ကျွန်ုပ်၏ ဆရာသခင်ထံသို့ ရီပို့တင်ခြင်း
ပဉ္စဂုဏံ အဟံ ဝန္ဒာမိ။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တည်းဟူသော အနန္တောအနန္ဒ ငါးပါး ဟူသည်လတ်ကား ကျွန်ုပ်၏ ကိုးကွယ် ဆည်းကပ်ရာပါပေ။ အကျွန်ုပ်၏ နှလုံးသည်းပွတ်သည်ကား ဤအရာ ငါးပါး၌ သိပ်သည်းပျော်ဝင်ပါပေါ ဘိ၏။ သို့မို့ကလိုကြောင့် အနှီလို ဘုရား၊ တရား၊ သံဃာ၊ မိဘ တည်းဟူသော ကျေးဇူးတော်ရှင်များကို ဦးထိပ်မှာ ထားပြီး သကာလ ဆရာတည်းဟူသော ကျေးဇူး ရှင်သည်လည်း ကျွန်ုပ်ဘဝ၌ များမြောင်လှစွာသော ကျေးဇူးအနန္ဒကို ပြုခဲ့ကြသူများ ဖြစ်ပါချေဘိ၏။
xxxxxxx
အခု ကျွန်ုပ်ရည်ညွှန်းလိုဘိသည့် ဆရာတစ်ပါး ရှိချေ၏။ အကျွန်ုပ်တည်းဟူသော အပုပ်ကောင် ရုပ်ဆောင်သည့် အကုသိုလ် အတုံးအခဲလေး၏ ပကတိ ပစ္စုပ္ပုန် လက်ရှိအခု အစာအာဟာရ မှီခိုရာ ကံ(အလုပ်တည်းဟူသော) ဌာနေ၏ ဆရာ တစ်ဆူလည်းဖြစ်ဘိချေ၏။
အနှီဆရာကား လွန်စွာ ထူးဆန်းချေဘိ၏။ လွန်စွာလည်း ထွေပြား၏။ အံ့ဘနန်းလည်း ဆန်းကြယ်လှစွာသော အမူအကျင့်ရှိ၏။ လွန်စွာလည်း နှုတ်ရေး ထက်ချေ၏။ (လူပေါ် လူဇော် လုပ်ခြင်းအရာ၌ သူမတူအောင် ထူးချွန်၏။ မိတ္တဗလဘူဇွာတစ်ယောက်ပင်တည်း။ လွန်စွာမှလည်း စေ့စပ် သေချာဘိ၏။ အံ့ချီး ဗဟု သခင်ဆရာ ကိုုယ်တော်မြတ်ကြီး ပါပေတမုံဟူလို။
xxxxxxxxx
ကျွန်ုပ်၏ အထက်ပုဂ္ဂိုလ်လည်းဖြစ်၊ ကျွန်ုပ်တို့ လုပ်ငန်း ယန္တရား၏ စီအီးအိုဟူသော အမှုဆောင်အရာရှိချုပ်လည်းဖြစ်၍ တစ်ဖုံ ကျွန်ုပ်နှင့်လည်း အရွယ်မှာ မတိမ်းမယိမ်း ဖြစ်ချေဘိ၏။ အိုလေ . . .အသက်အရွယ် မည်သို့ပင်ဖြစ်စေ . . .နော့လေ့အေ့ချ်ခေတ် ဟူဘိသော လက်ရှိခေတ် အနှီ ပထဝီ ဓာတ်လုံးကြီးတွင် အရည်အချင်းတည်းဟူသော စွမ်းရည်သည်သာ အဓိက ဖြစ်ချေသောကြောင့် ကျွန်ုပ်ထက် ငယ်ချေဦးတော့ ဦးညွတ်ဖို့ရန် မဆိုင်းမိပါချေ။ ဤကား ကျွန်ုပ်၏ လူစွမ်းကောင်းများအား နှစ်သက်မြတ်နိုး တန်ဖိုးထားခြင်း ဟူလို ဘိသတတ်။
xxxxxxxx
