အရှုံးပေါ်လေတဲ့ မမရဲ့ဘတ်ဂျက်စာရင်းနဲ့ ကလေးအတွေး
ပြီးခဲ့သောတစ်ပတ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်က ဖြစ်လေသည်။
ကျနော် ရွာစားကျော်သည် စိတ်အားလက်အားရှိသည့်အလျောက် ရုံးဖွင့်ရက်တွေမှာ သေချာငုံ့မကြည့်ဘဲ ခိုင်းချင်သလိုခိုင်းထားသည့် စီးတော်ယာဉ်မော်တော်ဖွတ်ချက်လေး၏ ကြံ့ခိုင်ရေးကို စစ်ဆေးကြည့်မိသည်။
ကျနော့ဆိုင်ကယ်နောက်ဘီးမှာ လေထိုးပါသော်လည်း မကြာ ပြန်ကာ ပြားပြားသွားနေသလို ဘရိတ်ကလည်း အတော်နင်းမှ မိချင်ချင်ဖြစ်နေပါသည်။ ဘီးပေါက်သလို ထိုးသမျှလေ အကုန်ထွက်တာလည်း မဟုတ်..။ သေချာကြည့်တော့ ဘားတိုင်က လေထွက်နေတာ ဖြစ်သည်။ ကျွတ်အဟောင်း တစ်ခုက ဘားဆံလေးနဲ့ လဲသုံးလို့ အိုကေနိုင်သေးသည်။ ဘရိတ်မမိတာကတော့ ဘရိတ်ရှူး အသစ်လဲမှကောင်းမည် ဆုံးဖြတ်ကာ လိုတဲ့ပစ္စည်းပြေးဝယ်လို့ ကိုယ်တိုင် ပြင်ဆင်ဖို့ လုပ်ပါတယ်…။ ရာသီဥတုက မိုးလေးတစိုစိုကြောင့် လမ်းကလျှော်တတ်တာမို့ အနာ္တရာယ်ကင်းဖို့လည်း ဂရုထားရပေမည်မဟုတ်ပါလား။
ကျနော် တကုပ်ကုပ်နဲ့ ဘီးဖြုတ်၊ ဘာဖြုတ်လုပ်နေတော့ ဇနီးသည် ရှင်မွေးလွန်းက ခွလေးယူပေး၊ ကျောက်လှည့်လေးကိုင်ပေးနဲ့ ဘေးက ကူရှာပါသည်။ သုံးနှစ်ကျော်အရွယ် သားလေး ဂျူနီယာ ရွာစားကျော်ကလည်း စိတ်ဝင်တစား ကြည့်ရှုရုံမက သူသိချင်တာမှန်သမျှမေးပါသည်။
“ဖေဖေ.. ဘာလုပ်နာလဲ”
“ဆိုင်ကယ် ပြင်နေတာလေ သားရဲ့.. မြင်ရဲ့သားနဲ့”… နောက်ဘီး ဖြုတ်နေတဲ့ ကျနော်က ဖြေလိုက်ပါသည်။
“ဆိုင်ကယ်ကြီးက ဘာဖြစ်လို့ ပြင်တာလဲ”
“ဘီးပေါက်နေလို့.. သား မူကြိုသွားရင် လိုက်ပို့လို့ရအောင်လို့.. ဖေဖေက ပြင်နေတာ”
“ဪ.. ဘီးပေါက်သွားလို့ ဖေဖေက ဖြုတ်ပီးတော့ ပြင်တာပေါ့”
“အေး.. အေး” ဖြေပေးလိုက်တော့ ကျေနပ်သွားတဲ့ သားက အိမ်ထဲဝင်သွားကာ သူ့ ကစားစရာပုံးကြီးထဲက ကားရုပ်၊ ရထားရုပ် ဘီးပါသမျှအရုပ်တွေ ယူချလာပါသည်။
ကျနော်လည်း ဆိုင်ကယ်ဘီး ကျွတ်တိုင်အတွင်းမှ ဘားဆံလေးလဲကာ လေထိုးပြီး တံတွေးနဲ့ ဆွတ်ကြည့်လိုက်သည်။ လေပူဖေါင်းလေး ထွက်မလာ။ လေလျော့တဲ့ကိစ္စတော့ အိုကေသွားဘီ။ ဘရိတ်ရှူး လဲရအုံးမည်။
“မိန်းမ ကျောက်လှည့်ပေး”
“ဟဲ့.. သား.. ဖေကြီး ကျောက်လှည့်တောင်းနေတာ ပေးလိုက်အုံး”
ကြည့်လိုက်တော့ သားတော်မောင်က သူ့ရဲ့ ကား၊ ဆိုင်ကယ်၊ ရထားအရုပ်များမှ ဘီးတွေ ဖြုတ်ကာ ကျနော့် လက်နက်ကိရိယာများဖြင့် ဟိုကလော်၊ ဒီကလော်၊ ဟိုထိုး ဒီထိုးလုပ်နေပါသည်။
“ဟာကွာ.. သား ဘာလို့ ကစားစရာတွေကို ဖျက်ဆီးပစ်နေတာလဲ”.. ရုတ်တရက် လေသံမာနှင့် ကျနော် ပြောလိုက်မိသည်။
“ဟုတ်ဖူးလေ.. သားသားက.. သားသားက ဘီးပေါက်လို့ ပြင်နေတာ”.. မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် ပြန်ဖြေ၏။ သူ့ အမေကတော့ ပြုံးလို့သာ ကြည့်နေသည်။ ကျနော် စိတ်ထဲက သဘောကျစွာဖြင့်..
