ဝင့်ပြုံးမြင့် မြန်မာပြန်တဲ့ တိမ်ယံသစ္စာ အပိုင်း ( ၄ ဝ )

alinsettAugust 4, 20122min1695


”ကျွန်တော်သွားရတော့မယ်။ ဒေါက်တာတို့လုပ်ပေးသမျှအတွက် ကျွန်တော်သိပ်ကိုကျေးဇူးတင်တန်ဖိုးထားပါတယ် ဒေါက်တာ။ ဒါပေမယ့် ကျွန်တော် သွားမှဖြစ်မယ်”

”ဘယ်သွားမှာလဲ” ”မပြောတာကောင်းပါတယ်” ”ခင်ဗျားလမ်းတောင်မလျှောက်နိုင်သေးဘူး” ”ကျွန်တော် ခန်းမထဲဟိုအဆုံးထိ တစ်ခေါက်လျှောက်နိုင်တယ်။

ကျွန် တော်ကောင်းသွားမှာပါ” ကျွန်တော့်အစီအစဉ်မှာ ဆေးရုံမှဆင်း၊ လုံခြုံရေးသေတ္တာထဲမှငွေကိုယူ၊ ဆေးဝါးကုသစရိတ်ပေးချေ၊ မိဘမဲ့ဂေဟာသွားပြီး စိုးရက်ပ်ကို

ဂျွန်နှင့်ဘက်တီ ကော်ဝဲတို့လက်ထဲထည့်၊ ပြီးမှ အစ္စလမ္မာဘက်ကိုပြေးမည်။ ခရီးအစီအစဉ်ပြောင်း မည်။ နေကောင်းအောင် ပိုကြာကြာလေးနေပြီးလျှင် အိမ်ပြန်မည်။

ဖာရစ်ဒ်နှင့်စိုး ရက်ပ် ဆေးရုံကိုမလာမီအထိ ကျွန်တော့်မူလအစီအစဉ်မှာ ထိုအတိုင်းဖြစ်သည်။
………………… ……………………….. …………………………. …………………… …………………….. ………………………
_____________—

‘ဆပ်ရဲ့မိတ်ဆွေ ဂျွန်နဲ့ဘက်တီကော်ဝဲ ဆိုတာ … ပက်ရှဝါမှာ မရှိဘူး” ဟူသောသတင်းဖြင့် ဖာရစ်ဒ် အခန်းထဲဝင်လာသည်။

”သူတို့ဘယ်သွားလဲ”

ဖာရစ်ဒ်ခေါင်းရမ်းသည်။”ဆပ်နားမလည်ဘူး”

”ရာဟင်ခန်ပြောတော့-”

”ကျွန်တော် အမေရိကန်ကောင်စစ်ဝန်ရုံးကိုသွားတယ် ဆပ်။ ပက်ရှဝါမှာ ဂျွန်နဲ့ဘက်တီကော်ဝဲဆိုတာ ဘယ်တုန်းကမှမရှိခဲ့ဘူးတဲ့။ ကောင်စစ်ဝန်ရုံးကလူတွေ အပြောအရ

သူတို့ဘယ်တုန်းကမှမရှိခဲ့ဘူး” ပြောပြောဆိုဆို ဖာရစ်ဒ်သည် ကျွန် တော့်လက်ဆွဲအိတ်ကောက်ယူသည်။

ဘဏ်မှငွေသွားထုတ်ကြသည်။ ချိုင်းတွင်ချွေးကွက်နေသော ဗိုက်ရွှဲရွှဲ ဘဏ်မန်နေဂျာက ကျွန်တော့်ကိုပြုံးပြုံးပြသည်။ ငွေကိုဘယ်သူမှမထိကြောင်း ကျွန် တော့်အား

လက်ညှိုးတထောင်ထောင်နှင့် အာမဘန္တေခံနေသည်။ ”ဘယ်သူဆို ဘယ်သူမှ ငွေကိုမထိကြပါဘူး”

မြောက်မြားစွာသောငွေကို စက္ကူအိတ်ထဲထည့်၍ ပက်ရှဝါမြို့ထဲကားမောင်း ဝင်လာရခြင်းသည် နည်းနည်းတော့ကြောက်စရာကောင်းသည်။ ထို့ပြင်မုတ်ဆိတ်

ဖားဖားယောက်ျားများကိုမြင်တိုင်း စိတ်ထဲတာလီဘန်လူသတ်သမားလားဟု ကျွန် တော်သံသယဝင်နေသည်။ ကျွန်တော့်အကြောက်တရားထဲ နှစ်ခုပေါင်းစပ်နေသည်။

ပက်ရှဝါတွင် မုတ်ဆိတ်ဖားဖားယောက်ျားများ အရေအတွက်များလှသည်။ လူတိုင်း ကျွန်တော့်ကို စူးစူးရဲရဲကြည့်ကြသည်။

ဆေးရုံရုံးခန်းမှ ကားဆီဖြည်းဖြည်းလျှောက်လာကြစဉ် ဖာရစ်ဒ်က ”ကောင်လေးကိုဘယ်လိုလုပ်မလဲ” ဟုမေးသည်။ လင်းခရူဆာကားနောက်ခန်းတွင်

စိုးရက်ပ်သည် မေးစေ့ကလေး လက်ထဲထည့်၍ ယာဉ်အသွားအလာကိုငေးနေသည်။

”သူ့ကိုပက်ရှဝါမှာ ထားခဲ့လို့မဖြစ်ဘူး” ဟုပြောလိုက်သော် ကျွန်တော့် စကားထဲမှမေးခွန်းကို ဖာရစ်ဒ်ဖတ်ပြီးနေသည်။ ”ဘယ်ဖြစ်မလဲ ဆပ်။ ကျွန်တော်

