မိဘမဲ့ကလေး တဦးကို မွေးစားခဲ့ခြင်း
လူတိုင်းလိုလို မိဘမဲ့ကလေးများကို မြင်ဘူးကြားဘူး ကြမည်ဖြစ်ပါသည်။ ကြားလိုက်သည်နှင့် ဖြစ်ပေါ်တတ်သည့် ခံစားမှုက သနားခြင်း ဖြစ်ပါသည်။ မိဘမဲ့ ဖြစ်ရာတွင် အကြောင်းအမျိုးမျိုး ရှိပါသည်။ မိဘများ သေဆုံးသွား၍ မိဘများက စွန့်ပစ်သွား၍ မိဘများနှင့် ကွဲကွာသွား၍ စသည်ဖြင့်ပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အလွန်ငယ်သည့် အရွယ်မှာ မိဘမဲ့ ဖြစ်ပြီဆိုလျှင်တော့ ကောက်ယူမွေးစားသူ မရှိပါက သေဖို့သာရှိပါသည်။ ကိုယ့်ကိုကိုယ် မစောင့်ရှောက်နိုင်သည့် အရွယ်ပေကိုး။ ဟုတ်ပါသည်။ ကျနော်လည်း တခါက မိဘမဲ့ကလေး တဦးကို ကောက်ယူမွေးစားခဲ့ဖူးပါသည်။ မမွေးစားလို့လည်း မရပါ။ ထိုမိဘမဲ့ကလေးက ကျနော့်ခြံထဲသို့ မိဘများနှင့် ကွဲကာဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ခြင်း ကြောင့်ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ကုသိုလ်ရသဖြင့် ကျေနပ်မိပါသည်။
ထိုသို့ဆိုလျှင် ကျနော်ထိုစဉ်က နေသောအိမ်ကို အကျဉ်းမျှ ပြောပြရန် လိုပါသည်။ ထိုစဉ်ကဟု ဆိုရခြင်းမှာ ယခုမနေတော့ သောကြောင့်ဖြစ်ပါသည်။ နှစ်အနည်းငယ် ကြာပါပြီ။ ကျနော့်အိမ်ဟောင်းမှာ တထပ်အုတ်ခံအိမ် ဖြစ်ပါသည်။ အုတ်တံတိုင်း ခတ်ထားပြီး အတော်လေး ကျယ်ပါသည်။ အိမ်ရှေ့တွင် အရိပ်ကောင်းသော ခရေပင်ကြီး သုံးပင်ရှိ၍ ခြံဝင်းထဲတွင်လည်း ပန်းပင်များ အတော်ရှိပါသည်။ အိမ်နီးနားချင်းများမှာလည်း ကိုယ့်ခြံဝင်းနှင့် ကိုယ်ဖြစ်ပါသည်။ အိမ်နီးချင်းဆိုသော စကားမှာ ဒီလိုပတ်ဝန်းကျင် တွင်မှအကြုံးဝင်ပါသည်။ ဘာလို့လဲဆိုတော့ မြို့လည်ခေါင်တိုက်ခန်းများမှာ အနှစ် ၂ဝ လောက်ကြာအောင် နေကြပေမယ့် အိမ်နီးချင်းဟု ပြောရန်ခက်ပါသည်။ သူ့ကိုယ်မသိ ကိုယ့်သူမသိဆိုတော့ ရင်းနှီးမှုလည်း မရှိပါ။ ကျနော့်၏ အရင်အိမ်နီးချင်းများမှာ မျိုးဆက်သုံးဆက်ခန့် ရင်းနှီးခဲ့သူများ ဖြစ်ပါသည်။ အဘိုးအဘွားလက်ထက် အဖေအမေလက်ထက်မှသည် ကျနော်တို့ လက်ထက်အထိပေါ့ဗျာ။
ခြံတွေ ဝင်းတွေနဲ့ နေကြ၍လည်း မိဘမဲ့ကလေးလေးက ခြံထဲသို့ ရောက်လာခြင်း ဖြစ်ပါသည်။ ရောက်လာပုံက မိုးသည်းသော ညတညမှ အစပြုသည် ဆိုပါတော့ဗျာ။ ဟုတ်ပါတယ်။ ထိုနေ့က မိုးတွင်းမဟုတ်ပဲ အခါမဲ့ မိုးလေးက တစိမ့်စိမ့်နဲ့ ညနေလောက်ကတည်းက ရွာနေပါသည်။ ဒါကြောင့် ကျနော်လည်း မိုးအေးအေးနဲ့ ကွေးကာ စောစောအိပ်လိုက်ပါသည်။ ညလယ်လောက်ရောက်တော့ လေရော မိုးရော ပြင်းထန်လာပြီး မိုးလင်းပိုင်းတွင် ပိုသည်းလာပါတယ်။
ဒါပေမယ့် တကယ်လင်းလာတော့ ရုတ်ချည်း တိတ်သွားပါတော့သည်။ ဒါနဲ့ ကျနော်လည်း ထပြီးမျက်နှာသစ်ကာ သွားတိုက်ပြီး အဆာပြေတခုခု ဝယ်စားဖို့ စိတ်ကူးနဲ့ အိမ်တံခါးဖွင့်လိုက်တော့ လား လား တွေ့ရပါပြီ။ တညလုံး မိုးရွာထားသဖြင့် သစ်ကိုင်းအချို့ ကျိုးကျနေကာ ဌက်သိုက်တခုလည်း ပျက်ကျနေပြီး ဌက်ကလေးနှစ်ကောင်မှာ မပြန်နိုင်ပဲ ဖြစ်နေသည်ကို တွေ့ရပါသည်။ ဟုတ်ကဲ့ ကလေးတော့ ကလေးတွေပါပဲခင်ဗျာ။ လူလေးတွေတော့ မဟုတ်ပါ။ ဌက်ကလေးတွေ ဖြစ်ပါသည်။
တကယ့်ကို ပေါက်ခါစ ဌက်ကလေးတွေ ဖြစ်ပါသည်။ နီတာရဲလွန်ကာစ အမွေးအတောင် ပေါက်ခါစ ဌက်ကလေးနှစ်ကောင် ဖြစ်ပါသည်။ လုံးဝမပျံနိုင်သေးပါ။ လမ်းတော့ သွားတတ်နေပါပြီ။ ဘာလို့လဲဆိုတော့ လူကိုမြင်တော့ ကြောက်ကြောက်လန့်လန့်နဲ့ ပြေးဖို့ကြိုးစားပါသည်။ ပြေးလဲပြေးပါသည်။ ဒါပေမယ့် ငယ်ငယ်လေးနဲ့ ခုန်ဆွခုန်ဆွ လေးတွေဆိုတော့ သိပ်တော့ မြန်မြန်မပြေးနိုင်ပါ။ ဒါနဲ့ပဲ ကိုယ်ကဖမ်းလိုက်ရပါသည်။ မဖမ်းလို့လဲမရပါ။ ဘာလို့လဲဆိုတော့ အိမ်မှာက ကြောင်ကြီးတကောင် ရှိသည့်အပြင် အိမ်ရှေ့အိမ်တွင်လည်း ကြောင်တွေ ရှိသောကြောင့်ဖြစ်ပါသည်။ ဒါနဲ့ သူတို့ကို သစ်ကိုင်းပေါ်ပြန်တင် ပေးဖို့စီစဉ်ပါသည်။ ဘာလို့လဲဆိုတော့ လေကြီးမိုးကြီး ကျသောကြောင့် အသိုက်ပျက်သွားသော်လည်း ပျံနိုင်သော ဌက်ဖိုနဲ့ ဌက်မကြီးက သူတို့ကလေးတွေကို ပြန်ခေါ်နိုင်အောင် ဖြစ်ပါသည်။ သူ့တို့ မိရင်းဖရင်းတွေနဲ့ ဆိုတော့ ပိုကောင်းမှာပေါ့လေ။
ဒါနဲ့ သူတို့ကို ခရေပင်က အတော်မြင့်သည့် အကိုင်းတခုမှာ နှစ်ကောင်စလုံးကို သွားတင်ထားလိုက်ပါသည်။ ခဏနေလို့ သွားကြည့်တော့ တကောင်မရှိတော့တာကို တွေ့ရပါသည်။ ဘယ်လို ဖြစ်သလဲ မသိပါ။ သူ့ မိဘများပဲ ခေါ်သွားလေသလား။ ကြောက်ကြောက်လန့်လန့်နဲ့ ခုန်ပေါက်ရင်းပဲ အောက်ကျပြီး ကြောင်ဖမ်းသွားသလား မသိပါ။ သူ့ဘာသာသူ မပြန်နိုင်တာတော့ သေချာပါတယ်။ ထိုအကြောင်းကို စဉ်းစားတိုင်း စိတ်မကောင်း ဖြစ်မိပါသည်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ကိုယ့်စိတ်ကူးကလဲ သူ့မိရင်းဖရင်းတွေနဲ့ပဲ တွေ့စေချင်တာကိုး။
ဒါနဲ့ နောက်မကြာမကြာ ကျန်နေတဲ့ကောင်လေးကို သွားကြည့်တော့ အဲဒီအကိုင်းမှာပဲ အော်နေတာကို တွေ့ရပါသည်။ သနားတော့ သနားစရာပါ။ မိဘနဲ့ ကွဲသောကလေးများ ကြောက်ပြီးငိုတာကို တွေ့ဖူးကြမယ် ထင်ပါသည်။ ခဏနေသွားကြည့်လည်း ဒီအတိုင်း တော်ကြာနေသွားကြည့်လည်း ဒီအတိုင်း။ ခက်တော့ခက်ပြီ။ သူ့ခမျာ ထိုအကိုင်းမှာပင် ထိုပုံစံအတိုင်း တနေကုန် နေရရှာသည်။ နောက်တော့ ညနေရောက်တော့လည်း ဒီအတိုင်း ဖြစ်နေပြီး မိုးချုပ်စပြုလာတော့လည်း ဒီအကိုင်းလေးမှာပင် ကုတ်တွယ်ထားပြီး သနားစရာအော်နေသည်ကို တွေ့ရပါသည်။ တကယ့်ကို ကွေးလေးဌက်ငယ် သနားဖွယ် ဆိုသလိုပေါ့ဗျာ။
ဒါနဲ့ မတတ်နိုင်တော့ပါ။ ဘယ်သူမှ လာမခေါ်တော့ ကိုယ်ပဲပြန်ခေါ်ရပါတော့သည်။ လှေကားလေးနဲ့ ပြန်တတ်ပြီး ပြန်ယူလိုက်ရပါသည်။ အဲဒီတုန်းက မှတ်မှတ်ရရ သီချင်းတပုဒ် ညည်းဖူးတာကို မှတ်မိပါသည်။ သီချင်းက မှုံရွှေရည်တွင် ဦးဝင်းဦးဆိုခဲ့သောသီချင်း။ ရသေ့ငယ်နေရာရှာသကို ဟုအစချီကာ “မွေးထိုက်လို့မွေးရတော့မယ် သူငယ်မကုသိုလ် ငါ့ကုသိုလ် ငါ့သမီးမှန်ပါရင် လက်တိုဂျင် ဂလက်ဇို ငါ့လက်ကထွက်လိုက်ဟ ချိုချို” ဆိုသော သီချင်းဖြစ်ပါသည်။ တကယ်လည်း ဌက်ကလေးကို တတ်ခေါ်ရင်းနဲ့ ထိုသီချင်းဆိုခြင်း ဖြစ်ပါသည်။ သီချင်းအဓိပ္ပါယ်က တဦးတည်း ကျောင်းင်္သခမ်းတွင် သီတင်းသုံးနေသော ရသေ့ကြီး ကျင်ငယ်ရည်ကို သမင်မကသောက်မိရာမှ လူမိန်းကလေးမွေးသဖြင့် ရသေ့ကြီးက သူ့သမီးမှန်ပါလျှင် သူ့လက်က နို့ရည်ထွက်ပါစေဟု အဓိဌာန်ပြုကာ မွေးစားခဲ့ရတာကို ဂရုဏာနှင့် ဟာသရသနှောပြီး ရေးထားသောသီချင်း ဖြစ်ပါသည်။
