ်ထဲကရေးချင်တာတွေ ရေးခွင့်ရပြီး၊ ပြီးအောင်ရေးလိုက်နိုင်ရင်ကို တော်တော်ဝမ်းသာတတ်သူပါ။
ဖတ်ရှုအားပေးသူအပေါင်းကို အေးမြမေတ္တာတုန့်ပြန်ပါသည်။
လေးစားလျှက်။
နွေဦး
August 24, 2012 at 5:05 pm
တွေးစရာတွေအများကြီးရသွားပါတယ်..။
ကျေးဇူးတင်ပါတယ် ။
မွန်မွန်
August 24, 2012 at 5:51 pm
ငါးချောင်းမြောက်လက်မက သမီးပါချင့်….
မျက်စိထဲမှာမြင်ယောင်လာအောင် ရေးထားတဲ့အတွက် ဂုဏ်ယူပါတယ်ရှင်။ ကျွန်မလည်း ကိုစာခြောက်ရုပ်ကို တွေ့ချင်လာရဲ့….
ဆက်ရေးပါဦးလို့ ပြောချင်ပါတယ်ရှင်…. အားပေးနေပါတယ်….
Victory
August 24, 2012 at 6:25 pm
mamanoyar ရေ
စာပြန်နောက်ကျတာခွင့်လွှတ်ပေးပါဗျာ။
ကိုယ့်အိမ်ထဲမှာ စာခြောက်ရုပ်ကလေး တခုလောက်လုပ်ပြီး အလှတင်ထားဖို့
စိတ်ကူးလေးမရှိဘူးလားလို့မေးချင်မိတယ်။
————–
ကိုnature ရေ
လောကဓံတရားဘက်ကကြည့်ရင်လဲမှန်သလို စိတ်ခွန်အားဘက်၊ အမှားအမှန်
ဝေဖန်ရတဲ့ ဆင်ခြင်တုံတရားပြည့်စုံမှု ဘက်၊ ကိုယ့်ကိုကိုယ်သတိတလုံးကိုင်စွဲထား
ရေးဆိုတဲ့ သတိတရားဘက် အို အစုံစုံသောဘက်တွေကနေ တွေးမိနိုင်တယ်လို့
လဲရင်းနှီးစွာ ပြောပါရစေခင်ဗျ။
—————-
ကိုkyeemite ရေ၊
ဘဝအတွေ့အကြုံဆိုတာများ များလာလေလေ ရုပ်ပစ္စည်းတခုကဘဲဖြစ်ဖြစ်၊
စကားတခွန်းကဘဲဖြစ်ဖြစ်၊ မြင်ကွင်းတခုကဘဲဖြစ်ဖြစ်၊ ဒီထက်ပိုရရင် လူတယောက်ရဲ့
ပြုမူလုပ်ကိုင်မှူတခုခုဘဲဖြစ်ဖြစ်ပေါ့ဗျာ ဒဿန များစွာ ဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်
ကောင်းပါရဲ့ ခင်ဗျာ။
——————
manawphyulay ရေ
အားပေးတဲ့အတွက် အရမ်းဝမ်းသာပါတယ်။
တွေးစရာတပုံကြီးကိုတွေးပါ။
ပြီးရင်ရေးပါခင်ဗျာ။
———————
ကိုနွေဦး ရေ
ကျေးဇူးပါလို့ ပြောပါရစေနော်။
တွေးစရာများက အားဆေးဖြစ်ပါစေနော်။
ဘဝဆိုတာ အား ရှိမှ ကျော်ဖြတ်အောင်မြင်နိုင်မှာမဟုတ်ပါလားခင်ဗျာ။
——————–
မွန်မွန်ရေ
လက်မလေးအတွက် လွန်စွာကျေးဇူးတင်ပါတယ်။
နှလုံးသားထဲမှာ စာခြောက်ရုပ်ကလေး တခုလုပ်ပြီး အနှောင့်အယှက်ပေးနေတဲ့
မကောင်းတဲ့ စိတ် “စာကလေးတွေ” ကို မောင်းနှင်ထုတ်နိုင်ပါစေ ညီမလေးရေ။
————————
ဝင်ရောက်ဖတ်ရှူ့သူများအား လေးစားစွာ ကျေးဇူးတင်ရှိပါကြောင်း။