ABOUT OF OUR “DR.MIN THEIN KHA”

koyin sithuJuly 11, 20121min2749

မင်းသိင်္ခ အသံထွက်မှာ (မင်းသိန်ခ)။ မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး၏ ကလောင်အမည်ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြိုးပမ်းမှုရှိသော ဝတ္တုအတို အရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသား ကောင်းသူတစ်ဦးလည်းဖြစ်သည်။ စိတ်ကူးအထင်အမြင် ပြောင်းလဲခြင်းမှ အစပြုပြီး (အတတ်ပညာများ) (လက်တွေ့ ရုပ်ဝတ္တုများ) (အောင်မြင်ပျော်ရွှင်မှုများ) ရရှိနိုင်ပုံကဲ့သို့ စိတ်ပညာ သဘောတရားများကို (ပုဏ္ဏားဘကွန်း) (ဖြစ်ချင်ရာဖြစ်မောင်ဘချစ်) (ပြည်ကြီးမဏ္ဍိုင်မြကြီး) စသည့်ဇာတ်လမ်းများရေးဖွဲ့ရင်း ကျွဲကူးရေပါ သဘော မိတ်ဆက်ပညာပေးခဲ့သည်။

သရုပ်ပီပြင်သော ဇာတ်ကောင်စရိုက်များ ရေးသားနိုင်ရန် လူ့စရိုက်လူ့သဘာဝများကို မှတ်တမ်းပြုစုထားသော အလေ့ တီထွင် ကျင့်သုံးခဲ့သည်ဟု သိရပြီး အမှန်တစ်ကယ်လည်း မူသေ စရိုက်ရှိဇာတ်ကောင်များ ဖန်တီးကာ ဆွဲဆောင်မှုရှိသော ဝတ္တုများရေးသားနိုင်ခဲ့ပါသည်။

စာရေးဆရာ မင်းသိင်္ခကို ၁၉၃၉ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၌ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ ဘိုးလိန်းလမ်းတွင် မွေးဖွားခဲ့သည်။ မိဘများမှာ ပန်းချီဆရာ ဦးစံရှိန်နှင့် ဒေါ်တင်တို့ဖြစ်သည်။ မွေးချင်းခြောက်ယောက် အနက် အကြီးဆုံးသားဖြစ်ပြီး အမည်ရင်းမှာ ဦးအောင်ထွန်း ဖြစ်သည်။

1 ပညာရေး
2 စာပေရေးသားခြင်း
3 အလုပ်အကိုင်
4 ဗေဒင်ဟောခြင်း
5 စာရေးဆရာဘဝ
6 ဦးစီး ထုတ်ဝေ
7 မင်းသိင်္ခနှင့် နိုင်ငံရေး
8 မဟာဂန္ဓရီခရီးစဉ်
9 ပါရဂူဘွဲ့ရရှိခြင်း
10 ဘဝနောက်ဆုံးအချိန်
11 မင်းသိင်္ခ၏ထင်ရှားသောစာအုပ်အချို့
12 ရည်ညွှန်းကိုးကား

ပညာရေး
ရန်ကုန်မြို့စိန်ပေါလ်ကျောင်း(ယခုအ.ထ.က(၆)ဗိုလ်တထောင်)တွင် စတင်ပညာ သင်ကြား သည်။ အေဗီကောလိပ်ကျောင်း၌ ဆယ်တန်းအထိပညာသင်ယူသည်။

စာပေရေးသားခြင်း
ကျောင်းသားဘဝကပင် စာပေများကို စတင်ရေးသားခဲ့ပါသည်။ ၁၉၆၉ တွင် မင်းသိင်္ခဟူသော အမည်ကိုခံယူပြီးနောက် ဆားပုလင်းနှင်းမောင်ဟူသော ဇာတ်ကောင်ကို ဇာတ်လိုက်ထား၍ စုံထောက် ဝတ္ထုများ ရေးသားခဲ့ရာ မင်းသိင်္ခဟူသော အမည်ကို ပရိသတ် တဖြည်းဖြည်း သိလာခဲ့သည်။