သို့ကလိုဖြင့်လျင်မူကား အနှီဆရာသည် ကျွန်ုပ်အား သူ၏ နှလုံးသည်းပွတ်အတွင်းမှ လွန်စွာမှ ဂရုစိုက်တော်မူပါချေ၏။ ကြီးစွာသော ကြင်နာစောင့်ရှောက်မှုကိုလည်း ပြုပါချေ၏။ အိုလေ . . .ချီးပ ဆိုရလေအံ့သော် . .ကျွန်ုပ်နှင့် သက်ဆိုင်သည့် အဝိဉာဏက၊ သဝိဉာဏက များအားလုံးကို စောင့်စောင့်စေ့စေ့ ထိန်းကွပ်ကျပ်မတ်ပေးလိုစိတ်ရှိသော မဟာ့ မဟာ ဂရုဏာရှင် ဆရာသခင်ကြီးဖြစ်ပါပေ၏။ အသင်စာရှုသူ သူတော်ကောင်း မိတ်ဆွေရေ့ . . .။
xxxxxxx
ကျွန်ုပ်တို့ လုပ်ငန်းကား တိန်းဝပ်ခ်ဟု ဆိုချေသော သဘောဖြင့် တစ်သွေမတိမ်း ဆောင်ရွက်ပြုမူရသော အဖွဲ့အစည်းဖြစ်ပါပေ၏။ ယန္တရား ခွေးသွားစိပ်များကဲ့သို့ မိမိကဏ္ဍကို မိမိ ကျေပွန်တိကျစွာ ထမ်းဆောင်အားထုတ်ရပါချေ၏။ အနို့လို ယန္တရား ခွေးသွားစိပ်များ ထဲက တစ်စုံတစ်ယောက်သော ခွေးသွားစိပ်တစ်ခုသာ လောကဝတ်အကြောင်းတစ်စုံတစ်ရာကြောင့် ဂနိုင်ကို မြန်းချေအံ့ . ..။ ကျွန်ုပ်တို့ ယန္တရားမှာ ငါးရံ့ ပြာလူး ဖြစ်ရပါလေပြီ . .။ သို့ဂလို လုပ်ရသော ဌာနေဖြစ်ပေသောကြောင့်လည်း ကျွန်ုပ်တို့၏ သခင်ဆရာကြီး တိကျသေသပ်လွန်းခြင်းမှာ လွန်အံ့မထင်ဟု ကျွန်ုုပ်၏ နှလုံးအိမ်မှာ အခါခါ ကြည်ညိုစိတ်ပွားများမိပါချေ၏။
xxxxxx
ကျွန်ုပ်ဟူဘိသည့်အကောင်ငယ်ပေါက်စ၏ အကျင့်မှာ သည်လည်း မိမိ၏ ဝတ်အား မပွန်မပြီးချေက အာဟာရဖြည့်တင်းရန်အမှုကိုပင် ဝန်လေးသူဖြစ်ဘိ၏။ မိမိ ဝတ်မကျေပွန်ခြင်းကြောင့် အကြင်သူများ ဒုက္ခသင့်မည်ကို လွန်စွာမှ အားနာခြင်းကြီးစွာ ဖြစ်တတ်ပါ၏။ သို့မို့ကလိုကြောင့် ကျွန်ုပ်မှာ လုပ်ငန်း ဌာန၌ မိမိ၏ ဝတ်အား အစွမ်းရှိသမျှ အားထုတ်ကြိုးပမ်းလေ့ ရှိပါ၏။ သို့မို့ကြောင့် ထင်ပါ၏လေ။ ကျွန်ုပ်၏ ဆရာသခင်က ကျွန်ုပ်အား နှလုံးသည်းပွတ်ချဉ်ခြင်းဖြစ်ခြင်းသာ ဖြစ်တတ်ရာပါ၏။
xxxxxxxxxx
