ထူးဆန်းသော သုံး

ထူးဆန်းသော တစ်နှင့် နှစ်ပို့စ်များတွင် အောက်ပါအတိုင်း ရေးသားခဲ့ပြီး ဖြစ်လေသည်။

ထူးဆန်းသော ဇရပ်ကလေး

မြန်မာပြည်အလယ်ပိုင်း အညာဒေသရှိ ကျေးရွာ တစ်ရွာတွင် ဖြစ်လေသည်။ ထိုကျေးရွာ၏ အမည်မှာ တိုင်းတာကျေးရွာဟူ၍ ဖြစ်၏။ တိုင်းတာရွာ၏ အနောက်မြောက် ခပ်လှမ်းလှမ်း အရပ်တွင် ရွာဦးဘုန်းကြီးကျောင်း ရှိလေ၏။ ထိုဘုန်းကြီးကျောင်းတွင် ဥပုသ်နေ့ အခါသမယများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်သူများ နားနေနိုင်ရန်အတွက် ဆောက်လုပ်ထားသော ဇရပ်တစ်ဆောင် ရှိလေသည်။

ထိုဇရပ်ကလေးသည် လူ ၃ဝ ခန့် နားနေနိုင်သော အကျယ်အဝန်းရှိလေသည်။ ဥပုသ်နေ့များတွင် မည်သို့သော ထူးခြားမှုမျိုးကို မပြတတ်သော်လည်း ဥပုသ်နေ့ပြင်ပ အခြားသော နေ့များတွင် ထိုဇရပ်ပေါ်၌ အိပ်စက်သော သူများသည် ထူးဆန်းသော အိပ်မက်ကို မြင်မက်တတ်လေ၏။

ထိုအိပ်မက်ထဲတွင် သမီးရည်းစား ဖြစ်ဟန်ရှိသည့် လွန်စွာ ရုပ်ဆိုးသော ယောက်ျား တစ်ယောက်နှင့် လွန်စွာ လှပသော မိန်းကလေးတို့သည် တစ်ဦးနှင့်တစ်ဦး ဖက်တွယ်ထားသည့် အခိုက် ဓားလှံများ ကိုင်ဆောင်ထားသည့် လူများသည် ရောက်ရှိလာပြီး ၎င်းတို့ နှစ်ဦး ကြိုးများဖြင့် တုပ်နှောင်ကာ ဖမ်းဆီး ခေါ်ဆောင် သွားလေသည်။ ယင်းနောက် ချောက်ကမ်းပါး တစ်ခု၏ ထိပ်တွင် ကြိုးဖြင့် တုတ်နှောင်ထားသော ယောက်ျားတစ်ယောက်အား ထိုချောက်ထဲသို့ တွန်းချလိုက်သည်ကို တွေ့ရလေ၏။ ယင်းနောက်တွင် ထိုယောက်ျားသားသည် အိပ်မက်နေသူ၏ ဘေးသို့ ရောက်လာသကဲ့သို့ရှိပြီး “ကျွန်ုပ်ကား သေခဲ့လေပြီ၊ သို့ရာတွင် ကျွန်ုပ် မသေသေး၊ ကျွန်ုပ်အား အသေသတ်၍ ကောင်းရာသို့ ပို့ပါလော့” ဟူ ပြောကြားကာ ပျောက်ကွယ်သွားတတ်လေ၏။

အထက်ပါ အိပ်မက်သည် ကွဲပြားခြင်း မရှိပေ။ ဥပုသ်နေ့ပြင်ပ နေ့ရက်များ၌ အဆိုပါ ဇရပ်ပေါ်၌ အိပ်စက်သောသူ အများစုသည် ထိုအိပ်မက်အား မြင်မက်တတ်လေသည်။ ထိုအိပ်မက်ကား တိုင်းတာရွာတွင် လူပြောများသော အိပ်မက်တစ်ခု ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ထိုအိပ်မက်အား အကြောင်းပြု၍ “အိပ်မက် မက်ချင်ရင် ဇရပ်ပေါ်သွားအိပ်” ဟူသော စကားသည် တိုင်းတာရွာလေး၌ ပေါ်ထွက်လာခဲ့လေတော့သတည်း။

x x x x x x x x x x

ထူးဆန်းသော လူကြီးတစ်ဦး

တစ်နေ့သ၌ အသက် (၄၀) အရွယ်ခန့်ရှိ လူကြီးတစ်ဦးသည် တိုင်းတာရွာလေး၏ ရွာဦးဘုန်းကြီးကျောင်းသို့ ဦးတည် လျောက်လှမ်းလာသည်ကို တွေ့ရလေသည်။ ထိုလူကြီး၏ မျက်နှာတွင် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများ ထူထပ်စွာ ပေါက်ရောက်နေလေသည်။ ထိုလူကြီးသည် သန်မာ ထွားကျိုင်းဟန်ရှိပြီး လွယ်အိတ်ကြီးတစ်လုံးကိုလည်း လွယ်ထားလေသည်။

ထိုလူကြီးသည် ကျောင်းဝင်းအတွင်းသို့ ဝင်လိုက်သည်တွင် ကျောင်း၌ မွေးမြူထားသော ခွေးများက ဝိုင်း၍ ဟောင်ကြလေသည်။ ကိုရင်လေးများ ရောက်လာပြီး ထိန်းလိုက်တော့မှပင် ခွေးများသည် ငြိမ်သွားကြလေသည်။ ထိုအခါ လူကြီးက ကိုရင်လေးများအား “ဆရာတော် ရှိသလား ဘုရား” ဟူ၍ မေးမြန်းလေ၏။ ကိုရင်လေးများက ဆရာတော် ကျောင်းပေါ်တွင် ရှိကြောင်း ပြောသောအခါ ထိုလူကြီးသည် ကျောင်းပေါ်ထပ်သို့ တက်သွားလေတော့သည်။

ထိုလူကြီးသည် ကျောင်းပေါ်ထပ်သို့ရောက်လျင် ကုလားထိုင်ပေါ်တွင် စာဖတ်နေသော ဆရာတော်အား ဦးချလေ၏။ ထိုအခါ ဆရာတော်က ထိုလူကြီးအား အထူးအဆန်းသဖွယ်ကြည့်ပြီး “ဒကာကြီးက ဘယ်သူတုံး” ဟူ၍ မေးမြန်းလေသည်။ ထိုလူကြီးက “တပည့်တော် မြစ်ကြီးနားဘက်က ဆင်းလာတဲ့သူပါ ဘုရား၊ ဒီရွာနားတစ်ဝိုက်မှာ တပည့်တော် အမျိုးတွေ ရှိတယ်ဆိုလို့ တပည့်တော် လာပြီး စုံစမ်းတာပါ ဘုရား” ဟူ၍ လျောက်ထားလေ၏။

ထိုအခါ ဆရာတော်က ထိုလူကြီးအား သေချာစွာကြည့်ကာ “ဒကာကြီးက အမျိုးတွေရှာရင်း ဒီကျောင်းမှာ တည်းချင်တယ် ဆိုပါတော့” ဟူ၍ ပြောလေရာ ထိုလူကြီးက “မှန်ပါဘုရား၊ တပည့်တော် ဒီကျောင်းမှာ ခေတ္တခဏ တည်းခိုချင်လို့ပါ ဘုရား” ဟူ၍ လျောက်ထားလေသည်။