“အေးနော်.. အကုန် ပျက်စီးကုန်လို့ကတော့ နောက်ထပ် မဝယ်ပေးတော့ဘူး”.. လို့တော့ ထပ် ဟန့်လိုက်ပါသည်။
“ဟုတ်ကဲ့ သားသား ဘီးပေါက်လို့ ပြင်တာ နော်.. ဖေဖေ” မျက်နှာ အရိပ်အကဲ ဖမ်းမိတဲ့ သားက အားတတ်သရောပြန်ဖြေပါသည်။
“… …. …”
ကျနော်လည်း ဘရိတ်ရှူးအသစ်လဲထည့်ပြီး နောက်ဘီးကို ဆိုင်ကယ်မှာ ပြန်တပ်သည်။ သားတော်မောင်ကလည်း ကျနော်လုပ်သမျှကြည့်ကာ သူ့အရုပ်တွေနဲ့ ရှုပ်နေတော့၏။
“ဪ ယောက်ျားရယ်၊ ဆိုင်သွားပြင်လိုက်ရင် သက်သက်သာသာလေး ပြီးမယ့်ဟာ” ချွေးတောင် မစို့တဲ့ ကျနော့်ကို ကြည့်ကာ ဇနီးသည်က အကြင်နာစကားဆိုသည်။
“ဒါလောက်လေးများကွာ.. ခု ကိုယ်ဘာသာ ပြင်လိုက်တော့ လက်ခ ၁၀၀၀၊ ၁၅၀ဝ ပေးရ သက်သာတာပေါ့”
“အမလေး သူ့ဆိုင်ကယ် တော်ကြာ အင်ဂျင်ဝိုင်လဲလိုက်၊ ဘီးပေါက်လို့ဖာလိုက်နဲ့ ဆီဖိုးနဲ့ တစ်လတစ်လ ဘတ်ဂျက်ထိနေတာ ဒီပြင်ခလေးကျမှ…”
“ဪကွယ် ဒီဆိုင်ကယ်လေးရှိလို့ မင်း ဂျန်းရှင်းဆိုလည်း ဖွတ်ခနဲ၊ ဈေးဆိုလည်း လျှောခနဲ၊ အမေ့အိမ်ဆိုလည်း ဟောခနဲ ရောက်တာပဲမလား”
“ဟုတ်ပါပြီ.. ပုလင်းထဲမှာ အကပ်ပဲကျန်တော့လို့၊ မြီးစရာ မရှိတော့လို့ .. ရွှတ်ခနဲ ရွှတ်ခနဲ ထွက်တာလည်း ထည့်ပြောပါအုံးတော်.. ဟွန်း”
“ဟီး.. ဟိုနားဒီနားသွားဖို့ ကားခ၊ ကယ်ရီခ မကုန်တာလည်း ထည့်တွက်ပါအုံး မိန်းမရယ်..နော်..ဟဲဟဲ”
“.. ဟွန့်…”
သူ့အဖေနဲ့ သူ့အမေ အပြန်အလှန်ပြောဆိုနေတာကို သားငယ်က ဘာမှဝင်မပြော၊ တစုံတခုကို စဉ်းစားနေပုံရပါတယ်။
“မဟုတ်ဘူး ယောက်ျားရဲ့။ ခုလို မိုးနဲ့လေနဲ့ လမ်းတွေက မကောင်းရတဲ့ကြားထဲ ယောက်ျား ဆိုင်ကယ်နဲ့ သွားလာနေတာလည်း စိတ်မချတာ”
“အင်း…”
“ခုဆို ကားဈေးတွေလည်းကျနေတာဆိုတော့..၊ သိန်း သုံးလေးဆယ်လောက်နဲ့ ကားကောင်းကောင်းလေး ရနိုင်မယ်ဆို ကားဝယ်စီးမလားဟင် ယောက်ျား..”