လည်းစိတ်မကောင်းဘူး။ ကျွန်တော်-”

ကျွန်တော့်မှာ မောကြီးပန်းကြီးပြုံးပြရသည်။ ”လောလောဆယ်တော့ အစ္စလမ္မာဘက်ကို ခေါ်သွားရမယ်ထင်တယ်”
_______________

အခန်း(၂၄)

ပက်ရှဝါကိုရောက်လျှင် ကဘူးကိုအောက်မေ့သတိရသည်။ အစ္စလမ္မာဘက်ကား တနေ့နေ့တချိန်ချိန်တွင် ဖြစ်ထွန်းလာနိုင်သော အနာဂတ်ကဘူးပင်ဖြစ်၏။ အစ္စ

လမ္မာဘက်မှလမ်းများ ပက်ရှဝါတုန်းကထက်ကျယ်သည်။ သန့်သည်။ လမ်းဘေး ဝဲယာတွင် ခေါင်ရမ်းနှင့်ပေါက်ပင်များ စီတန်းစိုက်ပျိုးထားသည်။ ဈေးများလည်း

စုစုစည်းစည်းရှိပြီး လံချားနှင့်ခြေကျင်သမားများ ကြိတ်ကြိတ်တိုးမနေကြ။ ဗိသုကာ လက်ရာများ ခေတ်မီကြသည်။ နှင်းဆီနှင့်စံပယ်တို့ ပွင့်ဖူးမြိုင်ဆိုင်နေသော

ပန်းခြံများကိုလည်းတွေ့ခဲ့ရသည်။

ဖာရစ်ဒ်တွေ့ထားသော မာဂါလာတောင်ကုန်းအခြေမှ လမ်းဘေးဟိုတယ် လေးတစ်လုံးဆီ မောင်းလာကြစဉ် နာမည်ကျော် ရှားဖေဇယ်ဗလီကို ဖြတ်ခဲ့ရသည်။

ဤဗလီသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးဗလီ။ ဧရာမကွန်ကရစ်ရက်မကြီးများ၊ မိုးမြင့်တိမ်ယံထိုးတက်နေသော ဗလီမျှော်စင်ကြီးများ … ထိုဗလီကိုမြင်သည်နှင့် စိုးရက်ပ်

အသက်ဝင်လှုပ်ရှားလာကာ ကားပြတင်းမှခေါင်းထုတ်၊ ကိုယ်ကြီးလိမ် ၍ကြည့်သည်။

ဟိုတယ်ခန်းသည် ကဘူးတုန်းကဟိုတယ်ခန်းထက် အပုံကြီးအဆင့်မြင့် သည်။ အိပ်ယာခင်းများ

သန့်ပြန့်နေသည်။ ကော်ဇောကိုဖုန်စုပ်ထားသည်။ ရေချိုးခန်းသည် ပြစ်ချက်မရှိ။ ခေါင်းလျှော်ရည်၊ ဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ဓား၊ ရေချိုးဇလုံနှင့် သံပုရာနံ့သင်းနေသော

မျက်နှာသုတ်ပုဝါတို့အပြင် တစ်ယောက်အိပ် ခုတင်နှစ်လုံးရှေ့ ဗီရိုပုလေးတွင် တီဗွီတစ်လုံးတင်ပေးထားသည်။ နံရံပေါ်တွင် သွေးစီးကြောင်းမရှိ။

”ဟာ၊ ကြည့်စမ်း”

ကျွန်တော် တီဗွီဖွင့်သည်။ တီဗွီမှ ကလေးအစီအစဉ်လာနေသည်။ စိုးရက်ပ် သည်ခုတင်တစ်လုံးပေါ်တက်ထိုင်ပြီး ဒူးများရင်ဘတ်ထိအောင်ကွေးယူထားကာ

တီဗွီကြည့်နေစဉ် အစိမ်းရောင်မျက်လုံးလေးထဲ တီဗွီမှအလင်းပုံရိပ်များ ရောင်ပြန် ဟပ်နေသည်။ သူ့မျက်နှာသည် အရယ်အပြုံးကင်းမဲ့နေသည်။

ခန္ဓာကိုယ်ကိုသာ ရှေ့တိုးနောက်ငင်လှုပ်နေ၏။

”ကျွန်တော်ပြန်မှဖြစ်မယ် ဆပ်” ဟုဖာရစ်ဒ်ဆိုသည်။

”ဒီညတော့နေသွားပါ။ မောင်းရမယ့်ခရီးဝေးတယ်။ မနက်မှပြန်”

”ကျေးဇူးတင်ပါတယ် ဆပ်။ ကျွန်တော်ဒီညပဲပြန်ချင်လို့ပါ။ ကလေးတွေ ကိုအောက်မေ့လှပြီ”

ဖာရစ်သည် အခန်းထဲမှထွက်ခါနီး စိုးရက်ပ်အား ”ဂွဒ်ဘိုင် စိုးရက်ပ် ရေ” ဟုနှုတ်ဆက်သည်။ စိုးရက်ပ်ပြန်နှုတ်ဆက်မလား ဖာရစ်ဒ်စောင့်နေသော် လည်း

