ကျွန်တော့်အဖေ(၄)
စီးပွားဖြစ်ဓါတ်ပုံစရိုက်ပြီ
ကျွန်တော်တို့ရွာ (အဖေတို့ရွာ)ဟာ မြို့နဲ့(၈)မိုင်လောက်ဝေးတယ်လို့ပြောခဲ့တယ်နော်။ ဖေဖေဓါတ်ပုံ
ပညာကို (၇)ရက်လောက် သင်ပြီး ပုံဖော်ဆေးတွေဘာတွေ စပ်တတ်ပြီးတဲ့နောက် ၆လက်မ ကင်မရာအိုးလေးတစ်လုံး ဝယ်ပါတယ်။ အရင်းအနှီးမရှိလို့ ချေးငှားပေါင်နှံဝယ်ရတယ်လို့ ပြောပါတယ်။
နောက်တော့ ကိုကြီး ဟံတင် တို့က(ကျွန်တော့်ဘကြီး ဝမ်းကွဲ) မင်းတို့ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ…
ပြန်ရွေးပြီး လက်ဝတ်လက်စားတွေဝတ်ထား ဆိုပြီး ငွေထုတ်ပေးလို့ပစ္စည်းတွေ(မေမေ့လက်ဝတ်လက်စား
တွေပေါ့ဗျာ) ပြန်ယူထားပြီး ဝတ်ဆင်နေခဲ့ရတယ်တဲ့။ သူတို့က ညီအစ်ကိုဝမ်းကွဲတွေပေမယ့် ချစ်ကြတယ်… ကူညီကြတယ်။ ကျွန်တော့်ကိုလည်း ဘကြီးကချစ်ပါတယ်။ ကျွန်တော်ကလည်း ဘကြီးကို ချစ်ပါတယ်။
ဖေဖေက မေမေ့ ကို ခိုးသွားတုန်းကလည်း သူ့ညီအစ်ကို ဝမ်းကွဲတွေရှိတဲ့ရွာကိုပဲ ခိုးသွားတာတဲ့။ ထားပါတော့…
ကင်မရာဆိုတာက သစ်သားနဲ့လုပ်ထားပါတယ် ။ ရှေ့မှာ မှန်ဘီလူးတပ်ဖို့လုပ်ထားပြီး နောက်မှာ ဖလင်ထည့်တဲ့ (ဆလိုက်လို့ခေါ်ပါတယ်) ကိရိယာတပ်လို့ရတယ်။ အလယ်မှာ အကော်ဒီယံက လှိုင်းတွန့်လို အလင်းလုံတဲ့ စက္ကူနဲ့ဆက်ထားတယ်။ ဘဲလိုးလို့ခေါ်တယ်။
ကင်မရာတစ်ခုလုံးကို လေးထောင့်ပြားချပ်ချပ်လေးဖြစ်အောင် ခေါက်သိမ်းလို့ရတယ်။ သုံးချောင်းထောက်နဲ့ ထောက်ပြီး နောက်ကနေကြည့်ပြီး ချိန်ရတယ် ။ focus ဖြတ်ရတယ်။
ပြီးမှ ဆလိုက်တပ်ပြီးရိုက်ရတယ်ပေါ့ဗျာ…။
exposure ပေးဖို့က shutter တစ်ခု မှန်ဘီလူးရှေ့မှာ ထပ်တပ်ရတယ်။
ဖေဖေက သူ့အစ်ကိုကြီး(ကျွန်တော့်ဘကြီးပေါ့) တစ်ယောက်ကို model လုပ်ခိုင်းပြီး ဓါတ်ပုံစရိုက်ပါတယ်။ ဖလင်ဆေးကြည့်တယ် ပုံမပေါ်ပါ။
ဖလင်ဆေးသား ဖြူဖြူကြည်ကြည် ထွက်လာပါတယ်။ ဒုတိယတစ်ခါ timing ပိုပေးပြီး ရိုက်တယ် ဆေးသားဖြူနေပြန်တယ်။
အဲဒီလိုနဲ့ နောက်ဆိုး long exposure ပေါ့ဗျာ…. နေပူထဲမှာ ဘကြီးကို မျက်တောင်မခတ်စေပဲ ငြိမ်ငြိမ်နေခိုင်းပြီး ရိုက်လိုက်တာ model ဘကြီးခဗျာ မျက်ရည်တွေ တွေတွေ
စီးကျလာတဲ့အထိ မလှုပ်မယှက်ပဲ ဓါတ်ပုံအရိုက်ခံရသတဲ့။
“ ရိုက်ပြီးပြီလည်းဆိုရော ကိုကြီးသက်မှန်က တော်ပြီကွာ မရိုက်တော့ဘူး´´ ဆိုတဲ့စကားကို
ဖေဖေက ဟန်နဲ့ပန်နဲ့ပြန်ပြောပြလို့ ကျွန်တော်တို့ မပြုံးပဲ ဝါးလုံးကွဲ ရယ်ခဲ့ရပါသေးတယ်….