“ဟုတ်တယ် ဖေဖေ။ ကားဝယ်ပီးရင် သားကို မူကြို ကားနဲ့လိုက်ပို့ နော်..နော်”
“အန်..။ အံမယ် အံမယ်… သားအမိနှစ်ယောက်၊ အတိုင်အဖောက်ညီလို့။ မင်းပဲ ဆိုင်ကယ်က ဘတ်ဂျက်ထိဆို..၊ ဆိုင်ကယ်က နှစ်ဘီးပဲပါသေးတာ၊ ကားများဝယ်ရင် လေးဘီးစာနော်… ကားတစ်ခါပြင်ရရင် ဘတ်ဂျက်က ဘယ်လောက်ကုန်မယ်မှတ်လဲ”
“ဖေဖေ ဖေဖေ၊ ဘတ်ဂျက် ဆိုတာ ဘာကြီးလဲဟင်..” စဉ်းစားသလိုနဲ့ သားငယ်က သိချင်တာမေးလာ၏။
“ဘတ်ဂျက်ဆိုတာ သားသားဖို့ မုန့်တွေ၊ အရုပ်တွေဝယ်ဖို့.. မေမေ ဈေးသွားဖို့.. ဖေဖေတို့ ဆိုင်ကယ်ပြင်ဖို့ ပိုက်ဆံတွေ အများကြီးကုန်တဲ့ဟာကို ပြောတာပေါ့ သားရဲ့”
“ပိုက်ဆံတွေ အများကြီးကုန်တာ ဘတ်ဂျက်ပေါ့.. ဟုတ်လား ဖေဖေ”
“ဒါပေါ့..ဒါပေါ့”.. ဆိုတော့ သားမျက်နှာလေး ကြည်ပြီး ကျေနပ်သွားပါတယ်။
… … … … …
“ဘတ်ဂျက်ဆိုလို့.. မိန်းမရော သိလား ၊ ရုံးမှာ မမရဲ့ဘတ်ဂျက်စာရင်း အရှုံးပေါ်တာနဲ့ ပတ်သက်လို့ သိရှိကြောင်း လက်မှတ်ထိုးခဲ့ရသေးတယ်”
“ဟင်.. ဘာလဲ၊ ဘယ်က မမ လဲ”
“မမ.. မြန်မာ့မီးရထား မမလေ။ ဝန်ထမ်းတွေကို တစ်ဝက်ဈေးနဲ့ လက်မှတ်တွေ ရောင်းပေးရလို့ မြန်မာ့မီးရထားရဲ့ ဘတ်ဂျက်စာရင်းမှာ သိန်းပေါင်းထောင်ချီ အရှုံးပေါ်သတဲ့၊ နောက်ဆို ဝန်ထမ်းအတွက် ရထားလက်မှတ်ကို ၇၅% နဲ့ပဲ ရောင်းတော့မှာတဲ့။ အဲဒါ သိရှိကြောင်း လက်မှတ်ထိုးရတယ်..”