(အထူးမှတ်ချက်-သီချင်းအဓိပ္ပါယ်ကို ပေါ်လွင်စေလိုလို့ ရေးပြတာဖြစ်ပြီး တလွဲမတွေးရန် မေတ္တာ ရပ်ခံအပ်ပါသည်။ ဘာလို့လဲဆိုတော့ ဒီရသေ့ကြီးက ဇတ်လမ်းထဲက ရသေ့ကြီးလို ရှုရှုးကို စည်းမဲ့ကမ်းမဲ့ မစွန့်ကြောင်းပါ။ တော်ကြာ ချောတောငေါ့ကာ ရသေ့ကြီး ဌက်သိုက်ထဲ သေးသွားပေါက်သည်ဟု လိုရာဆွဲတွေးမှာ စိုးလို့ ဖြစ်ပါသည်။)
အဲဒါနဲ့ သူ့ကို သစ်ကိုင်းပေါ်မှ ပြန်ခေါ်ပြီး အရေးပေါ် ကော်ခြင်းလေးနှင့် ယာယီအသိုက်လေး လုပ်ရပါသည်။ နောက်ပြီး ထိုညအတွက် အိမ်နောက်ဘက် အခန်းထဲရှိ မှန်ဘီရိုကြီးထဲတွင် သိပ်ရန်စီစဉ်ရပါသည်။ ဘာလို့လဲဆိုတော့ မှန်ဘီရိုရှိ အခန်းငယ်လေးတခုက မှန်တံခါးနဲ့ ဖြစ်ပြီး မှန်တံခါးမှာ လူလက်နဲ့ ဆွဲဖွင့်မှ ပွင့်ပါသည်။ မှန်ကလေးလွန်းသော ကြောင့်ဖြစ်ပါသည်။
အဲဒီလို မလုပ်လို့မရပါ။ မဟုတ်ရင် ကိုယ်အိပ်နေတုန်း ကြောင်ကြီး ဆွဲသွားမည် ဖြစ်ပါသည်။ သူ့ကို အဲဒီအခန်းလေးထဲ ယာယီ လှောင်အိမ်လေးနဲ့ ထည့်ကာ မှန်တံခါးကို ပိတ်လိုက်ပါသည်။ ပိတ်လိုက်ပေမဲ့ လက်သန်း တထောက်စာတော့ လေဝင်ပေါက် ဖွင့်ပေးထားပါသည်။ နောက်တော့လည်း အဲဒီနေရာလေးက သူ့ကိုယ်ပိုင် အခန်းလေးလို ဖြစ်သွားပါသည်။
ကျနော့်အိမ်မှ အိမ်သားများကလည်း ကိုယ့်ကိုကိုယ် မစောင့်ရှောက်နိုင်သည့် အရွယ်လေးဖြစ်၍ မွေးလိုက်ရန် အားပေးကြပါသည်။ အလွန်ဆုံး စောင့်ရှောက်ရ တလလောက်ပေါ့ဟု ပြောကြပါသည်။ ထိန်းတာကတော့ ကျနော်ပဲထိန်းရန် ပြောပါသည်။ ဘာလို့လဲဆိုတော့ ကျနော်က အဲဒီတုန်းက ကိစ္စတခုနဲ့ အိမ်မှာ အချိန်ပြည့် အားနေသောကြောင့် ဖြစ်ပါသည်။ ကျန်လူများကတော့ ရှိသည့်အခါလည်းရှိ အပြင်သွားသည့် အခါသွားပေါ့။ ဒါနဲ့ ရသေ့ကြီး ကလေးထိန်းရန် အလုပ်ရသွားပါသည်။
နောက်မနက် မိုးလင်းတော့ အစာကျွေးဖို့ လုပ်ရပါသည်။ သူကလည်း နှုတ်သီးလေးဟကာ ဟကာ စူးစူးလေးအော်၍ အစာတောင်းပါသည်။ ဌက်အစာခွံ့တာကို ရုပ်ရှင်ထဲတွင် မြင်ဖူးမည် ထင်ပါသည်။ ကြည့်တော့ လွယ်သလိုပဲ။ လွယ်မှာပေါ့ဗျာ။ ဌက် ဌက်ချင်း ဖြစ်နေတာကိုး။ အခုဟာက ဌက်နဲ့ လူဆိုတော့ တကယ်တမ်း လုပ်ကြည့်တော့ ကိုယ့်လက်ညှိုးက သူ့နှုတ်သီးလေးထက် အဆပေါင်းများစွာ ကြီးနေပါသည်။ ဒီတော့ စပါးလုံးလို ဟာမျိုးကို လက်နဲ့ယူပြီး ကျွေးလို့မရပါ။ ဒါနဲ့ ထမင်းလုံးလေးတွေကို တလုံးချင်းခွံ့ဖို့လုပ်တော့ ထမင်းလုံးက သူ့ပါးစပ်ထဲသို့ မရောက်ပဲ ကိုယ့်လက်မှာ ကပ်နေပါသည်။ တမနက်ခင်းလုံး ချွေးပြန်သွားပြီး နောက်ကျတော့မှ ဌက်ကလေးကို အစာခွံ့တတ်သွားပါသည်။ ကျွမ်းကျင်မှုပါပဲ။ ရသေ့ကြီး ဂျူတီတွေပိုပြီ။
ရေတိုက်တော့ ဘယ်လိုတိုက်ရသလဲဆိုတော့ ကိုယ့်လက်ညှိုးကို ရေထဲတွင်စိမ်ပြီး ပြန်ဆွဲထုတ် လိုက်သည်နှင့် လက်ညှိုးထိပ်တွင် တွဲလွဲခိုပါလာသော ရေပေါက်ကလေးကို သူ့ပါးစပ်ရှေ့သို့ လက်ညှိုးကို ထိုးပေးလိုက်သည်နှင့် သူက ထိုရေပေါက်ကလေးကို စုပ်ယူပါသည်။ နောက်ပြီး ဌက်ကလေးက အလွန်ငယ်လွန်းသဖြင့် အနွေးဓတ်ရအောင် လုပ်ပေးရပါသည်။ သူ့မိခင် ဌက်မကြီးဆိုရင်တော့ ဌက်ဆိုတော့ ဝပ်ပေးမှာပေါ့လေ။ ကိုယ်ကတော့ လူဖြစ်နေသဖြင့် သူ့ကို လက်ဝါးပေါ်တွင် ဝပ်စေပြီး လက်သီးကို ခပ်ဖွဖွလေး ဆုပ်ထားရပါသည်။ လက်ကလည်း ယောကျာင်္းလက် ဖြစ်သဖြင့် လက်ဝါးကကြီးပြီး အနွေးဓတ်ရသဖြင့် သူကလည်း အလွန်သဘောကျပါသည်။ လက်သီးဆုပ်ထဲတွင် အိပ်လေ့ရှိပါသည်။ မသိပဲ အဝေးကကြည့်ရင်တော့ လက်သီးကြီးဆုပ်ကာ ဘာဖြစ်မှန်းမသိဟု ထင်နိုင်ပါသည်။ ဒုက္ခ။
နောက်တပတ် နှစ်ပတ်လောက်ကြာတော့ အပျံသင်ပေးရ ပြန်ပါသည်။ ဌက်ဖိုကြီးနဲ့ ဌက်မကြီး ဆိုရင်တော့ ကိုယ်တိုင်ပျံပြမှာပေါ့လေ။ ကိုယ့်မှာတော့ အတောင်ပံလည်း မရှိပါ။ ဒါနဲ့ စစချင်းသူ့ကို နည်းနည်းမြင့်သော အကိုင်းလေးပေါ်မှာ တင်ပေးပြီး ကိုယ်က အောက်ကနေ လှမ်းခေါ်ရပါသည်။ သူကလည်း ယက်ကန် ယက်ကန်နဲ့ ခုန်ချပေါ့လေ။ ကိုယ်ကတော့ အောက်တည့်တည့်မှာ စောင့်နေသူဆိုတော့ သူကလည်း ကိုယ့်ပေါ်တည့်တည့် ခုန်ချပေါ့။
သူကခုန်ချလိုက် ကိုယ်ကပြန်တင်ပေးပြီး အောက်ကနေခေါ်လိုက်နဲ့ပဲ သူစပြီး အတောင်လေးတွေ ခတ်တတ်လာပါသည်။ ပျံတော့ မပျံတတ်သေးပါ။ နောက်တော့ ခရေပင်ပေါ်မှ သစ်ကိုင်းကလေးများ သို့တကိုင်းမှတကိုင်း ခုန်ကူးလိုက် သခင်ရဲ့ ပခုံးပေါ်ခုန်ချလိုက်နဲ့ပဲ ၄ ရက် ၅ရက်လောက် ကြာတော့ စပြီး ပျံတတ်လာပါသည်။ အဝေးကြီးတော့ မပျံသေးပါ။ ဘာလို့လဲဆိုတော့ သူကလည်း အိမ်ကို မမှတ်မိတော့မှာ ကြောက်သည် ထင်ပါသည်။ မိဘမဲ့ပေကိုး။
သူ့ကို အပျံသင်ရတုန်းက အတော် ဒုက္ခရောက်ပါသည်။ ခရေပင်အောက်မှာ စပြီးသင်ပေးသည်ဖြစ်ရာ သူက စစချင်း ခရေပင်ကြီးကို ချည်တိုင်အဖြစ် မှတ်ထားပြီး ခပ်လှမ်းလှမ်းသို့ ပြန်သွားလိုက် ခရေပင်သို့ ပျံလာပြီး သခင်ကို လာကြည့်လိုက်နဲ့ ဖြစ်ပါသည်။ စောင့်မနေလျှင် မကြိုက်ပါ။ ၂ ပတ် ၃ပတ်လောက်တော့ အပင်အောက်မှာ ထမင်းစားပြီးသည်နှင့် ကုလားထိုင်တလုံး စာအုပ်တအုပ်နဲ့ ခရေပင်အောက်မှာ အတော်လေး ဒုက္ခများသွားပါသည်။
နောက်တော့လည်း အမွေးအတောင်တွေစုံကာ ကောင်းကောင်းပျံ တတ်သွားပါသည်။ ဌက်ကလေးက ရင်ဘတ်တွင် အစက်အပြောက်ကလေး များပါသော စာညိုလေး ဖြစ်ပါသည်။ စာကလေးထက် နည်းနည်းသေးပါသည်။ နှုတ်သီးကလေးက ချွန်ချွန်နဲ့ သခင်ကို မျက်လုံးတောက်တောက် ကလေးတွေနဲ့ ကြည့်တတ်သော ချစ်စရာ ဌက်ကလေး ဖြစ်ပါသည်။ အကောင်သေးသေးလေးနဲ့ ပျံတာတော်တော် မြန်သဖြင့် ကျနော့်အဘိုးက ဂျပန်ဇီးရိုး တိုက်လေယာဉ်ကလေး ဟုခေါ်ပါသည်။ ပျံတာမှ မျက်စိတဆုံးသို့ ပြန်ခြင်းဖြစ်ပါသည်။ အံ့တော့ အံ့ဩစရာ။ လူစကား နားလည်တာမှ ကောင်းကင်ပေါ်ပျံနေတုန်း သခင်က လာခဲ့ လာခဲ့ဟု လှမ်းခေါ်ရင် ချက်ချင်းပြန်လှည့်လာကာ ပုခုံးပေါ် နားတတ်ပါသည်။
အခုလို ပြန်တတ်လာတော့ အိမ်မှ မိသားစုဝင်များက ပြန်မလာတော့မှာ စိတ်ပူလာပါသည်။ ဒါကြောင့် သိပ်လွှတ်မပေးပဲ လှောင်အိမ်ထဲတွင်ထားရန် ဒါမှမဟုတ် အတောင်လေးများကို ညှပ်မလားဟု မေးပါသည်။ ကျနော့် သဘောထားကို မေးခြင်းဖြစ်ပါသည်။ ဘာလို့လဲဆိုတော့ ကျနော်က ကျွေးမွေးစောင့်ရှောက်ခဲ့သည့် ဖေဖေကြီး မဟုတ်လား ဟဲ ဟဲ။ ကျနော် သဘောမတူသဖြင့် နောက်မပြောတော့ပါ။ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း မလုပ်ချင်ကြပါ။ ချစ်သဖြင့် ပြန်မလာမှာစိုးတာ ဖြစ်ပါသည်။
ကျနော့် သဘောထားကတော့ သူ့ရဲ့ လွတ်လပ်ခွင့်ကို ချုပ်ချယ်ပြီး ဒီလိုလုပ်တော့ ဘယ်လောက် ရက်စက်ရာ ကျလိုက်ပါသလဲ။ နဂိုကတည်းက သူ့ကို ကြီးပြင်းလာအောင် စောင့်ရှောက်ယုံပဲမို့ သူ့ကိုယ်သူ စောင့်ရှောက်နိုင်သော အရွယ်မှာ လွတ်လွတ်လပ်လပ်သာ ပျံသန်းခွင့် ပေးထားလိုက်ပါသည်။ သူကလည်း ဘယ်လောက် ဝေးဝေးပျံပျံ အချိန်တန်ရင်တော့ အိမ်မှန်မှန် ပြန်လာပါသည်။ တော်တော်တော့ အံ့ဩစရာဗျ။