“အေးကွယ် … တည်းဖို့ ခွင့်ပြုတာက အကြောင်းမဟုတ်ဘူးကွယ့်၊ ဒါပေမယ့် …” ဆရာတော်သည် စကားကို မဆက်သေးဘဲ ရှိနေစဉ် ထိုလူကြီးက “တပည့်တော် ပုံစံကို ကြည့်ပြီး ဆရာတော် အနေနဲ့ လူဆိုးလို့ ထင်ကောင်း ထင်နိုင်ပါတယ် ဘုရား၊ တပည့်တော် လူကောင်းပါ ဘုရား၊ တပည့်တော်မှာ အိမ်ထောင်စု ဇယားရော၊ မှတ်ပုံတင်ပါ ပါလာပါတယ် ဘုရား” ဟူ၍ ဆိုကာ ၎င်း၏ လွယ်အိတ်ကြီး အတွင်းမှ စာရွက်များအား ထုတ်ယူပြီး ဆရာတော်အား ကပ်လေ၏။

ဆရာတော်သည် စာရွက်များအား ကြည့်ရှုပြီးနောက် “အေးကွယ် .. ဒကာကြီး တည်းချင်တယ်ဆိုရင်လည်း ကျောင်းဝေယျာဝစ္စ လုပ်ရင်းနဲ့ နေပေါ့၊ သံဃာ့ပစ္စည်း အဆိပ်သီးတဲ့ကွယ့်” ဟူ၍ ပြောလေသည်။ လူကြီးသည် “မှန်ပါ့ဘုရား၊ ကျေးဇူးတင်ပါတယ် ဘုရား” ဟူ၍ ပြန်လည် လျောက်ထားလေ၏။

“ဒကာကြီး နေမယ်ဆိုရင် ဟောဟို ဇရပ်လေးပေါ်မှာ နေပေါ့ကွယ်” ဟူ၍ ဆရာတော်က ကျောင်း၏ ပြတင်းပေါက်မှနေ၍ ကျောင်း မြောက်ဘက်တွင်ရှိနေသော ဇရပ်လေးအား ညွှန်ပြလိုက်လေ၏။ ထိုအခါ လူကြီးသည် ဆရာတော်အား ဦးချပြီး ထသွားမည် အပြုတွင် ဆရာတော်က “ဒကာကြီး နာမည်က ဘယ်သူတုံးကွယ့်” ဟူ၍ မေးမြန်းရာ လူကြီးသည် မတ်တပ်ရပ်လျက် လက်အုပ်ချီရင်း “တပည့်တော် နာမည် အောင်မောင်းပါ ဘုရား” ဟူ၍ လျောက်ထားကာ ၎င်း နေထိုင်ရမည့် ထူးဆန်းသော ဇရပ်လေးဆီသို့ လျောက်လှမ်းလာခဲ့လေတော့သတည်း။

x x x x x x x x x x

ထူးဆန်းသော မျက်လှည့်

တိုင်းတာရွာလေး၏ အနောက်ဖက် တံခါးအနီးတွင် ကင်းတဲလေးတစ်လုံး ရှိလေသည်။ ထိုကင်းတဲလေးပေါ်တွင် အသက် (၃၀) အရွယ်ခန့်ရှိ လူရွယ်တစ်ဦးသည် ဖဲချပ် သုံးချပ်အား ကစားလျက် ရှိသည်ကို တွေ့ရလေ၏။ ထိုအခိုက် အခြားသော လူသုံးဦးသည် ထိုလူရွယ် ရှိနေသော ကင်းတဲပေါ်သို့ တက်၍ ထိုင်လေသည်။

“ဘယ်လိုလဲ မောင်သု ရဲ့၊ တစ်ယောက်တည်း ပျင်းနေသလား” ဟူ၍ ထိုလူရွယ်ထက် အသက်ကြီးပုံရသော လူတစ်ဦးက မေးလိုက်လေရာ မောင်သု ဆိုသူ လူရွယ်က “မပျင်းပါဘူး ဦးအောင်မူးရယ်၊ ဟောဒီ ဖဲချပ်လေးတွေ ဘယ်လို ဖြစ်လာတယ်ဆိုတာ စဉ်းစားနေတာပါ” ဟူ၍ ပြန်ပြောလိုက်လေသည်။ “ဒါလေးများ မောင်သုရယ်၊ ဘာများ ထွေထွေထူးထူး စဉ်းစားစရာ လိုသေးလို့လဲ၊ ဖဲချပ်ဆိုတာ စက္ကူနဲ့ လုပ်ထားတာ၊ စက္ကူဆိုတာက ဝါးက ဖြစ်လာတာလို့ ကြားဖူးတယ်၊ ဒီတော့ကာ အဲဒီ ဖဲချပ်လေးတွေက ဝါးက ဖြစ်လာတာပေါ့” ဟူ၍ ရယ်ကျဲကျဲဖြင့် ပြောလေ၏။

“ဒီဖဲချပ် သုံးချပ်က ပေါ့သေးသေး ဖဲချပ်တွေ မဟုတ်ဘူးဗျ၊ ဟောဒီမှာပဲ ကြည့်လိုက်ဗျာ” ဟူ၍ မောင်သု ဟူသော လူရွယ်သည် ဦးအောင်မူးနှင့် အခြား လူနှစ်ဦးအား ဖဲချပ်များ၏ နောက်ကျောဘက်အား ပြလိုက်လေသည်။ လူသုံးဦးသည် ဖဲချပ်များအား ကြည့်ရှုလိုက်သည့်အခါ ၎င်းတို့၏ မျက်နှာများသည် တွေးဝေသွားသည့်ဟန် ဖြစ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော ၎င်းဖဲသုံးချပ်၏ နောက်ကျောဘက်သည် ရိုးရိုး ဖဲချပ်များကဲ့သို့ မဟုတ်ဘဲ စကြာပုံသဏ္ဍာန်နှင့် အဆိုပါ စကြာသဏ္ဍာန်၏ အတွင်း၌မူ မျက်နှာတစ်ခြမ်းသာ ရှိသော အမျိုးသမီးတစ်ဦး၏ ရုပ်ပုံတို့ ပါရှိနေသောကြောင့်သာ ဖြစ်လေ၏။

“မောင်သုရဲ့ ဖဲချပ်က ဆန်းတော့ အဆန်းသားကွ” ဟူ၍ ဦးအောင်မူးက ပြောသောအခါ မောင်သုဟူသော လူရွယ်က “ဖဲချပ်ထဲကပုံ ဆန်းတာက စဉ်းစားမရသေးလို့ အမြင်ဆန်းတယ်လို့ပဲ ပြောနိုင်ဦးမယ်။ ဒီဖဲချပ်ကို တစ်ထွာလောက် အကွာက ကြည့်မိသူတွေတိုင်းဟာ ကြည့်ပြီး ခဏအတွင်းမှာ အိပ်ပျော်သွားတတ်တယ်လို့လည်း ကြားဖူးထားသေးတယ်ဗျ” ဟူ၍ ပြောကြားလိုက်လေ၏။