အလုပ်အကိုင်
၁၉၅၈ ခုနှစ်၌ တပ်မတော်သို့ဝင်ရောက် အမူ့ထမ်းခဲ့သည်။ ၅ နှစ်ကြာ အမှုထမ်းခဲ့ပြီးနောက် တပ်မတော်မှထွက်ပြီး ချောက်မြို့တွင် နေထိုင်ခဲ့ပါသည်။ ချောက်မြို့တွင် ဆီစက် ညစောင့်ဘဝ၊ စပါးအင်စပက်တော်ဘဝ၊ ဆန်စက်မန်နေဂျာ ဘဝတို့ဖြင့် ကျင်လည်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မြန်မာစာပေလောကတွင် အအောင်မြင်ဆုံးဖြစ်ခဲ့သည့် မနုစာရီ လုံးချင်းဝတ္ထုကြီးကို စတင်ထုတ်ဝေခဲ့သည်။ အကြိမ်ကြိမ်ထုတ်ဝေခဲ့ရပြီး ဂျပန်ဘာသာ သို့လည်း ပြန်ဆိုခြင်းခံရသည်။ ဆရာကြီးရေးသော အခြားဝတ္ထုဇာတ်လိုက်များမှာ ပုဏ္ဏားဘကွန်း၊ စနေမောင်မောင် တို့ဖြစ်သည်။ ၁၉၇၈ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းဝတ္ထုပေါင်း ၇ဝ ရေးသားခဲ့သည်။

ဗေဒင်ဟောခြင်း
၁၉၆၉ ခုနှင်စ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဗေဒင်ဆရာဘဝကို စတင်ခဲ့သည်။ ထိုအချိန်မှစ၍ မင်းသိင်္ခဟူသော အမည်ကို ခံယူခဲ့သည်။ ၁၉၇၈ တွင် ရန်ကုန်မြို့၌လည်း ဗေဒင်များစတင် ဟောခဲ့သည်။ ၁၉၉ရ ခုနှစ် မတ်လ ၂၅ ရက် ညသန်းခေါင်အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏနေအိမ်မှ မဟာဂန္ဓာရီခရီးအဓိဌာန် ၃ နှစ်ခရီး ထွက်ခွာခဲ့သည်။ ခရီးမှအပြန်တွင် မှော်ဘီမြို့အစွန်ရှိ အယူတောမင်္ဂလာခြံ ဝင်းကျယ်ကြီးတွင် တပည့်ပေါင်းများစွာနှင့် အတူနေထိုင်ခဲ့သည်။

စာရေးဆရာဘဝ
၁၉၇၅ ခုနှစ်တွင် မင်းသိင်္ခ ကလောင် အမည်ဖြင့် ဆားပုလင်းနှင်းမောင် စုံထောက်ဝတ္ထုများကို ရေးသားခဲ့သည်။ မနုစာရီ လုံးချင်းဝတ္ထုကို ပထမအကြိမ် ထုတ်ဝေရာတွင် အောင်မြင်မှုမရရှိပေ။ ဒုတိယအကြိမ် ထုတ်ဝေသော အခါမှ အောင် မြင်မှုရရှိခဲ့သည်။ ပုဏ္ဏားဘကွန်း နှင့်စနေမောင်မောင် ဝတ္ထုများလည်းထွက်ရှိကာ လူကြိုက်များခဲ့သည်။

ဆရာကြီးမသေဆုံးမီ နောက်ဆုံးထွက်ခဲ့သည့်စာအုပ်များမှာ မကွယ်လွန်မီ တစ်လခန့်က လာဘ်မိုးဆွေ စာအုပ်တိုက်မှ မြရာရွှေပြည်မင်းသမီး လုံးချင်းဝထ္တု၊ မရမ်းတလင်း စာအုပ်တိုက်မှ ယတြာချေနည်းစာအုပ်၊ ပြုံးပန်းတရာ စာအုပ်တိုက်မှ ထီးထိုးနည်း စာအုပ်များ ဖြန့်ဝေခဲ့ပြီး ဆက်လက်ထုတ်ဝေရန် စာပေစီစစ်ရေးမှ ခွင့်ပြုသည့်စာအုပ်များ ကျန်ခဲ့သေးသည်။