မနက်မိုးလင်းပြီဆိုလျှင် အိမ်သား တယောက်ယောက်က လှောင်အိမ်ကိုထုတ် လှောင်အိမ်တံခါးလေးဖွင့် လိုက်သည်နှင့် သူကထွက်လာပြီး သခင့်လက်ပေါ်မှာ ခဏနား သူ့ကို အစာကျွေး ရေတိုက်(သူ့ဘာသာ စားတတ်နေပြီ ဖြစ်ပါသည်။ အစာခွက်နဲ့ ရေခွက်ကလေးကို လက်ဝါးပေါ် တင်ပေးရုံသာ) သူကျောကုန်းကလေး ပွတ်သပ်ပေး သူကလည်း သခင့်လက်ကို နှုတ်သီးလေးနဲ့ ဖွဖွဆိတ်ပြီး သခင်ကိုကြည့်ကာ အတောင်တွေ ဆန့်ပြီးသည်နဲ့ ပြန်သွားပါတော့သည်။
နေ့လည်နေခင်း တခါတလေ ပြန်လာတတ်ပါသည်။ အိမ်မှာကလည်း အိမ်သား တယောက်မဟုတ် တယောက်တော့ ရှိသဖြင့် ပြန်လာပြီး ပခုံးပေါ်နားလျှင် လက်ဝါးပေါ် အစာနဲ့ ရေခွက်ကလေး တင်ပေးလိုက်သည်နဲ့ စားပြီး ကျေးဇူးတင်သော အကြည့်နဲ့ ကြည့်ကာ ပျံသွားပေါ့။ ညနေစောင်းပြီ ဆိုလျှင်တော့ အိမ်သား တယောက်ယောက်က အိမ်ရှေ့တွင် စောင့်နေရပါသည်။ သူက ပုံမှန်အချိန် ပြန်လာကာ သခင့်ပခုံးပေါ်နား လိုက်သည်နဲ့ လှောင်အိမ်တံခါးလေး ဖွင့်ပေးလိုက်ရုံပါပဲ။ သူဘာသာ ဝင်သွားတတ်ပါသည်။ အမှန်မှာ သူ့ဘာသာသူ အိမ်ထဲကို ပျံလာတတ်ပါသည်။ ဒါပေမယ့် အိမ်မှာက ကြောင်ကြီးရှိသဖြင့် သူ့ကို ရန်ပြုမှာ စိုး၍ဖြစ်ပါသည်။
ဒါပေမယ့် ကြောင်ကြီးကလည်း အစပိုင်းကသာ အထူးအဆန်း ဖြစ်သော်လည်း နောက်တော့လည်း ရန်လုံးဝမလုပ်ပါ။ သူကလည်း ကြောက်ဟန်မရှိ။ သူတို့ အချင်းချင်းလည်း တအိမ်တည်းနေသူတွေဟု သိနေပုံ ပေါ်ပါသည်။ ဒီလောက် သေး၍ ခဏအတွင်းမှာပင် အဝေးကြီး ပြန်နိုင်သော ဌက်လို သတ္တဝါမျိုးတွင် ကိုယ့်အိမ် ကိုယ်ယာကို ကောင်းကောင်း မှတ်မိကြောင်း ပေါ်လွင်ပါသည်။ နောက်ပြီး သခင်ကိုလည်း ကောင်းကောင်း သိပါသည်။ အိမ်သားအားလုံး စုံနေလျှင် ဘယ်သူ့ပေါ်မှမနား ကျနော်ရှိရာ ပြန်လာပြီး ကျနော့်အပေါ် နားပါသည်။ သူ့ကို ထိန်းကျောင်းခဲ့တာကိုး။
ထိုဌက်ကလေးမှာ အိမ်မှာ ၂နှစ်တိတိ နေပါသည်။ နောက်တော့ ဖြစ်လာပုံက သူအပြင်မှာ အိမ်ထောင်ကျလာပါသည်။ ဘာလို့လဲဆိုတော့ သူအပြင်က ပြန်လာပြီး လှောင်အိမ်ထဲ ဝင်လိုက်သည်နှင့် အပြင်က ဌက်တကောင်၏ လွမ်းလွမ်းဆွေးဆွေး အော်သံကို ကြားရပါသည်။ သူကလည်း ထိုအသံကြားသည်နှင့် နေမထိ ထိုင်မသာ ဖြစ်နေတတ်ပါသည်။ ခုန်ပေါ်က်နေတတ်ပါသည်။ နောက်နေ့တွေကျတော့ သူက ထိုသူ့အဖော်ကို အိမ်ခေါ်ရန် ကြိုးစားသည် ထင်ပါသည်။
ဘာလို့လဲဆိုတော့ ပခုံးပေါ်နားပြီးသည်နှင့် လှောင်အိမ်ထဲ မဝင်သေးပဲ သခင်ကို ကြည့်ပြီး သစ်ပင်ပေါ် ပြန်တတ်သွားပါသည်။ နောက်တော့ ပြန်ဆင်းလာပြီး အသံတမျိုး အော်ရာ ဌက်တကောင်က ပျံဆင်းလာပြီးမှ လူနားရောက်တော့ ကြောက်ကြောက်နဲ့ အပင်ပေါ် ပျံတတ်သွားပါသည်။ အဲဒါကို သူကလိုက်ခေါ်။ ဟိုက ထိုပုံစံအတိုင်း ပြန်ဆင်းလာလိုက် ပြန်တတ်သွားလိုက်ပေါ့။ သူခေါ်လို့ မရပါ။ ဘယ်ရလိမ့်မလဲ။ သူကသာ သခင်နဲ့ ယာဉ်ပါးသော်လည်း ဌက်အရိုင်းကတော့ လူကိုကြောက်တာကိုး။ မလာဝံ့ပါ။
နောက်ပိုင်း ရက်များတွင်လည်း သူ့ခမျာ ထိုနည်းလည်းကောင်းပဲ။ လှောင်အိမ်ထဲကို သခင်ကိုကြည့်ပြီး မဝင်ချင် ဝင်ချင်ဖြင့် ဝင်ရပါသည်။ လှောင်အိမ်ထဲရောက်လို့ အပြင်ကအော်သံ ကြားသည်နှင့် နေမထိ ထိုင်မသာပေါ့။ အဲဒါနဲ့ ကျနော်လည်း သနားလာသဖြင့် သူ့ကို ချစ်သူရှိရာသွားနိုင်ကြောင်း သဘာဝဖြစ်ကြောင်း ပါပါကြီးက နားလည်ခွင့်လွှတ်ပါကြောင်း ပြောလိုက်ရာ အကြာကြီး စိုက်ကြည့်နေပြီးမှ လှောင်အိမ်ထဲသို့ ထိုညနေတွင် မဝင်တော့ပဲ ဝမ်းသာအားရ ပျံတတ်သွားပါသည်။ နောက်ပိုင်း ရက်များတွင်လည်း ညနေပိုင်းခဏ ပြန်လာပြီး လှောင်အိမ်ထဲသို့မူ မဝင်တော့ပါ။ ကျနော်ကလည်း ဖမ်းမထည့်ပါ။ နေ့လည် နေ့ခင်းခဏ ပြန်လာတတ်ပါသည်။
အဲဒီလိုနေပြီး နောက်ပိုင်း ၂ လလောက်ကြာမှ လုံးဝမလာတော့တာ ဖြစ်ပါသည်။ ဌက်ဆိုတာ ပျံရင်းသေသည် ဆိုသဖြင့် သေသွားလေသလား။ ဒါမှမဟုတ် သူ့ချစ်သူနဲ့ပဲ တခြားမှာ အခြေချနေထိုင် ကျသလား မသိပါ။ အိမ်သူ အိမ်သားများကတော့ အတော်လေး စိတ်မကောင်း ဖြစ်ကြပါသည်။ ကျနော်ကတော့ ပြန်တွေးတိုင်း ကျေနပ်မိပါသည်။ ကိုယ့်ကိုကိုယ် မစောင့်ရှောက်နိုင်သည့် မိဘမဲ့ ဌက်ကလေးအား ဌက်လားမြောက်အောင် စောင့်ရှောက်ခဲ့တာပဲ။ ကုသိုလ် ဖြစ်ပါသည်။ ကြုံရ ဆုံရ ဘုံဘဝပေါ့ဗျာ။
(လေးနက်သော အကြောင်းများ မရေးချင်သဖြင့် ဝတ္ထုတိုရေးကြည့်ပါသည်။)
59 comments
may flowers
July 14, 2012 at 1:57 pm
ရာဇဝင်တွေ သမိုင်းကြောင်းတွေရေးတာတော်ရုံမက ဝတ္ထုတိုရေးရာမှာလည်း တော်တော်လေး
အဆင်ပြေတာပါလို့ …………ဖတ်ပြီး အားပေးသွားပါတယ် ကိုစံလှကြီးရေ။
San Hla Gyi
July 14, 2012 at 2:51 pm
အင်း အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မ may flowers ရေ။ အလှည့်အပြောင်းပေါ့ဗျာ။ ဟိုတလောက လူခြောက်အကြောင်းဆိုလို့ ကျနော်လည်း လူခြောက်ကို အနီးကပ် မြင်ဖူးပါတယ်။ လူခြောက် အမွှာညီနောင်ပါ။
ster
July 14, 2012 at 3:10 pm
ဖတ်တဲ.လူ စိတ်ဝင်စားအောင် အရမ်းရေးတတ်တယ်ဗျာ၊ အားပေးသွားပါတယ်။
San Hla Gyi
July 14, 2012 at 5:38 pm
ပထမဆုံးအကြိမ် ကွန်မန့်ပေးသူလို့ ထင်ပါတယ်ဗျာ။ စိတ်ဝင်စားတယ ်ပြောလို့ ကျေးဇူးပါ။ ကျနော်လဲ သိပ်ပြီး အတွေးအခေါ်လိုမျိုး စာတွေမရေးချင်သေးလို့ ဒီလိုမျိုးလေး ရေးကြည့်တာပါ။
စိန်ဗိုက်ဗိုက်
July 14, 2012 at 3:35 pm
♫……♪…..ကျလိ..ကျလိ..
ကျလိ..ကျလိ..ကျလိ……♫….
..♫♪…..ကျလိ…..♫♪…♫
ခုလေးတင် အီးမေးလ် ဝင်လာပါတယ်..
ငှက်သားသားက မိန်းမရပြီး ဘေဘီငှက် ဆယ့်ငါးကောင်၊မြေး အကောင်သုံးဆယ်နဲ ့ ရွာထိပ်က ကုက္ကိုပင်ကြီးမှာ မိသားစု အစုံအလင်နဲ ့ စံမြန်းနေတယ်လို ့ သတင်းပို ့လာပါတယ်..
မွေးစားဖခင် ဒယ်ဒီငှက်ကြီး ကျန်းမာစေကြောင်း ဆုမွန်ကောင်း တောင်းပေးလျက်လို ့လဲ ဆိုပါတယ်..။
နောက်တော့..
ငှက်တုပ်ကွေး ရောဂါမှလဲ ကင်းဝေးပါစေကြောင်း ဆုတောင်းပေးလျက်လို ့လဲ ငှက်ဘာသာနဲ ့ အီးမေးလ် ပေးပို ့လာတာကို ကျော်ဗိုက်ကလေးမှ ဆီလျော်မှန်ကန်အောင် ဘာသာ ပြန်ပေးလိုက်ခြင်း ဖြစ်ပါတယ်.။
လူသားအားလုံးကို လေးစားလျက်.
အူးဗိုက်.
ဘီအီး..
ကျလိ..ကျလိ..
San Hla Gyi
July 14, 2012 at 5:38 pm
အင်း ပထမဆုံး အကြိမ်လာရောက် အားပေးတဲ့အတွက် ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း။
အလင်းဆက်
July 14, 2012 at 6:39 pm
ကျွန်တော်လည်း..ပထမဆုံးအကြိမ်…လို ့ဆိုရမယ်ဗျ။ ဝတ္ထုတို ဆိုလို ့စိတ်ဝင်စားသွားတယ် ။
ဖတ်ရတာ..ရသ မြောက် ပါတယ် ..။
အဲဒီလို ဝတ္ထုမျိုးလေး.ရေးချင်လိုက်တာ..။ သွက်လက် ပြေပြစ်နေတဲ ့အရေးအသားတွေကို အားကျ ပါတယ် ။
ခင်မင်လေးစားစွာ..