ဦးအောင်မူးဆိုသူက မောင်သု ဆိုသူ လူရွယ်၏ စကားအား ပြန်လည် ချေပရန် စကား စသည့်အနေဖြင့် “ဒါကတော့” ဟူ၍ ပြန်လည် ပြောကြားစဉ်မှာပင် ဦးအောင်မူး၏ ဘေးမှ လူနှစ်ဦးသည် တဝါးဝါးသန်းလာကာ အိပ်ပျော်ခြင်း အဖြစ်သို့ ရောက်သွားလေတော့၏။

ထိုအခါ “တော်သေးတယ် မောင်သုရယ်၊ ငါသာ အစောကတည်းက ဆေးမစားမိခဲ့ရင် တစ်ခါတည်း အိပ်ပျော်သွားမှာ အမှန်ပဲကွ၊ အခုတောင် ရီဝေဝေရယ်” ဟူ၍ ပြောလိုက်ရာ မောင်သု ဟူသော လူရွယ်က “ကိုင်း … မြင်ပြီ မဟုတ်လားဗျ။ ဒါ လက်တွေ့ပဲ” ဟူ၍ ပြန်လည် ပြောကြားလိုက်လေ၏။

“ဒီနှစ်ယောက်က ရွာဦးကျောင်းမှာ ရောက်နေတဲ့ လူကြီးနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်မှုရှိလိမ့်မယ်လို့ ကျုပ်ကတော့ ထင်မိတယ်ဗျ။ ဒါကြောင့် ဦးအောင်မူး အကူအညီနဲ့ သူတို့ကို သိပ်လိုက်ရတာပဲ။ သူတို့ကို ခေါ်သွားပြီး စစ်မေးရမယ်ဗျို့။ ဦးအောင်မူးမှာ ထန်းရည် အဆင့်သင့်ပါရဲ့ မဟုတ်လားဗျ” ဟူ၍ လူရွယ်က မေးလိုက်ရာ ဦးအောင်မူးက ၎င်း၏ ခါးကြားတွင်မှ ထန်းရည်ပုလင်းထုတ်၍ ပေးလေ၏။

မောင်သု ဆိုသော လူရွယ်သည် အိပ်ပျော်လျက် ရှိသော လူနှစ်ဦး၏ ပါးစပ်နှင့် အင်္ကျီများပေါ်သို့ ထန်းရည်များ လောင်းချကာ ထိုလူနှစ်ဦးအား ဦးအောင်မူးနှင့်အတူ ထမ်းပိုးကာ ကင်းတဲအနီးရှိ ဦးအောင်မူး၏ အိမ်သို့ ထမ်းပိုး သယ်သွားလေတော့၏။

x x x x x x x x x x

ထူးဆန်းသော ကျောက်ပြားလေး

တစ်နေ့သ၌ တိုင်းတာရွာ၏ ရွာဦးဘုန်းကြီးကျောင်းဝင်း အတွင်းရှိ မန်းကျည်းပင်ကြီးအောက်တွင် ကိုရင်လေးနှစ်ပါးသည် ထိုင်လျက်ရှိနေသည်ကို တွေ့ရလေ၏။ ထိုကိုရင် နှစ်ပါးအနက် ငတက် ဟူသော ကိုရင်မှ ဖိုးတူ ဆိုသော ကိုရင်အား ဤသို့ ပြောလေ၏။

“ဟေ့ကောင် ဖိုးတူ၊ ဒီမနက် ဇရပ်ပေါ်မှာ ငါ တံမျက်စည်း သွားလှည်းတော့ ဘာတွေ့ခဲ့လဲ သိလား” ဟူ၍ ပြောလေရာ ဖိုးတူ ဟူသော ကိုရင်မှ –
“ဘယ်သိမလဲကွ၊ တံမျက်စည်းလှည်းရင် အမှိုက်တွေပဲ တွေ့မှာပေါ့”
“ဟေ့ကောင်၊ ငါက အကောင်းပြောနေတာကွ၊ အမှိုက်တွေ့တယ်ဆိုတာတော့ မင်းပြောမှလားကွ၊ ငါတွေ့ခဲ့တာ ထူးဆန်းလို့ အဲဒါ မင်းကို ပြောချင်တာ”
“ဟေ့ကောင် ငတက်၊ ထူးဆန်းတော့ဆိုတော့ မင်းကို အိပ်မက်ထဲက လူကြီးက ကိုယ်ထင် ပြလိုက်တာလားကွ၊ ဒါဆိုရင်တော့ ငါ ဇရပ်နား မသွားရဲတော့ဘူး”
“မင်းကလည်း ထူးဆန်းတယ်ဆိုတာနဲ့ သရဲကို သွားပြေးမြင်တော့တာပဲ။ ပြီးတော့ မင်းကို ပြောရဦးမယ်၊ ဒီကျောင်းဝိုင်းထဲမှာ ငါတို့က အိမ်ရှင်တွေကွ၊ သရဲဆိုတာ အိမ်ရှင်ကို မခြောက်ရဲဘူးလို့ လူကြီးတစ်ယောက်က ပြောဖူးတယ်ကွ၊ အိမ်ရှင်ကို ပြန်ခြောက်လို့ အိမ်ရှင်က မောင်းထုတ်လိုက်ရင် သူတို့က ထွက်သွားရတယ်တဲ့ကွ၊ ငါ ကတော့ ကြောက်ဘူး၊ ငါကို လာခြောက်လို့ကတော့ မောင်းထုတ်လိုက်မှာပဲ”
ဟူ၍ ကိုရင်ငတက်မှ ၎င်း၏ သူငယ်ချင်းဖြစ်သူ ကိုရင်ဖိုးတူအား ရှည်လျားစွာ ပြောပြလိုက်လေ၏။ ထိုအခါ ကိုရင်ဖိုးတူမှ –
“ဟုတ်လားကွ၊ ဒါဆို ငါလည်း သရဲ မကြောက်တော့ဘူးကွာ”
“အေး … အဲဒီလို လုပ်စမ်းပါကွ၊ မင်းက သရဲဆိုတာနဲ့ ငါပြောမယ့် စကားတောင် ဘယ်ရောက်သွားမှန်း မသိဘူး”
“ထူးဆန်းတာ တွေ့ခဲ့တယ်လို့ ပြောတာလေကွာ”
“အေး … ဟုတ်တယ်။ ငါ ထူးဆန်းတာ တွေ့ခဲ့တယ်ကွ၊ မင်း ဘယ်သူမှတော့ လျောက်မပြောနဲ့ဦး၊ ငါ တွေ့ခဲ့တဲ့ ထူးဆန်းတာက ဟိုလူကြီးရဲ့ ခေါင်းဦးအောက်က တွေ့ခဲ့တာကွ” ဟူ၍ ကိုရင်ငတက်မှ ကိုရင်ဖိုးတူ၏ အနီးသို့ကပ်က တိုးတိုးလေး ပြောလိုက်လေ၏။