နောက်တော့ ကင်မရာစမ်းမယ်ဆိုရင် ဘကြီး(ကိုကြီးသက်မှန်)လည်း ဝေးရာကိုပြေးတော့တာပဲတဲ့။
ပုံကတော့ မရသေးပါ။ နောက်မှသိလိုက်ရတာက ဖလင်ကိုပြောင်းပြန်ထည့်မိလို့ဆိုပဲ။
အဲဒီတုန်းက ဖလင်တွေက card film တွေပါ။ roll မဟုတ်ပါဘူး ။ မှန်ပေါ်မှာ ဓါတ်ဆေးသုတ်ထားတဲ့ ဖလင်လည်းရှိတယ်။ card film ဆိုတာက ခုခေတ်မှာပြောရရင် ဓါတ်မှန်ရိုက်တဲ့ အခါမှာသုံးတဲ့ ဖလင်မျိုးပါပဲ။ ASA တော့ကွာမှာပါ။ အဲဒါကို ဆေးသားဘက်နဲ့ ကျောဘက် မခွဲတတ်တော့ ကျောသားဘက်ကို မှန်ဘီလူး ဘက်မှာထားပြီးရိုက်တော့ ဘယ်ပုံပေါ်ပါ့မလဲ။
ဆေးသားနဲ့ ကျောသားခွဲခြားနည်းက ဖလင်ရဲ့ အနားတစ်ဖက် ထောင့်စွန်းဘေးမှာ အထစ်ကလေးတွေပါပါတယ်။ အဲဒါကိုမှောင်ခန်းထဲမှာ ကိုယ့်အမှတ်အသားနဲ့ကိုယ် လက်နဲ့စမ်းပြီး ဆေးသားဘက်ကို မှန်ဘီလူးဘက်လှည့်အောင် slide ထဲမှာ ထည့်ပြီးရိုက်ရပါတယ်။
မှန်ချပ်ဖလင်ဆိုရင်တော့ အမှတ်အသားမပါလို့ နှုတ်ခမ်းသားလေးနဲ့ အသာတို့ကြည့်ပြီး နည်းနည်းလေး ကပ်တဲ့သဘောတွေ့ရင် ဆေးသားဘက်တဲ့။ အဲဒီဆေးသားဘက်ကို မှန်ဘီလူးဘက်မှာရောက်အောင် slide ထဲထည့်ပြီး ရိုက်လိုက်ရုံပါပဲတဲ့… နောက်တော့ အဆင်ပြေသွားပါတယ်။
ဓါတ်ပုံဆရာကလည်းရှား(မရှိ) ဆိုတော့ အလုပ်တော်တော် လုပ်ရတယ်တဲ့…(၂)လလောက်အတွင်းမှာပဲ ဘကြီးဟံတင် ကိုကြွေးမြီတွေအကုန်ပြန်ဆပ်နိုင်ခဲ့ကြတယ်တဲ့။
ဘကြီးလည်း ဆုံးသွားတာ ကြာပါပြီ။ ဖေဖေ မေမေတို့လည်း ဘကြီးတို့ကျေးဇူးကိုမမေ့ခဲ့ကြပါ ။ တသသပြောပြကြပါတယ်။ ကျွန်တော်ကလည်း ဘကြီးတို့ကိုချစ်ခင် ရိုသေစွာနဲ့ ထာဝရ ရှိခိုးလျှက် ကျေးဇူးတင်လျှက်ရှိကြောင်းပါ ခင်ဗျာ…….