San Hla Gyi
July 14, 2012 at 9:10 pm
ကိုအလင်းဆက်ရေ
တခြားစာတွေမှာ မြင်ဖူးပါတယ်။ ဖတ်ရတာ ရသမြောက်တယ်ဆိုလို့ ကျေးဇူးပါ။ အမှန်တော့ ဒီလိုရေးဟန်မျိုးကို မရေးဖူးသေးပါဘူး။ အလှည့်အပြောင်းလေး အနေနဲ့ရော ရေးကြည့်ချင်တဲ့ စိတ်အနေနဲ့ရော ရေးလိုက်တာပါ။ ကျနော် ပုံမှန်ရေးတတ်တဲ့ စာမျိုးက အချိန်ယူရတဲ့အပြင် မေးခွန်းတွေလဲ အများကြီး လာတတ်ပါတယ်။ လူပေါင်းစုံက မေးတာကိုး။ ဝတ္ထုတိုလို့ ခေါင်းစဉ်တတ်ပေမယ့် တကယ်တော့ တကယ့်အဖြစ်အပျက်ပါ။
pooch
July 14, 2012 at 6:52 pm
ကိုစံလှကြီးရေ သူကြီးတခါက ပြောဖူးတာတော့ တိရိစာ္ဆန်တွေမှာ လူတွေလို ခံစားတတ်တဲ့ အကန့် မပါဘူးလို့ သိပ္ပံနည်းကျ စမ်းသပ်ချက်တွေမှာ တွေ့ဖူးတယ်ပြောဖူးတယ် ( ကျမအမှတ်မမှားဘူးဆိုရင်ပေါ့)
သူညွှန်းတာနဲ့ War Horse ဆိုတဲ့ ကားတောင် ကြည့်ဖူးတယ်။ လူနဲ့ မြင်းကြားက သံယောဇဉ်ပေါ့။ ကြည့်ရင်းနဲ့တောင် မျက်ရည်ကျပါတယ်။
အိမ်မှာလည်း အယ်လ်ဇေးရှင်းတွေကို ခွေးမျိုးဆက် ၂ ဆက်တိုင် မွေးခဲ့မွေးထားဆဲမို့ တိရိစာ္ဆန်တွေမှာ ခံစားချက်မရှိဘူးဆိုတဲ့ အဆိုကို ငြင်းချင်ပါတယ်။ သိလိုက်တာမှ စကားမပြောတတ်တာ တခုပါပဲ။
နောက် အိမ်မှာစိုက်ထားတဲ့ သစ်ခွပန်းပင်တွေကြားမှာ အသိုက်လုပ်ကလေးမွေးသွားတဲ့ စာကလေးတွေ ၂ ကောင်လောက်ရှိပါတယ်။ ရေဖြန်းရင် သတိထားပြီး မိုးရွာရင် အမိုးလေး သွားကာနဲ့ အတော်အလုပ်ရှုပ်ခဲ့ဖူးပါတယ်။ ဒါကြောင့်မို့ ဒီလိုခံစားချက်လေးတွေ ကို နားလည်ပါတယ်။
အချိန်တန်တော့လည်း အိမ်ပြန်သွားတယ်လို့ပဲ သဘောထားရတော့မှာပေါ့လေ။ သူတို့လေးတွေက သဘာဝရဲ့ ရင်သွေးငယ်လေးတွေကိုး။
San Hla Gyi
July 14, 2012 at 9:11 pm
မ pooch ရေ
အမြဲတမ်း ပုံမှန်ဖတ်တတ်သူ ဆိုတော့ ရောက်လာရင် အလွန်ဝမ်းသာကြောင်းပါ။ အဲဒီအကြောင်းတော့ ကျနော် သူပြောတာ မဖတ်ဖူးပါဘူး။ ဒါပေမယ့် သူကြီးပြောတယ် ဆိုရင် မှန်ဖို့များပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က ကိုယ်သိဖူးတာလေးတွေ ဖတ်ဖူးတာလေးတွေနဲ့ ကျေနပ်နေချိန်မှာ သူကတော့ သိပ္ပံနည်းကျ စမ်းသပ်ချက်တွေ သုတေသနတွေကို ကြည့်ပြီးမှ သူ့ရဲ့ထူးခြားတဲ့ ဥဏ်ပညာနဲ့ ဆုံးဖြတ်တတ်သူပါ။ အမှန်တော့ ကျနော်နဲ့ သူနဲ့ အမြင်မတူတာလေးတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျနော်က သူ့ရဲ့ ဥဏ်ပညာကို အလွန်လေးစားကြောင်းပါ။ ဒါကြောင့် ကုလားဥဏ်ကျယ် ဘသူကြွယ်လို့ခေါ် အဲလေ ယောင်လို့ ပညာဥဏ် ထူးခြားကြောင်း ပြောတာပါ။ ကျနော် ကိုကြောင်ကြီးကိုလည်း သူ့ရဲ့ စိတ်ဓတ်တွေ လုပ်ရပ်တွေ အပြောအဆိုတွေဟာ အတုယူသင့်ကြောင်း ပြောခဲ့ဖူးပါတယ်။
ကျနော်ရေးနေကျ မဟုတ်ပဲနဲ့ ရေးလိုက်လို့ ကြိုက်တောင် ကြိုက်ပါ့မလားလို့ စဉ်းစားမိပါတယ်။ ကျနော် ပုံမှန်ရေးနေကျက မ pooch သိတဲ့အတိုင်း လေးတဲ့အပြင် ရေးနေတုန်း ရုတ်တရက်ဖောက်ပြီး “ချရာ ချရာ အနော့်နာမည်က ဘစ်ဘိုတီ ပါချရာ။ ချရာ့ကို ချရာသန်းထွန်းလိုကို လေးစားတာပါ။ ဒေါသကြီးသော မာနကြီးသော ဘုရင်ကြီးအကြောင်း ရေးပေးပါချရာ။ အဲဒီ ဘုရင်ကြီးနာမည်က အင်္ဂါနံနဲ့စပြီး မွေးနံတော်ကလည်း အင်္ဂါသားလို့ သိရပါတယ်ချရာ” အဲဒီလို မေးခွန်းတွေ ရောက်လာတတ်ပါတယ်။ အဲဒါကို ပြန်ပြီးဖြည်လိုက်ရင်လည်း နောက်တရက် နှစ်ရက်လောက်ဆို ဒီဟာက ဒီလိုပါကွယ်။ ဟိုဟာက ဟိုလိုပါကွယ်။ ဂေဇက်ရွာရဲ့ ခန်တီနဲ့ မစ်တာ အယူအဆက ဒီလိုပါကွဲ့ ဆိုပြီး ဆောင်းပါးတွေ ထွက်လာတတ်တယ်။ ကျနော်တော့ ကိုယ့်ပြောတဲ့ စကားလုံးတွေ ရေးတဲ့စာတွေတောင် မူပိုင်ခွင့် လုပ်ထားရင် ကောင်းမလားပဲ။ အမှတ်တမဲ့ ပြောလိုက်တဲ့ စကားက နောက်ဆို အဲဒီခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ဖြစ်သွားမှာ စိုးလို့ပါ။
မ pooch ရေ နောက်လဲ အမြဲတမ်း အားပေးပါဗျာ။
မောင်ပေ
July 14, 2012 at 7:40 pm
ဘိုစံလှကြီးရေ
ငှက်ကလေးတစ်ကောင်နဲ ့သံယောဇဉ်ဖြစ်ခဲ့ဖူးတာကို ဖတ်ရတော့ အံ့ဩမိတယ်ဗျာ
ပိုထူးတာက စာကလေး ဆိုတော့
ကျုပ်တို ့ဝန်းကျင်မှာလဲ စာကလေးတွေ ရှိနေပေမယ့် ၊ စာကလေးဆိုတဲ့အမျိုးက လူဆိုရင် တော်တော်ကြောက်တာဘဲ သိထားတာကိုး။
ဘိုစံလှကြီးကတော့ ငယ်ကတဲက သေချာ ကျွေးမွေးပြုစုခဲ့တာဆိုတော့ သံယောဇဉ် ကြိုးတွေ ဖြစ်သွားခဲ့တာပေါ့နော ။
ကျုပ်လဲကြောင်တွေ ခွေးတွေ မွေးထားတော့ ၊ ဘိုစံလှကြီး စာကိုဖတ်အပြီး ၊ တစ်ခုခု ခံစားလိုက်ရသလိုပါဘဲ။
San Hla Gyi
July 14, 2012 at 9:12 pm
ဦပေရေ
ဟုတ်တယ်ဗျ။ အဲဒါကြောင့် ကျနော်လည်း ဒီလို သတ္တဝါလေးတွေတောင် ခံစားတတ်တဲ့ အသိဥဏ်ရှိကြောင်း သိသွားတာပဲ။ ခွေးတွေ ကြောင်တွေကတော့ မွေးနေကျ အိမ်မွေးသတ္တဝါတွေကိုး။ ဌက်ဆိုတာက ခဏလေးနဲ့ အဝေးကြီးရောက်အောင် ပျံနိုင်တာကိုး။ အမှန်တော့ ကျနော်က နှစ်ကောင် မမွေးမိလို့ဗျို့။ နှစ်ကောင်သာ မွေးမိရင် ဇတ်လမ်းက တမျိုးဖြစ်မယ်ထင်တယ်။ နာသွားတာက ကျနော့် အဲဒါကို ဓတ်ပုံရိုက်မထားမိဘူး။
MaMa
July 14, 2012 at 8:11 pm
တကယ့်ကို မွန်မြတ်တဲ့ ကောင်းမှုတစ်ခုကို လုပ်နိုင်ခဲ့တာပဲ။
သာဓုခေါ်ပါတယ်။
လူသားဆန်သောစိတ်ဓာတ်ကို ပြလိုက်နိုင်တာမို့ လေးစားပါတယ်။ [:)]
San Hla Gyi
July 14, 2012 at 9:12 pm
အင်း Ma Ma ရေ
အခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
July 14, 2012 at 9:01 pm
သံယောဇဉ်လားဘာလား ပြောရတော့အခက်သား
လူအထင်ကြီးအောင် 😀 စာကြီးပေကြီးကိုင်ပြီး ရမ်းပြောရရင်တော့
တိရိစ္ဆာန် ဆိုတာကတော့ သစ္စာတရားထိရောက်အောင်တွေးနိုင်တဲ့ ဘာလို့ခေါ်မတုန်း
အသိဉဏ်လို့ခေါ်မလား အဲ့လောက်ထိအဆင့်မရှိဘူး
ဒါပေမယ့် မှတ်ဉဏ်လို့ခေါ်နိုင်မလား အသိတရားနုနုလေးတော့ ရှိမယ်ထင်တာဘဲ ( ထင်ဒါ )
ဂျပန်နိုင်ငံလားဘယ်နိုင်ငံလည်းမပြောတတ် ခွေးတစ်ကောင်က သခင်ကိုသေသည့်အထိ စောင့်နေတာဆိုလား
အဲ့ဒါကလည်း သတ္တဝါရဲ့ သဘောအရ ကံ စိတ် ဥတု အဟာရ ဆိုတာတွေထဲက
ဥတု ( အရပ် ) ရယ် အဟာရ ( အစာ ) ရယ်ကို သူမှီဝဲတဲ့အလေ့အကျင့်ကြောင့်ထင်မယ်
တိရိစ္ဆာန်တွေဟာ ဆိုခဲ့သလို ဥတု အဟာရ ရှိရာကို မှီဝဲတတ်တဲ့သဘောရှိမလားမဆိုနိုင်
အချို့သတ္တဝါတွေလည်း အစာမှန်မှန်စားနေရရင် အဲ့သည်နေရာကိုမှီနေကြတာဘဲ
ခုအဖြစ်ပျက်ကလည်း တစ်ကယ်လား သူ့ဖါသာ ဖီလင်လေးနဲ့ တွေးပြီးရေးသလားမပြောတတ်
ကျုပ်ကသာ ဘလိုင်းကြီးဝင်ပွားနေတာ သူလည်းပြောတာဘဲ ဝတ္ထုတို ဆိုပီး
သူ့ကို ငယ်စဉ်ကတည်းက ကြွေးမွေးထားတော့ ကိုယ်နဲ့ယဉ်ပါးပြီ
ဒီအရပ်ကို မှီဝဲတဲ့သဘောလို့တော့ ထင်ဒါဘဲ 😀
သတ္တဝါများ ချစ်သူ ( တဏှာ ) နဲ့ တွေ့ရင် ဖေါက်ပြန်တတ်ပုံ ကြော်စရာဂျီး
ကောင်းသေးတယ် ကိုယ်က ဥပက္ခာပြုနိုင်လို့
အဲ့သည်ငှက်နေရာ ကျုပ်ကိုများ မွေးစားထားမိပြီး အရွယ်ရောက် ချစ်သူတွေဘာတွေရလို့ကတော့
ပါပါဂျီး ကျုပ်ကိုအမွေခွဲပေး ဆိုပြီး
အိုက်ဒီလို ကျေးဇူးဆပ်ဘလိုက်မှာ
……………….
ဘာမှတော့ မဆိုင်ပါဘူး အရဂါးနောက်ဒါ
San Hla Gyi
July 14, 2012 at 9:19 pm
ကိုမိုက်ကယ်ဂျော်နီအောင်ဘုရေ
အခုလို ကျနော့်ပို့စ်ကို ရောက်လာပြီး အလွန်အနှစ်သာရ ပြည့်ဝတဲ့ တရားတွေပြောပြီး ဆဲဆိုတဲ့ စကားလုံးတွေ မပြောတဲ့အတွက် ဝမ်းသာ ကျေးဇူးတင်ကြောင်းပါ။ တရားတော်တွေကတော့ ကျနော်လဲ သိပ်ဆွေးနွေးတာ မရှိသေးလို့ ပုံမှန်တရားဟောတတ် သူတွေနဲ့ ဆွေးနွေးနိုင်ပါတယ်။ ပြောမယ့်သာ ပြောရတယ်။ တော်တော်ကြာရင် သံယောဇဉ်နဲ့ တဏှာအယူအဆ အကြောင်း ဆိုပြီး တရားတပုဒ် ဖြစ်တော့မှာပါ။
padonmar
July 14, 2012 at 9:57 pm
ကိုစံလှကြီး
သမိုင်းစာပေတွေရေးတာလည်းလေးစားပါတယ်။လေးတယ်ဆိုပြီး လျှော့မသွားပါနဲ့။တစ်ယောက်တည်းဖတ်လည်း တန်ဖိုးရှိပါတယ်။
တိတ်တိတ်လေးဖတ်သွားတာလည်းရှိတတ်ပါတယ်။
…….
ရသစာပေလည်း အရေးကောင်းသူဖြစ်တော့ ဒီလိုလေးတွေလည်း မကြာမကြာရေးပါအုံး။
ဟိုဟာလည်းမလျှော့နဲ့ ဒီဟာလည်းတိုးလို့ ခိုင်းနေသလိုတော့ဖြစ်နေပြီ။
……..