ထိုအခါ ကိုတင်ဖိုးတူမှ “မင်း ခေါင်းအုံးအောက်က ဘာတွေ့ခဲ့လို့တုန်းကွ၊ ငါ့ကိုလည်း ပြဦး” ဟူ၍ ပြောလေရာ ကိုရင်ငတက်မှ “မင်းတော့ ပြလို့မရဘူးကွ၊ မင်း ကြည့်ချင်ရင် ဇရပ်ပေါ် တံမြတ်စည်း လှည်းတော့မှ သူ့ခေါင်းအုံးအောက် သွားကြည့်ပေါ့ကွ” ဟူ၍ ပြန်လည် ပြောဆိုလေ၏။

“အေး .. ဒါဆိုရင် မနက်ဖြန်ကျ မင်း တံမျက်စည်း မလှည်းနဲ့ကွာ၊ ငါ လှည်းမယ်၊ ဒါနဲ့ မင်းတွေ့ခဲ့တာက ဘာမို့လို့ ထူးဆန်းတယ်လို့ ပြောရတာတုန်းကွ” ဟူ၍ ပြောလေရာ “ငါ တွေ့ခဲ့တာ အနက်ရောင် ကျောက်ပြားလေးကွ၊ အဲဒီ ကျောက်ပြားလေးပေါ်မှာ အင်းကွက်တွေလည်း ရေးထားတယ်ကွ” ဟူ၍ ကိုရင်ငတက်က ပြောလိုက်လေတော့၏။

x x x x x x x x x x

ယခု ရေးသားမည့် ပို့စ်အဆက်မှာ အောက်ပါအတိုင်း ဖြစ်ပါကြောင်း …

ထူးဆန်းသော ဖိုးသူတော်

ရွာဦး ဘုန်းကြီးကျောင်းတွင် အမျိုးရှာရန်ဟုဆိုကာ တည်းခိုနေသော ဦးအောင်မောင်းသည် မနက်ခင်းမှ နေ့ခင်းပိုင်းအချိန်ထိ ဘုန်းကြီးကျောင်းတွင် ဝေယျာဝစ္စ ပြုလုပ်ရင်းဖြင့် နေထိုင်လေ့ပြီး နေခင်းပိုင်းတွင် အမျိုးရှာရန်ဟုဆိုကာ ၎င်း၏ လွယ်အိတ်ကြီးအား လွယ်လျက် ထွက်သွားတတ်လေသည်။

ဦးအောင်မောင်း ရောက်ရှိပြီး နှစ်ပတ်ခန့်အကြာတွင်မူ ခေါင်းတုံးပြောင်ပြောင်၊ အဝတ်အဖြူအား ဘုန်းကြီးများ သင်္ကန်းရမ်းသကဲ့သို့ ဝတ်ရုံထားသည့် လူတစ်ဦးသည် တောင်းကြီးနှစ်လုံးအား ထမ်းပိုးဖြင့် လျှိုထမ်းလျက် ရွာကြီးဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြန်လေ၏။ ထိုလူ (ဖိုးသူတော်) သည်လည်း ဆရာတော်အား လျောက်ထားကာ ခေတ္တ တည်းခိုချင်ကြောင်း လျောက်ထားလေ၏။ ဆရာတော်၏ ခွင့်ပြုချက်အရ ဖိုးသူတော်သည် ဦးမောင်မောင်းနေသည့် ဇရပ်ပေါ်တွင် နေခွင့်ရခဲ့လေသည်။

ဖိုးသူတော်သည် ဦးအောင်မောင်းအား တွေ့သည့်အခါ “ဟေ့လူ ခင်ဗျားက လူဆိုးလား သူခိုးလား” ဟူ၍ မေးလေရာ ဦးအောင်မောင်းသည် တွေ့တွေ့ချင်း ဆောက်နှင့်ထွင်း ဆိုသကဲ့သို့ လွန်စွာ စိတ်ဆိုးသွားပြီး “လူကောင်း ဖိုးသူတော်ရဲ့၊ လူကောင်း၊ ဟောဒီမှာတွေ့လား မတန်ဘဲ အဝတ်ဖြူ မဝတ်ဘူး” ဟူ၍ ၎င်း၏ အင်္ကျီအား ကိုင်ပြကာ ပြောလေတော့၏။

ထိုအခါ ဖိုးသူတော်က “လူကောင်းဆိုလည်း လူကောင်းပေါ့” ဟူ၍ တစ်ကိုယ်တည်း ရေရွတ်သည့်ဟန်ဖြင့် ပြောကာ ၎င်း၏ တောင်းအတွင်းမှ အဝတ်ဖြူအား ထုတ်ယူ၍ ဇရပ်ကြမ်းပြင်ပေါ်၌ခင်းကာ အိပ်စက်လေတော့၏။ ဦးအောင်မောင်းသည် ဖိုးသူတော်အား မကြည်သလိုကြည့်ရင်း “ဖိုးသူတော် ငပျင်းပဲ” ဟူ၍ ပြောလေ၏။ သို့ရာတွင် ဖိုးသူတော်မှာမူ ဘာမှ ပြန်ပြောခြင်း မရှိခဲ့ဘဲ ခဏအကြာတွင် ဖိုးသူတော်ထံမှ ဟောက်သံများ ထွက်ပေါ်လာခဲ့လေတော့သည်။

နောက်တစ်နေ့ အရုဏ်တက်သို့ ရောက်သောအခါ အုန်းမောင်းခေါက်သံကြောင့် ဦးအောင်မောင်းသည် နိုးလာလေသည်။ ၎င်းနှင့် မလှမ်းမကမ်းတွင် ရှိနေသော ဖိုးသူတော်မှာမူ အိပ်စက်နေဆဲပင် ရှိသေး၏။ ဦးအောင်မောင်း မျက်နှာသစ်၍ ပြန်လာသည့်တိုင် ဖိုးသူတော်မှာမူ ဟောက်သံပေး၍ အိပ်စက်နေဆဲပင် ဖြစ်လေတော့သည်။

ထိုအခိုက် ၎င်းတို့ အိပ်စက်ရာ ဇရပ်ဆီသို့ ကိုရင်လေးတစ်ပါး ရောက်ရှိလာလေသည်။ ကိုရင်လေးက ဦးအောင်မောင်းအား “ဒကာကြီး … ဒီနေ့ ရွာထဲကို ဆွမ်းခံလိုက်ခဲ့ပါလား၊ ငစိုးက ညက ချေးပါပြီး ဖျားနေလို့၊ အဲဒါ ခုဆွမ်းခံသွားဖို့ ကျောင်းသားမရှိလို့” ဟူ၍ ပြောလေ၏။ ထိုအခါ ဦးအောင်မောင်းက “ရပါတယ် ကိုရင်လေးရယ်၊ ဆွမ်းခံသွားဖို့ ကျောင်းသားမရှိရင် တပည့်တော် လိုက်ခဲ့ပေးပါ့မယ် ဘုရား” ဟူ၍ ပြန်လည် လျောက်ထားလေ၏။