နောက်တစ်ပတ်မှပဲ ဖေဖေ မေမေတို့ သုံးခဲ့တဲ့ ကင်မရာပုံနဲ့ film တွေပုံကို တင်ပေးလိုက်ပါမယ် ။ စာရိုက်တာမကျွမ်းကျင် ဓါတ်ပုံတင်တာမတတ်တော့ လုပ်တတ်တဲ့သားတို့ သမီးတို့ကိုပဲ အားကိုးရမှာမို့ပါ…….
ရွှင်လန်းချမ်းမြေ့ပါစေ။
7 comments
မောင်ပေ
July 24, 2012 at 9:36 pm
အန်ကယ်မျိုးတို ့အဖေ ခေတ်က ဓါတ်ပုံဆရာဆိုတာ အရမ်းရှားပါးတော့ တစ်ကယ်ကို လူတွေ လိုလိုလားလား လေးလေးစားစားနဲ ့ အကူအညီတောင်းကြမှာ ကို မြင်ယောင်မိတယ်ဗျာ
သန်းထွဋ်ဦး
July 24, 2012 at 10:29 pm
အင်းဗျာ ရှေးက ဖလင်အကြောင်းတွေ သိလို ့ကျေးဇူးပါ အန်ကယ်ရေ။
ဝလုံး လေး
July 25, 2012 at 9:07 am
ဟားဟား ….. အန်ကယ်မျိုးရေ
အန်ကယ့်ဘကြီး ကိုကြီးသက်မှန်ကို မြင်ယောင်မိပြီး ရီမိတယ်။။။။။ ဓါတ်ပုံခေတ်ဦးက ပညာရပ်တွေက မလွယ်ပါလားနော် ။ ကျေးဇူးပဲ အန်ကယ်ရေ ။ ဗဟုသုတ အများကြီးရပါတယ်။ အရင်တုန်းက ကင်မရာပုံစံတွေလည်း ကြည့်ချင်ပါတယ်။ မြင်ဖူးချင်ပါတယ် ။ အော် . . . ဒါနဲ့ ဝလုံးလေးကို လိုတာရစေရမယ်ဆို (အဖေ ၃ )မှာပြောတယ်လေ…. အဲဒါ အခု 7D တစ်လုံးလောက်ဝယ်ပေး။ ဒါပဲ…….
ကွိ ကွိ ကွိ ————— ဒန် ဒန့်
ကိုရင်မောင်
July 26, 2012 at 5:39 am
အဲ့ဒီခေတ်ကဓါတ်ပုံတွေ ကြည့်ခွင့်ရမယ်ဆိုယင်
ကြည့်ချင်ပါသေးတယ်…..
အန်ကယ်မျိုးရေ………
အရီးခင်လတ်
July 26, 2012 at 5:47 am
ဒီနေ့ခေတ် ဓာတ်ပုံဆရာများ ကို လေးစား အထင်ကြီးပါသည်။
သို့သော် ဦးမျိုး တို့ အဖေတို့ ခေတ်က ဓာတ်ပုံဆရာကြီး များ ကို ပိုပြီး လေးစားအထင်ကြီး ပါသည်။
အားပေးနေပါတယ်။
ဆက်ပါဦးရှင်။
Uncle Myo
August 3, 2012 at 8:14 pm
ခုရက်မှာမိုးဆက်တိုက်ရွာနေတော့ ကျန်းမာရေးလဲ သိပ်မကောင်းဘူး၊ ဒါကြောင့် ဘယ်သူ့ကိုမှ
မပြန်ကြားနိုင်တာကိုတော့ ခွင့်လွှတ်ကြပါ။
အဖေ့အကြောင်းနဲ့ဆက်စပ်လို့ သူတတ်ခဲ့တဲ့ ဓါတ်ပုံပညာအကြောင်းနဲ့ လျှောက်လှမ်းခဲ့ရတဲ့
ဘဝဇာတ်ကြောင်းကိုစိတ်ဝင်တစား နားထောင်ပေးကြတဲ့(ဖတ်ကြတဲ့)သူအပေါင်းကိုကျေးဇူးအထူးပါဘဲ-
ရွှင်လန်းချမ်းမြေ့ကြပါစေ
htoosan
August 3, 2012 at 10:42 pm
အန်ကယ်မျိုးရေ .. ကျန်းမာရေးတော့ ဂရုစိုက်ပါခင်ဗျ။