စိုးရက်ပ်ပြန်နှုတ်ဆက်ဖော်မရ။ ကိုယ်ကိုသာရှေ့တိုးနောက်ငင် လှုပ်ယိမ်း နေသည်။

အခန်းပြင်တွင် ဖာရစ်ဒ်အား ကျွန်တော်စာအိတ်တစ်အိတ်ပေးသည်။ ဖာရစ်ဒ်က စာအိတ်ဖောက်ကြည့်ပြီး ပါးစပ်ဟောင်းလောင်းဟသွားသည်။

”ဖာရစ်ဒ်ကို ဘယ်လိုကျေးဇူးတင်ရမယ်မှန်း မသိဘူး။ ကျွန်တော့်အတွက် အများကြီးလုပ်ပေးခဲ့တယ်”

”ဒီထဲမှာ ဘယ်လောက်ပါလဲ” ဟုဖာရစ်ဒ်မေးသည်။ ယောင်ဝါးဝါးဖြစ် နေပုံရသည်။

”ဒေါ်လာနှစ်ထောင် နည်းနည်းကျော်တယ်”

”နှစ်ထောင်-” ဖာရစ်ဒ်၏အောက်နှုတ်ခမ်း တုန်နေသည်။

ဖာရစ်သည် ကားကိုကွေ့ပြီး မထွက်ခွာခင် ဟွန်းနှစ်ချက်ဆင့်တီးကာ လက်ပြနှုတ်ဆက်သွားသည်။ ထိုအချိန်မှစ၍ ဖာရစ်ဒ်ကိုကျွန်တော်မတွေ့ရတော့။

ကျွန်တော် ဟိုတယ်ခန်းထဲပြန်ဝင်လာတော့ စိုးရက်ပ်ကို အိပ်ယာပေါ်တွင် တွေ့ရသည်။ မျက်လုံးများမှိတ်ထားသော်လည်း အိပ်ပျော်နေသည်ဟု မပြောနိုင်။

တီဗွီပိတ်ထားသည်။ ကျွန်တော်လည်း အိပ်ယာပေါ်ဝင်ထိုင်ကာ နာကျင်လွန်း၍ ရှုံမဲ့နေရသည်။ နဖူးပေါ်မှချွေးစေးအေးအေးကြီးများ သပ်ချနေရသည်။ အိပ်ယာပေါ်

အထိုင်အထနှင့် ဘယ်စောင်းညာစောင်းကိစ္စတို့တွင် နောင်ဘယ်လောက်ကြာကြာ နာနေဦးမည်နည်း။ နောင်ဘယ်လောက်ကြာမှ အဖတ်ပြန်စားနိုင်မည်နည်း။ အိပ်ပေါ်မှ

ဒဏ်ရာရကလေးငယ်ကို ကျွန်တော်ဘာဆက်လုပ်ရမည်နည်း။

ဗီရိုပုလေးပေါ်တွင် ရေတစ်ချိုင့်ရှိသည်။ ကျွန်တော်ရေတစ်ခွက်ငှဲ့ပြီး ဒေါက်တာပေးလိုက်သောဆေးကိုသောက်သည်။ ရေသည်ပူနွေးခါးသက်နေသည်။

လိုက်ကာများဆွဲချဲပြီး အိပ်ယာပေါ်ကျွန်တော်လှဲချလိုက်သည်။ စောင်ကို ရင်ဘတ်ထိအောင်ဆွဲခြုံပြီး ဆေးအာနိသင်အပြကိုစောင့်နေသည်။

ကျွန်တော်နိုးလာချိန်တွင် အခန်းထဲမှောင်နေပြီ။ အိပ်ယာခင်းများ စိုစွတ် ကာ ကျွန်တော့်နှလုံးအခုန်ကြမ်းနေသည်။ စိုးရက်ပ်ခုတင်ကို

လှမ်းကြည့်လိုက်စဉ် နှလုံးတစ်ချက်ဆောင့်တိုးသွားသည်။ စိုးရက်ပ်ကို ကျွန်တော်ခေါ်ကြည့်မှ ကျွန်တော့် အသံ ကျွန်တော်ပြန်ခြောက်ချားသွားသည်။

ကျွန်တော့်အိမ်နှင့်မိုင်ပေါင်းထောင်ချီနေသော ဤဟိုတယ်ခန်းမှောင်မှောင် လေးထဲ ကျွန်တော့်တစ်ကိုယ်လုံးကျိုးပဲ့နေသည်။ တလောကလေးတင်မှ

သိခဲ့ရသည့် ကောင်လေးပေါက်စနကိုခေါ်နေရသည်။ သူ့နာမည်ထပ်ခေါ်ရာ ထူးသံမကြားရ။

ကျွန်တော် အိပ်ယာထဲမှကျုံးထကာ ရေချိုးခန်းထဲဝင်ကြည့်သည်။ ခန်းမ အဝင်လမ်းကိုကြည့်သည်။ သူမရှိတော့။

ကျွန်တော် အခန်းတံခါးသော့ခတ်ပြီး ဧည့်ကြိုခန်းထဲမှ မန်နေဂျာဆီ တုန်တုန်ချိချိဆင်းလာရသည်။ ဖော်မိုက်ကာကောင်တာနောက်မှ မန်နေဂျာ သတင်း စာဖတ်နေသည်။

စိုးရက်ပ်ပုံကိုပြောပြပြီး စိုးရက်ပ်ကိုတွေ့မိသလား ကျွန်တော် မေးကြည့်ရာ မန်နေဂျာသည် သတင်းစာချပြီးမျက်မှန်ချွတ်သည်။

မန်နေဂျာကြီး၏ ခေါင်းဆီတွေရွှဲကာ လေးထောင့်ကျကျနှုတ်ခမ်းမွေးထဲအဖြူနည်းနည်းရောနေသည်။