“မြန်မာ့ မီးရထား.. ဟင် သူတို့ကလည်း…လက်မှတ်ဈေးတွေလည်း တတ်ပါရဲ့..၊ without ဆိုပြီး ခုံမရတဲ့ လက်မှတ်တွေရောင်းတဲ့ ရထားများ သွားစီးကြည့်ပါအုံး..ခြေချစရာတောင်မရှိဘူး..လမ်းတံတားတွေ ပြင်ရလို့ ဆိုရအောင်ကလည်း… …”
“ပြင်ဆင်စရာ၊ အသစ်ဝယ်စရာတို့.. ရထားမောင်းတဲ့ ဆီဖိုးတို့အတွက် ဝန်ကြီးဌာနဘတ်ဂျက်ခွဲတမ်း ရှိတာပဲ မဟုတ်လား၊ ဌာနတွေကလည်းကွာ ပြည်သူလူထုအတွက် ဝန်ဆောင်မှုပေးရမယ်ဆိုတဲ့ အတွေးကို မရှိတော့ပါဘူး၊ တို့ ပြည်သူတွေဆီက အမြတ်ပြန်ရှာသလို ဖြစ်နေပါပြီ။”
“အင်းလေ.. အဲဒီ ဘတ်ဂျက်တွေရော၊ လက်မှတ်ရောင်းရတဲ့ငွေတွေရော ဒီလောက်ပိုက်ဆံအများကြီးဟာ ဘာလို့များ ရှုံးရပါလိမ့်တော်.. အံ့ပါရဲ့”
မမ ခေါ် မြန်မာ့မီးရထား ဘတ်ဂျက်စာရင်းမှာ အရှုံးတွေနဲ့သာ ရင်ဆိုင်နေရတဲ့ အကြောင်း ရွာစားကျော်တို့ ဇနီးမောင်နှံ ခေါင်းစားနေပေမယ့်လို့… …
အဲ..အဲ..ဒါပေမယ့်လို့။ ဆိုင်ကယ်အရုပ်နဲ့ မီးရထားအရုပ်လေးတွေကို လက်တစ်ဖက်ဆီမှာ ကိုင်ထားတဲ့ ကျနော်တို့ သားတော်မောင် ဝင်ပြောလိုက်တာကတော့…
… … … … …
“မီးရထားကြီးက ဘီးတွေအများကြီးရှိတယ်လေ။ မီးရထားဘီးပေါက်လို့ ဖာရတော့ ဘတ်ဂျက်တွေ အများကြီးကုန်တာပေါ့လို့… ဖေဖေနဲ့ မေမေကလည်း ဒါလေးတောင်မသိဘူး…” တဲ့ဗျာ..။
… … … … …
ကဲ.. မှတ်ကရော..။
ကျနော်တို့မှာ ပါးစပ် အဟောင်းသားနဲ့။
ဪ.. ကလေးအတွေး ပြောပါတယ်။ 😀
“… … … ”
“ချွန်တာသိလို့၊ လွန်တာရှိရင်… ဝန်တာသာ မိပါတော့…
အာဟိ.. ဒက်ဂလောက်..ဒက်ဂလောက် (ခရက်ဒစ်တူ ဂီ)”
21 comments
သကြားလုုံးကြော်
August 4, 2012 at 6:36 am
တိန်
ဘီးနှစ်ဘီးပဲပါတဲ့ လေယာဉ်ပျံ တွေအကြောင်းမပါလိုု့ တော်သေးတာပေါ့ ။ မဟုုတ်ရင်နှစ်ပေါက်ပဲဖာစရာရှိတဲ့ လေယျာဉ်ပျံ ဘတ်ဂျက် အကြောင်းမေးလိုု့ကတော့ ရွာစားကျော်တိုု့ ရွာလယ်တော့မယ်။ အခုုတော့ သူ့ လော့ဂျစ်နဲ့သူ ဟုုတ်သွားရော
ရွာစားကျော်
August 4, 2012 at 8:08 am
လေယာဉ်ပျံဘတ်ဂျက်အကြောင်းမေးတော့လည်း
လေခ အတော်ကုန်တယ်လို့ ဖြီးတာပေါ့ဗျာ..
ဟီး ဟုတ်ဘူးလား..