အရုဏ်ဆွမ်းခံကြွပြီး ကျောင်းသို့ ပြန်ရောက်လာသည့်အခါ ဦးအောင်မောင်းသည် တခူးခူး အိပ်ပျော်နေလျက် ရှိသော ဖိုးသူတော် အနီးသို့ကပ်ပြီး “ဟေ့ … ဖိုးသူတော်၊ လူတွေ နိုးနေပြီ” ဟူ၍ အသံကို အနည်းငယ်မြင့်ကာ ပြောလေ၏။ ထိုအသံကြောင့် ဖိုးသူတော်မှာ အိပ်ယာထက် ထ၍ ငုတ်တုတ်ထိုင်ပြီးနောက် ဦးအောင်မောင်းအား စူးစူးကြီးကြည့်ကာ “ဒီမှာ အိပ်လို့ ကောင်းနေတုန်းရှိသေးတယ်၊ လူတွေ နိုးနေတာများ အလန့်တကြားဖြစ်အောင် ပြောရတယ်လို့၊ ဒီမှာ မှတ်ထား၊ ကျုပ်က လူ မဟုတ်ဘူး၊ ဖိုးသူတော်ဗျ၊ ဖိုးသူတော်” ဟူ၍ ဒေါသသံဖြင့် ပြောပြီး ပြန်လည်၍ အိပ်စက်လေတော့၏။

x x x x x x x x x x

ထူးဆန်းသော ဆွေးနွေးဝိုင်း

တစ်ခုသော နေ့ခင်းပိုင်းအချိန်တွင် ဖြစ်လေ၏။ ရွာဦးဘုန်းကြီးကျောင်း၏ အပေါ်ထပ်တွင် ဆရာတော်နှင့်အတူ တိုင်းတာရွာအတွင်းမှ လူများကို တွေ့ရလေသည်။ ၎င်းတို့မှာ စုစုပေါင်း အယောက် ၂ဝ ခန့် ရှိလေ၏။ ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဆရာတော်မှ ဤသို့ မိန့်လေသည်။

“သူကြီးနဲ့တကွ ရွာရဲ့ ရပ်မိရပ်ဖတွေကို ခေါ်ရတဲ့အကြောင်းကတော့ မနေ့ညက ဘုန်းကြီးမက်တဲ့ အိပ်မက်ကြောင့်ပဲကွယ့်၊ အိပ်မက်ဆိုတာတော့ အစွဲအလန်းနဲ့ သံယောဇဉ် ရှိကြသေးသူတိုင်း မက်ကြတာပဲ၊ ဘုန်းကြီးလည်း သာမာန်ပုဂ္ဂိုလ်ပဲဆိုတော့ မက်တာပေါ့နော်၊ မနေ့ညက ဘုန်းကြီး မက်တဲ့ အိပ်မက်ထဲမှာ ဒကာကြီးတို့ ပြောပြောနေတဲ့ ဇရပ်ပေါ်က အိပ်မက်ပေးတယ်ဆိုတဲ့ ရုပ်ဆိုးဆိုးနဲ့ လူကို တွေ့လိုက်ရလို့ပဲကွယ့်”

သူကြီးနှင့် ရွာ၏ ရပ်မိရပ်ဖများသည် ဆရာတော် မိန့်တော်မူသည့် စကားများအား စိတ်ဝင်တစား နားထောင်နေကြလေ၏။ ဆရာတော်သည် သူ၏ စကားအား ဆက်၍ ပြောလေ၏။

“ဇရပ်ပေါ်က လူက အိပ်မက်ထဲမှာ ဘုန်းကြီးဆီကို ရောက်လာတယ်၊ ပြီးတော့ သူက လျောက်တယ်ကွယ့်၊ ဆရာတော် ဘုရား၊ တပည့်မှာ အန္တရာယ်နဲ့ နီးကပ် လာပါပြီဘုရား၊ သို့ကြောင့် ဆရာတော်ထံပါး လာရောက် လျောက်ကြားပါသည်ဘုရား လို့ လျောက်တာကွယ့်”

ထိုအခါ သူကြီးမှ “သူက ဘာတွေ လျောက်သွားတာတုံးဘုရား” ဟူ၍ လျောက်ထားလေရာ ဆရာတော်မှ –
“ဒီလို သူကြီးရဲ့၊ သူ လျောက်သွားတာတွေထဲမှာ မောင်အောင်မောင်းက အဓိက ဖြစ်နေတယ်ကွယ့်၊ ဒါကြောင့် မောင်အောင်မောင်း မရှိတုန်း ခင်ဗျားတို့ကို ခေါ်ပြီး ပြောရတာ” ဟူ၍ မိန့်လေ၏။

“ကိုအောင်မောင်းက ဇာတ်လိုက်ဆိုတော့ သူက လူဆိုးများ ဖြစ်နေသလားဘုရား” ဟူ၍ တစ်ယောက်သော ရပ်မိရပ်ဖ တစ်ဦးက လျောက်ထားလေရာ ဆရာတော်မှ ဤသို့ မိန့်လေ၏။

“ဟုတ်တယ် ဒကာဖြူရေ၊ မောင်အောင်မောင်းကို ရုပ်က လူဆိုးရုပ်ပေါက်ပေမယ့် စိတ်ထား ကောင်းတယ်လို့ ဘုန်းကြီးက ထင်ထားခဲ့တာ၊ အိပ်မက်ထဲမှာ ပြောသွားခဲ့တဲ့ထဲမှာတော့ မောင်အောင်မောင်းက တကယ့်ကို စိတ်ညံ့တဲ့ လူတစ်ယောက် ဖြစ်နေတယ်ကွဲ့”

“ဆရာတော် ဘုရား၊ တပည့်တော်တို့ကို ပြည့်ပြည့်စုံစုံလေး သိရအောင် ဇရပ်ပေါ်က လူကြီး လျောက်ထားသွားတာလေးကို ထပ်ပြောပါဦးလား ဘုရား” ဟူ၍ သူကြီးမှ လျောက်ထားလေသည်။ ထိုအခါ ဆရာတော်မှ မိန့်ပြန်လေ၏။

“ဒီလို သူကြီးရဲ့၊ သူပြောသွားတာတွေကို ဘုန်းကြီး အနေနဲ့ ပြောရရင်တော့ သူက သူ့ရဲ့မင်းသားလေး သိမ်းဆည်းထားခဲ့တဲ့ ရွှေငွေတွေကို စောင့်ရှောက်နေရတဲ့ လူတဲ့ကွဲ့၊ ပြီးတော့ သူက ပြောသေးတယ်၊ ဇရပ်ပေါ်မှာ လာအိပ်တဲ့လူတွေကို အိပ်မက်ပေးရတာကလည်း အဲဒီဘဝက ကျွတ်လွတ်ချင်လို့တဲ့ကွဲ့၊ သူ့ရဲ့ မင်းသားလေးက သစ္စာပြုပြီး သူ့ကို မှာကြားခဲ့တယ်ဆိုပဲ၊ မင်းသားလေး ထားရစ်ခဲ့တဲ့ ဥစ္စာတွေကို လူဆိုးတွေရဲ့ ရန်က ကာကွယ်ပြီး အချိန်ကျတဲ့အခါ စိတ်သဘောထား ရိုးသားကြတဲ့ လူတွေကို ပေးရမယ်၊ ပြီးရင် အဲဒီ ဥစ္စာတွေထဲက သုံးပုံ နှစ်ပုံကို သာသနာအတွက် လှူဒါန်းရမယ်၊ ကျန်တဲ့ တစ်ပုံထဲကမှ ကုသိုလ်ပြုလုပ်ပြီး မင်းသားလေးနဲ့ သူ့အတွက် ရည်စူး အမျှအတန်း ပေးဝေရမယ်လို့ ပြောတယ် သူကြီးရဲ့”