”ယောက်ျားလေးဆိုတော့ ပြေးနေလွှားနေတာပဲ” ဟုဆိုကာသက်ပြင်းချ သည်။ ”ငါ့မှာလည်း သားသုံးယောက်ရှိတယ်။ တစ်နေကုန် လျှောက်ပြေးနေကြ တာ။

သူတို့အမေကို ဒုက္ခပေးနေတာလေ” ဟုပြောပြီး မန်နေဂျာသည် သတင်း စာဖြင့်ယပ်ခတ်သည်။ ကျွန်တော့်မေးရိုးကို အသေအချာကြည့်နေသည်။

”ကျွန်တော်က သူလျှောက်ပြေးနေတယ် မထင်ဘူး။ ကျွန်တော်တို့က ဒီကမှမဟုတ်တာ။ သူပျောက်သွားမှာကြောက်လို့”

မန်နေဂျာခေါင်းရမ်းနေသည်။ ”ဒါဆိုလည်း ကလေးကိုဂရုစိုက်သင့်တာ ပေါ့” ဟုပြောသည်။

”သိပါတယ်ဗျာ။ ကျွန်တော်အိပ်ပျော်သွားလို့ပါ။ ကျွန်တော်နိုးလာတော့ သူမရှိတော့ဘူး”

”ယောက်ျားလေးတွေဆိုတာ ဂရုစိုက်သင့်တယ်”

”ဟုတ်ကဲ့” ကျွန်တော့်သွေးခုန်နှုန်းမြန်လာသည်။ ကျွန်တော် ဤမျှစိတ် ပူနေသည်ကို သူဘယ့်နှယ့်လုပ်များ မမြင်နိုင်ရသနည်း။ သတင်းစာလက်ပြောင်း ကိုင်ကာ

ယပ်ခတ်နေပြန်သည်။

”ခုဆို သူတို့ကစက်ဘီးလိုချင်နေတာ”

”ဘယ်သူ”

”ငါ့ကလေးတွေလေ။ ဖေဖေ … ဖေဖေ သားတို့ကိုစက်ဘီးဝယ်ပေးပါ တဲ့။ ဒါဆိုရင် မနှောင့်ယှက်တော့ဘူးတဲ့။ စက်ဘီးတဲ့ဗျား။ သူတို့အမေက ငါ့သတ် မှာပေါ့ကွ”

စိုးရက်ပ်တစ်ယောက် ရေမြောင်းထဲလဲကျနေမလား။ ကားတစ်စီးစီးပေါ် ပါသွားမလား။ မန်နေဂျာ၏ကော်လာပေါ်မှ အမည်ကတ်ပြားကို ကျွန်တော်စွေ ကြည့်ပြီး

”မစ္စတာဖေရိဇ် … ပြောပြပါဗျာ … သူ့ကိုတွေ့လိုက်ပါသလား” ဟု ခခယယမေးရသည်။

”ကောင်လေးကိုလား”

ကျွန်တော်ကျိတ်မှိတ်ထားရသည်။ ”ဟုတ်ကဲ့။ ကောင်လေးကိုပြောတာ ပါ။ ကျွန်တော်နဲ့အတူပါလာတဲ့ကောင်လေး။ သူ့ကိုတွေ့မိသလား။ မတွေ့မိဘူး လား … ဘုရား

ဘုရား”

ယပ်တောင်ခတ်ရပ်သွားသည်။ မန်နေဂျာ၏မျက်လုံးများ ကျဉ်းသွားသည်။ ”ငါ့ကိုဒေါသမထွက်နဲ့လေ။ ငါက ကလေးပျောက်တဲ့လူမှ မဟုတ်တာ”

”ခင်ဗျားမှန်ပါတယ်။ ကျွန်တော်မှားတာပါ။ ကဲ … အဲဒီကောင်လေးကို မြင်မိပါသလား”

”ဆောရီး။ မမြင်မိဘူး” ဟု မန်နေဂျာ ခပ်ပြတ်ပြတ်ပြောကာ မျက်မှန် ပြန်တပ်၊ သတင်းစာကောက်ဖွင့်သည်။

ကောင်တာတွင် ကျွန်တော်ရပ်နေပြီး ဟစ်မငိုမိအောင်မနည်းထိန်းချုပ် ထားရသည်။ ဧည့်ကြိုခန်းထဲမှထွက်ခါနီး၌ မန်နေဂျာလှမ်းမေးသံကြားရသည်။

”သူဘယ်သွားနိုင်မလဲ။ တစ်ခုခုမတွေးမိဘူးလား”

”ဟင့်အင်း” ကျွန်တော်မောလှပြီ။ မောလည်းမောသည်။ ကြောက်လည်း ကြောက်သည်။

”သူစိတ်ဝင်စားတာ ဘာရှိလဲ။ ဥပမာကွာ … င့ါကလေးတွေဆိုရင် အမေရိကန်အက်ရှင်ကား-”

”ဗလီ”

အလာလမ်းမှာတုန်းကတွေ့ခဲ့ရသည့် ဗလီကြီး။ ထိုဗလီကြီးက မိန်းမောနေ သောစိုးရက်ပ်ကို လှုပ်နှိုးလိုက်သလိုရှိသည်။ စိုးရက်ပ်သည်ကားပြတင်းမှ ခေါင်းထုတ် ကာ

ကိုယ်ကိုကိုင်းပြီး ဗလီကြီးကိုမျှော်ကြည့်ခဲ့သည်။

”ရှားဖေဇယ်ဗလီလား”