Liquid_Sn@ke
August 4, 2012 at 7:02 am
ငယ်ငယ်က ဖတ်ဖူးတဲ့ အမေ့ စာမူ တစ်ခုကို ပြန်လည် သတိရစေ တဲ့ … စာတခုဖြစ်ကြောင်း
လေးလေးစားစား မှတ်ချက်ရေးမိလိုက်ပါတယ်ဗျာ…။
အင်း …အမေ့ကို သတိရသွားပြီ …
သည်နေ့ စနေ … ဖုန်းဆက်ဦးမှပါလေ…
ကျေးကျေးပါ …
ခင်တဲ့
ဂီ
ကြောင်ဝတုတ်
August 4, 2012 at 7:35 am
ရန်ကုန်မှာ ဆိုင်ကယ်လေးပေးစီးရင်ကောင်းမယ်ဆိုတဲ့အတွေးလေးဝင်သွားတယ်…
ဟိုတစ်လောကလဲ သိန်း(၂၀)လောက်နဲ့ ဂျစ်ကားလေးဝယ်စီးလို့ရပြီဆိုတော့
ကိုရွာစားကျော်လိုပဲ စိတ်ကူးလေးယဉ်မိသကိုး…
ပြင်ဆင်စရိတ်နဲ့… ဆီဖိုးထည့်တွက်ရင် ဆိုင်ကယ်သည်သာအသက်သာဆုံး…
မမအရှုံးပေါ်တဲ့ကိစ္စမျိုး နိုင်ငံတော်အစိုးရရဲ့ဝန်ဆောင်မှုတော်တော်များများအရှုံးပေါ်ကြပါတယ်…
အဲဒီအကြောင်းကို ရေးပါဦးမယ်… အခုတော့ခွင့်လွှတ်ပါဦးဗျာ…
ခင်မင်လျက်-
ကြောင်ဝတုတ်
Mလုလင်
August 5, 2012 at 12:09 am
ခိုးကြောင်ခိုးဝှက် စီးနေရတာတောင် .. ဒီလောက် ကဲ နေကြတာ ကိုယ့်ဆြာ ရေ … တရားဝင်သာ စီးခွင့်ပေးလိုက်ရင် .. ဆေးရုံကြီး မှာ ပွဲဈေးတန်း ဖြစ်သွားလိမ့်မယ်။
ရွာစားကျော်
August 4, 2012 at 8:27 am
@အရည်မြွေဂီ
ကြည့်.. အကြောင်းတိုက်ဆိုင်မှ အမေ့သတိရ.. ဖုန်းဆက်ဦးမတဲ့
ဟို မေးကွဲလေးဆိုလား သူ့ဆီကျ တရက် ဘယ်နှစ်ခါ ဆက်သလဲ ပြောစမ်း ပြောစမ်း 🙂
@ကြောင်ဝတုတ်
အစောကြီးနိုးနေတာလား၊ မအိပ်ရသေးတာလားဗျို့
ကားဈေးတွေကျတော့ ကျနော်တို့ စိတ်ကူးယဉ်လို့ ကောင်းလာတယ်ဗျ
သိန်း ၂ဝ တန်ကားဆို မကြာခင် ဖျက်သိမ်းစာရင်း ဝင်တော့မယ့် မော်ဒယ်များ ဖြစ်နေအုံးမယ်နော်
ဒီဈေး ကျုပ်ရှင်မွေးလွန်းသိရင် ဘာပြောမလဲမသိ…
Mလုလင်
August 5, 2012 at 12:08 am
သိန်း ၂ဝ တန် ဂျစ်ကားကတော့ .. ဖြုတ်လဲ… ကြီး နေမှာပါဗျာ …။ ဖျက်သိမ်းတော့ မဝင်သေးဘူးဗျို ့ .. ဇုန်ထုတ်က သက်တမ်း နှစ် ၂ ဆယ် မှ မရှိသေးတာ။ ဈေးကွက် သဘောအရ .. ဝယ်သူ မရှိတော့လဲ ဈေးကျ တာကိုးဗျ … ကို ရွာစားကျော် သား .. ကတော့ စကားလွှတ်တတ် တာကိုးဗျ ….။
ဦးဦးပါလေရာ
August 4, 2012 at 9:05 am
မမ က အရှုံးပေါ်တယ်ဆိုရင်
တိုင်းပြည်အတွက်သာတကယ်စဉ်းစားရင် လုပ်စရာ တစ်မျိုးပဲရှိတယ်….။
သင့်လျှော်တဲ့၊ စည်းကမ်း တွေထားပြီး ပုဂ္ဂလိက ကို ပေးလိုက်လေ…..။
တကယ်လုပ်မယ့်လူမျိုးကိုပေါ့…..။
ပြီးတော့မှ လုပ်ငန်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီး ဝန်ဆောင်မှု့စတာတွေကို အရည်အသွေးကောင်းအောင်ထိန်းချုပ်ပေါ့။
အဲဒါလဲတနိုင်ငံလုံးကို ချက်ချင်းလုပ်စရာတောင်မလိုဘူး ၊
ငါးနှစ်လောက်ခွဲပြီးတဆင့်စီလုပ်သွားလို့ရတာပဲ….။
