“ရောင်စဉ်ယှက်ဖြာ-တို့မြို့မှာ”

silver heroJuly 9, 20121min1902

နယ်မြို့လေးတစ်မြို့တွင် အသက်အရွယ်အားဖြင့် ၂ဝ ဝန်းကျင်သာရှိသော လူငယ်လေးတစ်ဦးသည်ထိုုမြို့၏ နာမည်ကြီး လ္ဘက်ရည်ဆိုင်၏ရှေ့တွင် မတ်တပ်ရပ်၍ လ္ဘက်ရည်ဆိုင်သို့ကြည့်၍ အကဲခတ်နေသည်။ ပတ်ဝန်းကျင်တွင်လည်း လူအများသွားလာလှုပ်ရှားလျက်ရှိသည်။ လ္ဘက်ရည်ဆိုင်အတွင်းခင်းကျင်းထားသော စားပွဲ ဝိုင်းမှာ ၁ဝ ဝိုင်းလောက်ရှိသည်။ အပြင်ဘက်ဆိုင်မျက်နှာစာ ဘေးနှစ်ဖက်တွင်လည်း စားပွဲဝိုင်း ၁၅ဝိုင်းစာ ခင်းကျင်း ထားသည်။ အရောင်းအဝယ်ပါးသောအချိန်၊ လူရှင်းသောအချိန်ဖြစ်သဖြင့် စားပွဲထိုးလေးများမှာ တစ်ယောက်နှင့် တစ်ယောက်နောက်ပြောင်ကျီစယ်နေကြသလို ထိုင်တဲ့သူကထိုင်နေသည်။ ငွေရှင်းကောင်တာမှ ဆိုင်ရှင်ဟုထင်ရ သူမှလည်းသူလုပ်စရာရှိတာကို အေးအေးဆေးဆေးထိုင်လုပ်နေသည်။ ဆိုင်အတွင်း စားပွဲတွင်စားသုံးသူ၂ဦးတည်း သာ လက်ဖက်ရည်ထိုင်သောက်နေသည်။ ဆိုင်အပြင်ဝိုင်းတွင်လည်း ၃ဝိုင်းသာ လက်ဖက်ရည်ထိုင်သောက်သူရှိလေ သည်။

လူငယ်လေးသည် လက်ဖက်ရည်ဝင်သောက်ရန် ဆုံးဖြတ်လိုက်ပြီး ဆိုင်အတွင်းသို့ဝင်ခဲ့လေသည်။ ဆိုင်၏အ လယ်ကျသော စားပွဲဝိုင်းတွင် ထိုင်၍လက်ဖက်ရည်မှာလိုက်လေသည်။ လူငယ်လေး လက်ဖက်ရည်သောက်နေစဉ်  ဆိုင်အတွင်းသို့ အသက်(၅၀)အရွယ်လူ(၃)ဦးစကားပြောဆိုရင်းဖြင့်ဝင်လာ၍ လူငယ်လေး၏ အနောက်တွင်ရှိသော စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်ကြသည်။ ထိုလူ(၃)ဦးအနက်မှ တစ်ယောက်မှာ ၎င်း၏ ခန္ဓာကိုယ်မှ အနီဘက်သန်းသော အလင်းရောင်ထွက်လိုက်မှိန်လိုက်ဖြစ်နေသည်ကို ထိုလူများဝင်လာကတည်းက လူငယ်လေးသတိထားမိသဖြင့် စိတ် ဝင်စား၍ ကျောပေးထိုင်နေရာမှ မျက်နှာချင်းဆိုင်ဖြစ်စေရန် ထိုင်နေရာမှထ၍ အနေအထားပြောင်းထိုင်လိုက်သည်။