”ဟုတ်တယ်။ ကျွန်တော့်ကိုခေါ်သွားပေးမလား”

”ဒီဗလီက ကမ္ဘာပေါ်မှာအကြီးဆုံးဗလီဆိုတာ သိသလား”

”ဟင့်အင်း။ ဒါပေမယ့်-”

”ဗလီဝင်းထဲတင် လူပေါင်းလေးသောင်းဆန့်တယ်”

”ကျွန်တော့်ကိုအဲဒီနေရာခေါ်သွားပေးမလား”

”ဒီကနေ တစ်ကီလိုမီတာပဲဝေးတယ်” မန်နေဂျာစကားပြောမပြတ်သော် လည်း ကောင်တာနောက်မှထလာပြီ။

”လိုက်ပို့ပေးရတဲ့အတွက် ကျွန်တော်ငွေပေးပါ့မယ်”

မန်နေဂျာ သက်ပြင်းချပြီးခေါင်းရမ်းသည်။ ”စောင့်ဦး” ဟုဆိုကာ အတွင်းခန်းထဲဝင်ပြီး မျက်မှန်နောက်တစ်လက်တပ်လျက် ပြန်ထွက်လာသည်။ လက်ထဲတွင် သော့တွဲ။

သူ့နောက်မှ လိမ္မော်ရောင်ဆာရီ ဒရွတ်ဆွဲလျက် ပုပုလုံးလုံး အမျိုးသမီးတစ်ဦးလိုက်လာကာ ကောင်တာနောက်တွင်ဝင်ထိုင်သည်။

”မင်းပိုက်ဆံမယူပါဘူးကွာ။ အလကားပို့ပေးပါ့မယ်။ ငါလည်း မင်းလို အဖေပါပဲ” ဟုမန်နေဂျာဆိုသည်။

ညမိုးစုပ်စုပ်ချုပ်သည်အထိ တစ်မြို့လုံးပတ်၍ရှာခဲ့ကြရသည်။ မန်နေဂျာ ကြီး၏ဒေါမနဿအောက်တွင် ကျွန်တော့်မှာ ရဲကိုစိုးရက်ပ်ပုံစံပြောပြခဲ့ရသည်။

ရဲမှူးကပုံမှန်မေးခွန်းများထုတ်နေသော်လည်း စိတ်ဝင်စားပုံမပြ။ နောက်ထပ်အာ ဖဂန်ကလေးငယ်တစ်ယောက်သေသွားလည်း ဘယ်သူကပူနေရဦးမည်နည်း။

ဗလီနှင့်ကိုက်တစ်ရာအကွာမှ စိုးရက်ပ်ကို ပြန်ရှာတွေ့ခဲ့ကြသည်။ စိုးရက်ပ် ထိုင်နေသောနေရာထိ မန်နေဂျာကားမောင်းပို့ပေးခဲ့သည်။

”ငါကတော့ပြန်မှဖြစ်မယ်”

”ရပါတယ်။ ကျွန်တော်တို့လမ်းလျှောက်ပြန်မယ်။ ကျေးဇူးတင်ပါတယ် ဗျာ။ တကယ်ကိုကျေးဇူးတင်ပါတယ်”

ကျွန်တော်ကားထဲမှထွက်စဉ် မန်နေဂျာသည် ကိုယ်ကြီးလိမ်၍ ”ငါ တစ်ခုပြောရမလား” ဟုမေးသည်။

”ပြောပါ”

မှောင်ထဲတွင်သူ့မျက်နှာသည် မျက်မှန်ကြီးနှစ်ချပ်သာဝင်းပြောင်နေသည်။

”မင်းတို့အာဖဂန်တွေအကြောင်းပြောရရင် … မင်းတို့ကောင်တွေ နည်း နည်းတော့ နမော်နမဲ့နိုင်တယ်ကွာ”

ကျွန်တော်မောလှပြီ။ နာလှပြီ။ ကျွန်တော့်မေးရိုးများအောင့်နေသည်။ ရင်ဘတ်နှင့်ဝမ်းဗိုက်အောက်မှ ဒဏ်ရာများကား ကျွန်တော့်အရေပြားအောက် သံဆူး

ကြိုးထည့်ထားသည့်နှယ်။ သို့သော်ကျွန်တော် ရယ်မိသည်။ နန်းကြိုးတွဲထားသော ကျွန်တော့်ခံတွင်းထဲ တခစ်ခစ်တခွီးခွီးအရယ်တွေ လျှံကျနေသည်။

”တကယ်ပဲကွာ … မင်းတို့ကောင်တွေကတော့” ဟု မန်နေဂျာကြီး မြည်တွန်နေသည်။ ကားဘီးပွတ်သံ ကျွီခနဲမြည်ပြီး ကားထွက်သွားသည်။

”စိုးရက်ပ်ရေ … မင်းလုပ်လို့ ကာကာတော်တော့်ကိုကြောက်သွားတာ”

သူ့ဘေးနားဝင်ထိုင်ဖို့ ကိုယ်ကိုကုန်းလိုက်စဉ် နာလွန်း၍ ကျွန်တော့်မျက် နှာရှုံ့မဲ့နေသည်။ ဧရာမရွက်ထည်တဲနှင့်တူသော ရှားဖေဇယ်ဗလီကြီးကို စိုးရက်ပ် ငေးမောနေသည်။