ကျမတို့အိမ်မှာလည်း လေမုန်တိုင်းမိတဲ့ ငှက်ကလေးတွေတော့ ခဏကယ်ဖူးတယ်။ဒါပေမယ့် ကိုစံလှကြီးလို သံယောဇဉ်ဖြစ်လောက်အောင် မမွေးဖူးပါဘူး။
တကယ့်အဖြစ်မှန်ဆိုတော့ ဇာတ်နာအောင် လွမ်းတစ်သက်သက်လေးတွေ မပါဘူးပေါ့နော်။
…………
စကားအတင်းစပ်
ကုသလတိက် ကျက်နေတယ်ဆိုတာ အလွတ်ရပြီလားလို့ စပ်စုချင်ပါတယ်။
San Hla Gyi
July 15, 2012 at 2:07 pm
မ padonmar ရေ
အခုလို လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ကြောင်းပါ။ အကြောင်းအရာ ရိုးရိုးလေးကို ဖတ်ပျော်အောင် ရေးကြည့်တာပါ။ ဇတ်နာအောင် လုပ်တာတွေ မပါပါဘူး။ စာနဲ့ ရေးထားပေမယ့် ကျနော့်ရဲ့ တကယ့်အကြောင်းပါ။ ရေးသမျှ အမှန်တွေချည်းပါပဲ။
ကုသလတိတ် ကျက်နေတယ်လို့ မပြောမိဘူး ထင်ပါတယ်။ ကျနော် ပြောခဲ့တာက တနေ့နေ့ ရအောင်ကြိုးစားကြည့် အုံးမယ်လို့ ပြောတာပါ။ နောက်ပြီး ပြောရရင် ဘုရားရှင်ဟောခဲ့တဲ့ တရားတွေက အများကြီးပါပဲ။ ကျနော်က အခြေခံလောက်ကိုတောင် အပေါ်ယံ သဘောတရားပဲ ခပ်ဝါးဝါး နားလည်ပါတယ်။ ဥပမာပြောရရင် စာအသင်အပြကောင်းတဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ ကျောင်းသွားတတ်ပေမယ့် စာညံ့တဲ့အပြင် အပျင်းလဲထူတဲ့ ကျောင်းသားဟာ ပြဌာန်းစာ အားလုံးထဲက chapter 1 lesson 1 က page 1 လောက်သာ ရိုးတိုးရိတ်တတ် သိသယောင်ယောင် ဘာယောင်ယောင် ဖြစ်နေသလိုပေါ့။
နောက်ပြီး ကျနော်ရေးခဲ့ဖူးတဲ့ စဉ်းစားကြစေလိုပါတယ် (၁၈) တိုင်းရင်းသားအရေးသို့ ပြန်ကြားချက် ဆောင်းပါးထဲမှာ ဘုရားရှင်အကြောင်း ရေးချင်တယ်လို့ ပြောလိုက်မိပါတယ်။ အဲဒါကလဲ သစ္စကပရိဗိုဇ်ကြီး အကြောင်းနဲ့ သံဃာကို သင်းခွဲလို့ မြေမျိုသွားတဲ့ ရှင်ဒေဝဒတ်အကြောင်း ပြောရင်းနဲ့ ကြည်ညိုစိတ် ဖြစ်လာတာရယ် အဲဒီတုန်းကလည်း ဗုဒ္ဓဘာသာအကြောင်း ရေးသူနည်းနေတာရယ် နောက်ပြီး အဲဒီပို့စ်မှာ ဝင်ဆွေးနွေးသူတယောက်ကို ရပ်စေချင်တာလည်း ပါပါတယ်။
ဘာလို့လဲဆိုတော့ ကျနော်က ညီညွတ်ရေးအကြောင်း ပြောနေတုန်းမှာ သူကခဏ ခဏလာပြီး “အကိုရေ ဆရာတော် ဦးဥတ္တမထက် အရင်စောပြီး အင်္ဂလိပ်ကို တော်လှန်ခဲ့သူရှိရင် ရှာပြစေချင်ပါတယ်တို့(အများကြီး ရှိပါတယ် ဗမာထဲကရော တိုင်းရင်းသားထဲကရောပါ) ကော်ဖီတခွက်ရဲ့ ခါးသက်တဲ့ အရသာတို့ ဒီဆိုင်က ကော်ဖီတခွက်နဲ့ ဟိုဘက်ဆိုင်က ကော်ဖီတခွက် အရသာချင်း မတူပါဘူးတို့ မပြီးနိုင် မစီးနိုင် ဖြစ်နေလို့ပါ။ သူ့ကို ပြန်ဖြေရင်းနဲ့ ပါးစပ်လွန်သွားရင် အခြားဆွေမျိုးတွေပါ နာကုန်မှာ စိုးလို့ပါ။ အဲဒီတုန်းက ကျနော်ဟာ စာရေးလိုက် ကော်ဖီတွေ ခဏခဏ ဖျော်သောက်ကြည့်လိုက်နဲ့ ဖြစ်နေပါတယ်။(တကယ်ပါ။)
အဲဒီနောက်ပိုင်း ဘုရားအကြောင်း တရားအကြောင်း ရေးတဲ့စာတွေ ထွက်လာပါတယ်။ အဲဒါကြောင့် ဝင်မရေးတော့တာပါ။ တခုတော့ ရှိတယ် မ padonmar ရေ။ ဘုရားရှင်ရဲ့ တရားတော်ကို စဉ်းစားရာမှာ တကန့်ချင်း စဉ်းစားရမယ့်ဟာတွေကို ပေါင်းစဉ်းစားရင် ရှုပ်ကုန်လိမ့်မယ်။ ကျနော်သိသလောက် အနှစ် ၂ဝလုံး တရားအားထုတ်မှပဲ လမ်းလွဲပြီး မိစ္ဆာတိတ္ထိ ဖြစ်သွားတဲ့လူတွေ ရှိတယ်ဗျ။
ကြောင်လေး
July 14, 2012 at 10:08 pm
ကရုနာရသ၊ သိင်္ဂါရ ရသ နဲ့ ဟာသရသ သုံးခုကိုတော့တပြိုင်တည်းထင်ထင်ရှားရှားခံစားလိုက်ရပါတယ်ခင်ဗျာ၊ လိုက်နှိုက်ရင် အခြားရသတွေ ထွက်လာနိုင်သေးတဲ့ ရသ စာပေ တစ်ခုလို့ ဆိုချင်ပါတယ် ဆရာစံလှကြီး ခင်ဗျာ။
San Hla Gyi
July 15, 2012 at 2:09 pm
ကိုကြောင်လေးရေ
ကြိုက်တယ် ဆိုလို့ ဝမ်းသာကျေးဇူးတင်ကြောင်းပါ။ နောက်လဲ အားပေးနိုင်ပါတယ်။
htoosan
July 14, 2012 at 10:17 pm
ဦးဝင်းဦး သီချင်းညဉ်းတယ် ဆိုတော့ ဦး စံလှကြီး လို့ ခေါ်ရမည် ထင်ပါတယ် ခင်ဗျ ။
သမိုင်းစာတွေလိုဘဲ ဖတ်၍ ကောင်းပါသည် ။စိတ်ဝင်စားအောင် ဆွဲဆောင်သွားနိုင်သောကြောင့် လက်မထောင်သွားပါသည် ခင်ဗျ ။
San Hla Gyi
July 15, 2012 at 2:09 pm
ကိုထူးဆန်းရေ
လက်မထောင်သွားသည် ဆိုသည့်အတွက် ကျေးဇူးတင်ပါတယ်။ ဦးဝင်းဦး သီချင်းညည်းတယ် ဆိုပေမဲ့ အမှန်တော့ ကျနော့်ကိုယ် ကျနော် သိပ်အသက်ကြီးသေးသည် မထင်ပါ။ ကျနော်က ဂီတနဲ့ ဝေးတဲ့အတွက် ကြုံမိကြုံရာ ညည်းချင်း ဖြစ်ပါတယ်။ ဘယ်သီချင်းမှ တပုဒ်လုံးလဲ အလွတ်မရပါ။ အမှန်တော့ ကျနော့် အသက်အရွယ်က အတော် ပျိုမျစ်နုနယ် ပါသေးသည်။ ရုပ်အဆင်းကလည်း လှပတင့်တယ်ပါသည်။ ဟီး ဟီး ယုံချင်မှ ယုံပါ။ နောက်ပြီး ကျနော်က ဘယ်လိုမှ ကိုထူးဆန်း၏ ဦးလေး အရွယ်မဖြစ်နိုင်ပါ။ ဘာလို့လဲဆိုတော့ ကျနော်က သမူးရဲ့အီး(ဝါ) သမီးရဲ့ဦး သာဖြစ်ကြောင်းပါ။
TTNU
July 14, 2012 at 11:29 pm
ကိုစံလှကြီးရေ..
ကျွန်မ ပထမဆုံးဖတ်မိတဲ့ ဆရာ့ လက်ရာပါ။
အထက်ကသူများတွေ ရေးထားတာဖတ်ကြည့်တော့မှ
သမိုင်းစာတွေရေးခဲ့တာသိရတယ်။ အရင် အာရုံမထားမိခဲ့တာခွင့်လွှတ်ပါ။
Post တွေများနေတာရယ်၊ connection အဆင်မပြေတာရယ်။ သိဖူး
ဖတ်ဖူးတဲ့သူတွေရဲ ့စာတွေကိုသာ ရွေးဖတ်မိသွားပါတယ်။
အခုကတော့ မိဘမဲ့ကလေးတစ်ဦးကိုမွေးစားတယ်ဆိုတော့ ဘယ်ကလေးမျိုးပါလိမ့်
သိချင်တာနဲ့ ကလစ်လိုက်တာပါ။ အရေးအသားကဆွဲခေါ်သွားလေတော့
ဒီပုဂ္ဂိုလ် ရေးတာ Mesmerizing လို့လည်းချက်ချင်းခံစားမိသွားပါတယ်။
လေးစားပါတယ်ဆရာရှင့်။
ပြီးတော့ ဆရာပြောသလို လေးတဲ့စာမဟုတ်ပေမဲ့ မေတ္တာတွေထုံမွမ်းနေတာမို့
အနှစ်ရှိတဲ့စာပါဆရာ။
San Hla Gyi
July 15, 2012 at 2:18 pm
မ TTNU ရေ
ပထမဆုံးအကြိမ် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်တော့ ကျနော် ဒီမှာရေးတာ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် တိုက်ပွဲလေးတွေတောင် လုပ်ပြီးပြီ ထင်ပါတယ်။ ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။ တကယ်တော့ Mesmerizing ဖြစ်အောင် လုပ်ရေးတာတော့ မဟုတ်ပါဘူး။ ရေးတတ်သလို ရေးကြည့်လိုက်တာပါ။
အရီးခင်လတ်
July 15, 2012 at 4:38 am
ရုပ်ရှင်ဇာတ်လမ်း လေး တစ်ခု ကို ကြည့်နေရသလို ခံစား ရအောင် ရေးဖွဲ့ နိုင်ပါတယ် ကိုစံလှကြီးရှင့်။
စာရေးဆရာ တစ်ယောက် တောင်ဖြစ်နေမလား တွေးနေမိတယ်။
အင်မတန် လှတဲ့ အဖွဲ့ လေးပါဘဲ။ 🙂
ငှက်ကလေး သတင်းနောက်ဆက်တွဲ ပြောပြ ပေးတဲ့ မောင်ဗိုက် ကိုလဲ ကျေးဇူးပါ။ 🙂
San Hla Gyi
July 15, 2012 at 2:12 pm
အရီးခင်လတ်ရေ
အခုလို လာရောက် အားပေးတဲ့အတွက် အလွန်ကို ဝမ်းသာမိကြောင်းပါ။ နောင်လဲ အမြဲအားပေးပါ ခင်ဗျာ။
kyeemite
July 15, 2012 at 10:10 am
အကြောင်းအရာရိုးရိုးလေးကို
ရသမြောက်အောင်ဖွဲ့ ထားတာလေး
နည်းယူသွားပါဂျောင်း..
စာရေးတတ်အောင် ကြိုးစားနေသူ…
ကြီးမိုက်။
San Hla Gyi
July 15, 2012 at 2:12 pm
ကို kyeemite ရေ
ပထမဆုံးရေးတဲ့ ပို့စ်မှာစတွေ့ပြီး အခုလို တကျော့ပြန် လာရောက်အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အကိုရေ။ အမှန်တော့ ကျနော်လည်း စာသိပ်မရေးတတ်ပါဘူး။ နောက်လဲ အားပေးနိုင်ပါတယ်။
Crystalline
July 15, 2012 at 11:15 am
အိမ်မှာ ဂျိုကြီးတွေချိတ်ထားတော့ ငှက်ကလေးတွေလာအသိုက်လုပ်ကြတယ်.. သနားလို့မောင်းမထုတ်ရက်ပေမယ့် သူတို့အညစ်အကြေးတွေ အမှိုက်သရိုက်တွေကျတာတော့ တခါတလေစိတ်ပျက်မိတယ်..နေ့လည်ခင်းတွေမှာ ကိုယ့်အိမ်ကလူနည်းတော့တိ်တ်နေတယ်.. သူတို့ကတော့ဘာတွေရှုပ်နေလဲ မသိဆူညံနေတာပဲ…ငှက်တွေရဲ့ဂီတသံလေလား..