ခန္ဓာကိုယ်အလင်းရောင်ထွက်သူမှ စကားပြောနေသည်ကို ကျန်နှစ်ယောက်မှခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ပေးနေသည်။ ထိုလူ၏ခန္ဓာကိုယ်မှ အနီဘက်သန်းသောအလင်းရောင်သည် ဝင်လာတုန်းကထက်ပို၍လင်း လာလေသည်။ နားထောင်နေသူနှစ်ဦးမှလည်းတစ်ယောက်တစ်ခွန်းစီဝင်ရောက်ပြောဆိုဆွေးနွေးကြရာ ၎င်းးတို့စကား ဝိုင်းသည် အပေးအယူမျှသောစကားဝိုင်းဖြစ်သွားလေသည်။ ထိုလူ(၃)ယောက်စလုံးနီမြန်းသောအလင်းရောင် ကိုယ်စီ ထွက်၍ အလင်းဖြာနေသည်။ ထိုအချိန်တွင် ဆိုင်အတွင်းသို့ လက်ဖက်ရည်သောက်သူအနည်းငယ်ဝင်ရောက်လာကြ ရာ ထိုလူ(၃)ယောက်မှာစကားပြောလေ အလင်းပိုထွက်လေဖြစ်နေ၍ လူငယ်လေးလည်းသူတို့ပြောစကားများကို နားထောင်ကြည့်ရာ…. ကမ္ဘာ့နိုင်ငံရေးသတင်းနှင့်မြန်မာ့နိုင်ငံရေးသတင်းများကို ပြောနေကြခြင်းဖြစ်ရာ လူငယ်လေး လည်း သူတို့ပြောသောကိစ္စများ၊ စကားအသုံးအနှုန်းများကို နားမလည်သည်ကများနေသဖြင့် စိတ်ရှုပ်သောအမူအရာ ဖြင့် သောလက်စ လက်ဖက်ရည်ကိုသာငုံ့သောက်နေမိတော့သည်။

ထိုအချိန်တွင် တိုက်ပုံအင်္ကျီဝတ်ဆင်ထားသော အသက်(၄၀)ဝန်းကျင်ရှိလူ(၃)ဦးသည် အပြန်အလှန်စကား ပြော၍ဆိုင်အတွင်းသို့ဝင်လာလေသည်။ ၎င်းသုံးဦးသည် ကိုယ်ပိုင်အလင်းရောင်းသုံးယောက်စလုံးတွင်ထွက်နေကြ သည်။ သို့သော်ထို(၃)ယောက်၏ အလင်းရောင်မှာ အရောင်မတည်ငြိမ်ဘဲညိုသွားလိုက်၊ ဖြူသွားလိုက်၊ နီသွားလိုက် ဖြင့် ရောင်စဉ်မမှန်ဘဲ သုံးရောင်ရောယှက်၍ပြေးနေသည်။ ထို(၃)ယောက်သည် ပထမနီမြန်းသော အရောင်ထွက် သူများ၏ ဝိုင်းသို့ပင်သွား၍ ဝိုင်းထိုင်စကားပြောကြလေသည်။ ပထမနီမြန်းသောအရာင်ထွက်သူများ၏အလင်းရောင် သည် ဒုတိယအရောင်ထွက်သူ(၃)ဦး၏ အလင်းရောင်ထက်အားနည်းမှေးမှိန်သွားသည်ကို လူငယ်လေးတွေ့ရသဖြင့် ဒုတိယဝင်လာသူ(၃)ဦး၏ ပြောစကားများကိုနားစွင့်ကြည့်ရာ လူငယ်လေးပို၍စိတ်ညစ်သွား လေသည်။ သူနားမလည်နိုင်သော ဥပဒေပညာရပ်၊ ဘာသာရပ်အကြောင်းများဖြစ်နေသည်။ တခဏအကြာတွင် ထိုသူ (၆)ယောက်စလုံးသည် အပေးအယူမျှသောစကားဝိုင်းဖြစ်သွား၍ ၎င်းတို့၏ရောင်စဉ်များသည်လည်း ညီမျှသွား၍အ လင်းရောင်ဖြာထွက်လာလေသည်။ လူငယ်လေးသည် ဆက်လက်နားမထောင်တော့ဘဲ မိမိစားသောက်ထားသည်များ အတွက် ကျသင့်ငွေရှင်း၍ ထိုင်ရာမှအထတွင် ဆိုင်အတွင်းသို့လွယ်အိတ်တစ်လုံးဖြင့် အေးဆေးသောအမူအရာနှင့်ဝင် လာသူတစ်ယောက်ကို တွေ့ရသည်။ ထိုသူသည် တစ်ယောက်တည်းလာသော်လည်း ခန္ဓာကိုယ်မှ အဖြူနှင့်အမည်း အရောင်နှစ်မျိုးသည် တစ်မျိုးစီအလှည့်ကျထွက်နေသကဲ့သို့ တွေ့ရလေသည်။ ထိုသူသည်လည်း ရောင်စဉ်ထွက်သူ (၆)ယောက်၏ စားပွဲဝိုင်းသို့ပင်သွား၍ဝိုင်းဖွဲ့စကားပြောလေသည်။ ရောင်စဉ်ကိုယ်စီထွက်သောပထမ(၆)ယောက်၏အ ရောင၊်မှိန်မသွားသော်လည်း လွယ်အိတ်နှင့်လူဆီမှအဖြူရောင်ထွက်ချိန်တွင် ပထမလူ(၆)ယောက်၏ ရောင်စဉ်များကို တွေ့မြင်ရ၍ အမဲရောင်ထွက်သောအချိန်တွင် ပထမလူ(၆)ယောက်၏ရောင်စဉ်များကို လုံးဝမမြင်တွေ့ရတော့ဘဲ ရောင်စဉ်ကွယ်ပျောက်နေကြရလေသည်။ ထိုသို့ထူးဆန်းစွာတွေ့မြင်ရသဖြင့် လူငယ်လေး လည်း မပြန်ဖြစ်သေးဘဲ ခဏထိုင်၍လွယ်အိတ်နှင့်လူ၏ပြောစကားများကို နားစွင့်နေမိသည်။