အဝင်အထွက်ကားများ မပြတ်သလို အဖြူရောင်အဝတ်အစားနှင့် ဝတ်ပြုသူများ ဥဒဟိုဝင်ထွက်နေကြသည်။ ကျွန်တော်နှင့်စိုးရက်ပ်ကတော့ တိတ် တိတ်ဆိတ်ဆိတ်ကလေး။

ကျွန်တော်က သစ်ပင်ကိုမှီလျက်။ ကျွန်တော့်ဘေးမှ စိုးရက်ပ်က ဒူးများရင်ဘတ်ထိအောင်ကွေးယူလျက်။ ဝတ်ပြုဆုတောင်းသံကို ကျွန် တော်တို့နားစွင့်ကြသည်။

ဗလီ၏ရာချီနေသောမီးပွင့်များကို မျှော်ငေးကြသည်။ ဗလီသည် အမှောင်ထုထဲမှ ဖျပ်ဖျပ်လက်နေသောစိန်တုံးကြီးအလား။

”မာဇာရီရှာရဖ် ရပ်ကွက်ထဲကို ရောက်ဖူးလား” ဟု စိုးရက်ပ်မေးသည်။

”ကြာလှပြီကွာ။ ကာကာသိပ်မမှတ်မိတော့ဘူး”

”သားငယ်ငယ်တုန်းက အဖေလိုက်ပို့ပေးတယ်။ အမေနဲ့စာစာလည်း ပါတယ်။ အဖေကလေ …

သားကိုမျောက်ကလေးဝယ်ပေးတယ်။ မျောက်အစစ် တော့မဟုတ်ဘူး။ လေမှုတ်သွင်းရတဲ့မျောက်ရုပ်ကလေး။ မျောက်ကလေးက အညို ရောင်။ လည်စည်းလေးနဲ့ဗျ”

”ကာကာငယ်တုန်းကလည်း ဒါမျိုးရဖူးတယ်”

”အဖေက သားကို ‘ဗလီပြာ’ ကိုလိုက်ပို့ပေးတယ်။ အဲဒီမှာ ခိုလေးတွေ မှအများကြီးပဲ။ ခိုလေးတွေက လူကိုမကြောက်ဘူး။ သားတို့ဆီတည့်တည့်ကိုဆင်း လာတာ။

စာစာပေးလိုက်တဲ့နံပြားပိုင်းလေးတွေ သားကျွေးတာပေါ့။ ခဏလေးနဲ့ သားတို့နားမှာ ခိုတွေတစ်အုပ်ကြီးဝိုင်းလာရော။ ပျော်စရာသိပ်ကောင်းတာဗျ”

”သားမိဘတွေကို တအားလွမ်းနေတာပဲဖြစ်ရမယ်”

”ကာကာရော … ကာကာ့မိဘတွေကိုလွမ်းသလား”

”ကာကာ့မိဘတွေကိုလွမ်းသလားဆိုတော့ … ကွာ … ကာကာက အမေကိုတစ်ခါမှ မမြင်ဖူးဘူး။ ကာကာ့အဖေကဆုံးသွားပြီ။ အင်း … သူ့ကိုလွမ်း တယ်ကွာ။

တစ်ခါတလေအရမ်းလွမ်းတယ်”

”သူ့ပုံစံကိုမှတ်မိသေးလား”

”မှတ်မိတာပေါ့။ သူ့ကိုယ်နံ့ကိုပါမှတ်မိတယ်”

”သားကတော့ အဖေနဲ့အမေ့မျက်နှာကိုမေ့ချင်နေပြီ။ ဒါဆိုးလားဟင်”

”မဟုတ်ဘူး။ ဒါအချိန်ကာလကြောင့်ဖြစ်တာ” ကျွန်တော် သတိရပြီး ကုတ်အကျိႌအိတ်ထဲမှ ပိုလာရွိုက်ဓာတ်ပုံကိုနှိုက်သည်။ ဟက်ဆန်နှင့်စိုးရက်ပ် သားအ ဖဓာတ်ပုံ။

စိုးရက်ပ်သည် ဓာတ်ပုံလေးကိုမျက်နှာနားကပ်၍ ကြာမြင့်စွာကြည့်သည်။ ဗလီဘက်မှအလင်းရောင်ရအောင် ဓာတ်ပုံလေးကိုစောင်းပြီးကြည့်သည်။ သူငိုတော့ မလား

ကျွန်တော်ထင်မိလိုက်သေးသော်လည်း သူမငို။ ဓာတ်ပုံကိုသာ လက်ကလေး နှစ်ဖက်ဖြင့်ကိုင်ထားသည်။ ဓာတ်ပုံမျက်နှာပြင်ကို လက်မလေးဖြင့်ပွတ်ဆွဲနေသည်။

အာဖဂန်နစ္စတန်မှာ ကလေးပေါတယ်။ ဒါပေမယ့် ကလေးဘဝရှားတယ် ဟူသော စာသားကို ကျွန်တော်တစ်နေရာရာတွင် ဖတ်ခဲ့ဖူးသလိုရှိသည်။ သို့မဟုတ်

တစ် ယောက်ယောက်ထံမှ ကြားခဲ့ဖူးသလိုရှိသည်။

စိုးရက်ပ် ကျွန်တော့်ကိုဓာတ်ပုံပြန်ပေးနေသည်။

”ယူထားလေ … အဲဒါသားဥစ္စာ”

”ကျေးဇူးတင်ပါတယ်”

ဓာတ်ပုံလေးကို စိုးရက်ပ်နောက်တစ်ခေါက်ကြည့်ပြီး အကျႌအိတ်ထဲထည့် သည်။ ကားရပ်နားကွင်းထဲ မြင်းလှည်းတစ်စီး သစ်ကလောက်သစ်ကလောက် ဖြတ်မောင်းသွားသည်။