“စိတ်ဝင်စားစရာပဲ ဘုရား၊ ဆက်မိန့်ပါဦးဘုရား”

“အေးကွယ့်၊ သူက ပြောတယ်၊ တပည့်တော် အနေနဲ့ မင်းသားလေး ထားခဲ့တဲ့ ပစ္စည်းတွေကို စောင့်ရှောက်ရင်းနဲ့ စောင့်လာခဲ့တာ မင်းသားလေး မှာကြားတော်မူခဲ့တဲ့ အချိန်ကို ကျော်လွန် လာခဲ့ပါပြီ ဘုရား၊ ဒါကြောင့် တပည့်တော် အနေနဲ့ ဆရာတော်ဘုရားရဲ့ ကျောင်းဝင်းထဲမှာ ရှိတဲ့ ဇရပ်ပေါ်မှာ လာရောက် အိပ်စက်ကြတဲ့ ရိုးသားသူတွေကို အိပ်မက် ပေးခဲ့တာပဲ ဖြစ်ပါတယ် ဘုရား လို့ ပြောတော့ ဘုန်းကြီးက သူ့ကို ပြန်မေးသေးတယ်ကွဲ့”

“မှန်ပါ၊ ဘယ်လိုများ ဆရာတော်က ပြန်မေးလိုက်တာပါလဲ ဘုရား”

“ဘာကြောင့် ဘုန်းကြီး ကျောင်းဝိုင်းထဲက ဇရပ်ပေါ်မှာ အိပ်တဲ့လူတွေမှ အိပ်မက် ပေးရတာတုံးလို့ မေးတာကွယ်၊ ဒီအခါ သူက ပြောတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဘုရား၊ ဆရာတော် ဘုရားရဲ့ ကျောင်းဝင်းထဲက ဇရပ်က တပည့်တော်ရဲ့ အရှင် မင်းသားလေး ထားရစ်ခဲ့တဲ့ ပစ္စည်းဥစ္စာတွေ ရှိတဲ့ နေရာနဲ့ နီးလို့ပါပဲ ဘုရားလို့ ပြောတယ်ကွယ့်”

“ဒါနဲ့ သူ့မင်းသားလေး ထားခဲ့တဲ့ ဥစ္စာတွေက ဘယ်နားမှာလို့ ပြောသေးလဲဘုရား”

“သူကြီးက လောဘ တက်နေပြီထင်တယ်” ဟူ၍ ခပ်ပြုံးပြုံးဖြင့် မိန့်လေရာ သူကြီးမှ –

“မဟုတ်ရပါဘုရား၊ တပည့်တော်က သိချင်ရုံပါ ဘုရား” ဟူ၍ ပြုံးပြုံးနှင့်ပင် ပြန်လည် လျောက်ထားလေ၏။ ထိုအခါ ဆရာတော်မှ –

“ရီစရာအနေနဲ့ ဘုန်းကြီးက ပြောတာပါ သူကြီးရယ်၊ သူကြီး သိချင်ပေမယ့် ဘုန်းကြီးကတော့ မပြောနိုင်ဘူးကွဲ့၊ ဘာလို့လဲဆိုတော့ သူက အဲဒီအချက်ကိုတော့ ချန်သွားလို့ပဲကွယ့်၊ ပြီးတော့ သူက မောင်အောင်မောင်းနဲ့ ပတ်သက်လို့ ပြောတယ်ကွယ့်”

“မှန်ပါ့၊ ဘယ်လိုများ ပါလဲဘုရား”

“ဒီလိုကွယ့်၊ မောင်အောင်မောင်းက သူ့မင်းသားလေး ထားခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို မသမာတဲ့နည်းနဲ့ ယူဖို့လို့ လာတဲ့သူတဲ့၊ မောင်အောင်မောင်းရဲ့ အကြံအစည်ဟာ ခုဆို တော်တော် ခရီးပေါက်နေပြီဆိုပဲကွယ့်၊ နောက် တစ်ရက် နှစ်ရက်နေရင် သူ့မင်းသားလေးရဲ့ ပစ္စည်းဥစ္စာတွေ မသမာသူလက်ထဲ ရောက်ရတော့မယ်ဆိုပဲ၊ အဲဒါ ဘုန်းကြီး အနေနဲ့ တားပေးပါလို့ အကူအညီ တောင်းရှာတယ်ကွဲ့၊ အဲဒါ ဘုန်းကြီး အနေနဲ့ ဘယ်လို လုပ်သင့်တယ်ဆိုတာ သူကြီးနဲ့တကွ ရွာရဲ့ ရပ်မိရပ်ဖတွေကို ခေါ်ပြီး တိုင်ပင်ရတာပဲ”

ထိုအခါ သူကြီးဖြစ်သူမှ ဆရာတော်အား လျောက်ထားလေသည်။

“ဆရာတော်အိပ်မက်ထဲက ပြောတဲ့အတိုင်းဆို ကိုအောင်မောင်းက လူဆိုးတစ်ယောက်ပဲ ဘုရား၊ ဒါပေမယ့်လို့လည်း အဲဒါက အိပ်မက်ဆိုတော့ ….” ဟူ၍ ရှေ့ဆက် မပြောဘဲ ရှိနေစဉ်တွင် ၎င်းတို့၏ အနောက်မှ အသံတစ်သံ ပေါ်ထွက်လာလေသည်။

“အိပ်မက်ဆိုတော့ သိပ်မယုံချင်ဘူး ဆိုပါတော့ …”

ထိုအခါ ဆရာတော်ရှေ့တွင် ထိုင်နေကြသော လူများသည် နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ အသံပိုင်ရှင်မှာ ဖိုးသူတော် ဖြစ်နေသည်ကို တွေ့လိုက်ရလေတော့၏။

x x x x x x x x x x

 

ကြိုးစားလျှက် …
အံစာတုံး

31 comments

  • ရာဇဝင်လူဆိုး

    July 12, 2012 at 9:33 pm

    ဖတ်ရတဲ့ ၃ ပိုင်းလုံး ထူးဆန်းလွန်းလို့ ဘယ်လို ကွန်မန့်ပေးရမယ်တောင်မသိဘူး….ထူးဆန်းနေတယ်ဗျ…။
    အဲဒီလိုထူးဆန်းနေတာကိုက ထူးဆန်းနေတာ..။
    ဇာတ်အိမ်ဖွဲ့စည်းမှု ကောင်းပါအိ..။

    • မစ္စတာ တောက်တဲ့

      July 12, 2012 at 9:43 pm

      ဟုတ်ကဲ့ ..
      ခုလို ဦးဦးဖျားဖျား မန့်ပေးသွားတဲ့အတွက် ကျေးဇူးပါ (ကော်ပီဖြစ်၏)

      ကျနော့်ရဲ့ အထက်ပါ ဝတ္ထုနဲ့ ပတ်သက်ပြီး ဝေဖန် သုံးသပ်ချက်ပေးပါဦးလို့လည်း
      တောင်းဆိုပါတယ်နော့ ….
      ဘယ်နေရာမှာတော့ ဘယ်လို
      ဘယ်နေရာကတော့ဖြင့် ဘယ်လို .. စသည်ဖြင့်ပေါ့ဗျာ ..