၁၉၇၆ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းစာအုပ် စုစုပေါင်း အုပ်ရေ ၇ဝ ကျော်ရေးသား ထုတ်ဝေခဲ့သည်။

ဦးစီး ထုတ်ဝေ
ဦးစီးထုတ်ဝေသော ဂျာနယ် မဂ္ဂဇင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

မနောမယဂမ္ဗီရဂျာနယ်၊
မနောကြာဖြူမဂ္ဂဇင်း၊
မဟာမြိုင် မဂ္ဂဇင်း၊
မနုစာရီ မဂ္ဂဇင်း၊
မြရီသီတာ မဂ္ဂဇင်း နှင့်
ရောင်ပြန် မဂ္ဂဇင်း

မင်းသိင်္ခနှင့် နိုင်ငံရေး

မင်းသိင်္ခသည် ၁၉၆၅ မှ ၁၉၇ဝ အထိ အင်းစိန်ထောင်တွင် အကျဉ်းကျခံခဲ့ရသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဆရာမင်းသိင်္ခက အိုင်ဒီယာမဂ္ဂဇင်း (၂၀၀၄ ဇန်နဝါရီလ ထုတ်)တွင် အောက်ပါအတိုင်း ပြောပြထားသည်။ “ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တယ်လေ၊ အစိုးရနဲ့ သောင်းကျန်းသူနဲ့ လုပ်တဲ့အခါမှာ ကိုယ်က ကြားထဲက တရားဟောတယ်။ အဲဒီတုန်းက ပြည်သူ့ကော်မတီဆိုတာ ပေါ်ပြီလေ။ ငြိမ်းချမ်းရေးကို ဖြစ်အောင်လုပ်ပါ။ လူကြီးတွေ အညွှန်းတွေအတိုင်း တရားလိုက်ဟောတယ်။ ငြိမ်းချမ်းရေးလည်း ပြီးရော သောင်းကျန်းသူ က တောထဲပြန်တယ်၊ ကိုယ်တို့က ပြန်စရာ မရှိဘူး။ ဆွဲကုတ်လိုက်တာပေါ့။”

မင်းသိင်္ခ၏ နောက်ဆုံးနှစ်များတွင် ဗေဒင်မေးသည့် ပရိသတ်များနှင့် ကင်းဝေးစေရေးအတွက် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မရမ်းတလင်းကျေးရွာတွင် သွားရောက်နေထိုင်ခဲ့သည်။ သို့သော်လည်း ၎င်းနေထိုင်ရာ အယူတော်မင်္ဂလာခြံတွင် ဗေဒင်ပရိသတ်များ အဆက်မပြတ် ခဲ့ပေ။ “နိုင်ငံရေး ထောင်ထွက်တွေ သူ့ဆီသွားရင် ဗေဒင်မေးမယ့် လူတွေကြားမှာ တန်းစီစောင့်စရာမလိုဘူး၊ သူတပည့်ကို ဂေါ်နိုက် (၅ည)လို့ပြောခိုင်းရင် ချက်ချင်းခေါ်တွေ့တယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ဆိုသည်။

၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအတွင်း ဟောပြောချက်များကြောင့် စစ်အစိုးရက မင်းသိင်္ခကို အင်းစိန်ထောင်အတွင်းသို့ ထပ်မံပို့ဆောင်ခဲ့သည်။ (ရှစ်ဂဏန်းနှင့် ပါတ်သက်ပြီးယုံကြည်စွဲလမ်းမှု တစ်မျိုးရှိနေသူ မင်းသိင်္ခသည် ၁၉၈၈ နှောင်းပိုင်းက လည်း နိုင်ငံရေးနှင့် ပတ်သက်ပြီး ရှေ့ရေးအလားအလာ အချို့ကို ထင်ရှားပြတ်သားစွာ သိမြင်ထားသူတစ်ဦးပမာ ပြောဆိုလုပ်ကိုင်ခဲ့ဖူးကြောင်းနှင့် အကြောင်း မတိုက်ဆိုင်စွာ ဒုက္ခဆင်းရဲတွေ့ကြုံရရှာကြောင်း သိမီသူများကပြောကြသည်။)

မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ဆရာမင်းသိင်္ခ၏ (အသစ်တဖန်) ပြောကြားချက်ကို ၎င်း၏ တပည့် ဖြစ်သူ ဆရာ ဇင်ယော်နီက “မြန်မာနိုင်ငံ ကောင်းခါနီးပြီ။ အဲဒါကို သူမီချင်သေးတယ်၊ ကြည့်ချင် သေးတယ်ဆိုတဲ့ စကားမျိုး သူပြောပါတယ်။ လွန်ခဲ့တဲ့ (၁) လဝန်းကျင်လောက်က ပြောသွားတာ” ဟုပြောသည်။

မဟာဂန္ဓရီခရီးစဉ်
ဂမ္ဗီရ နည်းတို့ဖြင့် ဗေဒင်ဟောကြားသော မင်းသိင်္ခ
မဟာဂန္ဓာရီအဓိဋ္ဌာန် သုံးနှစ်ခရီးထွက်ခွာခြင်းကို ၁၉၉ရ ခုနှစ်မတ်လ၂၅ရက်နေ့တွင် စတင်သည်။ ဂန္ဓာရီ ခရီးစဉ်အပြီးတွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့စွန်ရှိ၊ မရမ်း တလင်း အယူတော်မင်္ဂလာခြံနေထိုင်သည်။

ပါရဂူဘွဲ့ရရှိခြင်း

အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပေးအပ်သည့် ရိုးရာဗေဒင်ပညာ ပါရဂူဘွဲ့နှင့် မြန်မာမင်း (၁၂၂) ပါး၏ ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် နက္ခတ်ဗေဒပါရဂူဘွဲ့ (၂) ခုရရှိထားပြီး ဆုသွားရောက် လက်ခံ မရယူခင် ကွယ်လွန် သွားခြင်းဖြစ်သည်။

ဘဝနောက်ဆုံးအချိန်

နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ခံစားနေရသူ မင်းသိင်္ခသည် ဇူလိုင် (၄) ရက်က ဆေးရုံတက် ရောက်ကုသခဲ့ရပြီး ဆီးကြောပိတ်ကာ ခြေထောက် ဖြတ်ရမည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကျန်းမာရေး ပြန်ကောင်းလာကာ (၁၅) ရက်နေ့ကမှ ဆေးရုံမှ ပြန်ဆင်းလာခဲ့သည်။[3] ၂၀၀၈ ဩဂုတ်လ ၁ ရက်နေ့၊ နံနက် ၆ နာရီ ၂ မိနစ်အချိန်က ရန်ကုန်မြို့ရှိ သုခကမ္ဘာ အထူးကုဆေးခန်းတွင် ကွယ်လွန်သည်။

မင်းသိင်္ခ၏ တပည့်ရင်းတဦးဖြစ်သူ မင်းသိမ်းခိုင်က မင်းသိင်္ခ၏ နောက်ဆုံးအချိန်နှင့် ပတ်သက်၍ “ဆေးရုံကနေ ပြန်ဆင်းလာပြီးတော့ ခြံကို ပြန်ရောက်လာတယ်။ မနေ့က မနက်ကမှ ထူးထူးဆန်းဆန်း စကားတွေပြောတယ်။ ငါ ထွက်တော့ မယ်တဲ့။ ငါ့အခန်းထဲကို ပို့တဲ့။ အခန်းထဲ ရောက်တာနဲ့ ငါပြီးပြီတဲ့။ အဲလို့ပြောပြီး အခန်းထဲ ဝင်သွားတယ်။ ဒီနောက် ရုတ်တရက် အခြေအနေဆိုးလာလို့ မနေ့က မနက်က ဆေးခန်းကို ပို့လိုက်တာ။ (၁) ရက်ပဲကြာတယ် နှလုံးရပ်ပြီး ဆုံးသွားတာ” ဟု ဆိုသည်။

၂၀၀၈ခုနှစ် ဩဂုတ်လ ၅ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရေဝေးသုဿန်၌ဂူသွင်းသဂြိင်္ုလ်သည်။ ဆရာကြီးကွယ်လွန်ချိန်တွင် ဇနီးဟောင်း ဒေါ်အေးအေး၊[5] သားဖြစ်သူ မောင်မောင်သစ်၊ ညီဖြစ်သူ ဝင်းဇော်(သစ်တော)နှင့် ညီမတဦးတို့သာ ကျန်ရစ်ခဲ့သည်။