”ခုတလော သားဗလီတွေအကြောင်းတွေးနေတာ”

”ဟုတ်လား။ ဘာတွေများတွေးနေတာတုန်း”

စိုးရက်ပ်သည် မျက်နှာမော့၍ ကျွန်တော့်ကိုတည့်တည့်ကြည့်သည်။ စိုးရက်ပ် အသံတိတ်ငိုနေပြီ။

”သားမေးလို့ရမလား”

”ရတာပေါ့”

”ဘုရားက … ဘုရားက သားကိုငရဲချမှာလားဟင်။ ဟိုလူကြီးကိုသား လုပ်လိုက်လို့”

”မချဘူး။ လုံးဝမချဘူး”

လောကကြီးက သူ့အပေါ်မတရားခဲ့ကြောင်း စိုးရက်ပ်လေးကို အနားဆွဲယူ ပြီးပြောပြလိုက်ချင်သည်။ စိုးရက်ပ်မျက်နှာရှုံ့မဲ့ပြီး စိတ်ကိုချုပ်တီးထားသည်။

”အဖေပြောတော့ သူတစ်ပါးကိုထိခိုက်နစ်နာအောင်လုပ်ရင် လူဆိုးတွေ ကိုလုပ်တာတောင်မှားတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုးတွေဟာ တစ်ခါတလေ

လူကောင်းဖြစ်လာကြတယ်တဲ့”

”အမြဲတမ်းမဟုတ်ပါဘူး၊ စိုးရက်ပ်”

စိုးရက်ပ်သည် ကျွန်တော့်ကိုမေးခွန်းထုတ်သလိုကြည့်သည်။

”အခု သားကိုနစ်နာအောင်လုပ်ခဲ့တဲ့လူ … ဒီလူကို ဟိုးအရင်ကတည်းက ကာကာသိတယ်။ သူနဲ့ကာကာ စကားပြောပုံကို သားမြင်ထားတာပဲ။ ပုံဖော်လို့

ရမယ်ထင်တယ်။ ကာကာသားအရွယ်လောက်တုန်းက သူကကာကာ့ကို အနိုင်ကျင့် ဖို့ကြိုးစားဖူးတယ်။ သားအဖေဝင်ကယ်လို့။ သားအဖေက သိပ်သတ္တိကောင်းတာ ကွ။

ကာကာဒုက္ခတွေ့တိုင်း သူပဲဝင်ကယ်နေကျ။ ဒီလိုနဲ့တစ်နေ့တော့ အဲဒီလူဆိုးက ကာကာ့အစား သားအဖေကိုအနိုင်ကျင့်တယ်ကွာ။ အရမ်းဆိုးတဲ့နည်းနဲ့ ထိခိုက်နစ်

နာအောင်လုပ်ခဲ့တာ။ ကာကာကတော့ … သားအဖေကို ဝင်မကယ်နိုင်ခဲ့ဘူး”

”လူတွေကဘာဖြစ်လို့ အဖေ့ကိုအနိုင်ကျင့်ချင်နေတာလဲဟင်။ အဖေကတော့ ဘယ်သူ့အပေါ်မှ မကောင်းတာမလုပ်ဘူး”

”သားပြောတာဟုတ်တယ်။ သားအဖေဟာ လူကောင်း။ ကာကာပြော ချင်တာဒါပဲ။ လောကကြီးမှာ မကောင်းတဲ့လူတွေအများကြီးပဲ။ တစ်ခါတလေများ

မကောင်းတဲ့လူတွေဟာ ဘယ်တော့မှကောင်းမလာဘူး။ တစ်ခါတလေမှာ ဒီလူတွေ ကိုခုခံရတယ်။ ဟိုလူကြီးကို သားလုပ်လိုက်တာဟာ ဟိုးအရင်ကတည်းက ကာကာ

လုပ်သင့်တဲ့အလုပ်”

”အဖေက သားကိုစိတ်ဆိုးနေမယ်လို့ ထင်သလား”

”ဘယ်ကလာ။ သားက ကာကာ့အသက်ကိုကယ်လိုက်တာပဲ။ သား အဖေက သားအတွက်ဂုဏ်တောင်ယူနေမှာ”

ရှပ်အကျႌလက်စဖြင့် စိုးရက်ပ်မျက်နှာသုတ်သည်။ မျက်နှာကိုလက်ဝါး အုပ်ပြီး ကြာမြင့်စွာငိုနေသည်။ ”အဖေ့ကိုသိပ်အောက်မေ့တာပဲ … အမေ့ကိုရောပဲ”

စိုးရက်ပ်အသံအက်ကွဲနေသည်။ ”စာစာ့ကိုရော … ဆပ်ရာဟင်ခန်ကိုရော … သားအောက်မေ့လိုက်တာ။ ဒါပေမယ့် သူတို့မရှိတာပဲကောင်းပါတယ်”

”ဘာဖြစ်လို့”

”ဘာဖြစ်လို့လဲဆိုတော့ …” စိုးရက်ပ်သည် ရှိုက်ရင်းဂျို့ထိုးနေသည်။ ”ဘာဖြစ်လို့လဲဆိုတော့ … သားကိုမတွေ့တာပဲကောင်းပါတယ်။ သားကမသန့် ရှင်းဘူး။

သားက သိပ်ညစ်ညမ်းတယ်။ အပြစ်တွေချည်းပဲ”