      အဲဒီလို ဝေဖန်အကြံပေးလို့ရှိရင်ဖြင့် ကျနော့်အနေနဲ့ နောက်ထပ်ရေးတဲ့အခါ ဆင်ခြင်နိုင်မှာ ဖြစ်တဲ့အတွက် လေးစားစွာနဲ့ပဲ စာဖတ်သူရဲ့ အမြင်တွေကို တောင်းခံပါတယ် ခင်ဗျာ …။

  • မောင်ပေ

    July 12, 2012 at 10:01 pm

    ဇါတ်ထဲကို လိုက်မျောမိတော့
    မင်းသားလေးရဲ ့သိုက်ကို တူးကြစွကြမယ် လို ့ထင်မိပါတယ်
    မစ်စတာတောက်တဲ့ရေ…

    • မစ္စတာ တောက်တဲ့

      July 12, 2012 at 10:19 pm

      မမြင်ဘူးပေမယ့် ခင်မိပါတဲ့
      ရောင်းရင်းကြီးရေ ..

      ခုလို ကျနော့်ရဲ့ပို့စ်ကို လာရောက်
      ဖတ်ရှုအားပေးသွားတဲ့အတွက် ကျေးဇူးပါလို့ပဲ ပြောပါရစေဗျာ …

  • ဦးဦးပါလေရာ

    July 12, 2012 at 10:35 pm

    ထူးခြားတဲ့ ခေါင်းစဉ်
    ထူးခြားတဲ့ တင်ပြဟန်
    ထူးခြားတဲ့ ဇတ်လမ်း

    အန်စာရေ
    ဇတ်သိမ်းလေးလဲ ထူးဆန်းနေမယ်ထင်ရဲ့…

  • padonmar

    July 13, 2012 at 1:55 am

    တောက်တဲ့ရဲ့ တစ်တစ်တစ် ကြိမ်မြောက် ထူးဆန်းသော ပို့စ်ကြီးကို ဇာတ်သိမ်းရောက်အောင်
    အမြန်လှန်ဖတ်ချင်ပါကြောင်း

  • ကြည်ဆောင်း

    July 13, 2012 at 8:52 am

    ပထမဆုံးအပိုင်းမှာ ပါတဲ့ လွန်စွာလှပသော မိန်းကလေးဆိုတာ ပျောက်နေတယ်နော်..

  • ကိုရင်မောင်

    July 13, 2012 at 9:02 am

    ဖတ်တဲ့သူကို စိတ်ဝင်စားအောင် ရေးနိုင်တဲ့
    အံစာတုန်းရေ..ဆရာမင်းသင်္ခ လား မှတ်ရတယ်
    တကယ့်ကို စိတ်ဝင်စားစရာပါ ဆက်လက်စောင့်မျော်
    နေပါတယ်…….

  • MaMa

    July 13, 2012 at 9:49 am

    ဟုတ်ပါရဲ့။
    တစ်တစ်တစ် ကြိမ်မြောက် ထူးဆန်းသော ပိုစ့်ကြီးပါလား။
    မှန်းမိသလောက် ပြောရင်..
    အင်းကွက်လေးရှိတဲ့ ဦးအောင်မောင်းက သိုက်တူးဆရာ
    ဖိုးသူတော်က သိုက်တူးဆရာကို တန်ပြန်မယ့် အထက်ဂိုဏ်း ဘိုးတော် ဖြစ်ရမယ်။
    ဟပ်ချလောင်း…….. မှန်မမှန် နောက်ပိုစ့်မှာ ပေါ်စေသတည်းးးးးးးးးးးး
    [:))]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • lynn lynn

    July 13, 2012 at 10:10 am

    မစ္စတာ တောက်တဲ့ရေ ထူးဆန်းသော ကိုစောင့်ဖတ်နေပါတယ်။ ထူးဆန်းသောက ထူးဆန်းစွာနဲ့ ဆွဲဆောင်နေတဲ့ အတွက် နောက်တစ်ပိုင်းကို မြန်မြန်တင်ပါတော့။

  • kyeemite

    July 13, 2012 at 11:00 am

    တစ်ပုဒ်လုံးဖတ်ပီး မှဘဲမန့်တော့မယ်ဗျို့..

  • မမ အညာသူ

    July 13, 2012 at 11:34 am

    တကယ်ပဲဖတ်လို့ကောင်းပါတယ်
    စိတ်ဝင်စားဖို့တော့အကောင်းတာ

  • mamanoyar

    July 13, 2012 at 11:52 am

    စိတ်ဝင်တစားနဲ့ ဖတ်လာခဲ့တာ ဖိုးသူတော်က အအိပ်ကြီးပြီ း
    ဘယ်လိုပေါ်လာရတာလဲနော် အတွေးတွေလဲ ပေးသွားသေးတယ်

  • King of Secrets (Bo Min)

    July 13, 2012 at 12:07 pm

    အောင်မလေး၊ ဖတ်ရတာကောင်းတော့ကောင်းပါတယ်၊ ဒါပေမဲ့ ရှည်လွန်းတော့ အချိန်ယူဖတ်ရတယ်

  • မဂွတ် ထော်

    July 13, 2012 at 12:45 pm

    အားပေးသွားပါတယ်ရှင်
    ဖတ်လို့လဲကောင်းပါတယ်
    မှတ်သားသွားပါတယ်

  • cum min

    July 13, 2012 at 2:02 pm

    တန်းလန်းထားခဲပြန်ပြီးပဲနော…..

  • Shwe Ei

    July 13, 2012 at 3:34 pm

    ထူးဆန်းသောသုံး ဆိုလို့ ၃ဂဏန်းအကြောင်းထူးဆန်းတာတွေပြောတော့မယ်မှတ်တာ။ မေ့တွားလို့နော် အာဟိ 🙂

  • မစ္စတာ တောက်တဲ့

    July 13, 2012 at 3:50 pm

    ဟုတ်ကဲ့ …
    ခုကဲ့သို့ ကျွန်ုပ်၏ ထူးဆန်းသော ပို့စ်အား
    လာရောက်ကာ အားပေးဖတ်ရှုသွားတော်မူကြပါကုန်သော အရပ်ကတို့အား
    ကျွန်ုပ်မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း …
    နောက်လာမည့်အပိုင်းတွင် အပြီးသတ် တင်သွားမည် ဖြစ်ပါကြောင်း ….