ကျုပ်ဖြင့် မီးရထားလမ်း အူကြောင်းကြီးနဲ့ ဘူတာဧရိယာတွေ အလကားတန်ဘိုးဆုံးနေတာကို တော်တော်နှမြောနေမိတယ်။
ရွာစားကျော်
August 4, 2012 at 8:34 pm
သင့်လျော်တဲ့ စည်းကမ်းတွေထားရုံမက စားသုံးသူ အခွင့်အရေးကာကွယ်ပေးတဲ့ ဥပဒေလိုဟာမျိုးတွေလည်း လိုအုံးမယ်ထင်တယ် ဦးပါရေ
ကုမ္ပဏီတွေနဲ့ အကျိုးတူလုပ်နေပါတယ်ဆိုတဲ့ ဆက်သွယ်ရေးလို ငါမနာပီးရော အငှားစာချုပ်တွေနဲ့ ဖုန်းရောင်းသလို လုပ်ရင်တော့ ကျုပ်တို့ဘဝ ခံရတာဟာ ခံရတာပဲနေမှာ ဘယ်ဘက်ခြေထောက်နဲ့ ညာဘက်ခြေထောက်ပဲကွာသွားမယ် အနင်းခံနေရတုန်းပဲဆိုသလိုပေါ့
ကြောင်ကြီး
August 4, 2012 at 9:40 am
ရွာစားကျော်သား
လာထားစော်များ
ဗျာများဂေါ်ကြား
အာပွားတော်သား..။
etone
August 4, 2012 at 10:15 am
အယ် ….. ပြည်သူတွေ လက်မှတ်သွားဝယ်ပြီဆိုလျှင် … မနက် ငါးနာရီလောက် သွားတိုးလျှင်တိုး မတိုးလျှင် ကုန်ပြီဆိုပြောနေတဲ့ … ရထားလက်မှတ်ကို .. ဝန်ထမ်းတွေကို .. တဝက်ဈေးနဲ့ ရောင်းပေးလို့ ဘတ်ချက်အရှုံးပေါ်သတဲ့လား … အဟိ …. ကိုရွာစားကျော်တို့ … တူးဆွချက်ကတော့ … ကွက်တိပါပဲ ….. ။
ဟုတ်လျှင်လည်း ဟုတ်မှာပါ ဝန်ထမ်းတွေကို တဝက်ဈေးနဲ့ ရောင်းပေးနေရတယ်ဆိုတာ …အဲ့ဒီရောင်းပေးနေရတဲ့ ဝန်ထမ်းတွေထဲ …. မီးရထားက ဝန်ထမ်းတွေ 99%များပါနေမလားဟင် …. သိချင်လွန်းလို့ဘာ …….. ခွိခွိ
နေဝန်းနီ
August 4, 2012 at 10:40 am
မမရဲ့ ဘတ်ဂျက် ဆိုလို့ ရွာထဲ က မမ လားလို့ လာကြည့်တာ ပြိးတော့ မြန်မာ့ မီးရထားကိုပြောတာကိုး….။ အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေ ပုဂ္ဂလိက ကိုလွှဲကြည့်ပါလား …။ ချက်ချင်း အမြတ်စာရင်းတက်လာမယ်…။ မယုံရင် စမ်းကြည့်လိုက်လေ…။ ဟုတ်တယ် ဟုတ်
ahnyartamar
August 4, 2012 at 11:04 am
မမ မှမဟုတ်ပါဘူး အစိုးရဌာနတိုင်းမှာ အရှုံးပေါ်နေတာပါ။ ဒါပေမယ့် အစိုးရ ဝန်ကြီးတိုင်းကတော့ ချမ်းသာနေတာနော်။ (နဝတ ဝန်ကြီးများကို ပြောတာပါ)
မောင်ပေ
August 4, 2012 at 12:02 pm
မမ နဲ ့ပတ်သက်လို ့ရင်ထဲမှာ ကျလိကျလိ ဖြစ်ခဲ့ရတာရှိပါသေးတယ်
လက်မှတ်ဝယ်တဲ့အခါ
ဥမပါ
မန်းတလေး-ပုဂံ ၉၅ဝကျပ် ဆိုကြပါစို ့(လက်မှတ်ဈေးနှုန်းကို ပြောတာနော်)
၁၀၀ဝကျပ်တန်ပေးကြည့် ၊ ၅ဝ ကျပ် နိုးရီတန်းပဲ
တစ်ရက်ကို ဒီလိုမျိုးခရီးသည် အယောက်၅ဝ ဆိုရင် တစ်ရက်ကို ၂၅၀၀
တစ်လဆိုရင် ၇၅၀၀ဝ အနည်းဆုံး စီတာကလား
ကိုပေါက်(မန္တလေး)
August 4, 2012 at 1:31 pm
နိုင်ငံမတိုးတက်ရတဲ့အကြောင်းရင်းတွေထဲမှာ ယိုပေါက်တွေရှိနေတာကြောင့်ဆိုတာ
ပြေးမလွတ်တဲ့အကြောင်းအချက်တစ်ခုပါဘဲ.