မင်းသိင်္ခ၏ထင်ရှားသောစာအုပ်အချို့

၁။ မနုစာရီ(၁၉၇၆)

၂။ ဆားပုလင်းနှင်းမောင်နှင့်ပိတုန်းသုံးကောင်(၁၉၇၇)

၃။ ဆားပုလင်းနှင်းမောင်နှင့်ခေါင်းမြီးခြုံလုံပါပေ့(၁၉၇၈)

၄။ ဆားပုလင်းနှင်းမောင်နှင့်မြိုင်ရာဇာတာတေ(၁၉၇၈)

၅။ ပုဏ္ဏားဘကွန်း(၁၉၇၈)

၆။ စနေမောင်မောင်(၁၉၇၉)

၇။ ဆားပုလင်းနှင်းမောင်နှင်မတစ်ထောင်တစ်ကောင်ဖွား(၁၉၇၉)

၈။ ဆားပုလင်းနှင်းမောင်နှင့်မမင်းဖြူမှန်မှန်ပြော(၁၉၇၉)

၉။ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား(၁၉၈၀)

၁၀။ ပြည်ကြီးမဏ္ဍိုင်မြကြီး(၁၉၈၀)

၁၁။ ဆားပုလင်းနှင်းမောင်နှင့်ပျားစွဲသောမုတ်ဆိတ်(၁၉၈၁)

၁၂။ ပက်ထရစ်ရွှေဂေါင်း(၁၉၈၁)

၁၃။ ဆားပုလင်းနှင်းမောင်နှင့်ဗိုက်ပူသူတော်(၁၉၈၂)

၁၄။ ဖြစ်ချင်တာဖြစ်မောင်ဘချစ်(၁၉၈၂)

၁၅။ ဆားပုလင်းနှင်းမောင်နှင့်မိုက်ခဲကျောက်ပွင့်(၁၉၈၃)

၁၆။ မသွားမီကရောက်နှင့်သည်(၁၉၈၃)

၁၇။ ပျော်ပါတယ် မောင်ပြည်သိမ်း(၁၉၈၃)

၁၈။ ဆားပုလင်းနှင်းမောင်နှင့်ဘမျိုးဘိုးတူဗယ်သန်ဘမှန်(၁၉၈၄)

၁၉။ ပြည်တော်ဝင်စနေမောင်မောင်(၁၉၈၄)

၂၀။ မောင်မင်းကြီးသားမောင်မြဖေ(၁၉၈၄)

၂၁။ ဆားပုလင်းနှင်းမောင်နှင့် မြကျွန်းပေါ်ကမျောက်သုံးကောင်(၁၉၈၅)

၂၂။ ဆားပုလင်းနှင်းမောင်နှင့်မြိုင်မဟာမမြလေး(၁၉၈၆)

၂၃။ ဘာဘာဘာမှမသိဘူး(၁၉၈၆)

၂၄။ မာလိန်မှူးထူးစိန်(၁၉၈၆)

၂၅။ စနေမောင်မောင်နှင့်ပါပလူမျိုးကိုးဆယ့်ကိုး(၁၉၈၇)

၂၆။ ဝတ္တုတိုပေါင်းချုပ် အမှတ်(၁)

၂၇။ ဝတ္တုတိုပေါင်းချုပ် အမှတ်(၂)

၂၈။ ပြောထုံးဖြစ်အောင်ငနက်ခေါင်(၁၉၈၈)

၂၉။ သူတော်စင်မလေးပုဏ္ဏရိက(၁၉၈၈)

၃၀။ မဟာမြိုင်ခရီးသည်(၁၉၉၃)

၃၁။ ဆားပုလင်းနှင်းမောင်နှင့်ဘုမ္မာဝတီအရှုပ်တော်ပုံ(၁၉၉၄)

၃၂။ မုတ်ဆိတ်ဖြူနှင့်အခြားဝတ္တုတိုများ(၁၉၉၄)

၃၃။ ဝေဒမောင်မောင်(၁၉၉၄)

၃၄။ တူသောဝတ္တုတိုများပေါင်းချုပ်(၁၉၉၅)