    ခင်မင်လေးစားစွာဖြင့်
    မစ္စတာ တောက်တဲ့

  • shwe kyi

    July 13, 2012 at 4:10 pm

    “ဘုန်းကြီးများ သင်္ကန်းရမ်းသကဲ့သို့ ဝတ်ရုံထားသည့်” ကိုတောက်တဲ့ရေ ရမ်းဖြစ်နေတယ် ရုံတာမို့လား 😀
    ဘုန်းကြီးမိန့်တာမှာရုပ်ဆိုးဆိုးနဲ့ဒကာလို့သုံးရင်ပိုကောင်းမလားပဲနော်။
    လျှောက်ပြောကြည့်တာပါ။ ဇာတ်ကိုနိုင်နိုင်နင်းနင်းရေးဖွဲ့ထားတာကောင်းပါ၏။ ထပ်ထူးဆန်းရင်တော့မနည်းကိုဆက်စပ်ယူရတော့မယ် အဟီး ဉာဏ်မကောင်းလို့ပါ။

    • မစ္စတာ တောက်တဲ့

      July 13, 2012 at 4:20 pm

      ဟုတ်ကဲ့ပါ မရွှေကြည်ရေ ..
      ခုလို ထောက်ပြပေးတာ ကျေးဇူးပါနော့ ..
      ကျနော်က သင်္ကန်းကို ရမ်း တယ်လို့ ပြောတာက ဒီလိုပါ ..
      ငယ်ငယ်က ကိုရင်ဝတ်တုန်းကပေါ့ဗျာ ..
      ဘုန်းကြီးတွေက သင်္ကန်း သေချာမရုံထားရင် ခုလို ပြောတယ်ဗျ ..
      “ဟေ့ ကိုရင် သင်္ကန်းကို သေချာရမ်းလေ”
      ဒါကို ယူပြီး သင်္ကန်းရမ်းတယ်လို့ သုံးလိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျ ..

      • shwe kyi

        July 13, 2012 at 4:26 pm

        အဲ ရွှေကြည်မသိလို့နော် ကိုတောက်တဲ့။

  • Khaing Khaing

    July 13, 2012 at 4:13 pm

    နောက်ဇာတ်သိမ်းပိုင်းကို စောင့်မျှော်ဖတ်ရူ့ပါမည်ဖြစ်ကြောင်း ဇာတ်သိမ်းတွင် အဖျားမရူးရန် လိုအပ်ကြောင်း ထပ်လောင်းတင်ပြပါတယ်ချင့် ……. ဒီဇာတ်လမ်းလေးကို ဘယ်လိုစိတ်ကူးစိတ်သန်းနဲ့ရေးခဲ့ကြောင်း တင်ပြပေးစေချင်ပါတယ် …..

    • မစ္စတာ တောက်တဲ့

      July 13, 2012 at 4:24 pm

      အမခိုင်ရေ ..
      ခုလို ဇာတ်သိမ်းမှာ အဖျားရှူးမသွားဖို့ သတိပေးတာကို
      ကျေးဇူးပါနော့ ..
      ဒီဇာတ်လမ်းကို ဘယ်လိုမျိုး စိတ်ကူးနဲ့ ရေးခဲ့တယ် ဆိုတာကတော့ဖြင့်
      လာမည့် အပိုင်းမှာ တစ်ပါတည်း ရေးသားပေးသွားမည် ဖြစ်ပါကြောင်း …

      • Khaing Khaing

        July 13, 2012 at 4:35 pm

        ဟုတ်ကဲ့ပါ …. နောက်ဆုံးအပိုင်းလေးမှာ ထည့်ရေးပေးစေချင်လို့ အခုကတည်းက တောင်းဆို ခဲ့တာပါ …….. ဇာတ်လမ်းလေးကအရမ်းကောင်းတော့ ဇာတ်သိမ်းလေးကိုလဲ ရင်ထဲစွဲကျန်ချင် လို့ပါ …….

  • ဆရာဒဂုန်ရွှေမျျှား ဝင်စားသလားမသိဘူး။
    ဒါမှမဟုတ် ဆရာတင့်ဆန်း ကပ္ပိယကြီးဦးဖြူသီးအတိုင်းဘဲကောင်း၏။

    • မစ္စတာ တောက်တဲ့

      July 13, 2012 at 9:20 pm

      ဖေဂျီး …
      သားသား ဘူလဲချိုဒါ သိဒယ် မဟုတ်လားဂျ ..
      တော်ကြာ နံမယ်မှားပီး
      အခြားလူ ထင်နေမှာစိုးလို့ ကြောဒါ ..
      သားသားဂ အံစာတုံး ဖြစ်ကြောင်းပါ ..
      (အပေါ်မှာလည်း ပါပြီးသားပဲ ..
      မင်းက တော်တော် လျှာရှည်တယ် … ခွီးးးးးး) 😀

  • စိန်ဗိုက်ဗိုက်

    July 13, 2012 at 4:58 pm

    ဘိုအံတို ့က ဒါမျိုး ပိုင်သဗျာ..
    အားကျလိုက်တာ..
    ဘိုအံကြီးအရေးအသားကို ခိုက်သဖြင့် မိတ်လိုက်ခွင့်..အဲလေ..မိတ်ဆက်ခွင့်ပြုပါနော်..
    ကျော်က ဘိုအံကြီးရဲ့ ပရစ်သတ်ပါ..ကျော့်နာမည် ဗိုက်ကလေးပါ..ဘိုအံကြီးကို ဘီအီးတိုက်ခွင့်ပုပါ..

    • မစ္စတာ တောက်တဲ့

      July 13, 2012 at 9:22 pm

      ဒီပရစ်သတ်မျိုး
      များများရှိရင် ရှယ်ပဲဟ ..
      အနည်းဆုံး …
      ဘီအီးဒေါ့ အဝသောက်ရမယ် .. ငွဲ .. ငွဲ ..
      😀

  • pooch

    July 13, 2012 at 11:13 pm

    စောင့်ဖတ်နေတယ် ကိုအံဇာတုံး ။ ဒါလေးရေးတာ သဘောကျမိတယ် ။ စိတ်ဝင်စားစရာကောင်းလို့။
    ဇာတ်သိမ်းကောင်းကောင်းလေးနော်။

  • ကြောင်လေး

    July 14, 2012 at 9:37 am

    “ဒီမှာ အိပ်လို့ ကောင်းနေတုန်းရှိသေးတယ်၊ လူတွေ နိုးနေတာများ အလန့်တကြားဖြစ်အောင် ပြောရတယ်လို့၊ ဒီမှာ မှတ်ထား၊ ကျုပ်က လူ မဟုတ်ဘူး၊ ဖိုးသူတော်ဗျ၊ ဖိုးသူတော်”

    ဟုတ်သားဟ လူတွေနိုးတာဖိုးသူတော်နဲ့ ဘာဆိုင်တာမှတ်လို့၊ နော်……..

Leave a Reply