သို့နှင့် တစ်စုံသော အခြင်းအရာကို ပြောရန်ရှိသည်မှာကား ကျွန်ုပ်၏ ဝမ်းတွင်း၌ အာ့ထ် ဟု ခေါ်အပ်သော အနုပညာဟူသည့် နာနာဘာဝ တစ်ကောင် ဝင်ပူးနေဘိ၏။ ကျွန်ုပ်၏ ဆရာသခင် ကလည်း သည်လိုထင်၏ ဟု ကျွန်ုပ်အခြားသော ပယောက ဆရာများထံမှ ကြားသိရချေ၏။ အကယ်တန်တိက ကျွန်ုပ်၏ ဝမ်းတွင်း၌ လူးလာ ခေါက်တုံ့နေသည်ကား ဆရာအရှင်မြတ်ထင်ဘိသလို နာနာဘာဝ မဟုတ်တုံလို။ ကျွန်ုပ်ကိုယ်တိုင် မွတ်သိပ်စွာ မွေးမြူအားထုတ်ထားသည့် အရာကား ဆို ခဲ့သည့်အာ့ထ်ဟု ဆိုအံ့သည့် ကိုယ်ပိုင် အနုဝိပသနာ တစ်ခုသာ ဖြစ်ချေ၏ဟု ကျွန်ုပ် မဝံ့ ဝံ့ဝံ့ ဆိုငြားအံ့ . ..။ အသင်မိတ်ဆွေ ခွင့်လွှတ်မှာပါလေ။
xxxxxxx
ထိုအခါ ကျွန်ုပ်မှာကား ကျွန်ုပ်အလုပ်ဌာနေ၌ ကျွန်ုပ်၏ ဝတ်သာကျေငြားအံ့။ ကျွန်ုပ်သည် အနှီ အာ့ထ်ကဲ့သို့ နေ၏။ ထိုင်၏။ စား၏။ သောက်၏။ အိပ်၏။ လွင့်၏။ မျော၏။ နုသက်၏။ ပျော်ဝင်၏။ ထိုသို့ နေစဉ်အချိန်တွင် ကျွန်ုပ်သည် လွန်စွာလွတ်လပ်လေ၏။ အနှီခါ ပြသနာတက်ပါလေပြီ။ ယင်းကဲ့သို့ အခါ၌ ကျွန်ုပ်ဆရာသခင် ကျွန်ုပ်အား မရှုစိမ့်နိုင်သောငှါ ဆရာသခင်၏ ငွေလဝန်းသည် ဇီးရွက်သိကယ်လောက်သာ ရှိချေ၏။ ဆင်နင်းခံရသည့် မျက်ဝန်းဟု ကျွန်ုုပ်မပြောရက်သဖြင့် အနို့လို ကျွန်ုပ်မပြောရက်ကပြီ။ မျက်နှာရွှေလမှာ သံပုရာသီးလို ကြီးလေချဉ်လေ ဖြစ်၏။ ထိုအခါ ကျွန်ုပ်ဆရာ၏ လက်သုံးစကားမှာ
“ငါ၏ ချစ်လှစွာသော တပည့်အမိုက်အမဲ ကလေးကား နာနာဘာဝ ပူးဝင်စွဲကပ်နေချေလေကပြီ”
ဟူဘိသနပ်ကား အဆွေရေ့ . . .။ အို…..ဆရာသခင် .ဆရာသခင်….မဟာဂရုဏာ ကြီးမား ပေစွတကား..။
xxxxxxxx
သို့နှင့် တပြီပင်…ကျွန်ုပ်တွင် လွန်စွာမှ ကယုကယင်တွယ်တာ ချစ်ခင်ရသော ဆဌမနံရိုးလေးတစ်ချောင်း ရှိကြောင်းကိုလည်း ထည့်သွင်းပြောကြားရချေပါအံ့။ အနို့ကလိုမှ ပြည့်စုံလိမ့်အံ့တည်း။ ထိုနံရိုးကလေးကား ကျွန်ုပ်၏ဘဝ။ ကျွန်ုပ်အား အမေဓာတ်နှင့် ဝန်းရံထားသော ဒုတိယလတစ်စင်းပါပေ။ သို့မို့ကြောင့် အခါအားလျှော်စွာလည်း ထို ဒုတိယ လကလေးနှင့် စကြဝဠာထိုထိုသို့ ကျွန်ုပ်တို့ ဂြိုဟ်လည် ထွက်လေ့ရှိပါအံ့။ ကျွန်ုုပ်၏ ဆရာသခင် မျက်ဝန်းတော်ညိုရှာပြန်လေ၏။