၃၅။ ပုဂံသားမောင်ဘမော်(၁၉၉၅)

၃၆။ မနောမယဖက်ဖူးယောင်(၁၉၉၅)

၃၇။ မနောမယမြသက်လှယ်(၁၉၉၅)

၃၈။ မနောမယလက်ဆောင် အမှတ်(၁) (၁၉၉၅)

၃၉။ မနောမယလက်ဆောင် အမှတ်(၂) (၁၉၉၅)

၄၀။ ပတ္တမြားမိုး(၁၉၉၆)

၄၁။ မနောမယပုတီး(၁၉၉၆)

၄၂။ မနောမယလက်ဆောင်ပေါင်းချုပ်(၁၉၉၆)

၄၃။ ဖီလိုဆိုဖာဦးမြသာ(၁၉၉၇)

၄၄။ မြေလျှောက်ဝိဇ္ဇာရွှေမြသာ(၁၉၉၇)

၄၅။ တားရော့ဟောနည်း(၂၀၀၁)

၄၆။ မတတ်ပါ့(၂၀၀၂)

၄၇။ မောင့်ညိုချော(၂၀၀၂)

၄၈။ဆားပုလင်းနှင်းမောင်နှင့်သေသောသူသည်သုဿန်သို့သွားသည်(၂၀၀၂) (ဒုတိယအကြိမ်ဖြစ်မည်၊ ၁၉၈ဝ ဝန်းကျင်ကပုံနှိပ်သော စာအုပ်ဟောင်းကို ဖတ်ရှုရဖူးသည်။)

၄၉။ မအောင်ရင်

၅၀။ မြိုင်ဟေဝန်

၅၁။ မိုးနဲ့မြေ

(တစ်ပွဲစားဦးနှော) (မင်းဂွတ်သီးသုံးလုံး) စသောရုပ်ပြ ဇာတ်လမ်းအချို့လည်း ထုတ်ဝေဖူးသည်။ (စတုမဟာရာဇ်) ဟူသော တိပ်ခွေ အသံသွင်း ဇာတ်လမ်းခွေလည်း ထွက်ရှိဖူးသည်။

ရည်ညွှန်းကိုးကား (The Voice weekly, vol.4/No.41)

9 comments

  • မစ္စတာ တောက်တဲ့

    July 11, 2012 at 7:06 pm

    ကျနော်လေးစား အားကျတဲ့ စာရေးဆရာကြီးတစ်ဦး ရှိပါတယ် ..
    သူကတော့ ဆရာကြီး မင်းသိင်္ခပဲ ဖြစ်ပါတယ် …
    ဆရာကြီး ရေးသားခဲ့တဲ့ စာအုပ်များစွာကို ဖတ်ရှုခဲ့ဖူးပါတယ် …
    အစတစ်ခေါက်က ဇာတ်သွားကို ဖတ်တာ ..
    ဒုတိယနဲ့ နောက်အခေါက်များကတော့ အရေးအသားကို ဖတ်တာ …
    ဆရာကြီးကို အတုယူလို့ ဝတ္ထုများကိုလည်း ဖန်တီးခဲ့၊ ဖန်တီးနေပါတယ် …
    အခုလို ဆရာကြီးရဲ့ ဘဝအကြောင်းနဲ့ စာအုပ်များကို ပြည့်ပြည့်စုံစုံလေး သိခွင့်ရလိုက်တဲ့ အတွက်ကြောင့်လည်း ကိုရင်စည်သူအား ကျေးဇူးတင်ပါတယ် …

    ပြောချင်တာကတော့ ဒါပါပဲ …
    အဟဲ …. ဗြဲ …. 😀

  • စိန်ဗိုက်ဗိုက်

    July 11, 2012 at 7:10 pm

    တိုရင်..တိုရင် မုန်လာချဉ်..ဒိန်ချင်မတောက်ရ..
    ဂိန်..ဂိန်..

    စဂါးမစပ်..
    အကုန် မဖတ်ဖူးပေမဲ့..ဖတ်ဖူးသိဖူးခဲ့သမျှ အကုန်ကြိုက်တယ်ဗျာ..
    ရေလည်အားကျတယ်..