အားလျင်ပိုစ်တစ်ပုဒ်ရေးပါအုံးမယ်
အရီးခင်လတ်
August 4, 2012 at 9:02 pm
အရီး လဲ မမ ဆိုလို့ တို့ မမ ဘာတွေရှုံးကုန်ပြီလဲလို့။ 😛
ဒါကိုဖတ်ပြီး သိပံ္ပမောင်ဝ ရဲ့ မောင်လူအေး နဲ့ မောင်လူမွှေး ကို သွားသတိရတယ်။
သားလေး စကားတတ်ပုံ ကို ပြုံးရင်း၊
သက်ပြင်းကိုမသိမသာချရင်း
လက်မထောင်ပြီး ဖတ်သွားပါတယ်။
nature
August 4, 2012 at 11:54 pm
နိုင်ငံတိုးတက်ရေးအတွက်လွှတ်တော်မှာ ဆင်းရဲမွဲတေမှုပပျောက်ရေး ကိုစိတ်ဝင်တစား ဦးစားပေးဆွေးနွေးကြရင်ကောင်းမှာပဲ။
nature
August 5, 2012 at 12:00 am
ဆိုရှယ်လစ်နိုင်ငံတွေမှာ လုပ်ငန်းကအမြတ်ရရှိသူတွေကို အမြတ်ကြီးစားတွေ အရင်းရှင်တွေလို့ ယူဆကြပါတယ်။ လုပ်ငန်းတိုင်းကိုနိုင်ငံရေးအမြင်ကကြည့်ပြီး အရှုံးခံလုပ်ခဲ့ပါတယ်။ ဒီလိုနှစ်ပေါင်းများစွာအရှုံးခံခဲ့တဲ့အတွက် ဆင်းရဲတွင်းဟာနက်သထက်နက်လာပါတယ်။ အရှုံးခံခဲ့တဲ့အတွက်ဝန်ထမ်းတွေကို လုံလောက်တဲ့လုပ်ခလစာမပေးနိုင်ခဲ့ပါဘူး။ စားဝတ်နေရေးမလုံလောက်တဲ့ဝန်ထမ်းတွေဟာရရှိထားတဲ့လုပ်ပိုင်ခွင့် အာဏာတွေအသုံးပြုပြီး လာဘ်ပေးလာဘ်ယူမှုများ အနိုင်ကျင့်မှုများ ဘက်လိုက်မှုများ ကို် ပြုလုပ်လာကြပါတယ်။ အနိုင်ကျင့်မှု ဘက်လိုက်မှုများ ဖြစ်ပွားပြီး တဖြေးဖြေးစုလာသော မကြေနပ်မှု မှ ဆယ်စုနှစ်တခုခန့်ကြာသောအခါ ပေါက်ကွဲမှုကြီးတခုဖြစ်ပေါ်လာပါတယ်။ ထိုပေါက်ကွဲမှုကြီးဖြစ်ပေါ်လာသောအခါ အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် နောင်မလုပ်ရဲအောင် ရက်စက်သောနည်းလမ်းများဖြင့် နှိမ်နှင်းခဲ့သောလည်း မှန်ကန်သောရေသောက်မြစ်ကို ဖြေရှင်းခြင်းမဟုတ်သဖြင့် အမြစ်ပြတ်ချေမှုန်းနိုင်ခြင်းမရှိပါ။
weiwei
August 5, 2012 at 1:35 am
အမြတ်ပြနေနိုင်တဲ့ စက်ရုံတွေလဲ တကယ်တော့ ရှုံးတယ်လို့ပြောလို့ရတယ် …
ကိုယ့်ဟာကိုယ် လျာထားချက်လုပ် … လျာထားချက်တဲ့ပိုအောင်လုပ်လိုက်တော့ အမြတ်ထွက်သွားရော …