”သားကမညစ်ညမ်းပါဘူး”

”ဟိုလူတွေ-”

”သားက လုံးဝမညစ်ညမ်းဘူး”

”ဟိုလူဆိုးကြီးရော … နောက်ထပ်နှစ်ယောက်ကော … သူတို့ကလေ … ဟိုဟာ … ဟိုဟာ … သားကိုလုပ်တယ်”

”သားကမညစ်ညမ်းဘူး။ ဘာအပြစ်မှမရှိဘူး” ဟုပြောကာ စိုးရက်ပ် ပခုံးကိုကျွန်တော်လှမ်းထိသော် စိုးရက်ပ်နောက်ဆုတ်သည်။ ကျွန်တော်

သူ့ကို ဖြည်းဖြည်းကလေးဆွဲယူရသည်။ ”သားကို ကာကာဘာမှမလုပ်ပါဘူး။ ကတိပေး တယ်” ဟုကျွန်တော်တိုးတိုးပြောရသည်။ စိုးရက်ပ်သည် နည်းနည်းတောင့်နေပြီး

မှ ဖြေလျော့ကာ ကျွန်တော့်ရင်ဘတ်ပေါ် သူ့ခေါင်းမှီထားသည်။ သူ့ခန္ဓာကိုယ်လေး ကျွန်တော့်လက်မောင်းကြားထဲ တုန်ခိုက်ရှိုက်ငင်နေသည်။

နို့တစ်လုံးကိုအတူစို့ခဲ့သူမှန်သမျှ ဆွေမျိုးတော်သည်။ ယခုလည်း စိုးရက်ပ် ၏ဝေဒနာများ ကျွန်တော့်ရှပ်အကျႌထဲ

စုပ်ဝင်သွားသည်နှင့်အမျှ သွေးသားတော်စပ် ခြင်းဇာစ်မြစ်ကလေး ဖြစ်ထွန်းလာသည်။

ညညအိပ်မပျော်နိုင်ဘဲ ကျွန်တော့်ခေါင်းထဲဝီခေါ်နေသော မေးခွန်းတစ်ခု မေးရန် အချိန်ကောင်းအခါကောင်းကို ကျွန်တော်စောင့်နေခဲ့သည်။ ဘုရားသခင်၏ အိမ်တော် …

ထိုအိမ်တော်၏တောက်ပသော လင်းရောင်ခြည်က ကျွန်တော့်တို့ပေါ် ထွန်းလင်းနေချိန် … ယခု ထိုအချိန်ကောင်းကိုရောက်ပြီ၊ မေးတော့မည်ဟု ကျွန်တော်ဆုံးဖြတ်သည်။

”သားရေ … အမေရိကားကို လိုက်ခဲ့ပါလား။ ကာကာနဲ့ကာကာ့ဇနီးနဲ့ အတူနေကြမယ်လေ”

စိုးရက်ပ်မဖြေ။ ငိုမြဲငိုနေခဲ့သည်။

……………………………………

……………………………………
_____________________________

ဆက်ပါဦးမည်..။

____________________________

မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI

______________________________

မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ် စာအုပ်တန်ဖိုး

… 3000 ကျပ်

______________________________

လေးစားစွာဖြင့်.

. ……………………………

5 comments

  • မောင်ပေ

    August 4, 2012 at 8:50 pm

    အေးဗျာ
    ဒါနဲ ့
    ဓါတ်ပုံထဲက ကလေးက စိုးရပ်လေးလားဗျ
    🙂

  • ကြောင်ကြီး

    August 5, 2012 at 12:56 am

    စိုးရက်ပ်
    အိုးကပ်
    ဖိုးမြတ်
    သိုးချက်
    ပိုးဟပ်
    ခိုးသတ်
    ကြိုးတပ်
    နှိုးစက်..။

  • shwe kyi

    August 6, 2012 at 9:59 am

    အခုမှ 3 ပိုင်းပေါင်းဖတ်ရတယ်။ ဖတ်ရတာမောလိုက်တာ။ အေမားရဲ့ဒါဏ်ရာတွေကိုတွေးကြည့်ပြီးကြက်သီးတောင်ထတယ်။
    စိုးရက်ပ်လေးကလည်းသနားစရာ..။

  • အလင်းဆက်

    August 6, 2012 at 6:57 pm

    ဦးပေ..ရေ.။ ပုံက စိုးရက်ပ် မဟုတ်ပါဘူး။
    အာဖဂန်..ရဲ ့စစ်ပွဲ.မြင်ကွင်းတွေ..ထဲမှာ..ကလေးတစ်ယောက် အနာဂတ်ပျောက်နေတာကို…
    တွေ ့လိုက်ရလို ့… ဒီ အပိုင်းမှာ.. တွဲ ..တင်ပြ လိုက်တာပါ ။

    စိုးရက်ပ်…လို ကလေးငယ်တွေ.. အဲဒီ ကလေးလို…အနာဂတ်ပျောက်နေတာတွေ..အာဖဂန်မှာ..အများကြီး.နေမှာပဲ..လိုလည်းတွေးမိပါတယ်..ဦးပေ..ရေ။

    ရွှေကြည်ရေ… အပိုင်း 44 မှာ ပြီးပါမယ် ။
    ဆက်လက် အားပေး ဖတ်ရှုပေးပါဦး..ခညာ..။

    ဦးကြောင်….တို ့ကေတာ့..လုပ်ချလိုက်ပြန်ပြီ။

    စာချစ်သူများကို..ခင်မင်လေးစားလျက်

Leave a Reply