    တိုရင်တို ့ တပည့်ရင်းတွေ ကြိုးစားကြစမ်းပါ..
    ကျော်က တပဲ့ ဝမ်းကွဲမိုလို ့…..မဖြစ်နိုင်လို ့..ငြိမ်နေတာ..
    ဖြစ်နိုင်ရင်..ဟင်း….ဟင်း..
    ဘီအီးကိုရေတောင် မလျောဘူး….အဲလေ….မွှားလို ့..ဂိန်..ဂိန်..

  • Inz@ghi

    July 11, 2012 at 8:26 pm

    ဗျို့ ကရင်စီ …
    မနေ့ကလှမ်းခေါ်တာ ကျနော် မရှိလို့ ပြန်မဖြေနိုင်ဝူးဗျာ..
    ဆောရီးပါ ….

    ကိုယ့်ဆြာရဲ့
    မြန်မာဖောင့်မရတဲ့ ကွန်ပူတာ အတွက် ..အကူညီ လိုရင်ပြောပါဗျာ ….

    ခင်တဲ့
    ဂီ

  • Pye Kun Zaw

    July 11, 2012 at 10:14 pm

    အစ်ကိုရေ ဆရာကြီးမင်းသိင်္ခက ၁၉၆၅ ကနေ ၁၉၇ဝ အထိ အင်းစိန်ထောင်မှာထောင်ကျခဲ့တယ်ဆိုရင် ၁၉၆၉ မှာ ဗေဒင်ဆရာဘဝစတင်ခဲ့တယ်ဆိုတော့ နည်းနည်းလွဲနေသလိုဘဲ။ ၁၉၇ဝ မှဗေဒင်ဆရာဘဝစတယ် ဒါမှမဟုတ် ၁၉၆၉အထိထောင်ကျခဲ့တယ် အဲလိုမျိုးဖြစ်မယ်နှင့်တူတယ်။ ငယ်ငယ်တုန်းကနှစ်သက်ခဲ့တဲ့ ဆားပုလင်းနှင်းမောင် ဖန်တီးရှင်ဆရာကြီးရဲ့ အတ္ထုပတ္တိကိုပြည့်ပြည့်စုံစုံဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကိုရင်စည်သူ..

  • Foreign Resident

    July 12, 2012 at 1:57 am

    ငယ်စဉ်က ဆရာကြီး မင်းသိင်္ခ ရဲ့ ဝထ္ထုတွေနှင့် ကြီးပြင်းခဲ့တာပါ ။

    ဒါနှင့် ကိုရင် ဘယ်ဖက်တွေ ရောက်နေသလဲ ၊
    အဆင်ကောပြေရဲ့လား ၊ ရွှေ ဘယ်နှစ်ယောက်ရှိလဲ ။

    • ကိုရင်စည်သူ

      July 12, 2012 at 2:44 pm

      Hi Master Aba,
      Thanks for coming my post and now i m in the Red sea nearly canal of “SA”.
      I have only 4 Myanmar seaman on my ship and another are Philippians & India .. etc…
      I m be ok here. Thank you so much Master Aba.

      Cheers!
      Koyin Sithu

  • nature

    July 12, 2012 at 4:18 pm

    ကိုရင်ရေ-
    ကိုယ့်ဆရာအကြောင်းတွေကို တပည့်တစ်ယောက်က ပြန့်ပွားအောင် စွမ်းဆောင်ပေးခြင်းဖြင့် ကျေးဇူးဆပ်လိုက်တာပါလား။[:-bd]
    သဂျီးရဲ့ အသစ်ဖြည့်စွက်ထားချက်တွေကို လက်တည့်စမ်းချင်နေတာနဲ့ပဲ ကိုရင့်ပိုစ့်မှာ အစွမ်းပြလိုက်ဦးမယ်။
    အဆင်မပြေရင်လည်း သည်းခံနော်။[:D]

  • ကြောင်ကြီး

    July 13, 2012 at 10:40 am

    ဆရာကြီးနဲ့ ကစည်သွတ်တို့ရဲ့ ဂန္ဓာရီအတွေ့အကြုံများအကြောင်း လုပ်ပါအုံးဗျို့…။

Leave a Reply