ရွာစားကျော်
August 5, 2012 at 12:02 pm
@ဦးကြောင်ကြီး
ကျနော့်သား အာ ပွားတတ်ချက်က တခါခါ ကျနော်တို့မျက်လုံးပြူးရတယ်
စိတ်ကူးပေါက်ရင် အဲဒီအကြောင်းလေးတွေ ရေးတင်အုံးမယ်ဗျာ
@Mလုလင်
ဒဂုံဂျစ်တို့ ရှမ်းစတားဂျစ်တို့ဟုတ်ဘူးလားဗျ.. ကားအကြောင်းတော့ နားကိုမလည်တာပါ
တာတာတို့လို အပြင်က ကုမ္ပဏီတွေ အဝင်စောင့်တာကောင်းပါတယ်
@etone
မနက်အစောကြီးကတည်းက တန်းစီထား၊ ကိုယ့်အလှည့်ကျမှ လက်မှတ်ကုန်သွားဘီ.. ဟီ
ခု နောက်ပိုင်း ကားအဆင်ပြေတဲ့ မြို့တွေက ဝန်ထမ်းတွေလည်း ရထား သိပ်မစီးကြတော့ပါဘူး.. ဈေးလည်း အတူလောက်ဖြစ်နေဘီပဲ..
@နေဝန်းနီ
ဖြစ်နိုင်ရင် အစိုးရက စည်းကြပ်တဲ့အလုပ်၊ ကုမ္ပဏီတွေကို လုပ်ငန်းပေးပြီး အခွန်ကောက်တဲ့အလုပ်ပဲ လုပ်တာကောင်းပါတယ်ဗျာ။ တိတိကျကျတော့လုပ်ပေါ့ ..။ ဝန်ကြီးဌာန လုပ်ငန်းသုံး ဘတ်ဂျက်ဆိုပြီး ဆိုင်ရာ ဆိုင်ရာ ဘတ်သွားတဲ့ ကျပ်ငွေတွေလည်း လျော့သွားတာပေါ့။
@ ahnyartamar
အစိုးရဌာနတိုင်းမှာ အရှုံးပေါ်တာ ကိစ္စမရှိဘူး၊ ဝန်ကြီးကတော် ဘတ်ဂျက်လျော့မှာ ပူနေကြတာများတယ်။ ပြည်သူအတွက်ကတော့….
@မောင်ပေ
ခံစားဖူးတော့ ကိုယ်ချင်းစာသည်.. ပုဒ်စာတစ်ပုဒ်ကို အဖြေထုတ်ချင်သည်..
@ကိုပေါက်(မန္တလေး)
လေးပေါက်ရဲ့ အတွေးပါးပါးလေး စောင့်ဖတ်မယ်ဗျို့
ရွာစားကျော်
August 7, 2012 at 2:29 pm
@ အရီးခင်လတ်
အဘနီတို့ အရီးတို့ လူကြီးတွေကို ဇဝေဇဝါဖြစ်အောင် လုပ်မိဘီ
ရွာထဲက ကျနော်တို့ မမ ကိုလည်း ဆောရီးနော် 😛
လက်မလေး ထောင် အားပေးသွားတဲ့အတွက်လည်း ကျေးဇူးပါ အရီးရေ
@ nature
နိုင်ငံသား လုပ်ငန်းရှင်တွေ အောင်မြင် မြတ်စွန်းကြတာ နိုင်ငံဝင်ငွေတိုးတာသာပေါ့ နော်
နည်းစနစ်အမှားတွေရဲ့ ရေသောက်မြစ်ကို ဖြတ်တောက်လို့ အမြစ်ပြတ်ချေမှုန်း ကြပါလို့
@ မဝေ
ကိုယ့်လျာထားချက်နဲ့ ကိုယ်တွက်တဲ့ အမြတ်နဲ့တော့ ကိုက်လို့
ပြည်သူတွေ အမှန်တကယ် အကျိုးခံစားရရဲ့လား ဆိုတော့ :'(