“အို…တပည့်ကြီးအား နာနာဘာဝအပြင် ဝိနာဘာဝကလေးက ထပ်မံ နှိပ်စက်ပြန်လေကပြီ”
ဟု နှလုံး မသာဖြစ်ပြန်ချေဘိ၏။ ကျွန်ုပ်အတွက် လွန်စွာမှ စိတ်ထောင်းကိုယ်ကျေဖြစ်ရလေခြင်းရယ်…သခင်ဆရာကိုယ်တော်မြတ်ကြီးရယ်လေ..။
xxxxxxxxx
သို့စဉ်နှင့် အခါများတော့လေ…ဆရာသခင်မှာ တပည့်ကြီးအတွက် နှလုံးမသာပူဆွေးသောက ရောက်ရသည့်အလျှောက် တပည့်ကြီးအား လမ်းမှားမှ ကယ်တင်ခြင်းငှာ ဗျူဟာဝိပါတ်များ ထုတ်ပြန်စောင့်ရှောက်ပါလေတော့၏။
“အို..တပည့်ကြီးငဲ့…သင်သည်ကား လောကတံထွာ သွားလေရာရာတို့၌ သင်၏ စိတ်ချည်းပဲ လွှတ်တုံမထားလင့်….ဆရာသခင်အားလည်း အကြောင်းပြန် ခွင့်လင့်တင်ကြား လုပ်ဆောင်ပါလေ”
“မှန်ပါ့ .သခင်ကြီး ဆရာခင်ဗျား ကျွန်တော်မျိုး သခင်ကြီးဆရာအား ရက်စ်ပက် ထားခြင်းအမှုငှာ ပြုနေဆဲ၊ ပြုလတ္တံ့၊ ပြုမြဲပြုနေဦးမှာပါ ခင်ဗျား..”
“အိမ်း…အနို့နောက် တပည့်ကြီးငဲ့…အသင်က အသင်၏ နံရိုးကိုယ်ပွားဟု ထင်နေစိမ့်သောငှာမှာ လည်း အကယ်တန်တိက အသင်၏ နံရိုးမဟုတ်ချေ။ မာတုဂါမတစ်ယောက်သာ ဖြစ်ချေ၏။ အသင်၏ ဝိနာဘာဝ မကောင်းဆိုးဝါးသာဖြစ်ချေ၏။ တပည့်ကြီးသတိပြု ဆင်ခြင်လော့”
“သ…သ.ခင်ကြီးဆရာခင်ဗျား…..ဆရာသခင်၏ မဟာဂရုဏာတော်ကို တပည့်ကြီး သိပင်သိသော် ငြားလည်း ကျွန်တော်မျိုး၏ ဆဌမနံရိုးဟူသည့် ထိုအရာသည် အသူတရာနက်သည့် ချောက်ကမ်းပါးကြီးပင် ဖြစ်ပါအံ့..တပည့်ကြီးခုန်ချဖို့ အသင့်ပိုင်းဖြတ်ထား ကြောင်းပါ ဆရာသခင်ကြီးငဲ့.”
“အိမ်း …အိမ်းလေ…..အနို့ဖြင့် ခက်တော့ နေချေကပြီ..သည်လိုဖြင့်လည်း မောင်ဟာ ဒစ်ပလိုမေစီကို မသိရော့သလားကွယ်…မောင်ရဲ့ နံရိုးကို မောင် ခေါ်ခေါ်သွားသွားလုုပ်ချင့်နေသည်က ဟုတ်၏။ သို့ဖြင့် ဘဇာကြောင့် ငတို့အား မိတ်လက် မဖွဲ့မပြု ပေလျာလကန်ပြုမူထားအံ့နည်း မောင် ..ဂျဲတလန်းမန်း မဟုတ်တုံသလော…ငတို့ကို သောက်ဂရုမစိုက်တာများလားကွဲ့..”