ှ
San Hla Gyi
July 15, 2012 at 2:13 pm
ကို Crystalline ရေ
ပထမဆုံးအကြိမ် လာရောက်တဲ့အတွက် ကျေးဇူးပါ။ အဲဒါကတော့ သူတို့ ဘာသာဘာဝပဲဗျို့။ ပြောရအုံးမယ်။ ကျနော် အဲဒီဌက်ကလေးကို မွေးတုန်းကဆို သူသစ်ကိုင်းပေါ်မှာ နားနေတုန်း လက်ဝါးဖြန့်ပြ လိုက်ရင်တောင် လက်ဝါးပေါ် ပျံဝဲပြီး ဆင်းလာတတ်တယ်ဗျ။
Mလုလင်
July 15, 2012 at 11:45 am
အိမ်မှာလဲ အဲ့လို တော့ရှိတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက် ကနေ အခုထိ ပေါ့။ ပထမ တော့ တစ်ကောင် .. နောက် နှစ်ကောင် အခု ဆို အကောင် ၂ဝ လောက်ရှိပြီ … အိပ်ခန်း နားမှာ အစာလာလာ တောင်းတာ။ ဆူညံ နေတာ ပဲ မကျွေးမချင်း မရဘူး။ တစ်ခါတစ်ခါ များဆို မီးဖိုချောင်ထဲ က ထမင်း အိုးပေါ် မှာတောင် လာလာ နားလိုက်သေးတယ်။ စာကလေးတွေ ကော ငုံး တွေကော …။ အိမ်မှာကလဲ အကုန် အလိုလိုက်ထားလို့ သောင်းကျန်းကြတယ်ဗျို ့။
San Hla Gyi
July 15, 2012 at 2:14 pm
ကို M လုလင်ရေ
အမြဲတမ်း လာရောက် အားပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ကြောင်းပါ။ ကုသိုလ်လို့ သဘောထားလိုက်ပါဗျာ။
Mလုလင်
July 16, 2012 at 1:27 am
ဖော်ဖို့ ခွင့်ပြုလိုက်ပြီတဲ့နော် .. .. အသစ် တွေ ကြားရ သိရတော့မယ်ဗျ … အကြီး ဆုံးကြီး .. ဆိုတော့ မိုက်ဒလယ်ဗျာ ..။
San Hla Gyi
July 16, 2012 at 8:59 pm
ဟုတ်တယ် ကို M လုလင်ရေ
အဲဒီခေါ်င်းလောင်းကြီးဟာ ဘုရင်မကြီး ရှင်စောပုရဲ့ သမက်တော် ဓမ္မစေတီမင်းကြီး သွန်းလုပ်လှူဒါန်းခဲ့တာ ဖြစ်ပြီး နှုတ်ခမ်းအဝ ၈တောင် စောက် ၁၂တောင်နဲ့ အလေးချိန် ကြေးပိဿာ ၁၈၀၀၀ဝ လောက်ရှိတဲ့ ခေါင်းလောင်းကြီးပါ။ အဝိန္ဒဆောက်လို့ အမည်တွင်တယ်လို့ လည်းသိရတယ်။ ခရစ်နှစ် ၁၄၇၈ မှာသွန်းလုပ်တာပါ။ ပေါ်တူဂီကုလား ငဇင်ကာက ဖြုတ်ယူအသွားမှာ ဒေါပုံမြစ်ဝမှာ သဘောင်္နစ်သွားတာပါ။ ဟိုတုန်းက ဒေါပုံမြစ်ရေအကျမှာ ခေါင်းလောင်းကြီးရဲ့ ပေါင်းကိုင်းကွေးကြီးတွေကို တောင်တွေ့ရတယ် ဆိုပါတယ်။ အခုတော့ ရေအောက်မှာပေါ့။
pooch
July 17, 2012 at 8:36 pm
ကြားဖူးတာက အဲ့ဒီခေါင်းလောင်းကြီးကို သွန်းလုပ်တဲ့အချိန်ကောင်းကင်မှာ မိကျောင်းနက္ခတ်မိသွားတဲ့ အတွက်ကြောင့် ရေအောက်မှာစံတာလို့လဲ ပါးစပ်ရာဇဝင်တွေကနေ ကြားဖူးတယ်။ အရင်တုန်းက ဖော်မယ်ဆိုပြီး ရေဆင်းငုပ်တိုင်း ခေါင်းလောင်းနားမှာ မိကျောင်းတွေ ဝိုင်းနေတာလို့လည်း ပြောကြတယ်။ ခုလို နည်းပညာထွန်းကားတဲ့ ခေတ်မှာ လပေါ်တောင် ရောက်အောင်သွားနိုင်ပြီဆိုတော့ ဒီခေါင်းလောင်းကြီးဖော်မှာကိုလည်း စိတ်တော့ဝင်စားတယ်။ စဆယ်ပုံကနေ ပြီးတဲ့ အထိ မှတ်တမ်းတိုလေး ရိုက်ထားပြီး ပြရင်ကောင်းမယ်နော်။
etone
July 16, 2012 at 12:03 pm
သံယောဇဉ် … သံယောဇဉ် …..
အထူးသဖြင့် လူသားနဲ့ သတ္တဝါလေးတွေအပေါ်မှာရှိတဲ့ သံယောဇဉ်က ပိုပြီးစူးစူးရှရှခံစားစေရတယ် ။
သတ္တဝါလေးတွေ အသက်ရှည်တာ ရှားတယ် …. အခုလို ၂ နှစ်ဆိုတဲ့ ငှက်ကလေးနဲ့ ရင်းနှီးမှုကလည်း တော်ရုံသံယောဇဉ်မဟုတ်ဘူးပဲ ။ ပြုစုစောင့်ရှောက်လာရတဲ့လူဆိုလျှင် ခွဲခွာသွားရတဲ့အခါ နေမထိ ထိုင်မသာနဲ့ …. ရင်ထဲဝေဒနာတိုးသလိုပါပဲ ။
လက်ရှိကျွန်မမှာ မိဘမဲ့ကြောင်လေးတစ်ကောင်မွေးထားတယ် …… အရင်ကတော့ ကြက်တူရွေး၊ယုန်၊စာကလေး ၊ သာလိကာ၊ငါး၊ မြွေ နဲ့ကြောင်လေးတွေ မွေးဖူးလို့ သူတို့သေတဲ့အခါ ခွဲခွာသွားတဲ့အခါ လွမ်းဆွတ်ရတဲ့စိတ်နဲ့ ပူလောင်လွန်းတာကြောင့် နောက်ပိုင်း ဘာကောင်မှ မမွေးတော့ဘူး စိတ်ကူးခဲ့ပေမယ့် ……. မိဘမဲ့ကြောင်လေးအော်တိုမတ်တစ် အိမ်ရောက်လာလို့ ကောက်မွေးစားမိပါတယ် ။ တနေ့တနေ့ လျှောက်သွားရင်း ခွေးစာမိသွားမလား ၊ ကြောင်အချင်းချင်း ကိုက်ရင်း ထိခိုက်သွားမလား တွေးပူရတာအမော … ။ ညဘက်များ ကြောင်အချင်းချင်းကိုက်သံကြားလျှင်ပဲဖြစ်ဖြစ် ၊ ခွေးနဲ့ ရန်ဖြစ်သံကြားလျှင်ပဲဖြစ်ဖြစ် …. သန်းခေါင်တွေ၊ ဝေလီဝေလင်းတွေလည်း ဂရုမစိုက်အားဘူး … ကျိုက်ထီးရိုးတောင်ဝှေးတစ်ချောင်းကိုင်ပြီး ကြောင်ရှာပုံတော်ထွက်ရတယ် … …. အိမ်ကတော့ပြောပါတယ် ဒီလောက်ချစ်လျှင်လည်း ပါးစပ်ထဲငုံထားပါလားတဲ့ …. ငုံထားလောက်တဲ့ အရွယ်ဆိုဖြစ်နိုင်လျှင်ငုံထားချင်သေး ….. မဖြစ်နိုင်တော့လည်း ……….. ။ 🙁
ဒါကြောင့် … ကိုယ်ချင်းစာပါတယ် …. မိဘမဲ့ကို မွေးစားရတာ ၊ ပြုစုစောင့်ရှောက်ရတာ ဘယ်လောက်သံယောဇဉ်ကြီးသလဲဆိုတာ … 🙄
weiwei
July 16, 2012 at 1:32 pm
ကျွန်မအိမ်မှာလဲ လူကနဲပြီး အိမ်ကကျယ်နေတော့ စာကလေးတွေ လာနေကြပါတယ် … သူတို့အသိုက်ဆောက်နေပြီး ကလေးတွေ အဆက်မပြတ်မွေးနေကြတာနဲ့ သူတို့ကို မမောင်းရက်တာနဲ့ တော်တော်လေးကို များနေပြီ …
မိုးမလင်းခင်ကထဲက သူတို့တွေက အရင်အိပ်ယာထပြီး အလုပ်လုပ်ကြတာ ဆူညံနေတာပဲ … တစ်ခါတစ်လေတော့ နားငြီးလွန်းလို့ စိတ်ဆိုးမိတယ် …
ကောက်ရိုးလေးတွေ မြက်ပင်ခြောက်လေးတွေ ပါးစပ်မှာကိုက်လာကြပြီး အိမ်ဆောက်နေလိုက်ကြ … အိမ်ပြန်ပြင်ကြနဲ့ သူတို့ တော်တော်အလုပ်ရှုပ်ကြတယ် … လူတွေကို လုံးဝမကြောက်ကြဘူး …
ကျွန်မပျင်းတဲ့အခါ သူတို့တွေနဲ့ စကားပြောတယ် … နင်တို့တွေ အသိုက်ဆောက်ရင် သစ်ပင်မှာပဲ ဆောက်ရမှာလေ … လူနေတဲ့အိမ်ထဲမှာ ဝင်ဆောက်ရတယ်လို့ ဘယ်တုန်းက သင်ခဲ့ဖူးလို့လဲ လို့ …မျက်နှာကျက်မှာတပ်ထားတဲ့ ပန်ကာပေါ်မှာ အသိုက်ဆောက်တဲ့အကောင်တွေလဲရှိတယ် … ဘီဒိုအပေါ်မှာလဲ ဆောက်တယ် … ထုပ်တန်းပေါ်မှာလဲဆောက်တယ် … ဘုရားစင်ပေါ်မှာတောင် လာဆောက်တတ်ကြလို့ ဘုရားခန်းကို နေ့ခင်းဘက်တွေမှာ အသေပိတ်ထားရတယ် …
ကိုစံလှကြီးဝတ္ထုဖတ်ပြီး အိမ်ကစာကလေးတွေကို သတိရသွားပါတယ်. ….
Ma Ei
July 16, 2012 at 1:58 pm
ကျမ ငယ်ငယ်တုံးက ကြက်တူရွေးတစ်ကောင်အဖေဝယ်လာခဲ့ဖူးပါတယ်…
ငှက်ဖြစ်နေပေမဲ့ လူစကားနားလည်ပါတယ်…
ပန်းကန်လုံးထဲ ကိတ်မုန့်နဲ့ လက်ဖက်ရည် စိမ်ပေးလိုက်ရင် အကြိုက်ပေါ့…
လက်ဖက်ရည်ကိုစစ်သောက်ပြီး မဝသေးရင်
လူတွေရဲ့လက်ဖက်ရည်ပန်းကန်ကို နှတ်သီးနဲ့ ခေါက်ပါတော့တယ်…
ကျမတို့က သူ့ကိုစပြီး မထည့်ပေးဘဲ အိမ်နောက်ဖက်ဝင်သွားရင်
သူလိုက်လာပါတယ်…အိမ်ရှေ့အိမ်နောက် ခေါက်တုန့်ပြန်လဲ လိုက်နေပါတယ်…
အမေကကျမတို့ကိုဆူရင် သူကအမေ့လက်ဖက်ရည်ပန်းကန်ကိုသွားခေါက်ပါတယ်…
သူ့ပန်းကန်ထဲ လက်ဖက်ရည်ရောက်မှရပ်ပါတော့တယ်…
လက်ဖက်ရည်သောက်ပြီးမှ ကိတ်မုန့်ကို တစ်ဖဲ့ချင်းစားပြီး လှောင်အိမ်လေးထဲ ဝင်ပါတယ်…
မိုးမိလို့ ဖျားပြီးသေသွားခဲ့ပါတယ်…ကျမတို့ငိုလိုက်ကြရတာ…
ခုလဲသတိရနေပါတယ်…
San Hla Gyi
July 16, 2012 at 6:59 pm
မ etone မ wei wei နဲ့ Ma Ei တို့ရေ
အခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အလှည့်အပြောင်း အနေနဲ့ ရေးကြည့်တာပါ။
နောက်ပြီး အခုတလော ဂိုဏ်းပေါင်းစုံ လှုပ်ရှားမှုတွေလဲ တွေ့နေလို့ပါ။ အောက်လမ်းဂိုဏ်းတွေ ဖြစ်ပါတယ်။ ဘုရားအကြောင်း တရားအကြောင်းဆိုပြီး လူတွေ အဟုတ်မှတ်ပြီး နားထောင်နေကြတာ တွေ့လို့ပါ။
etone
July 17, 2012 at 4:56 pm
အဟီး . …အဲ့ဒါမျိုး ….. သတိထားမိသလို … သတိထားမမိသလိုလို တော့ဖြစ်မိပါတယ် … ဒါကြောင့် ထင်မြင်ချက်တစုံတစ်ရာဝင်မပေးဖြစ်ခဲ့တာမျိုးလည်းရှိတယ် … ငြိမ်ပြီးပဲ ဖတ်သွားခဲ့တာတွေလည်းရှိတယ် …
San Hla Gyi
July 17, 2012 at 7:06 pm
အင်း အဲဒီလို မှတ်ချက်ဝင်မပေးတာ ကောင်းပါတယ်ကွယ်။ ကိုယ်ယုံကြည်ထားတဲ့ အတိုင်းသာ ဆက်ပြီး ယုံကြည်ပါ။ မမှားနိုင်ပါဘူး။ သူတို့ကလည်း ကိုယ်လိုရာဆွဲပြောတာ များပါတယ်။ သူတို့ ပြောတာတွေလည်း မမှန်ပါဘူး။ အဖွဲ့လိုက် လှုပ်ရှားတာပါ။ စောင်းပြော မြောင်းပြောနဲ့ တကယ်ပြောတော့ မတုန့်ပြန်တော့ပါဘူး။ သူတို့ မှားနေရင်ပေါ့။ အလကားလူတွေ လို့ထင်ပါတယ်။
ဦးဦးပါလေရာ
July 16, 2012 at 2:33 pm
သတ္တဝါလေးတွေကို ကောက်ယူမွေးစားရတာမှာ
သူတို့က ကိုယ့်ကိုခွဲသွားရင်လဲ စိတ်မကောင်းဖြစ်ရတယ်
အခြေအနေအရ – ကိုယ်က သူတို့ကို အရင်ခွဲထားခဲ့ရရင်လဲ
ရင်ထဲမှာ နာကျင် ဝမ်းနည်းရပါတယ် ကိုစံလှကြီးရေ…
ကျုပ်လဲ တစ်ခါတုန်းက
ပိုင်ရှင်တွေ စွန့်ပစ်ထားခဲ့တဲ့ ခွေးကလေးတစ်ကောင်ကို သနားတာနဲ့ ခေါ်ပြီး မွေးထားခဲ့ဘူးတယ်။
အဲဒီနေရာကို စွန့်ခွာရမယ့်အချိန်ကျတော့ သူ့ကိုခေါ်သွားလို့ မဖြစ်တာနဲ့ ဒီအတိုင်းထားခဲ့ရတယ်။
အဲဒီတုန်းက အဲဒီခွေးလေးဟာ ကျုပ်မျက်နှာကို နားမလည်မနိုင်တဲ့အကြည့်မျိုးနဲ့ ဝမ်းပမ်းတနည်းကြည့်ပြီး နေရစ်ခဲ့တာ
အခုထိ မကြာမကြာသတိရနေမိတုန်းပဲ….