“အင်တာနက်……..သတင်းစာ……..မီဒီယာ……”စသည်တို့သာကြားရပြန်သဖြင့် လူငယ်လေးလည်းစိတ်ပျက် စွာဖြင့် ဆိုင်အပြငန်သို့ထွက်ခဲ့လေတော့သည်။

အိမ်ပြန်ရာလမ်းတလျှောက်တွင် ထိုလူများရောင်စဉ်ထွက်အောင်ဘယ်လိုကျင့်ကြံကြိုးစားကြသလဲဟုသာတွေး နေမိသည်။ နေရာတစ်ခုတွင် လူငယ်လေး၏သူငယ်ချင်းများဖြင့်တွေ့ဆုံရာ သူငယ်ချင်းများမှ လူငယ်လေးအားဘယ်က ပြန်လာတာလဲ၊ ဘာတွေစဉ်းစားပြီး လမ်းလျှောက်နေတာလဲဟုမေးကြရာ လူငယ်လေးမှ “လက်ဖက်ရည်ဆိုင်ကပြန် လာတာပါကွာ၊ အဲဒီဆိုင်ထဲကကြားရတဲ့ဗဟုသုတတွေ၊ မြင်ရတဲ့ထူးဆန်းတာတွေအကြောင်းစဉ်းစားနေတာပါ၊ ဗဟုသု တဆိုတာကတော့ ကမ္ဘာ့နိုင်ငံရေးသတင်းတွေ၊ ဥပဒေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ……..အိုကွာ…..ဒါတွေကို မင်းတို့ကိုပြောပြရန် နားမလည်လောက်ပါဘူးကွာ၊ ငါပြန်တော့မယ်” ဟုပြော၍ထွက်သွားလေသည်။ ထိုလူငယ်လေး၏ ခန္ဓာကိုယ်မှလည်းရောင်စဉ်မျိုးစုံရောယှက်စွာဖြင့် အလင်းရောင်ထွက်နေသည်ကို သူ၏သုငယ်ချင်းများက အံ့ဩစွာဖြင့် ထိုလူငယ်လေးအားငေးမောကြည့်ရှုနေကြလေတော့သည်။

 

 

2 comments

  • lon don

    July 10, 2012 at 5:58 pm

    ကျေးလက်ဒေသတွေးမှာတိုးတက်လာတာနဲအမျှ ကောင်းသောအသိညဏ်နဲ့အကောင်းဆုံးတွေးခေါ်နိုင်ဖို့အရေးကြီးပါတယ်—–

Leave a Reply