“အလို သခင်ဆရာ….အနှီလိုစိတ် ကျွန်တော်မျိုး၌ စိုးစဉ်းမျှ မရှိပါလေ.။ ဧကန်အမှန်စကားကို ကျွန်တော်မျိုး ဆိုပါသည်။ ကျွန်တော်မျိုး၏ ဆဌမ အာရုံလေးမှာ ဖူးသစ်စ ရစ်ကယ် ပျိုမျစ်နုနယ်မို့…တောကြီးမျက်မည်း လူသူလေးပါး..အရပ်သို့..ရင်းနှီးပျော်ဝင်ခြင်းငှာ မစွမ်းသာသေးသည်မို့..ရှက်နှလုုံးထုံးရယ်ကြောင့်…မျက်မုန်းလေး ဖုံးမသွားရအောင်ရယ်..ကျွန်တော်မျိုး ကြံဆောင်နေရခြင်းကြောင့်ပါလင့် ..သခင်ဆရာကြီးခင်ဗျား…”
“ဟိန်း ဟိန်း .နော် တပည့်ကြီးငဲ့..မောင့်ကို ဆိုဆုံးမရသည်မှာကား …သာလိကာ ခါးပိုက်ပိုက်သကဲ့ သို့ဖြစ်ကချေပြီ…သည်တော့ဖြင့်လည်း ငါ ဆရာသခင် မပြောမပြီးမတီးမမြည်ဆိုသကဲ့သို့..ပြောမှပြီး တီးမှမြည်တော့မည်ဆိုတော့လည်း ပြောရချေတော့မည်ပါ့…..သည်လိုကွဲ့ ..သဟာဖြင့်လည်း မောင်ဟာ ငါဆရာသခင်ရဲ့ ပိုင်နက်နယ်မြေမှာ….သနားခိုလှုံနေရသူ ဟုတ်ချေစ…”
“မှန်ပါ့.သခင်ဆရာ..”
“ဟိန်း .သို့ဖြင့်ဆို…သည်နေ့ကစ၍ မောင်ဟာ ကိုယ်လက်လေးပါး လှုပ်ရှားခြင်းအမှုအစုံကို ဆရာ့ဆီ ရီပို့ မှန်မှန်တင်လေတော့မောင်…ကဲ..”
“အို.သခင်ဆရာကြီးငဲ့…ဘဇာ အကြောင်းကြောင့် သည့်ကေလောက် ကျွန်တော်မျိုးအား ဝန်ကြီးပိချေ အံ့နည်း …ကျွန်တော်မျိုး အလုပ်ဝတ် မကျေပွန်အံ့ ရှိ၏လော သခင်ဆရာ..”
“မရှိချေ….”
“ကျွန်တော်မျိုး ဝိရိယ အားနည်းခြင်းကော ရှိချေ၏လော သခင်ဆရာ…”
“မရှိချေ..”
“ကျွန်တော်မျိုး ခိုကပ်ပျင်းရိခြင်းငှာများ တွေ့၏ချေလော သခင်ဆရာ….”
“မရှိချေကွယ်…”
“အနို့ဖြင့် သခင်ဆရာရယ်…အာဟင့်..ကျွန်တော်မျိုး၏ လိုက်ဖ်ဒီမိုကရေစီကို သခင်ဆရာ ဘဇာကြောင့် ပိတ်ပင်အံ့ရာနည်း ခင်ဗျာ.”
“အို..ဒါကတော့ …ငါက အထက်အရာရှိကိုးကွယ့်..”
xxxxxxxxxx
ဒုံသရမ်….ဒုံသရမ်….ဒုံသရမ်…။ သို့ကလိုဖြင့်…ဇာတ်ကတော့
အနာကြီး နာချေကပြီ ကွယ်တို့ရယ်….။
xxxxxxxx
xxxxxx
“သခင်ဆရာခင်ဗျား…..ကျွန်တော်မျိုး ရုံးတော်ကို ရောက်ပါလေပြီ…”
“အိမ်း..”