San Hla Gyi
July 16, 2012 at 7:00 pm
ဦးဦးပါလေရာရေ
သတ္တဝါလေးတွေကို မွေးရတာ ဒီအတိုင်းပဲဗျ။ ကြုံတုန်း ပြောရအုံးမယ်။ ကျနော် ကြားထားတာ တခုရှိတယ်။ ဦးဦးပါလေရာကို အပြာရောင် မိုးလုံးဟိန်းချုံးဂိုဏ်းက ဂိုဏ်းခွဲမှူးအဖြစ် သိမ်းသွင်းမလို့တဲ့။
amatmin
July 16, 2012 at 3:45 pm
ကိုစံလှရေးနေကျသမိုင်းကြောင်းတွေကိုပဲ .
ဖတ်နေခဲ့ရလို့လားမသိ.
သမိုင်းရေးတာကိုပဲ ပိုအားပေးချင်သဗျာ…
ဒီပို့စ်ကိုလည်း အားပေးပါ၏..သို့သော်.
သမိုင်းကြောင်းလေးတွေ ပိုလုပ်ပါအုန်းလို့… 🙂
San Hla Gyi
July 16, 2012 at 7:01 pm
ကိုအမတ်မင်းရေ
အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ အဲဒီအကြောင်းတွေက သိပ်မြန်မြန်ရေးလို့ မလွယ်တာရယ် အခုတလောလဲ အောက်လမ်းဂိုဏ်းသားတွေ လှုပ်ရှားနေတယ် ဆိုလို့ပါ။
padonmar
August 14, 2012 at 7:21 pm
ဒေါက်ဒေါက်ဒေါက်
ကိုစံလှကြီးရေ
ဖိတ်စာပို့ပါတယ် (စာပို့သမားမအားလို့ နောက်ကျတာခွင့်လွှတ်ပါ)
http://myanmargazette.net/143974
http://myanmargazette.net/143981
နှစ်သက်သူတွေရဲ့ မှတ်ချက်တွေဖတ်ပြီး ပီတိလေး ခံစားရဖို့ရယ်။
အခြားသူတွေလည်း အလွယ်တကူဖတ်မိကြဖို့ ရည်ရွယ်ပါတယ်။
အရီးခင်လတ်
August 14, 2012 at 8:49 pm
ကိုစံလှကြီး ရေ
Hits ကိစ္စ လေး ကို နဲနဲ ရှင်းပြချင်လို့ပါ။
ပြီးခဲ့တဲ့ လတွေမှာ Page တွေ တက်ဖို့ အရမ်း ကို ကြာလာတယ်။
မြန်မာပြည်တွင်းက ကွန်နက်ရှင် ရဲ့ အမြန်နှုန်း ကို မပြောနဲ့ အပြင် မြန်တဲ့ ကွန် တွေ မှာတောင် အရန်း နှေး လာတယ်။
ကျွန်မတို့ Site ကို တိုက်ခိုက် နေတာလဲ ဖြစ်နိုင်တယ်။
ဒီတော့ တာဝန်ရှိသူများ မှ Page တက်ဖို့ ကို အရမ်းကြာစေတဲ့ Function တွေ ကို ဖြုတ် လိုက်ရပါတယ်။
အဲဒီ မှာ Hits ကို လုပ်တဲ့ Function လဲ ပါသွားပါတယ် လို့ သတင်းရပါတယ်။
ကိုစံလှကြီး စိတ်ထဲ မှာ ဘဝင်မကျ တာလေးမို့ ဘဝင် ကျသွားပါစေလို့ ဆုတောင်းပါတယ်။
ဆကာတင် ပါခဲ့ တဲ့ Post လေး အတွက် Congratulations! ပါ နော်။ 🙂
San Hla Gyi
August 16, 2012 at 7:03 pm
မပဒုမ္မာနဲ့ အရီးခင်လတ်ရေ
အဲဒီလို နည်းပညာ အခက်အခဲကြောင့် ဒီလို ဘယ်လောက်ဖတ်သလဲဆိုတာ မပေါ်ဘူးဆိုရင်တော့ နားလည်ပေးရမှာပေါ့ဗျာ။ ဘယ်တတ်နိုင်ပါ့မလဲ။ ကျနော်က အဲဒီစနစ်ကို သိပ်ကြိုက်လို့ပါ။
ကြောင်ကြီး
August 15, 2012 at 9:46 am
ငယ်ငယ်တုန်းက အိမ်မှာမွေးဖူးတဲ့ ကြောင်တွေလည်း အရွယ်ရောက်တဲ့အခါ ကြောင်မ ခေါ်လာတာ နှစ်ခါသုံးခါ တွေ့ဖူးတယ်။ ဒါပေမဲ့ ကိုစံလှရေးသလိုပဲ ပါလာတဲ့ ကြောင်မတွေက သိပ်အကြောက်လွန် ကျနော်တို့ကလည်း ခလေးသဘာဝ ကိုယ့်အနားကပ်မှ ကြိုက်တာ။ ဘယ်လိုမှ စည်းရုံးမရတော့ အဲဒီကြောင်မကို ခြောက်လွှတ်ရော..။ ကြောင်မတွေကလည်း အမှတ်သညာကြီးသဗျ၊ ကြည့်လိုက်ရင်ကို မယုံသလို စူးစူးရှရှအကြည့်နဲ့၊ ကြောင်ထီးများကြတော့ ချစ်စရာကြီး၊ တုံးတုံးကြီးတွေ…..။ နောက်တခုတွေ့ဖူးတာ တချို့ ကြောင်မတွေ သားမွေးပြီးရင် ခလေးတွေ အရွယ်ရောက်လာတဲ့အခါ ထားခဲ့ပြီး အိမ်ကိုစွန့်သွားကြတယ်။ တိရစာ္ဆန်ဆိုတာ အမေမှန်း သမီးမှန်း မသိလိုထင်ပါရဲ့။ ဒါပေမဲ့ တချို့ကြတော့လည်း မပြောင်းသွားကြဘူးဗျ။ ဒါနဲ့ဗျာ ပို့စ်တခုမှာ ဖတ်လိုက်ရတာ ဘာတဲ့ လိပ်မကြီးချတဲ့ ဥတွေကို လိပ်ဥကောက်သူက ဖင်ကနေ အိပ်နဲ့ခံကောက်နေတော့ အဲဒီလိပ်မကြီး မျက်ရည်ကြတာ ကိုယ်တိုင်တွေ့တဲ့အကြောင်း ဖတ်လိုက်ရတာ ရင်ထဲမချိဘူးဗျာ… ဒါတွေမြင်သိကြားနေရတော့ သံသရာဆိုတာ သိပ်ကြောက်မိတယ်…။ ဂေါတမဘုရား သာသနာနဲ့ကြုံခိုက် ပါရမီရှိသလောက် အပါဆွဲသွားဖို့ ဆုံးဖြတ်ထားတယ်ဗျို့…
San Hla Gyi
August 16, 2012 at 7:36 pm
ဟုတ်တယ် ကိုကြောင်ကြီးရေ
သံသရာဆိုတာ ဒီလိုပဲဗျာ။ ပြောရရင် ကျနော့် ဌက်ကလေးနဲ့ ကျနော်ကလည်း ရေစက်ရှိပုံ ရတယ်ဗျ။ နောက်မွေးလာတာ ကြာတော့ နားလည်မှုက ထူးဆန်းတယ်။ ပြောရင်တောင် ယုံပါ့မလားမသိဘူး။ ကျနော့် အိမ်နီးချင်းတွေ သူတို့ပြောလို့သိတဲ့ အသိမိတ်ဆွေတွေတောင် ဌက်ပြန်လာတာကို လာတောင် စောင့်ကြည့်ဘူးတယ်။ အတောင်ပံနဲ့ အဝေးကြီး ပြန်နိုင်တဲ့ ဌက်က အချိန်မှန် အိမ်ပြန်လာတယ်ဆိုတော့ နည်းနည်း ထူးဆန်းတာကိုး။ တခါတလေဆို သူက အပင်ပေါ်မှာ ရောက်နေပြီ။ ဒါပေမယ့် အသံမပေးပဲ သစ်ရွက်ကြားမှာ ပုန်းနေတယ်။ ကျနော်လည်း ရောက်နေပြီဆိုတာ သိတယ်။ ဘယ်လို သိသလဲဆိုရင် မပြောတတ်ဘူးလို့ပဲ ပြောရလိမ့်မယ်။ နားလည်မှုပဲဗျ။ အဲဒါ ချက်ချင်း သခင်ဆီ ပြန်မလာပဲနဲ့ ပုန်းနေရင် ကျနော်က ငါဆက်ပြီး မစောင့်နေတော့ဘူး အိမ်တံခါးပိတ်တော့မယ် လို့ပြောပြီး တံခါးပိတ်မလို့ ဟန်လုပ်ပြလိုက်ရင် အဲဒီတော့မှ ကစ် ကစ်ဆိုပြီး အသံပေးပြီး ပခုံးပေါ်လာနားတတ်တယ်ဗျ။
သံသရာအကြောင်းလည်းပြော ဘုရားရှင် သာသနာအကြောင်းလည်း ပြောလို့ ကြည်ညိုစိတ်ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ပြောရအုံးမယ်။ ဆိုင်တော့ မဆိုင်ပါဘူး။ ကိုကြောင်ကြီးကလည်း ကုသိုလ်လုပ်မယ့် သဘောပြောလို့ပါ။ ဘာအတွေးအခေါ်တွေ ညာအတွေးအခေါ်တွေ ပြောတိုင်းနားမယောင်ပါနဲ့။ ကိုယ်လုပ်စရာ ရှိတာလုပ်ပါ။ နောက်ပြီး ဒါန သီလလေးလောက်တောင် မပိုင်ပဲနဲ့ သိပ်အဆင့်မကျော်ပါနဲ့အုံး။ ကိုယ်က သိပ်အဆင့်မြင့်နေရင်တော့ ကိစ္စမရှိပါဘူး။ နောက်တော့လည်း ချဲ့ပြောကြတာပေါ့။
ကျနော့်မှာ သူငယ်ချင်း တယောက်ရှိတယ်။ အဲဒါသူ့မိန်းမက ဘုရားရှိခိုးတိုင်း သူက မင်းဘုရားရှိခိုးတာ ကောင်းသလား။ ဘုရားစကား နားထောင်တာ ကောင်းသလားလို့ ပြောလေ့ရှိတယ်။ သူကိုယ်တိုင်လဲ ဘယ်တော့မှ မကန်တော့ဘူး။ ဒါဖြင့် ဘုရားစကားတွေ နားထောင်နေသလား ဆိုတော့လည်း ဟင့်အင်းပါ။ သူက စကားတတ်တိုင်း အတွေးအခေါ်လိုလို ဘာလိုလိုနဲ့ လျှောက်ပြောနေတာပါ။ အဲဒါ တနေ့တော့ သူအဲဒီလို သူ့မိန်းမကို ပြောနေတာ မနေနိုင်တော့တာနဲ့ အမုန်းခံပြီး မင်း အဲဒီလိုဆိုရင် ပုဂ္ဂိုလ်တယောက်ကို
ရှိခိုးတယ် အရိုအသေပေးတယ် ဆိုတာ လေးစားကြည်ညိုလို့ကွ။ အဲဒီလေးစားကြည်ညို စိတ်အရင်ဖြစ်ပြီးမှ ဒီပုဂ္ဂိုလ်ရဲ့ လမ်းစဉ်ကို လိုက်နာချင်တယ် လိုက်နာတယ် ဆိုတာနောက်မှ လိုက်လာတာ။ ဒါတောင် အမှန်တော့ လမ်းစဉ်ကို တကယ်လိုက်နာဖို့ ဆိုတာခက်ပါသေးတယ်။ အဲဒီတော့ ဒီပုဂ္ဂိုလ်တယောက်ကို လေးစားစိတ်တောင် မရှိသေးပဲ သူ့လမ်းစဉ်ကို လိုက်နာပါ့မယ် ဆိုတာရယ်စရာ ဖြစ်မနေဘူးလားလို့ ပြောလိုက်တာ တခါတည်း ငိုင်သွားတော့တာပဲ။ သူ့ဟာက ဟုတ်မှမဟုတ်ပဲကိုး။ ပြောရရင် ယုံရခက်ကြီးပေါ့။