“သခင်ဆရာခင်ဗျား သည်နေ့ ကျွန်တော်မျိုး လီဗိုင်း ဖိုက်အိုဝမ်းဖဲပြဲလေးနဲ့…အောစတား တစ်ပတ်နွမ်းအနီလေး စီးပြီးတော့သကာလ ရှပ်အဖြူကျဲလေး ဝတ်ဆင်လာမိကြောင်းပါ..”
“သင့်၏လေ…”
“ပြီးတော့ ကျွန်တော်မျိုးရဲ့ သုံးဆင့်ချိုင့်မှာ….အောက်ဆုံးအံက ထမင်း ဆွတ်ဆွတ်ဖြူကို သိပ်ပြီး ထည့်လာပါ၏။ ဒုတိယအဆင့်မှာကား..ငါးရှဉ့်လတ်လတ်သွေးစို့စို့ကို ပဲဆီ အိအိလေးနဲ့ ချက်ပြီး ရှမ်း နံနံကလေးအုပ်ခါ..ထားပါ၏။ အပေါ်ဆုံး အံမှာက သရက်ကင်း မွှေးမွှေးလေး ကို ဓါးကလေးနဲ့ ပါးပါး နွှာပြီး ဒညင်းသီးဆားရည်စိမ်ကလေးလည်း သခင်ဆရာအတွက်ပါ..အပိုအများ ထည့်လာပြီး သည်နှင့် အပြင် ဆီကလေးနှင့် လှော်ထောင်း ထောင်းထားတဲ့ ကြက်သွန်ဖြူ ငရုတ်သီး ငါးပိထောင်းကလေးပါ ထည့်လာခဲ့ကြောင်းရယ်ပါ သခင်ဆရာကြီးငဲ့….”
“ရှလွတ်..ကောင်းပေစွ၏ တကား တပည့်ကြီးငဲ့…”
“အနှီဖြင့် ကျွန်တော်မျိုး အလုပ်စတင် လုပ်ချေတော့အံ့ သခင်ဆရာ…”
“သင့်စွကွယ်…..”
xxxxxx
ချောက်…ချောက်….ဂလောက်….ဂလောက်…ထောက် ထောက်….
ကျွန်ုပ်အလုပ်စတင်လုပ်နေပါချေကပြီ။
“သခင်ဆရာ ကျွန်တော်မျိုး သည်ဆောင်းပါးကလေးကိုဖြင့် ရုပ်၏ ချဉ်းကပ်ခြင်းက အလျဉ်းမတွေး မရေးဘဲ နာမ်၏ ချဉ်းကပ်ခြင်းနဲ့..အားထုတ်ကြည့်ချင်ပါ၏..ခွင့်ပြုပါ၏လော.”
“ရုပ်ကိုတော့ သိသိသာသာ မလွတ်စေနဲ့ကွယ်….”
လောက၌ ဆရာဖြစ်ခြင်းသည်မှာလည်း သည်လို အစွမ်းအစတော့ ရှိတန်ရာခြင်းကို ကျွန်ုပ်စေ့ငု သဘောပေါက်မိခြင်းပါပေ။ ဟုတ်၏။ ကျွန်ုပ်၏ သခင်ဆရာမှာ အလုပ်ဌာနေ၌ကား လွန်စွာမှ ဂျီးနီးယပ်စ်ဖြစ်ပါပေ၏။ ……
“ကလင်…..ကလင်…..ကလင်..”
“သခင်ဆရာ ကျွန်တော်မျိုး ဖုန်းထကိုင်ချေအံ့”
“အိမ်း…”
အနည်းငယ်မျက်စောင်းထိုးပြီးသကာလ ခွင့်ပြုချေ၏။
ချောက် .ချောက်.ချောက်…..
ကျွန်ုပ်အလုပ်ပြန်လုပ်ချေ၏။
“သခင်ဆရာ..ကျွန်တော်မျိုး သကြားလုံး တစ်လုံးခွာစားနေပြီ ပလပ် ပလပ်…”
“ဟိန်း….”
မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်က ကိတ်ဘလန်ချက်ကို စွေကြည့်သလို ကြည့်ချေ၏။
“သခင်ဆရာ..ကျွန်တော်မျိုး…အပြင်ခဏထွက်ပြီး ချီးပေါက်မလို့….”
“ဘာ………”
“ဒီ…ဒီလိုပါ သခင်ဆရာ….ကျွန်တော်မျိုးမနက်က ပဲပုပ်၊ စူးပုပ်ဟင်းချိုနဲ့…ဒညင်းသီးဆားရည်စိမ် သုံးတောင်တော်မူလာပါတယ်။ သဟာကြောင့် လေမျိုးအပေါင်းထိုးအောင့်လို့..အပြင်ကို လွန်စွာထွက်သက်ချင်တော်မူနေပါချေကပြီ.ကျွန်တော်မျိုးရဲ့ဇီဝ ဓာတ်ငွေ့ကိုသာ အဲကွန်းအခန်းတွင်းထဲ ထုတ်လွှတ်ချေက အားလုံးဒုက္ခတွေ့ချေမည် မဟုတ်တုံလော့…အနို့ကြောင့် ကျွန်တော်မျိုး …မျိုး…”
“နင့်မေကလွှား……သွားဟေ့ သွားစမ်း ပြန်မလာခဲ့နဲ့တော့…”
xxxxxxxxx
ဒုံသရမ်…ဒုံသရမ်….ဒုံသရမ်..
ပတ် ပတ် ပတ် တိန် တိန် တိန်….
1 .8 . 2012 ဗုဒ္ဒဟူး နံနက်1 . 36 နာရီ
………………
(မှတ်ချက်။ ။ ဒုံသရမ် …..ဟူဘိသည့်ဂစ်တာတီးလုံးမှာ စာရေးဆရာဇင်မိုင်၏ ဒီညလည်း ပွဲရှိသေးသည် စာအုပ်မှ ယူငယ်သုံးထားပါ၏)
13 comments
MaMa
August 1, 2012 at 8:26 am
အလုပ်တာဝန်ကို ကျေပွန်တတ်တဲ့ ဆရာကြီးကို ရိုသေတတ်တဲ့ တပည့်ကြီးငဲ့…..
သာလိကာ ခါးပိုက်ပိုက်ထားရတဲ့ ဆရာကြီးကိုတောင် သနားမိတယ်။
ဆဋ္ဌမနံရိုးဆိုပြီး ကြုံကြွားလေတော့ ……..
ကိုယ့်အကြွားကိုယ်ခံ ……
“နင့်မေကလွှား……သွားဟေ့ သွားစမ်း ပြန်မလာခဲ့နဲ့တော့…”
[:D]
ဒီလမှ စရွေးရမယ့်သူတွေကို ဦးဏှောက်ခြောက်အောင် ပညာပြလိုက်သလို ရှိပေတကားးးးးးးးးးးးးးးးးးး [:)]
မိုးတိမ်
August 1, 2012 at 9:19 am
အိမ်းဆရာသခင်မှာ အဘယ်သူဖြစ်ချေအံ့?????????