အဲဒီတော့ ကိုယ်လုပ်စရာရှိတဲ့ ကုသိုလ်လေးကို အရင်စလုပ်ကြပါ။ ဒါတောင် အမှန်အတိုင်း ပြောရရင် ဗုဒ္ဓဘာသာ တော်တော်များများက သာမန်ဘုရားဝတ်ပြုတာ သောက်တော်ရေကပ်တာ လောက်တောင် မှန်မှန်မလုပ်တဲ့ လူတွေများပါတယ်။ တကယ်တော့ ကိုယ်က တကူးတကန့် ဗလီတွေ ဘာတွေလဲ သူများတွေလို သွားစရာမလိုပါဘူး။ အချိန်ကလည်း ကုန်လှမှ တနေ့မိနစ် ၃ဝ လောက်ပါ။ ကျနော်မြင်ဖူးတဲ့ လူတယောက်ရှိတယ်။ ဘုရားသောက်တော်ရေ ကိုရိုးရိုးမကပ်ဘူး။ ဆိုလိုတာက ရေကို ပြီးစလွယ် ခပ်ပြီးမကပ်ဘူး။ သူက နည်းနည်းတတ်နိုင်တော့ ရေကို ပထမကျိုလိုက်သေးတယ်။
ပြီးမှ အအေးခံပြီး သီးသန့်အိုးထဲကို ထည့်ထားတယ်။ အေးတော့မှ ရေသန့်ပုလင်းထဲကို ပြောင်းထည့်ပြီး ရေခဲသေတ္တာထဲကို ထည့်ထားပြီး မနက်ည ရေအေးအေးလေးကို ကပ်တယ်။ သူပြောတော့ ကိုယ်တိုင်တောင် ဒီလိုအေးအေးလေး သောက်ချင်တာဆိုတော့ ကိုယ်ကိုးကွယ်တဲ့ ဘုရားကို လှူတော့လည်း ဒီလိုလေးလေးစားစား ရှိရမှာပေါ့လို့ပြောတယ်။ နည်းယူစရာပေါ့။ ကိုယ်က သူ့လောက် မလုပ်နိုင်ရင် အခြေအနေ မပေးရင်လည်း ကိုယ်သောက်သလို သန့်သန့်ရှင်းရှင်းလေး လှူပေါ့။
ဘာမှတော့ မဆိုင်ပါဘူး။ ကိုကြောင်ကြီးက ကုသိုလ်လုပ်ချင်တယ်ဆိုလို့ အပန်းမကြီးတာလေး ပြောပြတာပါ။ အတွေးအခေါ် ဆရာကြီးတွေ အတွက်တော့ မဟုတ်ပါဘူး။
San Hla Gyi
August 16, 2012 at 8:57 pm
ဆောရီး ကိုကြောင်ကြီးရေ
ပြောဖို့ မေ့တာလေး ရှိနေသေးတယ်။ ဘာလို့လဲဆိုတော့ ရိုးရိုးလေး ပြောလိုက်တာကို ဒီကွန်မန့်လေး ထပ်မဖြည့်ရင် တော်တော်ကြာ ဆောင်းပါးနောက်တခု ထွက်လာအုံးမယ်။ ဘုရားကို ရေတော်ကပ်ဖို့ ပြောတယ်ဆိုတော့ ဗုဒ္ဓက ပရိနိဗ္ဗာန်ပြုသွားပြီ မဟုတ်လားလို့ မေးရင် ဟုတ်ပါတယ်။ သက်တော်ထင်ရှား ဗုဒ္ဓကို မဖူးရပေမယ့် အဲဒီလို သဘောထားပြီး လှူနေ အာရုံပြုနေတုန်းမှာ ကာယကံရှင်ရဲ့ စိတ်ကငြိမ်းချမ်းနေပါတယ်။ စိတ်ငြိမ်ချမ်းတာဟာ အပူလား အအေးလား။ ကောင်းတာ ဖြစ်ပါတယ်။ နောင်ဘဝရှိလို့ ကုသိုလ်ရမယ်ဆိုရင်တော့ အပိုဆုပေါ့။ လက်ရှိမှာလည်း အကျိုးမယုတ်ပါဘူး။ ကိုယ်ကျင့်တရား အရလည်း ကိုယ်ကိုတိုင်သော်လည်းကောင်း ပတ်ဝန်းကျင်ကိုလည်းကောင်း မထိခိုက်ပါဘူး။ အဲဒါကြောင့်ပါ။ တော်ကြာ မိုးလုံးဟိန်းချုံးဂိုဏ်းသားတွေက ကလောင်နဲ့ မိတ်ဆွေတွေကို စိတ်ညစ်အောင် လုပ်မှာစိုးလို့ပါ။
aye.kk
August 15, 2012 at 2:57 pm
မေတ္တာစိတ်များများထားနိုင်သည့်သူဟုစိတ်ထဲခံစားမိခဲ့ရပါသည်။
သတ္တဝါတွေအပေါ်သနားချစ်ခင်ကာ၊ကရုဏထားရှိမှုအပေါ်
ဂုဏ်ယူလေးစားမိပါကြောင်းပြောပြလိုက်ပါရစေ။။
San Hla Gyi
August 16, 2012 at 9:01 pm
မ aye.kk ရေ
အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမှန်တော့ ကျနော်က နည်းနည်း ဒေါသစိတ်များပါတယ်။ အခုတောင် ကြုံလို့ ဗုဒ္ဓအကြောင်းပြောပြီးမှ အားနာနေမိပါတယ်။ ဌက်ကလေးကို မွေးတာကတော့ ကိုယ်မှ မမွေးလို့ မရတာပဲကိုး။ အဲဒီတော့လဲ မှုန်ရွှေရည် သီချင်းထဲကလို မွေးထိုက်လို့ မွေးရတော့မယ် သူငယ်မကုသိုလ် ငါ့ကုသိုလ်ပေါ့။
aung moethu
August 21, 2012 at 11:58 am
ဖြစ်နေကျအကြောင်းအရာလေးတွေပေါ့… ဒါမယ့် တကယ့်အဖြစ်လေးဆိုတော့လည် းဖတ်လို့ကောင်းသားဗျ။
San Hla Gyi
August 21, 2012 at 8:36 pm
လူသစ ်တယောက်ပါလား။ အခုလို လာရောက် ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ရာမည
March 19, 2014 at 1:22 pm
ကူးယူဖေါ်အြခွင့်ပြုပါခင်ဗျာ
San Hla Gyi
March 19, 2014 at 10:15 pm
ကူးယူ ဖော်ပြနိုင်ပါတယ် ကိုရာမညရေ။ အဲဒါ တကယ့် အဖြစ်အပျက် ကျနော် တကယ်ကို အဲဒီလို မွေးခဲ့တာပါ။ နောက်ထပ် အရေးကြီးတဲ့ လျှို့ဝှက်ချက်တခု ပြောပြမယ်။ ကျနော် ကျနော့် အမျိုးသမီးကို ဟိုတုန်းက မေးခဲ့ဖူးတယ်။ မင်းဘာလို့ အကို့ကို လက်ခံခဲ့တာလည်း ဆိုပြီးတော့ပေါ့။ သူက ကျနော့်ထက် နည်နည်းလေး ပညာ ပိုမြင့်တယ်လို့ ပြောလို့ ရပါတယ်။ သူကပြောတယ်။ တခြား အကြောင်းတွေလည်း ရှိမှာပေါ့ အကိုရယ်။ ဒါပေမယ့် ညီမ မှတ်မိတဲ့ အကြောင်းတခုက အကိုက တနေ့မှာ လမ်းဘေးမှာ စားစရာ မရှိတဲ့ ခွေးလေးတွေကို ထမင်းကျွေးတော့ ကြင်ကြင်နာနာနဲ့ ကျွေးတာ တွေ့လိုက်တယ်။ နောက်ပြီး အကို့ မိသားစုထဲက လူတွေကို အကဲခတ်လိုက်တော့ အဲဒီလို အမူအရာကို လူတိုင်းမှာတွေ့တယ်။ အဲဒါကို သိပ်သဘောကျမိတယ်လို့ ပြောတယ်။ ကြင်နာသနားတတ်တာက တခါတလေမှာ အကျိုးတော်တော် ပေးပါတယ်။
nozomi
March 20, 2014 at 3:36 pm
ကိုစံလှကြီး ရေ
ပို့စ် အားလုံး နီးပါး ဖတ်ဘူးပေမဲ့ တစ်ခါမှ မပေးဖြစ်ခဲ့တာမို့ ကျနော့ရဲ့ ပထမဆုံးကွန်းမန့် ပါ
ကိုစံလှကြီး ရဲ့ သမိုင်းကြောင်းတွေ ကို ကြိုက်သလို
ဒီ ပို့စ် လေးကိုလဲ တော်တော်ကြိုက်ပါတယ် အဲဒီတုန်းကတဲက ဖတ်မိပြီး ဘာကြောင့် မမန့်မိလိုက်လဲ မသိဘူး ၊ နောက်ဆုံးရေးနေတဲ့ ဇတ်လမ်းတွဲလေး ဘယ်တော့ ထပ်တင်မလဲ စောင့်ဖတ်နေတဲ့သူထဲ ကျနော်လဲ ပါပါတယ်
သုတ၊ရသ အရေးကောင်းသူ တစ်ယောက်အနေနဲ့ အားကျ ချီးကျူးမိပါတယ်
နောက်လဲ အားပေးနေပါမယ် မမန့်မိတာမျိုး ရှိခဲ့ရင် ခွင့်လွှတ်ပါ
ကိုစံလှကြီး ပို့စ် တွေ ဖတ်နေရင်း နဲ့ ကိုစံလှကြီးကို ပြောချင်တာလေးတွေ ရှိလာပေမဲ့
နောက်ပို်င်း ဒိထက် ပိုရင်းနှီးကြတော့မှ ပြောကြတာပေါ့ ဗျာ
San Hla Gyi
March 20, 2014 at 8:38 pm
ကိုနိုးဇိုးမိရေ
အခုလို ပို့စ်အဟောင်းကို တကူးတက ကွန်မန့် ဝင်ပေးတဲ့အတွက် ကျေးဇူးပါ။ ကျနော်နဲ့ မသိပေမယ့် ကြားတော့ ကြားဖူးပါတယ်။ သူများတွေ ပြောနေတာ မြင်လိုက်တာမျိုးပါ။
နောက်ဆုံးရေးတဲ့ ဇတ်လမ်းတွဲလေးက ကြာမယ် ထင်တယ်ဗျာ။ ပုံမှန်ဆိုရင်တော့ ဒီအချိန်လောက်ဆို ဖတ်နိုင်ပါပြီ။ ဒါပေမယ့် ကျနော်က ဖောက်ပြီး လစ်ဗင်းတူဂဲသား ကိစ္စကို အမုန်းခံပြီး သွားရေးတာကိုးဗျ။ ဇတ်လမ်းက ကာယကံရှင် ပြောပြထားတဲ့အတိုင်း ကျနော့် ခေါင်းထဲမှာ ရှိနေပြီးသားပါ။ ဒါပေမယ့် အဲဒါကို တုံးတိတိ ချရေးလိုက်ရင် ဖတ်တဲ့လူလည်း အရသာ ရှိမှာ မဟုတ်ဘူး။ ကျနော် ပေးချင်တဲ့ ရှုထောင့်လည်း သိပ်ကောင်းကောင်း မြင်ရမှာ မဟုတ်ဘူး။
မူလဇတ်လမ်းရဲ့ အဖြစ်အပျက် ကျောရိုးကိုလည်း လွတ်မသွားအောင် ဝေဝေဆာဆာလည်း ဖြစ်အောင် ရေးဖို့လိုပါတယ်။