surmi
August 1, 2012 at 9:33 am
ကောင်းလိုက်တဲ ့ရီပို ့
ကျုပ်အိမ်က ဘွားတော်ကိုလည်းဒီလိုရီပို ့လေးတင်လိုက်ဦးမယ်
ဘယ်သူသင်ပေးတာလဲလို ့မေးရင်တော ့ ဆရာကမ်းကိုဘဲ လက်ညှိုးထို းရမယ်ဗျို ့
မောင်ပေ
August 1, 2012 at 9:44 am
တော်သေးတယ်
ဆရာသခင်က ရှင်ကြီးဂိုဏ်းဝင် မဟုတ်ပေလို့
နို့
နံရိုးလေးကို ဆက်နေရမှာကလား
ဟီဟိ
ကီးကြမ်းရေ သရော်ချက်ပြင်းလှပါတကား။
ဟောတု
ကြောင်ကြီး
August 1, 2012 at 10:54 am
ရီပို့တင်
အပျို့ဖင်
ငတို့မြင်
ဟရို့ဂွင်၊
တဘို့ရွှင်
ဂလို့ငင်
နအို့လင်
အစို့ကင်။
manawphyulay
August 1, 2012 at 11:28 am
ရီပို့တင်တာတောင် အီးပေါက်ပြီးမှ တင်တယ်။တစ်ခါမှ မကြားဖူးဘူး။ နောက်တစ်ခါ သကြားလုံးစားရင် တစ်လုံးလောက် ပိုယူခဲ့စမ်းပါ။ စားချင်လို့… 😛
Ma Ei
August 1, 2012 at 3:08 pm
ဒို့ ဆီကဆရာသခင်
ရီပို့တင်ခိုင်းရင်လဲ
ဒီလို တင်လိုက်ရင်
ကောင်းမလား…
အဲ့လိုဆိုရင်…အင်း…
မဖြစ်သေးပါဘူးနော်…
သဌ္ဇာနာဂရ
August 1, 2012 at 6:42 pm
အကိုရေ သုံးဆောင်က သုံးတောင်ဖြစ်နေလို ့ပါဗျာ။
“”” ဒီ…ဒီလိုပါ သခင်ဆရာ….ကျွန်တော်မျိုးမနက်က ပဲပုပ်၊ စူးပုပ်ဟင်းချိုနဲ့…
ဒညင်းသီးဆားရည်စိမ် သုံးတောင်တော်မူလာပါတယ်။ သဟာကြောင့်
လေမျိုးအပေါင်းထိုးအောင့်လို့..အပြင်ကို လွန်စွာထွက်သက်ချင်တော်မူနေပါချေကပြီ.”””
marblecommet
August 2, 2012 at 1:28 pm
ဟုတ်ပါ့ ကိုသန်းထွဋ်ဦးရေ့
ရွာထဲလည်း မဝင်တာကြာလို့
အချိန်လေး ရတုန်း ပြေးပြေးလွှားလွှား ရေးရေးသားသား
တင်လိုက်ရတာမို့
စာလုံးပေါင်း အကျအပေါက် အမှားအယွင်း
အဖြတ်အတောက်များ အတွက်
ဖြည့်စွက်ဖတ်ရှုပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျား
…..
ပါပေါဘိ၏ – ပျော်ဝင်ပါပေဘိ၏
ဖြစ်တတ်ရာပါ၏ – ဖြစ်တန်ရာပါ၏
ပယောက – ပယောဂ
ပြသနာ – သ(အကြီးတော့ ကျွန်တော်လည်း မရိုက်တတ်ဘူး)
စိတ်ထောင်းကိုယ်ကျေ – စိတ်ထောင်းကိုယ်ကြေ
ဖိုက်အိုဝမ်းဖဲပြဲ – ဖိုက်အိုဝမ်း ဖင်ပြဲ
သုံးတောင် – သုံးဆောင်….
ရဲစည်
August 1, 2012 at 11:48 pm
ဃိန် ဂိန် ကိန်………..
အဲလောက်ဆို သဘောပေါက်ပါပီ ဆြာရယ်
နောင်ဆို ဆြာ့ရှေ့ ဘာမှ လုပ်တော့ ပါဘူး
အမယ်ငီး
ပြောင်မြောက်ပ မော်ဒန်ကတုံးဆံပင်ပေါက်ရယ်
marblecommet
August 2, 2012 at 1:30 pm
ကွန်ဒုံ သိုင်းထီးကြီး
နှုတ်လေးတောင် ဆက်မသွားဘူးနော်
ရပါတယ် ရပါတယ်…….
ခင်ဇော်
April 14, 2015 at 9:44 am
တော်ချက်အေ။
ရေးနိုင်ပါ့။ ရေးတတ်ပါ့။
😆
မြစပဲရိုး
April 14, 2015 at 1:16 pm
ရွာထဲ မဝင် ရ လို့ ဆရာသခင် က ရီဂျက် လုပ်ထား လေ ရော့သလား။။
အမှန်တော့ ရွှေပြည်ထဲ က နေ ရွာထဲ ဝင်ရ ခက် တာ စိတ်ရှည်ရတာ ကောင်းကောင်းကြီး သိခဲ့ပါပြီ အသင်လောက။